အခန်း ၁၃၁၆
Vol. 88 Ch. 1316
အခန်း (၁၃၁၆) ကောင်းကင်အင်ပါယာ ရောက်လာခြင်း
ရှီဝူမန် ကျင့်ကြံမှုကမ္ဘာကို သေချာကြည့်သည်။ မကောင်းသည့်နိမိတ်ကို သူခံစားရသည်။
ကြီးလွန်းသည်။ မြင်နေရသည့် ကြယ်ကမ္ဘာက ကြီးလွန်းနေသည်။ ပြည့်စုံသည့် ကုဗပုံမျိုးရှိသည်။ ထိုကမ္ဘာဘေးမှ ကြယ်များက မြူမှုန်လောက်သာရှိသည်။
ပုံမှန်အားဖြင့် ထိုမျှကြီးမားသည့် ကြယ်ကမ္ဘာမျိုး စကြာဝဠာတွင် မရှိသင့်။ သူနားမလည်သည့် တည်ရှိမှုမျိုးဖြစ်သည်။
လွှတ်လိုက်သည့် တပ်ဖွဲ့လှေပျံများထံမှ သတိပေးသံများ အကူအညီတောင်းသံများ တစ်ခုပြီးတစ်ခု စတင်ထွက်ပေါ်လာသည်။ ရှီဝူမန် တုံ့ဆိုင်းမနေဘဲ ကျန်နေသည့်တပ်ဖွဲ့ယာဉ်များကို ဤနေရာမှ ချက်ချင်းထွက်ပြေးဖို့ အမိန့်ပေးသည်။
ဤနေရာသည် ဝိညာဉ်ကျောက်များပြန့်ကျဲနေသည့် လှပသည့်ကမ္ဘာမဟုတ်။ မကောင်းဆိုးဝါးနတ်ဆိုးများ သရဲဝိညာဉ်များ ပြည့်ကြပ်နေသည့် နတ်ဆိုးကမ္ဘာဖြစ်သည်။
သို့သော် ပထမစည်းမှ စုစည်းခြင်းအဆင့်ကျင့်ကြံသူများက ရှီဝူမန်ကို ထွက်ပြေးခွင့် ဘယ်ပေးနိုင်မည်နည်း။
"ငါတို့လောကကိုလာပြီးမှ ထွက်သွားဖို့တွေးနေတာလား"
"တစ်ယောက်မှထွက်သွားဖို့စိတ်မကူးနဲ့"
ရှီဝူမန်၏တပ်ဖွဲ့ ထွက်ပြေးသည်ကိုမြင်ရသဖြင့် စုစည်းခြင်းအဆင့်ကျင့်ကြံသူများ ဒေါသထွက်သွားသည်။
တာဝန်ထမ်းဆောင်မှုပိုင်းအရကြည့်လျှင် သူတို့အဖွဲ့ ဤနေရာတွင် နှစ်ဝက်ကျော်ကြာအောင် စခန်းချ၍ ရှီဝူမန်တို့တိုက်ခိုက်မှုကို စောင့်နေခဲ့ရသည်။ တကယ်ရောက်လာချိန်တွင် ရှီဝူမန်က လေဟာနယ်ပညာနှင့်ဆင်တူသည့် ပညာတစ်မျိုးသုံး၍ သူ့လူများကို ကျင့်ကြံသူလောက၏ အတွင်းပိုင်းအဓိကနေရာများသို့ ချက်ချင်းစေလွှတ်သည်။
သို့ဆိုလျှင် သူတို့စောင့်နေခဲ့ရသည်မှာ ဘာအဓိပ္ပါယ်ရှိသနည်း။
ပုဂ္ဂိုလ်ရေးအရပြောလျှင်လည်း သူတို့မိတ်ဆွေများက ဖမ်းမိထားသည့် အကျဉ်းသားများ တိုက်ပွဲသိမ်းပစ္စည်းများကို ကွမ်တမ်ဆက်သွယ်ရေးစက်မှ ကြွားလုံးထုတ်နေကြသည်။
ရှေ့တန်းတွင်စောင့်နေခဲ့ရသည့် သူတို့က ဘာမှမရ။ သူတို့အဖွဲ့ထဲမှတစ်ချို့က စစ်ပွဲစောင့်ချိန်အတွင်း အဆင့်တက်ခဲ့သည်။ အားလုံးက ဖယောင်းကောင်းကင်ကြယ်ကမ္ဘာကိုတိုက်ခိုက်ဖို့၊ စွမ်းဆောင်ရည်မြင့်ဖို့ ရည်ရွယ်ခြင်းဖြစ်သည်။
"တစ်လက်မမြေချုံ့စွမ်းအား"
"နတ်ဆိုးခြေထောက်"
"လှေပျံ၊ လာစမ်း"
