အခန်း ၉၅
Vol. 10 Ch. 95
အခန်း (၉၅) ငါ့မှာ အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၅၀ ရှိတယ်
"ယဲ့မိသားစု ခေါင်းဆောင်ရဲ့ နာမည်ကျော်ကြားမှုကိုတော့ အညတရလေး ဖြစ်တဲ့ ကျွန်တော်လည်း ကြားဖူးနားဝ ရှိပါတယ်၊ ဒါပေမဲ့ ယဲ့မိသားစု ဖြစ်နေရင်တောင်မှ... ကျွန်တော့်လက်ထဲမှာရှိတဲ့ အုတ်မြစ်ချခြင်း ဆေးလုံး ပမာဏကိုတော့ အကုန်ကုန်အောင် ဝယ်ယူနိုင်မှာ မဟုတ်ပါဘူး"
ချန်ကျီက မောက်မာခြင်းလည်းမရှိ၊ နှိမ့်ချခြင်းလည်းမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်၊ ယဲ့ကျန်ထျန်း ဖြစ်နေလျှင်ပင် ဘာတတ်နိုင်မည်နည်း၊ အနန္တ စတိုးဆိုင် ရှိနေသရွေ့ သူ၏ အုတ်မြစ်ချခြင်း ဆေးလုံးများမှာ အကန့်အသတ်မရှိ ဖြစ်သဖြင့် မည်သူမျှ အကုန်ကုန်အောင် မဝယ်ယူနိုင်ပေ။
ချန်ကျီ ဤသို့ ပြောသည်ကို ကြားရသောအခါ ယဲ့ကျန်ထျန်းတစ်ယောက် ဆွံ့အသွားခဲ့ရသည်။
ဝမ်နန်မြို့အတွင်း၌ ယဲ့မိသားစု မရရှိနိုင်သော အရာဟူ၍ တစ်ခါမျှ မရှိခဲ့ဖူးပေ ။
ယဲ့ကျန်ထျန်းက နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြော လိုက်သည်။ "ဟမ့်... ဆိုင်ရှင်က ဝမ်နန်မြို့ကို ရောက်ခါစမလို့... ကိစ္စတော်တော်များများကို သိပ်ပြီး နားမလည်သေးတာ ထင်တယ်"
"ဟမ့်... ဝမ်နန်မြို့လိုမျိုး ဝေးလံခေါင်သီလှတဲ့ လက်တစ်ဝါးစာ နယ်မြေလေးကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဘာဖြစ်မှာမို့လို့ လဲ" ချန်ကျီက အထင်သေးသော လေသံဖြင့် ပြော လိုက်သည်။
ချန်ကျီသည် လက်ရှိတွင် အနန္တ ကုန်စုံဆိုင်၏ ပုံရိပ်ကို သာမန်လူများ စိတ်ကူး၍ပင် မရနိုင်သော အင်အားစုကြီးတစ်ခုအဖြစ် ပုံဖော်တည်ဆောက်လိုခြင်း ဖြစ်သည်၊ ယခုအချိန်၌ မည်မျှအထိ ချဲ့ကားပြောဆိုထားပါစေ၊ တခြားလူများက အနန္တ ကုန်စုံဆိုင်ကို ပို၍ပင် ရိုသေရမည် ဖြစ်သည်။
ချန်ကျီ တွေးတောထားသည့်အတိုင်းပင် ယဲ့ကျန်ထျန်း၏ စိတ်ထဲ၌ သံသယများ တကယ်ပင် ပေါ်ပေါက်လာခဲ့ရသည်။
ယဲ့ကျန်ထျန်း၏ စိတ်ထဲတွင် ဤရှန်းဝမ်စန်းက အခြေအမြစ်မရှိဘဲ ဤကဲ့သို့သော စကားမျိုးကို လေထဲ၌ လျှောက်ပြောနေခြင်း မဖြစ်နိုင်ဟု ထင်မှတ်နေမိသည်၊ တစ်ဖက်လူ၏ နောက်ခံက သေချာပေါက် သူ လှမ်းမမီနိုင်သော အရာမျိုး ဖြစ်နေပေလိမ့်မည်။
ချန်ကျီ၏ စကားများက အမှန်ဖြစ်စေ၊ အမှားဖြစ်စေ အစဦးဆုံး အနန္တ ကုန်စုံဆိုင်က အုတ်မြစ်ချခြင်း ဆေးလုံးများကို ရောင်းချမည်ဟု သတင်းထွက်လာကတည်းက သူသည် ဤကုန်စုံဆိုင်ကို တစ်ခါမျှ လျှော့မတွက်ခဲ့ဖူးပေ ။
