← Chapters

အခန်း ၁၃၂၃

Vol. 116 Ch. 1323

အခန်း ၁၃၂၃

Vol. 116 Ch. 1323

အခန်း ၁၃၂၃

ယခုအခါ ကျန်းယွင်ထျန်း၏ ယာဉ်ငယ်လေးသည် ဤဂလက်ဆီရှိ ကြယ်တာရာဆီမှ အလင်းရောင်ကို ရရှိနေပြီဖြစ်ရာ ပတ်ဝန်းကျင် အခြေအနေကို အလွန် ရှင်းလင်းစွာ မြင်တွေ့နေရပြီ ဖြစ်သည်။

ထိုစဉ် ဥက္ကာခဲတစ်ခုသည် ကျန်းယွင်ထျန်း၏ အမြင်အာရုံအတွင်းသို့ သူ၏ယာဉ်ဆီသို့ ဦးတည်ကာ ပျံသန်းလာနေ၏။ ဥက္ကာခဲ၏ အရွယ်အစား မြင်ကွင်းပြောင်းလဲမှုကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အရှိန်သည် အလွန်အမင်း မြန်ဆန်လှပေလိမ့်မည်။

ကျန်းယွင်ထျန်းသည် ထိန်းချုပ်ခန်းဆီသို့ ချက်ချင်း ပြေးသွားကာ စွမ်းအင်ကို ဖွင့်လိုက်ပြီး ယာဉ်ကို ဘေးတစ်ဖက်သို့ ရှောင်တိမ်းမောင်းနှင်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ကျူးဝူသည် ယခင်က သူ့ထံသို့ လောင်စာဆီ ၅၀ ရာခိုင်နှုန်း လဲလှယ်ပေးထားခဲ့၍သာ တော်တော့သည်။ သို့မဟုတ်ပါက ထိုဥက္ကာခဲ ဝင်တိုက်သည်ကို သက်သက်မဲ့ ထိုင်ကြည့်နေရုံသာ ရှိတော့မည်။

သူ မူလနေရာမှ ထွက်ခွာပြီး သုံးမိနစ်ခန့်အကြာတွင် သူ၏ ယာဉ်ထက် ပိုမိုကြီးမားသော ဥက္ကာခဲကြီးတစ်ခု ဝူးခနဲ ဖြတ်သန်းသွားခဲ့သည်။

ကျန်းယွင်ထျန်း တစ်ယောက် တံတွေးကို အနိုင်နိုင် မျိုချလိုက်မိ၏။ အကယ်၍ သူ့တွင် အမြင်အာရုံကို ကျယ်ပြန့်စေသည့် ဤဖန်သာမရှိလျှင် သူ၏ ယာဉ်သည် သတ္တုပြားကဲ့သို့ ပြားချပ်သွားမည်မှာ သေချာပြီး သူကိုယ်တိုင်လည်း အသားစင်းကော အိုင်ကြီးအဖြစ်သို့ လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။

ဤအရာသည် သူတို့၏ ကြံ့ခိုင်မှုအဆင့်နှင့် လုံးဝမသက်ဆိုင်ပေ။ သဘာဝတရား၏ မဟာအင်အားစုအောက်တွင် အရာခပ်သိမ်းသည် အလွန်တရာ သေးနုပ်သိမ်ဖျင်းလှသည် မဟုတ်ပါလော။

“ဒီတစ်ကြိမ်တော့ မင်းကို တကယ် ကျေးဇူးတင်ရတော့မယ်။”

ကျန်းယွနးင်ထျန်းက လူသုံးယောက်ပါဝင်သော ဂရုချတ်ထဲတွင် မနေနိုင်ဘဲ ပြောလိုက်သည်။

“မင်း ငါ့ကို လဲပေးခဲ့တဲ့ ဖန်သာမရှိရင် ငါ အခုလောက်ဆို သေနေလောက်ပြီ။”

“ဘာဖြစ်လို့လဲ။”

ကျူးဝူက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

“စောစောက ငါ့ရဲ့ယာဉ်ထက်တောင် ကြီးတဲ့ ဥက္ကာခဲကြီးတစ်ခု ငါ့ဆီ တည့်တည့်ကြီး ဝင်လာတယ်လေ။”

