အခန်း ၁၃၁၀
Vol. 88 Ch. 1310
အခန်း (၁၃၁၀) လွမ်းမိုးရန်ကြိုးစားမှု ကျရှုံးခြင်း
"ရှောင်ယန်၊ နင်စဉ်းစားကြည့်ပါ။ ငါကလောကအရှင်သခင်ဖြစ်ရင် နင့်အတွက်လည်း အများကြီးအကျိုးရှိတယ်။ ငါငြီးငွေ့လာတဲ့အခါ ဒီလောကကို နင့်လက်ထဲလွှဲပေးမယ်။
နင်က လောကသခင်အသစ်ဖြစ်လာမယ်။ နင်လုပ်ချင်ရာလုပ်လို့ရတယ် ဘယ်သူမှတားမှာမဟုတ်ဘူး"
နတ်မယ်က လုယန်ကို ဩဇာအာဏာဖြင့် ဆွဲဆောင်၍ သူ့အစီအစဉ်ထဲထည့်ဖို့ကြိုးစားသည်။
အနေနီးလျှင် စရိုက်ကူးသည်ဆိုသည့်စကား တကယ်မှန်သည်။ လုယန်နှင့် အနေကြာလာသဖြင့် နတ်မယ်လည်း ပါးနပ်လာသည်။
"နင်ငြီးငွေ့လာရင် ရှောင်ယွမ်လက်ထဲ လွှဲပေးလို့ရတယ်။..အဲ ရှောင်ယွမ်က ဒီမှာမှ မရှိတာပဲ။ ဒီတော့ ငါ့ကိုပြန်လွှဲပေးပေါ့"
ယွမ်ကျိမရှိ၍သာ သူလောကသခင်ဖြစ်လာကြောင်း နတ်မယ်နားလည်သည်။
အချိန်အခါတစ်ကယ်ရွေးတတ်သည်ဟု လုယန်တွေးမိသည်။ ယွမ်ကျိပြန်မလာမီ လောကသခင်ရာထူးကို လက်ပြောင်းလက်လွှဲများပင် လုပ်ခွင့်ပေးသည်။
"ဒါဆို ရှောင်ယွမ်...အဲ အမယွမ်ပြန်လာတဲ့အချိန် ခင်ဗျားဘယ်လိုလုပ်မှာလဲ"
လုယန်ပင် စကားမှားခေါ်မိမတတ်ဖြစ်သွားသည်။ သို့သော် အတွေးထက်မြက်သူဖြစ်၍ နတ်မယ်စကားကြောင့် အတွေးယိမ်းယိုင်မသွား။
နတ်မယ် အလိုလိုဇက်ပုသွားသည်။ ထို့နောက် ပြောင်းလဲသွားသည့် သူ့အဆင့်အတန်းကို ပြန်တွေးမိလာသည်။ သူလုံးဝကြောက်ဖို့မလို။
"ဟား၊ အရင်ကဆိုရင်တော့ ငါသူ့ကိုကြောက်ချင်ကြောက်မယ်။ ဒါပေမယ့်အခုငါက မဟာပဲဝါနိုင်ငံရဲ့ အင်ပါယာဖြစ်နေပြီ။ သူကကာကွယ်ရေးဝန်ကြီးပဲ။ သူငါ့ကိုဘာလုပ်နိုင်မှာလဲ"
"ဒါပေမယ့် အမယွမ်က အထက်လူတွေကို ပုန်ကန်ခဲ့တာ တစ်ခါနှစ်ခါမကဘူးလေ။ ကျုပ်တို့ဆရာကိုတောင် ဆယ်နှစ်ပိတ်လှောင်ထားခဲ့တာ"
နတ်မယ် ထိုကိစ္စကို ချက်ချင်းပြန်သတိရလာသည်။
"မုန်းစရာကောင်းတဲ့ယွမ်ကျိ၊ ငါ့ကိုလာမထိရဲအောင် ဝန်ကြီးရာထူးနဲ့ သူ့ကိုထိန်းချုပ်လို့ရမယ်ထင်ထားတာ။ ဒါပေမယ့် ဒီလိုဖြစ်မှာကို ဟိုအရင်ကတည်းက သူကြိုမြင်ထားလို့ ဝစီပိတ်ကို အကျဉ်းချပြီး ဘယ်စည်းမျဉ်းမှ သူမလိုက်နာဘူးဆိုတာ နမူနာပြခဲ့တာ။