အမှန်တော့ ယဲ့ကျန်ထျန်းက တစ်ချိန်လုံး အကဲခတ်စုံစမ်းနေခြင်းသာ ဖြစ်သည်၊ သို့သော်လည်း ရရှိလာသော ရလဒ်များက သူ ထင်မှတ်ထားသည်ထက် သိပ်ပြီး ကျော်လွန်မသွားခဲ့ပေ။
ယခုအခါ ယဲ့ကျန်ထျန်းက အစောပိုင်းကကဲ့သို့ မောက်မာဝင့်ကြွားနေသော ပုံစံမျိုး မရှိတော့ဘဲ မျက်နှာအမူအရာကို ချက်ချင်း ပြောင်းလဲလိုက်တော့သည်။
"ဆိုင်ရှင်ရှန်း... ခုနက ကျွန်တော့်ရဲ့ စကားတွေက စော်ကားမိသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ၊ ကျွန်တော်က အုတ်မြစ်ချခြင်း ဆေးလုံးကို တကယ်ပဲ စိတ်ရင်းမှန်နဲ့ လာဝယ်တာပါ"
"ကျွန်တော် သိပါတယ်၊ မင်းတို့ဆီမှာ ရေတွက်လို့မရနိုင်တဲ့ အုတ်မြစ်ချခြင်း ဆေးလုံးတွေ ရှိနေရင်တောင်မှ... ဝမ်နန်မြို့လို မြို့ငယ်လေးကို လာတဲ့အခါ ပစ္စည်းတွေ အများကြီး သယ်လာမှာမဟုတ်ဘူးဆိုတာကိုပေါ့"
"ကျွန်တော်တို့ ယဲ့မိသားစုက မင်းတို့နဲ့ ရေရှည် အရောင်းအဝယ် ပြုလုပ်ချင်ပါတယ်၊ မင်းတို့ဆိုင်က အုတ်မြစ်ချခြင်း ဆေးလုံးတွေကို ရောင်းချသရွေ့... ကျွန်တော်တို့ ယဲ့မိသားစုက အကုန်လုံးကို အပြတ် သိမ်းကျုံးဝယ်ယူဖို့ ဆန္ဒရှိပါတယ်၊ ဒါ့အပြင်... စျေးနှုန်းပိုင်းနဲ့ ပတ်သက်လို့လည်း ထပ်ပြီး ညှိနှိုင်းလို့ ရပါသေးတယ်"
ယဲ့ကျန်ထျန်းသည် ဆိုင်ထဲသို့ ဝင်မလာခင်ကတည်းက ဝမ်ရှင်းတယ်ထံမှတစ်ဆင့် အုတ်မြစ်ချခြင်း ဆေးလုံး၏ ဝယ်ယူရရှိမည့် စျေးနှုန်းကို သိရှိထားပြီး ဖြစ်ပေသည်။
အမှန်တော့ ဝမ်ရှင်းတယ် အနန္တ ကုန်စုံဆိုင်ထဲမှ ထွက်ခွာသွားပြီးနောက်တွင် နောက်ထပ် တန်းစီကာ ဝင်လာရမည့်သူမှာ သူ မဟုတ်ပေ ။
သို့သော်လည်း ဝမ်နန်မြို့အတွင်းရှိ ယဲ့မိသားစု၏ အစွမ်းအစဖြင့် အနန္တ ကုန်စုံဆိုင်ထဲသို့ ဝင်ရန်အတွက် တကယ်ပဲ တန်းစီနေစရာ မလိုပေ ၊ ယဲ့မိသားစုတွင် သဘာဝကျကျ ယဲ့မိသားစု၏ နည်းလမ်းများ ရှိပေသည်။
"အို... ယဲ့မိသားစုက ဒီလောက်တောင် အစွမ်းထက်တာလား" ချန်ကျီက တည်ငြိမ်စွာ ဆိုလိုက်ပြီး ယဲ့ကျန်ထျန်း၏ စကားလုံးများကြောင့် တုန်လှုပ်သွားခြင်းမျိုး လုံးဝ မရှိခဲ့ပေ။
