← Chapters

အခန်း ၁၃၀၈

Vol. 88 Ch. 1308

အခန်း ၁၃၀၈

Vol. 88 Ch. 1308

အခန်း (၁၃၀၈) ငါမသိဘဲနေမလား

"ရှီဝူမန် ဘယ်ရောက်နေပြီလဲ။ သူ့ကို အခုချက်ချင်းပြန်ခေါ်လိုက်"

ကောင်းကင်အင်ပါယာ မျက်လုံးများ အေးစက်နေသည်။ ဤကိစ္စသည် သေရေးရှင်ရေးကိစ္စဖြစ်သည်။

ကျင့်ကြံသူလောကမှာ ဝိညာဉ်ကျောက်တွေရှိတာ ငါမသိဘဲနေမလား...အဲဒီနေရာမှာ ဝိညာဉ်ကျောက်မတူးချင်လို့ကွ...

ကွေ့အာ နည်းနည်းအံ့အားသင့်သွားသည်။ ကောင်းကင်အင်ပါယာသည် အတုမဲ့စွမ်းအားရှိသည်။ အရာအားလုံးကို ထိန်းချုပ်ထားသည်။

ဘာကြောင့် ယခုလိုစိတ်မရှည်ဖြစ်နေသည်မသိ။

"မင်းကြီး၊ တပ်မှူးရှီရဲ့ ကောင်းကင်တပ်က ဒီကနေ အလင်းနှစ်တစ်သန်းအကွာကို ရောက်နေပါပြီ။ သူ့ဆီ တိုက်ရိုက်အကြောင်းကြားလို့ မရတော့ဘူး"

တပ်မှူးရှီဆီနှင့် ဆက်သွယ်နေလျှင် အချိန်နှောင့်နှေးသွားမည်ကို အင်ပါယာသခင် နားလည်လာသည်။ ရှီဝူမန်ဆီ သတင်းရောက်ချိန်တွင် ပိုင်လော်တပ်ဖွဲ့က စစ်ရေးချဲ့ထွင်နေပြီးဖြစ်မည်။..မဟုတ်သေး။ စစ်ရေးချဲ့ထွင်ခြင်းဟု မခေါ်နိုင်။ သေခြင်းတရားဆီ စစ်ချီနေခြင်းဖြစ်သည်။

ကျင့်ကြံသူလောက၏ ကြောက်စရာကောင်းသည့် အခြေအနေများကို သူ့လောက်ဘယ်သူမှမသိနိုင်။

ရှေးဟောင်းခေတ်မသေမျိုးလေးယောက်။ သူတို့၏ခေါင်းဆောင် အရိယဖလတီထွင်သူ ထာဝရနတ်မယ်။ ထိုနတ်မယ်ကိုလုပ်ကြံသတ်ဖြတ်၍ ရှေးဟောင်းမသေမျိုးလေးယောက်နှင့် တိုက်ခိုက်ခဲ့သည့် အမည်မသိစွမ်းအားရှင်။ အမှောင်ထဲတွင်ပုန်းနေသည့် မဟာချန်အင်ပါယာနှင့် ထိန်းချုပ်သူသခင်။

ထို့နောက် မဟာရှား။ မသေမျိုးတစ်ယောက်လား နှစ်ယောက်လား သေချာမသိ။ ထို့နောက် သဘောတူညီချက်တစ်ခုအတွက် ချီလင်ကိုယ်စား သူကြားဖြတ်တိုက်ခိုက်ခဲ့ရသည့် မီးခိုးမြူများဖုံးနေသည့် အသံတိတ်မသေမျိုး။

နောက်ဆုံးထွက်ပေါ်လာသည့် တာအိုလမ်းစဉ်ဂိုဏ်းမှ ယွမ်ကျိ။ နာမည်သိပ်မကျော်သော်လည်း လောကတွင် အမြင့်ဆုံးကျင့်စဉ်စွမ်းအားရှင်။

