အခန်း ၁၃၂၂
Vol. 116 Ch. 1322
အခန်း ၁၃၂၂
“စိတ်မပူပါနဲ့။ သူဌေးဆီမှာ အသေးစား အာကာသယာဉ် ရှိနေပြီပဲ။ သူ မကြာခင်မှာ အဆင့်မြှင့်တင်ပြီး သူ့ယာဉ်နဲ့ ကြယ်တာရာတွေကြားထဲ ခရီးနှင်နိုင်လိမ့်မယ်လို့ ငါ အကြွင်းမဲ့ ယုံကြည်တယ်။”
ကျူးဝူက လုံးဝ သေချာနေသည့် လေသံဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ အဲဒါမတိုင်ခင် ငါတို့တွေ အသက်ရှင်ကျန်ရစ်အောင် ကြိုးစားပြီး ကျွန်းပိုင်ရှင် ရောက်လာမယ့်အချိန်ကို စောင့်ရမယ်။”
ကျန်းယွင်ထျန်းက သဘောတူလိုက်သည်။
ကျန်းယွင်ထျန်းက အလုပ်ပျက်ကွက်နေ၍ မဟုတ်ဘဲ သူ ဘယ်လောက်ပဲ တိုးတက်အောင်လုပ်လုပ် ရှောင်းယီကို မှီနိုင်မှာမဟုတ်မှန်း သူသိနေ၍ ဖြစ်သည်။ နောက်ဆုံး ပြန်ဆုံကြတဲ့အခါ သူက ပံ့ပိုးပေးသူနေရာကနေပးသာ ပါဝင်ပေးဖို့ လိုအပ်ပေလိမ့်မည်။
ထိုအချိန်တွင် ရှောင်းယီသည် သူ၏ ယနေ့လက်မှတ်ထိုးဝင်ခြင်းကို လုပ်ဆောင်ပြီးစီးသွားပြီ ဖြစ်သည်။
[လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့်ဆုလာဘ် - အာကာသ မီးဖိုချောင် (SS အဆင့်) ၁။]
“မနေ့ကတင် အပူပေးစက် ရတဲ့သူတွေကို အားကျနေမိတာ။ ဒီနေ့တော့ ငါ့ကို မီးဖိုချောင် တိုက်ရိုက်ပေးလိုက်ပြီပဲ။ စနစ်ကတော့ ထုံးစံအတိုင်း ငါ့ရဲ့ လိုအပ်ချက်တွေကို အမြဲတမ်း နားလည်ပေးနေတုန်းပဲ။”
ရှောင်းယီက ရေရွတ်လိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ရောက်လာပြီးနောက် ရှောင်းယီသည် အာကာသ မီးဖိုချောင်ကို သူ၏ စနစ်သိုလှောင်ခန်းထဲမှ ထုတ်ယူလိုက်သည်။
“သင် [အာကာသ မီးဖိုချောင်] (S အဆင့်) ၁ ခုကို ရရှိထားကြောင်း စနစ်က သိရှိရပါသည်။ ယင်းကို အသေးစား အာကာသယာဉ်အတွင်း၌ ထားရှိရန်အတွက် အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေကို အသုံးပြုလိုပါသလား။”
“အသုံးပြုမယ်။”
“ကျေးဇူးပြု၍ ထားရှိမည့် နေရာကို ရွေးချယ်ပေးပါ။”
ရှောင်းယီသည် သူ၏ လူနေခန်းနှင့် နီးစပ်သော လွတ်နေသည့် အခန်းတစ်ခုကို အာကာသ မီးဖိုချောင် ထားရှိရန် ရွေးချယ်လိုက်သည်။
နေရာချပြီးနောက် ရှောင်းယီသည် အာကာသ မီးဖိုချောင်ကို စစ်ဆေးရန် ထိုအခန်းထဲသို့ တိုက်ရိုက် မျောလွင့်ဝင်ရောက်သွားခဲ့သည်။
[အာကာသ မီးဖိုချောင် - ရေစစ်ထုတ်သည့် စက်ပစ္စည်းနှင့် လေပူပေးစက်တို့ တပ်ဆင်ထားသော အာကာသ မီးဖိုချောင်တစ်ခု ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူများ သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ်သော ရေနွေးကို သောက်သုံးနိုင်ပြီး ပူပူနွေးနွေးနှင့် အရသာရှိသော အစားအစာများကို စားသုံးနိုင်မည် ဖြစ်သည်။]
