← Chapters

အခန်း ၁၃၂၄

Vol. 116 Ch. 1324

အခန်း ၁၃၂၄

Vol. 116 Ch. 1324

အခန်း ၁၃၂၄

“ဟင်...သာမန် ရေလျှပ်ခွဲစက်က တကယ်ပဲ အဲဒီလောက်တောင် အသုံးမကျဘူးလား။”

အာကုန်းက မနေနိုင်ဘဲ မေးလိုက်သည်။

“ဟုတ်တယ်။ သာမန် ရေလျှပ်ခွဲစက်တစ်ခုက လူ ၀.၈ ယောက်စာရဲ့ အောက်ဆီဂျင် သုံးစွဲမှုအတွက်ပဲ လုံလောက်တယ်လို့ ခန့်မှန်းထားတယ်။ အဆင့်တစ်ခု မြင့်လာတိုင်း စွမ်းဆောင်ရည် နှစ်ဆတိုးလာတဲ့ နိယာမအရဆိုရင် C အဆင့်က လူ ၁.၆ ယောက်စာ၊ B အဆင့်က လူ ၃.၂ ယောက်စာ ဖြစ်တဲ့အတွက် ဒီ B အဆင့် ရေလျှပ်ခွဲစက်က လူသုံးယောက်စာအတွက် ကျိန်းသေပေါက် လုံလောက်တယ်။”

ကျူးဝူက တွက်ချက်ပြလိုက်သည်။

“ဒါဆိုရင် ငါလည်း နောက်ဆို စိတ်ကြိုက် လွတ်လွတ်လပ်လပ် အသက်ရှူလို့ ရတော့မယ်ပေါ့ ဟုတ်လား။”

အားကုန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“မင်းဆီမှာလည်း အောက်ဆီဂျင် ပြတ်လပ်နေတာလား။”

ကျူးဝူက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“စောစောက ပြောရောပေါ့။”

[အောက်ဆီဂျင် ၁၀ လီတာ - အခမဲ့လဲလှယ်ခြင်း။]

“ကျေးဇူးပဲ မဟာမိတ်ခေါင်းဆောင်။ ငါ ဒီဘက်မှာ တောင့်ခံထားနိုင်ပါတယ်။”

အားကုန်းက ဆိုသည်။

“တောင့်ခံမနေနဲ့တော့။ ငါတို့ဆီမှာ အခု အောက်ဆီဂျင်ရော၊ လျှပ်စစ်ရော မပြတ်လပ်တော့ဘူး။ အဲဒီလောက်အထိ ကပ်စေးနှဲနေစရာ လိုလို့လား။”

ကျူးဝူက ဆူပူလိုက်သည်။

“ဟုတ်တယ်။ ငါ့ရဲ့ B အဆင့် ဆိုလာပြားက ငါတို့နှစ်ယောက်စလုံးအတွက် လုံလောက်ပါတယ်။ အားနာမနေပါနဲ့။ အားလုံးက ယီရန်ပင်းနောက်ကို လိုက်နေကြတဲ့သူတွေပဲ။ ငါတို့တွေက ညီအစ်ကိုတွေပဲလေ။ ညီအစ်ကိုတွေကြားထဲ စိမ်းကားမနေစမ်းပါနဲ့။”

ကျန်းယွင်ထျန်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့...ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကျန်း။”

အားကုန်းက ပျာပျာသလဲ ပြောလိုက်သည်။

ကျူးဝူသည် သူ ဤဂလက်ဆီတွင် ဘယ်လောက်ကြာကြာ နေထိုင်နိုင်မည်ကို မသိချေ။ ယခုအခါ လျှပ်စစ်နှင့် အောက်ဆီဂျင် ထုတ်လုပ်ပေးနိုင်သော အဖော်တစ်ယောက် ရှိနေပြီဖြစ်ရာ ဆက်ဆံရေးကို ကျိန်းသေပေါက် ကောင်းကောင်းထိန်းသိမ်းထားရမည် ဖြစ်သည်။

“အားနာစရာမလိုပါဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“မင်း တစ်ခုခု လိုအပ်ရင် ငါတို့ ဂရုထဲမှာ တန်းတင်လိုက်။ လူတိုင်း ဝိုင်းကူညီပြီး စုဆောင်းပေးကြရင် ပိုမြန်လိမ့်မယ်။”