"ဟားဟား... ဒီလောက် ယုံကြည်ချက်မျိုးတော့... ကျွန်တော်တို့ ယဲ့မိသားစုမှာ ရှိပါတယ်" ယဲ့ကျန်ထျန်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင်လည်း... ကျွန်တော့်လက်ထဲမှာ ရှိတဲ့ အုတ်မြစ်ချခြင်း ဆေးလုံးကလည်း သိပ်မများပါဘူး၊ အလုံး ၅၀ ပဲ ရှိတာမလို့... ယဲ့မိသားစု ခေါင်းဆောင် ငွေရှင်းလိုက်ပါတော့၊ စျေးလည်း ထပ်ပြီး မဆစ်တော့ပါဘူး၊ စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းငါးသောင်း ပါ၊ ကျေးဇူးတင်ပါတယ်"
ချန်ကျီက ပေါ့ပေါ့ပါးပါး ပြောပြီးနောက်တွင် ယဲ့ကျန်ထျန်း၏ တုန်လှုပ်ခြောက်ခြားသွားမည့် မျက်နှာအမူအရာကို ကြည့်ရန် စောင့်ဆိုင်းနေလိုက်သည်။
"ဘာ" ယဲ့ကျန်ထျန်း တကယ်ပဲ တုန်လှုပ် ခြောက်ခြားသွားခဲ့ရသည်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းငါးသောင်း ဆိုသည်မှာ ဘယ်လို အဓိပ္ပာယ်မျိုးနည်း၊ တစ်မြို့လုံးရှိ ဝမ်နန်မြို့တစ်ခုလုံးတွင်ပင် ဤမျှအထိ များပြားလှသော ဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးနိုင်မည့်သူ တစ်ယောက်မှ ရှိလိမ့်မည်မဟုတ်ပေ။
အကယ်၍ ယဲ့မိသားစုသာ နှစ်ပေါင်းများစွာအတွင်း ဖုံးကွယ်ထားသော စီးပွားရေးလုပ်ငန်း အမြောက်အမြားကို မလုပ်ကိုင်ခဲ့လျှင် ယဲ့ကျန်ထျန်းအနေနှင့် ဤကိန်းဂဏန်းကို ကြားရရုံမျှဖြင့် လန့်ဖျပ်ပြီး ထွက်ပြေးမိပေလိမ့်မည်။
အကယ်၍ ဤအုတ်မြစ်ချခြင်း ဆေးလုံးများကို အကုန်ဝယ်ယူမည်ဆိုလျှင် ယဲ့မိသားစု နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ဝိညာဉ်ကျောက်တုံးများ အားလုံးကို ထုတ်ပေးရပေလိမ့်မည်။
သူတို့ ယဲ့မိသားစုအနေနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းငါးသောင်းကို ထုတ်ပေးလိုလျှင်ပင် မိသားစု၏ အခြေခံအုတ်မြစ်ကို ထိခိုက် နာကျင်စေမည် ဖြစ်သည်။
"ဘာဖြစ်လို့လဲ... ယဲ့မိသားစု ခေါင်းဆောင်" ချန်ကျီက ယဲ့ကျန်ထျန်းအား ပြက်ရယ်ပြုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"မင်းဆီမှာ တကယ်ပဲ အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၅၀ ရှိတာလား"
ယဲ့ကျန်ထျန်းက ယခုတိုင် မယုံနိုင်သေးဘဲ ရှိနေဆဲ ဖြစ်ပေသည်။
"ဟဲဟဲ... ဒါလည်း ဟုတ်တာပဲ၊ ပါးစပ်ပြောတင်ဆိုတော့ သက်သေမရှိလို့ ယဲ့မိသားစု ခေါင်းဆောင်လည်း ယုံမှာမဟုတ်ဘူး" ပြောပြီးနောက် ချန်ကျီက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ တိတိကျကျ ကျောက်စိမ်းပုလင်း အလုံး ၅၀ က ကောင်တာပေါ်၌ စီစီရီရီ ပေါ်လာခဲ့တော့သည်။