ကျန်းယွင်ထျန်းက ဆိုသည်။

“ငါ့မှာ အရင်ကလို ပြတင်းပေါက် သေးသေးလေးပဲ ရှိနေသေးရင် ဒီဥက္ကာခဲကို လုံးဝ မြင်လိုက်ရမှာ မဟုတ်ဘူး။”

ကျန်းယွင်ထျန်း၏ ယခင် အခြေအနေအရ ဆိုလျှင် လောင်စာဆီ လုံးဝ ပြတ်လပ်နေသဖြင့် ကယ်ဆယ်ရေးယာဉ်ကို လှည့်ရန်ပင် မတတ်နိုင်ခဲ့ချေ။ ထို့ပြင် ထိုဥက္ကာခဲသည် အမြင်ကွယ်နေသော မျက်ကွယ်နေရာမှ လုံးဝ ဝင်ရောက်လာခြင်း ဖြစ်ရာ ကျန်းယွင်ထျန်းကို အသက်နှုတ်ရန် သီးသန့် လာနေခြင်း ဖြစ်ကြောင်း ထင်ရှားလှသည်။

“တော်သေးတာပေါ့။ မဟုတ်ရင် ငါ သူဌေးကို ဘယ်လို ရှင်းပြရမလဲ။”

ကျူးဝူသည် ကျန်းယွင်ထျန်း၏ ဖော်ပြချက်ကို ကြားလိုက်ရပြီးနောက် ရင်တထိတ်ထိတ်ဖြင့် ကြောက်ရွံ့မိသွားသည်။

သူ ကြယ်တံခွန်၏ ဆွဲငင်ခြင်းကို မခံရမီကလည်း ဥက္ကာခဲတစ်ခု ဝင်တိုက်ခြင်း ခံခဲ့ရဖူးသည်။ သို့သော် ထိုဥက္ကာခဲမှာ အလွန်သေးငယ်ပြီး အရှိန်မပြင်းလှသော်လည်း သူ့ယာဉ်၏ အစိတ်အပိုင်း အတော်များများကို ချိုင့်ဝင်သွားစေခဲ့သည်။ ကျန်းယွင်ထျန်း ပြောပြသော ဥက္ကာခဲ၏ အရွယ်အစားနှင့် အရှိန်မှာ သူ ယခင်က ကြုံတွေ့ခဲ့ရဖူးသော အဆင့်အတန်းနှင့် လုံးဝ ကွဲပြားခြားနားလှသည်။

“တကယ်လို့ အဲဒီလိုသာ ဖြစ်သွားခဲ့ရင် ဒါက ငါ့ရဲ့ ကံကြမ္မာ ညံ့လို့ပဲ။ မင်းနဲ့ ဘာမှမဆိုင်ပါဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ကျူးဝူက ပြုံးလိုက်သည်။

“မင်းက ဒီလို သေဘေးကနေ ရှောင်ရှားနိုင်ခဲ့တာပဲ။ ဆိုလိုတာက မင်းရဲ့ ကံဇာတာက အကောင်းဘက်ကို လှည့်လာပြီ။ နောက်ဆိုရင် အရာရာ အဆင်ပြေချောမွေ့တော့မှာပါ။”

“မင်းရဲ့ ကောင်းချီးစကားအတိုင်း ဖြစ်ပါစေ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ငါ ရိက္ခာသေတ္တာ သွားဆယ်လိုက်ဦးမယ်။ နောက်မှ စကားပြောကြတာပေါ့။”

သူတို့ စကားပြောနေစဉ်အတွင်း ကျန်းယွင်ထျန်းသည် ဖန်ပြတင်းပေါက်မှတစ်ဆင့် ပြင်ပတွင် မျောလွင့်နေသော ရိက္ခာသေတ္တာတစ်ခုကို လှမ်းမြင်လိုက်ရသဖြင့် သူ၏ ယာဉ်ကို ထိုဘက်သို့ ချက်ချင်း ဦးတည်မောင်းနှင်လိုက်သည်။

ကျူးဝူမှာမူ ဤဂလက်ဆီ၏ အများသုံးချန်နယ်ကို ပျင်းရိ ငြီးငွေ့စွာဖြင့် ကြည့်ရှုနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နေ့စဉ်လုပ်ငန်းဆောင်တာမှာ စုဆောင်းရေးကိရိယာကို လွှတ်တင်လိုက် ပြန်ရုပ်သိမ်းလိုက် လုပ်နေရုံသာ ဖြစ်သောကြောင့်ပင်။

