အခန်း ၁၃၀၇
Vol. 88 Ch. 1307
အခန်း (၁၃၀၇) ကောင်းကင်အင်ပါယာ၏ကံကြမ္မာ
ပိုင်လော်တပ်ဖွဲ့ အာကာသသို့ မစ်ရှင်တစ်ကြိမ်ထွက်တိုင်း နယ်မြေများသိမ်းပိုက်ပြီး ကောင်းကင်အင်ပါယာ၏ဂုဏ်သရေကိုသာ ဖြန့်ကျက်ရသည်မဟုတ်။ လျှိုဝှက်တာဝန်တစ်ခုလည်း အမြဲပါသည်။
ဝိညာဉ်ကျောက်ရှာဖွေရေးတာဝန်။
ဖယောင်းကောင်းကင်ကြယ်ကမ္ဘာသည် ဝိညာဉ်ကျောက်ကြောများ တူးဖော်မှုလုပ်ငန်းပေါ် အခြေပြုသည်။ ထိုကျောက်တုံးများထဲမှ ဝိညာဉ်စွမ်းအင်ဖြင့် စွမ်းအားမြင့်အာကာသယာဉ်များဖန်တီးသည်။
ထို့ကြောင့်လည်း ပြိုင်ဘက်ကင်းကြယ်ကမ္ဘာအဖြစ်ရပ်တည်နိုင်ခြင်းဖြစ်သည်။
ကောင်းကင်အင်ပါယာအုပ်ချုပ်ပြီးသည့်နောက် ဝိညာဉ်ကျောက်သုံးစွဲရသည့်ပမာဏ တစ်ရှိန်ထိုးမြင့်တက်ခဲ့သည်။
ဝိညာဉ်ကျောက်သည် ကောင်းကင်အင်ပါယာအတွက်ရော ဖယောင်းကောင်းကင်အတွက်ပါ အရေးအကြီးဆုံးဟု ဆိုနိုင်သည်။
တိုက်ပွဲသုံးယာဉ်ပျံတိုင်းတွင် ဝိညာဉ်ကျောက်အာရုံခံရေဒါများ တပ်ထားသည်။ အချိန်ကြာမြင့်စွာရှာဖွေခဲ့သည့်တိုင် ကောင်းကင်အင်ပါယာမွေးဖွားခဲ့သည့် နေရာကို ရှာမတွေ့ခဲ့။
ယခုမှ ဝိညာဉ်ကျောက်များ စတွေ့ခြင်းဖြစ်သည်။ သာမန်ကျောက်မဟုတ်။ ထိပ်တန်းဝိညာဉ်ကျောက်များ...
ကံကောင်းထောက်မ၍ ထိပ်တန်းဝိညာဉ်ကျောက်ကြောကို ရှာတွေ့ခဲ့လျှင် အင်ပါယာက သူတို့ကို ဆုချီးမြှင့်လိမ့်မည်။ ပိုင်လော်တပ်ဖွဲ့လည်း စကြာဝဠာတစ်ခွင် ထိပ်ဆုံးအင်အားစုဖြစ်လာမည်။
အစက ကောင်စီဝင်များနှင့်တွေ့ပြီး အညံ့ခံခိုင်းဖို့ ရှီဝူမန် ရည်ရွယ်ခဲ့သည်။ သို့သော်ယခု ထိပ်တန်းဝိညာဉ်ကျောက်များ တွေ့နေပြီဖြစ်၍ တစ်ခြားကိစ္စများအားလုံး ဆိုင်းငံ့ထားရမည်။
