အခန်း ၉၂
Vol. 10 Ch. 92
အခန်း (၉၂) ဒီလိုမျိုးပဲ အရောင်းအဝယ် ဖြစ်သွားတာလား
"ဘယ်လောက်ကြာမလဲ" လျိုထိုင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
"သုံးရက်ဝန်းကျင်လောက်ပါပဲ" ချန်ကျီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ဒီလောက်တောင် မြန်တာလား" လျိုထိုင်က မအံ့ဩဘဲ မနေနိုင်တော့ပေ။
"မြို့သခင်လျို စိတ်ချပါ၊ ပစ္စည်းပို့ဆောင်ပေးမယ့် ကိစ္စနဲ့ပတ်သက်ရင် ကျွန်တော် တို့ အနန္တ ကုန်စုံဆိုင်က ပြောရင် ပြောတဲ့အတိုင်း လုပ်နိုင်ပါတယ်"
"ကောင်းပြီ... ဒါဆိုရင် ငါ တစ်လုံး ယူမယ်" လျိုထိုင်က ထပ်ပြီး တွေးမနေတော့ပေ၊ သူ၏ စိတ်ထဲ၌ သူ သတ်မှတ်ထားသော ခန့်မှန်းချက်ကိုသာ အခိုင်အမာ ယုံကြည်ထားလိုက်တော့သည်။
"ရပါတယ်၊ ဒါပေမဲ့ ဒီအဆင့်တက် ဆေးလုံးရဲ့ အဖိုးတန်မှု အတိုင်းအတာကို မြို့သခင်လျိုလည်း နားလည်မှာပါ"
လျိုထိုင်က ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲ၌ အနည်းငယ် သံသယ ဖြစ်သွားရသည်၊ အခြား ဘာများ အပြောင်းအလဲ ရှိနေသေးလို့လဲ။
"ဒါ့အပြင် ကျွန်တော် တို့ အနန္တ ကုန်စုံဆိုင်က အလယ်အလတ်အဆင့် အရည်အသွေးရှိတဲ့ ဆေးလုံးတွေကိုပဲ ရောင်းချတာပါ၊ အခုလည်း တခြားနေရာကနေ အထူးတလည် ပစ္စည်းလှမ်းယူရမှာဆိုတော့ စျေးနှုန်းအပိုင်းမှာတော့ နည်းနည်း ပိုကြီးနိုင်ပါတယ်"
"ဒါကလည်း ဖြစ်သင့်ဖြစ်ထိုက်ပါတယ်"
ချန်ကျီ ပြောသော စကားကို လျိုထိုင်လည်း စိတ်ထဲ၌ ကောင်းစွာ နားလည်ပါသည်၊ စျေးနည်းနည်း ကြီးသည်ကို သူ ဂရုမစိုက်ပေ ။
ဤမျှ နှစ်ပေါင်းများစွာ မြို့သခင် လုပ်လာခဲ့သဖြင့် သူ၏ထံ၌ ဝိညာဉ်ကျောက်တုံး အချို့တော့ ရှိပေသည်၊ အဆင့်တက် ဆေးလုံးကို ဝယ်ယူရရှိနိုင်လျှင်ပဲ ကျန်တဲ့အရာတွေက ပြဿနာ မဟုတ်ပေ။
ချန်ကျီက ဤစကားများကို ပြောနေစဉ်အတွင်း လျိုထိုင်၏ မျက်နှာအမူအရာကို အမြဲတစေ အကဲခတ်နေခဲ့သည်။
ရွှေအူတိုင် အဆင့်တက် ဆေးလုံးက တတိယ အဆင့် ဆေးလုံးမျှသာ ဖြစ်ပြီး အနန္တ စတိုးဆိုင် အတွင်း၌ အချိန်မရွေး လဲလှယ်၍ ရပေသည်။
သို့သော်လည်း တတိယ အဆင့်ရှိ အဆင့်တက် ဆေးလုံးကို မည်မျှအထိ သင့်တော်သော စျေးနှုန်းဖြင့် ရောင်းချရမည်ကို သူ မသိပေ ။
အနန္တ စတိုးဆိုင်အတွင်း၌ တတိယ အဆင့် အဆင့်တက် ဆေးလုံးတစ်လုံးကို လဲလှယ်ရန် အမှတ် ၆၀၀ လိုအပ်သည်။
သို့သော်လည်း အပြင်ဘက်၌ မည်သည့်စျေးနှုန်းဖြင့် ရောင်းချရမည်ကိုမူ ချန်ကျီ စိတ်ထဲ၌ ဆုံးဖြတ်ချက် မချနိုင်သေးပေ။
စျေးနှုန်း အလွန်အမင်း ကြီးမြင့်သွားလျှင် လျိုထိုင်က ဝယ်ယူနိုင်မည် မဟုတ်ပေ။