မီးဖိုချောင်ထဲသို့ လှမ်းဝင်လိုက်ရာ သေးငယ်သော စက်ပစ္စည်း နှစ်ခုသာ ရှိသော်လည်း ၎င်းတို့ကို အခန်းနံရံတွင် သေချာစွာ တပ်ဆင်ထားသည်။
၎င်းတို့ထဲမှ တစ်ခုမှာ ရေစစ်ထုတ်သည့် စက်ပစ္စည်း ဖြစ်သည်။
[ရေစစ်ထုတ်စက် (S အဆင့်) - အထူး ဖေလ်တာတုံးကို အသုံးပြု၍ ရေကို သန့်စင်ပေးသည့်အပြင် ရေကိုလည်း အပူပေးနိုင်သော စက်ပစ္စည်း ဖြစ်သည်။ ရေ၏ အပူချိန်ကို စိတ်ကြိုက် သတ်မှတ်နိုင်သည်။ သဘာဝအတိုင်း ရေကြမ်းကို ချိတ်ဆက်ထားသရွေ့ သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ရေနွေးကို အချိန်မရွေး ရရှိနိုင်သည်။]
စနစ်၏ ဖော်ပြချက် နောက်ဆုံးစာကြောင်းကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။ ယခုဆိုလျှင် သူသည် ရေ လုံးဝ ပြတ်လပ်တော့မည် မဟုတ်ပေ။ ရေစစ်ထုတ်စက်သည် သာမန် ရေသန့်စက်ထက် များစွာ ပိုမို ထိရောက်မှု ရှိသည်။
ထို့အပြင် ဤစက်မှ ထွက်လာသော ရေသန့်သည် S အဆင့် ဖြစ်သဖြင့် သာမန် ရေသန့်ထက် များစွာ ပိုမိုကောင်းမွန်သည်။
အခြား စက်ပစ္စည်းတစ်ခုမှာ အပူပေးစက် ဖြစ်သည်။
[အပူပေးစက် (S အဆင့်) - လေပူလှည့်ပတ်မှု နည်းပညာကို အသုံးပြု၍ အစားအစာများကို အပူပေးခြင်း ဖြစ်သည်။ အစားအစာများကို ပိုမို ညီညာစွာ အပူပေးနိုင်ပြီး သာမန် အပူပေးခြင်းနှင့် ချက်ပြုတ်ခြင်းတို့အတွက်လည်း အသုံးပြုနိုင်သည်။]
ရှောင်းယီ ရိက္ခာသေတ္တာထဲမှ ရရှိသော အစားအစာ အများစုမှာ အလူမီနီယံ သတ္တုပြားဖြင့် ထုပ်ပိုးထားခြင်း ဖြစ်သဖြင့် မိုက်ခရိုဝေ့ဖ်ထဲတွင် တိုက်ရိုက် အပူပေး၍ မရနိုင်ပေ။ သို့သော် လေပူလှည့်ပတ်စနစ်က ဤပြဿနာကို အပြည့်အဝ ဖြေရှင်းပေးလိုက်ပြီ ဖြစ်သည်။
ယနေ့ရရှိသော ဆုလာဘ်သည် သူ့အတွက် ပြဿနာ နှစ်ခုကို တိုက်ရိုက် ဖြေရှင်းပေးနိုင်ခဲ့သော်လည်း ရေအရင်းအမြစ်နှင့် အဆက်အသွယ် ပြတ်တောက်နေဆဲ ဖြစ်သည်မှာ နှမြောစရာပင်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ကျူးဝူ ယခင်က လဲလှယ်ပေးထားခဲ့သော ရေများစွာ ရှိနေသေးသဖြင့် တစ်ပတ် သို့မဟုတ် နှစ်ပတ်ခန့်အထိ ပြဿနာမရှိဘဲ ခံနိုင်ရည် ရှိသည်။
ယခုအခါ သူသည် ရေသန့် မပြတ်လပ်တော့သဖြင့် ရှောင်းယီသည် အခန်းအပူချိန်ရှိ S အဆင့် ရေသန့် အချို့ကို ယူဆောင်ကာ စိုက်ပျိုးရေးအခန်းဆီသို့ ချက်ချင်း လျှောက်သွားခဲ့လိုက်သည်။
