← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) ယာယီ လျှို့ဝှက်ထားပေးပါ၊ မင်းနဲ့ အရမ်းလိုက်ဖက်တယ်

​"ဆိုင်ရှင်ရှန်း... ပြောပါ"

​"ဒီအဆင့်တက် ဆေးလုံးကိစ္စကို မြို့သခင်လျိုအနေနဲ့ ယာယီ လျှို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အုတ်မြစ်ချခြင်းအဆင့်ပဲ ရှိသေးတာမလို့... ဆေးလုံးရောက်လာတဲ့အခါ တခြားလူတွေ လောဘတက်ပြီး လာလုကြမှာမျိုး မဖြစ်စေချင်လို့ပါ"

​"ဒါ့အပြင် ကျွန်တော်တို့ဆိုင်ကလည်း တတိယ အဆင့် ဆေးလုံးတွေကို ရောင်းချဖို့ ယာယီ အစီအစဉ်မရှိသေးပါဘူး၊ ဒါကလည်း မြို့သခင်လျိုရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ တခြားနေရာကနေ အထူးတလည် ပစ္စည်းလှမ်းယူပေးရတာပါ"

​"ဒီလောက်တင်ပဲလား" လျိုထိုင်က ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ သူက အရေးကြီးသည့် ကိစ္စကြီးတစ်ခုခု ထင်နေခဲ့ခြင်း ဖြစ်ပေသည်။

​"ဟုတ်ကဲ့ပါ၊ မြို့သခင်လျိုအနေနဲ့ ယာယီ လျှို့ဝှက်ထားပေးဖို့ မျှော်လင့်ပါတယ်"

​"ဆိုင်ရှင်ရှန်း... ဒီလောက် အထိ အားနာနာနဲ့ ပြောနေဖို့ မလိုပါဘူး၊ မင်းမပြောရင်တောင် ငါက လျှို့ဝှက်ထားမှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါကိုယ်တိုင်လည်း အုတ်မြစ်ချခြင်းအဆင့်ပဲ ရှိသေးတာပဲလေ"

​"ဟားဟား... မြို့သခင်လျို ပြောတာ အကျိုးအကြောင်း ညီပါတယ်" ချန်ကျီ စိတ်အခြေအနေ အလွန်ကောင်းသွားခဲ့ရသည်၊ အမြင်ချင်းတူသည့် လူများနှင့် စကားပြောရသည်မှာ တကယ်ပဲ စိတ်ချမ်းသာစရာ ကောင်းလှပေသည်။

​ဤသို့ကြည့်ရလျှင် လျိုထိုင်သည်လည်း အချို့သောလူများကို အမြဲတစေ ကြောက်ရွံ့စိုးရိမ်နေရပုံ ရှိပေသည်။

​"ဒါနဲ့ မြို့သခင်လျို... ကျွန်တော်တို့ဆိုင်မှာ ဆန်းကြယ်အဆင့် လက်နက်တွေကိုလည်း ရောင်းချပေးနေတာ ရှိပါတယ်၊ တကယ်လို့ အရှင် လိုအပ်တယ်ဆိုရင်တော့... ဒီတစ်ခေါက်မှာ တစ်ပါတည်း ဝယ်ယူသွားလို့ ရပါတယ်၊ အချိန်ကျရင် အဆင့်တက် ဆေးလုံးနဲ့အတူ တစ်ခါတည်း ပို့ဆောင်ပေးလို့ ရတာပေါ့"

​ချန်ကျီသည် လျိုထိုင်က မိတ်ဆွေဖွဲ့ ရန် သင့်တော်သော လူတစ်ယောက် ဖြစ်ကြောင်း ခံစားရသည်၊ ထို့ပြင် ယခုအခါ ပတ်သက်မှုအချို့ ရှိနေပြီဖြစ်ရာ ဤပတ်သက်မှုကို ပိုမိုနက်ရှိုင်းအောင် ပြုလုပ်ရန် ဝန်မလေးတော့ပေ။

