← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

အခန်း (၉၄) မင်း ဆုံးဖြတ်ချက် ချနိုင်လို့လား

​ရှန်းဝမ်စန်း၏ စျေးနှုန်းသတ်မှတ်ချက်ကို ကြားရသောအခါ ဝမ်ရှင်းတယ်က စိတ်ထဲ၌ ချိန်ဆတွေးတောနေမိသည်။

​သူသည် ယခင်က အခြား မြို့ကြီးများသို့ သွားရောက်ကာ အုတ်မြစ်ချခြင်း ဆေးလုံးကို ရှာဖွေဖူးသဖြင့် ဝယ်ယူရန် ခက်ခဲသော်လည်း စျေးနှုန်းကမူ ယခုထက် အနည်းငယ် ပိုမိုသက်သာကြောင်း သိထားသည်၊ အုတ်မြစ်ချခြင်း ဆေးလုံးတစ်လုံး၏ စျေးနှုန်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၄၀၀၀ ဝန်းကျင်ခန့်သာ ရှိပေသည်။

​ဝမ်ရှင်းတယ်က ရှန်းဝမ်စန်းအား ကြည့်ရင်း ဤရှန်းဝမ်စန်းက တမင်သက်သက် လုပ်နေခြင်း ဖြစ်မည်ဟု သံသယ ဝင်နေမိသည်၊ သူသည် အစောပိုင်းက သူပြုလုပ်ခဲ့သော အပြုအမူအတွက်ပင် အနည်းငယ် နောင်တရမိသွားသည်။

​သို့သော်လည်း အုတ်မြစ်ချခြင်း ဆေးလုံးတစ်လုံးက အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ကိုယ်စားပြုနေပေသည်။

​ထို့ပြင် တစ်လုံးလျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဆိုသည့် စျေးနှုန်းကို သူတို့ ဝမ်မိသားစုအနေနှင့် ဝယ်ယူနိုင်စွမ်း ရှိပါသေးသည်။

​ယခုအချိန်၌ မဝယ်ယူဘဲ အခြားမိသားစုများက ဝယ်ယူသွားခဲ့လျှင် သူတို့ ဝမ်မိသားစု၏ ခွန်အားက နောင်တွင် အခြားမိသားစုများ၏ ကျော်တက်ခြင်းကို ခံရရန်သာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။

​ဝမ်ရှင်းတယ်က သွားကို တင်းတင်းကြိတ်ကာ ၅၀၀၀ ဆိုလည်း ၅၀၀၀ ပေါ့ဟု ဆုံးဖြတ်လိုက်သည်။ "ငါ ငါးလုံး ဝယ်မယ်"

​"ကောင်းပါပြီ၊ အုတ်မြစ်ချခြင်း ဆေးလုံး ငါးလုံးဆိုရင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၅၀၀၀ ပါ၊ ဒါက ဆေးလုံးတွေပါ၊ သေချာ စစ်ဆေးကြည့်ပါဦး၊ ကောင်တာကနေ ထွက်သွားရင်တော့ ပြန်လဲပေးတာမျိုး၊ ပြန်အမ်းပေးတာမျိုး မရှိပါဘူး"

​အုတ်မြစ်ချခြင်း ဆေးလုံးများ ထည့်ထားသည့် ကျောက်စိမ်းပုလင်း ငါးလုံးကို ရှန်းဝမ်စန်းက ကောင်တာပေါ်သို့ တင်ပေးလိုက်သည်။

​ရှန်းဝမ်စန်းက ဝမ်ရှင်းတယ်အား လေးနက်သော အဓိပ္ပာယ်ဖြင့် ကြည့်လိုက်မိသည်၊ သခင် ပြောခဲ့သည်မှာ တကယ်ပဲ မမှား​ပေ ၊ ဤစျေးနှုန်း ဖြစ်နေလျှင်ပင် ဤမိသားစုများက မတတ်သာသည့် အဆုံး နှာခေါင်းရှုံ့ကာ ဝယ်ယူကြမည် ဖြစ်ပြီး စိတ်လိုလက်ရပင် ဝယ်ယူကြပေလိမ့်မည်။

