← Chapters

အခန်း ၁၃၁၃

Vol. 88 Ch. 1313

အခန်း ၁၃၁၃

Vol. 88 Ch. 1313

အခန်း (၁၃၁၃) ကပ်ဆိုးဆင်းလာပြီ

စစ်ပွဲအတွက် ပြင်ဆင်နေသည်မှာ ခြောက်လကျော်ကြာပြီဖြစ်သည်။ ကျင့်ကြံသူအဆင့်တ်သည့်သတင်းများ ဆက်တိုက်ထွက်ပေါ်နေသည်။ 'ဒုတိယလုယန်'များ နေရာတိုင်းရှိနေသည်။ ပါရမီရှင်တိုင်းက အတိတ်ကလုယန်နှင့် လက်မောင်းလှဲပြိုင်နိုင်သလိုလို ထင်ရသည်။

'ဒုတိယမုန်ကျင်ကျိုး' အရေအတွက်က များစွာပိုနည်းသည်။ မုန်ကျင်းကျိုးကို တုပဖို့ဆိုသည်မှာ တော်ရုံသတ္တိမျိုးဖြင့်မရ။ ပါရမီရှင်တိုင်းက တော်ဝင်သမီးတော် သို့မဟုတ် နတ်ဆိုးမတို့နှင့် နွေဦးညကို ဖြတ်ကျော်ဖို့ စိတ်ကူးမယဉ်ကြ။

အစက မကောင်းသည့်ထိုအစဉ်အလာကို ရပ်ချင်ခဲ့သည်။ သို့သော် အရင်ကရှိခဲ့သည့် သူကျော်ကြားမှုကြောင့် လူတိုင်းကသူ့ကိုပစ်မှတ်ထားနေပြီဖြစ်၍ မကောင်းသည့်လွှမ်းမိုးမှုက ပျံ့နှံ့နေသည်။ ရပ်တန့်၍မရတော့။

လုယန် သက်ပြင်းချရုံသာတတ်နိုင်သည်။ သတင်းစာရုံးတွင် သတင်းအစီရင်ခံစာများဖတ်ရင်း နေ့ရက်များကို ကုန်လွန်နေသည်။ သိပ်မကြာမီ 'ဒုတိယလုယန်'ဆိုသည့် စကားလုံးများကို စီစစ်ဖယ်ထုတ်သည်။

ထိုကိစ္စသည် လက်ရှိကျင့်ကြံသူလောက၏ ရည်မှန်းချက်ထက်သန်သည့် စိတ်ဓာတ်ကိုလည်း ထင်ဟပ်သည်။ လူတိုင်းက ထိုအခြေအနေကို အခွင့်ကောင်းယူ၍ သူတို့ဘဝသည် ထိုအပေါ်မူတည်နေသကဲ့သို့ အားစိုက်ကျင့်ကြံကြသည်။

လာမည့်တိုက်ပွဲတွင် ထူးထူးခြားခြားစွမ်းဆောင်နိုင်လျှင် အားလုံးပြည့်စုံသွားမည်။

ယခု သတင်းစာထဲဖြည့်နိုင်သည့် အဖြစ်အပျက်များ ကျင့်ကြံသူလောကတွင် စက္ကန့်တိုင်းဖြစ်ပေါ်နေသည်။ အပတ်စဉ်ထုတ်ဝေမှုလောက်ဖြင့် လူထုလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့။

ကောင်းဟွမ်ယု၏ ထောက်ပံ့ရေးအဖွဲ့ကလည်း ဝိညာဉ်စွမ်းအင်နှင့်နည်းပညာ ပေါင်းစပ်သည့်အပိုင်းတွင် သိသိသာသာတိုးတက်လာသည်။ ကွမ်တမ်ဆက်သွယ်ရေးစက်များ အမြောက်အများထုတ်လုပ်နိုင်လာသည်။

သို့သော် ကုန်ကျစရိတ်က မလျော့သေး။ အိမ်ထောင်စုတစ်ချို့အနေဖြင့် စက်တစ်လုံးဝယ်ဖို့ စုထားဆောင်းသမျှဖြင့် ခြစ်ကုတ်ဝယ်ယူကြရမည်သာဖြစ်သည်။

