← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

အခန်း (၉၁) ရွှေအူတိုင် အဆင့်တက် ဆေးလုံး

​ထိုသို့ လေသံမာမာဖြင့် ညည်းတွားလိုက်သော စစ်သူကြီးမှာ အခြားသူမဟုတ်ဘဲ မြို့သခင်အိမ်တော်မှ လက်ထောက်အရာရှိဝူ ဖြစ်သည့် ဝူထုံ ပင် ဖြစ်ပေသည်။

​သူက မြို့သခင်၏ စေခိုင်းမှုကြောင့် သွား တန်းစီခဲ့ရခြင်း ဖြစ်ပြီး ဤမျှအထိ ကြာမြင့်စွာ တန်းစီရလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိသဖြင့် ယခုအခါ စိတ်ထဲ၌ မကျေမနပ်ဖြစ်ကာ ညည်းတွားနေခြင်း ဖြစ်ပေသည်။

​သူသည် မြို့သခင်က သူ့အား တန်းစီခိုင်းခြင်းမှာ မမှန်ကန်ကြောင်း သဘာဝကျကျ မပြောရဲသဖြင့် ရှန်းဝမ်စန်းအပေါ်၌သာ ဒေါသပုံချ၍ ရင်ဖွင့်လိုက်ရုံသာ ရှိတော့သည်။

​မြို့သခင်ကိုယ်တိုင်ကလည်း ဝူထုံ၏ မကျေမနပ် ပြောဆိုချက်များကို တားဆီးခြင်း မရှိခဲ့ပေ ၊ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း အပြင်ဘက်ရှိ လက်ဖက်ရည်ဆိုင်၌ ထိုင်နေခဲ့ရသည်မှာ ကြာလှပြီဖြစ်သဖြင့် စိတ်မရှည် ဖြစ်နေခဲ့သောကြောင့် ဖြစ်ပေသည်။

​ချန်ကျီက ရှန်းဝမ်စန်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် လူကြီးမင်းတို့ ၊ စောင့်ဆိုင်းခိုင်းမိသလို ဖြစ်သွားရပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့ မြင်တွေ့ရတဲ့အတိုင်းပါပဲ ၊ အပြင်ဘက်မှာ လူတွေ အများကြီး ရှိနေသလို ကျွန်တော့်ရဲ့ ဆိုင်နေရာကလည်း ဒီလောက်ပဲ ကျယ်တာပါ၊ ဧည့်ခံပေးရတဲ့သူကလည်း ကျွန်တော် တစ်ဦးတည်းသာ ရှိတာမလို့ပါ တကယ်လို့ ဒီလို တန်းစီပြီး ဝင်ရမယ့် စည်းမျဉ်းကို မသတ်မှတ်ထားဘူး ဆိုရင်တော့... ကျွန်တော့်ရဲ့ ကုန်စုံဆိုင်လည်း အစောကြီးတည်းက ဖျက်ဆီး ခံလိုက်ရလောက်ပါပြီ၊ လူကြီးမင်းတို့ နှစ်ဦးကော ဟုတ်တယ်မလား ။ ဒါပေမဲ့လည်း လူကြီးမင်းတို့ စိတ်ချပါ၊ ဒါက အခုမှ ဆိုင်စဖွင့်ခါစမလို့ပါ၊ နောင်ပိုင်း အချိန်ကြာလာတာနဲ့အမျှ တန်းစီတဲ့လူက တဖြည်းဖြည်း နည်းပါးသွားမှာပါ"

​မြို့သခင်က အရှေ့ရှိ မာန်မလျှော့ဘဲ ရိုသေစွာ ပြောနေသော ဆိုင်ရှင်ကို ကြည့်ကာ ရှန်းဝမ်စန်းအပေါ်၌ စိတ်ထဲမှ သဘောကျမိမှုက အနည်းငယ် တိုးလာခဲ့သည်။

