← Chapters

အခန်း ၁၃၁၁

Vol. 88 Ch. 1311

အခန်း ၁၃၁၁

Vol. 88 Ch. 1311

အခန်း (၁၃၁၁) တိုက်ပွဲအတွက်အသင့်

ဖယောင်းကောင်းကင်ကြယ်ကမ္ဘာက ကျူးကျော်တော့မည်ဖြစ်၍ ကျင့်ကြံသူလောကလုံး တိုက်ပွဲအတွက် အသင့်ပြင်ရမည်ဟူသည့်သတင်းကြောင့် အတော်ဂယက်ထနေသည်။

"အပြင်လောကဟာ အန္တရာယ်တွေပြည့်နေပါတယ်လို့ ငါအမြဲပြောခဲ့သားပဲ။ လွယ်လွယ်နဲ့ မစွန့်စားသင့်ဘူး။ အခုဘာဖြစ်လာလဲ ကြည့်လေ။ စကြာဝဠာလွမ်းမိုးသူက ငါတို့လောကကို ဦးတည်တိုက်ခိုက်တော့မယ်"

"ဘာကြောက်စရာရှိလဲကွာ။ ငါတို့ရဲ့ စုစည်းခြင်းအဆင့်တွေ ကူးဖြတ်ခြင်းအဆင့်တွေ မသေမျိုးတစ်ဝက်အဆင့်တွေရဲ့ စွမ်းရည်က ဟန်ပြသက်သက်မဟုတ်ဘူး။ သူတို့ကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်ချပစ်မှာ"

"အဲလိုဖြစ်လာရင် အကောင်းဆုံးပေါ့။ ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်။ ဒါပေမယ့် ဘာပဲပြောပြော သူတို့က စကြာဝဠာလွှမ်းမိုးသူလေ။ ဒီနာမည်တွင်တယ်ဆိုတော့ သူတို့က မယုံနိုင်လောက်အောင် စွမ်းအားကြီးတဲ့သဘောပဲ။ ငါတို့မယှဉ်နိုင်လောက်ဘူး"

"ဘာကြောက်စရာရှိလဲ။ အဆုံးတကာ့အဆိုးဆုံးဖြစ်လာရင် အားလုံးအတူသေရုံပေါ့"

"မင်းတို့က အားအားယားယား ဒီမှာစကားနိုင်လုနေတယ်ပေါ့။ အဖွဲ့အစည်းတွေအားလုံး အကန့်အသတ်မရှိ ယာယီလူသစ်စုဆောင်းရေးလုပ်နေပြီ။

ဘယ်သူမဆို ဝိညာဉ်မြစ်သွားစစ်ဆေးလို့ရတယ်။ စမ်းသပ်ချက်မအောင်မြင်ရင်တောင် အခြေခံ ချီသန့်စင်ခြင်းမှုကျင့်စဉ်တွေ ခန္ဓာသန့်စင်မှုကျင့်စဉ်တွေ အခမဲ့ပေးမှာ

မင်းတို့ကလေးတွေကို မြန်မြန်ခေါ်သွားလိုက်ပါလား"

"ဘယ်လို၊ တကယ်လား"

"မြန်မြန်သွားတော့ကွာ။ နောက်ကျရင် အမှိုက်ပဲကောက်နေရမယ်"

ပါရမီနည်းနည်းရှိသည့် ကျင့်ကြံသူများက စစ်ပွဲပြင်ဆင်မှုကိစ္စကို ပို၍ပင်အရေးစိုက်ကြသည်။ အထောက်အပံ့ရင်းမြစ်မလုံလောက်မှုကြောင့် သူတို့ကျင့်စဉ်တိုးတက်မှု နှေးနေသည်။

ယခုကိစ္စသည် သူတို့တိုးတက်ဖို့ နာမည်ကျော်ဖို့ အခွင့်ကောင်းဖြစ်သည်။

"နှစ်တစ်ရာ နှစ်တစ်ထောင်မှာ တစ်ခါဖွင့်တဲ့ လျှို့ဝှက်နယ်မြေတွေလည်း ဝင်ခွင့်ရတော့မယ်တဲ့။ တကယ် နတ်ဘုရားပေးတဲ့ အခွင့်အရေးပဲ"