စကားနည်းတဲ့လူတွေဟာ တကယ်ဉာဏ်နီဉာဏ်နက်များတာပဲ"
ယွမ်ကျိကို ဖိနှိပ်ခွင့်မရသဖြင့် နတ်မယ် နှုတ်ခမ်းစူနေသည်။
"အဲ၊ ဒါက ကောင်းကင်ဂိတ်တောင်ထိပ်ကိုသွားတဲ့ လမ်းမဟုတ်ပါဘူး။ နင်ဘယ်ကိုသွားနေတာလဲ"
"ကျင့်ကြံမှုအပတ်စဉ်သတင်းစာရုံးခန်းကိုပေါ့"
....
"စကြာဝဠာလွှမ်းမိုးသူ ပိုင်လော်တပ်ဖွဲ့က ကျင့်ကြံသူလောကကို တိုက်ခိုက်ဖို့ အင်အားအလုံးအရင်းနဲ့ ချီတက်လာပြီ။...မဟာရှားက တိုက်ပွဲအတွက် အသင်ပြင်ဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့"
သတင်းစာရုံးကို ယာယီဦးစီးနေသည့် တာအိုရှင်ရှန် အတော်အံ့အားသင့်သွားသည်။ ကမ္ဘာနှစ်ခုကြား တိုက်ပွဲကြီးဖြစ်တော့မည်မှန်း သူသိသည်။
"ဟား၊ ဘာစကြာဝဠာလွှမ်းမိုးသူလဲ။ ကျုပ်တို့ ကျင့်ကြံသူလောကနဲ့ယှဉ်ရင် သူတို့က ခွေးတွေကြက်တွေလောက်ပါပဲ"
နောက်ထပ် ယာယီတာဝန်ခံ ကုကျန်ယဲ့က နှာခေါင်းရှုံ့သည်။ ဖယောင်းကောင်းကင်ကမ္ဘာကို လုံးဝအထင်မကြီး။
"ရှေးဟောင်းခေတ်မှာ ကျုပ်တို့ကျင့်ကြံသူလောကဟာ ကမ္ဘာပေါင်းသိန်းသန်းချီကြားမှာ အဓိပဓိပဲ။ ဒီဖယောင်းကောင်းကင်ဆိုတာက ကျုပ်တို့လောက မရှိတဲ့အချိန် စကြာဝဠာလွှမ်းမိုးသူလို့ ကိုယ့်ကိုယ်ကို ကြေညာခဲ့တာပါ"
"ခင်ဗျားတို့လည်း သတင်းကြားပြီးပုံရတယ်"
လုယန် ရုံးခန်းထဲသို့ ပြုံး၍ဝင်လာသည်။
"ရွှမ်ယွမ်ဓားသခင်။ ခင်ဗျားက ကောင်းကင်ဘုံတွေထဲ ခရီးလှည့်နေတာမဟုတ်လား"
ကုကျန်ယဲ့နှင့်တွေ့တိုင်း လုယန်ခေါင်းကိုက်ရသည်။ ကိုယ်တိုင်က သတင်းစာတည်ထောင်သူသာမဟုတ်လျှင် ဤနေရာသို့ မလာချင်။
လုယန်နှင့်မုန်ကျင်းကျိုးတို့ အဝေးရောက်နေချိန်တွင် သတင်းစာထုတ်ဝေဖို့ တာအိုရှင်ရှန်ထန်နှင့် ကုကျန်ယဲ့က တာဝန်ယူရသည်။
ယခု သတင်းစာအခြေအနေက စတည်ထောင်စအခြေအနေနှင့် လုံးဝယှဉ်မရတော့။
