အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) ယဲ့မိသားစု ခေါင်းဆောင် အလောတကြီး မသွားပါနဲ့ဦး
"ဆိုင်ရှင်ရှန်း... ဒီအုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၅၀ ကို ကျွန်တော် တကယ်ပဲ တစ်ခါတည်းနဲ့ အကုန်လုံး မဝယ်ယူနိုင်လို့ပါ၊ နည်းနည်းလောက် ရောင်း ပေးလို့ ရမလား၊ ကျွန်တော့်ကို ၁၀ လုံးပဲ ရောင်းပေးပါ"
လက်ရှိ အခြေအနေအရ ယဲ့ကျန်ထျန်းအနေနှင့် ဒေါသကို မြိုသိပ်ထားရုံမှတစ်ပါး အခြားမရှိပေ ၊ ထို့ပြင် သူ၏ စကားပြော လေသံကလည်း မည်သို့မျှ ပြတ်သားမာထန်၍ မရတော့ပေ ။
ချန်ကျီကမူ တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြော လိုက်သည်။ "မရပါဘူး၊ အနည်းဆုံး အလုံး ၃၀ ကနေ စပြီး ရောင်းတာပါ၊ တကယ်လို့ ယဲ့မိသားစု ခေါင်းဆောင်က ဒီလောက်အထိ မဝယ်နိုင်ဘူးဆိုရင်လည်း ပြန်နိုင်ပါပြီ၊ ကျွန်တော့်ရဲ့ အရောင်းအဝယ်ကို လာပြီး မနှောင့်ယှက်ပါနဲ့တော့"
ယဲ့ကျန်ထျန်းအား အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၅၀ တစ်ခါတည်း ဝယ်ခိုင်းရန်မှာ မဖြစ်နိုင်ကြောင်း ချန်ကျီလည်း သိပါသည်၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းငါးသောင်း ဆိုသည်မှာ ယဲ့မိသားစုအတွက်လည်း သေးငယ်သော ပမာဏ မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်၌ ယဲ့မိသားစုကို တစ်ကွက် ဆော်နိုင်သလောက် ဆော်ထားရမည် ဖြစ်သည်၊ ယဲ့ကျန်ထျန်းအနေနှင့် အုတ်မြစ်ချခြင်း ဆေးလုံးကို မယူဘဲမနေနိုင်ကြောင်း သူ ယုံကြည်သည်။
"အလုံး ၃၀ လား... နည်းနည်းလောက် ထပ်လျှော့ပေးလို့ မရဘူးလား၊ ကျွန်တော် ၂၀ ပဲ ယူပါ့မယ်"
အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ဆိုလျှင်ပင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း ပေးချေရမည် ဖြစ်သည်၊ ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်းကို ယဲ့ကျန်ထျန်း ထုတ်ပေးနိုင်သော်လည်း လက်ရှိတွင် ပိုမိုကောင်းမွန်သော ဖြေရှင်းနည်း ရှိနေသဖြင့် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို တစ်ခါတည်းနှင့် အကုန်မသုံးပစ်ချင်ပေ။
ဘာပဲဖြစ်ဖြစ် အနန္တ ကုန်စုံဆိုင်၌ အုတ်မြစ်ချခြင်း ဆေးလုံး ပြတ်လပ်သွားစရာ အကြောင်းမရှိသဖြင့် သူက ဘာကြောင့် ဥအားလုံးကို ခြင်းတောင်းတစ်ခုတည်းထဲ ထည့်ထားရမည်နည်း။