စျေးနှုန်း အလွန်အမင်း နိမ့်ကျသွားလျှင်လည်း သေချာပေါက် လျိုထိုင်အား သံသယ ဖြစ်စေပေလိမ့်မည်။
ထို့ပြင် သူက လျိုထိုင်အား သူ၏ နောက်ကွယ်တွင် အလွန်အမင်း အစွမ်းထက်သော အင်အားစုကြီး ရှိနေသည်ဟူသော အထင်အမှားကို အမြဲ ပေးထားခဲ့သည်။
ယခု ပြုလုပ်နေသော အရာအားလုံးက လျိုထိုင် သံသယ မဖြစ်စေရန်အတွက် ဖြစ်ပေသည်။
အကယ်၍ ဆေးလုံး၏ စျေးနှုန်းကြောင့်သာ လျိုထိုင်က သံသယ ဝင်သွားခဲ့လျှင် အစောပိုင်းက ပြုလုပ်ခဲ့သမျှ အရာအားလုံးက တန်ဖိုးမရှိ ဖြစ်သွားပေလိမ့်မည်။
ဤလူသား ပုံရိပ်ကို သေချာပေါက် အခိုင်အမာ တည်ဆောက်ထားရမည် ဖြစ်သည်။
"တကယ်လို့ မြို့သခင်လျိုက တတိယ အဆင့် အဆင့်တက် ဆေးလုံးကို သေချာပေါက် လိုချင်တယ် ဆိုရင်တော့... မြို့သခင်လျိုအနေနဲ့ စပေါ်ငွေ တစ်ဝက်ကို ကြိုတင် ပေးချေရပါမယ်"
လျိုထိုင်က တွေးတောင် မတွေးဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။ "ရတယ်... ဆိုင်ရှင်ရှန်း စျေးနှုန်းတစ်ခုသာ ပြောလိုက်၊ ငါ အခုပဲ ဝိညာဉ်ကျောက်တုံးတွေကို မင်းဆီ ပေးလို့ရတယ်"
ချန်ကျီသည်လည်း လျိုထိုင်က ဤမျှအထိ ပွင့်လင်းပြတ်သားလိမ့်မည်ဟု ထင်မထားခဲ့မိသဖြင့် စျေးနှုန်းကို မည်သို့ သတ်မှတ်ရမည်ကို စဉ်းစားရင်း ခေတ္တ တုံ့ဆိုင်းသွားခဲ့ရသည်။
ချန်ကျီက စျေးနှုန်းကို ချက်ချင်း မပြောသည်ကို မြင်ရသောအခါ လျိုထိုင်က အနည်းငယ် စိတ်လောသွားခဲ့ပြီး ပြုံးကာ ပြောလိုက်သည်။ "ဆိုင်ရှင်ရှန်း... ငါက ဒီလောက် နှစ်တွေအထိ ဒီဝိညာဉ်ကျောက်တုံး အနည်းငယ်ကိုပဲ စုဆောင်းထားနိုင်တာမလို့ မင်းဘက်က စျေးကို မိုးပေါ်အထိ အဆမတန် မတောင်းပါနဲ့"
လျိုထိုင်က ဤသို့ ပြောသည်ကို ကြားရသောအခါ ချန်ကျီက စိတ်ထဲ၌ မချင့်မရဲ ဖြစ်မိသွားသည်။ "မင်းက မြို့သခင်တစ်ယောက် ဖြစ်ပြီးတော့ ဝိညာဉ်ကျောက်တုံး မရှိဘူးလို့ ပြောနေတာကို... ဘယ်သူက ယုံမှာလဲ"
ချန်ကျီက စိတ်ထဲ၌ မချင့်မရဲ ဖြစ်နေသော်လည်း လျိုထိုင်က ဤသို့ ပြောလာပြီ ဖြစ်သဖြင့် သူက ပြုံးကာ ပြော လိုက်သည်။ "ဒါဆိုရင်လည်း... မြို့သခင်လျိုပဲ စျေးနှုန်းတစ်ခု ပြောကြည့်ပါလား၊ သင့်တော်မယ် ဆိုရင်တော့ ကျွန်တော် ရောင်းပေးပါ့မယ်၊ ဒါက မြို့သခင်လျိုနဲ့ မိတ်ဆွေအဖြစ် ဖွဲ့ရတဲ့ သဘောပေါ့"
"တကယ်လား" လျိုထိုင်က သူ နားကြားမှားသွားသလားဟု သံသယ ဝင်သွားသည်။
"တကယ်ပါ၊ မြို့သခင်လျိုလို မိတ်ဆွေမျိုးနဲ့ အဆက်အသွယ် ရတာက ကျွန်တော် တို့ အနန္တ ကုန်စုံဆိုင်ရဲ့ ဂုဏ်ယူစရာပဲမလို့ အရှင် စိတ်ကြိုက် စျေးပေးနိုင်ပါတယ်"
