← Chapters

အခန်း ၁၃၁၅

Vol. 88 Ch. 1315

အခန်း ၁၃၁၅

Vol. 88 Ch. 1315

အခန်း (၁၃၁၅) မင်းတို့က အဓိကအင်အားစုတွေလား

မဟာရှားနန်းမြို့တော်အထက်ကောင်းကင်တွင် အရိပ်များပေါ်လာသည်။ တပ်ဖွဲ့ ၃ မှ ယာဉ်များဖြစ်သည်။

မြို့ခံများ ထိတ်လန့်တကြား မော့ကြည့်သည်။ တံခါးဝသို့ရောက်လာသည့် ရန်သူကို အံ့ဩနေကြသည်။

နန်းမြို့တော်တွင် အချမ်းသာဆုံးနေရာသုံးခုသည် ရှားနန်းတော်၊ ရွှေစီးပွားကုန်သည်အသင်းနှင့် မုန်မိသားစုအိမ်တော်ဖြစ်သည်။ တပ်ဖွဲ့ ၃ က ထိုနေရာများကို ပစ်မှတ်ထားသည်။

သို့သော် သူတို့ဘာမှမလုပ်နိုင်မီ နန်းတွင်းအစောင့်များ၊ ကုန်သည်အသင်းမှ စွမ်းအားရှင်များ၊ မုန်မိသားစု အကြီးအကဲများ သုံးဖွဲ့ပေါင်း၍ တစ်ပြိုင်တည်းလှုပ်ရှားကြသည်။

တပ်ဖွဲ့ ၃ ကွန်မန်ဒါ ရင်ထိတ်သွားသည်။

"ဒီလောက်လူတွေအများကြီး ဘာလို့ပျံလာကြတာလဲ"

"တိုက်ကြ၊ သူတို့ကို အနီးကပ်မခံနဲ့။ အားလုံးတိုက်ကြ"

စွမ်းအင်ရောင်ခြည်တန်းနှစ်ရာ ထွက်ပေါ်လာသည်။ အဖွဲ့သုံးဖွဲ့မှ ကျင့်ကြံသူများကိုချက်ချင်းထိသည်။ သိပ်သည်းသည့်မီးခိုးများ ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။

တိုက်ခိုက်မျုကို မရှောင်သည့် နယ်ခံအရူးများကိုကြည့်၍ ကွန်မန်ဒါ တုန်လှုပ်နေရာမှ ပျော်ရွှင်လာသည်။

"နယ်ခံငတုံးတွေ။ ဘာမှန်းမသိတဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရတာတောင် မရှောင်ဘူး"

စွမ်းအားပြည့် တိုက်ခိုက်ဖို့ အမိန့်ပေးမိသည်ကို သူနည်းနည်းနောင်တရလာသည်။ ထိုလူရိုင်းများအတွက် စွမ်းအင်ရောင်ခြည်များ သုံးလိုက်ရသည်မှာ အံ့ဩစရာကောင်းသည်။

မီးခိုးများကြားမှ နန်းတော်အစောင့်တပ်ဖွဲ့၏အသံ ပေါ်လာသည်။

"သတိထားကြ၊ သူတို့က မီးခိုးဗုံးတွေသုံးပြီး လျှပ်တပြက်တိုက်ခိုက်လာနိုင်တယ်"

မီးခိုးများရှင်းသွားချိန်တွင် အဖွဲ့သုံးဖွဲ့ ကျောချင်းကပ်၍ စက်ဝိုင်းပုံရပ်နေကြသည်။ ပိုင်လော်တပ်ဖွဲ့တိုက်ခိုက်မှုကို သတိဖြင့်စောင့်ကြည့်နေကြသည်။

မည်သို့ဆိုစေ ဖယောင်းကောင်းကင်ကြယ်ကမ္ဘာ၏ တိုက်ခိုက်နည်းများကို သူတို့မသိသေး။ သတိထားခြင်းသည် မမှားနိုင်။