တည်ထောင်သည့်အချိန်က သတင်းစာထဲတွင် လုယန်နှင့် တစ်ခြားလူတစ်ချို့အကြောင်းသာပါသည်။ ယခု ကျင့်စဉ်အဆင့်အမျိုးမျိုးရှိကြသည့် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များအကြောင်းလည်း ပါလာသည်။
ကျင့်ကြံသူအပတ်စဉ်သတင်းစာက လောကတစ်ခွင် ပြန့်ကျဲနေသည့် တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ၏ တာဝန်တစ်ခုဖြစ်လာသည်။ ကျိုးဆောင်မှတ်ရရန် သတင်းများစုစည်း၍ ဂိုဏ်းသို့ပို့ရသည်။
ကုကျန်ယဲ့စကားကို မကြားချင်ယောင်ဆောင်၍ လုယန် ခံတွင်းတစ်ချက်ရှင်းသည်။
"လောင်မုန်နဲ့ကျုပ်မရှိတဲ့အချိန် ခင်ဗျားတို့လည်း အတော်ပင်ပန်းခဲ့မှာပဲ။ အခု ကျင့်ကြံလောက တိုက်ပွဲအတွက် ပြင်ဆင်နေပြီဆိုတော့ ခင်ဗျားတို့ အပြင်ထွက်ပြီး နာမည်ယူရမယ့်အချိန်ပဲ။
သတင်းစာအတွက်ကို စိတ်ပူမနေပါနဲ့။ ကျန်တဲ့ကိစ္စတွေ ကျုပ်ပဲလုပ်ပါ့မယ်"
"ဘာတွေပြောနေတာလဲ ရွှမ်ယွမ်ဓားသခင်။ တာအိုသခင်လူဝင်စားဖြစ်တဲ့ ကျုပ်အတွက် ကျင့်စဉ်ပိတ်ဆို့တယ်ဆိုတာ မရှိပါဘူး။ အဆင့်သစ်တွေတက်ဖို့ လမ်းကြောင်းအတိုင်း သွားရုံပါပဲ။ သီးခြားကျင့်ကြံနေစရာမလိုဘူး။
အပြင်လောကမှာ နာမည်ကျော်ဖို့ကိစ္စတော့ အပေါ်ယံဘွဲ့နာမည်တွေ လိုချင်ကြတဲ့ လူငယ်မျိုးဆက်တွေပဲ လုပ်ကြပါစေ"
လုယန် ကြောင်တက်တက်ဖြစ်သွားသည်။ တာအိုရှင်ရှန်ထန်က ကျင့်စဉ်ပြန်စသူဖြစ်၍ တံခါးပိတ်ကျင့်ကြံဖို့မလို။ ကျင့်စဉ်ပိတ်ဆို့မှုမရှိ။ ကုကျန်ယဲ့က ဘာကြောင့်မလိုအပ်သည်မသိ။
"သူက သေမျိုးလောကကျင့်ကြံသူလေ"
နတ်မယ်က ရှင်းပြသည်။
"သတင်းစာရုံးက သေမျိုးလောကရဲ့ ထူးခြားဖြစ်ရပ်တွေကို စုစည်းတာ။ သေမျိုးလောက ကျင့်ကြံသူတွေနဲ့ အသင့်တော်ဆုံးပေါ့။ လောကကိစ္စတွေနဲ့ တိုက်ရိုက်ထိတွေ့တာနဲ့ မတူပေမယ့် သွယ်ဝိုက်ထိတွေ့ရတဲ့ ကိစ္စတွေက များလွန်းတော့ ကျင့်စဉ်တိုးတက်မှုအတွက် အများကြီးအကူအညီဖြစ်တာပေါ့
သတင်းစာရုံးကို သေမျိုးလောကကျင့်ကြံသူတွေရဲ့ တော်ဝင်မြေလို့ခေါ်ရင်တောင်ရတယ်"
လုယန် "..."
