အခန်း ၉၈
Vol. 10 Ch. 98
အခန်း (၉၈) စနစ် စွမ်းရည်နှင့် လုပ်ဆောင်ချက်အသစ်များ
ချန်ကျီ၏ အသိစိတ်က အနန္တ နေရာလွတ်အတွင်း၌ မျောလွင့်နေပြီး အနန္တ နေရာလွတ်၏ အစွန်းဆုံးဆီသို့ တောက်လျှောက် ပျံသန်းသွားခဲ့သည်။
စတုရန်းမီတာ လေးထောင် အကျယ်အဝန်းဆိုသည်မှာ ကြီးမားလှသည်ဟု ပြော၍မရသလို သေးငယ်သည်ဟုလည်း ဆို၍မရပေ၊ သို့သော်လည်း သူက အချိန်အနည်းငယ်ပေးကာ သေချာစွာ လှည့်လည်ကြည့်ကာ စစ်ဆေးလိုက်သည်။
အနန္တ နေရာလွတ်အတွင်းရှိ မြူခိုးများ ကင်းစင်သွားပြီးနောက် ယခင်က မြင်တွေ့ခဲ့ရသော မြစ်ရေ၏ မြစ်ဖျားခံရာ နေရာကလည်း ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
မြူခိုးများ၏ အဆုံးသတ်နေရာတွင် တောင်တန်းကြီးများ ထိုးထွက် နေကြပြီး အမြင့်ဆုံး တောင်ထိပ်များပေါ်မှ စီးဆင်းလာသော ရေတံခွန်ကြီးများက တဝေါဝေါ ဖြင့် အောက်သို့ ထိုးဆင်းနေကာ ကျောက်ဆောင်နံရံများကို အဆက်မပြတ် ရိုက်ခတ်လျက် နောက်ဆုံး၌ တောင်ခြေရှိ နက်ရှိုင်းသော ရေကန်ကြီးထဲသို့ စီးဝင်သွားကြသည်။
ချန်ကျီ၏ အသိစိတ်က အမြင့်ဆုံး တောင်ထိပ်နှင့် တစ်တန်းတည်း ဖြစ်အောင် ပျံသန်းသွားသော်လည်း အမြင်အာရုံက မြူခိုးတစ်လွှာဖြင့် ပိတ်ဆို့ခြင်း ခံထားရဆဲ ဖြစ်သဖြင့် တောင်တန်းများ နောက်ကွယ်က ရှုခင်းများကိုမူ သေချာ မမြင်ရသေးပေ။
အခြားတစ်ဖက်တွင်မူ ယခင်က မြင်တွေ့ခဲ့ရသော ပန်းမန်များနှင့် သစ်ပင်ကြီးများက အသစ်ပေါ်ထွက်လာသော တောအုပ်ကြီးနှင့် တစ်ဆက်တည်း ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
တောအုပ်အတွင်း၌ ထူးဆန်းစွာ တိတ်ဆိတ်နေပြီး ငှက်နှင့် သားရဲတိရစ္ဆာန်များ မရှိသော်လည်း တောအုပ်အတွင်းရှိ သစ်ပင်များကမူ အလွန် သန်စွမ်းထွားကျိုင်းစွာ ကြီးထွားနေကြသည်။
တစ်ပတ်ပတ် ကြည့်ပြီးနောက် ချန်ကျီက ဝိညာဉ်စိုက်ခင်း ရှိရာ နေရာသို့ ပြန်လာခဲ့သည်။
ဝိညာဉ်စိုက်ခင်း အရေအတွက်က ယခင်က အကွက် ၄၀ မှ ယခုအခါ အကွက် ၈၀ အထိ ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ယခင် အကွက် ၄၀ ပေါ်တွင် စိုက်ပျိုးထားသော ဝိညာဉ်ဆေးပင်များက ချက်ချင်းဆိုသလို ရင့်မှည့်တော့မည် ဖြစ်ရာ ဝိညာဉ်စိုက်ခင်း၏ အချိန်စီးဆင်းမှုက နောက်တစ်ကြိမ် ထပ်မံ၍ နှစ်ဆ တိုးသွားခြင်း ဖြစ်ကြောင်း အလွန် ထင်ရှားလှပေသည်။
ချန်ကျီ တွက်ချက်ကြည့်လိုက်ရာ ဤတစ်ကြိမ် အနန္တ နေရာလွတ် အဆင့်မြင့်သွားပြီးနောက် ဝိညာဉ်စိုက်ခင်း၏ အချိန်မြန် မှုက အဆ ၄၀၀၀ ခန့်အထိ ရှိနေသင့်သည်။