ထိုလူများထဲတွင် ဘယ်သူ့ကိုမှ သူရင်မဆိုင်ချင်။

ပင်ပန်းကြီးစွာအားထုတ်၍ အစီအစဉ်များစွာချပြီးမှ အရာအားလုံးစွန့်လွှတ်ပြီး အလုံပိတ်လောကအပြင်ဘက်သို့ သူထွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု သူ့ဘဝသူ သာယာခွင့်မရသေးမီ အလုံပိတ်လောက ပွင့်သွားသည်။

သို့ဆိုလျှင် ထာဝရနတ်မယ် ပြန်ရှင်သန်လာပြီးဖြစ်မည်။

သူနေရာပြောင်းအစားထိုးခဲ့သည့်လူက ထိုမျှတရားလွန်စွမ်းရည်မျိုးရှိနေသလော။

မဖြစ်သေး။ ဤနေရာတွင်ထိုင်နေပြီး သေဖို့စောင့်နေ၍မဖြစ်။

ထိုသို့တွေးရင်း သူခြေတစ်လှမ်းလှမ်းလိုက်သည်။ မိုင်းသောင်းချီအဝေးသို့ရောက်သွားသည်။ စကြာဝဠာကို ခရီးဆန့်၍ ထိုအရူးရှီဝူမန်ကို သူကိုယ်တိုင်တားရမည်။

.....

တိုင်ပုဖန် ပြန်သတိရလာသည်။ နန်းတော်ခန်းမထဲတွင် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သို့သော် ဆွေးနွေးနေသည့် အကြောင်းအရာက နည်းပညာပေါင်းစပ်ဖို့ကိစ္စမှ တိုင်းခြားရန်သူကျူးကျော်မှုကို ခုခံဖို့ကိစ္စသို့ ပြောင်းသွားသည်။

"ငါတို့ကမ္ဘာရဲ့ အပြင်ဘက်မှာ ဝိညာဉ်စွမ်းအင်မရှိတော့ အင်အားကြီးပြိုင်ဘက်မျိုး မတွေ့နိုင်ဘူးလို့ ထင်ခဲ့တာ။ အပြင်ကမ္ဘာသားတွေကို ငါတို့လျှော့တွက်မိခဲ့မိပုံပဲ"

နဂါးအိုအင်ပါယာ သက်ပြင်းချသည်။ လောကမှော်စက်ဝန်းဖွင့်သည်မှာ မကြာသေး။ ကျင့်ကြံမှုလောက အရေးပေါ်အခြေအနေကို ရင်ဆိုင်ရသည်။

အီသာကွန်ပြူတာက မဟာမိတ်နှင့်ပိုင်လော်တပ်ဖွဲ့ တိုက်ပွဲကို အထပ်ထပ် ပြန်ဖွင့်သည်။ သို့သော် ပိုင်လော်တပ်ဖွဲ့၏ အင်အားအစစ်ကို ခန့်မှန်းဖို့ခက်သည်။ ရန်သူတပ်ဖွဲ့၏ အာကာသယာဉ်များက ကျုံ့နိုင်ဆန့်နိုင်ပြီး ခုခံနိုင်စွမ်း မြင့်မားကြောင်းသာ သိရသည်။

အံ့ဩစရာတော့လည်းမဟုတ်။ ကျင့်ကြံသူများလည်း ထိုစွမ်းအားမျိုးရှိသည်။

ပိုင်လော်တပ်ဖွဲ့က တိုက်ခိုက်ရေးဗျူဟာများ ထုတ်မပြဘဲ ကြယ်စုမဟာမိတ်ကို သိမ်းပိုက်ခဲ့သည်။ မသိနိုင်သည့်အရာသည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။

