အခန်း ၁၃၁၇
Vol. 88 Ch. 1317
အခန်း (၁၃၁၇) မသေမျိုးမရှိလျှင် ငါမကြောက်
ရောက်လာသည့် ကောင်းကင်အင်ပါယာအရှိန်ကြောင့် သူတို့ တိုက်ခိုက်မှုရပ်သွားသည်။ ပိုင်လော်တပ်ဖွဲ့လည်း ရပ်သွားသည်။
နှစ်ဘက်လုံးရပ်နေသည့်အချိန်ကျမှ ပိုင်လော်တပ်ဖွဲ့က အလစ်တိုက်ခိုက်သည်။ တကယ်အရှက်မရှိသည့် လုပ်ရပ်ဖြစ်သည်။
"အားလုံးရပ်ကြပါ"
ကောင်းကင်အင်ပါယာ ညင်သာစွာတားဆီးလိုက်သည်။ ဖယောင်းကောင်းကင်ကြယ်ကမ္ဘာတွင် သူသည် နတ်ဘုရားဖြစ်သည်။ အမြင့်ဆုံးဩဇာကို ပိုင်ဆိုင်ထားသည်။
သူ့စကားဖြင့် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။ သူ့အမိန့်သည် သံမဏိစည်းမျဉ်းဖြစ်သည်။ ဘယ်သူမှမဖီဆန်ရဲ။
ပိုင်လော်တပ်ဖွဲ့ နောက်တစ်ကြိမ်ရပ်သွားသည်။
ကောင်းကင်အင်ပါယာက စုစည်းခြင်းအဆင့်ကျင့်ကြံသူများကို မျက်လုံးဝေ့ကြည့်သည်။ အစောပိုင်းက သိပ်မသေချာခဲ့သော်လည်း ထိုဂျူနီယာများကို မြင်လိုက်ရသဖြင့် သူသေချာသိသွားသည်။ ကျင့်ကြံမှုလောကဆိုသည်မှာ အလုံပိတ်လောကပင်ဖြစ်သည်။
သို့ဆိုလျှင် အလုံပိတ်လောက တကယ်ပွင့်ခဲ့ပြီးဖြစ်မည်။
"ငါက ဖယောင်းကောင်းကင်ကြယ်ရဲ့ အဓိပဓိ ကောင်းကင်အင်ပါယာပါ။ နည်းနည်းလေး နားလည်မှုလွဲစရာဖြစ်သွားတယ်။ မသေမျိုးတွေဘယ်မှာလဲ။ ငါကိုယ်တိုင် ရှင်းပြချင်တယ်"
ကောင်းကင်အင်ပါယာက စုစည်းခြင်းအဆင့်များကို ခပ်တင်းတင်းကြည့်သည်။ မသေမျိုးများဒေါသထွက်အောင် လုပ်မိမည်ကိုသာ သူစိုးရိမ်သည်။ ထိုကျင့်ကြံသူများကို မျက်လုံးထဲပင်မထည့်။
မဟာယုခေတ်က စုစည်းခြင်းအဆင့်ဆိုသည်မှာ သူ့ကိုမြင်ခွင့်ရဖို့ပင် အရည်အချင်းမမီ။
ကောင်းကင်အင်ပါယာဖြစ်ကြောင်း သိသည်နှင့် စုစည်းခြင်းအဆင့်များ အံ့ဩရိပ်ပေါ်လာသည်။ ထို့ကြောင့်လည်း ထိုလူ၏ကျင့်စဉ်စွမ်းအားကို သူတို့ထွင်းဖောက်မမြင်နိုင်ခြင်းဖြစ်သည်။
မဟုတ်သေး။ ထိုလူက ကျင့်ကြံသူလောကဘာသာစကားကိုပြောနေသည်။
လုယန်က ပို၍ပင်အံ့ဩနေသည်။
ထိုလူသည် မဟာယုပထမအင်ပါယာ ဝူယော်လော။
ဝိညာဉ်ပြောင်းမခံရမီ လုယန်အခြေအနေက အတော်ဆိုးသည်။ သူနှင့်နေရာလဲခဲ့သည့် ဝူယော်လည်း အန္တရာယ်ကြုံမည်ကို စိုးရိမ်ခဲ့သည်။