ယခင်က အုတ်မြစ်ချခြင်း ဆေးလုံး ၆ လုံး ရောင်းချခဲ့ရသဖြင့် ချန်ကျီအနေနှင့် ဤအရေအတွက်ကို ပြန်လည် ဖြည့်တင်းရန်မှာ အတွေးတစ်ချက်မျှသာ ဖြစ်ပေသည်၊ အကယ်၍ ပိုမို လိုချင်သေးလျှင်ပင် မျက်စိတစ်မှိတ်အတွင်း၌ ရရှိနိုင်ပေသည်။
သို့သော်လည်း ထိုသို့ ပြုလုပ်ရန် မလိုအပ်ပေ၊ ချန်ကျီ စိတ်ထဲ၌ သိပါသည်၊ ဤအုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၅၀ ကိုပင် ယဲ့ကျန်ထျန်းအနေနှင့် ဝယ်ယူနိုင်လိမ့်မည် မဟုတ်ပေ ။
သူ ဤသို့ ပြုလုပ်ခြင်းမှာ ယဲ့ကျန်ထျန်းအား တုန်လှုပ်ခြောက်ခြားသွားစေရန်သာ ဖြစ်ပြီး ယဲ့ကျန်ထျန်းအား သး၏ အစွမ်းအစကို ရှင်းရှင်းလင်းလင်း မြင်တွေ့စေကာ စိတ်ထဲရှိ မဟုတ်မဟတ်သော အတွေးအကြံ အားလုံးကို သူ့ဘာသာ ပြန်လည် ရုပ်သိမ်းသွားစေရန် ဖြစ်ပေသည်။
ယဲ့ကျန်ထျန်းက ကောင်တာပေါ်၌ ပြည့်နှက်နေသော ကျောက်စိမ်းပုလင်း အလုံး ၅၀ ကို ကြည့်ရင်း စိတ်ထဲ၌ အလွန်အမင်း တုန်လှုပ်သွားခဲ့ရသည်။
တစ်ဖက်လူတွင် တကယ်ပဲ ဤအစွမ်းအစ ရှိပေသည်၊ အလုံး ၅၀ ဆိုလျှင် အလုံး ၅၀ ပင် ဖြစ်ပြီး တစ်လုံးမျှ မလျော့ပေ။
အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၅၀ က မျက်စိရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ယဲ့ကျန်ထျန်း တကယ်ပဲ စကားအရာ၌ ပိတ်မိသွားခဲ့ရပြီး မျက်နှာတစ်ခုလုံး စိတ်မသက်မသာ ဖြစ်သွားရတော့သည်။
ဤမျှအထိ များပြားလှသော အုတ်မြစ်ချခြင်း ဆေးလုံးများကို သူ တကယ်ပဲ တစ်ပြိုင်နက်တည်း သိမ်းကျုံး မဝယ်ယူနိုင်ပေ ။
ထို့ပြင် ဤမျှ များပြားလှသော ဆေးလုံးများကို အကုန်ဝယ်ယူသွားလျှင်ပင် ယဲ့မိသားစု၏ ခွန်အားကို အကြီးအကျယ် မြှင့်တင်ပေးနိုင်မည်မှာ အမှန်ပင် ဖြစ်ပေသည်။
သို့သော်လည်း ယဲ့မိသားစုတွင် ဤမျှအထိ များပြားလှသော ချီသန့်စင် ခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ မရှိသဖြင့် တစ်ခဏအတွင်း ဤမျှအထိ အများကြီး အသုံးပြု၍မရနိုင်ပေ။
ဝယ်ယူသွားလျှင်လည်း သိုလှောင်သိမ်းဆည်းထားရုံသာ ရှိမည်ဖြစ်ပြီး မိသားစုဝင်များ လိုအပ်လာမှသာ ပြန်ထုတ်ပေးရမည် ဖြစ်သည်။
