အခန်း ၉၉
Vol. 10 Ch. 99
အခန်း (၉၉) ယဲ့မိသားစု၏ အခြေအနေ
ချန်ကျီသည် ချက်ချင်း တည်နေရာ ရွှေ့ပြောင်းခြင်းနှင့် အလိုအလျောက် ဆေးဖော်စပ်ခန်းတို့ကို ဝယ်ယူပြီးနောက် အနန္တ စတိုးဆိုင်အတွင်းရှိ အခြား ကုန်ပစ္စည်းများကိုမူ လောလောဆယ် မလိုအပ်သေးသဖြင့် အသေးစိတ် သိပ်မကြည့်တော့ပေ။
သူက ဈေးဝယ်မျက်နှာပြင်ကို ပိတ်လိုက်ပြီး ဝတ်စုံစိမ်းနှင့် အမျိုးသမီးအား တိုက်ရိုက်ပင် လှမ်းပြောလိုက်သည်။ "ငါ ရွှမ်ယန်ချင်းလင် ဆေးလုံး တစ်လုံး ဝယ်ချင်တယ်"
"ရွှမ်ယန်ချင်းလင် ဆေးလုံး တစ်လုံး လဲလှယ်ရန် အမှတ် ၅၀၀၀ ကုန်ကျမည် ဖြစ်သည်၊ သဘောတူ ပါသလား"
ချန်ကျီ ခေတ္တ တွက်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။ "သဘောတူ တယ်"
ချန်ကျီ တွန့်ဆုတ်သွားရသည့် အကြောင်းရင်းမှာ ယခင်က သူ တွေးတောမိသည်များ မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိသွား၍ ဖြစ်သည်။
ဝတ်စုံစိမ်းနှင့် အမျိုးသမီးထံမှ ရွှမ်ယန်ချင်းလင် ဆေးလုံး တစ်လုံး ဝယ်ယူလိုက်လျှင် ရွှမ်ယန်ချင်းလင် ဆေးလုံး၏ အာနိသင်ကို သိရှိနိုင်လိမ့်မည်ဟု သူက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ချန်ကျီက အတည်ပြုကြောင်း ပြောပြီးသည်နှင့် သူ၏ ရှေ့မှောက်၌ သူ ယခင်က သုံးစွဲခဲ့ဖူးသော ရွှမ်ယန်ချင်းလင် ဆေးလုံးနှင့် တစ်ပုံစံတည်း တူညီသော ဆေးလုံးတစ်လုံး ပေါ်ပေါက်လာခဲ့သည်။
သို့သော်လည်း ဤဆေးလုံးက ယခင် သူ သုံးစွဲခဲ့ဖူးသော အလုံးနှင့် အနည်းငယ် ကွဲပြားခြားနားလှပေသည်၊ ဤဆေးလုံးပေါ်တွင် မှေးမှိန်သော ရွှေရောင် အစင်းကြောင်း တစ်ခု ပတ်ထားသည်။
သူ ယခင်က သုံးစွဲခဲ့ဖူးသော ဆေး လုံးမှာ အဆင့်နိမ့် ဆေးလုံးမျှသာ ဖြစ်ပြီး ဝတ်စုံစိမ်းနှင့် အမျိုးသမီးထံမှ ဝယ်ယူလိုက်သည့် အရာကမူ အလယ်အလတ်အဆင့် ရွှမ်ယန်ချင်းလင် ဆေးလုံး ဖြစ်နေသည်။
ချန်ကျီ လက်ကို လှမ်းဆန့်လိုက်ရာ ရွှမ်ယန်ချင်းလင် ဆေးလုံးက သူ၏ လက်ဖဝါးထဲသို့ အလိုအလျောက် ပျံသန်းဝင်ရောက်လာခဲ့သည်။
"ကြည့်ရတာ ဆေးလုံးရဲ့ ဈေးဝယ်မျက်နှာပြင်ထဲကို သွားပြီးတော့ပဲ ရှာဖွေရဦးမယ် ထင်တယ်"
ချန်ကျီ၏ လက်ထဲတွင် အလယ်အလတ်အဆင့် ရွှမ်ယန်ချင်းလင် ဆေးလုံးကို ကိုင်ဆောင်ထားပြီး အာနိသင်က ယခင်ကထက် သေချာပေါက် ပိုမို ကောင်းမွန်မည် ဖြစ်သော်လည်း သူက ဇွတ်အတင်း သုံးစွဲခြင်း မပြုရဲသေးပေ။
ဤဆေးလုံးတွင် ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိကို သူ လောလောဆယ် အတည်မပြုနိုင်သေးပေ ။