ယခုကြည့်ရသလောက် သူစိုးရိမ်ခဲ့ရသည်မှာ အလကားသာသည်။ ဝူယောက်က အပြင်လောကတွင် ကောင်းစားနေသည်။ စကြာဝဠာလွှမ်းမိုးသူပင် ဖြစ်လာသေးသည်။
အဆင့်တက်စ ကူးဖြတ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က မကျေနပ်သဖြင့် လူအုပ်ထဲမှ ပျံထွက်လာသည်။
"ဘာတွေ နားလည်မှုလွဲတာလဲ။ ခင်ဗျားတို့ဖယောင်းကောင်းကင်က စစ်တပ်တစ်ခုဦးဆောင်ပြီး ကျုပ်တို့လောကကို ဝိညာဉ်ကျောက်တွေ ဓားပြတိုက်ဖို့လာတာ"
ကျင့်ကြမှုလောကသာ စွမ်းအားမရှိလျှင် အစောကြီးကတည်းက ဖယောင်းကောင်းကင်ကြယ် လုယက်ခံရပြီးဖြစ်မည်။
ဝူယော် နည်းနည်းမကျေနပ်ဟန်ဖြင့် နဖူးကြောကျုံ့သွားသည်။ ဘာမဟုတ်သည့် စုစည်းခြင်းအဆင့်ဂျူနီယာတစ်ယောက်က ကျင့်စဉ်အဆင့်ပင်မတည်ငြိမ်သေးဘဲ သူ့ရှေ့တွင် လူစွာလာလုပ်ရဲသည်။
လက်ညှိုးတစ်ချောင်း ဖျတ်ခနဲလှုပ်လိုက်သည်။ စုစည်းခြင်းကျင့်ကြံသူ တုံပြန်ချိန်ပင်မရဘဲ ချက်ချင်းလွင့်ထွက်သွားသည်။
"မိုးမြေရဲ့ကြီးမြတ်မှုကို ဘာမှမသိနားမလည်တဲ့ကောင်။ မင်းအကြီးအကဲတွေက မင်းကိုဘယ်လိုများ ဆုံးမထားတာလဲ"
လူအုပ်ကြီး အံ့အားသင့်သွားသည်။ ဝူယော်ဘယ်လိုလှုပ်ရှားလိုက်သည်ကို မမြင်ရ။ လွင့်ပျံလာသည့် သူတို့အဖော်ကို ဖမ်းဆီးဖို့ကြိုးစားသော်လည်း သူတို့ပါအရှိန်ရိုက်ပြီး လွင့်ထွက်သွားသည်။
လုယန်ထိုလူကို ဖမ်းထိန်းပြီး ရှေ့သို့ပျံထွက်သွားသည်။ ဝူယော်ကို တိုက်ရိုက်ရင်ဆိုင်သည်။
"အကြီးအကဲ၊ မသိနားမလည်တဲ့ မျိုးဆက်သစ်တစ်ယောက်ကို ဒီလောက်တင်းတင်းမာမာဆက်ဆံတာ မလွန်လွန်းဘူးလား"
ဝူယော် အေးစက်စက်ရယ်လိုက်သည်။
"ကူးဖြတ်ခြင်းအလတ်တန်းဆင့်က တစ်ခြားလူအတွက် ရပ်တည်ရဲတယ်ပေါ့။ မင်းအကြီးအကဲတွေကို ငါနဲ့လာတွေ့ဖို့ သွားပြောပါ"
လုယန်သည် အားလုံးလေးစားသူဖြစ်သည်။ ဝူယော်က လုယန်ကို စော်ကားသဖြင့် အားလုံးက မကျေမနပ် ပြန်အော်ကြသည်။ တစ်ချို့က တိုက်ခိုက်ဖို့ပင်ပြင်နေသည်။
လုယန် အားလုံးကို လက်ကာပြ၍တားပြီး ဆက်ပြောသည်။
"လောလောဆယ် မသေမျိုးတွေက ခရီးထွက်နေတယ်။ ဘယ်အချိန်ပြန်လာမယ်ဆိုတာ မသိဘူး။ ကျုပ်နာမည် လုယန်ပါ။ ကျင့်ကြံသူလောကကို ကျုပ်ကိုယ်စားပြုနိုင်တယ်။ ဒီနားလည်မှုလွဲတဲ့ကိစ္စ ကျုပ်ကိုရှင်းပြလို့ရပါတယ်"