​ဝမ်ရှင်းတယ်က ကျောက်စိမ်းပုလင်း ငါးလုံးကို သတိကြီးစွာဖြင့် လှမ်းယူလိုက်ပြီး တစ်လုံးချင်းစီကို သေသေချာချာ စစ်ဆေးကြည့်နေသည်။

​သူနှင့် ရှန်းဝမ်စန်းအကြား၌ အဆင်မပြေမှု အနည်းငယ် ရှိခဲ့ဖူးသဖြင့်လည်းကောင်း တစ်လုံးလျှင် ၅၀၀၀ ဆိုသည့် အုတ်မြစ်ချခြင်း ဆေးလုံးကလည်း မပေါ့တန်သဖြင့်လည်းကောင်း သူက ဆေးလုံးတစ်လုံးချင်းစီကို သေချာပေါက် အပြတ်အသတ် စစ်ဆေးရမည် ဖြစ်သည်။

​ဝမ်ရှင်းတယ်ကိုယ်တိုင်လည်း အုတ်မြစ်ချခြင်း ဆေးလုံးကို သုံးစွဲဖူးသဖြင့် ဆေးလုံးကို လက်ထဲသို့ ယူလိုက်သည့် အချိန်မှာပင် ဆေးလုံး၌ ပြဿနာမရှိကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။

​သို့သော်လည်း သူ့အား အံ့ဩသွားစေသည့် အချက်မှာ အုတ်မြစ်ချခြင်း ဆေးလုံးထက်၌ ရွှေရောင် ချည်မျှင်အရစ် တစ်ကြောင်း ရှိနေခြင်း ဖြစ်ပေသည်။

​ဝမ်ရှင်းတယ်က စိတ်ထဲ၌ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ "အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ က တန်ပါတယ်၊ မရှုံးပါဘူး"

​အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဖြင့် အလယ်အလတ်အဆင့် အုတ်မြစ်ချခြင်း ဆေးလုံးတစ်လုံး ရရှိခြင်းက မည်သို့ပင် တွက်ချက်ပါစေ မရှုံး​ပေ ၊ ဤစျေးနှုန်းက အလွန်အမင်း တန်လွန်းလှသည်။

​အလယ်အလတ်အဆင့် အုတ်မြစ်ချခြင်း ဆေးလုံးက အဆင့်နိမ့် ဆေးလုံးထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်ပြီး အောင်မြင်စွာ အုတ်မြစ်ချနိုင်မည့် ရာခိုင်နှုန်းကလည်း အခြေခံအားဖြင့် ရှစ်ဆယ်ရာခိုင်နှုန်း ရှိပေသည်။

​ဝမ်ရှင်းတယ်က ရှန်းဝမ်စန်းအား မသိစိတ်ဖြင့် ဇဝေဇဝါ ကြည့်လိုက်မိသည်။ "မူလကတည်းက ငါ့ရဲ့ အမြင်ကပဲ ကျဉ်းမြောင်းနေခဲ့တာပဲ၊ သူက ငါ့ကို တမင်သက်သက် ပစ်မှတ်ထားပြီး ဒီလောက် စျေးကြီးကြီး ရောင်းနေတယ်လို့ ထင်နေခဲ့တာ၊ ငါကပဲ သူ့ကို အထင်လွဲခဲ့တာပဲ"

​"ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၂၅၀၀၀ ပါ၊ ကျေးဇူးတင်ပါတယ်"

​ရှန်းဝမ်စန်းက ဝမ်ရှင်းတယ် ကောင်တာပေါ် တင်ပေးလာသော သိုလှောင်အိတ်ကို ကြည့်ပြီးမှ ဝမ်ရှင်းတယ်အား မော့ကြည့်လိုက်သည်။

​ဤလူက တစ်ခုခု ချို့ယွင်းနေတာတော့ မဟုတ်ပါဘူးနော် သူ့ဆီက ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်အထိ အမြတ်ထုတ်ထားတာကို သူက ကျေးဇူးတင်ပါတယ်လို့တောင် ပြောနေသေးတယ်။