ဆက်သွယ်ရေးအရည်အသွေး သိသိသာသာတိုးတက်လာသည်။ သတင်းစာကို ကျင့်ကြံမှုအပတ်စဉ်မှ ကျင့်ကြံမှုနေ့စဉ်သို့ ပြောင်းမှသာ သဘာဝကျတော့မည်။

"ထူးဆန်းတယ်။ ဖယောင်းကောင်းကင်က စစ်သင်္ဘောတွေ ဘာလို့ရောက်မလာသေးတာလဲ"

အင်ပါယာရှားတို့အဖွဲ့ တွေးမရဖြစ်နေသည်။ ခြောက်လာကျော်ကြာသွားပြီဖြစ်သည်။ ကြယ်စုမဟာမိတ်မှ ကျင့်ကြံသူလောကသို့ လုယန်ပြန်လာစဉ်က တစ်လပင်မကြာ။

"လမ်းမှာ တစ်ခုခုပြဿနာကြုံလို့များလား"

ကျူးထန်က ကွမ်တမ်ဆက်သွယ်ရေးစက်မှတစ်ဆင့် အင်ပါယာရှားနှင့် စကားပြောရင်း ခန့်မှန်းသုံးသပ်သည်။

"သူတို့က စကြာဝဠာလွှမ်းမိုးသူတွေမဟုတ်လား။ ဘာပြဿနာကြုံနိုင်စရာရှိမှာလဲ"

...

'ကျင့်ကြံမှုနေ့စဉ်'အဖြစ်ပြောင်းလိုက်ခြင်းသည် သတင်းစာကို နေ့တိုင်းထုတ်ဝေရသည့်သဘောဖြစ်သည်။ အလုပ်တာဝန် များစွာတိုးလာသည်။ လုယန် ကိုင်တွယ်နိုင်စွမ်းမရှိတော့သဖြင့် ထွက်ပြေးချင်စိတ်ပေါက်လာသည်။

သို့သော် တာအိုရှင်ရှန်ထန်နှင့် ကုကျန်ယဲ့ကို သူတာဝန်ယူမည်ဟု ပြောခဲ့ပြီးဖြစ်သည်။

ပြောပြီးသားစကားကို ပြန်ရုတ်သိမ်း၍မဖြစ်။ တစ်ခြားရွေးချယ်စရာမရှိတော့သဖြင့် မသေမျိုးတစ်ဝက်အဖြစ်စာရင်သွင်း၍ ကျင့်ကြံသူလောကကာကွယ်ရေးတာဝန်ကို လက်ခံပြီး ခဏတာငြိမ်းချမ်းမှုရှာရန် လောကဂိတ်တံခါးသို့သွားသည်။

လောကဂိတ်တံခါးတွင် ကာကွယ်ရေးစည်းနှစ်ထပ်တားထားသည်။ ပထမစည်းက စုစည်းခြင်းအဆင့်ကျင့်ကြံသူများဖြစ်သည်။ ဒုတိယစည်းကို ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူများက တာဝန်ယူသည်။ ပိုင်လော်တပ်ဖွဲ့ အလစ်တိုက်ခိုက်လာလျှင် ကာကွယ်နိုင်ရန် အလှည့်ကျစနစ်ဖြင့် ကင်းပတ်သည်။

ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူအများစုက သက်ကြီးပိုင်းများဖြစ်သည်။ သူတို့နှင့် လုယန်မရင်းနှီး။ ထို့ကြောင့် စုစည်းခြင်းကျင့်ကြံသူအဖွဲ့သို့ ဝင်ရောသည်။ ထိုအဖွဲ့တွင် သူသိကျွမ်းသူ နည်းနည်းရှိသည်။

.....

ကျင့်ကြံသူလောကနှင့် မနီးမဝေးတွင် လေဟာနယ်တွန့်လိမ်လှုပ်ရှား၍ အသားတုံးနှင့်တူသည့် ယာဉ်ပျံတပ်ဖွဲ့တစ်ခု wormhole များမှထွက်လာသည်။

ကျင့်ကြံသူလောကသို့ မြန်မြန်ရောက်ဖို့ စိတ်စောနေသဖြင့် ရှီဝူမန် ယာဉ်ပျံတပ်ဖွဲ့ကို အရှိန်ကုန်တင်ဖို့ အမိန့်ပေးခဲ့သည်။ တစ်နှစ်မပြည့်မီ လိုရာပန်းတိုင်သို့ရောက်သည်။