"ဒီလို တွက်ကြည့်မယ်ဆိုရင် ဝိညာဉ်ဆေးပင်တွေကို တစ်နာရီ စိုက်ပျိုးတာက ရက်ပေါင်း ၄၀၀၀ စိုက်ပျိုးတာနဲ့ ညီမျှတာပေါ့"
"ဝိညာဉ်ဆေးပင် တစ်ရက် စိုက်ပျိုးတာက ဆယ့်တစ်နှစ်နီးပါး စိုက်ပျိုးတာနဲ့ ညီမျှပြီး ၁၀ ရက်ဆိုရင် နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင်တစ်ပင် ဖြစ်လာမှာပဲ၊ ဒီမှာ ဝိညာဉ်စိုက်ခင်း အကွက် ၈၀ ရှိတော့ နှစ်တစ်ရာသက်တမ်းရှိ ဝိညာဉ်ဆေးပင် အပင် ၈၀ ရနိုင်တာပေါ့"
"တကယ်လို့ အနန္တ စတိုးဆိုင်ရဲ့ ပြန်လည်ဝယ်ယူတဲ့ စျေးနှုန်းအတိုင်း တွက်မယ်ဆိုရင် နှစ်တစ်ရာသက်တမ်း ဝိညာဉ်ဆေးပင် တစ်ပင်ကို အနည်းဆုံး အမှတ်တစ်ထောင် ရနိုင်ပြီး အပင် ၈၀ ဆိုရင် အမှတ် ရှစ်သောင်း ဖြစ်သွားပြီ"
"တကယ်ပဲ အဆင့်မြင့်လေလေ၊ အမှတ်တွေ ရှာရတဲ့နှုန်းက ပိုမြန်လေလေပဲ"
ချန်ကျီက စိတ်ထဲ၌ ဝိညာဉ်စိုက်ခင်း အကွက် ၈၀ ၏ လက်ရှိ အကျိုးအမြတ်ကို ရှင်းလင်းစွာ တွက်ချက်မိသော်လည်း အသစ်ထပ်တိုးလာသော အကွက် ၄၀ ပေါ်တွင် တိုက်ရိုက် ချက်ချင်း မျိုးစေ့ မချသေးပေ။
အနှစ် ၃၀ သက်တမ်းရှိ ဝိညာဉ်ဆေးပင်များ၏ အကျိုးအမြတ်ကို သူက သိပ်ပြီး မျက်စိမကျတော့သဖြင့် စိုက်ပျိုးမည်ဆိုလျှင် အကောင်းဆုံးအရာကိုသာ စိုက်ပျိုးရပေမည်။
သူက ခေတ္တမျှကြာလျှင် အနန္တ စတိုးဆိုင်အတွင်းမှ တန်ဖိုးအမြင့်ဆုံး ဝိညာဉ်ဆေးပင် အစု တစ်ခုကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
ဝိညာဉ်စိုက်ခင်းကို ကြည့်ပြီးနောက် ချန်ကျီက အနန္တ စတိုးဆိုင်အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်သည်။
အဆင့်မြင့်သွားသော အနန္တ စတိုးဆိုင်အတွင်း၌ သူတစ်ခါမျှ မထိတွေ့ဖူးသေးသော အဆင့် ၄ ဆေးလုံးများ ရှိနေသလို ကောင်းကင်အဆင့် ကျင့်စဉ်များ၊ မန္တန်များ၊ ရတနာလက်နက်များ စသည်ဖြင့် ရှိနေပေသည်။
ဤအရာများအားလုံးက အခြေတည် ဝိညာဉ်အဆင့် ပုဂ္ဂိုလ် များသာ ထိတွေ့ခွင့်ရမည့် အရာများ ဖြစ်ကြသည်။
သူကဲ့သို့ သေးငယ်လှသော အုတ်မြစ်ချခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် လက်ရှိတွင် ထိုပုဂ္ဂိုလ် များသာ ကိုင်တွယ်ထိုက်သော အရာများကို အချိန်စော၍ ကြိုတင် အမြင်ကျယ်ခွင့် ရရှိခြင်း ဖြစ်သဖြင့် သူ့ကိုယ်သူ ကံကောင်းလှသည်ဟု သူ မှတ်ယူမိသည်။
"ဟားဟား... ငါ့ကို ကောင်းကောင်းကြီး မျက်စိပွင့် နားပွင့် ဖြစ်ခွင့်ပေးစမ်းပါ"
ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ချန်ကျီ၏ အသိစိတ်က အနန္တ စတိုးဆိုင်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
ဝတ်စုံစိမ်းနှင့် အမျိုးသမီးက မည်သည့်အခါမျှ မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိဘဲ ကောင်တာအနောက်၌ ရပ်နေဆဲ ဖြစ်သည်။
ချန်ကျီ စိတ်ခံစားချက် အလွန်ကောင်းမွန်နေသဖြင့် ဝတ်စုံစိမ်းနှင့် အမျိုးသမီးက သူ့ကို ပြန်လည် တုံ့ပြန်မည် မဟုတ်သော်လည်း ပြုံး၍ လှမ်းပြီး နှုတ်ဆက်လိုက်သည်။
ချန်ကျီက ဈေးဝယ် မျက်နှာပြင်ကို ဖွင့်လိုက်ပြီး ဆေးလုံးများ၊ ကျင့်စဉ်များ၊ မန္တန်များ၊ ရတနာလက်နက်များ စသည့် အမျိုးအစားများထဲသို့ အရင်ဆုံး အမြန် ကြည့်လိုက်သည်။
"သေချာပေါက် ဆေးလုံးတွေထဲမှာ အဆင့် ၄ ဆေးလုံးတွေ ရှိနေပြီပဲ၊ ဒါပေမဲ့ ရတနာလက်နက်တွေ၊ မန္တန်တွေ၊ ကျင့်စဉ်တွေထဲမှာ ကောင်းကင်အဆင့်တွေ မရှိသေးဘဲ အမြင့်ဆုံးက မြေကြီး အထွတ်အထိပ် ဖြစ်နေတာပါလား"
"အရင်က အနန္တ နေရာလွတ် အဆင့် ၃ ကို မြင့်သွားတုန်းက ဒီအရာတွေက မြေကြီး အဆင့်မြင့်အထိပဲ ရှိခဲ့လို့... အဲဒီတုန်းက မြေကြီး အဆင့်က မြင့်လွန်းလို့ အဆင့်မြင့်ကပဲ အကန့်အသတ် ထင်နေတာ၊ အခုကြည့်ရတာ ငါ အတွေးမှားသွားခဲ့တာပဲ"
"ဒါပေမဲ့ ဒီပစ္စည်းတွေကလည်း များလွန်းလှတာမလို့ ခဏတဖြုတ်နဲ့တော့ အကုန်ကြည့်လို့ ပြီးမှာ မဟုတ်ဘူး၊ နောက်မှ အချိန်ရတဲ့အခါကျမှ တစ်ခုချင်းစီရဲ့ မိတ်ဆက်တွေကို လာကြည့်တော့မယ်"
"အခုတော့... ဒီတစ်ကြိမ် အနန္တ နေရာလွတ် အဆင့်မြင့်သွားပြီးနောက် စွမ်းရည်နဲ့ လုပ်ဆောင်ချက် ကဏ္ဍတွေမှာ ဘာတွေ အသစ်ထပ်တိုးလာလဲဆိုတာ အရင် သွားကြည့်ရအောင်"
ဤတစ်ကြိမ် စနစ် အဆင့်မြင့်သွားပြီးနောက် အသစ်ထွက်ပေါ်လာသော ပစ္စည်းများက အနည်းငယ် များပြားလှသဖြင့် ချန်ကျီက ရွှမ်ယန်ချင်းလင် ဆေးလုံး ကို လိုက်ရှာရန် အလောတကြီး မလုပ်တော့ပေ၊ ထိုသို့လုပ်လျှင် အချိန်ကုန်လွန်းလှသည်။
သူက စွမ်းရည်ကဏ္ဍနှင့် လုပ်ဆောင်ချက်ကဏ္ဍရှိ အသစ်တိုးလာသော ပစ္စည်းများကို ကြည့်ပြီးမှ ဝတ်စုံစိမ်းနှင့် အမျိုးသမီးထံသို့ တိုက်ရိုက် သွားရောက် ရှာဖွေခိုင်းရန် တွေးလိုက်သည်၊ ထိုသို့လုပ်ခြင်းက ပို၍ အဆင်ပြေပေမည်။
ဈေးဝယ်မျက်နှာပြင်ပေါ်တွင် စွမ်းရည်အမျိုးအစားကို ပြသထားပြီး စွမ်းရည်ကဏ္ဍအတွင်း၌ ယခင်အတိုင်းပင် ရုပ်ပုံတစ်ခု ပုံစံမျိုး ဖြစ်ပေသည်။