ထို့ပြင် ဤဆေးလုံးက ချန်ကျီ စိတ်ထဲ၌ တွေးထားသည့်အတိုင်းဆိုလျှင် ၎င်းက ချင်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကိုယ်တိုင် ဖန်တီးထားသော ဆေးလုံး ဖြစ်သင့်သည်။
သူက နောက်ထပ် တစ်လုံး ထပ်မံ သုံးစွဲလျှင်ပင် သူ၏ ဝိညာဉ်အမြစ်ကို ထပ်မံ မြှင့်တင်ပေးနိုင်မည်ဟု အာမမခံနိုင်ပေ။
အကယ်၍ ထိုသို့သာ ဖြစ်ပါက ဤရွှမ်ယန်ချင်းလင် ဆေးလုံး၏ အာနိသင်က အလွန်အမင်း ကောင်းကင်ဘုံကို ဆန့်ကျင်လွန်းရာ ရောက်ပေလိမ့်မည်။
ချန်ကျီ အတွေး တစ်ချက် လှုပ်ရှားလိုက်ပြီး ဆေးလုံး၏ ဈေးဝယ်မျက်နှာပြင်ကို နောက်တစ်ကြိမ် ဖွင့်လှစ်ကာ အဆင့် ၄ ဆေးလုံး ကဏ္ဍအတွင်း၌ ရွှမ်ယန်ချင်းလင် ဆေးလုံးကို အသေအချာ ရှာဖွေလိုက်သည်။
ဆေးလုံး ဈေးဝယ်မျက်နှာပြင်အတွင်းရှိ ဆေးလုံးများက အလွန်အမင်း များပြားလှသဖြင့် ချန်ကျီအနေနှင့် တစ်ခုချင်းစီကိုသာ လိုက် ကြည့်ရတော့သည်။
ဤရှာဖွေမှု က ခဏတဖြုတ်နှင့် ပြီးဆုံးနိုင်သည် မဟုတ်ပေ။
ထိုအချိန်တွင် အနန္တ ကုန်စုံဆိုင်အတွင်း...
ရှန်းဝမ်စန်းက အနန္တ ကုန်စုံဆိုင်အတွင်းသို့ ဝင်ရောက်လာသော ဖောက်သည်တိုင်းကို ဆက်လက် ဧည့်ခံနေဆဲ ဖြစ်သည်။
ယဲ့ကျန်ထျန်း ထွက်ခွာသွားပြီးကတည်းက ဝမ်နန်မြို့အတွင်းရှိ မိသားစု အင်အားစု အသီးသီးက တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဆိုသလို ရောက်ရှိလာပြီး အုတ်မြစ်ချခြင်း ဆေးလုံးများကို လာရောက် ဝယ်ယူကြသည်။
ကျန်ရှိနေသော အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၂၀ ကလည်း မကြာမီ အချိန်အတွင်းမှာပင် ကုန်စင်အောင် ရောင်းချလိုက်ရတော့သည်။
နောက်ပိုင်းမှ အုတ်မြစ်ချခြင်း ဆေးလုံး လာရောက် ဝယ်ယူလိုသူများကိုမူ ရှန်းဝမ်စန်းက မနက်ဖြန်မှ ပြန်လာခဲ့ရန် အသိပေး လွှတ်လိုက်ရသည်။
တစ်ချိန်တည်းမှာပင်...
ယဲ့ကျန်ထျန်းက အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ကို ဝယ်ယူပြီး ယဲ့မိသားစုသို့ ပြန်ရောက်သည်နှင့် ချက်ချင်းဆိုသလို မိသားစုအတွင်းရှိ အကြီးအကဲ အားလုံးကို အစည်းအဝေးခန်းမ သို့ ခေါ်ယူကာ အရေးပေါ် အစည်းအဝေး ပြုလုပ်တော့သည်။
ယဲ့ကျန်ထျန်းက သူ့အနေနှင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း သုံးစွဲခဲ့ကာ အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ဝယ်ယူခဲ့သည့် သတင်းကို အကြီးအကဲ အားလုံးအား ပြောပြလိုက်ပြီးနောက်တွင်...