"အကိုလု၊ ကျုပ်လည်းအကိုလုလှေပျံနဲ့ လိုက်ပါရစေ"
စုစည်းခြင်းကျင့်ကြံသူများ နည်းလမ်းမျိုးစုံသုံးသည်။ မှော်ပညာများ မှော်ရတနာများသုံး၍ ပြိုင်တူပြေးလိုက်ကြသည်။ ရှီဝမ်မူတို့တပ်ဖွဲ့သာ ထွက်ပေးလွတ်မြောက်သွားလျှင် သူတို့မိတ်ဆွေများရှေ့တွင် လုံးဝမျက်နှာပြရဲတော့မည်မဟုတ်။
ဒုတိယစည်းမှ ကူးဖြတ်ခြင်းကျင့်ကြံသူများက ထိုမြင်ကွင်းကိုကြည့်၍ ရယ်နေကြသည်။ သူတို့ငယ်စဉ်ကအချိန်ကို ပြန်တွေးမိကြသည်။ ယခုသူတို့သည် နာမည်ကြီးဖို့ ကြိုးစားချင်သည့် အသက်အရွယ်မဟုတ်တော့။ ထိုကိစ္စများအတွက် လူငယ်မျိုးဆက်ကိုသာ ဖြေရှင်းခွင့်ပေးလိုက်သည်။
"wormhole မြန်မြန်ဖွင့်"
ရှီဝူမန် အလောတကြီး အော်ဟစ်လိုက်သည်။
နည်းပညာရှင်များ ချွေးအသည်းအသန်ထွက်နေသည်။
"တပ်မှူးရှီ၊ ကျုပ်တို့ယာဉ်ပျံတွေက သူတို့တည်နေရာနဲ့ ချိတ်ဆက်မထားဘူး။ wormhole ဖွင့်လို့မရနိုင်ဘူး"
"ဒါဆိုလည်း ယာဉ်ပျံကိုရပ်ပြီး အခုချက်ချင်း wormhole တစ်ခု တည်ဆောက်လိုက်"
ယာဉ်ပျံအုပ်စု ရပ်သွားသည်။ အမိန့်ရသည်နှင့် စစ်ယာဉ်ပျံငါးရာ အသံလှိုင်းဖြင့် ချိတ်ဆက်ကြသည်။ wormhole တစ်စိတ်တစ်ပိုင်း ပေါ်လာသည်။
"လုပ်စမ်းပါကွာ။ မြန်မြန်လုပ်ကြစမ်း"
ကျင့်ကြံသူများ လေဟာနယ်ကူးသကဲ့သို့ တဖြေးဖြေးနီးကပ်လာသည်ကို သူမြင်ရသည်။
"တပ်မှူး၊ wormhole တည်ဆောက်ပြီးပါပြီ"
"မင်းတို့ ပြေးမလွတ်ပါဘူး။...ကောင်းကင်လှန်တံဆိပ်"
ရွှေရောင်တောက်ပသည့် ကောင်းကင်လှန်တံဆိပ် မှောင်မိုက်သည့် စကြာဝဠာကို ထိုးဖောက်သွားသည်။
စုစည်းခြင်းကျင့်ကြံသူများ မရောက်မီ တစ်က္ကန့်အလိုတွင် တိုက်ပွဲယာဉ်ပျံများ wormhole ထဲသို့ အစုအပြုံလိုက် ဝင်သွားသည်။ ကောင်းကင်လှန်တံဆိပ် ပစ်မှတ်ပျာက်သွားသည်။
wormhole တံခါးဝည်း ကျယ်ပြန့်သည့်စကြာဝဠာထဲတွင် ပျောက်ကွယ်သွားသည်။
"ငါတို့လွတ်လာပြီ"
ရှီဝူမန် သီသီလေးကပ်၍လွတ်လာခြင်းဖြစ်သည်။ ခြေလက်များမသယ်ချင်လောက်အောင် နွမ်းနယ်နေသည်။
အချက်ပေးသံတစ်ခုမြည်လာသဖြင့် ရှီဝူမန် လန့်သွားသည်။
"ဘာဖြစ်တာလဲ"
သူ့လက်ထောက်များ ပြန်ဖြေစရာမလို။ အချက်ပြစနစ်က တစ်ဆက်တည်းပြောသည်။
"သတိ၊ သတိ၊ အမည်မသိလေဟာနယ်လှုပ်ရှားမှုတွေ အာရုံခံမိတယ်"
ခုနကပိတ်သွားသည့် wormhole ပြန်ပွင့်လာသည်။ ကြောက်စရာကောင်းသည့် ကျင့်ကြံသူများ ရှေးဟောင်းလက်နက်များကိုင်၍ ဆက်တိုက်ပေါ်လာသည်။
