အခန်း ၁၃၂၁
Vol. 116 Ch. 1321
အခန်း ၁၃၂၁
ကျန်းယွင်ထျန်းက အနည်းငယ် စဉ်းစားတွေးတောလိုက်မိသည်။ ပထမအဆင့်မှာ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များမှာ လျှို့ဝှက်ချက်တစ်ခုတော့ မဟုတ်ပေ။
၎င်းအပြင် ကျူဝူးသည် ယခုအခါ ရှောင်းယီ၏ လက်အောက်ငယ်သား ဖြစ်လာပြီဖြစ်ရာ ဤအကြောင်းကို ပြောပြလျှင်လည်း ဘာပြဿနာမှ ရှိမည်မဟုတ်ပေ။
ထို့ထက်မက ကျူဝူးသည် သူ့အသက်ကို ကယ်တင်ခဲ့သူလည်း ဖြစ်သဖြင့် ပြောပြလိုက်ခြင်းက ပိုကောင်းပေမည်။
“စတုရန်းကီလိုမီတာ ၄၈ သန်းလောက်ရှိမယ်။ အဲဒါက ငါနောက်ဆုံးကြားလိုက်တဲ့ ကိန်းဂဏန်းပဲ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထိုကိန်းဂဏန်းကို မြင်လိုက်ရသောအခါ ကျူဝူး လုံးဝ ဆွံ့အသွားခဲ့သည်။
“ဒီကိန်းဂဏန်းရဲ့ ယူနစ်တွေက မှားနေတာ မဟုတ်ဘူးမလား။”
ကျူဝူးသည် တံတွေးကို ခက်ခဲစွာ မျိုချရင်း မရေမရာဖြင့် မေးလိုက်သည်။
“မမှားပါဘူး။ အဲဒီအရေအတွက်အတိုင်း အမှန်ပဲ။”
ကျန်းယွင်ထျန်းက အသေအချာ ပြောလိုက်သည်။
ပြီးခဲ့သည့်အချိန်များကဆိုလျှင် အသက်ရှင်ကျန်ရစ်သူတစ်ယောက်၏ ကျွန်းသည် စတုရန်းကီလိုမီတာ သန်းငါးဆယ်နီးပါး ရှိနိုင်သည်ဟု တစ်စုံတစ်ယောက်က လာပြောပါက သူသည် လိမ်တောင်မလိမ်တတ်သည့် ငတုံးလူအ တစ်ယောက်ဟု ထိုသူကို ဆဲဆိုမိပေလိမ့်မည်။
သို့သော် ကိစ္စက ယီရန်ပင်းနှင့် ပတ်သက်လာလျှင်တော့ သူ တကယ်မဆဲရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် ယီရန်ပင်းသည် ဒုတိယအဆင့်သို့ ရောက်ရှိလာသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း ကုန်သွယ်မှုပြုလုပ်ခြင်းဖြင့် အုတ်မြစ်ကျောက် သန်းပေါင်းများစွာကို ရရှိထားပြီးဖြစ်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဘာမဆို ဖြစ်နိုင်ခြေ ရှိပေသည်။
ကျူဝူးက အံ့အားသင့်စွာ မေးလိုက်သည်။
“သူဌေးက ပထမအဆင့်မှာတုန်းက အဲလောက်တောင် ကြောက်ဖို့ကောင်းခဲ့တာလား။”
“ဟုတ်တယ်။ သူ နှိမ်နင်းခဲ့တဲ့ဒေသခံအစုအဖွဲ့တွေ ဘယ်လောက်တောင် များလဲဆိုတာ မင်း စိတ်တောင်ကူးမိမှာတောင် မဟုတ်ဘူး။ အဲဒီဒေသခံအစုအဖွဲ့တွေဆီကနေ အုတ်မြစ်ကျောက် ဘီလီယံပေါင်း ရာနဲ့ချီပြီး အလွယ်တကူ ရခဲ့တယ်လေ။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။
“အုတ်မြစ်ကျောက် ဘီလီယံပေါင်း ရာနဲ့ချီ ဟုတ်လား။”
ကျူဝူး တံတွေးကို အားပါးတရ မျိုချလိုက်မိပြန်သည်။
“အဲဒီ ဒေသခံအဖွဲ့အစည်းတွေက အတော်ကို အင်အားကြီးမားခဲ့မှာ သေချာတယ်။”