သူသည် ယီရန်ပင်းနှင့် တူညီသော ဂလက်ဆီတွင် မရှိတော့သဖြင့် ပစ္စည်းကိရိယာများ စုဆောင်းမိလျှင်ပင် လဲလှယ်ပေး၍ မရနိုင်ချေ။ သူ၏ယာဉ် နေရာလွတ်မှာလည်း ကန့်သတ်ချက် ရှိနေသဖြင့် လောလောဆယ်တွင် အနက်ရောင်ရွှေအချို့ကိုသာ အရင် စုဆောင်းထားနိုင်သည်။

မကြာမီမှာပင် ကျန်းယွင်ထျန်းသည် သူတို့အသစ်ဖွဲ့ထားသော ဂရုချတ်ထဲသို့ မက်ဆေ့ခ်ျတစ်ခု ပေးပို့လာခဲ့သည်။

[ရေလျှပ်စစ်ခွဲစက် ထုတ်လုပ်မှုပုံစံ (B အဆင့်) ၁၊ ဆိုလာပြား ထုတ်လုပ်မှုပုံစံ (B အဆင့်) ၁။]

“ဒါက ပစ္စည်းကောင်းတွေ အများကြီး ထွက်လာတာလို့ သတ်မှတ်လို့ရလား။”

ကျန်းယွင်ထျန်းက ဆက်၍ မေးလိုက်သည်။

“ဝိုး…ဒါက တကယ့်ကို ပစ္စည်းကောင်းတွေ အများကြီး ထွက်လာတာပဲ။ အားလုံး သေတ္တာတစ်လုံးတည်းကနေ ထွက်လာတာလား။”

ကျူးဝူက ချက်ချင်း မေးလိုက်သည်။

“ဟုတ်တယ်။ မင်းပြောသလိုပဲ ငါ့ရဲ့ ကံဇာတာက တကယ်ပဲ ပြောင်းလဲသွားပြီ ထင်တယ်။ ဒါပေမဲ့ ဒီပစ္စည်းတွေအတွက် ကုန်ကြမ်းပစ္စည်းတွေ စုဆောင်းဖို့ကတော့ ခက်ခဲလိမ့်မယ်။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။ ကျူးဝူက ပြုံးလိုက်၏။

“ဒါက အရမ်းလွယ်ပါတယ်။ မင်းလိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ငါ့ကို ပြောပြ။ ငါ အောက်ဆီဂျင်နဲ့ လဲပေးမယ်။”

“အဲဒီလိုဆိုရင် မင်းရဲ့ အောက်ဆီဂျင်က မင်းပြန်ရောက်တဲ့အထိ ခံပါ့မလား။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

“စိတ်မပူပါနဲ့။ ငါ အဲဒီဂလက်ဆီကနေ ထွက်လာတုန်းက သူဌေးက ငါ့ကို အောက်ဆီဂျင်တွေ အများကြီး ပေးလိုက်တယ်။ ပိုတောင် ပိုနေပါသေးတယ်။ ငါ့ဆီမှာ ဟိုက်ဒရိုဂျင်-အောက်ဆီဂျင် လောင်စာဆဲလ်အတွက် ကုန်ကြမ်းတွေတောင် အများကြီး ရှိသေးတယ်။”

ကျူးဝူက ပြန်ဖြေလိုက်သည်။

“အများသုံးချန်နယ်ကလူတွေ အောက်ဆီဂျင် မလောက်ဘူးလို့ ပြောနေကြတာက လူတိုင်းကို လျှောက်ညာနေကြတာပဲ။ အတည်မယူနဲ့။”

“ကောင်းပြီ။ ဒါဆိုရင်တော့ မင်းကိုပဲ အားကိုးရတော့မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ငါတို့တွေက တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတာပဲ။ ဘာလို့ ဒီလောက် အားနာနေတာလဲ။ ဒါ့အပြင် တကယ်လို့ ငါ့ဆီမှာ ပြတ်လပ်သွားရင်တောင် မင်း ဒီစက်ကို ထုတ်လုပ်ပြီးသွားရင် ငါ့အတွက်လည်း နည်းနည်း လုပ်ပေးလို့ ရတာပဲ မဟုတ်ဘူးလား။”

ကျူးဝူက ပြန်ပြောလိုက်သည်။

“အင်း။ ဒါတွေက ငါလိုအပ်တဲ့ ကုန်ကြမ်းတွေပဲ။”