လေဟာနယ်ခုန်ကူးမှု ပြီးဆုံးချိန်တွင် ဝိညာဉ်ကျောက်အာရုံခံရေဒါများ အဆက်မပြတ်အသံမြည်လာလာသည်။ ဒိုင်ခွက်ထဲတွင် အနီရောင်အစက်များ ပြည့်နက်သွားသည်။

ရှီဝူမန် ဝမ်းသာအားရ လက်နှစ်ဘက်ကိုပွတ်နေသည်။ သူ့အတွက် ထိုအသံသည် အလွန်တရာ ကြည်နူးစရာကောင်းသည်။ ကျင့်ကြံသူလုယန်သည် ကြယ်စုမဟာမိတ်ကို လိမ်ခဲ့ခြင်းမဟုတ်။ ကျင့်ကြံသူလောကတွင် မကုန်မခမ်းနိုင်သည့် ဝိညာဉ်ကျောက်များရှိနေသည်။

ကောင်းကင်အင်ပါယာသခင်၏ ဇာတိမြေမှာပင် ရေဒါက ထိုမျှအလှုပ်ရှားခဲ့။ တိုက်ပွဲယာဉ်ပျံတစ်ထောင့်ငါးရာပင် ထိုဝိညာဉ်ကျောက်များကို အကုန်မသယ်နိုင်လောက်။

အိမ်အပြန်လမ်းတွင် ဝိညာဉ်ကျောက်အပြည့်တင်သွားပြီး အင်ပါယာသခင်က သူ့ကိုဆုချီးမြှင့်မည့်မြင်ကွင်းကို ကြိုတင်မြင်ယောင်နေသည်။

ရှီဝူမန် စိတ်ကိုတည်ငြိမ်အောင်ထိန်း၍ ရေဒါဒိုင်ခွက်ကို ပုံကြီးချဲ့၍ ဖန်သားပြင်ပေါ်တင်လိုက်သည်။ တစ်ခြားတပ်ဖွဲ့ခေါင်းဆောင်အားလုံး မြင်နိုင်စေဖို့ဖြစ်သည်။

"မင်းတို့မြင်တယ်နော်။ ကျင့်ကြံသူကမ္ဘာမှာ ဝိညာဉ်ကျောက်တွေ အများကြီးရှိတယ်။ ဒါပေမယ့် အရေအတွက်အများဆုံးနဲ့ အရည်အသွေးအမြင့်ဆုံးကျောက်တွေက ဒီငါးနေရာမှာရှိတယ်"

ရှီဝမ်မူက အမည်မသိနေရာငါးခုကို ဘတ်တံဖြင့် ထောက်ပြသည်။ အနီရောင်အစက်များသိပ်သည်းလွန်းသဖြင့် အပြာရောင်ပင်သန်းနေသည်။

"ခဏနေရင် မင်းတို့ငါးယောက် ယာဉ်ပျံနှစ်ရာစီဦးဆောင်ပြီး တိုက်ရိုက် wormhole တွေကနေ ဒီငါးနေရာက ဝိညာဉ်ကျောက်တွေကို သိမ်းယူပါ။ ယူနိုင်သလောက် များများယူလာခဲ့ပါ။ နောက်ပိုင်းကျရင် မင်းတို့စွမ်းဆောင်မှုကို မင်းကြီးဆီမှာ ငါအစီရင်ခံပေးမယ်"

ဒီလောက်ခေတ်နောက်ကျတဲ့နေရာမှာ ဘာစည်းမျဉ်းမှမလိုဘူး။ လုယက်သိမ်းပိုက်ရုံပဲ"

"ဟုတ်"

တပ်ဖွဲ့ခွဲကွန်မန်ဒါများ မျက်လုံးအရောင်တောက်၍ စိတ်အားထက်သန်လာသည်။ သူတို့ဘဝလမ်းကို ခိုင်မာအောင်တည်ဆောက်ပြီး နောင်တစ်ချိန် တပ်မှူးရာထူးအတွက် ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးဖြစ်သည်။

ထိုနည်းလမ်းသည် လူများကို အသုံးချသည့် ရှီဝူမန်၏ဗျူဟာဖြစ်သည်။ လက်အောက်ငယ်သားများကို အကျိုးအမြတ်ပေးမှသာ ကိုယ့်အတွက် အသက်စွန့်၍ အလုပ်လုပ်ချင်ကြလိမ့်မည်။