တင်းမာခက်ထန်ပြီး စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် လက်နှစ်ဘက်ကို ပွတ်နေကြသည်။
ရှီဝူမန် မျက်လုံးပြူးသွားသည်။ ထိုလူများ ဘယ်လိုလိုက်လာနိုင်သနည်း။
တပ်ဖွဲ့ဝင်ထဲမှ အာကာသနည်းပညာကျွမ်းကျင်သူများက သူ့ထက်ပင် ပို၍အံ့ဩထိတ်လန့်နေကြသည်။
ကြယ်ကမ္ဘာများကြား ရုပ်ခန္ဓာဖြင့် ဖြတ်သန်းနိုင်သည့်ကိစ္စက ဘာမှသိပ်မဆန်းလှ။ သို့သော် ယခု ထိုလူများက wormhole ကိုထိုးခွဲဝင်ဝင်လာနိုင်ကြသည်။
ဤလူအသွင်သက်ရှိများသည် ဘယ်လိုဖြစ်တည်မှုမျိုးမှန်းမသိ။
သူတို့လက်နက်များက ရှေးကျသည်။ တူများ၊ ပုဆိန်များ၊ ဓားများ...။ သူတို့သုံးသည့်နည်းလမ်းများက သဘာဝကို ပို၍ဆန့်ကျင်နေသည်။
"အစွမ်းကုန်တိုက်ခိုက်ကြ"
ရှီဝူမန် ဒေါသထွက်လာသည်။ ထိုအကြပ်အတည်းမျိုး တစ်ခါမှမကြုံဖူး။
ဆိုရိုးစကားရှိသည်။ချောင်ပိတ်မိတ်သည့်ရန်သူကို ဆက်မလိုက်ရ။ အကြောက်တရားကြောင့် ပြန်လှည့်ပြီးတိုက်ခိုက်တတ်သည်။
ယနေ့ ထိုလူအသွင်သက်ရှိများ ဖယောင်းကောင်းကင်ကြယ်ကမ္ဘာ၏ ကြမ်းတမ်းရက်စက်မှုကို လက်တွေ့မြင်စေရမည်။
ျင့်ကြံမှုကမ္ဘာသို့ စေလွှတ်ခဲ့သည့် ယာဉ်ပျံတစ်ထောင်သည် အားလုံးစံရည်မီယာဉ်ပျံများဖြစ်သည်။ သတ်မှတ်လက်နက်များ အားလုံးတပ်ဆင်ထားသည်။
သူ့တိုက်ပွဲယာဉ်ပျံငါးရာသည် ပင်မတပ်ဖွဲ့ဖြစ်သည်။
"ပလတ်စမာယာဉ်ပျံတွေကို အသက်သွင်းကြ"
ယာဉ်ပျံနှစ်ခုကြားတွင် အနီရောင်အလင်းတန်းတစ်ခုပေါ်ာလသည်။ ထိုပလတ်စမာဖြတ်မျဉ်းသည် ကောင်းကင်အင်ပါယာနန်းတက်ပြီးမှ တီထွင်ခဲ့သည် အသစ်စက်စက်လက်နက်ဖြစ်သည်။
အရင်က သူတို့ထိန်းချုပ်ထားသည့် ဖျက်အားပြင်းလက်နက်များသည် ကြယ်သန္ဓေများနှင့် ကြယ်တည်ဆောက်မှုစနစ်ကို ဖျက်ဆီးဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။ ကြယ်ကမ္ဘာများ၏ ဒြပ်ဆွဲအားပြိုပျက်မှုကို အသုံးချသည်။
သို့သော် ပလတ်စမာဖြတ်မျဉ်းက ကြယ်ကမ္ဘာကို တိုက်ရိုက်နှစ်ခြမ်းခွဲပစ်နိုင်သည်။
တစ်ခုတည်းသောအားနည်းချက်က စွမ်းအင်သုံးစွဲရသည့်ပမာဏ များလွန်းခြင်းဖြစ်သည်။ သို့သော် ယခုအခြေအနေတွင် စွမ်းအင်ကိစ္စကို အရေးမစိုက်နိုင်တော့။
"ဒါကဘာလဲ"
စုစည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က စတင်တိုက်ခိုက်သည်။ ပလတ်စမာဖြတ်မျဉ်းကို ရင်ဆိုင်သည်။