အစည်းအဝေးခန်းမ အတွင်းရှိ အကြီးအကဲများအကြား၌ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရသည်၊ ယဲ့ကျန်ထျန်းထံတွင် ဤမျှ ကြီးမားသော လက်ဖွာမှုမျိုး ရှိလိမ့်မည်ဟု သူတို့ အားလုံး ထင်မှတ်မထားခဲ့ကြပေ။
ထို့အတူ အနန္တ ကုန်စုံဆိုင်တွင် တကယ်ပဲ ဤမျှ နက်ရှိုင်းသော နောက်ခံမျိုး ရှိနေလိမ့်မည်ဟုလည်း သူတို့ လုံးဝ မတွေးတောမိခဲ့ကြပေ ။
ယဲ့မိသားစု အကြီးအကဲများက အငြင်းပွား စကားဆိုလာကြပြီး အချို့သော အကြီးအကဲများက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း သုံးပြီး အုတ်မြစ်ချခြင်း ဆေးလုံး ဝယ်ယူရခြင်းက တန်၊ မတန် ငြင်းခုံနေကြသည်။
အချို့သော အကြီးအကဲများကမူ ဤအုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ကို မည်သည့် မိသားစုဝင်များကို ခွဲဝေပေးသင့်သည်ကို ဆွေးနွေးနေကြပြီ ဖြစ်သည်။
အချို့သော အကြီးအကဲများကလည်း အနန္တ ကုန်စုံဆိုင်က ဘယ်လို အင်အားစုမျိုး ဖြစ်နေမလဲဆိုသည်ကို ခန့်မှန်းနေကြသည်။
အစည်းအဝေးခန်းမ အတွင်း၌ ထင်မြင်ချက် အမျိုးမျိုးဖြင့် ဆူညံပွက်လောရိုက်ကာ ငြင်းခုံ၍ မပြီးနိုင် ဖြစ်နေကြတော့သည်။
အဓိကမှာ ဤအဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း ဆိုသည်မှာ တကယ်ပဲ နည်းလှသည် မဟုတ်ပေ၊ မိသားစုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း သုံးစွဲလိုက်ပြီ ဖြစ်ရာ နောင်ကျရင် မိသားစု၏ ကျင့်ကြံခြင်း အရင်းအမြစ် ခွဲဝေမှုများ သေချာပေါက် လျော့နည်းသွားပေလိမ့်မည်။
ယဲ့ကျန်ထျန်းက အောက်ခြေရှိ ဆူညံပွက်လောရိုက်နေသော မြင်ကွင်းကို ကြည့်ရင်း စိတ်ထဲ၌ မူလကတည်းက စိတ်မသက်မသာ ဖြစ်နေရသည့်ကြားထဲ ယခုအခါ ပို၍ပင် စိတ်ပျက်လာရပြီး စကားပြောရာတွင်လည်း ယခင်ကဲ့သို့ လေသံ မမာနိုင်တော့ပေ။
"အကြီးအကဲတို့... ဒီအုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ရဲ့ ခွဲဝေမှုကိုတော့ ခဏနေမှ ထပ်ပြီး ဆွေးနွေးကြတာပေါ့"
"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းငါးသောင်း သုံးစွဲရတာ တန်၊ မတန် ဆိုတဲ့ မေးခွန်းကိုတော့ နောက်ထပ် စကားအပို ပြောနေဖို့ မလိုတော့ဘူး"
"အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ရှိတာက ငါတို့ ယဲ့မိသားစုအတွက် အုတ်မြစ်ချခြင်းအဆင့် အသစ် သုံးဆယ် ထပ်တိုးလာတာနဲ့ အဓိပ္ပာယ် တူတူပဲ၊ ဒီကုန်သွယ်မှုက ဘယ်လိုပဲ တွက်တွက် မရှုံးဘူး"
"ဒါပေမဲ့ လောလောဆယ် မိသားစုအနေနဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပြတ်လတ်သွားမယ့် အခြေအနေကို ရင်ဆိုင်ရတော့မှာ ဖြစ်လို့... အကြီးအကဲတို့အနေနဲ့ ပြန်ရောက်တဲ့အခါ ကိုယ့်ဘက်က မိသားစုဝင်တွေကို သေချာ ရှင်းပြပေးဖို့ မျှော်လင့်ပါတယ်"