သို့သော် သူ ဤသို့ ပြုလုပ်ကာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းငါးသောင်း ပေးချေပြီး အုတ်မြစ်ချခြင်း ဆေးလုံးများကို ဝယ်ယူလိုက်လျှင်မူ ယဲ့မိသားစုအနေနှင့် အခြားသော ကျင့်ကြံခြင်း အရင်းအမြစ်များကို ဝယ်ယူသည့်အခါ သေချာပေါက် ငွေကြေး မလုံလောက်မှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဤသို့ ပြုလုပ်ခြင်း၏ နောက်ဆုံး ရလဒ်အနေနှင့် ယဲ့မိသားစု၏ လမ်းကြောင်းကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ရာ အမြတ်ထက် အရှုံးက ပိုမို ကြီးမားသွားပေလိမ့်မည်။
ယဲ့ကျန်ထျန်းက လက်ရှိတွင် မည်သို့ ပြုလုပ်ရမည်ကို ချိန်ဆတွေးတောနေမိသည်၊ သို့သော်လည်း စကားက ဤအဆင့်အထိ ရောက်ရှိနေပြီဖြစ်ရာ ယခုအခါ ဝယ်ယူရန်လည်း မဖြစ်နိုင်၊ မဝယ်ယူဘဲ နေရန်လည်း မဖြစ်နိုင် ဖြစ်နေရသည်။
ယဲ့ကျန်ထျန်းက အကောင်းဆုံး ဖြေရှင်းနည်းကို ရှာဖွေရန်အတွက် စိတ်ထဲ၌ အသည်းအသန် တွေးတောနေမိသည်။
ရုတ်တရက် ယဲ့ကျန်ထျန်းက တစ်ခုခုကို သတိရသွားပုံရပြီး ဉာဏ်အလင်း ပွင့်သွားခဲ့ရသည်။
အနန္တ ကုန်စုံဆိုင်က ဤမျှအထိ လက်ဝါးကြီး အုပ်ခြင်း ဖြင့် အုတ်မြစ်ချခြင်း ဆေးလုံး အမြောက်အမြားကို ထုတ်ပြနိုင်ခြင်းက ဤအုတ်မြစ်ချခြင်း ဆေးလုံးမျိုးက အနန္တ ကုန်စုံဆိုင်အတွက်မူ အဖိုးတန်လှသော ဆေးလုံးမျိုး မဟုတ်ကြောင်း သက်သေပြနေသည် မဟုတ်ပါလော။
သူ ယခု မဝယ်ယူလျှင်ပင် နောင်တွင် အုတ်မြစ်ချခြင်း ဆေးလုံးကို ဝယ်ယူလိုသည့်အခါ အချိန်မရွေး လာလျှင် သေချာပေါက် ဝယ်ယူရရှိနိုင်ပေသည်။
သို့သော် သူ ဤသို့ ပြုလုပ်လိုက်လျှင် သူကိုယ်တိုင် သာမက ယဲ့မိသားစုပါ မျက်နှာအနည်းငယ် ပျက်ရပေလိမ့်မည်။
ယဲ့ကျန်ထျန်းက ယခုအခါ အနည်းငယ် နောင်တရစပြုလာခဲ့ပြီ ဖြစ်သည်၊ အစောပိုင်းက စကားကို ဤမျှအထိ လေလုံးအကြီးကြီး မပြောခဲ့သင့်ပေ။
သို့သော်လည်း လက်ရှိတွင် ဤသို့သာ ပြုလုပ်ရတော့မည် ဖြစ်သည်၊ မျက်နှာအနည်းငယ် ပျက်ရခြင်းက ယဲ့မိသားစု၏ အခြေခံအုတ်မြစ်ကို ထိခိုက် နာကျင်စေခြင်းထက်စာလျှင် ပိုမို ကောင်းမွန်ပေသည်။
ဤအချိန်တွင် ယဲ့ကျန်ထျန်း၌ အစောပိုင်းကကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာမျိုး မရှိတော့ဘဲ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "ဆိုင်ရှင်ရှန်း... ခုနက ကျွန်တော့်ရဲ့ မသိနားမလည်မှုအတွက် တောင်းပန်ပါတယ်၊ ကျွန်တော် တဇွတ်ထိုး ဆန်မိသွားပါတယ်၊ ဒီအုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၅၀ ကိုတော့... ယဲ့မိသားစုက တကယ်ပဲ အကုန်လုံး မဝယ်ယူနိုင်ပါဘူး"
ယဲ့ကျန်ထျန်းက ဤစကားကို ပြောပြီးနောက် မျက်နှာတစ်ခုလုံး ယင်ကောင်သေကို စားမိလိုက်ရသကဲ့သို့သော အမူအရာမျိုး ဖြစ်ပေါ်နေခဲ့သည်။