ဝူယော်စိတ်ထဲ ခံစားချက်တစ်ခု ထကြွလာသည်။ လောလောဆယ် ကျင့်ကြံမှုလောကတွင် မသေမျိုးများမရှိသည့်သဘောဟု သူယူဆသည်။
သဘာဝကျပါသည်။ မသေမျိုးဖြစ်သည့် သူကိုယ်တိုင်ပင် ကျင့်ကြံမှုလောကမှထွက်ပြီး အပြင်လောကကို ကြည့်ချင်ခဲ့သည်။ တစ်ခြားမသေမျိုးများလည်း ထိုအတွေးမျိုး ရှိကြလိမ့်မည်။
ကျင့်ကြမှုလောကမှော်စက်ဝန်းပွင့်သည်နှင့် အားလုံးထွက်သွားကြခြင်းဖြစ်မည်။
"ရှင်းပြဖို့လား။ ရပါတယ်၊ ဒါပေမယ့် ငါ့တပ်ဖွဲ့ကို အရင်လွှတ်ပေးပါ"
ဝူယော်လေသံက အမိန့်ဆန်သည်။
မသေမျိုးများမရှိလျှင် သူဘာမှထိန်းသိမ်းနေစရာမလို။ ဤမျိုးဆက်သစ်များအပေါ် အလွန်အကျွံယဉ်ကျေးနေစရာ အကြောင်းမရှိ။ အရင်ဆုံး သူ့လက်အောက်ခံများကို ပြန်ခေါ်မည်။ နောက်ကိစ္စ နောက်ရှင်းမည်။
ကိုယ့်တပ်ဖွဲ့ကို ဖမ်းထားသည့် လူများကို သူကိုယ်တိုင်အောက်ကျို့ပြီး ရှင်းပြနေရလျှင် သိက္ခာကျသည်။
နောက်ပိုင်း မသေမျိုးများပြန်ရောက်လာလျှင်ပင် ယခုလိုအသေးအဖွဲကိစ္စများအပေါ် အာရုံစိုက်မနေကြလောက်။
ထို့ပြင် ကျင့်ကြံမှုလောကတွင် အစီအစဉ်တစ်ချို့ ချန်ထားခဲ့သည်။ ထိုနေရာသို့ပြန်ရောက်လျှင် ထိုအစီအစဉ်များကို အသုံးချပြီး မသေမျိုးများနှင့် ရင်ဆိုင်နိုင်သည်။ မသေမျိုးတစ်ဝက်များကို သူခေါင်းထဲမထည့်။
လုယန် မျက်မှောင်နည်းနည်းကျုံ့သွားသည်။ ဝူယော်ကသူ့ကို သွယ်ဝိုက်၍ ကယ်တင်ခဲ့သော်လည်း ယခုဝူယော်၏တောင်းဆိုချက်ကို လိုက်လျောဖို့မဖြစ်နိုင်။
လုယန်၏လေသံ ပို၍လေးလာသည်။
"ခင်ဗျားတောင်းဆိုတာက နည်းနည်းယုတ္တိမကျဘူး။ ခင်ဗျားလူတွေက ကျင့်ကြံမှုလောကကို တိုက်ခိုက်တယ်။ ကျုပ်တို့သာ စွမ်းရည်နည်းနည်းမရှိရင် ကျုပ်တို့က အကျဉ်းသားတွေအဖြစ် ခင်ဗျားခြေရင်းကို ရောက်လာမှာ။ အခုသူတို့က ကျုပ်တို့လက်ထဲမှာရှိတယ်။
ဒီတော့ သူတို့ကိစ္စ ကျုပ်တို့ပဲကိုင်တွယ်ဖြေရှင်းမယ်"
"ယုတ္တိမကျဘူးတဲ့လား။ ငါကလောကဝတ်အရ မင်းကိုလေးလေးစားစားပြောနေတာ။ မင်းမှာငြင်းဆန်ခွင့်ရှိတယ်ထင်နေလား"
ဝူယော်နှုတ်ခမ်းတွင် အေးစက်စက်တွန့်ပြုံးရိပ်ပေါ်လာသည်။ ပိုင်လောတပ်ဖွဲ့ကို ဆွဲယူရန် ကောင်းကင်ဖုံးလက်ဝါးရိပ်တစ်ခု ဖန်တီးလိုက်သည်။