"ဒါပေမဲ့ ကျင့်ကြံခြင်း အရင်းအမြစ် ပြတ်လတ်မှု ပြဿနာက သိပ်ပြီးတော့ မပြင်းထန်ပါဘူး၊ အချိန် အများကြီး မကြာခင်မှာပဲ ဒီအခြေအနေက ပြေလည်သွားမှာပါ"
"အဲ့လို ပဲ... မင်းတို့ ပြန်ရောက်ရင် ကိုယ့်လူတွေကို ပြောပြလိုက်ပါ၊ ဒီအုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ကို ကျင့်ကြံခြင်းမှာ ကြိုးစားအားထုတ်ပြီး ချီသန့်စင်ခြင် အဆင့် အထွတ်အထိပ် ကို ရောက်ခါနီး မိသားစုဝင်တွေကို ဦးစားပေး ပေးသွားမှာ ဖြစ်တယ်"
"မိသားစုက သေချာပေါက် တစ်ပြေးညီ ဆက်ဆံပေးမှာ ဖြစ်လို့ အကြီးအကဲတို့အနေနဲ့ ပြန်ရောက်ရင် ကိုယ့်လူတွေကို ကောင်းကောင်း ရှင်းပြ ပေးဖို့ မျှော်လင့်ပါတယ်"
"ဘယ်သူမဆို ဒီလို ထူးခြားတဲ့ အခြေအနေ အချိန်အခါမျိုးမှာ မိသားစုရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ကိစ္စမျိုး လုပ်လာခဲ့ရင် သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ် သွားမယ်"
ယဲ့ကျန်ထျန်း စကားပြောပြီးနောက် အစည်းအဝေးခန်းမ အတွင်းရှိ အကြီးအကဲများအားလုံး စိတ်ထဲ၌ ကိုယ်စီ တွက်ချက်မှုများ ရှိသွားကြသည်။
ယဲ့ကျန်ထျန်းက ထိုအကြီးအကဲများကို တစ်ချက် ကြည့်လိုက်ရာ သူတို့ လက်ရှိတွင် ဘာတွေးနေကြသည်ကို သူ စိတ်ထဲ၌ အကြမ်းဖျင်း သဘောပေါက်လိုက်သည်။
သူတို့ဘက်က လူတွေ အုတ်မြစ်ချခြင်း ဆေးလုံး ဘယ်နှစ်လုံးလောက် ခွဲတမ်းရမလဲဆိုသည်ကို တွေးနေကြခြင်းသာ ဖြစ်ပေသည်။
ယဲ့ကျန်ထျန်း စိတ်ထဲကနေ လှောင်ပြုံး ပြုံးလိုက်မိသည်၊ ဤကိစ္စများနှင့် ပတ်သက်၍ သူက ဘာမျှ ဂရုမစိုက်ပေ၊ ဘာပဲဖြစ်ဖြစ် ယဲ့မိသားစုကို သစ္စာမဖောက်သရွေ့ ဘယ်သူ့ကို ခွဲပေးခွဲပေး အတူတူပင် ဖြစ်သည်။
"နောက်ထပ် ကိစ္စတစ်ခု အကြီးအကဲတို့ကို ပြောပြဖို့ လိုအပ်သေးတယ်၊ ဒီတစ်ခေါက် အနန္တ ကုန်စုံဆိုင်မှာ အုတ်မြစ်ချခြင်း ဆေးလုံး အလုံး ၃၀ ဝယ်ယူခဲ့တဲ့အပြင် တစ်ပြိုင်တည်းမှာပဲ ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်တစ်ခုကိုပါ ငါ ကြိုတင် မှာယူခဲ့တယ်"
"တကယ်ပဲ ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက် ရှိတာလား" ယဲ့ကျန်ထျန်း၏ စကား မဆုံးသေးခင်မှာပင် အကြီးအကဲတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ကြားဖြတ် မေးလိုက်သည်။
အကြီးအကဲ အားလုံးက မျှော်လင့်ချက်အပြည့် ရှိသော မျက်လုံးများဖြင့် ယဲ့ကျန်ထျန်းကို ကြည့်ကာ ယဲ့ကျန်ထျန်း၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေကြသည်။
ယဲ့ကျန်ထျန်းက အသာအယာ ပြုံးလိုက်သည်။ "လောလောဆယ်တော့ အစစ်အမှန် ဟုတ်၊ မဟုတ် မသိရသေးပေမယ့် စရံငွေ တစ်ဝက်ကိုတော့ အရင် ပေးချေခဲ့ပြီ၊ ငါးရက်ကြာရင် အနန္တ ကုန်စုံဆိုင်ကို သွားပြီး ပစ္စည်း သွားယူရမှာ "