​ချန်ကျီက ဤသို့ လိုလေသေးမရှိ အကျိုးအကြောင်းသင့် ရှင်းပြလိုက်သည့် အခါတွင် ဝူထုံမှာ ဆွံ့အသွားခဲ့ရပြီး မည်သို့ ပြန် ပြောရမှန်း မသိတော့​ပေ ။

​တစ်ဖက်လူ၏ စကားက အပြစ်ပြောစရာ မရှိအောင် စေ့စပ်လွန်းလှသဖြင့် သူ့အား ချေပရန် အခွင့်အရေး အနည်းငယ်မျှပင် မပေးခဲ့ပေ ။

​"ဒါပေမဲ့..." ဝူထုံက အချိန်အတော်ကြာ ထစ်ထစ်အအ ဖြစ်နေသော်လည်း အဓိပ္ပာယ်ရှိသော စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ ။

​ထိုအချိန်တွင် သူ၏ လက်ထောက်ဖြစ်သူ ဤကဲ့သို့ ဖြစ်ပျက်နေသည်ကို မြင်တွေ့ရသော မြို့သခင်မှာ စိတ်ထဲ၌ စိတ်ပျက်မိသွားသည်။

​သူ့အတွက် အဘယ်ကြောင့် ဤလူကို လက်ထောက်အဖြစ် ခေါ်ခဲ့မိသနည်း၊ ကိစ္စအဝဝကို သူကိုယ်တိုင်သာ ဦးဆောင်ဖြေရှင်းရတော့မည် ဖြစ်သည်။

​ထို့ကြောင့် မြို့သခင်က ရှေ့သို့ လှမ်းထွက်လာပြီး ပြောလိုက်သည်။ "မိတ်ဆွေ... မင်္ဂလာပါ၊ ငါက ဝမ်နန်မြို့ရဲ့ မြို့သခင် လျိုထိုင် ပါ"

​"မြို့သခင်လျို မင်္ဂလာပါ ၊ ကျွန်တော့်နာမည်က ရှန်းဝမ်စန်း ပါ"

​"ငါ့ရဲ့ လက်ထောက်က ပုံမှန်ဆို စကား သိပ်မပြောတတ်ဘူး၊ ဒါ့အပြင် ခုနက တန်းစီရတဲ့ အချိန်ကလည်း နည်းနည်း ကြာသွားတာကြောင့်မလို့... စိတ်ထဲမှာ နည်းနည်း စိတ်တိုသွားပုံရတယ်၊ စောစောက စကားတွေက တခြား ရည်ရွယ်ချက် မရှိပါဘူး၊ မိတ်ဆွေ အနေနဲ့ နားလည်ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

​"မြို့သခင်လျို... ဒီလိုမျိုး လုံးဝ မပြောပါနဲ့ ၊ စောစောက ကိစ္စတွေက သာမန် ကိစ္စလေးတွေတင်ပါ၊ ဒါနဲ့ မြို့သခင် လာရောက်ရတဲ့ အကြောင်းရင်းကို သိပါရစေ "

​တစ်ဖက်လူက သူ့အပေါ် ရိုသေစွာ ဆက်ဆံလာလျှင် ချန်ကျီကလည်း သဘာဝကျကျ ရိုသေစွာပင် ပြန်လည် ဆက်ဆံပေမည်။

​ထို့ပြင် ခုနတင်က လျိုထိုင်က သူ့အား မိတ်ဆွေ ဟု ခေါ်ခဲ့သဖြင့် ချန်ကျီသည် ဤမြို့သခင်က သူ့အရှေ့တွင် ရာထူးဂုဏ်ရှိန် ပြခြင်း မရှိဘဲ စည်းစနစ်ကျသော လူတစ်ယောက် ဖြစ်ကြောင်း ခံစားလိုက်ရသည်။