​ရှန်းဝမ်စန်းက သိုလှောင်အိတ်ကို ဖွင့်ကာ စစ်ဆေးကြည့်လိုက်ရာ တိတိကျကျ ဝိညာဉ်ကျောက်တုံး ၂၅၀၀၀ ရှိနေပေသည်။

​အသိစိတ်တစ်ချက်ဖြင့်ပင် ရှန်းဝမ်စန်း လက်ရှိ သိုလှောင်လက်စွပ်ထံမှ ဝိညာဉ်စွမ်းအား လှိုင်းတစ်ခု လှုပ်ခတ်သွားခဲ့သည်။

​ဝမ်ရှင်းတယ် ပေးအပ်လာသော သိုလှောင်အိတ်အတွင်းရှိ ဝိညာဉ်ကျောက်တုံးများ အားလုံးက ချန်ကျီ ပေးထားခဲ့သော သိုလှောင်လက်စွပ်အတွင်းသို့ ကူးပြောင်းရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

​"ရော့... မင်းရဲ့ သိုလှောင်အိတ်" ရှန်းဝမ်စန်းက ပြောရင်း ဝမ်ရှင်းတယ်၏ သိုလှောင်အိတ်ကို ပြန် ပေးလိုက်သည်။

​"မလိုတော့ပါဘူး၊ မလိုတော့ပါဘူး" ဝမ်ရှင်းတယ်က ပျော်ရွှင်မှုများ မျက်နှာထက်၌ အထိုက်အလျောက် ပေါ်ပေါက်နေခဲ့သည်၊ သူက သူ့ဘက်က အဆမတန် အမြတ်ထွက်သွားသည်ဟု ခံစားနေရသဖြင့် သိုလှောင်အိတ်တစ်ခုက ဝိညာဉ်ကျောက်တုံး အနည်းငယ်မျှသာ တန်ဖိုးရှိပေသည်။

​ရှန်းဝမ်စန်းကမူ ပြုံးလျက် ခေါင်းခါပြလိုက်ပြီး ကောင်တာပေါ်၌ တင်ထားသော သိုလှောင်အိတ်ကို လှမ်းမယူပေ ။

​"အားနာစရာကြီး" ဝမ်ရှင်းတယ်က အနည်းငယ် စိတ်မသက်မသာဖြင့် သိုလှောင်အိတ်ကို ပြန်လည် သိမ်းဆည်းလိုက်ရသည်၊ သူကပဲ အများကြီး တွေးမိသွားခြင်း ဖြစ်ပေသည်။

​"နောက်လည်း လာ အားပေးဖို့ ဖိတ်ခေါ်ပါတယ်" ရှန်းဝမ်စန်းက ယခင်အတိုင်း မျက်နှာအမူအရာ မပျက်ဘဲ ပြောလိုက်သည်။

​ဝမ်ရှင်းတယ်ကမူ လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။ "ကျေးဇူးအများကြီး တင်ပါတယ်"

​ရှန်းဝမ်စန်းက မျက်နှာထက်၌ အပြုံးကို ထိန်းသိမ်းထားသော်လည်း စိတ်ထဲ၌မူ ပြောနေခဲ့သည်။ "လုံးဝ မလိုပါဘူး"

​ဝမ်ရှင်းတယ်ကဲ့သို့သော လူမျိုးနှင့် ရှန်းဝမ်စန်းက မိတ်ဆွေဖွဲ့ ရန် စိတ်မဝင်စားပေ ၊ သူ့ထံမှ ဝိညာဉ်ကျောက်တုံးများကို အမြတ်ထုတ်နိုင်လျှင်ပဲ ရပြီ ဖြစ်သည်။

​ဝမ်ရှင်းတယ်သည်လည်း ဆက်လက် ရှိနေလျှင် ပို၍ အနေရခက်ရုံသာ ရှိတော့မည်ကို သိရှိသဖြင့် ကျေးဇူးတင်စကား ပြောကြားပြီးနောက် အနန္တ ကုန်စုံဆိုင်အတွင်းမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့တော့သည်။