ယဲ့ကျန်ထျန်း စကားပြောပြီးနောက် အကြီးအကဲ အားလုံးက သူ့ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သူတို့ စိတ်ထဲ၌ တွေးနေကြသည်မှာ ယဲ့ကျန်ထျန်းက ဘယ်အချိန်ကစလို့ အနန္တ ကုန်စုံဆိုင်ကို ဤမျှအထိ ယုံကြည်သွားရသနည်း ဟူ၍ ဖြစ်သည်။
အကြီးအကဲတစ်ယောက်က ဝေခွဲမရသော လေသံဖြင့် လှမ်းမေးလိုက်သည်။ "ခေါင်းဆောင်... ဒီဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်က ဝိညာဉ်ကျောက်တုံး ဘယ်လောက် ကျသင့်လဲ"
"သုံးသောင်း" ယဲ့ကျန်ထျန်းက အလွန် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ယဲ့ကျန်ထျန်း ဤစျေးနှုန်းကို ပြောလိုက်သည့်အချိန်၌ အကြီးအကဲ တော်တော်များများက မအောင့်အီးနိုင်ဘဲ လျှာသပ်မိသွားကြသည်။
နောက်ထပ် သုံးသောင်းတောင် ကုန်ပြန်ပြီပေါ့
"အားလုံးပဲ အလွန်အမင်း စိုးရိမ်မနေကြပါနဲ့၊ ငါ ဝိညာဉ်ကျောက်တုံး သုံးသောင်း သုံးပြီး ဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်တစ်ခု ဝယ်ယူတာက ဒီရတနာလက်နက်ကို ဝယ်ယူဖို့ သက်သက်တင် မဟုတ်ပါဘူး"
"အဲ့လိုပဲ အနန္တ ကုန်စုံဆိုင်မှာ တကယ်ပဲ အဲ့လို အစွမ်းအစ ရှိ၊ မရှိကို စမ်းသပ် စစ်ဆေးဖို့အတွက်လည်း ဖြစ်တယ်"
"တကယ်လို့ အနန္တ ကုန်စုံဆိုင်မှာ တကယ်ပဲ အဲ့လို အစွမ်းအစ ရှိနေတယ်ဆိုရင် ငါတို့ ယဲ့မိသားစု နောက်နောင် လုပ်ရမှာက အနန္တ ကုန်စုံဆိုင်နဲ့ မိတ်ဆွေဖွဲ့ဖို့ပဲ"
"အနန္တ ကုန်စုံဆိုင်မှာ ငါတို့ မိသားစု လိုအပ်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ် အားလုံးကို ဝယ်ယူရရှိနိုင်တာက ငါတို့ ယဲ့မိသားစုရဲ့ ခွန်အားကို အလျင်အမြန် မြှင့်တင်ပေးနိုင်မယ့် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်လာလိမ့်မယ်"
"အကြီးအကဲတို့အနေနဲ့လည်း ဒီအထဲက အကျိုးအပြစ် ဆက်စပ်မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ကျန်တဲ့ စကားတွေကိုတော့ ငါ အများကြီး မပြောတော့ဘူး"
ယဲ့ကျန်ထျန်း စကားပြောပြီးနောက် အကြီးအကဲ အားလုံးက သူ့ကို ကြည့်နေဆဲ ဖြစ်ပြီး ယဲ့ကျန်ထျန်းတွင် တစ်ခုခု အပ်နှံရန် ကျန်ရှိနေသေးသည့်အလား ဖြစ်နေသည်။
ယဲ့ကျန်ထျန်းလည်း သူတို့ ဘာတွေးနေသည်ကို သဘောပေါက်သည်။ "ဒီကိစ္စကိုတော့ ခဏနေရင် ငါ ကိုယ်တိုင် ဘိုးဘေးဆီ သွား ဆွေးနွေးတိုင်ပင်သွားမှာ၊ ထို့ပြင် ဒီဆန်းကြယ်အဆင့်မြင့် ရတနာလက်နက်ကလည်း ဘိုးဘေးအတွက် ဝယ်ယူပေးခဲ့တာပဲ"
ယဲ့ကျန်ထျန်းက ရွှေအူတိုင်အဆင့် ဘိုးဘေးကိုပင် ထုတ်ဖော် ပြောဆိုလာပြီ ဖြစ်ရာ ဤအကြီးအကဲများအနေနှင့် မည်သို့ စကားအပို ဆိုရဲတော့မည်နည်း၊ တစ်ယောက်ပြီးတစ်ယောက် ယဲ့ကျန်ထျန်းက အမြော်အမြင်ကြီးမားကြောင်းသာ ချီးမွမ်းပြောဆိုကြတော့သည်။