“ကောင်းပါပြီ။”

အားကုန်းက ပြန်လည် တုံ့ပြန်လိုက်သည်။

“ငါလည်း ဒီဘက်မှာ ရိက္ခာသေတ္တာတစ်ခု တွေ့တယ်။ ရိက္ခာသေတ္တာ သွားဆယ်လိုက်ဦးမယ်။”

ကျန်းယွင်ထျန်းနှင့် အခြားနှစ်ဦးတို့ အဆင်ပြေပြေ ဆက်ဆံနေကြသည်ကို မြင်သောအခါ ကျူးဝူ စိတ်အနည်းငယ် သက်သာရာရသွားခဲ့သည်။

“နောက်ဆိုရင် ငါ့ရဲ့ ဒီညီလေးကို ပိုပြီး စောင့်ရှောက်ပေးဖို့ မင်းကိုပဲ အားကိုးရတော့မယ်။”

ကျူးဝူသည် ကျန်းယွင်ထျန်းထံသို့လည်း သီးသန့် မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။

“ငါ ပြောပြီးပြီလေ။ ငါတို့က ညီအစ်ကိုတွေပဲ။ ဒီလောက်ထိ အားနာမနေပါနဲ့။ စိတ်ချပါ...ငါ သူ့ကို ကျိန်းသေပေါက် ခေါ်ဆောင်သွားပြီး ကျွန်းပိုင်ရှင် ရောက်လာမယ့်အချိန်ကို စောင့်နေမယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ယခုအခါ အောက်ဆီဂျင်နှင့် လျှပ်စစ် ထုတ်လုပ်ပေးမည့် စက်ပစ္စည်းများ ရှိနေပြီဖြစ်ရာ ကျန်းယွင်ထျန်း၌ ယုံကြည်မှုများ အပြည့် ရှိနေပြီဖြစ်သည်။

“ကောင်းပြီ။ အကယ်၍ ငါတို့ သူဌေးရဲ့ အာကာသယာဉ်ပေါ်မှာ တကယ် ပြန်ဆုံဖြစ်ခဲ့ရင် ငါ မင်းကို ကျိန်းသေပေါက် အဝကျွေးမယ်။”

ကျူးဝူက ဆိုသည်။

“စားရုံတင် ဘယ်ဟုတ်မလဲ။ ငါတို့ အရက်သောက်ရမယ်။ ပြီးတော့ တကယ့် အရက်ကောင်းလည်း ဖြစ်ရမယ်။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ပြောလိုက်သည်။

“အရက်သောက်မယ် ဟုတ်လား။”

ကျူးဝူ အနည်းငယ် ကြောင်အမ်းသွား၏။

“အဲ့ဒါကို ရိက္ခာသေတ္တာထဲကနေ ဖွင့်လို့မရဘူးလေ။”

“ဟားဟားဟား မင်း မရပေမဲ့ ငါတို့ကျွန်းပိုင်ရှင်ကတော့ ထုတ်လုပ်နိုင်တယ်။ ဒါကို မင်း ယုံလား။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။ ကျူးဝူ ထပ်မံ ဆွံ့အသွား၏။

“ယုံတာပေါ့။ သူဌေးက အရာခပ်သိမ်းကို တတ်စွမ်းနိုင်တဲ့သူလို့ ငါ ခံစားရတယ်။”

“မြန်မြန် ကြည့်ကြဦး...ငါ ဘာရလာလဲဆိုတာ။”

အားကုန်းက စိတ်လှုပ်ရှားစွာဖြင့် ထုတ်လုပ်မှုပုံစံတစ်ခုကို ပို့လာခဲ့သည်။

[ဓာတ်ငွေ့ဖိသိပ် အအေးခံစက် ထုတ်လုပ်မှာပုံစံ (C အဆင့်) ၁။]

“သောက်ကျိုးနည်း... အားကုန်း မင်း ခွေးချေးနင်းလာတာလား။ ဒါမျိုးကိုတောင် ရလာတာပဲ။”

ဂရုထဲက မက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ ကျူးဝူက အံ့ဩတုန်လှုပ်စွာ ချက်ချင်း အော်ဟစ်လိုက်မိသည်။

“ငါလည်း ဒီပစ္စည်း ထွက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။”