လက်နက်မျိုးစုံ ဆင့်ခေါ်ကြသည်။ စည်းမျည်းစွမ်းအားများသုံး၍ ပတ်ဝန်းကျင်ကို ကန့်သတ်သည်။

သို့သော် အတော်ကြာအောင် စောင့်နေသော်လည်း တပ်ဖွဲ့ထံမှ တိုက်ခိုက်မှုအစစ်က ရောက်မလာ။

ထိုရန်သူတပ်ဖွဲ့တွင် မီးခိုးဗုံးများသာ ပါသလော။

အားလုံး သတိဖြင့် ချဉ်းကပ်သွားသည်။ အချိန်ရပ်တန့်နေသကဲ့သို့ ယာဉ်ပျံတပ်ဖွဲ့စစ်သားများအားလုံး ကျောက်ရုပ်လိုဖြစ်နေသည်ကို မြင်လိုက်ရသည်။ တစ်ချို့က ပါးစပ်ဟောင်းလောင်းပွင့်နေသည်။ တစ်ချို့က မြေပေါ်တွင်လဲကျနေသည်။

တစ်ချို့က ခုန်ခါနီးအနေအထားမျိုးရှိသည်။ သို့သော် တစ်ယောက်မှ မလှုပ်ကြ။

"သူတို့မှာ စည်းမျဉ်းစွမ်းအားကို တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းမရှိတာများလား"

မုန်မိသားစုအကြီးအကဲများ တွေးမရအောင်ဖြစ်သွားသည်။ ပုံမှန်အားဖြင့် စုစည်းခြင်းအဆင့်တိုက်ပွဲများတွင် တစ်ဘက်လူ၏စွမ်းအားအတိမ်အနက်ကို ခန့်မှန်းဖို့ စည်းမျဉ်းစွမ်းအားသုံးကြသည်မှာ ထုံးစံဖြစ်သည်။

ယခု ပိုင်လော်တပ်ဖွဲ့က အကဲစမ်းအဆင့်မှာပင် မလှုပ်မယှက်ဖြစ်နေသည်။

ကုန်သည်အသင်းစွမ်းအားရှင်များ နည်းနည်းရှက်သလို ခံစားရသည်။ ကုန်သည်အသင်းထောက်ပံ့မှုဖြင့် သူတို့အားလုံး နေ့တိုင်း စားလိုက်သောက်လိုက် ကျင့်ကြံလိုက် နေခဲ့ကြသည်။ အရေးကြီးသည့် အချိန်များတွင် ကုန်သည်အသင်းကိုကာကွယ်ဖို့ တာဝန်ယူရသည်။

ယခု ပိုင်လောတပ်ဖွဲ့၏ လျှပ်တပြက်တိုက်ခိုက်မှုတွင် သူတို့အပြည့်အဝ အကျိုးဆောင်ခွင့်ရပြီဟု ထင်ခဲ့သည်။

သို့သော် ပိုင်လော်တပ်ဖွဲ့က အားနည်းလွန်းသည်။ ကုန်သည်အသင်း၏ လစဉ်ထောက်ပံ့ကြေးများ လက်ခံခဲ့သည်ကို မလုံမလဲခံစားရသည်။

"ဘာရယ်၊ ဖယောင်းကောင်းကင်ကြယ်ကမ္ဘာသားတွေက စည်းမျဉ်းစွမ်းအားကိုတောင် ရင်မဆိုင်နိုင်ဘူးပေါ"

အဖြစ်အပျက်အပြောင်းအလဲများက မြန်ဆန်လွန်းသည်။ မြိုခံများ ထိတ်လန့်စိတ်မပြေသေး။

လူတစ်ယောက်၏ ကွမ်တမ်ဆက်သွယ်ရေးစက် တုန်ခါလာသည်။ အနောက်မိုးပျံဘုံကျောင်းမှ မိတ်ဆွေတစ်ယောက် ဆက်သွယ်နေခြင်းဖြစ်သည်။