​ထိုအချိန်တွင် ဝူထုံက မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "မြို့သခင်အိမ်တော်က ဝမ်နန်မြို့မှာ ရှိတဲ့ ဆိုင်တွေ အားလုံးဆီကနေ စီမံခ ကောက်ခံလေ့ရှိတယ်၊ ဒီကိစ္စကို မင်း သိထားသင့်တယ် မဟုတ်လား။ ငါတို့ရဲ့ စီမံခကလည်း အကြောင်းမဲ့ ကောက်ခံတာ မဟုတ်ပါဘူး၊ အဓိကကတော့ ဝမ်နန်မြို့မှာ ရှိတဲ့ ဆိုင်တွေအားလုံး စိတ်ချလက်ချ အရောင်းအဝယ် ပြုလုပ်နိုင်ဖို့အတွက် အာမခံပေးတာ ဖြစ်ပြီး မင်းတို့ရဲ့ အရာအားလုံးက မြို့သခင်အိမ်တော်ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေမှာ ဖြစ်တယ်"

​ဝူထုံက ဤစကားကို ပြောနေသည့် အချိန်တွင် သူ့အရှေ့တွင် ရှိနေသော လူမှာ အုတ်မြစ်ချခြင်းအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်းကိုပင် မေ့လျော့နေခဲ့သည်။

​သို့သော်လည်း ဤအရာက လျိုထိုင်က သူ့အား ကြိုတင် စီစဉ်ပေးထားသော တာဝန်ဖြစ်ပြီး ဤစီမံခကို လာရောက် ကောက်ခံခိုင်းခြင်း ဖြစ်ပေသည်။

​ချန်ကျီက ခပ်ဖွဖွ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "နားလည်ပါပြီ ၊ အခုပဲ ချက်ချင်း ထုတ်ပေးပါ့မယ်"

​ချန်ကျီက ဤဆိုင်ကို ဝယ်ယူစဉ်ကတည်းက ကင်းလှည့်အဖွဲ့က စီမံခ လာရောက် ကောက်ခံလိမ့်မည် ဖြစ်ကြောင်း သိရှိထားခဲ့သည်။

​သို့သော်လည်း လာရောက်သူမှာ မြို့သခင်နှင့် သူ၏ လက်ထောက်အရာရှိ ဖြစ်နေလိမ့်မည်ဟုမူ သူ ထင်မှတ်မထားခဲ့မိပေ ။

​ယခုအခါ ချန်ကျီ စိတ်ထဲ၌ မြို့သခင် လာရောက်ရခြင်းမှာ စီမံခ ကောက်ခံခြင်းက အကြောင်းပြချက်သက်သက်သာ ဖြစ်ပြီး အဓိကအားဖြင့် ဤမြို့သခင် လျိုထိုင်တွင် သေချာပေါက် အခြား ရည်ရွယ်ချက် ရှိနေကြောင်းကို ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။

​ချန်ကျီက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀ ကို ထုတ်ယူကာ ကောင်တာပေါ်သို့ တင်ပေးလိုက်သည်။ "လက်ထောက်အရာရှိ... တစ်ချက်လောက် စစ်ဆေးပေးပါဦး"

​ဝူထုံက ကြည့်ပင်မကြည့်တော့ဘဲ ဝိညာဉ်ကျောက်တုံး ၂၀၀ ကို သိုလှောင်အိတ်အတွင်းသို့ တိုက်ရိုက် သိမ်းဆည်းလိုက်သည်။

​"ဒါက မင်း စီမံခ ပေးဆောင်ပြီးကြောင်း သက်သေပဲ"

​"ဟုတ်ကဲ့ပါ ၊ ကျေးဇူးတင်ပါတယ်"

​"မလိုပါဘူး"

​ချန်ကျီနှင့် ဝူထုံတို့က ရင်းနှီးစွာဖြင့် ဆွေးနွေးမှုကို အဆုံးသတ်လိုက်ကြသည်။

​"လက်ထောက်အရာရှိ... တကယ်လို့ နောက်တစ်ခေါက် ပစ္စည်းလာဝယ်တာမျိုး မဟုတ်ဘူး ဆိုရင်တော့ တကယ်ပဲ တန်းစီနေဖို့ မလိုအပ်ပါဘူး ၊ နောက်တစ်ခေါက်ကျရင် တိုက်ရိုက် ဝင်လာခဲ့လို့ ရပါတယ်"