"သတ်မှတ်ထားတဲ့ အဆင့်တစ်ခုရောက်ရင် မဟာရှားက ကျင့်စဉ်ကျမ်းတွေ ဝိညာဉ်ကျောက်တွေ ပေးမယ်တဲ့။ ကျင့်စဉ်ရင်းမြစ်မလုံလောက်လို့ ငါစိုးရိမ်နေတာ။ အခု အခြေအနေက အကောင်းဘက်ကို ဦးတည်နေပြီ"

"ပြီးတော့ မဟာဂိုဏ်းအကြီးအကဲတွေက အပြင်ထွက်ပြီး သင်ကြားပေးတော့မယ်။ စုစည်းခြင်းအဆင့်တွေကလည်း အသိပညာမျှဝေတော့မယ်။ သူတို့လမ်းညွှန်မှုတွေ ခံယူဖို့ဆိုတာ တစ်သက်တစ်ခါရခဲတဲ့ အခွင့်အရေးပဲ"

ကျင့်ကြံမှုလောကတွင် တစ်ခါမှမရှိခဲ့ဖူးသည့် ရွှေအခွင့်အရေးဖြစ်သည်။ အကြောင်းမသိသေးသည့် ရန်သူကို ရင်ဆိုင်ရမည်ဖြစ်၍ မဟာရှား၊ ဗုဒ္ဓနိုင်ငံတို့လည်း မကျေလည်မှုများ ဘေးဖယ်ထား၍ ကျင့်ကြံမှုလောက၏ ခွန်အားကို မြင့်တင်ပြီး မသေမျိုးများကို အားမကိုးဘဲ ဖယောင်းကောင်းကင်တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ ပြင်ဆင်ကြသည်။

တစ်လောကလုံး ဆူပွက်နေသည်။

ကျင့်ကြံမှုအပတ်စဉ်သတင်းစာဥက္ကဌ လုယန်က တစ်လောကလုံးမှ တိုက်ရိုက်သတင်းများကို ရနေသည်။

တိုင်ပုဖန်သတင်းရသည့်နှုန်းကို မီသလောက်နီးပါးရှိသည်။

ပါရီရှင်တို့နှင့်ပတ်သက်သည့်သတင်းများ နေရာစုံမှ ထွက်ပေါ်လာသည်။

ဤမျိုးဆက်၏ နံပတ်တစ်ပါရမီရှင်လုယန်လည်း လူငယ်ပါရမီရှင်များ ထိုသို့အားမာန်တက်ကြွနေသည်ကို မြင်ရသဖြင့် အတော်ဝမ်းသာမိသည်။

"ဂိုဏ်းမဲ့ကျင့်ကြံသူ ကုန်းစွန်းဟိုင်က ရွှေသန္ဓေအဆင့်သုံးယောက်ကို စိန်ခေါ်အနိုင်ယူခဲ့တယ်။ ရှေးဟောင်းတိုက်ပွဲကွင်း စင်မြင့်ပေါ်မှာ သက်တူရွယ်တူရှစ်ယောက်ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်တယ်။ သူ့ဓားကို ချီနဲ့ထိန်းချုပ်ပြီး အင်အားကြီးရန်သူတွေကို အနိုင်ယူတယ်။

သူ့အောင်ပွဲကို ဆက်ထိန်းထားနိုင်လို့ 'ဒုတိယလုယန်'ဆိုတဲ့ နာမည်ပြောင်ကို ရခဲ့တယ်"

"အရှေ့ပင်လယ်က ကျန်းတိန်ဟာ ရတနာကြေးအိုးဆင်းလာတဲ့နိမိတ်နဲ့ မွေးဖွားတယ်။ တတိယမျက်လုံးပွင့်တယ်။ ရှေးဟောင်းအမွေအနှစ်သုံးမျိုးရခဲ့တယ်။

ခွန်ုဖန်ုနဲ့ တိုက်ခိုက်တယ်။ နဂါးသားတော်တွေကို အနိုင်ယူတယ်။ စထွက်ကတည်းက လုံးဝမရှုံးနိမ့်ဖူးဘူး။ ဒါကြောင့် တစ်လောကလုံးကသူ့ကို လုယန်လိုပါရမီရှင်လို့ ကင်ပွန်းတပ်ကြတယ်"

"စိတ်ဓာတ်ခိုင်မာအောင် ကျင့်ကြံဖို့ လုန်ထန်ယန်ဟာ ညှို့ငင်ဂိုဏ်းကို တစ်ဉီးတည်းသော ယောက်ျားလေးတပည့်အဖြစ် ဝင်ခဲ့တယ်။ ဂိုဏ်းတူအမတွေညီမတွေရဲ့ စွဲမက်ဖွယ်အာရုံကို ရင်ဆိုင်တယ်။