ချန်ကျီ လိုချင်သည်က ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်သည်၊ လျိုထိုင်အား သူ့ဘာသာ စျေးသတ်မှတ်ခိုင်းခြင်းက သူ တောင်းဆိုမည့် စျေးနှုန်းထက် လုံးဝ နိမ့်ကျသွားမည် မဟုတ်ပေ ။
လျိုထိုင် ပေးမည့် စျေးနှုန်းက မည်မျှပင် နိမ့်ပါစေ ချန်ကျီအတွက်ကတော့ သေချာပေါက် အမြတ်ထွက်နေမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချန်ကျီသည် လျိုထိုင်က ပေါင်းသင်းဆက်ဆံရန် သင့်မသင့် ဆိုသည်ကိုလည်း အကဲခတ်နိုင်ပေသည်။
လျိုထိုင်ကမူ တုံ့ဆိုင်းသွားခဲ့ရသည်။ "ဒါက မကောင်းပါဘူး၊ ဆိုင်ရှင်ရှန်းပဲ စျေးနှုန်း သတ်မှတ်ပါ၊ မင်းကို အရှုံးခံပြီး အရောင်းအဝယ် မလုပ်စေချင်ပါဘူး"
ချန်ကျီက တည်ငြိမ်စွာ ပြုံးလိုက်သည်။ "မြို့သခင်လျို ပေးမယ့် စျေးနှုန်းက သေချာပေါက် မျှတမှာပါ ကျွန်တော် တို့ အနန္တ ကုန်စုံဆိုင်ကို အရှုံးမရှိစေဘူးလို့ ယုံကြည်ပါတယ်"
"ဒါ..." ဤအရာက လျိုထိုင်အား အခက်ကြုံသွားစေခဲ့ပြီ ဖြစ်သည်၊ ခုနက စကားနောက်ရုံမျှသာ ပြောလိုက်ခြင်း ဖြစ်ပြီး တစ်ဖက်ရှိ ရှန်းဝမ်စန်းက ဤမျှအထိ ပွင့်လင်းစွာ သဘောတူလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ ။
ထို့ပြင် လက်ရှိ အခြေအနေအရ သူက စျေးနှုန်း မပြောလျှင်လည်း မရတော့မည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။
တတိယ အဆင့် အဆင့်တက် ဆေးလုံးကို သူလည်း မမြင်ဖူးပေ ၊ မည်မျှအထိ စျေးပေါက်သည် ဆိုသည်ကို ကြားဖူးရုံမျှသာ ရှိပြီး ထိုစျေးနှုန်းကလည်း လေလံပွဲများဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
"ဘာမှမဖြစ်ပါဘူး မြို့သခင်လျို၊ အရှင် အဆင်ပြေမယ့် စျေးကိုသာ ပေးပါ၊ အနန္တ ကုန်စုံဆိုင်က ပြောတဲ့အတိုင်း လုပ်ပေးဖို့ အာမခံပါတယ်" ချန်ကျီက လျိုထိုင်အား ပြုံး၍ ကြည့်လိုက်သည်။
ချန်ကျီက စိတ်ထဲ၌ တွေးနေမိသည်၊ ဤတစ်ခေါက်တော့ မင်းကို အပိုင်ချုပ်လိုက်နိုင်ပြီပဲ။
လက်ရှိ အခြေအနေက လျိုထိုင်အား ကြပ်တည်းသွားစေခဲ့သည်။
လျိုထိုင်က လက်ညှိုးနှစ်ချောင်းကို ဖြည်းညင်းစွာ ထုတ်ပြလိုက်ပြီး အမှတ်အသား ပြုလုပ်လိုက်သည်။
၎င်းနောက်တွင် သူက စမ်းသပ်သည့် လေသံဖြင့် ပြောလိုက်သည်။ "နှစ်သောင်းလား"
"အရောင်းအဝယ် တည့်ပါပြီ"
"ဟမ်"
ချန်ကျီသည် လျိုထိုင်က လက်ညှိုးနှစ်ချောင်း ပြလိုက်သည့် အချိန်ကတည်းက စိတ်ထဲ၌ အလွန်အမင်း ဝမ်းသာသွားခဲ့ရပြီ ဖြစ်သည်။
သူက ဤလက်ညှိုးနှစ်ချောင်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၀၀၀ ဟု သဘာဝကျကျ သတ်မှတ်မည် မဟုတ်ပေ ၊ အကယ်၍ ထိုမျှသာ ဆိုလျှင် သူလည်း လျိုထိုင်နှင့် အရောင်းအဝယ် ပြုလုပ်နေရန် မလိုအပ်တော့ပေ။