"ကိုယ့်ကိုယ်ကို စကြာဝဠာလွှမ်းမိုးသူလို့ ကြေညာတယ်။ ကောင်းကင်အင်ပါယာအမိန့်လိုလည်း ကြွေးကြော်တယ်ဆိုတော့ ဖယောင်းကောင်းကင်ကြယ်ကမ္ဘာက တကယ်စွမ်းအားကြီးမယ့်ပုံပဲ"

"မသေမျိုးတွေ အပြင်ကိုခရီးထွက်နေတာ ဆိုးတာပဲ။ သူတို့ဘယ်ရောက်နေတယ်ဆိုတာလည်း မသိဘူး။ အခု ငါတို့မှာ မသေမျိုးတစ်ဝက်ဆယ်ယောက်ကျော်လောက်ရယ်၊ ကူးဖြတ်ခြင်းအဆင့် တစ်ရာကျော်လောက်ရယ်ပဲရှိတယ်"

နှင်းအင်ပါယာက မချိတင်ကဲလေသံဖြင့်ပြောသည်။ သူလည်း မသေမျိုးတစ်ဝက်ဖြစ်သည်။ သို့သော် ကျင့်ကြံသူလောကတစ်ခုလုံးနှင့်ဆိုင်သည့် အန္တရာယ်ကို ကြုံနေရသဖြင့် မပေါ့ဆရဲ။ သူ့စွမ်းအားက နိမ့်နေသလို ခံစားရသည်။

လုယန်တွေးနေသည်။ လက်ရှိဖယောင်းကောင်းကင်ကြယ်သည် အတိတ်ဘဝက သူကြုံတွေ့ခဲ့စဉ်ကနှင့် နည်းနည်းကွာခြားသည်။ သို့သော် သူ့မသိစိတ်က အလိုလိုပြောနေသည်။

လက်ရှိဖယောင်းကောင်းကင်ကြယ်သည်လည်း ကျင့်ကြံသူလောကလောက် စွမ်းအားမကြီးနိုင်။ ထိုမျှစိုးရိမ်နေစရာ မလိုလောက်။

သို့သော် မသိစိတ်အတွေးသာဖြစ်သည်။ သက်သေပြစရာမရှိ။ ထို့ကြောင့် ထုတ်မပြောတော့။

ကျင့်ကြံသူလောကက ဖယောင်းကောင်းကင်ကို အထင်သေးမိ၍ အရှုံးနှင့်ရင်ဆိုင်ရလျှင် သူ့အပေါ်အပြစ်ပုံကျလာမည်။

"တိုက်ခိုက်ဖို့ အသင့်ပြင်ကြတာပေါ့"

အင်ပါယာရှားက အဆိုပြုသည်။ အားလုံးက သဘောတူသည်။

သူတို့ကိုယ်စားပြုသည့် အဖွဲ့အစည်းတိုင်း တစ်ခြားအင်အားစုများကို တိုက်ခိုက်ဖို့အသင့်ပြင်ထားရသည့်အချိန်မျိုး ကြုံဖူးပြီးဖြစ်သည်။ သို့သော် လောကတစ်ခုလုံးစုစည်း၍ တိုက်ခိုက်ဖို့ပြင်ဆင်ရသည့်အဖြစ်မျိုး မကြုံခဲ့ဖူး။

ကျင့်စဉ်ပညာများ ကျင့်စဉ်ရင်းမြစ်များ အသင့်ဖြစ်နေရမည်။ ကျင့်ကြံသူများ အလောတကြီး ကျင့်ကြံရမည်။ လောကတစ်ခုလုံး၏ ကျင့်စဉ်စွမ်းအားကို တတ်နိုင်သမျှ အမြန်ဆုံးမြှင့်တင်ရမည်။

ဝါရင့်ကျင့်ကြံသူများမှလွဲလျှင် ကျန်သည့်လူအားလုံး အနည်းဆုံး ကျင့်စဉ်အဆင့်ငယ်တစ်ခုတော့ တက်နိုင်ရမည်။