လူပျိုရည်မပျက်အောင် ထိန်းသိမ်းတယ်။ ချီနဲ့သွေး ပြောင်းပြန်ဖြစ်ပြီး ဒွာရခုနစ်ပေါက်က သွေးထွက်လာတယ်။ ဒါပေမယ့် နောက်ဆုံးမှာ နတ်ဝိညာဉ်အဆင့်ကို တက်နိုင်ခဲ့တယ်။

ဒါကြောင့်သူ့ကို "ဒုတိယမုန်ကျင်းကျိုး'လို့ ခေါ်ကြတယ်"

လုယန် နဖူးကိုလက်ဖြင့်အုပ်လိုက်သည်။ နာမည်ရအောင် ကြိုးစားကြသည်က ကောင်းပါသည်။ သို့သော် ဘာကြောင့် သူနှင့်လောင်မုန်ကို ပွတ်တိုက်နေကြသည်မသိ။

သို့သော် ထိုကိစ္စများက အသေးအဖွဲသာဖြစ်သည်။ သူအာရုံစိုက်ဖို့ မထိုက်တန်။

"အလောင်းထိန်းဂိုဏ်းက ကျန်းပိုဆိုတာ မင်းသူငယ်ချင်းလား"

တာအိုရှင်ရှန်ထန်က သတင်းအစီရင်ခံစာတစ်ခု လာပေးသည်။

"ကျန်းပို။ သူက လေဟာနယ်သန့်စင်အဆင့်ပဲမဟုတ်လား။ သူနဲ့ပတ်သက်ပြီး ဘာသတင်းရေးစရာရှိမှာလဲ"

လုယန် သတင်းကိုဖတ်ကြည့်သည်။

"အလောင်းထိန်းဂိုဏ်းက ကျန်းပိုဟာ သူ့ကိုကာကွယ်တဲ့ ကန္တာရနတ်ဆိုး မိန်းကလေးဖုတ်ကောင်နဲ့ ချစ်ကြိုက်ပြီး တာအိုလက်တွဲဖော်ဖြစ်လာတယ်...ဟာ"

အမြင်မှားသလားဟုထင်၍ မျက်လုံးကိုပွတ်ပြီး ပြန်ဖတ်သည်။ သူအံ့ဩနေသည်။

ကျန်းပိုရေ၊ မင်းဘယ်လိုဖြစ်တာလဲကွာ။ ကန္တာရနတ်ဆိုးကိုငါလာပို့တာ ဒီအတွက်လား...

"ဓားမှော်စင်က မိန်ထိုက်ဟာ စုစည်းခြင်းအဆင့်ကို တက်တယ်။ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုကြုံရတယ်။ ဓားတစ်သောင်းက ဦးညွှတ်အရိုအသေပြုတယ်။

အဲဒီအချိန်မှာ ဓားဝိညာဉ်အဓိပဓိကို ချက်ခွင့်ပန်ပြီး သူတို့နှစ်ယောက် တာအိုလက်တွဲဖော်ဖြစ်လာတယ်.."

လုယန် တဖြေးဖြေး မျက်ခုံးလှုပ်လာသည်။ အရင်က မိန်ထိုက်သည် ဓားမျှော်စင်အဓိပဓိ၏ ဓားဝိညာဉ်ဖြစ်သည်။ မျှော်စင်အဓိပဓိက လျိုနင်ရွှမ်းနှင့် တိုက်ခိုက်ပြီးနောက် ဝိညာဉ်စွမ်းအင်ကုန်ခမ်းသွားသည်။

မိန်ထိုက်၏ ဓားဝိညာဉ်ဖြစ်လာသည်။ ဆရာနှင့်တပည့်နေရာကို တစ်ယောက်တစ်လှည့်ယူကြသည်။

ယခု မင်းတို့နှစ်ယောက်က ဆက်ဟန်မဆောင်နိုင်တော့လို့ တာအိုလက်တွဲဖော် ချက်ချင်းဖြစ်လာပြီပေါ့။

"တာအိုလက်တွဲဖော်တဲ့။ ကောင်းလိုက်တာ"