လျိုထိုင်က နှစ်သောင်းဟူသော ဂဏန်းကို ပြောလိုက်သည့် အချိန်တွင်ပင် ချန်ကျီက သူ့အား ချက်ချင်း ပြန် အဖြေပေးလိုက်ခြင်း ဖြစ်ပေသည်။
အခြားသူအား စျေးနှုန်း သတ်မှတ်ခိုင်းခြင်းက တကယ်ပဲ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်း တောင် ဖြစ်ပေသည် မဟုတ်ပါလော။
၎င်းက အနန္တ စတိုးဆိုင်အတွင်းရှိ လဲလှယ်စျေးနှုန်းထက် အဆပေါင်း ၃၀ ကျော်အထိ မြင့်မားနေခဲ့သဖြင့် အဆမတန် အမြတ်ထွက်သွားခဲ့ရပြီ ဖြစ်သည်။
လျိုထိုင်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းဟူသော စျေးနှုန်းကို ပြောလိုက်သည့် အချိန်တွင် ချန်ကျီက ဤမျှအထိ ပွင့်လင်းစွာဖြင့် ချက်ချင်း သဘောတူလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ ။
သူ ပြောလိုက်သော ဤစျေးနှုန်းက မနိမ့်ပေ ၊ သို့သော်လည်း အလွန်အမင်း မြင့်မားသည်ဟုတော့ ပြော၍ မရနိုင်ပေ ။
တတိယ အဆင့် အဆင့်တက် ဆေးလုံးက ယခင်က လေလံပွဲများတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသောင်း အထိပင် စျေးပေါက်ဖူးကြောင်း သူ သိထားခဲ့သည်။
ယခုအခါ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းဟု စျေးပေးလိုက်ခြင်းက ပုံမှန် စျေးကွက်ပေါက်စျေးအတိုင်းသာ ရှိသည်ဟု ပြောနိုင်ပေသည်။
သို့သော်လည်း တတိယ အဆင့် အဆင့်တက် ဆေးလုံးက စျေးနှုန်း ရှိသော်လည်း ပစ္စည်းမရှိတတ်သဖြင့် မည်သို့ပင်ဖြစ်စေ ယခုအခါ သူ့ဘက်က အမြတ်ထွက်သွားခြင်း ဖြစ်ပေသည်။
ချန်ကျီက ဤမျှအထိ ပွင့်လင်းစွာ သဘောတူသည်ကို မြင်ရသောအခါ သူက အနည်းငယ်ပင် အားနာသွားခဲ့ရသည်။
"နောက်ထပ် နည်းနည်း ထပ်တိုးပေးရမလား"
"မလိုပါဘူး၊ မြို့သခင်လျို ပြောတဲ့ စျေးနှုန်းအတိုင်းပဲ ထားလိုက်ပါ၊ အခု အရှင်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကို စပေါ်ငွေအဖြစ် အရင် ပေးချေလိုက်ပါ၊ သုံးရက်ကြာရင် ပစ္စည်းလာယူလို့ ရပါပြီ"
ချန်ကျီ၏ စိတ်ထဲ၌ အတိုင်းအထက်အလွန် ဝမ်းသာနေခဲ့သော်လည်း မျက်နှာထက်၌မူ မည်သည့် အရိပ်အယောင်မျှ မပြဘဲ လက်ရှိ စျေးနှုန်းက လျိုထိုင်နှင့် မိတ်ဆွေဖွဲ့ရန်အတွက် သတ်မှတ်ပေးလိုက်သည့် ပုံစံမျိုးကိုသာ ပြုလုပ်ထားလိုက်သည်။
လျိုထိုင်သည်လည်း ချန်ကျီ၏ အတွေးကို ရိပ်မိသွားပုံရသဖြင့် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။ "ကောင်းပါပြီ ဆိုင်ရှင်ရှန်း၊ မင်းကို ငါ လျိုထိုင် က မိတ်ဆွေအဖြစ် သေချာပေါက် သတ်မှတ်လိုက်ပါပြီ"