​လျိုထိုင်၏ ခွန်အား ကို ပိုမိုတောင့်တင်းလာအောင် ပြုလုပ်ပေးနိုင်လျှင် နောင်တွင် ဤဝမ်နန်မြို့ကလည်း ပိုမိုတည်ငြိမ်အေးချမ်းသွားပေလိမ့်မည်၊ ထိုအခါ သူကိုယ်တိုင်လည်း ဤနေရာ၌ ဆက် နေသွားနိုင်မည် ဖြစ်သည်။

​"ဆန်းကြယ်အဆင့် လက်နက်လား... ဘယ်လို အရည်အသွေးမျိုးလဲ"

​ဆန်းကြယ်အဆင့် လက်နက်အကြောင်း ကြားရသောအခါ လျိုထိုင်က စိတ်ဝင်စားသွားခဲ့ရသည်၊ လက်ရှိ သူကိုယ်တိုင် အသုံးပြုနေသည်မှာလည်း ဆန်းကြယ် အဆင့်နိမ့် လက်နက်မျှသာ ဖြစ်ပေသည်။

​သူ၏ ခွန်အား ကို ပိုမိုသန်မာအောင် ပြုလုပ်နိုင်မည့် အခွင့်အရေး ဖြစ်သဖြင့် သူက သဘာဝကျကျ ဆန္ဒရှိပေသည်၊ ထို့ပြင် အဆင့်တက် ဆေးလုံးကို ဝယ်ယူပြီးလျှင်ပင် သူ၏ ကိုယ်ပေါ်၌ ဝိညာဉ်ကျောက်တုံး အချို့ ကျန်ရှိနေသေးသည်။

​"အဆင့်နိမ့် ၊ အလယ်အလတ်၊ အဆင့်မြင့်... အားလုံး ရှိပါတယ်၊ အရှင် ဘယ်လိုမျိုး လိုချင်လဲဆိုတာပေါ်ပဲ မူတည်တာပါ"

​ချန်ကျီက လျိုထိုင် ငါးမျှားချိတ်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်သည်၊ လျိုထိုင်၏ ကိုယ်ပေါ်မှ ဝိညာဉ်ကျောက်တုံးများကို နောက်ထပ် တစ်ကြိမ် အမြတ်ထုတ်နိုင်တော့မည် ဖြစ်သည်။

​"အားလုံး ရှိတာလား... အဆင့်မြင့် အဆင့်ဆိုရင် ဘယ်လောက်ကျ မလဲ"

​လျိုထိုင်က ယခုအခါ အနန္တ ကုန်စုံဆိုင်ကို လုံးဝ အထင်မသေးရဲတော့ပေ၊ အနန္တ ကုန်စုံဆိုင်၏ နောက်ခံက တကယ်ပဲ အလွန်အမင်း နက်ရှိုင်းလွန်းလှပေသည်။

​"ရှေ့ကအတိုင်းပါပဲ၊ မြို့သခင်လျို စျေးတစ်ခုသာ ပေးလိုက်ပါ၊ ကျွန်တော် စကားနှစ်ခွန်း မပြောပါဘူး"

​လျိုထိုင်က အနည်းငယ် မယုံနိုင် ဖြစ်သွားရသည်၊ ဤအနန္တ ကုန်စုံဆိုင်က အနည်းငယ် ချမ်းသာမှု အလွန် ကြွယ်ဝလွန်းနေသည် မဟုတ်ပါလော။

​ချန်ကျီက စကားမဆိုတော့ဘဲ လျိုထိုင်အား ပြုံး၍သာ ကြည့်နေခဲ့ပြီး သူ၏ စျေးနှုန်းသတ်မှတ်ချက်ကို စောင့်ဆိုင်းနေလိုက်သည်။

​"နှစ်သောင်းလား"

​"အရောင်းအဝယ် တည့်ပါပြီ"