အားကုန်းက သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မထားနိုင်တော့ချေ။

“ကောင်းပြီ။ အခုဆိုရင် ငါတို့နှစ်ယောက်က အောက်ဆီဂျင်၊ လျှပ်စစ်နဲ့ လောင်စာဆီ လုပ်ငန်းကို လက်ဝါးကြီးအုပ်နိုင်တော့မှာပဲ။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။

“မှန်တယ်။ သူဌေးရဲ့ ယခင် လုပ်ဆောင်ချက်တွေအရ ဆိုရင် သူက အနက်ရောင်ရွှေတွေကို ဦးစားပေးပြီး စုဆောင်းနေတာ ဖြစ်ရမယ်။ လူတိုင်းရဲ့ လက်ထဲမှာ အုတ်မြစ်ကျောက်တွေ အတော်များများ ရှိကြပေမဲ့ အနက်ရောင်ရွှေက ပိုပြီး အရေးကြီးတယ်။”

ကျူးဝူက လေးနက်သော လေသံဖြင့် ဆက်ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ညှိနှိုင်းပြီး အနက်ရောင်ရွှေ အားလုံးကို စုဆောင်းထားကြပါ။ အချိန်တန်ရင် ကိုယ့်ရဲ့ ယာဉ်ကိုပဲ ချဲ့ချဲ့၊ ဒါမှမဟုတ် သူဌေးကိုပဲ ကူညီကူညီ အသုံးဝင်လိမ့်မယ်။”

“အင်း...ဒါဆိုရင် ငါတို့ အနက်ရောင်ရွှေကို အရင် ဦးစားပေးမယ်။ ပြီးမှ အုတ်မြစ်ကျောက်ကို ယူမယ်။”

ကျန်းယွင်ထျန်းက ဆိုသည်။

“အခုတော့ အားကုန်းလက်ထဲက စက်ကို အရင် ထုတ်လုပ်ကြရအောင်။”

“ဟုတ်တယ်။ မင်းလိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ပို့လိုက်။”

“ဟုတ်ကဲ့။”

ကျူးဝူသည် ဈေးကွက်ခန်းမတွင် ကုန်ကြမ်းပစ္စည်း လဲလှယ်မှုအချို့ကို ထပ်မံ၍ စာရင်းတင်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ ကြော်ငြာစရာပင် မလိုတော့ချေ။ သူ စာရင်းတင်လိုက်သည်နှင့် တပြိုင်နက် ပစ္စည်းများမှာ ချက်ချင်းပင် လုယူခြင်း ခံလိုက်ရတော့သည်။

“ဟားဟား...နောက်ဆုံးတော့ ငါ ဒီတစ်ခါ တစ်စု လုရလိုက်ပြီဟေ့။ မင်းတို့ သတိမထားမိကြဘူးမလား။”

“ဘာ...။ သူဌေးက ဈေးကွက်ခန်းမမှာ အောက်ဆီဂျင်တွေ ထပ်ရောင်းပြန်ပြီလား။”

“ဟုတ်တယ်။ ငါ ခြေတစ်လှမ်း နောက်ကျသွားပြန်ပြီ။”

“သူဌေးက အောက်ဆီဂျင်တွေ ဘယ်တော့ ထပ်ချပေးမှာလဲ။ ငါ တကယ် ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။”

“ညီအစ်ကိုရာ… မင်း တောင့်ခံထားတာ တစ်ရက်နီးပါး ရှိနေပြီဆိုတော့ မင်းမှာ စွမ်းရည်ရှိပါသေးတယ်။ ဆက်ပြီး တောင့်ခံထားလိုက်ပါဦး။”

အများသုံးချန်နယ်မှ မက်ဆေ့ခ်ျများကို ကြည့်ရင်း ကျန်းယွင်ထျန်းက လူသုံးယောက်ပါဝင်သော အဖွဲ့ငယ်ထဲတွင် ချက်ချင်း ပြောလိုက်သည်။

“ငါတို့ဆီမှာ အခု အောက်ဆီဂျင် လုံလောက်နေတုန်းပဲ။ အခု နည်းနည်းလောက် ထုတ်ရောင်းလိုက်ရင် မကောင်းဘူးလား။ တစ်ချက်က အနက်ရောင်ရွှေ စုဆောင်းနိုင်ဖို့ပဲ။ နောက်တစ်ချက်ကတော့ အသက်ရှင်ကျန်ရစ်သူ ပိုများများ ရှိနေစေဖို့ပဲ။ သူတို့အားလုံးက ငါတို့ရဲ့ နောင်တစ်ချိန်အတွက် အလားအလာရှိတဲ့ ဖောက်သည်တွေပဲလေ။”