ထိုကွန်မန်ဒါငါးယောက် အကောင်းဆုံးစွမ်းဆောင်နိုင်အောင် မက်လုံးပေးခြင်းဖြစ်သည်။

တိုက်ရိုက် wormhole ဆိုသည်မှာ ကြယ်စုမဟာမိတ်ပင် မကျွမ်းကျင်သေးသည့် နည်းပညာဖြစ်သည်။ တည်နေရာသတ်မှတ်ပြီးသည်နှင့် တစ်ဘက်စွန်းတွင် ဆစ်ဂနယ်လက်ခံသည့်နေရာ တည်ဆောက်ဖို့မလိုတော့။ wormhole တည်ဆောက်ပြီးသည်နှင့် လိုရာသို့ တိုက်ရိုက်တန်းရောက်သည်။

ယာဉ်ပျံများရှေ့တွင် wormhole ငါးခုပေါ်လာသည်။ ကွန်မန်ဒါငါးယောက်က တိုက်ပွဲယာဉ်ပျံများကို ဦးဆောင်၍ ဝင်သွားသည်။

ရှီဝူမန်၏တပ်ဖွဲ့တွင် တိုက်ခိုက်ရေးယာဉ်ပျံ ၁၅၀၀ ပါသည်။ ၁၀၀၀ လွှတ်လိုက်သည်။ သူနှင့်အတူ ၅၀၀ ချန်ထားသည်။

တပ်မှူးကိုယ်တိုင် တစ်ခြားလူများကို လုယက်လျှင် မသင့်တော်။ ရလာဒ်ကို ထိုင်စောင့်ဖို့သာလိုသည်။

ခဏကြာပြီးနောက် သူတွေးရခက်သွားသည်။ စည်းမျဉ်းစည်းကမ်းအရ wormhole ဖြတ်ကျော်ပြီးသည်နှင့် တပ်ဖွဲ့များက သူ့ဆီပြန်သတင်းပို့ရသည်။ ယခု ကွန်မန်ဒါငါးယောက်ဆီမှ တုံ့ပြန်မှုမရှိ။

"တပ်ဖွဲ့ ၁ အကြောင်းပြန်ပါ"

"တပ်ဖွဲ့ ၂ အကြောင်းပြန်ပါ"

"တပ်ဖွဲ့ ၃ ...တပ်ဖွဲ့ ၄...တပ်ဖွဲ့ ၅..."

ဆက်သွယ်ရေးစက်မှ မပီမသအသံများထွက်လာသည်။ သို့သော် တုံ့ပြန်သံမကြားရ။

ရှီဝူမန် မျက်မှောင်ကျုံ့သွားသည်။ ကျင့်ကြံသူကမ္ဘာ၏ ရေမြေပတ်ဝန်းကျင်က ထူးခြားနေသဖြင့် ဆက်သွယ်ရေးလိုင်း မမိခြင်းလော...

ထိုအဖြစ်မျိုး အရင်ကကြုံဖူးသည်။ အနီးသို့ရောက်သည်နှင့် ဆက်သွယ်မှုစနစ် ပုံမှန်ပြန်ဖြစ်လာသည်။

အထိန်းအချုပ်လွတ်နေသည့် အခြေအနေမျိုးကို ရှီဝူမန် သဘောမကျ။ ကျန်သည့် တိုက်ပွဲယာဉ်ပျံ ၅၀၀ ကို ကျင့်ကြံသူကမ္ဘာနားသို့ ထပ်တိုးဖို့ အမိန့်ပေးလိုက်သည်။

တပ်ဖွဲ့ ၁ wormhole ကိုဖြတ်ကျော်ပြီးနောက် ရေဒါများ ပေါက်ကွဲလုနီးပါး ဆူညံလာည်။ ကွန်မန်ဒါ အတော်စိတ်လှုပ်ရှားလာသည်။ ဤနေရာသည် နေရာငါးခုထဲတွင် ဝိညာဉ်ကျောက်ပမာဏ အများဆုံးဖြစ်နိုင်သည်။

"ကွန်မန်ဒါ၊ အောက်ဘက်မှာရှိတဲ့နေရာက မဖွံ့ဖြိုးသေးတဲ့ တောင်တန်းဒေသပါ။ တောင်းတန်းပေါ်မှာ အဆောက်အဦးတွေ ခပ်ကျဲကျဲပဲရှိပါတယ်"