လက်ဝါးရိပ်က ကြယ်တစ်လုံးစာခန့်ကြီးသည်။ ကြယ်သန္ဓေများကို လက်ချောင်များဖြင့် ချေမွပစ်နိုင်သည်။ ချုပ်နှောင်မှုစွမ်းအား ထည့်သွင်းထားသည်။ ကျင့်ကြံသူများ ထိတ်လန့်သွားသည်။
ထိန်းချုပ်မှုစွမ်းအား သက်ရောက်လာသကဲ့သို့ မလှုပ်မယှက်ဖြစ်သွားသည်။ ဝူယော်က ပိုင်လော်စစ်သားများအား ဆွဲယူသည်ကို ဘာမှမတတ်နိုင်ဘဲ ရပ်ကြည့်နေရသည်။
"ဘုန်း"
လုယန် ဗုဒ္ဓနယ်မြေလက်ဝါးဖြင့် ကောင်းကင်ဖုံးလက်ဝါးရိပ်ကို ရိုက်ထုတ်သည်။
ကြီးမားသည့်လက်ဝါးရိပ်နှစ်ခုလုံး ပျက်စီးသွားသည်။ ထိုအချိန်ကျမ ကျင့်ကြံသူများ အချုပ်အနှောင်မှလွတ်သွားသည်။
"ကူးဖြတ်ခြင်းထိပ်တန်းအဆင့်လား"
လုယန် ဝူယော်၏ကျင့်စဉ်အဆင့်ကို ချက်ချင်းအကဲဖြတ်သည်။ လက်ဝါးရိပ်ချင်းရိုက်ချိန်တွင် သူ့ဘက်မှ အရေးနိမ့်သည်။
ပညာရပ်ကျွမ်းကျင်မှုနည်း၍မဟုတ်။ ကျင့်စဉ်အဆင့်ကွာဟမှုကြောင့်ဖြစ်သည်။
မသေမျိုးအဆင့်မှ ကျင့်စဉ်ပြန်စခဲ့သူဖြစ်၍ ဝူယော်၏အခြေခံစွမ်းအားက အလွန်ခိုင်မာသည်။ ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်များထဲတွင် မယှဉ်နိုင်လောက်အောင် စွမ်းအားကြီးသည်။
လုယန်၏လက်ဝါးရိပ် ချက်ချင်းပျက်စီးမသွားသဖြင့် ဝူယော်အံ့အားသင့်နေသည်။
"မင်းမှာ အစွမ်းအစနည်းနည်းတော့ရှိသားပဲ။ ကျင့်ကြမှုလောကကို ကိုယ်စားပြုရဲတာ မဆန်းတော့ပါဘူး။ ဒါပေမယ့် မိုးမြေကြီးမြတ်မှုကို နားမလည်တဲ့ လူငယ်တစ်ယောက်ကို သင်ခန်းစာပေးဖို့လိုတယ်။
လုယန်ကို ခြိမ်းခြောက်နိုင်သူဟု သူမမြင်။ ကျင့်စဉ်အဆင့်၊ အဆင့်အတန်း၊ အတွေးအမြင်။ လုယန်ထက် များစွာသာလွန်သည်။
ဝူယော်၏ အတွေးတစ်ချက်ဖြင့် ကြယ်လမ်းကြောင်းများ ပြောင်းသွားသည်။ ထို့နောက် မှော်စက်ဝန်းဆုံမှတ်များအဖြစ် သန့်စင်သည်။ အမည်မသိမှော်စက်ဝန်းတစ်ခု ပေါ်လာပြီး အားလုံးကိုလွှမ်းခြုံသွားသည်။
အဆထောင်ချီလေးလံသည့် ဒြပ်ဆွဲအားတစ်ခုက သူတို့ခန္ဓာကိုယ်ကို ချက်ချင်းဖိနှိပ်သည်။ အလေးချိန်တဖြေးဖြေးပိုတိုးလာသည်။ မှော်ပစ္စည်းများ ပြားချပ်သွားသည်။
ထိုမြင်ကွင်းကြောင့် အားလုံးမျက်နှာပျက်သွားပြီး မှော်စက်ဝန်းထဲမှ ထွက်ပြေးသည်။ လုယန်တစ်ယောက်သာ ကျန်ခဲ့သည်။