ယာဉ်ပျံပေါ်မှဆင်းပြီးနောက် ရေဒါညွှန်ပြသည့် သိပ္ပံအကယ်ဒမီဓာတ်ခွဲခန်းသို့ ချက်ချင်းသွားသည်။ သူ့ကိုယ်ရံတော်တပ်သားများ မနည်းအမှီလိုက်ရသည်။
သိပ္ပံပညာရှင်တစ်ချို့က ကိရိယာမျိုးစုံဖြင့် ဝိညာဉ်ကျောက်ထဲမှစွမ်းအင်ကို လေ့လာနေသည်။ အပြင်လောကအဖြစ်အပျက်များကို ဘာမှမသိကြ။ ရှီဝူမန် အလွိုင်းသတ္တုတံခါးကို ကန်ဖွင့်လိုက်ချိန်တွင် အားလုံးလန့်ဖျတ်သွားသည်။
ထိုလူများကို ရှီဝူမန် အရေးမစိုက်အား။ ဖန်အုပ်ဆောင်းထဲမှ ထိပ်တန်းဝိညာဉ်ကျောက်များကို စိုက်ကြည့်နေသည်။ သူ့အသက်ရှူသံ တဖြေးဖြေးမြန်လာသည်။
မှားစရာမရှိ။ ထိပ်တန်းဝိညာဉ်ကျောက်အစစ်ဖြစ်သည်။
ဖန်အုပ်ဆောင်းကို လက်သီးဖြင့်ရိုက်ခွဲ၍ ကျောက်တုံးများကို ယူလိုက်သည်။
"မစ္စတာရှီ"
အမီလိုက်လာရသည့် ကိုယ်ရံတော်တပ်သားများ အသက်ကိုမောပန်းစွာရှူရှိုက်နေရသည်။
"မင်းတို့ကို တာဝန်ပေးမယ်။ ဒီကျောက်တုံးတွေရဲ့ မူလဇစ်မြစ်ကို ချက်ချင်းစုံစမ်းပါ"
"ဟုတ်ကဲ့"
ထို့နောက် ကျောက်တုံးများကိုယူ၍ ရှီဝူမန် သူ့ယာဉ်ပျံဆီ ပြန်သည်။ သူ့အစောင့်များထံမှ သတင်းကိုစောင့်သည်။
ကိုယ်ရံတော်တပ်သားများအားလုံးက ဖယောင်းကောင်းကင်၏ လက်ရွေးစဉ်များဖြစ်သည်။ တိုက်ခိုက်က်စွမ်းအား မြင့်မားသလို တာဝန်ထမ်းဆောင်ရာတွင်လည်း မြန်ဆန်သည်။
"မစ္စတာရှီ၊ ဒါက ကြယ်စုမဟာမိတ်ထိပ်သီးတွေထဲက ခိုလှုံလာတဲ့လူစာရင်းပါ"
"ထားခဲ့"
"ခေါင်းဆောင်၊ ဒါက ကြယ်စုမဟာမိတ်ရဲ့ နယ်မြေအဝိုင်းအဝန်းပါ"
"ထားခဲ့"
"ကွန်မန်ဒါ၊ ဒါက ဒီမဟာမိတ်ရဲ့ နည်းပညာတိုးတက်မှု အချက်အလက်တွေပါ။ အီသာကွန်ပြူတာနဲ့ ကွမ်တမ်ဆက်သွယ်ရေးနည်းပညာကို ကျုပ်တို့အာရုံစိုက်ရမယ်ထင်တယ်။
ဒီနှစ်ခု ကျုပ်တို့ဆီမှာ မရှိသေးဘူး။ အထူးသဖြင့် ကွမ်တမ်နည်းပညာက ဘယ်လောက်ဝေးဝေး တိုက်ရိုက်ဆက်သွယ်လို့ရ..."