​ဤစျေးနှုန်းနှင့် ပတ်သက်၍ ချန်ကျီက အနည်းငယ်မျှ တုံ့ဆိုင်းခြင်း မရှိခဲ့ပေ ၊ အနန္တ စတိုးဆိုင်အတွင်း၌ဆန်းကြယ် အဆင့်မြင့် အဆင့်ရှိ လက်နက်တစ်ခုကို လဲလှယ်ရန် အမှတ် ၂၀၀ကို လိုအပ်သည်။

​အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းဟူသော စျေးနှုန်းက အဆင့်တက် ဆေးလုံးလောက် အမြတ်မထွက်သော်လည်း ဤစျေးနှုန်းက အဆပေါင်း ၁၀ ဆ ခန့် မြင့်တက်သွားခြင်း ဖြစ်ပေသည်။

​"နောက်တစ်ခါ အရောင်းအဝယ် တည့်ပြန်ပြီလား"

​လျိုထိုင် စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်သွားရသည်၊ ဤပစ္စည်းများကို ဝယ်ယူရသည်မှာ အလွန်အမင်း လွယ်ကူလွန်းနေသည် မဟုတ်ပါလော။

​ဒီကောင်က ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို လိမ်ညာနေတာတော့ မဟုတ်ပါဘူးနော်... ဒါပေမဲ့ ဘယ်လိုကြည့်ကြည့် လိမ်နေတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပဲ။

​"ရှေ့ကအတိုင်းပါပဲ မြို့သခင်လျို... အရှင်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကို စပေါ်ငွေအဖြစ် အရင် ပေးချေလိုက်ပါ၊ သုံးရက်ကြာရင် အဆင့်တက် ဆေးလုံးနဲ့ ဆန်းကြယ် အဆင့်မြင့် လက်နက်ကို အတူတူ လာယူလို့ ရပါပြီ"

​ချန်ကျီက ပြောပြီးနောက်တွင် လျိုထိုင်က မသိစိတ်ဖြင့် နောက်ထပ် သိုလှောင်အိတ်တစ်ခုကို ထပ်မံ ထုတ်ပေးလိုက်ပြန်သည်။

​သူက အနည်းငယ် သံသယ ဖြစ်မိသော်လည်း သူ၏ မသိစိတ်ကမူ ချန်ကျီကို ယုံကြည်ရန် ရွေးချယ်ထားဆဲ ဖြစ်ပေသည်။

​ချန်ကျီက သိုလှောင်အိတ်ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ရာ အတွင်း၌ လျော့နည်းခြင်း၊ ပိုလျှံခြင်း မရှိဘဲ တိတိကျကျ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ရှိနေပြန်သည်။

​"ဒါနဲ့ ကြုံလို့ မေးပါရစေ... အရှင်က ပုံမှန်ဆို ဘယ်လို လက်နက်အမျိုးအစားကို အသုံးပြုတာလဲ ၊ အချိန်ကျရင် အဲဒီဘက်ကလူတွေကို ဒီအတိုင်းပဲ တစ်ပုံစံတည်း ပြင်ဆင်ခိုင်းလိုက်ရင် အရှင် သုံးရတာ ပိုပြီး လက်ဝင်မှာမလို့ပါ"

​"ဓားပြား ကြီး ဆိုရင် ရပြီ" လျိုထိုင်က ချန်ကျီကြောင့် ဆက်တိုက် တုန်လှုပ်ခြောက်ခြားနေခဲ့ရသဖြင့် ထပ်ပြီး အံ့ဩမနေနိုင်တော့ပေ၊ သူ လိုချင်သော လက်နက်အမျိုးအစားကိုပင် စိတ်ကြိုက် ရွေးချယ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

​ဒါက ဆန်းကြယ် အဆင့်မြင့် အဆင့် ဖြစ်ပေသည် မဟုတ်ပါလော။ ကျင့်ကြံသူ မည်မျှအထိ အိပ်မက်မက်နေရသော လက်နက်မျိုး ဖြစ်သနည်း။

