← Chapters

အခန်း ၁၃၂၇

Vol. 116 Ch. 1327

အခန်း ၁၃၂၇

Vol. 116 Ch. 1327

အခန်း ၁၃၂၇

“ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကြိုတင်သတ်မှတ်ချက်တစ်ခုက ကျူးဝူ ပြန်လာနိုင်ဖို့ပဲ။ သူသာ ပြန်မလာနိုင်ရင် ငါတို့ သူ့ကို ဘယ်တော့မှ ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။”

“နားလည်ပါပြီ။ သူ ပြန်လာတာနဲ့ သူဌေး ကျွန်တော်တို့ကို မိတ်ဆက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

လုမေယွီက ပြောလိုက်သည်။

“ပြဿနာမရှိဘူး။ အဲဒီအချိန်ကျရင် ငါ မိတ်ဆက်ပေးမယ်။ မင်းတို့ဘာသာမင်းတို့ စကားပြောကြပေါ့။”

ရှောင်းယီက ဆိုသည်။

“ကျေးဇူးအများကြီးတင်ပါတယ် သူဌေး။”

“ရပါတယ်၊ ဒါက အသေးအဖွဲကိစ္စလေးပါ။ ဘာပဲဖြစ်ဖြစ် ငါလည်း ပင်ပန်းခံပြီး လုပ်ပေးရမှာမှ မဟုတ်တာ။”

လုမေယွီက ခဏနားပြီးနောက် ဆက်မေးလာခဲ့သည်။

“သူတို့ပြောနေကြတာလေ.. အဆင့်မြှင့်ဖို့အတွက် တကယ်ကြီး အနက်ရောင်ရွှေတွေ အများကြီးလိုတာလား။”

“ဟုတ်တယ်။”

ရှောင်းယီက အတည်ပြုပေးလိုက်သည်။ လုမေယွီ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

“ဒီလောက်များတဲ့ အနက်ရောင်ရွှေတွေကို စုဆောင်းဖို့ ဘယ်လောက်တောင် ကြာဦးမလဲ။”

“ငါ့လိုပဲ အရောင်းအဝယ် လုပ်လေ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ လုမေယွီတစ်ယောက် မျက်လုံးလှန်လိုက်မိ၏။

“ကျွန်တော့်လက်ထဲမှာသာ သူဌေးလို စက်ပစ္စည်းတွေ ရှိရင် အရောင်းအဝယ် လုပ်နေတာ ကြာလှပြီ။ ကျွန်တော့်မှာ အဲဒါတွေမှ မရှိတာ။”

“ဒါဆိုရင်လည်း ရိက္ခာသေတ္တာတွေသာ ပိုဖွင့်ပေါ့။ နောက်ကျရင် ရှိလာမှာပါ။”

ဒါက ရိက္ခာသေတ္တာတွေ ပိုဖွင့်ရုံနဲ့ ရနိုင်တဲ့ အရာမျိုးမို့လို့လား။

လုမေယွီမှာ ရှောင်းယီကို ပြန်ပက်လိုက်ချင်၏။ သို့သော် စကားလုံးများက နှုတ်ခမ်းဖျားသို့ ရောက်လာသောအခါ - “အာ.. ဟုတ်ကဲ့ပါ” ဟုသာ ထွက်သွားခဲ့ရသည်။

“တီ.. တီ.. ပစ်မှတ် ရိက္ခာသေတ္တာကို ဖမ်းယူရရှိပါပြီ...”

အာကာသချိတ်ထံမှ အချက်ပေးသံကို ကြားလိုက်ရသဖြင့် ရှောင်းယီသည် မောင်းနှင်ခန်းထဲမှ ချက်ချင်းထွက်ကာ ပစ္စည်းသိမ်းခန်းဆီသို့ မျောလွင့်သွားခဲ့သည်။

သူ ရိက္ခာသေတ္တာကို ဖွင့်လိုက်သည်။

“ရရှိသော ရိက္ခာများ - အုတ်မြစ်ကျောက် ၁၀၊ အနက်ရောင်ရွှေ ၄။”

အခြေခံ ရိက္ခာပစ္စည်း နှစ်မျိုးတည်းသာ ရှိသည်ကို ကြည့်ပြီး ရှောင်းယီမှာ မတတ်သာဘဲ ခေါင်းခါလိုက်မိသည်။ သူ့လက်က တကယ်ကို ကံမကောင်းလွန်းလှချေ။

