အခန်း ၁၃၂၉
Vol. 116 Ch. 1329
အခန်း ၁၃၂၉
ကျူးဝူ၏ စကားကို ကြားလိုက်ရသောအခါ ရှောင်းယီ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။
“မင်း ဘာကို ဆိုလိုတာလဲ။”
ရှောင်းယီက နားမလည်နိုင်စွာ မေးလိုက်၏။
“အမှန်တော့ ကျွန်တော် အဲဒီအခြေအနေထဲမှာ ရှစ်နာရီပဲ နေခဲ့ရတာပါ။”
ကျူးဝူက ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။
“ဒါတောင်မှ ကျွန်တော် စိတ်ဓာတ်တွေ လုံးဝ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့ရတယ်။ ကျွန်တော်က အဲဒီလောက်တောင် ပျော့ညံ့နေတာလား။”
“ဒီလို အခြေအနေမျိုးအပေါ် လူတိုင်းရဲ့ ခံနိုင်ရည်က မတူကြဘူးလေ။ ဒါက ပျော့ညံ့တာ မပျော့ညံ့တာနဲ့ ဘာမှမဆိုင်ပါဘူး။”
ရှောင်းယီက သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ ရှောင်းယီ ခေတ္တမျှ စကားစဖြတ်ပြီးနောက် ဆက်မေးလိုက်သည်။
“မင်း အဲဒီပတ်ဝန်းကျင်မှာ ရှစ်နာရီပဲ နေခဲ့ရတယ်ဆိုရင်..ဆိုလိုတာက ကျန်တဲ့ နာရီပေါင်း ၂၀ ကျော်...တစ်ရက်နီးပါး အချိန်ကို တခြားနေရာတွေမှာ ကုန်ဆုံးခဲ့တာပေါ့။”
“ဟုတ်ပါတယ်။ အဲဒါက တခြားဂလက်ဆီတစ်ခုပဲ။ ဒီကြယ်တံခွန်က တခြားဂလက်ဆီတွေရဲ့ အစွန်းနားကို ဝဲပျံဖြတ်သန်းသွားခဲ့တာလို့ ကျွန်တော် ထင်တယ်။”
ကျူးဝူက ရှင်းပြလိုက်သည်။
“တစ်ရက်ကျော်ရုံလေးအတွင်းမှာတင် မင်းက ဂလက်ဆီ နှစ်ခုတောင် တကယ်ကြီး ကြုံတွေ့ခဲ့ရတာပေါ့။”
ရှောင်းယီသည်လည်း ထိုအရာမှာ မယုံနိုင်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။
“ဒါက တကယ်ကို မယုံနိုင်စရာပဲ။ ဒါပေမဲ့ စကြဝဠာအကြောင်းကို ဘယ်သူမှ အပြည့်အဝ မလေ့လာနိုင်သေးဘူးလေ။ ပြီးတော့ ဒါက ကျွန်တော်တို့ရဲ့ စမ်းသပ်ကွင်း ဖြစ်နေတဲ့အတွက် ကွက်ကဲနေတဲ့ လက်မည်းကြီးက ဒီလို ကောင်းကင်က အရာဝတ္ထုတွေရဲ့ ရွေ့လျားမှုကို သူ့စိတ်ကြိုက် ပြောင်းလဲနိုင်တာမျိုးလည်း ဖြစ်နိုင်တာပဲမလား။”
ကျူးဝူက ပြုံးကာ ဆိုသည်။
ရှောင်းယီ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ ပုံမှန်အားဖြင့် ကြယ်တံခွန်တစ်ခုက ကြယ်တစ်လုံးကို ပတ်ဖို့ ပတ်လမ်းကြောင်းသက်တမ်း နှစ်ပေါင်း ရာချီ ကြာတတ်သော်လည်း ယခု နေရာတွင်မူ ရက်ပိုင်းအတွင်း ဂလက်ဆီထဲမှ ပြေးထွက်သွားသဖြင့် အချက်အလက်များကို အသေးစိတ် အဖြေရှာနေ၍ မရနိုင်ချေ။
“သူဌေး.. ဒီတစ်ခါ ကျွန်တော့်ကို ကောင်းကောင်း ဆုချရမယ်နော်။”
ကျူးဝူက ရုတ်တရက် ပြောလာခဲ့သည်။