​ချန်ကျီက စေတနာဖြင့် တစ်ချက် သတိပေးလိုက်ခြင်း ဖြစ်ပေသည်။

​"ဘာလို့ စောစောက မပြောတာလဲ"

​ဝူထုံက အမှန်တကယ်ပင် တစ်ခုခုကို ထပ်မံ ပြောချင်သေးသော်လည်း မြို့သခင် လျိုထိုင်၏ မနှစ်လိုသော မျက်လုံးများကို သတိပြုမိလိုက်သဖြင့် ပြောမည့် စကားများကို ချက်ချင်း ပြန်လည် မြိုသိပ်လိုက်ရတော့သည်။

​"ကိစ္စ ပြီးသွားပြီဆိုရင် မင်း အရင် ထွက်သွားနှင့်တော့" မြို့သခင် လျိုထိုင်က ပြော လိုက်သည်။

​"အာ..."

​"ဟမ်" မြို့သခင် လျိုထိုင်က လက်ထောက်အရာရှိကို အကြည့်တစ်ချက် ပေးလိုက်သည်။

​ဝူထုံသည် သူ ရှိနေခြင်းက အနှောင့်အယှက် ဖြစ်နေကြောင်း သိရှိသွားခဲ့ပြီး လျိုထိုင်က ရှန်းဝမ်စန်းနှင့် အခြားကိစ္စများကို ပြောဆိုရန် ရှိနေသဖြင့် သူ ရှောင်ပေးရမည် ဖြစ်ကြောင်း ရိပ်မိသွားသည်။

​ဝူထုံက ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ"

​သူက ချက်ချင်းပင် အနန္တ ကုန်စုံဆိုင်အပြင်သို့ လှမ်းထွက်သွားခဲ့ပြီး တံခါးဝ၌ ရပ်တန့်ကာ စောင့်ကြပ်နေခဲ့တော့သည်၊ ထို့ပြင် အတွင်းသို့ ဝင်ရန် ပြင်ဆင်နေသော နောက်ထပ် တန်းစီနေသည့် တစ်ကိုယ်တော် ကျင့်ကြံသူကိုလည်း သူက တားဆီးထားလိုက်သည်။

​ချန်ကျီက လျိုထိုင် တစ်ဦးတည်း ကျန်ရစ်ခဲ့ရသည့် အကြောင်းရင်းကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပြီ ဖြစ်သဖြင့် ခပ်ဖွဖွ ပြုံးကာ ပြောလိုက်သည်။ "မြို့သခင်လျို... အရှင်က စောစောက တမင်တကာ တန်းစီပြီး ဝင်လာခဲ့တာဆိုတော့ သေချာပေါက် ဝယ်ယူချင်တဲ့ ပစ္စည်း ရှိနေလို့ မဟုတ်ပါလား"

​"ဟားဟား... ဆိုင်ရှင်ရှန်းက တကယ်ပဲ ပွင့်လင်းပြတ်သားတဲ့ လူတစ်ယောက်ပဲ၊ ကောင်းပါတယ်၊ ငါလည်း စကားကွေ့ပတ်တာ တွေ ပြောနေဖို့ မလိုတော့ဘူးပေါ့"

​လျိုထိုင်သည်လည်း ချန်ကျီက ဤမျှအထိ ပွင့်လင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ ၊ သူက ဝူထုံအား တမင်တကာ တန်းစီခိုင်းခဲ့ခြင်းမှာလည်း ဤရှန်းဝမ်စန်းက မြော်မြင်တတ်ပြီး အာဝဇ္ဇန်းရွှင် သော လူစားမျိုး မဟုတ်ကြောင်း မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ပေသည်။

​ထို့ပြင် ရှန်းဝမ်စန်း၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အုတ်မြစ်ချခြင်းအဆင့် နှောင်းပိုင်း ဖြစ်နေပြီး သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် အနည်းငယ်သာ ကွာခြားကြောင်း သိရှိထားခဲ့သည်။