ကျန်းယွင်ထျန်းသည် ထုတ်လုပ်မှုပုံစံ နှစ်ခုအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အားလုံးကို ကျူးဝူထံသို့ ချက်ချင်း အသိပေးလိုက်သည်။

ကျူးဝူသည် ဤဂလက်ဆီ၏ အရောင်းအဝယ်ခန်းမတွင် ထိုကုန်ကြမ်းပစ္စည်းများကို ချက်ချင်း ဝယ်ယူလိုက်ရာ ပစ္စည်းများကို အလွန်သက်သာသော ဈေးနှုန်းများဖြင့် အလွယ်တကူ ရရှိခဲ့သည်။

အရောင်းအဝယ် ကမ်းလှမ်းချက်များကို တင်ပြီးနောက် ကျူးဝူသည် အများသုံးချန်နယ်တွင် ကိုယ့်ကိုယ်ကိုယ် ကြော်ငြာပင် လုပ်လိုက်သေးသည်။

“ကိုယ်ပိုင် အာကာသယာဉ် လိုအပ်ချက်ကြောင့် လက်ရှိမှာ အောက်ဆီဂျင် အချို့ကို အရှုံးခံပြီး ရောင်းချပေးနေပါတယ်။ သက်ဆိုင်ရာ ကုန်ကြမ်းပစ္စည်း ရှိတဲ့သူတွေ မြန်မြန် လဲလှယ်ကြပါ။ ဒီအခွင့်အရေး လက်လွတ်သွားရင် နောက်ထပ် ရတော့မှာ မဟုတ်ဘူးနော်။”

ကျူးဝူက အများသုံးချန်နယ်တွင် ရေးသားလိုက်သည်။

“ဘာ...။ ဆရာကြီးက အောက်ဆီဂျင် ရောင်းမလို့လား။”

“ဟုတ်တယ်။ ငါ့မှာ သက်ဆိုင်ရာ ကုန်ကြမ်းတွေ ရှိနေလို့ အခုပဲ အရောင်းအဝယ် ပြီးသွားပြီ။ အောက်ဆီဂျင် အချို့ ရလိုက်တယ်။ ဒါက တကယ့် အသက်ကယ်ရှင်ပဲ။ ငါတစ်ကိုယ်လုံး မွန်းကျပ်ပြီး သေတော့မလို့။”

“ငါလည်း တူတူပဲ။ နည်းနည်း လုလိုက်နိုင်တယ်။ ကျေးဇူးပါပဲ ညီအစ်ကိုကျူး။ နောင်ကျရင်လည်း ဒီလို အရောင်းအဝယ်မျိုးတွေ ပိုလုပ်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။”

“သောက်ကျိုးနည်း… မင်းတို့ လက်အရှိန်တွေက ဘာလို့ ဒီလောက်တောင် မြန်နေကြတာလဲ။ ငါတောင် ဘာမှမလုပ်ရသေးဘူး။ အစ်ကိုကျူး တင်လိုက်တဲ့ အရောင်းအဝယ်တွေ အကုန် ပြီးသွားပြီလား။”

“သူဌေး ကျေးဇူးပြုပြီး နောက်ထပ် ချပေးပါဦး။ စောစောက မင်းလိုအပ်တဲ့ ကုန်ကြမ်းတွေ ငါ့မှာလည်း ရှိပါတယ်။”

ကျူးဝူသည် အများသုံးချန်နယ်မှ ဆွေးနွေးချက်များကို ဂရုမစိုက်ဘဲ သူအခုလေးတင် စုဆောင်းရရှိထားသော ကုန်ကြမ်းပစ္စည်း အားလုံးကို ကျန်းယွင်ထျန်းထံသို့ လဲလှယ်ပေးလိုက်သည်။

ကျန်းယွင်ထျန်းကလည်း အားနာမနေတော့ဘဲ လဲလှယ်မှုကို လက်ခံလိုက်ပြီးနောက် ရေလျှပ်ခွဲစက်နှင့် ဆိုလာပြား နှစ်ခုစလုံးကို ချက်ချင်း ထုတ်လုပ်လိုက်တော့သည်။