ဝိညာဉ်ကျောက်တုံးများကို သူ့ကိုယ်ပေါ်၌ သိမ်းဆည်းထားပြီး လိုအပ်သည့်အချိန်မှ ထုတ်သုံးခြင်းက ပို၍ မကောင်းပေဘူးလား။
"ယဲ့မိသားစု ခေါင်းဆောင်... မင်းက ဒါကို ကုန်စိမ်းစျေးမှာ ဟင်းသီးဟင်းရွက် ဝယ်နေတယ်လို့ ထင်နေတာလား၊ စျေးဆစ်နေတာက တစ်ကယ့်ကို လူကြီးလူကောင်း မဆန်လိုက်တာ"
ချန်ကျီက ယဲ့ကျန်ထျန်း၏ အတွေးကို ရိပ်မိပြီးသား ဖြစ်သည်၊ ဝိညာဉ်ကျောက်တုံး အများကြီးကို တစ်ပြိုင်နက်တည်း မသုံးချင်ရုံမျှသာ မဟုတ်ပါလော။
ချန်ကျီက လက်ရှိတွင် ယဲ့ကျန်ထျန်း စိတ်တိုင်းကျ ဖြစ်မသွားစေရန် တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် ယဲ့ကျန်ထျန်းကို အကျပ်ရိုက်အောင် ပြုလုပ်နေခြင်း ဖြစ်သည်။
ယဲ့ကျန်ထျန်းသည် ချန်ကျီက သူ့အား လမ်းဘေးတွင် ဟင်းသီးဟင်းရွက် စျေးဆစ်နေသော မိန်းမကြီးများနှင့် နှိုင်းယှဉ်လိုက်သည်ကို ကြားရသောအခါ စိတ်ထဲ၌ ဒေါသ အလိပ်လိုက် ထွက်လာပြီး လက်ဝှေ့ယမ်းကာ ထွက်ခွာသွားချင်စိတ် ပေါက်သွားခဲ့ရသည်။
သို့သော်လည်း ယဲ့ကျန်ထျန်းက စိတ်ထဲ၌သာ ထိုသို့ တွေးမိသော်လည်း လက်တွေ့တွင်မူ မပြုလုပ်ရဲပေ ၊ သူက ယနေ့သာ ဤအုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ကို မဝယ်ယူခဲ့လျှင် နောင်တွင် အုတ်မြစ်ချခြင်း ဆေးလုံး လာဝယ်ရန် ဘယ်လိုမှ စိတ်ကူး၍ရတော့မည် မဟုတ်ကြောင်း ရိပ်မိနေခဲ့ပြီ ဖြစ်သည်။
ယဲ့ကျန်ထျန်းက ချန်ကျီ၏ ကျေနပ်အားရနေသော အပြုံးကို ကြည့်ရင်း အကျိုးအပြစ်ကို အထပ်ထပ် အခါခါ ချိန်ဆပြီးနောက် နောက်ဆုံးတွင် သွားကို ကြိတ်ကာ ပြောလိုက်ရတော့သည်။ "ကောင်းပြီ... အလုံး ၃၀ ဆိုလည်း အလုံး ၃၀ ပေါ့"
"ဟုတ်ကဲ့ပါ... ယဲ့မိသားစု ခေါင်းဆောင်က တကယ့်ကို သဘောထားကြီးတာပဲ" ချန်ကျီက ပျော်ရွှင် စွာ ပြော လိုက်သည်။
၎င်းနောက်တွင် ချန်ကျီက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ အုတ်မြစ်ချခြင်း ဆေးလုံးများ ပြည့်နှက်နေသော ကျောက်စိမ်းပုလင်း အလုံး ၃၀ က ကောင်တာပေါ်၌ စီစီရီရီ ပေါ်လာခဲ့တော့သည်။
"ယဲ့မိသားစု ခေါင်းဆောင်... တစ်ချက်လောက် စစ်ဆေးကြည့်ပါဦး၊ ဒီမှာ စုစုပေါင်း အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ပါ၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း ကျသင့်ပါတယ်" ချန်ကျီ၏ မျက်နှာထက်၌ အပြုံးများ ပြည့်နှက်နေခဲ့သည်။