"ထားခဲ့လိုက်ကွာ"
ကြယ်ကမ္ဘာများစွာကို သူတို့စစ်ချီခဲ့ပြီးဖြစ်သည်။ သက်ဆိုင်ရာခေါင်းဆောင်များက တာဝန်ကိုယ်စီယူကြသည်။ ထုံးစံအတိုင်း ရသမျှသတင်းအချက်အလက်များကို ရှီဝူမန်စီစစ်နိုင်ရန် သတင်းပို့ရသည်။
တွေ့ဖူးသမျှ ကြယ်စုထဲတွင် ဤကြယ်စုမဟာမိတ်သည် ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးဖြစ်သည်။ ပုံမှန်ဆိုလျှင် ရသမျှသတင်းများကို ရှီဝူမန်က ချက်ချင်းစီစစ်လိမ့်မည်။
သို့သော်ယခု သူစိတ်မရှည်ဖြစ်လာသည်။ ကြယ်စုမဟာမိတ်က ဘယ်ကိုမှ ရွေ့သွားမည်မဟုတ်။ ထိုကိစ္စများက အရေးမကြီး။ အရေးကြီးဆုံးက ဝိညာဉ်ကျောက်၏ဇစ်မြစ်ဖြစ်သည်။
နောက်ဆုံးတွင် သူ့အစောင့်က အရေးကြီးသတင်းကို ယူလာသည်။
"တပ်မှူး၊ ဒီထိပ်တန်းဝိညာဉ်ကျောက်တွေဟာ ဒီကြယ်စုကမဟုတ်ပါဘူး။ ကျင့်ကြံမှုကမ္ဘာလို့ခေါ်တဲ့နေရာက ရောက်လာတာပါ"
"ကျင့်ကြံမှုကမ္ဘာ"
ရှီဝူမန် မျက်မှောင်ကျုံ့သွားသည်။ ထိုနေရာမျိုး တစ်ခါမှမကြားဖူး။
"အသေးစိတ်ရှင်းပြပါ"
"လုယန်ဆိုတဲ့ ကျင့်ကြံသူတစ်ယောက် ရုပ်သံအဖွဲ့တစ်ခုကို ရောက်လာတာကနေ စခဲ့တာပါ..."
အကြောင်းစုံနားထောင်ပြီးနောက် ရှီဝူမန် မျက်မှောင်ကျုံ့သွားသည်။
"ဒါဆို ကျင့်ကြံသူကမ္ဘာမှာ ထိပ်တန်းဝိညာဉ်ကျောက်တွေအများကြီရှိတယ်။ အဲဒီကမ္ဘာက အရမ်းခေတ်နောက်ကျပြီး စကြာဝဠာထဲ အခုမှခြေချစမို့ ကြယ်စုမဟာမိတ်ဆီကတာ့င် အကူအညီတောင်းရတယ်ပေါ့"
ရှီဝူမန်မျက်လုံးများ အရောင်လက်လာသည်။
ခေတ်နောက်ကျပြီး အဆင့်မြင့်စွမ်းအင်ရှိသည့်နေရာ။ လူရှုပ်သည့်ဈေးတန်းတစ်ခုတွင် ကလေးတစ်ယောက် ရွှေတုံးကိုင်ထားသည်နှင့်တူသည်။ အလုခံရဖို့ စောင့်နေခြင်းသာဖြစ်သည်။
အစောင့်က ခေါင်းငြိမ့်သည်။
"ဟုတ်တယ်။ ဒါပေမယ့် ထူးဆန်းတယ်။ စကြာဝဠာကိုဝင်ဝင်ချင်းမှာ သူတို့က wormhole တွေကိုဖြတ်သန်းပြီး ကြယ်စုမဟာမိတ်ဆီ ရောက်လာပုံရတယ်"
ရှီဝူမန် ခေါင်းခါသည်။