ကျူးဝူက အနည်းငယ် စဉ်းစားပြီးနောက် လူသုံးယောက်ပါဝင်သော အဖွဲ့ငယ်ထဲတွင် အခြား အရောင်းအဝယ်တစ်ခုကို ထပ်မံ စတင်လိုက်သည်။

[ရေ ၁၀၀၀ ကီလိုဂရမ်၊ အနက်ရောင်ရွှေ ၈ - အခမဲ့လဲလှယ်ခြင်း။ သတ်မှတ်ထားသော ကုန်သည် - ထျန်းကျိယာ]

ကျန်းယွင်ထျန်း အံ့အားသင့်သွားစဉ် ကျူးဝူက ဂရုချတ်ထဲတွင် ဆက်ပြောလိုက်သည်။

“ယူထားလိုက်ပါ။ ရေလျှပ်ခွဲစက်က ကုန်ကြမ်း လိုတယ်။ ဒီရေက သောက်လို့မရပေမဲ့ လျှပ်စစ်နဲ့ ခွဲထုတ်ဖို့ ကုန်ကြမ်းအဖြစ် သုံးလို့ရတယ်။ ပြီးတော့ မင်းရဲ့ ယာဉ်ကိုလည်း နည်းနည်း ထပ်ချဲ့လိုက်ဦး။ ဒီကုန်ကြမ်းတွေကို သိမ်းဆည်းဖို့အပြင် အိမ်သာကိုပါ သီးသန့် အခန်းခွဲလိုက်။ မင်းတို့ဆီမှာ ကျင်ကြီးကျင်ငယ် စုဆောင်းတဲ့စက် မရှိတဲ့အခါ အဲဒီလိုလုပ်ထားတာက ယာဉ်တွင်း ပတ်ဝန်းကျင်ကို အတိုင်းအတာတစ်ခုအထိ ခံသာအောင် အာမခံပေးနိုင်လိမ့်မယ်။”

“ကောင်းပါပြီ။ ကျေးဇူးအများကြီးတင်ပါတယ်။”

ကျန်းယွင်ထျန်းက အရောင်းအဝယ်ကို လက်ခံလိုက်သည်။

ကျူးဝူသည် အားကုန်းထံသို့လည်း အနက်ရောင်ရွှေများ ပေးပို့ခဲ့ပြီး သူ၏ယာဉ်ကို အနည်းငယ် ချဲ့ထွင်ရန် ပြောလိုက်သည်။

ယာဉ်ချဲ့ထွင်ခြင်းကို အဆုံးသတ်ကာ ယာဉ်တွင်းနေရာကို အကျဉ်းချုပ် စီမံပြီးနောက် ကျန်းယွင်ထျန်းသည် ရေလျှပ်ခွဲစက်ကို ချက်ချင်း စတင်မောင်းနှင်လိုက်ပြီး ၎င်းမှ အောက်ဆီဂျင် ထုတ်လုပ်သည့် အရှိန်ကို စောင့်ကြည့်လိုက်သည်။

“အောက်ဆီဂျင်ကတော့ ပြဿနာ မရှိတော့ဘူး။ B အဆင့် လျှပ်ခွဲစက်ကနေ ထွက်လာတဲ့ အောက်ဆီဂျင်က လူသုံးယောက်စာအတွက် လုံလောက်တဲ့အပြင် ပိုတောင် ပိုနေသေးတယ်။ ငါတို့ လိုအပ်တဲ့ ပစ္စည်းတွေအတွက် ဒီအောက်ဆီဂျင်နဲ့တောင် ပြန်လဲလို့ရသေးတယ်။”

ကျန်းယွင်ထျန်းက အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးနောက် ဂရုချတ်ထဲတွင် ဝမ်းသာအားရ ပြောလိုက်သည်။

“အဆင်ပြေသွားတာပေါ့။ မင်းက တကယ် ကံကောင်းတာပဲ။”

ကျူးဝူကလည်း အလားတူ ဝမ်းသာသွားခဲ့သည်။

“ဟိုဘက် ဂလက်ဆီတုန်းက လူတစ်ယောက်က သာမန်အဆင့် ရေလျှပ်ခွဲစက်တစ်ခု ရခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒါကနေ နေ့တိုင်း ထွက်တဲ့ အောက်ဆီဂျင်က သူ့တစ်ယောက်စာအတွက်တောင် မလောက်လို့ ဈေးကွက်ခန်းမကနေ ထပ်ဝယ်နေရသေးတာ။”

All Chapters