မောင်းနှင်ခန်းထဲကနေ ထွက်လာခဲ့ပြီးဖြစ်၍ ရှောင်းယီသည် စိုက်ပျိုးရေးခန်းကိုပါ တစ်ခါတည်း စစ်ဆေးလိုက်သည်။ ခရမ်းချဉ်သီးပင်များက အသီးများ သီးနေပြီဖြစ်ရာ အခြေအနေအရဆိုလျှင် မနက်ဖြန်လောက်ဆို ရင့်မှည့်တော့မည် ဖြစ်သည်။

ဖရဲသီးနွယ်ပင်များလည်း ဘေးသို့ ဖြာထွက်နေပြီဖြစ်သည်။ ဘယ်တော့ ပန်းပွင့်မည်ကိုတော့ သူ မသိသေးချေ။ ပန်းသီးပင်ကမူ အရွက်များ ဝေဆာလျက် အမြင့် နှစ်မီတာနီးပါးအထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

သို့သော် လုမေယွီဘက်ကနေ လဲလှယ်ထားသည့် အာလူးများကတော့ အညှောက်မထွက်သေးသဖြင့် မစိုက်ရသေးချေ။

ကြည့်ရသည်မှာ သူ အာလူးဖုတ် ပူပူနွေးနွေးလေး ဖြစ်စေ၊ တခြားတစ်ခုခု ဖြစ်စေ စားချင်လျှင်တော့ ဆက်လက် စောင့်ဆိုင်းရဦးမည် ထင်သည်။

အပင်များကို S အဆင့် ရေအနည်းငယ် လောင်းပေးပြီးနောက် ရှောင်းယီသည် မောင်းနှင်ခန်းသို့ တစ်ခေါက် ပြန်သွားကာ ပဲ့ကိုင်ထိုင်ခုံတွင် ဆက်ထိုင်ရင်း အများသုံးချန်နယ်ကို စောင့်ကြည့်နေလိုက်သည်။

ညနေမိုးချုပ်သည့်အထိ ဂရုထဲတွင် အချက်အလက်သစ်များ ထပ်မံ ထွက်ပေါ်မလာတော့ချေ။

ရှောင်းယီသည် အာကာသယာဉ် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် အနားယူရန် ပြင်ဆင်ရင်း လူနေခန်းဆီသို့ ပြန်လည် မျောလွင့်သွားခဲ့သည်။

ယခုအချိန်တွင် သူ့၌ လုပ်စရာ ဘာမှမရှိတော့သလို အများသုံးချန်နယ်ကို ထိုင်ကြည့်နေရသည်မှာလည်း ပျင်းစရာကောင်းလှသဖြင့် စောစောသာ အနားယူလိုက်တော့သည်။ ထူးခြားသည့် မတော်တဆမှုမျိုး မရှိလျှင် သူ ညဘက် တစ်ခေါက်တော့ နိုးထရဦးမည် ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် ည ၁၁:၃၀ နာရီတွင် ရှောင်းယီသည် အချက်ပေးသံကြောင့် နိုးလာခဲ့ရ၏။ သူ မောင်းနှင်ခန်းသို့ အပြေးအလွှား ပြန်သွားပြီး လေဆာမျက်နှာပြင် ထောက်လှမ်းရေးကိရိယာကို စစ်ဆေးကာ ဥက္ကာခဲ ပျံသန်းလာသည့် လမ်းကြောင်းကို အတည်ပြုပြီးနောက် အာကာသယာဉ်ကို မောင်းနှင်ကာ ရှောင်တိမ်းလိုက်သည်။

အာကာသယာဉ်အဖြစ် အဆင့်မြှင့်တင်ပြီးကတည်းက လှုပ်ရှားရမှုက ပိုမို လျင်မြန်ချောမွေ့လာခဲ့သည်။

ယခင် အရေးပေါ်ကယ်ဆယ်ရေးယာဉ် ဘဝတုန်းကဆိုလျှင် အချိန်အတန်ကြာ မောင်းနှင်ကိုင်တွယ်ရပြီး ကွေ့ဝိုက်ရသည်မှာလည်း လျင်မြန်မှုမရှိလှပေ။

