အခန်း ၁၃၁၂
Vol. 88 Ch. 1312
အခန်း (၁၃၁၂) လှည့်ကွက်မိသူ
တစ်နေ့တာအလုပ် ပြီးဆုံးပြီးနောက် ကုကျန်ယဲ့ သူ့လှိုဏ်ဂူသို့ပြန်သည်။
ဖယောင်းမီမှိန်မှိန်က တဖျတ်ဖျတ်လင်းလက်နေသည်။ လှိုဏ်ဂူတစ်ခုလုံးကို အလင်းပေးသည်ဆိုရုံသာရှိသည်။ ဂူအလယ်တွင် ရေကန်တစ်ခုရှိသည်။
ကြာပန်းများ စိုက်ထားသည်။ သူ့လက်ရေးပန်းချီများ နံရံပေါ်တွင် အလှဆင်ထားသည်။ ရှေးကျပြီး အဆင့်အတန်းမြင့်သည့် အငွေ့အသက်မျိုးပေါ်နေသည်။
ရေကန်ဘေးတွင် စာအုပ်စင်ရှိသည်။ ရှေးဟောင်းစာအုပ်များ ခင်းကျင်းထားသည်။
လှိုဏ်ဂူတစ်ခုလုံး ရှေးဆန်ပြီး ကျက်သရေရှိသည်။ အလွန်ဝေးကွာသည့် ရှေးဟောင်းခေတ်မှ ဒီဇီုင်းမျိုး ကုကျန်ယဲ့ကိုယ်တိုင် ပုံဖော်ထားသည်။
ဖိနပ်ချွတ်ပြီးနောက် ရေကန်ထဲသို့ဆင်း၍ ကြာရွက်စိမ်းတစ်ရွက်ပေါ် သူတင်ပျဉ်ခွေထိုင်သည်။ ကြာပန်းပွင့်လာသည်နှင့် သူ့ဘေးပတ်လည်တွင် ခပ်မှိန်မှိန်အလင်းစက်ဝန်းတစ်ခု ဖြာထွက်နေသည်။
သူအသွင်က ထူးခြားဆန်းကြယ်ပြီး အသိခက်သည်။
ကုကျန်ယဲ့၏ နေ့စဉ်ကျင့်ကြံသည့်ပုံစံဖြစ်သည်။ သတင်းစာတိုက်က လောကကျင့်ကြံမှုအတွက် တော်ဝင်မြေဖြစ်သော်လည်း သေမျိုးလောကကိစ္စများထဲ စူးစမ်းနေရုံဖြင့်မရ။
ကျင့်ကြံဖို့လည်း လိုသည်။
ပန်းတစ်ပွင့်သည် ကမ္ဘာတစ်ခုကို ကိုယ်စားပြုသည်။ သစ်ရွက်တစ်ရွက်သည် ဗုဒ္ဓ၏တည်ငြိမ်မှုကို ကိုယ်စားပြုသည်။ ကြာရွက်စိမ်းပေါ်ထိုင်ပြီးနောက် သူမျက်စိမှိတ်လိုက်သည်။
ကြာရွက်စိမ်းပေါ် ထိုင်နေသည်ဟု သူမခံစားရတော့။ အနန္တဘုံလောကများ၏အထက်တွင် သူထိုင်နေသည်။ ပန်းပွင့်တိုင်း ရေစက်တိုင်းက ကမ္ဘာတစ်ခုကို ကိုယ်စားပြုသည်။
အနန္တဘုံလောကများ သူ့ကိုလှည့်ပတ်နေသည်။ သူ့ကံကြမ္မာနှင့် ကျင့်ကြံမှုလောက ချိတ်ဆက်နေသည်။ သူစွမ်းအားကြီးလေ ကျင့်ကြံသူလောက စွမ်းအာကြီးလေ ဖြစ်လာမည်။