ချန်ကျီအနေနှင့် မပြုံးဘဲ မနေနိုင်ပေ ၊ ဤတစ်ကြိမ်တည်းဖြင့်တင် သူက ယဲ့ကျန်ထျန်းထံမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းလေးသောင်းကို အသားတင် အမြတ်အဖြစ် ရရှိလိုက်ခြင်း ဖြစ်ပေသည်။
ယဲ့မိသားစုက တကယ့်ကို လက်ဖွာ တာပဲ။
ယဲ့ကျန်ထျန်းက ချန်ကျီ ပြောနေသည်များကို ကြားရသော်လည်း စိတ်ထဲ၌ မည်သို့မျှ မခံစားရတော့ဘဲ စိတ်အခြေအနေကို လုံးဝ တည်ငြိမ်အောင် ထားလိုက်တော့သည်။
သို့သော်လည်း သူက ကျောက်စိမ်းပုလင်းများကို လှမ်းယူကာ တစ်လုံးချင်းစီ စစ်ဆေးကြည့်နေဆဲ ဖြစ်သည်၊ အနည်းဆုံးတော့ ပုလင်းအတွင်းရှိ ဆေးလုံးများက အုတ်မြစ်ချခြင်း ဆေးလုံး ဟုတ်မဟုတ်ကိုမူ စစ်ဆေးရပေမည်။
ဒါက သူ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း ပေးချေပြီး ဝယ်ယူခဲ့ရခြင်း ဖြစ်ပေသည်၊ သူက တစ်ခါမျှ ဤမျှအထိ များပြားလှသော ဝိညာဉ်ကျောက်တုံးများကို တစ်ပြိုင်နက်တည်း မသုံးစွဲဖူးသဖြင့် စည်းစိမ်ချမ်းသာ ကြွယ်ဝလှသည်ဆိုစေဦးတော့ သေချာ မစစ်ဆေးရလျှင် စိတ်ချနိုင်မည် မဟုတ်ပေ ။
ယဲ့ကျန်ထျန်းက တစ်လုံးချင်းစီ စစ်ဆေးပြီးနောက် အတွင်းရှိ ဆေးလုံးများက ဝမ်ရှင်းတယ် ဝယ်ယူသွားသော အုတ်မြစ်ချခြင်း ဆေးလုံးများနှင့် အတူတူပင်ဖြစ်ပြီး အားလုံးက အလယ်အလတ်အဆင့် အုတ်မြစ်ချခြင်း ဆေးလုံးများဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
ယဲ့ကျန်ထျန်းက နှမြောတသဟန်ဖြင့် သိုလှောင်အိတ် နှစ်အိတ်ကို ထုတ်ယူလိုက်ပြီး ကောင်တာပေါ်သို့ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် တင်ပေးလိုက်သည်။
ချန်ကျီက သိုလှောင်အိတ် နှစ်အိတ်ကို ကြည့်ရင်း မျက်လုံးများ အရောင်တောက်သွားခဲ့ရသည်၊ ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း ဖြစ်ပေသည်၊ အနန္တ နေရာလွတ် ကို ထပ်မံ အဆင့်မြှင့်တင်နိုင်တော့မည်ဖြစ်ပြီး ကိုယ်ပွား အမြောက်အမြားကိုလည်း ထပ်မံ ဝယ်ယူနိုင်တော့မည် ဖြစ်သည်။
သိုလှောင်အိတ် နှစ်အိတ်စလုံးပေါ်တွင် မည်သည့် တားမြစ်ချက်မှ မရှိသဖြင့် ချန်ကျီက အသိစိတ် ဖြင့် တိုက်ရိုက် စစ်ဆေးကြည့်လိုက်ရာ တိတိကျကျ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း ရှိနေပေသည်။
"ယဲ့မိသားစု ခေါင်းဆောင်ကို ကျေးဇူးအများကြီး တင်ပါတယ်၊ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း အတိအကျပါပဲ"
"ဟဲဟဲ..." ယဲ့ကျန်ထျန်းက ဟန်ဆောင်ပန်ဆောင် တစ်ချက် ရယ်မောလိုက်ရင်း ကောင်တာပေါ်ရှိ ကျောက်စိမ်းပုလင်း အလုံး ၃၀ ကို သိမ်းဆည်းလိုက်သည်။