ဆက်သွယ်ရေးစက်ကို သူပြန်ဖြေလိုက်သည်။ ရှားမီက နှုတ်ဆက်သည်။

"ဒကာတော်၊ မင်းကို အံ့ဩစရာမြင်ကွင်းတစ်ခုပြမယ်။ ဖယောင်းကေားင်ကင်ကြယ်ကမ္ဘာက တိုက်ပွဲယာဉ်ပျံတွေ ဒီကိုရောက်လာတယ်"

ဘေးပတ်လည်မှလူများ ထိုအသံကြောင့် ဝိုင်းအုံလာပြီး မိုးပျံဘုံကျောင်းမှ အခြေအနေကို ကြည့်ကြသည်။

ကျောင်းထိုင်မိန်ယုက မိန်ဘုရင်ဓမ္မခန္ဓာပုံရိပ်ကို အသက်သွင်းသည်။ သူ့ဓမ္မခန္ဓာက ရွှေရောင်အလင်းဖြာထွက်နေပြီး ပေါ်ထောင်ချီမြင့်မားသည်။ ဗုဒ္ဓစွမ်းအင်ရောင် တောက်ပနေသည်။ ကြည်ညိုလေးစားဖွယ်ကောင်းသည်။

ထို့နောက် မိန်ယုက လက်တစ်ထောင်ကွမ်ယင်ဓမ္မပုံရိပ်ကို ထုတ်သုံးသည်။ ဓမ္မပုံရိပ်နှစ်ခု ပေါင်းစပ်သွားသည်။ မိန်ဘုရင်ပုံရိပ်မှ လက်တစ်ထောင်ထွက်လာသည်။ လက်တစ်ဘက်ကို ယာဉ်ပျံတစ်စီးဖမ်းချုပ်သည်။

တိုက်ပွဲယာဉ်နှစ်ရာက မိန်ုလက်ထဲတွင် ကလေးကစားစရာများလို ဖမ်းမိသည်။

ပိုင်လော်တပ်သားများက သစ်သားရုပ်များလို မြေပေါ်တွင် ဒူးထောက်၍ မိန်ဘုရင်ဓမ္မသုတ္တာန်ရွှတ်ဆိုနေသည့် ဓမ္ပပုံရိပ်ကို ရှိခိုးဦးခိုက်ကြသည်။

အရင်က မိန်ဘုရင်ဓမ္မသုတ္တာန်ကို လုံးဝမကြားဖူး။

တပ်ဖွဲ့ ၄ ၏ကွန်မန်ဒါ ကြောက်လွန်းသဖြင့် မတ်တပ်ပင်မရပ်ရဲ။သူတို့တိုက်ခိုက်မှုအားလုံးက မိန်ဓမ္မပုံရိပ်ပေါ်ကျသည်။လုံးဝထိခိုက်ခြင်းမရှိ။ ထို့ပြင် သူ့စစ်သားများကလည်း အမိန့်မနာခံကြတော့ဘဲ ဗုဒ္ဓဝါဒသို့ အစုအပြုံလိုက် ကူးပြောင်းသွားကြသည်။

"တပ်ဖွဲ့ ၅။ ကျုပ်တို့ဒီမှာ မကောင်းဆိုးဝါးတစ်ကောင်နဲ့ ကြုံနေရပါတယ်"

တစ်ဘက်ဆက်သွယ်ရေးစက်ပေါ်တွင် တပ်ဖွဲ့ ၅ ၏ပုံရိပ် ပေါ်လာသည်။ ကွန်မန်ဒါက မချိပြုံးပြုံးသည်။

"မကောင်းဆိုးဝါးတဲ့လား။ အဲဒါက ငါတို့ဒီမှာကြုံနေရတာထက် ပိုပြီးကြောက်စရာကောင်းလို့လား"