“သူတို့က အင်အားကြီးပါတယ်။ ဒါပေမဲ့ ငါတို့ ကျွန်းပိုင်ရှင်နဲ့ တွေ့တဲ့အခါမှာတော့ သူတို့ နောက်ဆုတ်ပေးရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူး။”
ကျန်းယွင်ထျန်းက ရယ်မောရင်း ပြောလိုက်သည်။
ကျူဝူးအနေဖြင့် အုတ်မြစ်ကျောက် ဘီလီယံပေါင်း ရာချီ ပိုင်ဆိုင်ထားသော ဒေသခံများကို ရင်ဆိုင်ဖြေရှင်းနိုင်သည့် ယီရန်ပင်း၏ အင်အားသည် မည်သည့်အဆင့်သို့ ရောက်ရှိနေပြီလဲဆိုသည်ကို စိတ်ပင် မကူးကြည့်နိုင်တော့ပေ။
သို့သော် သူသည် ရုတ်တရက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မင်းက ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ ဖြစ်နေပြီးတော့ ဘာလို့ အုတ်မြစ်ကျောက် တစ်သန်းကျော်ပဲ ရှိနေရတာလဲ။ မင်းတို့ကျွန်းက ဒီလောက်အကြီးကြီးပဲကို။ ဘယ်လိုပဲ ခွဲဝေခွဲဝေ ဒီပမာဏထက်တော့ ပိုများသင့်တာပေါ့ မဟုတ်ဘူးလား။”
ထိုခဏ၌ ကျူဝူးသည် ကျန်းယွင်ထျန်း၏ လှည့်စားခြင်းကို ခံလိုက်ရသည်ဟုပင် ခံစားလိုက်ရသည်။ ကျန်းယွင်ထျန်းက သူ၏ ခေါင်းကိုခါယမ်းလိုက်၏။
“အဲဒါက ငါတို့ ကျွန်းပိုင်ရှင်က ပင်မကျွန်းပေါ်က အုတ်မြစ်ကျောက်တွေကို ပြန်မသိမ်းဆည်းခဲ့လို့ပဲ။ သူက ပတ်ပတ်လည်မှာရှိတဲ့ ကျွန်းခွဲ ရှစ်ခုပေါ်က အုတ်မြစ်ကျောက်တွေကိုပဲ ပြန်သိမ်းခဲ့တာလေ။”
“သူက ပင်မကျွန်းရဲ့ အုတ်မြစ်ကျောက်တွေကို ပြန်မသိမ်းခဲ့ဘူး ဟုတ်လား။”
ကျူဝူး ကြောင်အသွား၏။
“ဘာဖြစ်လို့လဲ။”
“ဘာလို့လဲဆိုတော့ သူဌေး ဂရုစိုက်ရတဲ့လူတွေ ပင်မကျွန်းပေါ်မှာ ကျန်နေခဲ့လို့ပဲ။”
ကျန်းယွင်ထျန်းက အသေးစိတ်ထဲအထိ ဝင်မပြောဘဲ ပြန်ဖြေလိုက်သည်။
“တကယ်လို့ မင်း အကြောင်းရင်းကို သိချင်ရင် ငါတို့ ကျွန်းပိုင်ရှင်ကို မင်းကိုယ်တိုင်ပဲ မေးကြည့်လိုက်ပါ။”
“ငါ မမေးရဲပါဘူး။”
ကျူဝူးက ခေါင်းခါပြလိုက်သည်။
“ဘာကြောက်စရာရှိလို့လဲ။ ကျွန်းပိုင်ရှင်က အရမ်းကို ဖော်ရွေပြီး ချဉ်းကပ်ရလွယ်ပါတယ်။ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဖို့ကတော့ လုံးဝ ပြဿနာမရှိဘူး။”
ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။
ကျူဝူးက ခေါင်းကို အနည်းငယ် ငြိမ့်ပြပြီးနောက် ဆက်မေးလိုက်သည်။
“မင်းတို့ မဟာမိတ်အဖွဲ့ထဲမှာ အသက်ရှင်ကျန်ရစ်သူ စုစုပေါင်း ဘယ်နှယောက် ရှိလဲ။”
“တစ်ထောင်ကျော် ရှိတယ်။ ဒါပေမဲ့ ဒုတိယအဆင့်ကို ၇၆၆ ယောက်ပဲ တက်လာနိုင်ခဲ့တယ်။”
ကျန်းယွင်ထျန်းက ဖြေလိုက်သည်။
ထိုအဖြေကို ကြားလိုက်ရသောအခါ ကျူဝူး ထပ်မံ၍ ဆွံ့အသွားပြန်၏။ သူ သတိပြန်ဝင်လာရန် ခဏမျှ အချိန်ယူလိုက်ရသည်။