ချန်ကျီ၏ မျက်နှာထက်၌ စိတ်မရှည်မှုများ ပြည့်နှက်သွားခဲ့ရသည်။ "အကုန်မဝယ်နိုင်ဘဲနဲ့ ဘာလို့ လေလုံးထွားနေတာလဲ၊ အချိန်ကုန်တယ်"
ချန်ကျီက ပြောပြီးနောက် လက်ကို အရှိန်ပြင်းစွာ ဝှေ့ယမ်းလိုက်ရာ ကောင်တာပေါ်ရှိ ကျောက်စိမ်းပုလင်း အလုံး ၅၀ စလုံး သူ၏ သိမ်းဆည်းခြင်းကို ခံလိုက်ရတော့သည်။
ချန်ကျီ စိတ်ထဲ၌ အလွန်အမင်း ကျေနပ်အားရသွားခဲ့ရသည်၊ ယဲ့ကျန်ထျန်းအား ဤကဲ့သို့ အကျပ်ရိုက်သွားအောင် ပြုလုပ်နိုင်မည့်သူမှာ ဝမ်နန်မြို့တစ်ခုလုံးတွင် ဒုတိယမြောက် လူတစ်ယောက် ရှိလိမ့်မည်မဟုတ်ပေ၊ တစ်ပြိုင်နက်တည်းမှာပင် ယဲ့ကျန်ထျန်း၏ စိတ်ထဲ၌ သံသယ မျိုးစေ့တစ်ခုကို စိုက်ပျိုးပေးလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ချန်ကျီက အုတ်မြစ်ချခြင်း ဆေးလုံးများကို အကုန်လုံး ပြန်လည် သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ ယဲ့ကျန်ထျန်းက ပျာပျာသလဲ ဖြစ်သွားရပြီး အလျင်အမြန် ပြောလိုက်သည်။ "ဆိုင်ရှင်ရှန်း... မလောပါနဲ့ဦး၊ အကုန်လုံး မဝယ်နိုင်ဘူးဆိုပေမဲ့... ကျွန်တော် မဝယ်ဘူးလို့ မပြောရသေးပါဘူး"
"အားနာစရာပဲ... အခုကစပြီး အုတ်မြစ်ချခြင်း ဆေးလုံးကို အလုံး ၅၀ ကနေ စပြီး ရောင်းတာပါ"
"ဘာ"
ချန်ကျီ ဤသို့ ပြောသည်ကို ကြားရသောအခါ ယဲ့ကျန်ထျန်း၏ မျက်နှာအမူအရာက အေးတစ်လှည့်၊ ပူတစ်လှည့် ဖြစ်သွားရပြီး စိတ်ထဲ၌ နာကျည်းမုန်းတီးမှုများ ပေါ်ပေါက်လာခဲ့ရသည်။
သူ့အား ဤကဲ့သို့ လှောင်ပြောင် ဆော့ကစားရဲသူမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ ။
သို့သော်လည်း ယခုအချိန်က ဒေါသထွက်ရမည့် အချိန်မဟုတ်ကြောင်း သူ သိပါသည်၊ အနန္တ ကုန်စုံဆိုင်၏ ခွန်အား က မျက်စိရှေ့မှောက်၌ မြင်တွေ့နေရသည့် အရာမျှသာ မဟုတ်သည်ကို သူ နားလည်သည်။
အနန္တ ကုန်စုံဆိုင်၏ နောက်ကွယ်တွင် သေချာပေါက် သူ စိတ်ကူး၍ပင် မရနိုင်သော အင်အားစုကြီးတစ်ခု ရှိနေပေလိမ့်မည်။
အနန္တ ကုန်စုံဆိုင်က လက်ရှိ ပြုလုပ်နေသမျှ အရာအားလုံးက သူ၏ နားလည်မှုကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ အနန္တ ကုန်စုံဆိုင်ကို စော်ကားမိလျှင် ရင်ဆိုင်ရမည့် နောက်ဆက်တွဲ အကျိုးဆက်များကို ယဲ့မိသားစုအနေနှင့် ခံနိုင်ရည် ရှိပါ့မလားဟူ၍ သူ စိုးရိမ်ထိတ်လန့်နေမိတော့သည်။