ဤအချိန်တွင် ဆလတ်ရွက်များလည်း ရင့်မှည့်နေပြီ ဖြစ်သည်။ ဆလတ်ရွက်၏ စိုက်ပျိုးမှု သံသရာသည် အလွန်တိုတောင်းပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အရှိန်မြှင့်တင်မှု အာနိသင်ကြောင့် ပိုမို မြန်ဆန်စွာ ရင့်မှည့်လာခြင်း ဖြစ်သည်။
ထို့အပြင် ယခင်က စိုက်ပျိုးထားခဲ့သော ခရမ်းချဉ်သီး၊ ဖရဲသီးနှင့် ပန်းသီးပင်များလည်း ကောင်းမွန်စွာ ကြီးထွားနေကြသည်။
ရှောင်းယီသည် S အဆင့် ရေသန့် အချို့ကို ဗာမီကျူလိုက် စိုက်ပျိုးရေးသုံး သတ္တုတွင်းထွက် မြေဆီလွှာပေါ်သို့ လောင်းထည့်လိုက်ပြီးနောက် ဆလတ်ရွက် တစ်ဖူးကို ဆွဲနုတ်ကာ မီးဖိုချောင်သို့ သွား၍ ရေသန့်လုံးလေးတစ်ခုအတွင်း ခပ်မြန်မြန် ဆေးကြောလိုက်လေသည်။
ဘာပဲပြောပြော ဒြပ်ဆွဲအားမရှိသည့်အတွက် ရေလောင်းပြီး ဆေးကြောသန့်စင်ရန် နည်းလမ်းမရှိချေ။ ထို့ကြောင့် သူသည် ဤကဲ့သို့သာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
သို့သော်လည်း ဆလတ်ရွက်က အတော်လေး သန့်ရှင်းနေဆဲပင်။ ရှောင်းယီသည် အရွက်တစ်ခြမ်းကို ဆွဲဖဲ့ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
“ဂျွတ်...ဂျွတ်...”
အလွန် ကြွပ်ဆတ်ပြီး လတ်ဆတ်သည်။
ယခင်က အာကာသရိက္ခာအများစုမှာ အနှစ်ပုံစံမျိုး ဖြစ်သဖြင့် စားရသည်မှာ စေးပျစ်ပျစ် အနှစ်ဖတ်ကြီး စားနေရသလို ခံစားရသော်လည်း ဤဆလတ်ရွက်နှင့်ကျတော့ လုံးဝ ကွဲပြားခြားနားသွားခဲ့သည်။
ရှောင်းယီသည် အမဲသားအာလူးချက် အထုပ်တစ်ထုပ်ကို ထုတ်ယူကာ အပူပေးစက်ထဲသို့ ထည့်လိုက်သည်။ အပူပေးပြီးနောက် သူသည် အမဲသားအာလူးချက်များကို ဆလတ်ရွက်ပေါ်သို့ ညှစ်ချကာ လိပ်ပြီး စားလိုက်လေသည်။
“ဒါကမှ တကယ့် အစားအစာပဲ။”
ရှောင်းယီက ရေရွတ်လိုက်၏။
“ကျူးဝူလည်း ဒါမျိုး စားခွင့်ရဦးမလား မသိဘူး။”
ထိုအချိန်တွင် ကျူးဝူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ရှိနေပြီး လူသုံးယောက်ပါဝင်သော အဖွဲ့ငယ်လေးထဲတွင် အရောင်းအဝယ် ကမ်းလှမ်းမှုများကို စတင်လုပ်ဆောင်နေသည်။
[အာကာသသီးသန့် နှစ်ထပ်ဖန် (SSS အဆင့်) ၂ - အခမဲ့လဲလှယ်ခြင်း။
သတ်မှတ်ထားသော ကုန်သည် - ထျန်းကျိယာ]
[အာကာသသီးသန့် နှစ်ထပ်ဖန် (SSS အဆင့်) ၂ - အခမဲ့လဲလှယ်ခြင်း။
သတ်မှတ်ထားသော ကုန်သည် - အားကုန်း။]