ရုတ်တရက် အနက်ရောင်လူရိပ်တစ်ခု လှိုဏ်ဂူထဲတွင်ပေါ်လာသည်။ ကျင့်ကြံနေသည့် ကုကျန်ယဲ့ကို မျက်မှောင်ကျုံ့၍ကြည့်နေသည်။
အတော်ကြာအောင် သူကြည့်နေသည်။ ကုကျန်ယဲ့သည် သူရှာနေသည့်လူဟုတ်မဟုတ် မသေချာသေး။
သေဟန်ဆောင်၍ သူလွတ်မြောက်ခဲ့သည်။ အရာအားလုံး တည်ငြိမ်လာသည်။ ကျင့်ကြံမှုလောက ပွင့်ပြီးဖြစ်သည်။ အာလုံးကလည်း အတူတကွ အေးချမ်းပျော်ရွှင်နေကြသည်။
သူမဆင်မခြင်လှုပ်ရှားလိုက်လျှင် ထိုငြိမ်းချမ်းမှု ပျက်စီးသွားမည်။ နတ်မယ်နှင့်ယွမ်ကျိကို နောက်တစ်ကြိမ် ရင်ဆိုင်ရမည်။ ပြဿနာဖြစ်မည်။
ပြဿနာရှာရသည့်အလုပ်ကို သူမနှစ်ခြိုက်။ ထာဝရနတ်မယ်ကို သတ်လိုက်သည့်ကိစ္စကြောင့် ထိုမျှဒုက္ခများလာမည်ကိုသာ ကြိုသိခဲ့လျှင် တစ်ခြားနည်းလမ်းသုံး၍ ဖြေရှင်းခဲ့မည်သာဖြစ်သည်။
ထိုကြောင့် မလိုအပ်လျှင် သူမလှုပ်ရှားချင်။
သို့သော် ကုကျန်ယဲ့ လူဝင်စားဟုတ်မဟုတ် သေချာမသိသေး။ ထိုမသေချာမှုသည် အာနည်းချက်ဖြစ်သည်။ သူကိုယ်တိုင် အဖြေရှာဖို့လိုသည်။
"ကောင်လေး၊ ငါဘယ်သူလဲ မင်းသိလား"
လှိုဏ်ဂူထဲ၌ တစ်ယောက်တည်းရှိနေချိန်တွင် လူစိမ်းတစ်ယောက်၏စကားသံ ရုတ်တရက် ကြားလိုက်ရမည်ဆိုလျှင် ဘယ်သူမဆို လန့်ဖျတ်သွားပေလိမ့်မည်။
သို့သော် ကုကျန်ယဲ့က ဣန္ဒေမပျက်။
မျက်လုံးကို ဖြေးညှင်းစွာဖွင့်၍ လူစိမ်းကို သူကြည့်သည်။
"အခုတော့ မင်းရောက်လာပြီပေါ့"
လျှို့ဝှက်စွမ်းအားရှင် အတော်အံ့ဩသွားသည်။
တကယ်သူပဲလား...
ကြားရသည့်လေသံက တည်ငြိမ်သည်။ မှတ်ဉာဏ်အပြည့်အဝ ပြန်ရထားခြင်းလော။ ထိုကောင်လေး၏ လက်ရှိကျင့်စဉ်အဆင့်အရ ထိုသို့မဖြစ်သင့်။
လူဝင်စားအရိယဖလသန္ဓေ၏ အကျိုးသက်ရောက်မှုက သူခန့်မှန်းထားသည်နှင့် ကွာခြားနေခြင်းလော..