“ဆုချရမယ် ဟုတ်လား။ မင်း အနက်ရောင်ရွှေတွေ အများကြီး ရခဲ့လို့လား။”
ရှောင်းယီက ပြုံးကာ မေးလိုက်သည်။
“မဟုတ်ပါဘူး။ ဒါက ထျန်းကျိယာကြောင့်ပဲ။”
ကျူးဝူက လျှို့ဝှက်ဆန်းကြယ်ဟန် ဖမ်းကာ ပြန်ဖြေသည်။
ထျန်းကျိယာဟူသော စကားလုံးကို မြင်လိုက်ရသောအခါ ရှောင်းယီ ချက်ချင်းပင် စိတ်လှုပ်ရှား တင်းမာသွားပြီး အလျင်အမြန် မေးတော့သည်။
“မင်း ထျန်းကျိယာကို ရှာတွေ့ခဲ့တာလား။”
ရှောင်းယီ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျူးဝူ ပြုံးလိုက်မိသည်။
“ကျွန်တော် ကယ်ခဲ့မိတာ လူမမှားဘူးပဲ။ သူက တကယ်ကို သူဌေးရဲ့ မဟာမိတ်အဖွဲ့ကလူ ဖြစ်နေတာပဲ။”
ကျူးဝူက လူတစ်ယောက်ကို ကယ်ခဲ့သည်ဟု ပြောသည်ကို ကြားလိုက်ရသော ရှောင်းယီက အပြေးအလွှား မေးလိုက်သည်။
“သူ အခု ဘယ်လိုနေလဲ။”
“သူ အခု လုံးဝ အဆင်ပြေသွားပါပြီ။ ကျွန်တော် အဲဒီဂလက်ဆီကို စရောက်တုန်းက...”
ကျူးဝူက ဇာတ်ကြောင်းကို စတင်ပြောပြလိုက်တော့သည်။ ကျန်းယွင်ထျန်းတစ်ယောက် သေလုမျောပါး အခြေအနေနှင့် ကြုံခဲ့ရသည်ကို ကြားလိုက်ရသောအခါ ရှောင်းယီ၏ မျက်မှောင်များမှာ တင်းကျပ်စွာ စုဆုံသွားခဲ့သည်။
အစ်ကိုကျန်းတောင် ဒီလောက်အထိ ခက်ခဲတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရတယ်ဆိုရင်.. ကျန်တဲ့လူတွေကော ဘယ်လိုနေကြမလဲ။
ကျူးဝူ၏ ပြောပြချက်ကို အဆုံးထိ နားထောင်ပြီးနောက် ရှောင်းယီက သက်ပြင်းတစ်ချက် ချလိုက်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ ကျန်းယွင်ထျန်းက ငါ့မဟာမိတ်အဖွဲ့ဝင်တင် မဟုတ်ဘူး။ ငါ့ရဲ့ ညီအစ်ကိုလည်း ဖြစ်တယ်။ သူ့ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ မင်း ဘယ်လိုဆုလာဘ်မျိုးပဲ လိုချင်လိုချင် စိတ်ကြိုက်သာ တောင်းလိုက်ပါ။”
ရှောင်းယီ ထိုသို့ ပြောသည်ကို ကြားလိုက်ရသောအခါ ကျူးဝူသည် ကျန်းယွင်ထျန်း၏ အဆင့်အတန်းမှာ တကယ်ကို မနိမ့်ကျမှန်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
“သူဌေး.. ကျွန်တော် စောစောက စလိုက်တာပါ။ အမှန်တော့ ကျွန်တော် ကယ်ခဲ့တာ မဟုတ်ပါဘူး။ သူဌေးရဲ့ ပစ္စည်းတွေကို သုံးပြီး ကယ်ခဲ့တာဆိုတော့ အဆုံးစွန်ထိ ပြောရရင် သူဌေးကိုယ်တိုင် ကယ်ခဲ့တာပါ။ ကျွန်တော် ဒီကောင်းမှု ကုသိုလ်ကို မယူရဲပါဘူး။”
ကျူးဝူက အလျင်အမြန် ပြောလိုက်သည်။
“အဲဒါတွေက ငါ့ပစ္စည်းတွေ ဖြစ်ပေမဲ့ ငါ အခုချက်ချင်း ဟိုဘက်ကို ပျံသွားလို့မှ မရတာ။”