​ဝမ်ရှင်းတယ် ထွက်ခွာသွားပြီးနောက် ရှန်းဝမ်စန်းက ချန်ကျီကို လှမ်း၍ ဆက်သွယ်လိုက်သည်။

​"သခင်... ခုနက ဝမ်မိသားစုက ဝမ်ရှင်းတယ် လာပြီး အုတ်မြစ်ချခြင်း ဆေးလုံး ငါးလုံး ဝယ်သွားပါတယ်၊ သခင် သတ်မှတ်ပေးထားတဲ့ ဝိညာဉ်ကျောက်တုံး ၅၀၀၀ ဆိုတဲ့ စျေးနှုန်းကိုလည်း သူက ဝမ်းမြောက်ဝမ်းသာ လက်ခံသွားပြီး ဘာမှ မကန့်ကွက်ခဲ့ပါဘူး"

​"ဒါဆိုရင်လည်း... နောက်ပိုင်းကျရင် ဒီစျေးအတိုင်းပဲ ရောင်းလိုက်တော့"

​"ဟုတ်ကဲ့ပါ သခင်"

​ရှန်းဝမ်စန်းက ချန်ကျီနှင့် ဆက်သွယ်မှု ပြီးဆုံးရုံမျှသာ ရှိသေးသော်လည်း အနန္တ ကုန်စုံဆိုင်အတွင်းသို့ နောက်ထပ် လူတစ်ယောက် လှမ်းဝင်လာခဲ့ပြန်သည်။

​ရှန်းဝမ်စန်းက ဤလူအား ရိုးရှင်းစွာ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ဤလူက သေချာပေါက် မရိုးရှင်းကြောင်း သိလိုက်သည်။

​မျှော်လင့်ထားသည့်အတိုင်းပင် ဤလူသည်လည်း ဝမ်နန်မြို့အတွင်းရှိ မိသားစု အင်အားစုများထဲမှ ဖြစ်သင့်ပေသည်။

​"မင်္ဂလာပါ ၊ ဘာပစ္စည်း ဝယ်ယူချင်လို့လဲ"

​တစ်ဖက်လူကမူ ပြန်လည် မဖြေကြားဘဲ ပြောင်းပြန် မေးမြန်းလာခဲ့သည်။ "မင်းက ဒီကုန်စုံဆိုင်ရဲ့ ဆိုင်ရှင်လား"

​ရှန်းဝမ်စန်းက သူ့အား နားမလည်နိုင်စွာ ကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။

​ဒါက အလွန်အမင်း ထင်ရှားနေသည့် ကိစ္စ ဖြစ်ပေသည် မဟုတ်ပါလော။ တစ်ဆိုင်လုံးရှိ အနန္တ ကုန်စုံဆိုင်အတွင်း၌ တတိယမြောက် လူတစ်ယောက်ကို ရှာဖွေတွေ့ရှိနိုင်ဦးမည်တဲ့လား။

​"ဒီဆိုင်ကို မင်း ဆုံးဖြတ်ချက် ချနိုင်လို့လား" ဤလူက ရှန်းဝမ်စန်းက အနန္တ ကုန်စုံဆိုင်၏ တကယ့် နောက်ကွယ်မှ အဓိက ဆုံးဖြတ်ပိုင်ခွင့်ရှိသူ မဟုတ်ကြောင်း ရိပ်မိသွားပုံရသည်။

​ရှန်းဝမ်စန်း စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်သွားရသည်၊ သူက တစ်ခုခုကို ရိပ်မိသွားတာလား။

​သို့သော်လည်း ရှန်းဝမ်စန်းက ယခင်အတိုင်း မျက်နှာအမူအရာ မပျက်ဘဲ တည်ငြိမ်ရင့်ကျက်စွာဖြင့် ပြော လိုက်သည်။ "ဟဲဟဲ... အခြားနေရာတွေကိုတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ လက်ရှိ ဒီအနန္တ ကုန်စုံဆိုင်အတွင်းမှာတော့... အရာအားလုံးကို ကျွန်တော်ပဲ ဆုံးဖြတ်ပါတယ်"