​ယခုအခါ သူက အနန္တ ကုန်စုံဆိုင်ကို လုံးဝ လေးစားသွားခဲ့ရပြီ ဖြစ်ရာ ချန်ကျီ ပြောသမျှကိုသာ လက်ခံလိုက်တော့သည်။

​"ဟားဟား... ဓားပြား ကြီးက အရှင်ရဲ့ အရှိန်အဝါနဲ့ အရမ်းကို လိုက်ဖက်ပါတယ်"

​"ဟဲဟဲ..." လျိုထိုင်က စိတ်မသက်မသာဖြင့် ရယ်မောလိုက်သည်။

​"ဒါဆိုရင် သုံးရက်ကြာမှ အရှင် ပြန်လာခဲ့တော့မလား"

​"ရတယ်... မင်း ဆက်ပြီး အရောင်းအဝယ် လုပ်တာကို ငါ မနှောင့်ယှက်တော့ပါဘူး" လျိုထိုင်က ပြောပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်၊ သို့သော်လည်း ရုတ်တရက် တစ်ခုခုကို သတိရသွားပုံရသည်။

​သူက လေသံကို အနည်းငယ် ထပ်မံ နှိမ့်လိုက်ပြီး ပြောလိုက်သည်။ "ယဲ့မိသားစုကို သတိထားပါ"

​"ယဲ့မိသားစုလား"

​လျိုထိုင် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး ချန်ကျီအား 'မင်း နားလည်ပါတယ်' ဟူသော မျက်နှာအမူအရာတစ်ခုကိုသာ ချန်ထားခဲ့သည်။

​"ရှန်းဝမ်စန်း... မင်း ဆက်လုပ်လိုက်ပါ၊ ငါ ပြန်တော့မယ်"

​"ဟုတ်ကဲ့ပါ သခင်"

​လျိုထိုင်နှင့် အရောင်းအဝယ် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ ချန်ကျီအနေနှင့်လည်း ဆက်လက် ရှိနေရန် မလိုအပ်တော့ပေ၊ အတွေး တစ်ချက်ဖြင့်ပင် အသိစိတ်က အိမ်တော်အတွင်းရှိ သူ၏ ခန္ဓာကိုယ်အစစ်ပေါ်သို့ ပြန်လည် ရောက်ရှိသွားခဲ့တော့သည်။

​"ယဲ့မိသားစုလား... ရွှေအူတိုင်အဆင့်ရှိတဲ့သူ တစ်ယောက် ရှိရုံတင်ပါ၊ အနှေးနဲ့အမြန် ပဲ ကြာမှာ "

​ချန်ကျီ ပြန်ရောက်လာသည်ကို သတိပြုမိလိုက်သောအခါ ကျောက်လင်းအာက ချက်ချင်း ပြေးလာပြီး ပြောလိုက်သည်။ "သခင်... ဘယ်လိုလဲ"

​"ဟားဟား... အဆမတန် အမြတ်ထွက်ခဲ့တယ်၊ သေချာပေါက် အရောင်းအဝယ် လုပ်တာကမှ ပိုက်ဆံအမြန်ဆုံး ရတဲ့ နည်းလမ်းပဲ"

​"ဟားဟား... သခင်က တကယ်ပဲ တော်ပါတယ်၊ အရင်က လင်းအာကပဲ အမြင်ကျဉ်းခဲ့တာပါ"

​ချန်ကျီ ပြန်ရောက်လာပြီးနောက်တွင် သူက အပြင်သို့ ခေတ္တမျှ ထွက်သွားရုံဖြင့် မည်မျှအထိ ဝိညာဉ်ကျောက်တုံးများ အမြတ်ထွက်ခဲ့ကြောင်းကို ကျောက်လင်းအာအား ပြောပြလိုက်သည်။

​ထို့ပြင် အနန္တ ကုန်စုံဆိုင်အတွက် ရွှေအူတိုင်အဆင့်သို့ မကြာမီ တက်လှမ်းတော့မည့် မြို့သခင်တစ်ဦးနှင့်လည်း မိတ်ဆွေဖွဲ့နိုင်ခဲ့သည်။