“ခဏလေး...ဒါက နည်းနည်း ရှုပ်ထွေးသွားပြီ။ သေချာ ပြန်ရှင်းကြရအောင်။”
ကျန်းယွင်ထျန်းသည် တစ်ဖက်လူ၏ တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းမိပြီးသားဖြစ်သည်။
“မင်း အံ့ဩနေတာက အသက်ရှင်ကျန်ရစ်သူ တစ်ထောင်ကျော်ထဲက ဘာလို့ ၇၆၆ ယောက်ပဲ ဒုတိယအဆင့်ကို ရောက်လာရတာလဲ ဆိုတဲ့ကိစ္စ မဟုတ်လား။”
“အတိအကျပဲ။”
ကျူဝူးက ခေါင်းငြိမ့်လိုက်သည်။
“ငါတို့ အသက်ရှင်ကျန်ရစ်သူတွေ အားလုံးက ဒုတိယအဆင့်ကို တက်လှမ်းလာကြရမှာ မဟုတ်ဘူးလား။”
“တခြား စမ်းသပ်ကွင်းတွေအတွက်တော့ အဲဒီစည်းမျဉ်းဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ငါတို့ဆီမှာတော့ စည်းမျဉ်းတွေကို ကျွန်းပိုင်ရှင်က ပြောင်းလဲပစ်ခဲ့တယ်။”
ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။
“ဘယ်လိုပုံစံမျိုးနဲ့ အတိအကျ ပြောင်းလဲခဲ့လဲဆိုတာကိုတော့ ကျွန်းပိုင်ရှင် ကိုယ်တိုင်ပြောပြတာကိုပဲ မင်း စောင့်ပြီးနားထောင်လိုက်တာ ပိုကောင်းလိမ့်မယ်။”
ကျူဝူးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အချက်အလက်များကို အံ့အားသင့်တကြီး စိုက်ကြည့်နေမိပြီး ထိုအရာများကို ခဏမျှ ဦးနှောက်ထဲ၌ အစာမကြေနိုင်အောင် ဖြစ်နေတော့သည်။
စည်းမျဉ်းတွေကို ပြောင်းလဲပစ်ခဲ့တယ် ဟုတ်လား။
ဒါက အဓိပ္ပာယ်မရှိရုံတင်မကဘဲ လုံးဝကို ရူးသွပ်လွန်းရာ ကျနေပြီ။
ဒီအကြောင်းကို ဘယ်သူ့ကိုပဲသွားပြောပြော သူ အာပေါက်အောင် လျှောက်ပြောနေတယ်လို့ပဲ ထင်ကြမှာပဲ။
ကျန်းယွင်ထျန်းက စည်းမျဉ်းပြောင်းလဲမှုအကြောင်းကို ဆက်မပြောတော့သဖြင့် ကျူဝူးသည်လည်း သူ၏သံသယများကို မအောင့်အီးနိုင်ဘဲ စိတ်ထဲကနေ စတင်တွက်ချက်ကြည့်လိုက်တော့သည်။
တစ်ယောက်ကို ၁.၃ သန်းနှုန်းနဲ့ လူ ၇၆၆ ယောက်ဆိုတော့... သေစမ်း ကျွန်းခွဲတွေဆီက အုတ်မြစ်ကျောက်တွေကို ပြန်သိမ်းဆည်းလိုက်တာတင် ရည်မှန်းချက်အသေးစားတစ်ခု ပြည့်သွားပြီမဟုတ်ဘူးလား။
“ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ကျွန်းခွဲတွေ အားလုံးဟာ စတုရန်းကီလိုမီတာ တစ်ရာကျော် ရှိကြတာလား။”
ကျူဝူးက မေးလိုက်သည်။
“တစ်ရာတော့ မကျော်ပါဘူး။ စီမံခန့်ခွဲရ လွယ်ကူအောင်လို့ ကျွန်းခွဲအားလုံးကို စတုရန်းကီလိုမီတာ အတိအကျ တစ်ရာအထိပဲ ချဲ့ထွင်ထားတာ။ ကျန်တဲ့ အုတ်မြစ်ကျောက်တွေကိုတော့ စာရင်းထဲမှာပဲ သိမ်းထားတယ်။”
ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။
“တကယ်ကို လေးစားဖို့ကောင်းတာပဲ။”