​"ဟားဟား... ကောင်းပြီ၊ ဒါဆိုရင်လည်း... မင်း ရောင်းချမယ့် အုတ်မြစ်ချခြင်း ဆေးလုံး အားလုံးကို... ငါ အကုန်ယူမယ်"

​ရှန်းဝမ်စန်း၏ စိတ်ထဲ၌ လှမ်းဝင်လာသောလူက မည်သူဖြစ်ကြောင်း အကြမ်းဖျင်း ခန့်မှန်းမိသွားခဲ့ပြီ ဖြစ်သည်၊ ဝမ်နန်မြို့အတွင်း၌ ဤကဲ့သို့သော စကားလုံးမျိုးကို ပြောဆိုနိုင်မည့်သူမှာ ယဲ့မိသားစုဝင်ကလွဲ၍ အခြား မည်သူ ရှိနိုင်ဦးမည်နည်း။

​တစ်ဖက်လူက ဤစကားကို ပြောဆိုနိုင်သဖြင့် ရောက်လာသူက အများအားဖြင့် ယဲ့မိသားစုဝင် ဖြစ်ကြောင်း ရှန်းဝမ်စန်း စိတ်ထဲ၌ သိရှိလိုက်သည်။

​သို့သော်လည်း သူက ယဲ့မိသားစုဝင်များနှင့် မရင်းနှီးသဖြင့် လာရောက်သူက ယဲ့မိသားစု၏ မည်သည့်ပုဂ္ဂိုလ် ဖြစ်ကြောင်းကိုမူ သူ မသိပေ ။

​သို့သော် ရှန်းဝမ်စန်း စိတ်ထဲ၌ အနည်းငယ်မျှ ထိတ်လန့်ခြင်း မရှိပေ ၊ ယဲ့မိသားစုဝင်တစ်ယောက်မျှသာ ဖြစ်ပေသည် မဟုတ်ပါလော။

​သူတို့ကို စောင့်မျှော်နေခဲ့ရသည်မှာ ကြာလှပြီ ဖြစ်ပေသည်။

​"ဟမ့်... ဒါဆိုရင်တော့ မင်း အကုန်ကုန်အောင် ယူနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်" ရှန်းဝမ်စန်းက အထင်သေးသော လေသံဖြင့် ပြောလိုက်ရင်း စိတ်က ချန်ကျီကို ထပ်မံ ဆက်သွယ်လိုက်သည်။

​"သခင်... ယဲ့မိသားစုက လူ ရောက်လာပါပြီ"

​"ကောင်းပြီ... ငါ လာခဲ့မယ်"

​ခဏချင်းအတွင်းမှာပင် ချန်ကျီ၏ အသိစိတ်က ရှန်းဝမ်စန်း၏ ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​လက်ရှိ ရှန်းဝမ်စန်းက လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သော်လည်း ယဲ့မိသားစုကလူကမူ မည်သည့် အရိပ်အယောင်မျှ ရိပ်မိခြင်း မရှိပေ ။

​၎င်းနောက်တွင် ချန်ကျီက ရှေ့မှ ယဲ့မိသားစုဝင်အား အကဲခတ်ကြည့်လိုက်သည်။

​ရှေ့မှ ဤယဲ့မိသားစုဝင်က ရုပ်ရည်ကိုသာ ကြည့်မည်ဆိုလျှင် အသက် လေးဆယ်ဝန်းကျင်ခန့် ရှိပေသည်။

​တစ်ဖက်လူ၏ ခွန်အားကိုမူ ချန်ကျီက တစ်ဖက်လူ ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် အတင်း စစ်ဆေးခြင်း မပြုလုပ်ပေ ၊ သို့သော်လည်း ဤလူက အလိုအလျောက်ပင် သူ့အား ခန့်ညားထည်ဝါသော ခံစားချက်မျိုး ပေးစွမ်းနေခဲ့သည်။