ရှောင်းယီက ခေါင်းခါလိုက်ပြီးနောက် ကုန်သွယ်မှုတစ်ခုကို စတင်လိုက်သည်။
“အာကာသ သီးသန့် အလွှာစုံဖန်သားပြင် (SSS အဆင့်) ၁၀၊ ဆလတ်ရွက် ၅ ကီလိုဂရမ်၊ ရေသန့် (S အဆင့်) ၅ ကီလိုဂရမ် - အခမဲ့လဲလှယ်ခြင်း။”
ထိုရိက္ခာပစ္စည်းများကို မြင်လိုက်ရသောအခါ ကျူးဝူ လုံးဝ ဆွံ့အသွားခဲ့သည်။
“သူဌေး.. ခင်ဗျားဆီမှာ ဒီလို ဖန်သားပြင်မျိုးတွေ ဘယ်လိုလုပ်ပြီး ရှိနေသေးတာလဲ။”
ကျူးဝူက ထိတ်လန့်တကြား မေးလိုက်သည်။ မည်သို့ပင်ဆိုစေ ထိုအရာမှာ SSS အဆင့် ပစ္စည်းတစ်ခု ဖြစ်ပေသည်။ ဤမျှအထိ အမြောက်အမြား ရရှိနိုင်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ပထမအဆင့်ကို ဖြတ်သန်းခဲ့ပြီးပြီဆိုတော့ မင်းလည်း ပုံစံခွက်တွေအကြောင်း သိသင့်တယ်...ဟုတ်တယ်မလား။”
ရှောင်းယီ၏ အဖြေကို ကြားလိုက်ရသောအခါ ကျူးဝူတစ်ယောက် ကြောင်အမ်းသွားရပြန်သည်။
ဒုတိယအဆင့်က အခုမှ စတာကို သူက ပုံစံခွက်တစ်ခုကို ရထားနှင့်နေပြီလား။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
သို့သော် မျက်စိရှေ့မှ မြင်တွေ့နေရသမျှက ထိုအရာသည် ဖြစ်နိုင်ကြောင်း သက်သေပြနေခဲ့သည်။
“ဒီဆလတ်ရွက်တွေကော သူဌေးကိုယ်တိုင် စိုက်ထားတာလား။”
ကျူးဝူသည် သူ့ရင်ထဲက ထိတ်လန့်မှုကို အောင့်အည်းရင်း မေးလိုက်သည်။
“ဟုတ်တယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အချိန်အရှိန်မြှင့်တင်မှုစနစ်နဲ့ဆိုရင် တစ်ရက်နဲ့တစ်ညအတွင်းမှာ ရင့်မှည့်နိုင်တယ်။ နောက်ကျရင် မင်း စားချင်တယ်ဆိုရင် လာပြောရုံပဲ။”
ရှောင်းယီက ရှင်းပြလိုက်လေသည်။
“ဒါဆို ဒီ S အဆင့် ရေသန့်ကကော။ သူဌေး S အဆင့် ရေသန့်စက်တစ်ခု ရလိုက်တာလား။”
ကျူးဝူက ထပ်မေးလိုက်ပြန်သည်။
“ရေသန့်စက် မဟုတ်ပါဘူး။ ငါ စက်ပစ္စည်းတစ်ခု ရထားတာပါ။ အဲဒါကြောင့် အခုကစပြီး S အဆင့် ရေကို လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်လိမ့်မယ်။ ဒါနဲ့.. နောက်ကျရင် မင်းမှာ အပူပေးဖို့လိုတဲ့ အစားအစာတွေရှိရင် ငါ့ဆီ ပို့လိုက်ပါ။ ငါ အပူပေးပြီးမှ မင်းဆီ ပြန်လဲပေးမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ကျူးဝူတစ်ယောက် ယခုအချိန်တွင် ဘာပြောရမှန်းပင် မသိတော့ချေ။ သူ ယခုအခါ အလွန်အမင်း ဝမ်းမြောက်နေမိသည်။ သူ တကယ်ပဲ မှီခိုအားထားရမည့် ပေါင်လုံးကြီးကို မှန်မှန်ကန်ကန် ဖက်တွယ်မိခဲ့ချေပြီ။
“ဒါဆို ကျွန်တော် အကုန်လုံးကို လက်ခံလိုက်မယ်နော်။”