တပ်ဖွဲ့ ၅ က လျှပ်တပြက်တိုက်ခိုက်လာသဖြင့် အင်ပါယာကျူးထန် မူလတိကျန်းအသွင်သို့ ချက်ချင်းပြောင်းလိုက်သည်။ ခေါင်းမပါ အမြီးမပါ။ တစ်ကိုယ်လုံး သွေးနီရောင်သန်း၍ လုံးဝန်းသည်။ နောက်ကျောတွင် တောင်ပံခြောက်ခုပါသည်။

ကျူးထန်၏ မူလအသွင်က လက်ဝါးအရွယ်သာရှိလျှင် ချစ်စရာကောင်းသည်ဟု ချီးကျူးကြလိမ့်မည်။

သို့သော် ပြဿနာက ယခု သူ့မူလအသွင်စစ်သည် တောင်တန်းများထက် ပိုကြီးမားသည်။ တောင်ပံခြောက်ခုဖြန့်လိုက်လျှင် နေရောင်ကို ဖုံးအုပ်နိုင်စွမ်းရှိသည်။ မျက်နှာပြင်ပေါ်မှ အကွက်များက တိုက်ပွဲယာဉ်တစ်ခုစာခန့်ကြီးမားသည်။

တပ်ဖွဲ့ ၅ ယာဉ်ပျံများ၏ တိုက်ခိုက်မှုက ကျူးထန်၏အမွှေးတစ်မျှင်ကိုပင် မီးကျွမ်းအောင်မလုပ်နိုင်။

နတ်ဆိုးဘုရင်များ နတ်ဆိုးအင်ပါယာများ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်သို့တက်လာသည်။ မူလအသွင်သို့ပြောင်းသည်။ နတ်ဆိုးစွမ်းအင်များ နတ်ဆိုးမြို့တော်အထက်တွင် အုံ့ဆိုင်းနေသည်။ စိတ်ပျက်အားငယ်စရာရနံ့ကို သယ်ဆောင်လာသည်။

နတ်ဆိုးမြို့တော်မြို့ခံများ အော်ဟစ်အားပေးကြသည်။ နတ်ဆိုးအင်ပါယာကျူးထန်ကို ဉာဏ်ရည်မြင့်ပြီး ရဲစွမ်းသတ္တိရှိသည့် ခေါင်းဆောင်ဟု ချီးကျူးကြသည်။

ကျူးထန် အတော်ဘဝင်ခွေ့သွားသည်။

ကျူးထန် လူသားအသွင်ပြန်ပြောင်းသည်။ တပ်ဖွဲ့ ၅ ကွန်မန်ဒါ၏ ယာဉ်ပျံတံခါးကို ကန်ဖွင့်ပြီး ကွန်မန်မန်ဒါကို ကော်လာမှဆွဲ၍ ခပ်တင်းတင်းမေးသည်။

"ပြောစမ်း၊ မင်းတို့ပင်မတပ်ဖွဲ့တွေ ဘယ်မှာလဲ"

ကျူးထန်‌မေးခွန်းကြောင့် ကွန်မန်ဒါ ကြောင်တက်တက်ဖြစ်သွားသည်။

"ပင်မတပ်ဖွဲ့လား။ ကျုပ်တို့က ပင်မတပ်ဖွဲ့ပါပဲ"

ထိုမျှသိသာသည့် အလိမ်အညာဖြင့် ကျူးထန်ကို အရူးလုပ်၍မရ။ လှောင်ပြုံးပြုံး၍ ကွန်မန်ဒါကို ဖြတ်ရိုက်လိုက်သည်။

"ငါ့ကိုများ လိမ်ရဲတယ်ပေါ့။ ဒီလောက်အားနည်းတဲ့တပ်ဖွဲ့က ကိုယ့်ကိုယ်ကို ပင်မတပ်ဖွဲ့လို့ ခေါ်ရဲတယ်ပေါ့။ လိမ်တာတောင် ပီပြင်အောင်မလိမ်တတ်ဘူး။ မင်းတို့က ကင်းထောက်တပ်ဖွဲ့ပဲဖြစ်မယ်။ ပင်မတပ်ဖွဲ့တွေဘယ်မှာလဲ ပြောစမ်း"