ယခုမူ သူ အလိုရှိသည့်အတိုင်း မည်သည့်အရပ်မျက်နှာသို့မဆို လှုပ်ရှားနိုင်ပြီဖြစ်သည်။ သို့သော် လောင်စာဆီ လုံလောက်စွာ ရှိနေရမည်ဟူသော ကြိုတင်သတ်မှတ်ချက်တော့ ရှိပေသည်။

ထိုဥက္ကာခဲကို ရှောင်တိမ်းပြီးနောက် သူ လေဆာမျက်နှာပြင် ထောက်လှမ်းရေးကိရိယာ၏ ပြသမှုကို ကြည့်လိုက်၏။ ပတ်ဝန်းကျင်တွင် တခြားအန္တရာယ်မျိုး မတွေ့ရသဖြင့် ရှောင်းယီသည် ဆက်လက်အနားယူရန် လူနေခန်းသို့ ပြန်လည် မျောလွင့်သွားခဲ့တော့သည်။

ညဉ့်နက်ပိုင်း အချိန်ကတော့ အလွန်အေးချမ်းခဲ့ပြီး ရှောင်းယီလည်း နောက်ဆုံးတွင် ကောင်းကောင်းမွန်မွန် အိပ်စက်ခွင့် ရသွားခဲ့လေသည်။

မနက် ငါးနာရီတွင် ရှောင်းယီ အလိုအလျောက် နိုးလာခဲ့သည်။ သူ၏တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ပြီးနောက် ဂိုဒေါင်သို့သွားကာ အစားအစာအချို့ ထုတ်ယူ၍ အပူပေးလိုက်သည်။ ထို့နောက် အစားအစာများကို ယာဉ်မောင်းခန်းထဲသို့ ယူဆောင်လာပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ အများသုံးချန်နယ်ကို ကြည့်ရင်း စတင်စားသောက်လိုက်တော့သည်။

“သေစမ်းကွာ...မနေ့က ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ဥက္ကာခဲက နောက်တစ်ခါ ထပ်တိုက်သွားလို့ ပျက်စီးသွားပြန်ပြီ။ အဲဒါကို ပြင်ဖို့ အနက်ရောင်ရွှေ နောက်တစ်ခါ ကုန်ရဦးမယ်။”

“ဟုတ်ပါ့...ငါတို့ နေ့တိုင်း သေတ္တာတွေထဲက ရသမျှ အနက်ရောက်ရွှေတွေက ဒီနေရာနဲ့တင် ကုန်နေတာပဲ။”

“ကြည့်ရတာ ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကို အနက်ရောင်ရွှေတွေ ပိုရနိုင်မယ့် တခြားလမ်းကြောင်းတွေ ပေးဖို့ တကယ် လိုအပ်နေပြီ။ ရိက္ခာသေတ္တာတွေထဲက ရတဲ့ဟာက ငါတို့ရဲ့ နေ့စဉ်သုံးစွဲတာနဲ့တင် မရှိတော့ဘူး။”

“ဟူး.. အခြေအနေက ဒီလိုဖြစ်နေမှတော့ ငါလည်း လက်ထဲမှာ ဆုပ်ကိုင်မထားတော့ပါဘူး။ တခြား အရင်းအမြစ်တွေနဲ့ လဲလှယ်ဖို့ပဲ သုံးလိုက်တာ ပိုကောင်းမယ်။”

“ဟင်း...ယီရန်ပင်းက အခု အုတ်မြစ်ကျောက်နဲ့ လဲလှယ်တဲ့ ကုန်သွယ်မှုကို ကန့်သတ်ချက်ထားလိုက်ပြီ။ တစ်ခါလောက် လုမရလိုက်တာနဲ့ အနက်ရောင်ရွှေကိုပဲ သုံးရတော့မယ်။ ဒါက တကယ်ကို ခေါင်းခဲစရာပဲ။”

“သူဌေးရေ.. ကျွန်တော်တို့ အသက်ရှင်ကျန်ရစ်သူတွေကို အသက်ရှူချောင်မယ့် လမ်းလေး ပေးပါဦး။ အုတ်မြစ်ကျောက်နဲ့ လဲလှယ်လို့ရမယ့် ကုန်ပစ္စည်းတွေ ပိုပြီး ချပေးပါဦးဗျာ။”