လုယန်တွေးမိသည်။ သူသည် ကျင့်စဉ်အဆင့် အတော်မြင့်သည်။ မသေမျိုးတစ်ဝက်များစွာနှင့် တွေ့ကြုံခဲ့သည်။ သို့သော် သူနားမလည်သည့်ကိစ္စများနှင့် ဘာကြောင့်အမြဲတမ်းကြုံရသည်မသိ။
သူသက်ပြင်းချလိုက်သည်။
"ဒါဆိုလည်း မင်းဒီမှာဆက်နေပေါ့ကွာ"
...
"ကျင့်ကြံမှုသီအိုရီတွေက နားလည်ဖို့ အတော်ခက်တာပဲ"
ထောက်ပံ့ရေးအဖွဲ့မှ သိပ္ပံပညာရှင်တစ်ယောက် သက်ပြင်းချနေသည်။ သူတို့အတွက် ထိုသီအိုရီက လုံးဝအသစ်ဖြစ်သည်။ တစ်ယောက်ချင်းစီ၏ အတွေးအမြင်ပေါ် များစွာအခြေခံသည်။
နားလည်ဖို့ အတော်ခက်သည်။
သို့သော် ကောင်းဟွမ်ယုက အဆင်ပြေလောက်သည်ဟု ယူဆသည်။ ကျင့်ကြံမှုသီအိုရီကို နားလည်သလောက်ရှိသည်။ ဆိုင်ရှင်တစ်ယောက်ကို သူလက်ယပ်ခေါ်သည်။
"ဆိုင်ရှင်၊ ခင်ဗျားတို့ရဲ့ အကောင်းစားအသားကင် နည်းနည်းပေးပါ"
ထောက်ပံ့ရေးအဖွဲ့ဝင်များသည့် စက်တပ်ခန္ဓာပိုင်ရှင်များဖြစ်သည်။ အစားအသောက်ဖြင့် စွမ်းအင်ဖြည့်ဖို့မလို။ သို့သော် စားသောက်ခြင်း၏ အရေးပါမှုက ထိုမျှမက။
စိတ်ကို ပြေလျော့စေသည်။ သိပ္ပံအမြင်စိတ်ဓာတ်ကို ထိန်းညှိပေးသည်။
ထို့ကြောင့်လည်း ဤအသားကင်ဆိုင်အကြောင်း ဂိုဏ်းတပည့်များထံမှာ စုံစမ်း၍ သူ့လူယုံတစ်ချို့ကို အသားကင်စားဖို့ ခေါ်လာခြင်းဖြစ်သည်။
"အသားကင်လာပါပြီဗျာ"
အသားကင်နံ့ လွင့်ပျံလာသည်။ သိပ္ပံပညာရှင်များ သူတို့ပူပင်သောကကို မေ့ပျောက်သွားသည်။ သွားရေယိုလာသည်။ ကြယ်စုမဟာမိတ်တွင် ထိုမျှကောင်းမွန်သည့် အစားအသောက်မျိုးမရှိ။
ကောင်းဟွမ်ယု တစ်ကိုက်ဝါးပြီးနောက် အံ့အားသင့်သွားသည်။ ကျင့်ကြံသူလောက၏ အစားအသောက်ကို ပထမဆုံးစားဖူးခြင်းဖြစ်သည်။ ဝိညာဉ်စွမ်းအင်ကြားတွင် ရှင်သန်ကြီးထွားသည့် ဟင်းသီးဟင်းရွက်များက ပုံမှန်ထက် အဆများစွာ အရသာရှိသည်။
နေရာမှန်သို့ ရောက်လာခြင်းဖြစ်သည်။
"ဒီလောကရဲ့ နေလုံးဟာ တစ်ခြားကမ္ဘာတွေထက် ပိုကြီးတာ မင်းတို့သတိထားမိလား။ ဆိုလာစွမ်းအင်ကိုသာ သုံးနိုင်ရင် စွမ်းအင်ပြဿနာကို ဖြေရှင်းနိုင်လောက်တယ်"