​"ဟားဟား... မင်းလည်း ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့၊ မင်း ပုံမှန် စိုးရိမ်ပူပန်ပေးခဲ့လို့သာ... ဒီကိစ္စတွေကို လုပ်တဲ့အခါ ငါက ပိုပြီး စဉ်းစားနိုင်ခဲ့တာပါ၊ မဟုတ်ရင် လက်ရှိ အစီအစဉ်လောက် သေချာပေါက် ကောင်းမှာ မဟုတ်ဘူး"

​တစ်ပြိုင်နက်တည်း ဝိညာဉ်ကျောက်တုံးများစွာ အမြတ်ထွက်ခဲ့သဖြင့် ချန်ကျီ စိတ်အခြေအနေ အလွန်ကောင်းနေခဲ့သည်။

​"လင်းအာ... ထမင်းနဲ့ ဟင်းအချို့ သွားပြင်ဆင်လိုက်ဦး၊ ဒီနေ့တော့ ကောင်းကောင်းစားပြီး အောင်ပွဲခံရမယ်"

​"ဟီးဟီး... ဟုတ်ကဲ့ပါ သခင်"

​ကျောက်လင်းအာက ပျော်ရွှင်စွာဖြင့် ချက်ပြုတ် ရန် ထွက်သွားခဲ့သည်။

​"ကြည့်ရတာ... ဝမ်နန်မြို့ထဲမှာ ချမ်းသာတဲ့လူတွေ ရှိနေသေးတာပဲ၊ ရှန်းဝမ်စန်းကို နည်းနည်းလောက် သတိပေးရမယ်၊ ဒီမိသားစု အင်အားစုတွေကို ကောင်းကောင်း ဧည့်ခံခိုင်းရမယ်"

​စိတ်ထဲမှ တွေးတောရင်း ချန်ကျီ၏ မျက်နှာထက်၌ ချစ်တီးကုလား များတွင်သာ ရှိတတ်သော သီးသန့် အမူအရာမျိုး ပေါ်ပေါက်လာခဲ့သည်။

​လျိုထိုင် ထွက်ခွာသွားပြီး မကြာမီ အချိန်အတွင်းမှာပင် ရှန်းဝမ်စန်းက နောက်ထပ် တစ်ကိုယ်တော် ကျင့်ကြံသူ အနည်းငယ်ကို ထပ်မံ ဧည့်ခံခဲ့ရသည်၊ အားလုံးက ပထမ အဆင့် ဆေးလုံးအချို့ကို လာ ဝယ်ယူကြခြင်း ဖြစ်ပေသည်။

​အခြားသော လက်နက်များ၊ မန္တန် များ၊ ကျင့်စဉ်များကိုမူ မေးသူ နည်းပါးလှပေသည်။

​ရှန်းဝမ်စန်းလည်း စိတ်ထဲ၌ နားလည်ပါသည်၊ ဤတစ်ကိုယ်တော် ကျင့်ကြံသူများက ဝိညာဉ်ကျောက်တုံး ရရှိလာလျှင် အရင်ဆုံး ပြုလုပ်လိုကြသည်မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် ဖြစ်ပေသည်။

​အခြားသော ပစ္စည်းများကိုမူ အနောက်သို့ ခေတ္တ ဆိုင်းထားနိုင်ပေသည်။

​ထိုအချိန်တွင် အနန္တ ကုန်စုံဆိုင်အတွင်းသို့ လူသိများသော လူတစ်ယောက် လှမ်းဝင်လာခဲ့သည်။

​လူသိများသော်လည်း ရှန်းဝမ်စန်းနှင့် အလွန်အမင်း ရင်းနှီးခြင်းမျိုး မဟုတ်ဘဲ ယခင်က ဆုံတွေ့ဖူးရုံမျှသာ ရှိခြင်း ဖြစ်ပေသည်။