ထိုအချိန်အတွင်း ထူးခြားသည့်ပါရမီရှင်များ မြန်မြန်တိုးတက်လာမည်။

"မြင်းဖြူနိုင်ငံနဲ့ တစ်ခြားကြယ်ကမ္ဘာတွေကိုရော ဘယ်လိုလုပ်မလဲ"

လုယန် နောက်ထပ်ပြဿနာတစ်ခု တွေးမိသည်။ ပိုင်လော်တပ်က တိုက်ခိုက်ဖို့လာမည်။ လမ်းတွင် တစ်ခြားကြယ်ကမ္ဘာများကိုလည်း ဖျက်ဆီးနိုင်သည်။

သူထွက်သွားပြီးနောက် တစ်ခြားသက်ရှိကြယ်ကမ္ဘာများကိုလည်း ရှာတွေ့ခဲ့ကြောင်း အကိုတိုင်ပြောသည်။

နီးရာဆွေမျိုဟူသည့်စကားရှိသည်။ အလင်းနှစ်ဖြင့် တွက်ချက်လျှင် ထိုကြယ်ကမ္ဘာများလည်း နီးသည်ဟုဆိုနိုင်သည်။

"အကိုလုယန်မှာ အကြံတစ်ခုခုရှိလား"

ကျူးထန်ကမေးသည်။

"အဲဒီ့ကြယ်ကမ္ဘာတွေကို ကျုပ်တို့ဆီ ရွှေ့ပြောင်းထားရင် ကောင်းမယ်ထင်တယ်။ နေရာလည်း ကျယ်သေးတာပဲလေ"

"အဲဒီ့အကြုံကောင်းတယ် အကိုလု"

ကျူးထန် ဘာမှစဉ်းစားမနေဘဲ ထောက်ခံသည်။ လုယန်တွင် လောကကိုကယ်တင်လို့သည့် စိတ်နှလုံးရှိကြောင်း ချီးကျူးသည်။

သူဆိုလျှင် မြင်းဖြူနိုင်ငံကိစ္စကိုပင် မတွေးမိ။

ကျူးထန်ထောက်ခံမှုက မြှောက်ပင့်မှုပါသည်။ သို့သော် တစ်ခြားလူများလည်း ထိုသို့ပင်လုပ်သင့်သည်ဟု ယူဆကြသည်။ ထိုကြယ်ကမ္ဘာများကို လျစ်လျူရှုထား၍မဖြစ်။

"ဒါပေမယ့် သူတို့ဆန္ဒကိုလည်း လေးစားရမယ်။ အခြေအနေရှင်းပြပြီး သူတို့ဘယ်လိုဆုံးဖြတ်မလဲကြည့်ရမယ်"

နဂါးအိုအင်ပါယာကပြောသည်။

အမှန်တော့ သူအတွေးလွန်နေခြင်းဖြစ်သည်။ အင်အားကြီးရန်သူ ရှိရှိမရှိရှိ ထိုကြယ်ကမ္ဘာများက ကျင့်ကြံသူလောကသို့ ပြောင်းရွှေဖို့ စိတ်အားထက်သန်နေကြလိမ့်မည်။

အသက်ရှည်စေသည့် ဝိညာဉ်စွမ်းအင်ရှိနေသည်ကပင် သူတို့အတွက် မက်မောစရာဖြစ်သည်။

"ဌာနမှူးကောင်းရဲ့ နည်းပညာကလည်း ဒီတိုက်ပွဲမှာ အများကြီးအကူအညီဖြစ်မှာပါ"

လုယန်ကပြောသည်။

"အထူးသဖြင့် ကွမ်တမ်ဆက်သွယ်ရေး နည်းပညာပေါ့။ အကုန်အကျနည်းနည်းနဲ့ ခရီးဝေးကို ဆက်သွယ်လို့ရတယ်လေ"