​လျိုထိုင်က စိတ်ထဲ၌ ဤရှန်းဝမ်စန်းက မည်သည့်အရပ်မှ ရောက်ရှိလာသော အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်သနည်းဟု ခန့်မှန်းနေခဲ့ပြီး ဤအနန္တ ကုန်စုံဆိုင်ကို သေချာပေါက် ရှန်းဝမ်စန်း တစ်ဦးတည်းနှင့် ထောက်ကန်ထားနိုင်ခြင်း မဟုတ်ကြောင်း သိရှိသည်။

​သူ၏ နောက်ကွယ်၌ သေချာပေါက် အခြားသော အင်အားစုများ ရှိနေပေလိမ့်မည်၊ သို့မဟုတ်ပါက ဤမျှအထိ များပြားလှသော ကျင့်ကြံခြင်း အရင်းအမြစ်များကို ထုတ်ယူကာ ရောင်းချနိုင်ရန် မဖြစ်နိုင်ပေ ၊ ထို့ပြင် ရောင်းချသော စျေးနှုန်းများမှာလည်း စျေးကွက်ပေါက်စျေးထက် များစွာ ပိုမို နိမ့်ကျနေခဲ့သည်။

​ဤအခြင်းအရာက ရှန်းဝမ်စန်း၏ နောက်ကွယ်ရှိ အင်အားစုတွင် အဆင့်မြင့် ဆေးပညာရှင် ကျွမ်းကျင်သူ သေချာပေါက် ရှိနေကြောင်းကိုသာ သက်သေပြနေခဲ့သည်၊ သို့မဟုတ်ပါက ဤကဲ့သို့ ပစ္စည်းများကို စိတ်ကြိုက် အရောင်းအဝယ် ပြုလုပ်နိုင်ရန် မဖြစ်နိုင်ပေ ။

​သို့သော်လည်း လျိုထိုင်က သူ့ကိုယ်သူ ကောင်းစွာ သိသည်၊ သူက မြို့တစ်မြို့၏ မြို့သခင် ဖြစ်နေသော်လည်း သူက အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သဖြင့် ရှန်းဝမ်စန်း၏ နောက်ကွယ်ရှိ အင်အားစုကို လိုက်လံ စုံစမ်းနေရန် မလိုအပ်ပေ ၊ သူ လိုအပ်သော ပစ္စည်းကို ဝယ်ယူရရှိနိုင်လျှင်ပဲ လုံလောက်ပြီ ဖြစ်သည်။

​"ဒါဆိုရင် မြို့သခင်လျို... အရှင်က ဒီတစ်ခေါက် ဘယ်လိုပစ္စည်းမျိုးကို ဝယ်ယူချင်လို့လဲ"

​လျိုထိုင်က ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သော်လည်း နောက်ဆုံးတွင်တော့ ပြောလိုက်သည်။ "ငါ ရွှေအူတိုင် အဆင့်တက် ဆေးလုံး တစ်လုံး ဝယ်ချင်လို့ပါ"

​လျိုထိုင် လိုချင်သော ပစ္စည်းမှာ အဆင့်တက် ဆေးလုံး ဖြစ်ကြောင်း ကြားရသောအခါ ချန်ကျီက လျိုထိုင်အား အဓိပ္ပာယ်ပါပါဖြင့် စိုက်ကြည့်လိုက်သည်။

​သူသည်လည်း လျိုထိုင်က ရွှေအူတိုင် အဆင့်သို့ပင် တက် ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ထင်မှတ်မထားခဲ့မိပေ ။

​လျိုထိုင်က ဝမ်နန်မြို့၏ မြို့သခင် ဖြစ်သဖြင့် ချန်ကျီအနေနှင့်လည်း တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို မဆင်မခြင် စစ်ဆေးရန် မသင့်တော်ပေ ။