​အနန္တ ကုန်စုံဆိုင်အတွင်းသို့ လှမ်းဝင်လာသော ဤလူမှာ အခြားသူမဟုတ်ဘဲ အစောပိုင်းက နေရာလုချင်ခဲ့သော ဝမ်မိသားစုမှ ဝမ်ရှင်းတယ် ဖြစ်ပေသည်။

​အစောပိုင်းက အဆင်မပြေမှုလေး ရှိခဲ့သော်လည်း ရှန်းဝမ်စန်းက ဝမ်ရှင်းတယ်အပေါ် အထူးတလည် ဆက်ဆံခြင်း မရှိခဲ့ပေ ၊ သူက ဝယ်ယူသူတိုင်းကို ဧည့်ခံသည့်အတိုင်း ပြုံးရွှင်သော မျက်နှာကိုသာ ဆက်လက် ထိန်းသိမ်းထားလိုက်သည်၊ ဤလူများက အားလုံး ဖောက်သည်ကြီးများ ဖြစ်ပေသည်။

​ဝမ်ရှင်းတယ်သည်လည်း လက်ရှိတွင် လှမ်းဝင်လာရင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။

​သို့သော်လည်း ယခုအခါ သူက အနန္တ ကုန်စုံဆိုင်ထံမှ ပစ္စည်းလိုအပ်နေသဖြင့် စိတ်တင်းကာ ဝင်လာခဲ့ရခြင်း ဖြစ်ပေသည်။

​"ဘာပစ္စည်း ဝယ်ယူချင်လို့လဲ " ရှန်းဝမ်စန်းက ယဉ်ကျေးစွာ ပြော လိုက်သည်။

​"အုတ်မြစ်ချ ခြင်း ဆေးလုံး ရှိသေးလား"

​ရှန်းဝမ်စန်း၏ ဤကဲ့သို့သော အမူအရာကို မြင်ရသောအခါ ဝမ်ရှင်းတယ်ကလည်း စကားအပိုများ မပြောတော့ပေ ၊ စောနက ကိစ္စများကြောင့် စိတ်ထဲ၌ မကျေမနပ် ဖြစ်နေသေးသော်လည်း မိသားစု ခေါင်းဆောင် တစ်ဦး အနေနှင့် ဤမျှအထိ အမြော်အမြင်တော့ ရှိပေသည်၊ အရာအားလုံးက မိသားစုအတွက် ဖြစ်ပေသည်။

​"ရှိပါတယ်" ရှန်းဝမ်စန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

​ဝမ်ရှင်းတယ် စိတ်ထဲ၌ ဝမ်းသာသွားခဲ့ရသည်၊ သူက မူလက အုတ်မြစ်ချ ခြင်း ဆေးလုံး အရေအတွက် ကန့်သတ်ချက် ရှိလိမ့်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သော်လည်း သူ ဝယ်ယူရန် အခွင့်အရေး ရှိနေသေးလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

​"တစ်လုံးကို ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ"

​"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးထောင် ပါ" ရှန်းဝမ်စန်းက တိုက်ရိုက်ပင် ပြောလိုက်သည်။

​ဤစျေးနှုန်းက ပထမဆုံး အခြေခံတည်ဆောက်ခြင်း ဆေးလုံး ရောင်းချခဲ့ရသည့် စျေးထက် နှစ်ဆ မျှ ပိုမို မြင့်နေခဲ့သည်။

​သို့သော်လည်း ဤအရာက ချန်ကျီက သူ့အား နောက်ဆုံး သတ်မှတ်ပေးထားသော စျေးနှုန်း ဖြစ်သဖြင့် သူက လိုက်နာဆောင်ရွက်ခြင်းသာ ဖြစ်ပေသည်၊ သူက ချန်ကျီကို ယုံကြည်သည်။

​"ဒီလောက်တောင် စျေးကြီးတာလား" ဝမ်ရှင်းတယ်က ဤစျေးနှုန်းကို ကြားရသောအခါ စိတ်ထဲ၌ အနည်းငယ် နှမြောတသ ဖြစ်သွားရတော့သည်။

All Chapters