ကျူးဝူက ပြောလိုက်သည်။
“လက်ခံလိုက်။ မင်းရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကိုလည်း ပြန်ပြီးပြုပြင်လိုက်ဦး။ အမြင်အာရုံ ပိုကျယ်ပြန့်သွားရင် မင်းစိတ်လည်း ပိုပြီးသက်သာရာရသွားလိမ့်မယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
ကျူးဝူသည် အရောင်းအဝယ်ကို သဘောတူလိုက်ပြီးနောက် သူ၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ် ပတ်ပတ်လည်ကို ဖန်သားပြင်များဖြင့် အစားထိုးလိုက်သည်။ ယခုအခါ ကြည့်ရသည်မှာ များစွာ ပိုမိုသက်တောင့်သက်သာ ရှိသွားခဲ့ပြီ ဖြစ်သည်။
သူသည် လတ်ဆတ်သော ဆလတ်ရွက်ကို တစ်ကိုက် ကိုက်လိုက်ပြီး တဂျွတ်ဂျွတ်ဟု မြည်အောင်ပင် ဝါးစားပစ်လိုက်သည်။
“အင်း.. လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေက အကောင်းဆုံးပဲ။”
ကျူးဝူက ရေရွတ်လိုက်ပြီးနောက် ရေအိတ်ကို ကောက်ယူကာ S အဆင့် ရေသန့်ကို တစ်ငုံ သောက်လိုက်သည်။
၎င်းမှာ ယခုထိ နွေးနေဆဲပင်။
တစ်ငုံ သောက်လိုက်ပြီးနောက်တွင် သူ၏ တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။
“ဒါနဲ့.. မင်း ပြန်ပေါ်လာပြီးတဲ့နောက် လူအများကြီးက မင်းဆီ လာစကားပြောကြလိမ့်မယ်။ သူတို့က တခြားဂလက်ဆီတွေကို စကားပါးခိုင်းချင်နေကြတာ။ မင်း အဆင်ပြေသလိုပဲ ကိုင်တွယ်ဖြေရှင်းလိုက်ပါ။”
ရှောင်းယီက သူ့ကို သတိပေးလိုက်သည်။ ကျူးဝူ အနည်းငယ် ကြောင်အသွား၏။
“ဟုတ်ကဲ့ပါ။ ကျွန်တော် နားလည်ပါပြီ။”
အတိအကျပင် ထိုအချိန်၌ အများသုံးချန်နယ်ထဲရှိ တစ်ယောက်သောသူသည် ကျူးဝူ ပြန်လည်ရောက်ရှိလာခြင်းကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။
“ငါ အခု ဘာမြင်လိုက်တာလဲ။ ကချေသည်ဝက် တကယ်ကြီး ပြန်ပေါ်လာပြီပဲ။”
“@ ကချေသည်ဝက်....ညီအစ်ကိုကျူး.. ခင်ဗျား ဘယ်တွေသွားနေတာလဲ။ ငါတို့ မနေ့ကတင် အဲဒီအကြောင်း ဆွေးနွေးနေကြတာ။”
သက်ဝင်လှုပ်ရှားနေသော အများသုံးချန်နယ်ကို မြင်လိုက်ရသောအခါ ကျူးဝူမှာ ဘဝတစ်ပါးသို့ ပြောင်းလဲသွားခဲ့သလို ခံစားလိုက်ရသည်။ သူ ခေါင်းခါလိုက်ပြီး အများသုံးချန်နယ်ထဲတွင် ပြန်လည်ဖြေကြားလိုက်သည်။
“ငါ ကြာ်တံခွန်နောက်ကို လိုက်ပြီး တခြားဂလက်ဆီတွေကို သွားလည်နေတာ။ တစ်ရက်ကျော်လောက် လျှောက်ဆော့ပြီးမှ ပြန်လာတာလေ။ တစ်ယောက်ယောက်က ငါ့ကို အသက်လက္ခဏာမရှိတဲ့ ဂလက်ဆီထဲ ရောက်သွားပါစေဆိုပြီး ကျိန်ဆဲထားတယ်လို့ ကြားမိသလိုပဲ။”