ယဲ့ကျန်ထျန်းက ဤနေရာ၌ ဆက် မနေချင်တော့သဖြင့် လှည့်ထွက်ကာ တိုက်ရိုက် ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
ထိုအချိန်တွင် ချန်ကျီက ယဲ့ကျန်ထျန်းကို လှမ်း၍ တားဆီးလိုက်သည်။
"ယဲ့မိသားစု ခေါင်းဆောင်... အလောတကြီး မသွားပါနဲ့ဦး"
"ဟမ်..." ယဲ့ကျန်ထျန်းက နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်ပြီး ချန်ကျီက ဘာကို ဆိုလိုခြင်းဖြစ်ကြောင်း မသိပေ ။
"ယဲ့မိသားစု ခေါင်းဆောင်... ဘာဖြစ်လို့ ဒီလောက်တောင် အလောတကြီး သွားရတာလဲ" ချန်ကျီက လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြော လိုက်သည်။
"အုတ်မြစ်ချခြင်း ဆေးလုံးကိုလည်း ငါ ဝယ်ပြီးပြီပဲ၊ မသွားလို့... ဒီမှာ ဆက်နေပြီး ဘာလုပ်ရမှာလဲ"
ယဲ့ကျန်ထျန်းက အနည်းငယ် စိတ်မရှည်ဖြစ်လာခဲ့ရသည်၊ ဤနေရာက တကယ့်ကို ရွှေပုံငွေပုံကို ဝါးမြိုနေသည့် နေရာတစ်ခု ဖြစ်သဖြင့် သူက တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့ပေ ။
"ယဲ့မိသားစု ခေါင်းဆောင်... ကျွန်တော်တို့ အနန္တ ကုန်စုံဆိုင်က အုတ်မြစ်ချခြင်း ဆေးလုံးတစ်မျိုးတည်းပဲ ရောင်းတာ မဟုတ်ပါဘူး၊ အကယ်လို့ အဲဒီလိုသာဆိုရင်... ကျွန်တော်တို့ ကုန်စုံဆိုင်ရဲ့ 'အနန္တ' ဆိုတဲ့ စကားလုံးက အလကား ဖြစ်သွားမှာပေါ့"
"ဘာအဓိပ္ပာယ်လဲ" ယဲ့ကျန်ထျန်း အနည်းငယ် နားမလည် ဖြစ်သွားရသည်။
"အဓိပ္ပာယ်ကတော့... မင်း လိုချင်တဲ့အရာမှန်သမျှ... ကျွန်တော်တို့ဆီမှာ အကုန်ရှိတယ် ဆိုတာပါပဲ"
"အကုန်ရှိတယ် ဟုတ်လား" ယဲ့ကျန်ထျန်း အံ့ဩသွားခဲ့ရသည်။
"မှန်ပါတယ်... အကုန်ရှိပါတယ်၊ ဆေးလုံးဆိုတာက ကျွန်တော်တို့ ရောင်းချတဲ့ ပစ္စည်းတွေထဲက အမျိုးအစား တစ်ခုမျှသာ ရှိပါသေးတယ်၊ ရတနာလက်နက်တွေ၊ ကျင့်စဉ်တွေ၊ မန္တန် တွေ စတာတွေအပြင်... မင်းမှာ လိုချင်တာ ရှိနေသရွေ့... ကျွန်တော်တို့က အကုန်လုံးကို ဖြည့်ဆည်းပေးနိုင်ပါတယ်" ချန်ကျီက တည်ငြိမ်စွာ ပြော လိုက်သည်။
"ဘယ်လိုအဆင့် မျိုးမဆို အကုန်ရှိတာလား" ယဲ့ကျန်ထျန်းတွင် ဤအရာများ တကယ်ပဲ လိုအပ်နေခြင်း ဖြစ်သည်၊ သို့သော်လည်း အဆင့် နိမ့်လွန်းသော အရာများကိုမူ သူက အမြင်မကျသလို အဆင့် မြင့်သော အရာများကိုလည်း သူက ဝယ်ယူ၍ မရနိုင်ပေ ။