“ဒါက ခင်ဗျားတို့ ဘာသာ ခင်ဗျားတို့ ရှာကြံခဲ့တဲ့ ကိစ္စမဟုတ်ဘူးလား။ ခင်ဗျားတို့သာ ဈေးနှုန်းတွေကို လိုက်ဆွဲတင်ပြီး ယီရန်ပင်းကို ဒေါသထွက်အောင် မလုပ်ခဲ့ရင် သူက ဒီလိုလုပ်မှာ မဟုတ်ဘူး။”

“ဟုတ်တယ်။ အရင်တုန်းက အရောင်းအဝယ်တွေမှာ ဘယ်လောက်တောင် သဟဇာတဖြစ်ခဲ့လဲဆိုတာ ပြန်တွေးကြည့်လိုက်စမ်း။ ဟူး.. ဒီကိစ္စတွေကြောင့်ပဲ ငါတို့ရဲ့ ရှင်သန်ရေးက ပိုပြီး တင်းမာလာရတာ။”

ဂရုထဲရှိ ထိုအသက်ရှင်ကျန်ရစ်သူများ၏ တောင်းဆိုချက်များကို ရှောင်းယီ မြင်သော်လည်း သူ ဘာမှမတုံ့ပြန်ဘဲ တည်ငြိမ်စွာသာ ရှိနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် နေ့တိုင်း အုတ်မြစ်ကျောက်နှင့် ကုန်သွယ်မှုအတွက် အစုံ ၁၀၀ သာ ရရှိနိုင်မည်ဖြစ်ပြီး ကျန်ရှိသမျှအားလုံးမှာ အနက်ရောင်ရွှေနှင့် ကုန်သွယ်မှုများသာ ဖြစ်သည်။ လဲချင်လဲ၊ မလဲချင်နေရုံပင်။

“စနစ်...လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - အာကာသ ဉာဏ်ရည်တု စက်ရုပ် (SSS အဆင့်) ၂။”

“အာကာသ ဉာဏ်ရည်တု စက်ရုပ် (SSS အဆင့်) - အာကာသထဲတွင် အလုပ်လုပ်နိုင်သော ဉာဏ်ရည်တုစက်ရုပ် ဖြစ်ပြီး ယာဉ်အတွင်းနှင့် ယာဉ်ပြင်ပတို့၌ နိုးနိုးကြားကြား စောင့်ကြည့်ခြင်း၊ မောင်းနှင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ချက်ပြုတ်ခြင်းစသည့် လုပ်ငန်းဆောင်တာများကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။”

ထိုဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီ ရယ်မောလိုက်မိသည်။

“အရမ်းကောင်းတာပဲ။ အခုကစပြီး ဥက္ကာခဲတွေကို ရှောင်ဖို့ ငါကိုယ်တိုင် ညဘက်ကြီး ထစရာမလိုတော့ဘူး။”

ထိုသို့ တွေးတောရင်း ရှောင်းယီသည် စက်ရုပ်နှစ်ရုပ်ကို စနစ်၏ အာကာသနယ်မြေထဲမှ ထုတ်ယူလိုက်သည်။

“ဒီနေ့ကစပြီး မင်းကို ခုန်းခုန်း နံပါတ် ၁ လို့ ခေါ်မယ်။ မင်းကိုကျတော့ ခုန်းခုန်း နံပါတ် ၂ လို့ ခေါ်မယ်။ ခုန်းခုန်း နံပါတ် ၁ က အန္တရာယ်တွေကို ရှောင်ရှားဖို့အတွက် နိုးနိုးကြားကြား စောင့်ကြည့်ဖို့နဲ့ မောင်းနှင်ဖို့ အဓိက တာဝန်ယူရမယ်။ ခုန်းခုန်း နံပါတ် ၂ က ပစ္စည်းသိမ်းဆည်းခန်းနဲ့ စိုက်ပျိုးရေးခန်းထဲက အလုပ်တွေကို အဓိက တာဝန်ယူရမယ်။”

ရှောင်ယီက လေထဲတွင် ဝဲပျံနေသော စက်ရုပ်နှစ်ရုပ်ကို ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

စက်ရုပ်နှစ်ရုပ်က တညီတညွတ်တည်း ထွက်ပေါ်လာသော အီလက်ထရွန်နစ် အသံဖြင့် ပြန်လည်ဖြေကြားပြီးနောက် တစ်ရုပ်က ပဲ့ကိုင်ထိုင်ခုံဆီသို့ မျောလွင့်သွားပြီး အခြားတစ်ရုပ်က စိုက်ပျိုးရေးခန်းဆီသို့ မျောလွင့်သွားခဲ့သည်။