​ချန်ကျီက စိတ်ထဲ၌ တိုးတိုးလေး ရေရွတ်လိုက်သည်။ "ကောင်းကင်မျက်စိ စွမ်းရည်"

​သူက ကောင်းကင်မျက်စိ စွမ်းရည်ကို အသုံးပြု၍ အခြားသူ၏ ခွန်အားကို စစ်ဆေးခြင်းမှာ ဤပထမဆုံးအကြိမ် ဖြစ်ပေသည်။

​ချန်ကျီက ကောင်းကင်မျက်စိ စွမ်းရည်ကို အသုံးပြုသည့် အချိန်တွင် စနစ်ထံမှ မည်သည့် အချက်အလက် မျှ ပေါ်မလာခဲ့ပေ ။

​သို့သော်လည်း ချန်ကျီက ဂရုတစိုက်ဖြင့် ကြည့်လိုက်ရာ အမှတ် ၁၀၀ နုတ်ယူခြင်း ခံလိုက်ရသည်ကို သတိပြုမိလိုက်သည်။

​ဤပမာဏကို ချန်ကျီအနေနှင့် လက်ခံနိုင်ပါသေးသည်၊ အလွန်အမင်း ကြီးမားလွန်းခြင်းမျိုး မဟုတ်ပေ ။

​ကောင်းကင်မျက်စိ စွမ်းရည်ကို အသုံးပြုပြီးနောက် ခဏအကြာတွင်ပင် ချန်ကျီက တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိသွားခဲ့ပြီ ဖြစ်သည်။

​အုတ်မြစ်ချခြင်း အဆင့် ၉ ၊ အုတ်မြစ်ချခြင်း အထွတ်အထိပ် အဆင့် ဖြစ်ပေသည်။

​တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကို ကြည့်ရုံမျှဖြင့် ချန်ကျီ စိတ်ထဲ၌ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်၊ အလွဲအချော်မရှိလျှင် ရှေ့မှ ဤလူက ယဲ့မိသားစု၏ ခေါင်းဆောင် 'ယဲ့ကျန်ထျန်း' ဖြစ်သင့်ပေသည်။

​တော်သေးသည်မှာ ယဲ့မိသားစု၏ ရွှေအူတိုင်အဆင့် ကျင့်ကြံသူ ရောက်လာခြင်း မဟုတ်ပေ ၊ ယဲ့ကျန်ထျန်းကိုမူ သူက စိတ်ကြိုက် ကိုင်တွယ်နိုင်ပေသည်။

​ယဲ့ကျန်ထျန်းက ရှန်းဝမ်စန်း ပြောလိုက်သော ဤစကားကို ကြားရသောအခါ စိတ်ထဲ၌ အနည်းငယ် အံ့ဩသွားခဲ့ရသည်။

​ဤအနန္တ ကုန်စုံဆိုင်၏ ဆိုင်ရှင်က သူ မည်သူဖြစ်ကြောင်းကို မသိသဖြင့်သာ ဤကဲ့သို့သော စကားမျိုးကို ရဲရဲဝံ့ဝံ့ ပြောဆိုရဲခြင်း ဖြစ်ပေလိမ့်မည်။

​သို့မဟုတ်ပါက တစ်ဖက်လူတွင် သူ တကယ်ပဲ အကုန်ကုန်အောင် မဝယ်ယူနိုင်လောက်သည့် အုတ်မြစ်ချခြင်း ဆေးလုံး အရေအတွက် ရှိနေခြင်း ဖြစ်ပေလိမ့်မည်။

​ယဲ့ကျန်ထျန်းက စိတ်ထဲ၌ ခေတ္တ ချိန်ဆတွေးတောပြီးနောက်တွင် ပြော လိုက်သည်။ "ငါ့ကိုယ်ငါ မိတ်ဆက်ပေးဖို့ မေ့သွားတယ်၊ ငါ့နာမည်က ယဲ့ကျန်ထျန်း ပါ"

All Chapters