မယုံနိုင်လောက်အောင် ပါးလွှာသည့် အနီရောင်အလင်းတန်းက ကျင့်ကြံသူကို ဖြတ်သန်းသွားသည်။ ဘာမှမခံစားရသဖြင့် ကြောင်တက်တက်ဖြစ်နေသည်။
"ဒါက ဘယ်လိုတိုက်ခိုက်နည်းလဲဟ"
ရှီဝူမန် အော်ရယ်နေသည်။ ခေတ်နောက်ကျသူသည် ခေတ်နောက်ကျသူသာဖြစ်သည်။ ဘယ်တိုက်ခိုက်မှုမဆို သန်မာသည့်ခန္ဓာကိုယ်ဖြင့် ရင်ဆိုင်သည်။
ပလတ်စမာမျဉ်းဖြင့် ထိုလူပိုင်းဖြတ်ခံရပြီးဖြစ်သည်။ ဖြတ်တောက်ပုံက ညင်သာချောမွေ့လွန်းသဖြင့် ကိုယ့်ကိုယ်ကို ခေါင်းနှင့်ကိုယ် တစ်ပိုင်းစီဖြစ်သွားမှန်းပင် သတိထားမိမည်မဟုတ်။
ကျင့်ကြံသူ နောက်လှည့်ကြည့်သည်။ သူ့အဖော်များ အသံတိတ်စိုက်ကြည့်နေသည်ကို မြင်ရသည်။
"မင်းတို့ဘာလို့ငါ့ကို ဒီလိုကြည့်နေကြတာလဲ"
တစ်ယောက် သူ့ခေါင်းဆီ လက်ညှိုးထိုးပြသည်။
"မင်းဆံပင်တွေ အရိတ်ခံလိုက်ရပြီ"
"ဘာ"
ကျင့်ကြံသူ သူ့ဆံပင်သူစမ်းကြည့်သည်။ တကယ်မှန်သည်။ လူတစ်ယောက်က ကတ်ကြေးဖြင့် ခိုးဖြတ်ထားသကဲ့သို့ လည်ပင်းတစ်ဝိုက်မှဆံပင်များ ပြောင်သလင်းခါသွားသည်။
"အပြင်ကမ္ဘာက ခွေးမသားတွေ။ ဒီလောက်အောက်တန်းကျပြီး င့ါကိုဒီလို အရှက်ခွဲရဲတယ်ပေါ့။..သရဲနက်မီးတောက်"
အစိမ်းပုတ်ရောင်မီးတောက်များ ရုတ်တရက် ပေါ်လာသည်။
ရှီဝူမန် တွေးရခက်သွားသည်။ ဤနေရာသည် ဆွဲအားမဲ့လေဟာနယ်ဖြစ်သည်။ မီးတောက်များ ဘယ်ကပေါ်လာသည်မသိ။
သရဲနက်မီးတောက်က အသားကိုယ်ထည်ယာဉ်ပျံများကိုထိသည်နှင့် ချက်ချင်းမီးထတောက်သည်။ သရဲလှေများလိုဖြစ်လာသည်။
"ဆယ့်ခြောက်ပေရွှေခန္ဓာ"
စွန်စီးဘုံကျောင်းမှ ရှီချန်း လုယန်၏လှေပျံနက်ပေါ်မှ ခုန်ဆင်းလာသည်။ ဆယ့်ခြောက်ပေရွှေခန္ဓာကို ဆင့်ခေါ်သည်။ ယာဉ်ပျံလေးငါးစီးကို တစ်ခါတည်းတိုက်ချသွားသည်။
"တေင်တန်းချုပ်လက်ဝါး"
"ချန်ခွန်းတုတ်ချောင်း"
"ထိန်းချုပ်မှော်အဆောင်"
ထိုခေတ်နောက်ပြန်လူစုကို သူ့လှေပျံများဖြင့် အစွန်းကုန်တိုက်ခိုက်ပြီး သေရွာသို့ အတူဆွဲခေါ်သွားမည်ဟု ရှီဝူမန်တွေးထားခဲ့သည်။
သို့သော် ပထမစရင်ဆိုင်စဉ်မှာပင် သူလွှတ်ခဲ့သည့် တပ်ဖွဲ့ငါးခု ဘာကြောင့် အော်ဟစ်ညည်းညူနေကြောင်း ဘာကြောင့် သူ့ကိုချက်ချင်းထွက်ပြေးခိုင်းကြောင်း နားလည်လာသည်။
ထိုကမ္ဘာသားများသည် လူအရေဖုံးထားသည့် မကောင်းဆိုးဝါးများဖြစ်သည်။ ဘယ်တိုက်ခိုက်မှုမျိုးမှ မသက်ရောက်။