“ငါ သဘောတူတယ်။ ဒါပေမဲ့ အဓိကအချက်က မင်းတို့ ကိုယ့်အတွက် အောက်ဆီဂျင် အလုံအလောက် အရင် ချန်ထားဖို့ပဲ။”

ကျူးဝူက ပြန်လည် တုံ့ပြန်လိုက်သည်။

“ဒါကတော့ သဘာဝအတိုင်းပါပဲ။”

ကျန်းယွင်ထျန်းက ဆိုသည်။

“ငါတို့ နေ့တိုင်း ကိုယ့်အတွက် အပို ချန်ထားမှာပါ။”

သူ့တွင် B အဆင့် ရေလျှပ်ခွဲစက် တစ်ခုတည်းသာ ရှိပြီး အောက်ဆီဂျင် ထုတ်လုပ်မှု စွမ်းဆောင်ရည်မှာ ကန့်သတ်ချက် ရှိနေသဖြင့် ရှောင်းယီကဲ့သို့ အောက်ဆီဂျင်ကို စိတ်ကြိုက် လွတ်လပ်စွာ လဲလှယ်ပေးနိုင်ခြင်း မရှိသည်မှာ ဓမ္မတာပင်။

“အင်း...ဒါဆို စလိုက်ကြစို့။ တစ်ယောက်ယောက်က အောက်ဆီဂျင် ရောင်းပေးနေတာကို လူအများကြီး အရမ်း ဝမ်းသာကြလိမ့်မယ်လို့ ငါ ယုံကြည်တယ်။”

ကျူးဝူက ပြောလိုက်သည်။ ကျန်းယွင်ထျန်း အနည်းငယ် စဉ်းစားပြီးနောက် ဈေးကွက်ခန်းမတွင် လဲလှယ်မှု အစုပေါင်း ၆၀ ကို စာရင်းတင်လိုက်သည်။

[အောက်ဆီဂျင် ၀.၅ လီတာ - အနက်ရောင်ရွှေ ၂။]

ထိုအရောင်းအဝယ် ကမ်းလှမ်းချက်ကို တင်သွင်းပြီးနောက်တွင်လည်း ခဏချင်းပင် လုယူခြင်း ခံလိုက်ရသည်။

ကျန်းယွင်ထျန်းသည် အောက်ဆီဂျင် ၃၀ လီတာမျှသာ အသုံးပြု၍ အနက်ရောင်ရွှေ ၁၂၀ နှင့် လဲလှယ်နိုင်ခဲ့သည်။ ဤအရောင်းအဝယ်မှာ အမြတ်အစွန်း အလွန်ကြီးမားလှပေသည်။

ဤအချိန်တွင် အများသုံးချန်နယ်၌ လူတိုင်း ထပ်မံ၍ ဆွေးနွေးငြင်းခုံလာကြပြန်သည်။

“သူဌေးတစ်ယောက်က တကယ်ပဲ အောက်ဆီဂျင်ကို သုံးပြီး အနက်ရောင်ရွှေနဲ့ လဲလှယ်ဖို့ ရွေးချယ်လိုက်တာပဲ။”

“ဟုတ်တယ်။ ငါ သုံးစု လုယူလိုက်နိုင်တယ်။ ဒါက ငါ့အသက်ကို ကယ်တင်လိုက်တာပဲ။”

“ငါ ဘာလို့ ထပ်ပြီး မရလိုက်ပြန်တာလဲ။ သူဌေးကြီး ထျန်းကျယာ...အောက်ဆီဂျင် နည်းနည်းလောက် ထပ်ရောင်းပေးလို့ ရမလား။ ကျုပ်မှာ အနက်ရောင်ရွှေတွေ ရှိပါတယ်။”

ကျန်းယွင်ထျန်းသည် အများသုံးချန်နယ်မှ အချက်အလက်များကို မြင်တွေ့လိုက်ရပြီး ဤသို့ ပြောလိုက်သည်။