ရုပ်ပုံပေါ်တွင် ဝေဝါးလှသော အရိပ်တစ်ခုကို ပြသထားပြီး အလွန် လျင်မြန်စွာ ရွေ့လျားနေသကဲ့သို့ ဖြစ်နေသည်။
ချန်ကျီက ဤစွမ်းရည်အသစ်၏ မိတ်ဆက်ချက်ကို ကြည့်ရင်း အလွန်ပင် အစွမ်းထက်လှကြောင်း အော်ဟစ်မိသွားသည်။
ချက်ချင်း တည်နေရာ ရွှေ့ပြောင်းခြင်း ၊ စျေးနှုန်း အမှတ် ၃၀၀၀၊ အကွာအဝေးကို ဂရုစိုက်ရန်မလိုဘဲ အသုံးပြုသူ၏ စိတ်ထဲ၌ တွေးလိုက်သော မည်သည့် နေရာသို့မဆို ချက်ချင်း ရောက်ရှိနိုင်သည်။ တစ်ကြိမ် အသုံးပြုလျှင် ကီလိုမီတာ တစ်ရာတိုင်းအတွက် အမှတ် ၁၀၀ ကုန်ကျမည် ဖြစ်သည်။
"ဝယ်ယူရမယ့် စျေးနှုန်းကတော့ မများဘူးပဲ၊ ဒါပေမဲ့ ရွှမ်ထျန်းတိုက်ကြီး က တကယ်ပဲ ကျယ်ပြန့်လွန်းလှတာမလို့ မြို့တစ်မြို့ကနေ နောက်မြို့တစ်မြို့ကို သွားမယ့် အကွာအဝေးက အနည်းဆုံး ကီလိုမီတာ ထောင်ချီ ရှိတာ"
"တခြားမြို့ကို ရောက်ဖို့ ချက်ချင်းတည်နေရာ ရွှေ့ပြောင်းခြင်းကို တစ်ချက် အသုံးပြုလိုက်တာနဲ့ အနည်းဆုံး အမှတ် ထောင်ချီ ကုန်ကျမှာပဲ"
"ဒါပေမဲ့ ဒါက အသက်ဘေးကနေ ထွက်ပြေး လွတ်မြောက်ဖို့အတွက် အလွန်ကောင်းတဲ့ စွမ်းရည်တစ်ခု ဖြစ်တာမလို့... ဝယ်ထားရင်လည်း မရှုံးပါဘူး"
အမှတ် ၃၀၀၀ ဆိုသည့် စျေးနှုန်းက ချန်ကျီအတွက်တော့ စိုးစဉ်းမျှ မများလှပေ ။
အနန္တ နေရာလွတ်ကို အဆင့်မြှင့်ပြီးနောက်တွင် သူ၏ လက်ထဲ၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်း ကျန်ရှိနေသေးသည်။
ချန်ကျီက မည်သို့မျှ တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ဝယ်ယူရန် ရွေးချယ်လိုက်တော့သည်။
ချက်ချင်းတည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်ကို ဝယ်ယူပြီးသွားသောအခါ ဤစွမ်းရည်က ချန်ကျီ၏ အသိစိတ်ထဲ၌ အလိုအလျောက် စွဲထင်သွားခဲ့သည်။
သူ အသုံးပြုချင်သည့်အချိန်၌ ယခင်က ကောင်းကင် မျက်စိ ကို အသုံးပြုသကဲ့သို့ပင် စိတ်ထဲက တွေး လိုက်သည်နှင့် တိုက်ရိုက် အသုံးပြုနိုင်ပြီ ဖြစ်သည်။
ချန်ကျီ စိတ်ထဲ၌ ချက်ချင်းတည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်ကို အသုံးပြုပုံကို နားလည်သွားပြီးနောက် လုပ်ဆောင်ချက်ကဏ္ဍ၏ ဈေးဝယ်မျက်နှာပြင်ကို ထပ်မံ ဖွင့်လှစ်လိုက်သည်။
လုပ်ဆောင်ချက်ကဏ္ဍ၏ ဈေးဝယ်မျက်နှာပြင်ပေါ်တွင်လည်း ရုပ်ပုံတစ်ခု ရှိနေပြီး ယခင်အတိုင်းပင် ဤရုပ်ပုံပေါ်တွင် ရှေးဟောင်းပုံစံ အဆောက်အအုံတစ်ခု ရှိနေသည်။