နတ်မယ်က လုယန်နားထဲ တီးတိုးပြောသည်။ သူတစ်ယောက်သာ ကြားရသည်။ တာအိုရှင်ရှန်ထန်ရော ကုကျန်ယဲ့ပါ မကြားနိုင်ကြ"

"ဟုတ်တယ်။ ချစ်တဲ့သူတွေ အတူတူနေခွင့်ရလာတယ်လို့ သတ်မှတ်ရမှာပေါ့"

မိန်ထိုက်နှင့် ဓားမျှော်စင်အဓိပဓိ တာအိုလက်တွဲဖော်ဖြစ်လာသည်မှာ သဘာဝကျသည်ဟု လုယန်ယူဆသည်။

"မြင်းဖြူနိုင်ငံနဲ့ တစ်ခြားကြယ်ကမ္ဘာတွေအားလုံး ကျင့်ကြံသူလောကကို ပြောင်းရွှေ့လာကြပြီ...။ အင်း..အတော်မြန်တာပဲ"

လုယန် စုပ်သပ်အံ့ဩမိသည်။ ထိုသတင်းနှင့်အတူ မှော်ဖန်လုံးတစ်ခုလည်း ပါလာသည်။ စုစည်းခြင်းအဆင့်ခြောက်ယောက်ပူးပေါင်း၍ မြင်းဖြူနိုင်ငံနှင့် တစ်ခြားကမ္ဘာများ ရွှေ့ပြောင်းနေသည့်မြင်ကွင်းကို မှတ်တမ်းတင်ထားသည်။

ကြယ်ကမ္ဘာရွှေ့ရုံလောက်ဆိုလျှင် စုစည်းခြင်းအဆင့်တစ်ယောက်သာလိုသည်။ သို့သော် ကြယ်တစ်လုံးနေရာရွှေ့လျှင် ထိုကြယ်ပေါ်မှပတ်ဝန်းကျင်လည်း ပြောင်းလဲသည်။ သေမျိုးများအတွက် ကမ္ဘာပျက်ကပ်ဆိုးနှင့် အလားသဏ္ဌာန်တူသည်။

သေမျိုးများဘေးကင်းစေရန် စုစည်းခြင်းအဆင့်တစ်ချို့ ပူးပေါင်းလုပ်ဆောင်ဖို့လိုသည်။

"အပြင်ရောက်နေတဲ့ ကျင့်ကြံသူတွေကိုလည်း ပြန်ခေါ်ပြီးပြီတဲ့လား...သဘာဝကျပါတယ်။ အင်အားကြီးရန်သူတွေ ရောက်လာတော့မှာဆိုတော့ အပြင်မှာ သူတို့နဲ့တိုးရင် ဒုက္ခရောက်လိမ့်မယ်"

ဖော်ပြထားသည့် သတင်းထဲတွင် တာအိုရှင်ဝစီပိတ်၏ မိတ်ဆွေဟောင်းတစ်ချို့အကြောင်းလည်း ပါသည်။

"တရားရေးဝန်ကြီးရှုရှင်းလည်း ကူးဖြတ်ခြင်းအဆင့်ကို တက်သွားပြီ။...မြန်သားပဲ"

ကံကြောင့်လည်း ဖြစ်ကောင်းဖြစ်မည်။ ဖိအားများသည့် အချိန်ကာလာကြောင့်လည်း ဖြစ်နိုင်သည်။ ရှုရှင်းတစ်ယောက်တည်းမဟုတ်။

စုစည်းခြင်းထိပ်တန်းအဆင့် ကျင့်ကြံသူအတော်များများ ကူးဖြတ်ခြင်းအဆင့်သို့ တက်သွားသည်။

"ဒါက ပုံမှန်လမ်းကြောင်းအတိုင်း အဆင့်တက်ရုံပါပဲ။ အသေးအဖွဲကိစ္စကို ရွှမ်ယွမ်ဓားသခင် ဘာလို့အရေးလုပ်ပြီးပြောနေတာလဲ"

ကုကျန်ယဲ့စိတ်ဓာတ်က ယိမ်းယိုင်ခြင်းမရှိ။ ဘယ်လိုကိစ္စဖြစ်ဖြစ် သူ့တာအိုနှလုံးက ခိုင်မာသည်။

တာအိုရှင်ရှန်ထန်ပင် သူ့ကို အံ့ဩရသည်။ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက် လူပြန်ဝင်စားခြင်းလားဟု ထင်မိသည်။