အံ့ဩနေရာမှ သူပျော်ရွှင်လာသည်။ ကုကျန်ယဲ့သည် လူဝင်စားဖြစ်ကြောင်း သေချာသလောက်ရှိသည်။ သူယခုချက်ချင်း ရှင်းပစ်နိုင်သည်။ သို့သော် သေချာအောင် ထပ်အတည်ပြုရမည်။
"ငါဘယ်သူလဲမင်းသိလား"
ကုကျန်ယဲ့ ခပ်ညှင်းညှင်းရယ်သည်။ လျှို့ဝှက်စွမ်းအားရှင်က ရူးကြောင်ကြောင်မေးခွန်းမေး၍ လှောင်ရယ်နေပုံမျိုးဖြစ်သည်။
"မင်းမှာအဖြေရှိပြီးသားမဟုတ်လား"
လျှို့ဝှက်စွမ်းအားရှင်၏ အသက်ရှူသံ မြင့်တက်သွားသည်။ ကုန်ကျန်ယဲ့စကားက ကွက်တိဖြစ်နေသည်။ ထိုကောင်လေး၏ တည်ငြိမ်သည့်ဟန်ပန်အမူအရာမျိုး အတိတ်မှတ်ဉာဏ်ရထားသည့် လူဝင်စားတစ်ယောက်တွင်သာ ရှိနိုင်သည်။
သူတကယ်အတည်ပြုလိုက်သည်။
ကုကျန်ယဲ့က လက်တစ်ဘက်ကို ကြာကန်တော့လက်ဟန်ပြင်သည်။ နှုတ်ခမ်းတွင် အသိခက်သည့်အပြုံးမျိုး တွဲခိုနေသည်။
"လူဝင်စားသံသရာကို ဖြတ်ကျော်ပြီးရင် အကြောင်းအကျိုးတွေကို ဖြတ်တောက်ပြီး အသစ်စနိုင်ပြီလို့ ငါထင်ခဲ့တာ။ အခုကြည့်ရသလောက် မင်းနဲ့ငါ့ကြားက ကြောင်းကျိုးဆက်နွယ်မှုက အတော်နက်ရှိုင်းနေပုံပဲ။
သံသရာစက်ဝန်းကို ကျော်လွန်ပြီးတာတောင် ဖြတ်တောက်လို့မရပါလား"
ကုကျန်ယဲ့က လျှို့ဝှက်စွမ်းအားရှင်ကိုကြည့်၍ သက်ပြင်းချသည်။
"အင်း..ကြောင်းကျိုးဆက်နွယ်မှုအပေါ် အရမ်းအာရုံစိုက်ထားရင် မင်းဘယ်လိုရှေ့ဆက်မှာလဲ"
လျှို့ဝှက်စွမ်းအားရှင်၏နှလုံးခုန်နှုန်း နှေးသွားသည်။ ကုကျန်ယဲ့စကားကြောင့် အကြီးအကျယ်အံ့အားသင့်နေသည်။ သူခန်မှန်း့ထားသည်ထက် ပိုနားလည်နေဟန်ရှိသည်။
ထိုသို့ပြောသည်ဆိုလျှင် ထိုကောင်လေးကိုယ်တိုင်က သူနှင့်အတိတ်ကဆက်နွယ်မှုများကို ဖြတ်တောက်လိုခြင်းလော...
"ဒါဆိုမင်းက ငါ့သရုပ်မှန်ကို ထုတ်မပြောဘူးဆိုတဲ့သဘောလား။ ငါမင်းကိုပူးကပ်ခဲ့တာ စိတ်ထဲမထားဘူးလို့ ပြောချင်တာလား"
ထိုစကားကြားပြီးနောက် ကုကျန်ယဲ့က မျက်ရည်များထွက်လာသည်အထိ ခွက်ထိုးခွက်လန်ရယ်သည်။
"ပူးကပ်တယ်တဲ့လား။ ငါ့အတိတ်ဘဝခန္ဓာခွံထဲမှာ ပိတ်မိခဲ့ရုံပါပဲ။ အခု မင်းကိုယ်တိုင် ပိတ်မိနေပြီ။ ရုန်းမထွက်နိုင်လို့ အပြစ်ပေးခံနေရပြီပဲ။ ငါကမင်းကို ဘာလို့ထပ်ပြီးအရေးစိုက်နေရမှာလဲ"
လျှို့ဝှက်စွမ်းအားရှင် တုန်ခါသွားသည်။ ပူးကပ်မှုအပေါ် ထိုမျှနက်နက်ရှိုင်းရှိုင်း နားလည်ထားမည်ဟု သူမထင်ခဲ့။ ပြန်စဉ်းစားကြည့်လျှင် ကုကျန်ယဲ့စကားက အတော်လေးအဓိပ္ပါယ်ရှိသည်။
ထိုကောင်လေးသည် ကိုးဘဝသံသယာကို ဖြတ်ကျော်၍ ဘယ်သူမှမသိနိုင်သည့် ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်သွားခြင်းလော။
သူသာ ကုကျန်ယဲ့နေရာတွင်ဆိုလျှင် ကိုယ့်အဆင့်အတန်း ကိုယ့်ကျင့်စဉ်အဆင့်နှင့် ထိုသို့အရေးမစိုက်ဘဲ ဥပေက္ခာပြုထားနိုင်မည်လော...