ကျူဝူးက အံ့ဩတကြီး ရေရွတ်လိုက်၏။ ဤသို့ စကားစမြည်ပြောဆိုပြီးနောက် ကျူဝူးသည် တစ်ဖက်လူဟာ သူဌေး၏ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ရမည်ဟု အခြေခံအားဖြင့် သေချာသွားခဲ့သည်။ သို့မဟုတ်ပါက သူသည် ယီရန်ပင်းအကြောင်းကို ဤမျှအသေးစိတ် သိရှိနေလိမ့်မည်မဟုတ်ပေ။
“ဒါနဲ့ ဒီဂလက်ဆီထဲမှာ မင်းအပြင် တခြား ယီရန်ပင်းမဟာမိတ်အဖွဲ့က အသက်ရှင်ကျန်ရစ်သူတွေ ရှိသေးလား။”
ကျူဝူးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းခါယမ်းလိုက်သည်။
“မရှိဘူး။ ငါ ဒီကိုရောက်ရောက်ချင်းပဲ ငါတို့မဟာမိတ်အဖွဲ့ကလူတွေကို လိုက်ရှာခဲ့ပေမဲ့ ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး။”
“ဖြစ်နိုင်တာကတော့ ဂြိုဟ်တစ်ခုတည်းက လာတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ဂလက်ဆီတစ်ခုစီမှာ တစ်ယောက်စီပဲ ကျပန်းခွဲထားတာ ဖြစ်လိမ့်မယ်။”
ကျူဝူးက ခန့်မှန်းပြောဆိုလိုက်သည်။
“ငါလည်း အခုတင် ငါတို့မဟာမိတ်အဖွဲ့က အားကုန်းကို တွေ့ထားတယ်။ ခဏနေရင် မင်းတို့နှစ်ယောက် သူငယ်ချင်းအဖြစ် အပ်လိုက်ကြဦး။ တကယ်လို့ ငါ ဒီဂလက်ဆီထဲကနေ ပျံသန်းထွက်ခွာသွားရင်တောင် သူဌေး လာခေါ်မယ့်အချိန်ကို စောင့်ရင်း မင်းတို့နှစ်ယောက် အပြန်အလှန် ကူညီစောင့်ရှောက်လို့ရတာပေါ့။”
“ပြဿနာမရှိပါဘူး။”
ကျန်းယွင်ထျန်းက ပြန်လည်တုံ့ပြန်ပြီး အာကုန်းကို ချက်ချင်းပင် သူငယ်ချင်းအဖြစ် အပ်လိုက်သည်။
အာကုန်းက ချက်ချင်းလက်ခံလိုက်ပြီး မက်ဆေ့ခ်ျတစ်စောင် ပို့လာခဲ့သည်။
“မင်္ဂလာပါ။ ကျွန်တော်က ကျူးမဟာမိတ်အဖွဲ့ရဲ့ သာမန်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အာကုန်းပါ။”
“မင်္ဂလာပါ။ ငါက ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင် ကျန်းယွင်ထျန်းပါ။”
ကျန်းယွင်ထျန်းကလည်း နှုတ်ဆက်လိုက်သည်။ ကျူဝူးက လူသုံးယောက်ကြား စကားပြောနေရသည်မှာ အနည်းငယ် ရှုပ်ထွေးသည်ဟု ခံစားရသဖြင့် အကြံတစ်ခုပေးလိုက်သည်။
“ငါတို့သုံးယောက်အတွက် ဂရုချက်တစ်ခု လုပ်လိုက်ရအောင်။ မျှဝေစရာရှိတာဆိုရင်လည်း ဂရုထဲမှာပဲ တိုက်ရိုက်ပြောလို့ရတာပေါ့။”
“ကောင်းသားပဲ။”
ကျန်းယွင်ထျန်းနှင့် အားကုန်းတြို နှစ်ယောက်စလုံးက သဘောတူခဲ့ကြသည်။ ကျူဝူး အနည်းငယ် စဉ်းစားပြီးနောက် “ယီရန်ပင်း မဟာမိတ်အဖွဲ့ ခွဲ (၁)” ဟု အမည်ရသော ဂရုချက်တစ်ခုကို တည်ဆောက်လိုက်သည်။
ထိုအမည်ကို မြင်လိုက်ရသောအခါ အာကုန်းက ကျူဝူးထံသို့ သီးသန့်မက်ဆေ့ခ်ျ လှမ်းပို့ကာ မေးတော့သည်။