ပလတ်စမာမျဉ်း၊ အသံလှိုင်း၊ နာနိုမက္ကင်းနစ်တိမ်တိုက်၊ မြေဆွဲအားလှိုင်းဗုံး...ဘယ်ဟာမှ သုံးမရ။
လုံးဝ တစ်ဘက်သတ်အခြေအနေဖြစ်သည်။ အစပိုင်းတွင် ကျင့်ကြံသူများ စိတ်လှုပ်ရှားနေကြသည်။ သို့သော် တိုက်ပွဲရှေ့ဆက်လာချိန်တွင် စတင်ငြီးငွေ့လာကြသည်။ ထိုတိုက်ပွဲယာဉ်များက လက်ညှိုးတစ်ချက်လှုပ်ရုံဖြင့် ထိုးထောက်နိုင်သည်။ အားသိပ်မစိုက်ရ။
အကျဉ်းသားများနှင့် သိမ်းပိုက်မည့်ပစ္စည်းများ မထိခိုက်အောင် တိုက်ခိုက်နေစဉ်ချိန်တွင် သေချာသတိထားရသည်။
တိုက်ပွဲအတွက် လဝက်ကျော် သူတို့ပြင်ဆင်ခဲ့သည်။ သူတို့ရန်သူ၏စွမ်းရည်က ထိုမျှသာရှိသလော။
ရှီချန်းက တိုက်ပွဲယာဉ်အဖုံးကို အတင်းဆွဲခွာ၍ ရှီဝူမန်ကို အရှင်ဖမ်းဖို့ပြင်သည်။
ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခု အဝေးမှလွင့်ပျံလာသည်။ တော်ဝင်စွမ်းအင်ရောင်ဖုံးလွှမ်းနေသည့် လူတစ်ယောက် တိုက်ပွဲအလယ်တွင်ပေါ်လာသည်။
ထိုလူဘယ်လိုရောက်လာသည်ကို ရှီချန်းအပါအဝင် ဘယ်သူမှမမြင်လိုက်ရ။
တိုက်ပွဲလေထုက ခြောက်ခြားစရာဖြစ်လာသည်။ နှစ်ဘက်လုံး အလိုက်တသိ တိုက်ပွဲရပ်လိုက်သည်။
ရွှေရောင်လူသားက ဘာစွမ်းအင်ရောင်မှ တမင်ထုတ်လွှတ်မထားသော်လည်း သူ့လှုပ်ရှားမှုတိုင်းက အဆုံးမဲ့စွမ်းအားကိုထင်ဟပ်နေသည်။ သူ့ကိုယ်သူ စကြာဝဠာသခင်ဖြစ်ကြောင်း မိတ်ဆက်သည်။
တိုက်ပွဲကွင်းအခြေအနေကိုကြည့်၍ ကောင်းကင်အင်ပါယာ မသိမသာခေါင်းခါသည်။ သူခြေတစ်လှမ်းနောက်ကျသွားသည်။ ပိုင်လော်တပ်ဖွဲ့က ကျင့်ကြံသူလောကနှင့် တိုက်ပွဲစခဲ့ပြီးဖြစ်သည်။ သို့သော် သိပ်တော့နောက်မကျသေး။
သူပြေရာပြေကြောင်း ရှင်းပြရန် ပြင်နေစဉ်မှာပင် မထင်မှတ်ဘဲ ရှီဝူမန်က အော်ဟစ်လိုက်သည်။
"ကောင်းကင်အင်ပါယာမင်းကြီးကိုယ်တိုင် တိုက်ပွဲဝင်လာပြီကွ။ မင်းတို့အားလုံး အခုချက်ချင်းအညံ့ခံကြစမ်း"
အညံခံဖို့ပြင်နေသည့် လက်ကျန်တိုက်ပွဲယာဉ်များလည်း ကောင်းကင်အင်ပါယာရောက်လာသဖြင့် တိုက်ခိုက်လိုသည့်ဆန္ဒများ ပြန်ပေါ်လာသည်။ နောက်တစ်ကြိမ် တိုက်ပွဲပြန်စသည်။
"ကောင်းကင်အင်ပါယာမင်းကြီးကိုယ်တိုင် တိုက်ပွဲဝင်လာပြီကွ"ဟု အော်ဟစ်ကြွေးကြော်ရင်း တိုက်ခိုက်ကြသည်။
ကောင်းကင်အင်ပါယာ "..."
ရှီဝူမန်..ငါစောစောကြိုလာပြီး မင်းကိုသတ်ပစ်ခဲ့သင့်တာ..
*********************************