မလုပ်နိုင်။ သူ့စိတ်ဓာတ်သည် သူ့ကျင့်စဉ်အဆင့်ပေါ်တွင် လုံးလုံးလျားလျားမှီခိုနေသည်။
သူအတော်ရှက်မိလာသည်။ ကုကျန်ယဲ့ကိုပင် စေ့စေ့မကြည့်ရဲတော့။
ကျင့်စဉ်စွမ်းအားအရ ကုကျန်ယဲ့ထက် သူအဆင့်များစွာသာသည်။ သို့သော်စိတ်ဓာတ်ပိုင်းအရ နိမ့်ကျသည်။ ကုကျန်ယဲ့က အဆများစွာသာသည်။
ကုကျန်ယဲ့၏စိတ်ဓာတ်ကို သူအတော်အားကျမိသည်။ အတိုင်းအဆမရှိ လွတ်လပ်ပေါ့ပါးသည့် စိတ်မျိုးဖြစ်သည်။ ကျင့်စဉ်အဆင့်ကိုလည်း စွဲလန်းခြင်းမရှိ။
သူတစ်သက်လုံး တည်ဆောက်ဖို့ကြိုးစားခဲ့သည်မှာ ထိုစိတ်ဓာတ်မျိုးဖြစ်သည်။
ထိုစိတ်ဓာတ်မျိုး သူဘယ်လိုရနိုင်မည်နည်း။ လူဝင်စားအရိယဖလဖြင့် ကိုးဘဝသံသရာကိုဖြတ်ကျော်လျှင် အမြင့်ဆုံးအရိယဖလကိုရပြီး ထိုစိတ်ဓာတ်မျိုး အလိုလိုဖြစ်ပေါ်လာမည်လော။
သူကိုးကြိမ် သေဖို့လိုသည့်သဘောလော။
လျှို့ဝှက်စွမ်းအားရှင်အတွေးနစ်နေသည်ကိုကြည့်၍ သူ့ဘာတွေးနေသည်ကို ကုကျန်ယဲ့ နားလည်သည်။
"မင်းအားရင် ရွှမ်ယွမ်ဓားသခင်နဲ့ သွားတွေ့လိုက်ပါလား။ အခု သူ့အတိတ်မှတ်ဉာဏ်တွေ ပိတ်မိနေတယ်။ မှတ်ဉာဏ်နှိုးဆွဖို့ပြောတော့လည်း သူလက်မခံဘူး။
အတိတ်ဘဝက မင်းနဲ့သူ ကောင်းကောင်းရင်းနှီးတာပဲ။ မင်းပေါ်လာရင် သူ့ကျင့်ကြံမှု ပြည့်စုံသွားအောင် ကူညီနိုင်လောက်တယ်"
လျှို့ဝှက်စွမ်းအားရှင် ကျောက်ရုပ်လိုဖြစ်သွားသည်။ ဘာစကားကြီးလည်းမသိ။
"နေပါဦး။ မင်းငါ့ကို ဘယ်သူထင်လို့လဲ"
"မင်းချစ်တဲ့သူက ငါ့ကိုရွေးချယ်ပြီး မင်းကိုငြင်းခဲ့တယ်။ သေရေးရှင်ရေး ကြုံတဲ့အချိန်မှာ သူကငါ့အစား ဓားချက်ဝင်ခံပြီး မမျှော်လင့်ပဲ ကွယ်လွန်သွားတယ်။
ဒါက ဘယ်သူမှမဖြစ်ချင်တဲ့ မတော်တဆဖြစ်ရပ်ဆိုပေမယ့် မင်းကငါ့အပြစ်လို့ပဲမြင်တယ်။ ငါအဆင့်တက်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး မင်းငါ့ကိုအလစ်တိုက်ခိုက်တယ်။ ငါ့ခန္ဓာကိုယ်ကို ဝင်ပူးကပ်ခဲ့တယ်လေ။
မြေအောက်အရှင်၊ ဒီကိစ္စကို ငါပြန်အစမဖော်ချင်ပါဘူး။ မင်းဘာလို့မေးရတာလဲ"
လျှို့ဝှက်စွမ်းအားရှင် "..."