“မဟာမိတ်ခေါင်းဆောင်။ ဘာလို့ ဒီလိုနာမည်ပေးရတာလဲ။ ကျွန်တော်တို့ မဟာမိတ်အဖွဲ့ရဲ့ နာမည်ကို ဘာလို့မသုံးတာလဲ။”
“အာကုန်း မင်း ငါ့ကိုယုံလိုက်စမ်းပါ။ သူဌေးနောက်ကို လိုက်မှသာ ငါတို့ ပိုပြီး ကောင်းကောင်း အသက်ရှင်နိုင်လိမ့်မယ်။ ငါတို့မဟာမိတ်အဖွဲ့ ရှိနေဦးမယ်ဆိုရင်တောင် ယီရန်ပင်းမဟာမိတ်အဖွဲ့အောက်က အဖွဲ့ခွဲတစ်ခုပဲ ဖြစ်လာနိုင်တယ်။”
ကျူဝူးက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ အာကုန်းသည် ကျူဝူး၏ အဖြေကို မြင်သောအခါ ချက်ချင်းပင် ပြောလိုက်၏။
“ပင်း ငါ မဟာမိတ်ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပါတယ်။”
ကျန်းယွင်ထျန်းသည်လည်း ဂရုချက်၏ နာမည်ကိုကြည့်ကာ ခေါင်းကို အနည်းငယ် ငြိမ့်လိုက်မိသည်။ ကချေသည်ဝက်သည်လည်း ရှောင်းယီအပေါ် စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်ကာ သူနှင့်အတူ လက်တွဲသွားရန် ရည်ရွယ်ထားပုံရပေသည်။
“မဟာမိတ်ခေါင်းဆောင်ကျူး မင်းက ကြယ်တံခွန်တစ်စင်းကြောင့် ဒီကို ပါလာတာလို့ ပြောတယ်နော်။ ငါတို့ကော အဲဒီကြယ်တံခွန်ပေါ်ကို လိုက်ပါစီးနင်းလို့ မရနိုင်ဘူးလား။”
ကျန်းယွင်ထျန်းက ဂရုထဲတွင် မေးလိုက်သည်။ ကျူဝူးက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“ငါ့ကို ကျူဝူးလို့ပဲ ခေါ်ပါ။ အခုဆို ငါလည်း ယီရန်ပင်းသူဌေးနောက်ကို လိုက်နေပြီဆိုတော့ ငါ့ကိုယ်ငါ မဟာမိတ်ခေါင်းဆောင်လို့ မခေါ်သင့်တော့ဘူးလေ။ ပြီးတော့ မဟာမိတ်ခေါင်းဆောင်ဆိုတာကလည်း ဘွဲ့အမည်တစ်ခုသက်သက်ပါပဲ။”
ကျူဝူးက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ငါ့အခြေအနေက တိုက်ဆိုင်မှုတစ်ခု ဖြစ်ဖို့များတယ်။ အဲဒါကို တုပပြီး လုပ်လို့ရမရတော့ ငါမသိဘူး။ အားလုံးပဲ မင်းတို့ရှိနေတဲ့ တည်နေရာတွေကို မျှဝေပေးကြပါ။ ငါတို့ ဘယ်လောက်အလှမ်းဝေးနေလဲဆိုတာ ကြည့်ရအောင်။”
ကျန်းယွင်ထျန်းနှင့် အားကုန်းတို့သည် သူတို့၏ တည်နေရာများကို ချက်ချင်း မျှဝေလိုက်ကြသည်။
“မင်းတို့နှစ်ယောက်က သိပ်မဝေးဘူးပဲ။ ဒါပေမဲ့ ငါနဲ့ကျတော့ အရမ်းကို ဝေးလွန်းတယ်။”
ကျူဝူးက အားကိုးရာမဲ့စွာဖြင့် ပြောလိုက်သည်။
“မင်းတို့ဆီက လောင်စာဆီတွေ အကုန်သုံးပစ်ရင်တောင် ငါ့နောက်ကို မှီအောင်လိုက်နိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့အရှိန်က အရမ်းမြန်လွန်းနေတယ်။”
“ဟုတ်ပါရဲ့။ သူဌေးရဲ့ အနားကိုသွားဖို့ ကြိုးစားတာကတော့ လောလောဆယ်မှာ လက်တွေ့မကျသေးတဲ့ ပုံပဲ။”
ကျန်းယွင်ထျန်းကလည်း ထပ်တူပင် အားကိုးရာမဲ့စွာဖြင့် ဆိုလိုက်မိလေသည်။