ကွန်မန်ဒါ အောက်သို့ငုံ့ကြည့်သည်။ တကယ်မှန်သည်။ ဖွံ့ဖြိုးမှုလက္ခဏာနည်းပါးသည်။ တောင်တန်းများပြည့်နေသည်။ ဤနေရာမှလူများသည် အတော်ခေတ်နောက်ကျသူများဖြစ်ပုံရသည်။

"ဆင်းမယ်"

နည်းပညာရှင်တစ်ယောက်က ဆလွတ်ရိုက်၍ အစီရင်ခံသည်။

"ကွန်မန်ဒါ၊ ပုံမှန်မဟုတ်တဲ့ စွမ်းအင်စက်ကွင်းတစ်ခုတွေ့ပါတယ်။ ဒီနေရာမှာပြန့်ကျဲနေတဲ့ ဝိညာဉ်ကျောက်တွေ အချိုးအစားမမျှလို့ သဘာဝအတိုင်းဖြစ်လာတဲ့ စွမ်းအင်စက်ကွင်းလို့ ယူဆပါတယ်။ ယာဉ်ပျံဆင်းလို့မရနိုင်ပါဘူး"

စွမ်းအင်အာရုံခံဒိုင်ခွက်တွင် မူမမှန်သည့်ဒေတာများ ပေါ်နေသည်။ စ်ခါမှမကြုံဖူးသည့် အခြေအနေဖြစ်သည်။

ကွန်မန်ဒါ မျက်မှောင်ကျုံ့သွားသည်။ အရေးကြီးသည့်အချိန်ရောက်မှ ပြဿနာကြုံရသည်။

"ဒါကို ဘယ်လိုဖြေရှင်းနိုင်မလဲ"

"စွမ်းအင်ရောင်ခြည်ရဲ့ အမြင့်ဆုံးစွမ်းအားနဲ့ စက်ကွင်းကို စွမ်းအင်ပြယ်အောင် လုပ်လို့ရနိုင်ပါတယ်"

"ခွင့်ပြုတယ်"

"ဘုန်း"

ကြီးမားသည့် စွမ်းအင်အလင်းတန်းတစ်ခု ကောင်းကင်မှ ထိုးဆင်းသွားပြီး တာအိုလမ်းစဉ်ဂိုဏ်း၏ အကာအကွယ်မှော်စက်ဝန်းကို ထိသည်။ လှိုင်းတွန့်နည်းနည်းထသွားသည်။

နှင်းတောင်တန်းတွင် လက်ဖက်ရည်သောက်နေသည့် ကျွေးယွဲ့နှင့်ချင်ဟဲ၊ မြစ်ထဲတွင် ရေချိုးနေသည့် မြစ်ဝိညာဉ်တို့ ပြိုင်တူမော့ကြည့်ကြသည်။ ပိုးတုံးလုံးကောင်နှင့်တူသည့် ထူးထူးဆန်းဆန်းယာဉ်ပျံများကိုကြည့်၍ တွေးမရအောင်ဖြစ်သွားသည်။

ကျင့်ကြံသူလောကဂိတ်တံခါးတွင် ကာကွယ်ရေးအဖွဲ့ စည်းနှစ်တန်ချထားသည်မဟုတ်လော။ ထိုယာဉ်ပျံများ ဘယ်လိုဝင်လာသနည်း။

ထို့ပြင်ယခု သူတို့က...ဂိုဏ်းကို တိုက်ခိုက်နေခြင်းလော။

အကျဉ်းထောင်တောင်ထိပ်မှ အကျဉ်းသားများလည်း ဆူဆူညံညံအသံကြားသဖြင့် ထွက်ကြည့်သည်။ အားလုံး မင်သက်မိသွားသည်။

သတင်းစာမှတစ်ဆင့် ဖယောင်းကောင်းကင်ကြယ်ကမ္ဘာအကြောင်း သူတို့သိထားသည်။ သို့သော် ပိုင်လော်တပ်ဖွဲ့က တာအိုလမ်းစဉ်ဂိုဏ်းကို တိုက်ခိုက်ရဲမည်ဟုတော့ လုံးဝမထင်ခဲ့။

ကွမ်းရှန်ဟိုင် ဣန္ဒေပင်မဆည်နိုင်တော့ဘဲ ခွက်ထိုးခွက်လန်ရယ်မောနေသည်။

***************************

All Chapters