လျိုထိုင်ကလည်း မြော်မြင်တတ်သော လူတစ်ယောက် ဖြစ်ပေသည်၊ သို့မဟုတ်ပါက ဤမြို့သခင် ရာထူးနေရာကို ရရှိနိုင်မည် မဟုတ်ပေ ။
ချန်ကျီက ဤသို့ ပြုလုပ်ခြင်းမှာ နောင်တွင် အနန္တ ကုန်စုံဆိုင်ကို ဝမ်နန်မြို့၌ ရေရှည် အရောင်းအဝယ် ပြုလုပ်သွားချင်သဖြင့် သူ၏ အကာအကွယ်ကို ရယူချင်ခြင်း ဖြစ်လိမ့်မည်ဟု သူ ခန့်မှန်းလိုက်သည်။
သူက ဤအဆင့်တက် ဆေးလုံးကို ဝယ်ယူပြီးနောက်တွင် နောင်၌ ဝမ်နန်မြို့ရှိ အခြားသော မိသားစု အင်အားစုများက အနန္တ ကုန်စုံဆိုင်အပေါ် တိုက်ခိုက် ရန် ကြံစည်လာခဲ့လျှင် သူ့အနေနှင့် ချန်ကျီ၏ ဘက်က ရပ်တည်ပေးရမည် ဖြစ်ကြောင်း သိထားခဲ့သည်။
သို့သော်လည်း သေချာ စဉ်းစားကြည့်လျှင် ဘာမှမဖြစ်ပေ ၊ သူ့တွင် ဤအဆင့်တက် ဆေးလုံး ရှိနေပြီ ဖြစ်သဖြင့် နောင်တွင် ရွှေအူတိုင် အဆင့်သို့ တက်လှမ်းနိုင်ရန်မှာ အနှေးနှင့်အမြန် ကိစ္စသာ ဖြစ်ပေသည်။
မူလကတည်းက ဝမ်နန်မြို့ရှိ ၎င်းမိသားစု အင်အားစုများကို သူက ကြည့်မရ ဖြစ်နေခဲ့သည်မှာ ကြာလှပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့် မလုံလောက်သဖြင့်သာ လူသူမနီးဘဲ အေးအေးဆေးဆေး နေထိုင်ခဲ့ရခြင်း ဖြစ်ပေသည်။
သို့သော်လည်း နောင်တွင်တော့ တူညီတော့မည် မဟုတ်ပေ ၊ ဝမ်နန်မြို့က မည်သို့ပင်ဖြစ်စေ တာ့ချန်မင်းဆက် ၏ နယ်မြေ ဖြစ်သဖြင့် ၎င်းမိသားစု အင်အားစုများကို ကောင်းစွာ ပြုပြင်ထိန်းကျောင်းရမည် ဖြစ်ပေသည်။
ချန်ကျီက လျိုထိုင် ကမ်းပေးလာသော သိုလှောင်အိတ်ကို လှမ်းယူလိုက်ပြီး အသိစိတ်ဖြင့် အနည်းငယ် စစ်ဆေးကြည့်လိုက်ရာ သိုလှောင်အိတ်အတွင်း၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တိတိကျကျ တစ်သောင်း ရှိနေပေသည်။
ချန်ကျီက ဤသိုလှောင်အိတ်ကို တိုက်ရိုက်ပင် သိမ်းဆည်းလိုက်ပြီး လျိုထိုင်ထံသို့ ပြန် ပေးအပ်ရန် စိတ်ကူးမရှိပေ ။
"နောက်ကျရင် လည်း မြို့သခင်လျိုဘက်က ကူညီစောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်"
"ကောင်းပါပြီ"
"ပြီးတော့ နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်၊ မြို့သခင်လျိုအနေနဲ့ ကူညီပေးနိုင်မလား လို့ပါ"
ချန်ကျီက ဤသို့ ပြောသည်ကို ကြားရသောအခါ လျိုထိုင် စိတ်ထဲ၌ သံသယ ဖြစ်သွားခဲ့ရပြီး မနှစ်လိုမှု အနည်းငယ်ပင် ပေါ်ပေါက်လာခဲ့သည်။ "ဒီလောက်အထိ မြန်မြန်ဆန်ဆန်ပဲ အကူအညီ တောင်းတော့တာလား"
သို့သော်လည်း လက်ရှိတွင် မည်သို့မျှ ပြုလုပ်၍ မရပေ ၊ စရန် ငွေ ပေးချေပြီး ဖြစ်သော်လည်း အဆင့်တက် ဆေးလုံးကို သူ မရရှိသေးသောကြောင့် ဖြစ်ပေသည်။