၎င်းတို့၏ လှုပ်ရှားမှုများသည် ယာဉ်နံရံရှိ ပုံသေလက်တန်းများကို ဆွဲကိုင်ကာ လွှဲပျံသွားရသည့် ရှောင်းယီထက်စာလျှင် ပိုမို ညင်သာပျော့ပျောင်းလှသည်။ ၎င်းတို့၏ ကျောဘက်တွင် ဂျက်တွန်းကန်အားကိရိယာများ ပါရှိပြီး ၎င်းတို့ အလိုရှိသည့် မည်သည့်နေရာကိုမဆို စိတ်ကြိုက် ထိန်းချုပ်သွားလာနိုင်ကြသည်။

“သူတို့ ရှိနေပြီဆိုတော့ ငါ စိတ်အေးလက်အေး အနားယူလို့ ရပြီ။”

ရှောင်းယီက ရေရွတ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တစ်ခါ ပြန်ကြည့်လိုက်သည်။

ဤအချိန်တွင် အခြားဂလက်ဆီတစ်ခု၌ ကျူးဝူသည်လည်း နိုးလာခဲ့ပြီ ဖြစ်သည်။ သူ ပထမဆုံး လုပ်လိုက်သည့်အရာမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ မိတ်ဆွေစာရင်းကို ကြည့်လိုက်ခြင်းပင်။ ထျန်းကျိယာနှင့် အားကုန်းတို့၏ နာမည်များက လင်းထိန်နေပြီး ယီရန်ပင်း၏ နာမည်ကမူ မှိန်ဖျော့နေဆဲပင်။

“ကြည့်ရတာ ငါက တခြားဂလက်ဆီတစ်ခုထဲမှာ ရှိနေတုန်းပဲ။”

ကျူးဝူ ကူငယ်ရာမဲ့စွာ ခေါင်းခါလိုက်မိကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး လူသုံးယောက် ဂရုထဲသို့ မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။

“အားလုံးပဲ မောနင်းပါ။”

“မောနင်းပါ။”

ကျန်းယွင်ထျန်းနှင့် အားကုန်းတို့က တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေလာခဲ့ကြသည်။

“ဒီနေ့ကစပြီး ငါ မင်းတို့ကို မနက်တိုင်း နှုတ်ဆက်မယ်။ ငါသာ နှုတ်မဆက်ဖြစ်ရင် ငါ ဒီဂလက်ဆီကနေ ထွက်ခွာသွားပြီလို့ ဆိုလိုတာပဲ။”

ကျူးဝူက ဂရုထဲတွင် ပြောလိုက်သည်။

“နားလည်ပြီ။ ငါ ဒီဘက်ကနေ မင်းအတွက် ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်တွေ ပိုပြီး ပြင်ဆင်ထားပေးမယ်။”

ကျန်းယွင်ထျန်းက ဆိုသည်။

“ကောင်းပြီ။ အခုကစပြီး မင်းတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရတော့မယ်။ သူဌေး ရောက်လာတဲ့အထိ အသေအချာ ကြံ့ကြံ့ခံထားကြရမယ်နော်။”

ကျူးဝူက တိုက်တွန်းလိုက်သည်။

“စိတ်မပူပါနဲ့။ အရင်တုန်းကတော့ ငါတို့မှာ အဲလောက်ထိ ယုံကြည်ချက်မရှိခဲ့ပေမဲ့ အခုတော့ အဲဒီနေ့အထိ ကြံ့ကြံ့ခံနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ချက် ရှိတယ်။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ ကောင်းတာပေါ့။”

ကျူးဝူက ခေါင်းညိတ်လိုက်သည်။

ကျန်းယွင်ထျန်းသည် တစ်ညလုံး ထုတ်လုပ်ထားသမျှ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင် အားလုံးကို ကျူးဝူထံသို့ တစ်ပြိုင်နက်တည်း လဲလှယ်ပေးလိုက်သည်။

သို့သော်လည်း နောက်အခိုက်တွင်မူ ကျန်းယွင်ထျန်း၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့ရတော့သည်။

All Chapters