ကျင့်ကြံသူလောကတွင်လည်း ခရီးဝေးသို့ ဆက်သွယ်နိုင်သည့် မှော်ပစ္စည်းများရှိပါသည်။ ဥပမာ ကိုးငရဲဂိုဏ်း၏ တံဆိပ်။ အမယွမ်က ယဲ့ဇီကျင်းနှင့်ကန်ထန်ဆီ ပို့သည့်စာများ။

သို့သော် ထိုပစ္စည်းများက အလုံးအရင်းထုတ်လုပ်ဖို့ အကုန်အကျများလွန်းသည်။

ကွမ်တမ်နည်းပညာက များစွာဈေးသက်သာသည်။ အများပြည်သူအသုံးပြုဖို့ သင့်တော်သည်။

အင်ပါယာရှား ခေါင်းငြိမ့်သည်။

"ဟုတ်တယ်။ ဌာနမှူးကောင်းရဲ့ နည်းပညာနဲ့ ကျင့်စဉ်ပညာ ပေါင်းစပ်နိုင်ဖို့လည်း အရေးကြီးတယ်"

"ကျင့်ကြံမှုနဲ့ဆိုင်တဲ့ကိစ္စတွေနဲ့ သူရင်းနှီးအောင် ကျုပ်လုပ်ပေးပါ့မယ်"

လုယန် ဆန္ဒပြုသည်။ သူခေါ်လာသည့်ဧည့်သည်ဖြစ်၍ အဆုံးထိ သူတာဝန်ယူရမည်။

"အဲဒါအဆင်ပြေပါတယ်"

အားလုံးက ကောင်းဟွမ်ယုကို ကိုယ်ဘက်ပါအောင် ဆွဲချင်ကြသော်လည်း မဖြစ်နိုင်မှန်းသိသည်။ ထိုကိစ္စ လုယန်လက်ထဲလွဲပေးလိုက်သည်ကို အားလုံးလက်ခံသည်။

"ဌာနမှုကောင်း သီးခြားတွေ့ချင်တဲ့လူ တစ်ယောက်ယောက်ရှိလား"

"မစ္စတာလုရဲ့ လှေပျံကို ဘိုးဘေးနှစ်ယောက်က တီးထွင်ခဲ့တယ်လို့ပြောတယ်နော်။ ကျုပ်သူတို့နဲ့ တွေ့လို့ရမလား"

လုယန် တိုင်ပုဖန်ကို လှည့်မေးသည်။

"အကိုတိုင်၊ အခု ဘိုးဘေးကွေ့ယန် ဘယ်မှာလဲ။ ဂိုဏ်းမှာရှိလား"

တိုင်ပုဖန် ခဏစဉ်းစားသည်။

"နန်းမြို့တော်က သင်္ဘောကျင်းမှာ သူခိုးဘိုးဘေးနဲ့အတူ လှေပျံတွေ တည်ဆောက်နေလောက်တယ်"

"အဲဒါဆိုကွက်တိပါပဲ"

လုယန် အားလုံးကိုနှုတ်ဆက်၍ ကောင်းဟွမ်ယုကို နန်းမြို့တော်သင်္ဘောကျင်းဆီ ခေါ်သွားသည်။

သင်္ဘောကျင်းတစ်ဝိုက်တွင် အပူချိန်က ကြောက်စရာကောင်းလောက်အောင်မြင့်သည်။ မီးဖိုကြီးများမှ မီးတောက်များထိုးထွက်နေသည်။

လုယန်၏လှေပျံနှင့် နည်းနည်းကွာခြားသည့် လှေပျံနက်များ တည်ဆောက်နေသည်။ ဒုတိယမော်ဒယ်ဖြစ်မည်။

"ပြန်လာပြီလား ရှောင်လု"

ကွေ့ယန်က မသေမျိုးရွှေတစ်ခုကို ပုံသွန်းရင်း လုယန်ကို နှုတ်ဆက်သည်။

"ဘိုးဘေးကွေ့ယန်...သူခိုးဘိုးဘေး"