“ညီအစ်ကိုကျူး.. အဲဒီငကြောင်တွေကို အာရုံစိုက်မနေပါနဲ့။ ငါ မေးချင်တာက.. မင်း တခြားဂလက်ဆီတွေကို သွားတုန်းက အသက်ရှင်ကျန်ရစ်သူတွေနဲ့ ကြုံခဲ့ရသေးလား။”
“ကြုံခဲ့ရတာပေါ့။”
ကျူးဝူက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
“ဒါဆို မင်းက အသက်ရှင်ကျန်ရစ်သူတွေရှိတဲ့ ဂလက်ဆီထဲကို တကယ်ကြီး ရောက်သွားခဲ့တာပေါ့။ ဟိုဘက်က အသက်ရှင်ကျန်ရစ်သူတွေရဲ့ အခြေအနေက ဘယ်လိုလဲ။”
“ဒါက သိသာထင်ရှားနေတာပဲ မဟုတ်ဘူးလား။ ဂလက်ဆီတိုင်းမှာ ယီရန်ပင်းလို သူဌေးမျိုး ရှိနေတာ မဟုတ်ဘူးလေ။”
ကျူးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။
“မင်းတို့က ငါ့ကို ဖားနေတယ်လို့ ပြောချင်ရင်လည်း ဆက်ပြောကြ။ ငါ ဂရုမစိုက်ဘူး။ မင်းတို့မှာ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်း နည်းနည်းလောက်ရှိရင် ယီရန်ပင်းသာ မရှိရင် အခုအချိန်မှာ မင်းတို့ရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်နေမလဲဆိုတာ တွေးကြည့်လို့ ရတယ်။”
“အခုမှ ပြန်တွေးကြည့်တော့လည်း.. ယီရန်ပင်းသာ မရှိရင် ငါတို့ တကယ်ပဲ ဒုက္ခအကြီးအကျယ် ရောက်နေလောက်ပြီ။”
“ဟုတ်တယ်။ သူဌေးက သက်သာတဲ့ဈေးနဲ့ အောက်ဆီဂျင်တွေ ပေးမထားရင် ငါ သေတာ ကြာလှပြီ။”
“အမှန်ပဲ။ ယီရန်ပင်း ရှိနေလို့သာ ငါတို့ ဂလက်ဆီက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ရှင်သန်နိုင်ခြေနှုန်းက သိသိသာသာ တိုးတက်လာတာ။”
“အဲဒီလို ဖြစ်နေတာတောင်မှ မင်းတို့က အုပ်စုဖွဲ့ပြီး ဈေးနှုန်းတွေကို လိုက်ဆွဲတင်ကြသေးတယ်လား။ သူဌေးကို ခြိမ်းခြောက်ကြသေးတယ်ပေါ့။ မင်းတို့ ပြောစမ်း...မင်းတို့က ကျေးဇူးကန်းတဲ့ ကောင်တွေ မဟုတ်ဘူးလား။”
ကျူးဝူသည် ပြီးခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အခုထိ မကျေမနပ် ဖြစ်နေဆဲပင်။
“ညီအစ်ကိုကျူးရယ်.. ဆက်မပြောပါနဲ့တော့။ ငါတို့ မှားသွားမှန်း ငါတို့ သိပါတယ်။ အခုလည်း ငါတို့ ကိုယ့်အပြစ်နဲ့ကိုယ် ခံစားနေရပါပြီ။”
“ဟုတ်ပါတယ်။ အဲဒီ ကီးဘုတ်ဖိုက်တာတွေဆို အခု အပြင်တောင် မထွက်ရဲကြတော့ဘူး။ သူတို့ မျက်နှာပြပြီး စကားပြောဖို့ ရှက်နေကြတာ ထင်တယ်။”
“ချီးပဲ.. အဲဒီ ကီးဘုတ်ဖိုက်တာတွေအကြောင်း ပြောရင်ကို လူသတ်ချင်စိတ် ပေါက်လာတယ်။”
“အဲဒီ စိတ်အနှောင့်အယှက်ဖြစ်စရာ ကီးဘုတ်ဖိုက်တာတွေအကြောင်း ထားလိုက်ပါတော့။ ညီအစ်ကိုကျူး...မင်း အဲဒီဂလက်ဆီဘက်ကို ပြန်သွားဦးမှာလား။”