"စာများများဖတ်လိုက်ဦး။ ဒါက နည်းပညာဖွံ့ဖြိုးမှုလေးတစ်ခုပါပဲ။ မဆန်းပါဘူး။ ကောင်းကင်အင်ပါယာ ပေါ်မလာခင်က ငါတို့ဖယောင်းကောင်းကင်လည်း ရှာတွေ့ထားတဲ့ဂြိုလ်တွေ နည်းပညာတိုးတက်လာပြီး ငါတို့ကိုခြိမ်းခြောက်လာမှာစိုးလို့ အမြဲတမ်းဖိနှိပ်လွှမ်းမိုးထားခဲ့ရတာပဲ။
ငါ့အထင် ဒီကျင့်ကြံသူကမ္ဘာက ဝိညာဉ်ကျောက်တွေအသုံးချတဲ့ နည်းလမ်းတစ်ခုတွေ့လို့ ဒီလောက်မြန်မြန် တိုးတက်လာတာဖြစ်မယ်။ ဒါပေမယ့် သူတို့တိုးတက်မှုဘယ်လောက်မြန်မြန် ငါတို့တိုက်ပွဲယာဉ်ပျံတွေလောက် ဘယ်လိုမြန်နိုင်မှာလဲ။
ကျင့်ကြံသူကမ္ဘာနဲ့ယှဉ်ရင် ဒီကြယ်စုမဟာမိတ်က ဘာအရေးကြီးလို့လဲ။ ကျင့်ကြံသူကမ္ဘာရဲ့ တည်နေရာကို စုံစမ်းပြီးပြီလား"
"လုယန်ဆိုတဲ့လူက ကြယ်စုမဟာမိတ်ကနေ ကျင့်ကြံသူကမ္ဘာကိုသွားတဲ့ ကြယ်မြေပုံတစ်ခု ချန်ထားခဲ့ပါတယ်။ ဒီမှာပါ"
အစောင့်က မြေပုံတစ်ခုပေးသည်။
မြေပုံကိုကြည့်ပြီးနောက် ရှီဝူမန် တဟားဟားအော်ရယ်သည်။
"ကောင်းကွာ။ သိပ်ကောင်းတာပေါ့။ ဒီလုယန်က တကယ်အလိုက်သိတာပဲ။ ငါလိုချင်တာကို ကွက်တိချန်ထားခဲ့တယ်"
"ဒါပေမယ့် ဒီလုယန်က အတော်စွမ်းအားကြီးပုံရတယ်။ ဂြိုလ်တစ်ခုလုံးကို ဓားစက်ဝန်းနဲ့ ဖုံးအုပ်ပြီး အရိုင်းသားရဲတွေကို ရှင်းပစ်ခဲ့တယ်။
ကျည်ဆန်တွေကိုရပ်သွားပြီး သေနတ်ထဲပြန်ဝင်သွားအောင် လုပ်နိုင်တယ်"
အစောင့်က ယုံကြည်မှုနည်းနေသည်။
"အဲဒါဘာဆန်းလဲ။ တိရိစ္ဆာန်တွေအားလုံးကို တစ်ပြိုင်တည်းသတ်တာမျိုးတော့ ငါတို့စစ်ယာဉ်ပျံတွေရဲ့ အော်တိုအမြောက်တွေလည်း လုပ်နိုင်တာပဲ။
ပြီးတော့ ဒီလိုယာဉ်ပျံတွေ ငါတို့မှာ အစီးထောင့်ငါးရာရှိတယ်။ ကျည်ဆံတားတာလောက်က အသေးအဖွဲစွမ်းရည်လေးပါ။ ဒီစွမ်းရည်က ပိုင်လော်ကောင်းကင်တပ်ဖွဲ့ကို ယှဉ်နိုင်မလား ငါကြည့်ချင်တယ်။
ဒီလုယန်က သူတို့ကမ္ဘာမှာ စွမ်းအားအကြီးဆုံးထဲက တစ်ယောက်လို့ ပြောတယ်မဟုတ်လား။ ဒါဆို သူတို့အင်အားက ဘာမှမဟုတ်ပါဘူး။
အားလုံးကို အသိပေးလိုက်။ ကျင့်ကြံသူကမ္ဘာကို သိမ်းပိုက်ဖို့ပြင်မယ်။ အဲ..ပြီးတော့ တိုးတက်မှုအခြေအနေ အင်ပါယာသခင်ဆီ ပုံမှန်အတိုင်း သတင်းပို့ပါ။
ဒီနေ့အဖြစ်အပျက်တွေကို မှတ်တမ်းရေးပြီး စာလွှာပို့ခိုင်းလိုက်ပါ"
"ဟုတ်ကဲ့"
......