ကွန်မန်ဒါ စိတ်ဓာတ်ကျသွားသည်။

"ကျုပ်တို့က တကယ်ပင်မတပ်ဖွဲ့ပါ"

ကွန်မန်ဒါ ခေါင်းမာနေသဖြင့် ကျူးထန် ညှာမနေတော့ဘဲ ရှင်သန်သူအရိယဖလကို အသက်သွင်း၍ ချက်ချင်းထိန်းချုပ်လိုက်သည်။

သို့သော် ကွန်မန်ဒါ၏အဖြေက ပြောင်းလဲမသွား။ သူတို့သည် တကယ်ပင်မတပ်ဖွဲ့ဖြစ်သည်။ ဖယောင်းကောင်းကင်ကြယ်ကမ္ဘာ၏ လက်ရွေးစင်တပ်ဖွဲ့များဖြစ်သည်။

ကျူးထန် နည်းနည်းတွေးရခက်သွားသဖြင့် အင်ပါယာရှား နဂါးအင်ပါယာ မိန်ယု နှင်းအင်ပါယာနှင့် လုယန်..စသဖြင့် အဓိကကိုယ်စားပြုများကို ဆက်သွယ်သည်။

နဂါးအိုအင်ပါယာ၏ အကြေးခွံတစ်ခုအောက်တွင် တုန်ခါမှုတစ်ခုဖြစ်လာသည်။ ကွမ်တမ်ဆက်သွယ်ရေးစက် အသံမြည်နေခြင်းဖြစ်သည်။ ကွန်မန်ဒါယာဉ်ကို အောက်သို့ချ၍ နဂါးလက်သည်းဖြင့် လက်ခံခလုတ်ကို သတိထား၍နှိပ်သည်။ ဆက်သွယ်ရေးစက် ကွဲသွားမည်စိုးသည်။

"အခြေအနေက ဒီလိုပါ။ ဒီတပ်ဖွဲ့ရဲ့ ကွန်မန်ဒါက သူတို့ဟာပင်မတပ်ဖွဲ့ပါလို့ အတင်းပြောတယ်။ ငါစစ်ဆေးချက်အရတော့ သူက စိတ်ညှို့ပညာလို ပညာတစ်မျိုးနဲ့ ထိန်းချုပ်ခံထားရတာဖြစ်နိုင်တယ်။

စိတ်ထဲမှာ သူ့ကိုယ်သူ ပင်မတပ်ဖွဲ့လို ယုံကြည်ထားတယ်။ ဒါကြောင့် သူအမှန်အတိုင်းပြောတာလို့ ထင်နေတာဖြစ်မယ်ထင်တယ်"

အင်ပါယာရှားနှင့် တစ်ခြားလူများလည်း ခေါင်းငြိမ့်ထောက်ခံကြသည်။ ကျူးထန်၏သုံးသပ်ချက်က ယုတ္တိကျသည်။ စကြာဝဠာလွှမ်းမိုးသူများသည် ထိုထက်ပို၍စွမ်းဆောင်ရည်မြင့်လိမ့်မည်။ လွယ်လွယ်ဖမ်းဆီး၍ ရနိုင်မည်မဟုတ်။

နှင်းအင်ပါယာက ကျူးထန်နောက်ဘက်မြင်ကွင်းမှ ကျူးထန်ကို ချီးကျူးအားပေးနေသည့် နတ်ဆိုးမျိုးနွယ်များကိုကြည့်၍ နည်းနည်းစိတ်ပျက်သလို ခံစားရသည်။

"ဘာလို့တိုက်ပွဲယာဉ်ပျံတွေက ငါတို့မြောက်ပိုင်းနယ်မြေကို မလာကြတာလဲကွာ"

အင်ပါယာရှားနှင့်ကျူးထန်တို့ နှင်းအင်ပါယာကိုအသံတိတ်ကြည့်နေသည်။ မိန်ယု၏ အကြည့်သည်ပင် နည်းနည်းထူးဆန်းနေသည်။ သူတို့စိတ်ထဲရှိသည့်စကားကို မပြောကြ။