ကျန်းယွင်ထျန်းနှင့် အားကုန်းတို့နှစ်ဦးစလုံးသည် ထိုအရောင်းအဝယ် ကမ်းလှမ်းချက်နှစ်ခုကို မြင်သောအခါ ကြောင်အမ်းသွားကြ၏။
“ဒါက ကျွန်းပိုင်ရှင် မင်းကို ပေးထားတာလေ။ မင်း အပြင်က ကြယ်တံခွန်ကို ပိုပြီး အလွယ်တကူ စောင့်ကြည့်လို့ရအောင် ပေးထားတာပဲ ဖြစ်ရမယ်။ မင်းက ဒါကို ငါတို့ဆီ လဲပေးလိုက်ရင် မင်းက ဘာသုံးမှာလဲ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ရပါတယ်။ ဒီဖန် လေးချပ် ရှိရှိ မရှိရှိ အပြင်မှာ မြူတွေဆိုင်းနေတော့ ဘာမှ သေချာမမြင်ရပါဘူး။ အလွန်ဆုံးရှိလှ ပြတင်းပေါက်အကြီးကြီးကနေ ကြည့်ရတာ ပိုစိတ်သက်သာရာရစေတာပဲ ရှိတယ်။”
ကျူးဝူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
“ဒါပေမဲ့ မင်းတို့အတွက်တော့ အခြေအနေချင်း မတူဘူးလေ။”
ဤဖန်နှစ်ချပ်ရှိလျှင် ကျန်းယွင်ထျန်းနှင့် အားကုန်းတို့အတွက် ပြင်ပအခြေအနေကို စောင့်ကြည့်ရန် များစွာ ပိုမိုအဆင်ပြေသွားမည် ဖြစ်သည်။
ကျန်းယွင်ထျန်းက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး “ကျေးဇူးပဲ” ဟု ပြောလိုက်သည်။
“ဘာတွေ လာပြီးအားနာနေတာလဲ။ သူဌေး ရောက်လာတဲ့အထိ မင်းတို့တွေ တောင့်ခံထားနိုင်ရင် နောင်ကျရင် ငါတို့အတွက် အင်အားတစ်ခု ပိုတိုးလာတာပေါ့။”
ကျူးဝူက ပြုံးကာ ပြောလိုက်သည်။
ကျန်းယွင်ထျန်းနှင့် အားကုန်းတို့သည် အရောင်းအဝယ်ကို ချက်ချင်း လက်ခံလိုက်ကြသည်။ သို့သော်လည်း ၎င်းတို့ကို တပ်ဆင်သည့်အခါတွင် ပြဿနာတစ်ခုနှင့် ကြုံတွေ့ရတော့သည်။
“ဖန်ခွက်တစ်ချပ် တပ်ဆင်ဖို့ကို ဘာလို့ အနက်ရောင်ရွှေတွေ လိုနေတာလဲ။”
အားကုန်းက စတင်၍ ညည်းညူလိုက်၏။
“ငါ့မှာ အနက်ရောင်ရွှေ အလုံအလောက် မရှိဘူး။”
“ငါလည်း အတူတူပဲ။”
ကျန်းယွင်ထျန်းကလည်း မတတ်သာသည့်အဆုံး သက်ပြင်းချကာ ခါးခါးသီးသီး ပြုံးလိုက်မိသည်။
[အနက်ရောင်ရွှေ ၅ - အခမဲ့လဲလှယ်ခြင်း။ သတ်မှတ်ထားသော ကုန်သည် - ထျန်းကျိယာ / အားကုန်း]
ကျူးဝူသည် သူတို့နှစ်ဦးစလုံးအတွက် ပြုပြင်မွမ်းမံမှု ပြီးမြောက်နိုင်ရန် လုံလောက်သော အနက်ရောင်ရွှေ ၅ ခုစီကို ချက်ချင်း ပေးပို့လိုက်သည်။ ကျန်းယွင်ထျန်းက ထိုအရောင်းအဝယ်ကို အံ့ဩတုန်လှုပ်စွာ ကြည့်ပြီး မေးလိုက်သည်။
“မင်းဆီမှာ အနက်ရောင်ရွှေတွေ ဒီလောက်တောင် ဘယ်လိုလုပ် ရှိနေတာလဲ။”
“ဟားဟား.... ငါ အများသုံးချန်နယ်မှာတုန်းက ချန်ထားပြီး မပြောခဲ့တာလေ။ ကြယ်တံခွန်ပေါ်မှာ ရေတင်မကဘူး အနက်ရောင်ရွှေတွေကိုပါ စုဆောင်းလို့ရတယ်။”
ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဘာ....။ ကြယ်တံခွန်ပေါ်မှာ အနက်ရောင်ရွှေတွေပါ စုလို့ရတယ် ဟုတ်လား။ မဟာမိတ်ခေါင်းဆောင်… မင်းတော့ သူဌေးဖြစ်ပြီပဲ။”
အားကုန်းက အော်ဟစ်လိုက်သည်။
“ဟုတ်တယ်။ ဒါပေမဲ့ အခုလောလောဆယ် သူဌေးက ဒီမှာ ရှိမနေဘူး။ သူဌေးသာ ရှိရင် သူ့ရဲ့ စုဆောင်းရေးကိရိယာ ၄ ခုကို ငှားပြီး ငါ့ရဲ့ စုဆောင်းမှု စွမ်းဆောင်ရည်ကို မြှင့်တင်လို့ ရမှာပဲ။”
ကျူးဝူက ပြုံးကာ ပြန်ပြောလိုက်သည်။
“စုဆောင်းရေးကိရိယာပဲ မဟုတ်လား။ ငါတို့ဆီမှာလည်း ရှိတာပဲ။ ယူသွားလိုက်။”
ကျန်းယွင်ထျန်းက စုဆောင်းရေးကိရိယာများကို တိုက်ရိုက် ငှားရမ်းပေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကျူးဝူသည် အရှိန်အဟုန်ပြင်းစွာဖြင့် ရွေ့လျားနေဆဲ ဖြစ်သည်။ အကယ်၍ ၎င်းကို တိုက်ရိုက် လဲလှယ်ပေးလိုက်ပြီး သူက ဤကြယ်စနစ်မှ ထွက်ခွာသွားပါက ကျန်းယွင်ထျန်းနှင့် အားကုန်းတို့နှစ်ဦးစလုံးတွင် စုဆောင်းရေးကိရိယာ ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် ဘေးကင်းစေရန်အတွက် ၎င်းတို့နှစ်ဦးစလုံးက ငှားရမ်းပေးသည့်စနစ်ကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။
ကျူးဝူက ချက်ချင်း သဘောတူလိုက်ပြီး စုဆောင်းခြင်းလုပ်ငန်း စတင်ရန် သူတို့၏ စုဆောင်းရေးကိရိယာ နှစ်ခုကို ထုတ်လွှတ်လိုက်သည်။
ယခုအခါ ပြတင်းပေါက် အသေးစားလေးဆီသို့ ပြန်ရောက်သွားပြီ ဖြစ်သဖြင့် ကျူးဝူသည် စိတ်ထဲတွင် အနည်းငယ် မွန်းကျပ်သလို ခံစားလိုက်ရသော်လည်း အခြား ထူးထူးခြားခြား ဝေဒနာမျိုးတော့ မရှိလှပေ။
“ငါ အမြန်ဆုံး ပြန်သွားနိုင်ပြီး သူဌေးဆီမှာ ဒီလိုဖန်မျိုး ရှိသေးလားလို့ မေးကြည့်နိုင်ရင် ကောင်းမှာပဲ။”
ကျူးဝူသည် ကျောက်တုံးပြတင်းပေါက် သေးသေးလေးကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
အနက်ရောင်ရွှေကို အလုံအလောက် ရရှိပြီးနောက် ကျန်းယွင်ထျန်းသည် ဖန်သားပြင် အကြီးကြီး နှစ်ချပ်ကို ချက်ချင်း တပ်ဆင်လိုက်ရာ သူ၏ အမြင်အာရုံကွင်းပြင်မှာ ချက်ချင်းပင် ကျယ်ပြောသွားခဲ့သည်။
ကျန်းယွင်ထျန်းသည် ကျောက်တုံးပြတင်းပေါက်ဆီသို့ မျောလွင့်သွားပြီး ပြင်ပအခြေအနေကို စတင်စောင့်ကြည့်လိုက်သည်။ သို့သော် ထိုသို့ စောင့်ကြည့်လိုက်ခြင်းက ကျန်းယွင်ထျန်းကို တုန်လှုပ်ခြောက်ခြားသွားစေပြီး ကျောချမ်းဖွယ် ချွေးစေးများပင် ထွက်လာစေခဲ့လေသည်။