လုယန် နှစ်ယောက်လုံးကို ဦးညွှတ်နှုတ်ဆက်၍ အကျိုးအကြောင်းရှင်းပြသည်။

"ဪ လှေပျံလုပ်တာကို ကြည့်ချင်တယ်ပေါ့။ ရပါတယ်"

ကွေ့ယန်က ရယ်မော၍ပြောသည်။ ခက်ခဲသည့်ကိစ္စ တောင်းဆိုမည်ဟု ထင်ထားခဲ့သည်။ ယခုကိစ္စက ဘာမှအဆင်မပြေစရာမရှိ။

"ကျေးဇူးတင်ပါတယ် မစ္စတာကွေ့ယန်နဲ့ မစ္စတာသူခိုးဘိုးဘေး။ အဓိကအားဖြင့် အာကာသယာဉ်ပျံတွေရဲ့ ကုန်ကြမ်းပစ္စည်းပြဿနာကို ဘယ်လိုဖြေရှင်းတယ်ဆိုတာနဲ့ အလင်းအမြန်နှုန်းရအောင် ဘယ်လိုလုပ်တယ်ဆိုတာ ကျုပ်သိချင်ပါတယ်"

"အခုကျုပ်တို့ လှေပျံတည်ဆောက်နေတယ်။ ခင်ဗျား ဘေးကနေကြည့်လို့ရပါတယ်"

ကောင်းဟွမ်ယု အတော်ဝမ်းသာသွားသည်။ ကျင့်ကြံသူလောကသားများ ထိုမျှသဘောကောင်းမည်ဟုထင်မထား။ ထိုမျှအဆင့်မြင့်သည့် နည်းပညာမျိုးကို အလွယ်တကူကြည့်ခွင့်ပေးသည်။

ထို့နောက် သူမြင်ရသည်။ သူခိုးဘိုးဘေးက အမြန်နှုန်းအရိယဖလသန္ဓေကို အသက်သွင်း၍ မသေမျိုးရွှေကို အလင်းအမြန်နှုန်းရောက်အောင် အဆင့်မြှင့်သည်။

ကွေ့ယန်က ပေါင်းစပ်မှုအရိယဖလသန္ဓေဖြင့် မသေမျိုးရွှေနှင့် အသစ်တည်ဆောက်ထားသည့် လှေပျံကို ပေါင်းစပ်သည်။ ဈေးကွက်အတွင်ကျယ်ဆုံး နောက်ဆုံးပေါ်မော်ဒယ် ချက်ချင်းရလာသည်။

ကောင်းဟွမ်ယု "..."

နေပါဦး...ငါမျက်တောင်မခတ်ဘဲ ကြည့်နေတာပါ။ ဘာတွေဖြစ်သွားတာလဲ...

"အင်း ဟိုလေ...ဒီယာဉ်ပျံက ပြီးသွားပြီလား။ တစ်ချက်နှစ်ချက်လောက် လက်နဲ့ပုတ်ပြီး ပြီးသွားတယ်ပေါ့"

"ဟုတ်တယ်။ ခင်ဗျားမေးချင်တာရှိရင် မေးလို့ရပါတယ်"

"ဒီယာဉ်ပျံကို အလင်းအမြန်နှုန်းနဲ့ခရီးသွားနိုင်အောင် ဘယ်လိုလုပ်လိုက်တာလဲ"

"လွယ်ပါတယ်။ ကျုပ်ဒါကို အလင်းအမြန်နှုန်းသွားနိုင်တဲ့စွမ်းရည် ပေးလိုက်တယ်။ အဲတော့ သူ့မှာ အဲဒီ့စွမ်းရည်ရှိလာတာပေါ့"

လူစကားပြောနေတာရော ဟုတ်ရဲ့လား..

*******************************

All Chapters