ကျင့်ကြံသူလောကဂိတ်တံခါးတွင်ရပ်နေသည့် လုယန်က ကျူးထန်သုံးသပ်ချက်ကို ကြားပြီးနောက် မျက်ခုံးတစ်ချက်လှုပ်သွားသည်။

"ဖယောင်းကောင်းကင်ကြယ်ကမ္ဘာက ကျုပ်တို့ထင်ထားသလောက် စွမ်းအားမကြီးတာရော မဖြစ်နိုင်ဘူးလား"

ထိုအတွေးကို အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့ရသည်။

"မဖြစ်နိုင်လောက်ဘူး။ ဘာပဲပြောပြော သူတို့ခေါင်းဆောင်ကို ကောင်းကင်အင်ပါယာလို့ခေါ်တယ်လေ"

ကျူးထန်က ရှားရှားပါးပါး လုယန်နှင့် သဘောထားကွဲလွဲနေသည်။ ကောင်းကင်အင်ပါယာဆိုသည့်ဘွဲ့သည် အလွန်ထူးခြားသည်ဟု သူယူဆသည်။ သူကိုယ်တိုင်ပင် ထိုဘွဲ့နာမည်မျိုး မခံယူရဲ။

လုယန် တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ အကိုလု"

လုယန် မျက်လုံးမှေးစင်းသွားသည်။ အဆုံးမဲ့ကြယ်ကောင်းကင်ဆီ စိုက်ကြည့်သည်။

တိုက်ပွဲယာဉ်ပျံတွေအများကြိး ဒီဘက်ကိုလာနေတယ်။ ကြည့်ရတာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့တော့ မဟုတ်လောက်ဘူး"

ကျူးထန် အတော်စိတ်လှုပ်ရှားလာသည်။

"အဲဒါပဲ ဖြစ်မယ်။ ငါတို့ကျင့်ကြံမှုလောကကို ရဲရဲတင်းတင်းတိုက်ခိုက်ရဲတယ်ဆိုတော့ သေချာပေါက် သူတို့ရဲ့ပင်မတပ်ဖွဲ့ပဲ"

...

ကျင့်ကြံမှု‌လောကနှင့် နီးကပ်လာချိန်တွင် ဆက်သွယ်ရေးစနစ်များ ပုံမှန်ပြန်ဖြစ်သွားသည်။ ရှီဝူမန် သူ့ကွန်မန်ဒါများနှင့် အဆက်အသွယ်ရလာသည်။

"တပ်မှူး၊ ပြေးတော့၊ ဒီကနယ်ခံတွေက မကောင်းဆိုးဝါးတွေ"

"ကယ်ပါဦး၊ လာကယ်ပါဦး"

"နဂါး..နဂါး..နဂါး"

ဆက်သွယ်ရေးစနစ်က ပြတ်တောင်းပြတ်တောင်းဖြစ်နေသည်။ တစ်ဘက်တွင် ဘာဖြစ်နေသည်ကို သေချာမသိရ။

နောက်ဆုံးတွင် ကျင့်ကြံမှုလောက ဘယ်လောက်အန္တရာယ်များကြောင်း ရှီဝူမန် နားလည်လာသည်။ ချက်ချင်းအော်ဟစ်အမိန့်ပေးလိုက်သည်။

"အခုချက်ချင်း နောက်ပြန်လှည့်ကြ"

နောက်ပြန်ဆုတ်သွားသည့် ပိုင်လောတပ်ဖွဲ့ကို လုယန်က ကွမ်တမ်စက်မှတစ်ဆင့် ကျူးထန်တို့ကိုပြလိုက်သည်။

"ခင်ဗျားရဲ့ ပင်မတပ်ဖွဲ့က ကြောက်လို့ပြေးသွားပြီထင်တယ်"

*************************

All Chapters