မဟုတ်သေးပါဘူး။ ဘယ်ကသောက်ရေးမပါတဲ့ မြေအောက်အရှင်လဲ...
ဘာစကားတွေပြောနေတာလဲ...
သူလုံးဝအရူးလုပ်ခံလိုက်ရမှန်း လျှို့ဝှက်စွမ်းအားရှင် နားလည်သွားသည်။ ကုကျန်ယဲ့၏လှည့်စားမှုကို ဆိုးဆိုးဝါးဝါးခံလိုက်ရသည်။
ကုကျန်ယဲ့ကို သူအေးစက်စက်စိုက်ကြည့်သည်။ ပြင်းထန်သည့်စွမ်းအင်ရောင်များ ထွက်ပေါ်နေသည်။ လှိုဏ်ဂူတစ်ခုလုံး တုန်ခါလာသည်။
သူ့အသက်ရှူသံ ပြင်းထန်လာသည်။ မျက်နှာက ကြောက်စရာကောင်းလောက်အောင် တင်းမာခက်ထန်နေသည်။ ကုကျန်ယဲ့ကို သတ်သင့်မသတ်သင့် စိတ်လွန်ဆွဲနေသည်။
"ကောင်လေး၊ မင်းတကယ်တော်တာပဲ"
သူအံတင်းတင်းကြိတ်၍ပြောသည်။ သေခြင်းအရိပ်က ကုကျန်ယဲ့အနားသို့ နီးကပ်လာသည်။
ကုကျန်ယဲ့ကိုသတ်ဖို့ လွယ်ကူသည်။ သို့သော် ထိုသို့လုပ်လိုက်လျှင် သူအသက်ရှင်နေသေးသည့်ကိစ္စ ရိပ်မိသွားကြမည်။ ကြိုးစားထားသမျှ အားလုံးအချည်းအနှီးဖြစ်မည်။
လက်သီးနှစ်ဘက်ကို တဖျစ်ဖျစ်အသံမြည်အောင် ဆုပ်ထားသည်။ သို့သော် နောက်ဆုံးတွင် အလွဝ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ယခု ကိုယ်ပါးကိုယ်ရိုက်ချင်စိတ်သာ ပေါ်လာသည်။ ဘာကြောင့် ဤနေရာသို့လာပြီး ဒုက္ခခံမိခဲ့သည်မသိ။ လုယန်ဘေးတွင် အေးအေးလူလူနေခြင်းက ပိုကောင်းသည်မဟုတ်လော။
ဤနေရာတွင် သူဆက်မနေချင်တော့။ အေးစက်စက်နှာခေါင်းတစ်ချက်ရှုံ့ပြီးနောက် ထိုနေရာမှ သူပျောက်ကွယ်သွားသည်။
ကုကျန်ယဲ့က ကြာကန်တော့လက်ဟန်ဖြင့် တင်ပျဉ်ချွေထိုင်နေဆဲဖြစ်သည်။ သူ့မျက်လုံးတွင် တွေးမရသည့်အရိပ်များ ပေါ်လွင်နေသည်။
"ထူးဆန်းတယ်၊ ငါကျင့်ကြံနေတာမဟုတ်လား။ ဘာလို့ ကျင့်ကြံတာရပ်ပြီး မျက်လုံးဖွင့်ထားတာလဲ။
ဟုတ်ပြီ၊ ငါ့စိတ်က တည်ငြိမ်မှုအားနည်းသေးလို့ဖြစ်မယ်။ ငါဆက်ပြီးကျင့်ကြံဖို့ လိုတယ်"
သူ့မျက်လုံးများကို ပြန်ပိတ်သည်။ ချက်ချင်း အာရုံတည်ငြိမ်သည့်အဆင့်သို့ ရောက်လာသည်။ ကြာပန်းတစ်ပွင့်ထဲမှလောကတွင် စိတ်နှစ်ထားသည်။
******************************