ဝူယော်ကလည်း သူ့ကိုရင်ဆိုင်ဖို့ ကြယ်မှော်စက်ဝန်းကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူထွက်ပြေးလျှင် မှော်စက်ဝန်းက နောက်မှလိုက်လာမည်။
"ဆင်းမယ်"
ဝူယော် ခပ်တိုးတိုးရေရွတ်လိုက်သည်။
ကြယ်များက ဆယ်ဆခန့်ကျုံ့ဝင်သွားသည်။ သို့သော် မာကျောမှုက အဆတစ်ရာတိုးလာသည်။ ကူးဖြတ်ခြင်းအဆင့်များပင် ဖျက်ဆီးဖို့ခက်မည်။
ကြယ်များက မိုးရွာသလို ကျလာသည်။ လုယန် လက်နှစ်ဘက်ဖြင့် ကြယ်တစ်လုံးကို ထိန်းထားသည်။ သို့သော် ကြယ်များ နောက်ထပ် ဆက်ကျလာသည်။
အရင်ကျနှင့်သည့် ကြယ်များကြေမွသွားသည်။ လုယန်ကို ပစ်မှတ်ထားသည်။
မကြာမီ လုယန်ကို အဆက်မပြတ်ကျလာသည့်ကြယ်များက ဖုံးလွှမ်းသွားသည်။ သူသေသည်ရှင်သည် မသိနိုင်။
"စုစည်းမယ်"
ဝူယော် မှော်စက်ဝန်းကို အုပ်လိုက်သည်။ လုယန်ကိုဖုံးလွှမ်းနေသည့် ကြယ်များ၏ ကြားဟာကွက်နေရာများတွင် အစိမ်းရောင်အလင်းများ ပေါ်လာသည်။ ဟာကွက်များကို ပိတ်ဆို့သည်။
ကြယ်များက တစ်သားတည်းဖြစ်လာပြီး လုယန်ကို ပိတ်လှောင်ထားသည်။
တိုက်ပွဲကြည့်နေသည့် စုစည်းခြင်းအဆင့်ကျင့်ကြံသူများ စိုးရိမ်ပူပန်လာသည်။
"အကိုလုယန်"
ပိုင်လော်တပ်ဖွဲ့က အတော်စိတ်လှုပ်ရှားနေသည်။ ကောင်းကင်အင်ပါယာ၏စွမ်းအားကို အကြိမ်ကြိမ်မြင်ဖူးသော်လည်း ယခုထိ အံ့ဩနေကြဆဲဖြစ်သည်။
ကျင့်ကြံသူကမ္ဘာမှ နယ်ခံစွမ်းအားရှင်များ ဘယ်လောက်စွမ်းအားကြီးသည်ဖြစ်စေ ကောင်းကင်အင်ပါယာသခင်ကို ယှည်နိုင်မည်မဟုတ်။
ထို့နောက် ကြယ်မှော်စက်ဝန်းထဲမှ ပြင်းထန်သည့်စွမ်းအားတစ်ခုကို ဝူယော်အာရုံခံမိသည်။ မှော်စက်ဝန်းကို တိုက်ခိုက်နေသည်။
မှော်စက်ဝန်းတုန်ခါသွားသည် စုစည်းထားသည့်ကြယ်များ ဝုန်းခနဲ ပေါက်ကွဲထွက်သွားသည်။ လုယန်က အရဟတ်လက်သီးဖြင့် ကြယ်မှော်စက်ဝန်းကို အတင်းဖျက်ဆီးလိုက်သည်။
ဝတ်အဝတ်အစားများ နည်းနည်းညစ်ပေးသွားသည်။ သို့သော် ဒဏ်ရာလုံးဝမရ။
"ခင်ဗျားကို ကျုပ်သည်းခံနေတာ အချိန်အတော်ကြာသွားပြီ။ စတိုက်ခိုက်တဲ့လူက ခင်ဗျားပဲ"
လုယန် ဒေါသသံဖြင့်ပြောလိုက်သည်။ ဝူယော်က သူ့ကိုမျက်နှာသာမသေးလျှင် သူလည်းပေးစရာမလို။
***********************************