ချန်ကျီ၏ အသိစိတ်က ဤအဆောက်အအုံ ရုပ်ပုံပေါ်၌ ရပ်တန့်လိုက်ရာ လုပ်ဆောင်ချက်အသစ် အဆောက်အအုံ၏ မိတ်ဆက်က ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။
အလိုအလျောက် ဆေးဖော်စပ်ခန်း ၊ စျေးနှုန်း အမှတ် ၅၀၀၀၊ ဝိညာဉ်ဆေးပင်နှင့် ဆေးနည်း ရှိနေသရွေ့ ဆေးလုံးများကို အလိုအလျောက် ဖော်စပ်ပေးနိုင်သည်။
"အလိုအလျောက် ဆေးဖော်စပ်ခန်း... ဒါက တကယ့်ကို မဆိုးတဲ့ လုပ်ဆောင်ချက်ပဲ၊ ဆေးနည်း ရှိနေသရွေ့ ဆေးလုံးတွေကို အလိုအလျောက် ဖော်စပ်ပေးနိုင်တာ"
"နှမြောစရာကောင်းတာက အနန္တ စတိုးဆိုင်ထဲမှာ ဆေးနည်း တွေ ရောင်းတာမရှိဘူးပဲ၊ ကြည့်ရတာ နောင်ကျရင် ဆေးနည်း တချို့ကို စုဆောင်းရဦးမယ်"
"ဒါဆိုရင်... ငါကိုယ်တိုင် ဆေးနည်း တစ်ခုကို တီထွင်လိုက်မယ်ဆိုရင်ကော... သူက ဆေးလုံး ဖော်စပ်ပေးနိုင်မလား"
အလိုအလျောက် ဆေးဖော်စပ်ခန်းအတွက် လိုအပ်မည့် ဝိညာဉ်ဆေးပင်များနှင့် ပတ်သက်၍ ချန်ကျီ လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ၊ မည်သည့် ဝိညာဉ်ဆေးပင် လိုအပ်သည်ဖြစ်စေ အနန္တ စတိုးဆိုင်အတွင်း၌ တိုက်ရိုက် ဝယ်ယူ၍ ရနိုင်ပေသည်။
သို့သော်လည်း ဆေးနည်း ကမူ ချန်ကျီအား အကြပ်ရိုက်စေသည်၊ အနန္တ စတိုးဆိုင်အတွင်း၌ အချောထည် ဆေးလုံးများသာ ရှိပြီး ဆေးနည်း များ မရှိပေ ။
အနန္တ စတိုးဆိုင်က အရာရာကို လုပ်နိုင်သည် မဟုတ်ကြောင်း ချန်ကျီအား နောက်တစ်ကြိမ် သိမြင်စေခဲ့သည်။
သို့သော်လည်း ချန်ကျီ အများကြီး တွေးမနေတော့ပေ ၊ ဆေးနည်း ရှာဖွေရမည့် လုပ်ငန်းစဉ် မရှိသော်လည်း တိုက်ရိုက်ပင် ဆေးလုံး ရရှိနိုင်သည့် ရလဒ် ရှိနေသဖြင့် အနန္တ စတိုးဆိုင်က အရာရာကို မစွမ်းဆောင်နိုင်ဟုလည်း ပြော၍မရပေ။
ဘာပဲဖြစ်ဖြစ် ဆေးနည်း ဆိုသည်မှာ ဆေးလုံးအတွက် မွေးဖွားလာခြင်း ဖြစ်ရာ ဆေးလုံး မဖော်စပ်နိုင်လျှင် ဆေးနည်း ရှိနေလည်း အပိုသာ ဖြစ်ပေသည်။
ဤလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ချန်ကျီ မည်သို့မျှ တုံ့ဆိုင်းမနေဘဲ တိုက်ရိုက်ပင် ဝယ်ယူရန် ရွေးချယ်လိုက်သည်။
ချန်ကျီက ဝိညာဉ်ကျောက်တုံး ငါးထောင် သုံးစွဲပြီး အလိုအလျောက် ဆေးဖော်စပ်ခန်းကို ဝယ်ယူပြီးနောက် လုပ်ဆောင်ချက်ကဏ္ဍပေါ်ရှိ အလိုအလျောက် ဆေးဖော်စပ်ခန်း ရုပ်ပုံက ပျောက်ကွယ်သွားခဲ့သည်။
အနန္တ နေရာလွတ်အတွင်းရှိ အစီအရင် လေ့လာခန်း၏ ဘေးနားတွင်မူ အဆောက်အအုံတစ်ခုက လေဟာနယ်ထဲမှ အလိုအလျောက် ပေါ်ပေါက်လာခဲ့ပြီး ဤအဆောက်အအုံက အလိုအလျောက် ဆေးဖော်စပ်ခန်းပင် ဖြစ်တော့သည်။