“နောင်ကျရင် ငါ ဈေးကွက်ခန်းမမှာ အလျဥ်းသင့်သလို အောက်ဆီဂျင် အချို့ကို ထုတ်ရောင်းပေးပါမယ်။ လိုအပ်တဲ့သူတွေ ဈေးကွက်ခန်းမမှာ ကိုယ့်ဘာသာ သွားဝယ်နိုင်ပါတယ်။”

“အလျဥ်းသင့်သလို ရောင်းပေးမယ် ဟုတ်လား။ သူဌေး… မင်း အောက်ဆီဂျင် ထုတ်တဲ့ စက်ပစ္စည်းတစ်ခုခု ဖွင့်မိလိုက်လို့လား။”

“တကယ် လန်းတာပဲ။ သူဌေးရဲ့ ကံဇာတာကို အရမ်း အားကျမိတာပဲ။”

“ကောင်းပြီ။ ငါသာ အသက်ရှင်ကျန်ရစ်နေသရွေ့ ငါလည်း ဒီလို စက်ပစ္စည်းမျိုး ဖွင့်မိနိုင်တာပဲ။”

“ဆင်းရဲတာက အဆိုးဆုံး မဟုတ်ပါဘူး။ မသေမချင်းတော့ တစ်နေ့ ကြီးပွားလာမှာပါ။”

“ထျန်းကျိယာရဲ့ ဤလုပ်ဆောင်ချက်က လူတော်တော်များများကို ကယ်တင်နိုင်လိမ့်မယ်။”

“ဒီလိုလုပ်မှပဲ ငါတို့ ဂလက်ဆီက စည်ကားလာမှာ။ သူဌေးရဲ့ အမြော်အမြင်က တကယ့်ကို အလှမ်းကျယ်တာပဲ။”

ယခင် တွက်ချက်မှုများအရ ရေ ၁ ကီလိုဂရမ်ကို လျှပ်စစ်ဖြင့် ခွဲထုတ်ခြင်းမှ ရရှိသော အောက်ဆီဂျင်သည် လူကြီးတစ်ဦး အသက်ရှူရန် လုံလောက်သည်။ ထို့ကြောင့် B အဆင့် ရေလျှပ်စစ်ခွဲစက်တစ်ခုသည် တစ်နေ့လျှင် ရေ ၃.၂ ကီလိုဂရမ်ခန့်ကို လျှပ်စစ်ဖြင့် ခွဲထုတ်နိုင်သည်။

ကျန်းယွင်ထျန်းသည် ရေ ၀.၂ ကီလိုဂရမ်မှ လျှပ်စစ်ဖြင့် ခွဲထုတ်ရရှိသော အောက်ဆီဂျင်ကို ရောင်းချရန် ပြင်ဆင်လိုက်သည်။ သူနှင့် အားကုန်းတို့သည် တစ်ဦးလျှင် ၁ ကီလိုဂရမ်စီ ယူကြမည်ဖြစ်ပြီး တစ်ဦးစီက အရံအဖြစ် ၀.၂ ကီလိုဂရမ်စီ အပိုယူထားကြမည် ဖြစ်ကာ ကျန်ရှိသော ၀.၆ ကီလိုဂရမ်ကို လောင်စာဆီ ပြုလုပ်ရန် အသုံးပြုမည် ဖြစ်သည်။

အစောပိုင်း ကာလများတွင် သူသည် ကျူးဝူအတွက်လည်း အချို့ကို ပြင်ဆင်ပေးရန် လိုအပ်သည်။ ယခုအခါ သူ ဘယ်နေရာဆီသို့ မျောလွင့်သွားမည်...ဘယ်လောက်ကြာကြာ မျောလွင့်နေရမည်ကို မသိနိုင်သဖြင့် ပိုမိုပြင်ဆင်ထားခြင်းက မမှားယွင်းပေ။

ကျန်းယွင်ထျန်းသည် ဤဂလက်ဆီတွင် စီးပွားရေး လုပ်ကိုင်နေစဉ်အတွင်း ရှောင်းယီသည်လည်း ဤဘက်ခြမ်း၌ စီးပွားရေး လုပ်ငန်းအသစ်တစ်ခုကို စတင် လုပ်ကိုင်နေခဲ့ပြီ ဖြစ်သည်။

All Chapters