"မှန်ပါတယ်... ဆန်းကြယ်အဆင့် ရတနာလက်နက်တွေ၊ မန္တန် တွေ၊ ကျင့်စဉ်တွေ အကုန်ရှိပါတယ်၊ မင်း ဘယ်လိုအဆင့်မျိုးကို လိုချင်လဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်" ချန်ကျီက ယဲ့ကျန်ထျန်းကို တဖြည်းဖြည်းချင်း ဆွဲဆောင်နေခဲ့သည်၊ သူက သိုးတစ်ကောင်တည်းဆီမှ သိုးမွှေးအားလုံးကို အကုန်အစင် ရိတ်ပစ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
"ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်တွေလည်း ရှိတာလား" ယဲ့ကျန်ထျန်းက မယုံနိုင်စွာ မေးလိုက်သည်။
"ရှိတာပေါ့... ဆန်းကြယ်အဆင့်မြင့်တင်မကဘူး၊ မင်းက ဆန်းကြယ်အဆင့် အထွတ်အထိပ် တွေ၊ ဒါမှမဟုတ် မြေကြီး အဆင့် တွေကို လိုချင်ရင်တောင်မှ ရှိပါတယ်၊ ဒါပေမဲ့... ယဲ့မိသားစု ခေါင်းဆောင်အနေနဲ့ ဝယ်နိုင်ပါ့မလားဆိုတာပဲ စိုးရိမ်ရတယ်"
ချန်ကျီ ပြောသည်မှာ မည်သည့် ပြဿနာမျှ မရှိပေ ၊ အနန္တ စတိုးဆိုင်အတွင်းရှိ လက်ရှိ အမြင့်ဆုံး ရတနာလက်နက် အဆင့်မှာ မြေကြီး အဆင့်မြင့် ဖြစ်ပေသည်။
ထို့ထက်မက သူ၏ လက်ထဲ၌ လက်ရှိတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း ရှိနေပြီ ဖြစ်သည်၊ အော်... မဟုတ်သေးပါဘူး၊ သူ၏ ခန့်မှန်းချက်အရ လက်ရှိတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းခန့် ရှိနေပြီ ဖြစ်သည်။
လျိုထိုင် ပေးချေထားသော စရံငွေ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းနှင့် ဝမ်ရှင်းတယ် ပေးထားသော နှစ်သောင်းငါးထောင်တို့ ပါဝင်ပေသည်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သိန်းကတော့ သေချာပေါက် ရှိနေပြီ ဖြစ်သည်။
အနန္တ နေရာလွတ် သာ တစ်ဆင့် မြင့်သွားခဲ့လျှင် ကောင်းကင်အဆင့် ရတနာလက်နက်များ၊ ကျင့်စဉ်များ၊ မန္တန် များ အားလုံး ရှိလာမည်ဖြစ်ပြီး အဆင့် ၄ ဆေးလုံးများနှင့် အခြေတည် ဝိညာဉ်အဆင့် ဆေးလုံးများပါ ရှိလာမည် ဖြစ်သည်။
ဤအရာအားလုံးအတွက် ချန်ကျီအနေနှင့် အနန္တ နေရာလွတ် ကို အချိန်စော၍ အဆင့်မြှင့်တင်နိုင်အောင် ကူညီပေးခဲ့သော ယဲ့ကျန်ထျန်း၏ ရက်ရောမှုကို ကျေးဇူးတင်ရမည် ဖြစ်သည်။
ချန်ကျီ၏ ပြက်ရယ်ပြုခြင်းကို ခံလိုက်ရသော်လည်း ယဲ့ကျန်ထျန်း ဒေါသ မထွက်ပေ ၊ သူ၏ စိတ်အာရုံအားလုံးက ဆန်းကြယ်အဆင့်မြင့်အပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
"ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်တစ်ခုကို... ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ" ယဲ့ကျန်ထျန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"စျေးမကြီး ပါဘူး... ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက် တစ်ခုကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းပဲ ကျသင့်ပါတယ်၊ ယဲ့မိသားစု ခေါင်းဆောင်အနေနဲ့ ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်ရဲ့ စျေးနှုန်းကို အနည်းအကျဉ်းတော့ သိထားမှာပါ"
"ဒီစျေးနှုန်းက အလွန် သင့်တင့် ပါတယ်၊ အနန္တ ကုန်စုံဆိုင်က အရောင်းအဝယ် လုပ်တဲ့အခါ ဘယ်တော့မှ လူကြီးလူကောင်းမဆန်တာမျိုး မရှိပါဘူး"
"စျေးနှုန်းပိုင်းနဲ့ ပတ်သက်လို့တော့... ယဲ့မိသားစု ခေါင်းဆောင် စိတ်ချပါ၊ သေချာပေါက် အသက်သာဆုံး ဖြစ်စေရပါမယ်"
လျိုထိုင်နှင့် အရောင်းအဝယ် ပြုလုပ်ပြီးနောက်တွင် ချန်ကျီက ဆန်းကြယ်အဆင့် ပစ္စည်းများ၏ စျေးနှုန်းအပေါ် နားလည်မှု အသစ်တစ်ခု ရရှိထားပြီး ဖြစ်ပေသည်။
ဝိညာဉ်ကျောက်တုံး သုံးသောင်းဆိုသည့် ဤစျေးနှုန်းက တကယ်ပဲ စိတ်ကောင်းစေတနာကောင်း ရှိလွန်းလှသည်ဟု ပြောနိုင်ပေသည်။
သို့သော်လည်း သူက ယဲ့ကျန်ထျန်းထံမှ ဝိညာဉ်ကျောက်တုံး တစ်သောင်း ပို၍ အမြတ်ထုတ်ထားခြင်းမျှသာ ဖြစ်သည်။
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းဆိုသည့် ဤစျေးနှုန်းကို ကြားရသောအခါ ယဲ့ကျန်ထျန်း တကယ်ပဲ စျေးမကြီး ဟု ခံစားလိုက်ရသည်။
အခြားနေရာများတွင်မူ သူက ဝိညာဉ်ကျောက်တုံး သုံးသောင်း ထုတ်ပေးလျှင်ပင် အခြားသူများက သူ့အား ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်တစ်ခုကို ရောင်းချပေးချင်မှ ရောင်းချပေးမည် ဖြစ်သည်။
ထို့ပြင် အကယ်၍ သူက ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်တစ်ခုကို ဝယ်ယူပြီး သူ၏ အဖေ ထံသို့ ယူဆောင်ကာ အသုံးပြုခိုင်းမည်ဆိုပါက သူ၏ အဖေ ရဲ့ ခွန်အားက သေချာပေါက် အကြီးအကျယ် တိုးတက်သွားမည် ဖြစ်သည်။
"ကောင်းပြီ... ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက် တစ်ခု... ငါ တစ်ခု ယူမယ်" ဤတစ်ကြိမ်တွင်မူ ယဲ့ကျန်ထျန်းက မည်သို့မျှ တုံ့ဆိုင်းမနေတော့ဘဲ အလွန်အမင်း ပြတ်သားလှပေသည်။
"ယဲ့မိသားစု ခေါင်းဆောင်က တကယ်ပဲ ပြတ်သားတာပဲ၊ ဒါပေမဲ့... ဒီဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်ကတော့... ကျွန်တော့်ဆီမှာ လောလောဆယ် ပစ္စည်းပြတ်နေတယ်"