ဖယောင်းကောင်းကင်ဂြိုလ်။
ကိုးထပ်မျှော်စင်၏ ထိပ်ဆုံးထပ်တွင် ကောင်းကင်အင်ပါယာနေထိုင်သည်။
တစ်ချိန်က သူသည် မဟာယု၏ အင်ပါယာဝူယော်ဖြစ်သည်။ ယခု စကြာဝဠာကိုအုပ်စိုးသည့် ကောင်းကင်အင်ပါယာဖြစ်နေသည်။ သူ့အရှိန်အဝါ တဖြည်းဖြည်း ကြီးထွားလာသည်။
ဖယောင်းကောင်းကင်၏ခေါင်းဆောင်ဟုပြောလျှင် သိပ်မတိကျ။ ဤကမ္ဘာ၏ နတ်ဘုရားဟုပြောလျှင် ပိုသင့်တော်သည်။
"မင်းကြီး၊ ပိုင်လော်တပ်က စာတစ်စောင် ပို့လာပါတယ်"
အစေခံမိန်းမလှတစ်ယောက် စာတစ်စောင်ကိုင်၍ ရိုရိုသေသေချဉ်းကပ်လာသည်။
သူသည် ကောင်းကင်အင်ပါယာဘေးတွင် အလုပ်အကျွေးပြုခဲ့သည်မှာ လအတော်ကြာပြီဖြစ်သည်။ သို့သော် ကောင်းကင်အင်ပါယာ၏ ဩဇာအရှိန်အဝါကို ခံစားနေရဆဲဖြစ်သည်။ နက်ရှိုုင်းသည်။ အသိခက်သည်။
အမှားတစ်ခုခု ပါမည်စိုး၍ လုပ်သမျှအရာအားလုံးတွင် သေချာသတိထားသည်။
"တပ်မှူးဆီက စာလား"
ကောင်းကင်အင်ပါယာ မျက်လုံးပွင့်လာသည်။ မျက်လုံးသူငယ်အိမ်မှ ကြယ်အလင်းများ တောက်ပလာသည်။
စာကိုယူရင်း အစေခံ၏ စိုးရိမ်ထိတ်လန့်နေသည့် ပုံစံကိုကြည့်၍ သူခပ်ညှင်းညှင်းရယ်လိုက်သည်။
"ကွေ့အာ၊ ငါမင်းကိုပြောပြီးပါပြီ။ ငါ့ရှေ့ရောက်တဲ့အခါ အဲလောက်သတိထားနေစရာမလိုပါဘူး"
အင်ပါယာစကားကို ကွေ့အာမငြင်းဆန်ရဲသဖြင့် ခပ်တိုးတိုးပြန်ဖြေသည်။
"ဟုတ်ကဲ့"
ကောင်းကင်အင်ပါယာ စာအိတ်ကိုဖွင့်၍ ဖတ်သည်။
"ဪ၊ တပ်မှူးရှီက ကြယ်စုမဟာမိတ်ဆိုတဲ့ နေရာကိုတွေ့တယ်။ ပြီးတော့ ထိပ်တန်းဝိညာဉ်ကျောက်တွေရဲ့ သဲလွန်စကိုလည်း တွေ့တယ်ပေါ့"
ကောင်းကင်အင်ပါယာ ရယ်လိုက်သည်။ တကယ်သတင်းကောင်းဖြစ်သည်။
နှစ်ပေါင်းများစွာကြာမှ ဝိညာဉ်ကျောက်ရှိသည့် ဒုတိယဂြိုလ်ကမ္ဘာတစ်ခု တွေ့သည်။
"တပ်မှူးရှီက ပိုင်လော်ကောင်းကင်တပ်ကို ဦးဆောင်ပြီး အဲဒီကျင့်ကြံသူကမ္ဘာဆိုတဲ့..."
ကောင်းကင်အင်ပါယာ ငေါက်ခနဲထရပ်လာသည်။ 'ကျင့်ကြံသူကမ္ဘာ'ဆိုသည့်စာလုံးကို စိုက်ကြည့်သည်။ မျက်လုံးများ နီရဲလာသည်။ နှုတ်ခမ်းများတုန်ရင်လာသည်။
တပ်မှူးရှီ၊ မင်းက ငါ့လက်အောက်ခံမဟုတ်ဘူး။ ငါ့အဖေပဲကွ။
********************************