ကုကျန်ယဲ့ကို လုယန် အရေးမစိုက်ချင်။ သို့သော် ကုကျန်ယဲ့က စိတ်အားထက်သန်စွာကြည့်နေသည်။ ထိုအကြည့်၏ အဓိပ္ပါယ်က ထင်ရှားသည်။ လုယန်ကို သူ့စကားလမ်းကြောင်းအတိုင်း လိုက်စေလိုခြင်းဖြစ်သည်။

ခေါင်းငုံ့ထားသော်လည်း ကုကျန်ယဲ့၏ စူးရှသည့်အကြည့်ကို သူခံစားမိသည်။ ထို့ကြောင့်

"ပုံမှန်လမ်းကြောင်းအတိုင်းပဲတဲ့လား။ ဘာလို့အဲလိုပြောတာလဲ"

"လောကထဲက အရာအားလုံး သံသရာစက်ဝန်းအတိုင်း လည်ပတ်တယ်။ ဟိုရှေးခေတ်တွေကတည်းက မဟာလောကအကြပ်အတည်းကာလဆိုတာ ရှိတယ်။

ပါရမီရှင် တွေစုဝေးလာတယ်။ သူရဲကောင်းတွေ ပြိုင်ဆိုင်ကြတယ်။ မဟာတာအိုဖိနပ်မှု လျော့ရဲလာတယ်။ အဆင့်တက်ဖို့ မယုံနိုင်လောက်အောင် လွယ်ကူလာတယ်။

ဒီနေ့ကိစ္စဟာ အဲဒီ့ခေတ်ကာလက အဖြစ်အပျက်တွေ တစ်ပတ်လည်လာတာပဲ။ ကျင့်ကြံသူလောကဖွင့်တာလည်း ပုံမှန်လမ်းကြောင်းပဲ။ ကောင်းကင်ကံကြမ္မာနဲ့ လုပ်ရတဲ့ကိစ္စပါ။

စကြာဝဠာလွှမ်းမိုးသူဆိုတာ စိုးရိမ်စရာမဟုတ်ပေမယ့် သာမန်လူတွေက ကျင့်ကြံသူလောကရဲ့စွမ်းအားကို နားမလည်ကြဘူး။

အရာအားလုံး ယင်နဲ့ယန်အဖြစ် ကွဲတယ်။ ဒီနေ့ကိစ္စဟာလည်း ကောင်းတဲ့ကိစ္စပဲ။ ကျင့်ကြံမှုလောက ငြိမ်းချမ်းခဲ့တာ ကြာလွန်းနေပြီ။ ပြင်ပဖိအားမရှိဘူး။

ပိုင်လော်တပ်ပေါ်လာတာ ကြီးမားတဲ့ဖိအားပဲ။ အဲဒီ့ဖိအားက သူတို့ကို အဆင့်တက်နိုင်အောင် ကူညီပေးတာပါ"

လုယန် မျက်ခုံးလှုပ်သွားသည်။ ကုကျန်ယဲ့၏ သီအိုရီများက လက်ဖျားခါလောက်သည်။

ထိုအချိန်တွင် အမှောင်ထဲမှ မျက်လုံးတစ်စုံ သူ့ဆီရောက်လာသည်။

လျှို့ဝှက်စွမ်းအားရှင်က ကုကျန်ယဲ့ကို အံ့ဩမှုတစ်ဝက် သံသယတစ်ဝက်ဖြင့် စိုက်ကြည့်နေသည်။ ထိုးဖောက်မြင်နိုင်ရန် ကြိုးစားသည်။

ပုံမှန်အားဖြင့် လူပြန်ဝင်စားပြီးလျှင် အတိတ်ဘဝ၏လွှမ်းမိုးမှု နည်းနည်းတော့ရှိသင့်သည်။ ကုကျန်ယဲ့ပြောသည့် စကားများက အပြည့်အဝမမှန်သော်လည်း ခေတ်သမိုင်းတွင် မြုပ်ကွယ်နေသည့် ရှေးဟောင်းလျှို့ဝှက်ချက်တစ်ချို့နှင့် တကယ်ကိုက်ညီသည်။ သူ့ကိုဘယ်သူမှ ပြောမပြဖူးသည့် လျှို့ဝှက်ချက်များဖြစ်သည်။

"သူက ငါပူးကပ်ခဲ့တဲ့လူ ဝင်စားတာများလား"

*******************************

All Chapters