ကျင့်စဉ်ပြဿနာအကြောင်း ဆက်တွေးမနေစေလို၍ ကောင်းဟွမ်ယုက သူ့လူများကို စကားလမ်းကြောင်းပြောင်းပေးသည်။
"ဆိုလာစွမ်းအင်သုံးမီးအိမ်တွေ ဒီလောကမှာ ပေါ်နေပြီလေ။ နေစွမ်းအင်က ကောင်းတယ်ဆိုတာ သူတို့နားလည်တဲ့သဘောပဲ"
"နေစွမ်းအင်သုံးတာလား။ ခင်ဗျားတို့လည်း နေစွမ်းအင်သုံးတာ ကောင်းတဲ့နည်းလမ်းလို့ ထင်တယ်ပေါ့"
နားစွင့်နေသည့်ဆိုင်ရှင်က သူတို့စကားကို ကြားသွားသည်။ စိတ်တူကိုယ်တူလူများဟု သူခံစားရသည်။
"နေစွမ်းအင်ကို ခင်ဗျားလေ့လာထားလို့လား"
ကောင်းဟွမ်ယုက ဆိုင်ရှင်ဘာကြောင့် စိတ်ဝင်စားနေသည်ကို နားမလည်။
"ဒါပေါ့"
ဆိုင်ရှင်က မှော်လက်စွပ်ထဲမှ ဒီဇိုင်းပုံကြမ်းတစ်ခု ဆွဲထုတ်၍ သူ့ရှေ့တွင်ဖြန့်ပြသည်။
"ဒီမှာကြည့်။ ဒါက ကျုပ်ရဲ့ဒီဇိုင်းပါ။ နေပတ်လည်မှာ မှော်ပစ္စည်းတွေ နေရာချပြီး နေစွမ်းအင်ကိုစုပ်ယူသိုလှောင်ဖို့ ကျုပ်စီစဉ်ထားတာ..."
ကောင်းဟွမ်ယု ထိုဒီဇီုင်းကို ငေးကြောင်၍ကြည့်နေသည်။ သူ့မျက်လုံးတွင် အံ့ဩရိပ်များပြည့်နေသည်။ ထိုအစီအစဉ်က ကြယ်စုမဟာမိတ်၏ နေစွမ်းအင်တူးဖော်ရေးကိရိယာများထက် ပိုအဆင့်မြင့်သည်။
ကျင့်ကြံသူလောက၏ အသားကင်ဆရာက ထိုမျှထက်မြက်သလော...
"ခင်ဗျားက တကယ်အသားကင်ရောင်းတဲ့လူလား"
ဆိုင်ရှင်က ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုကုတ်၍
"အရင်ကတော့ ကျုပ်က နေမင်းဂိုဏ်းချုပ်ပါ။ အခုတော့ တာအိုလမ်းစဉ်ဂိုဏ်းကိုရောက်လာပြီး အသားကင်ဆိုင်မှာ ကူညီပေးနေတာ"
တရားသူကြီးအဖြစ်တာဝန်ထမ်းဆောင်နေသော်လည်း အရိုးရိုင်းက ကိုယ့်ကိုယ်ကို တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်သည်ကို မမေ့။
ကိုးငရဲဂိုဏ်းနှင့်နေမင်းဂိုဏ်းဝင်များကို တရားသူကြီးအာဏာပါဝါသုံး၍ ဖမ်းဆီးခဲ့သည်။ ထိပ်သီးဂိုဏ်းဝင်များကိုတော့ တာအိုလမ်းစဉ်ဂိုဏ်းတပည့်အနေဖြင့် ဖမ်းဆီးခဲ့သည်။
*************************