​ယခုအခါ လျိုထိုင်၏ နယ်ပယ်ကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်ပြီ ဖြစ်သော်လည်း ချန်ကျီက ထိုနေရာ၌ပင် ချက်ချင်း အတည်ပြုရန် မသင့်တော်ပေ ။

​သူ့တွင် တစ်ဖက်လူ လုံးဝ မသိရှိနိုင်သော အခြေအနေမျိုး၌ ကျင့်ကြံခြင်း နယ်ပယ်ကို စစ်ဆေးနိုင်သည့် ကောင်းကင်မျက်စိ စွမ်းရည် ရှိနေသော်လည်း ယခုအချိန်တွင်မူ ထိုသို့ ပြုလုပ်ရန် မလိုအပ်ပေ ၊ လျိုထိုင်က သူ၏ ရန်သူ မဟုတ်ပေ ။

​ထို့ပြင် ယနေ့ ထိတွေ့ခဲ့ရသော အခြေအနေများအရ ချန်ကျီသည် လျိုထိုင်က အလွန်ပင် စည်းစနစ်ကျသော လူတစ်ယောက် ဖြစ်ကြောင်း ခံစားရသဖြင့် ဆက်လက် ပတ်သက်၍ ရနိုင်ပေသည်။

​ချန်ကျီက အချိန်ဆွဲမနေဘဲ ပြောလိုက်သည်။ "ရွှေအူတိုင် အဆင့်တက် ဆေးလုံး ရှိပါတယ်၊ ဒါပေမဲ့ ရက်အနည်းငယ်လောက်တော့ စောင့်ရပါမယ်"

​ချန်ကျီက ဤသို့ ပြောလိုက်သည့် အခါတွင် လျိုထိုင်၏ မျက်နှာထက်၌ ဝမ်းသာရိပ်များ ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။

​သူသည် မူလက ကံစမ်းသည့် အနေဖြင့်သာ လာ မေးခြင်း ဖြစ်ပြီး အဆင့်တက် ဆေးလုံး ဆိုသည်မှာ ဤမျှအထိ လွယ်ကူစွာ ရရှိနိုင်သော အရာမျိုး မဟုတ်ပေ ။

​အဆင့်တက် ဆေးလုံး ပေါ်လာတိုင်းတွင် စျေးနှုန်း ရှိသော်လည်း ပစ္စည်းမရှိသော အခြေအနေမျိုးသာ ဖြစ်လေ့ရှိသည်။

​ယခုအခါ တွေ့သွားခဲ့ပြီ ဖြစ်ရာ သူက သဘာဝကျကျပင် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရပြီး အဆင့်တက် ဆေးလုံးကို သေချာပေါက် လက်ဝယ် ရရှိအောင် ပြုလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

​သူက သူကိုယ်တိုင် အဆင့်တက် ရန်အတွက် သေချာရေရာမှု မရှိသဖြင့်သာ ဤအဆင့်တက် ဆေးလုံးကို အသုံးပြု၍ အဆင့်တက်မှု အောင်မြင်နှုန်းကို မြှင့်တင်ချင်ခြင်း ဖြစ်ပေသည်။

​တစ်ချိန်တည်းမှာပင် သူက သူ၏ ခန့်မှန်းချက်များအားလုံး မှန်ကန်ကြောင်းကိုလည်း ခံစားလိုက်ရသည်။

​ရှန်းဝမ်စန်းက အဆင့်တက် ဆေးလုံး ရှိသော်လည်း ရက်အနည်းငယ် စောင့်ရမည်ဟု ပြောခြင်းက အခြားနေရာမှ သယ်ဆောင်လာရမည် ဖြစ်ကြောင်း ထင်ရှားလှပေသည်။

​ဤအချက်က သူ၏ စိတ်ထဲမှ ခန့်မှန်းချက်ကို ပိုမို ခိုင်မာသွားစေခဲ့ပြီး အနန္တ ကုန်စုံဆိုင်၏ နောက်ကွယ်တွင် သေချာပေါက် အစွမ်းထက်သော အင်အားစုတစ်ခု ရှိနေပေလိမ့်မည်။

All Chapters