← Chapters

အခန်း ၁၃၃၀

Vol. 116 Ch. 1330

အခန်း ၁၃၃၀

Vol. 116 Ch. 1330

အခန်း ၁၃၃၀

အများသုံးချန်နယ်ရှိ မေးခွန်းကို မြင်သောအခါ ကျူးဝူ နှုတ်ခမ်းတစ်ချက် တွန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ငါ အဲဒီဂလက်ဆီဘက်ကို နောက်တစ်ခေါက် ပြန်သွားဖို့ ရာခိုင်နှုန်း တော်တော်များတယ်။”

“အဲဒီလိုဆိုရင်.. ငါ့အတွက် စကားတစ်ခွန်းလောက် ပါးပေးဖို့ ကူညီပေးလို့ ရမလား။”

ကျူးဝူကို စကားပါးခိုင်းရန်အတွက် တစ်ဖက်လူက ရိုရိုသေသေပင် တောင်းဆိုလာခဲ့သည်။

“အားလုံးပဲ.. အလုပ်အကြောင်း ပြောကြရအောင်။ ငါ့ကို စကားပါးခိုင်းချင်တယ်ဆိုမှတော့ အလကားသက်သက် ခိုင်းဖို့တော့ မျှော်လင့်မနေကြနဲ့လေ...ဟုတ်တယ်မလား။”

ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ညီအစ်ကိုရာ.. စကားတစ်ခွန်း ပါးပေးရုံတင်ဥစ္စာ ဘာပင်ပန်းလို့လဲ။ ဒီလောက်အထိ တွက်ကပ်မနေပါနဲ့။ အရှုံးနည်းနည်းခံရတာ ကုသိုလ်ရပါတယ်။”

“ဟုတ်ပါတယ်။ တခြားဂလက်ဆီကို ရောက်သွားတဲ့အခါ စကားနည်းနည်းပြောပြီး ပြန်လာရုံပဲကို။ အရမ်း ရိုးရှင်းတယ်လေ။”

“အမှန်ပဲ.. ညီအစ်ကိုကျူး စကားပါးခိုင်းတာလေးကိုတော့ ပိုက်ဆံမယူပါနဲ့ဗျာ။”

အများသုံးချန်နယ်ထဲက စကားဝိုင်းကို ကြည့်ပြီး ကျူးဝူ နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ပြောလိုက်သည်။

“အရှုံးခံတာ ကုသိုလ်ရတယ် ဟုတ်လား။ ဒါဆို မင်းတို့မှာရှိတဲ့ အနက်ရောင်ရွှေနဲ့ အုတ်မြစ်ကျောက်တွေ အကုန်လုံး ငါ့ကိုပေးလိုက်လေ။ မင်းတို့ အရှုံးခံကြည့်ပြီး ကုသိုလ်ရမရ စောင့်ကြည့်လိုက်ပေါ့။”

သူ ခဏနားလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“ရိုးရှင်းတယ် ဟုတ်လား။ ဟိုဘက်ကို သွားဖို့ဆိုတာ အသက်လက္ခဏာမရှိတဲ့ သေဆုံးနေတဲ့ ဂလက်ဆီကြီးကို ဖြတ်သန်းသွားရတယ်ဆိုတာ မင်းတို့ သိကြလား။ ခြေချစရာ မြေပြင်မရှိဘဲနဲ့ အဲဒီလို မှောင်မိုက်ခြင်းနဲ့ အထီးကျန်ခြင်းမျိုးကို မင်းတို့ ကြုံဖူးလို့လား။ ငါ အဲဒီဂလက်ဆီထဲမှာ စိတ်ဓာတ်တွေ လုံးဝ ပြိုလဲလုနီးပါး ဖြစ်ခဲ့ရတာ။ ကိုယ်တိုင်တောင် မကြုံဖူးဘဲနဲ့ ဘာလို့ ဒီလောက် လွယ်လွယ်လေး ပြောနိုင်ရတာလဲ။”

ကျူးဝူ၏ စကားများကို မြင်သောအခါ အများသုံးချန်နယ်ထဲက လူများ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်လည် ဆွေးနွေးလာကြသည်။

“သူတစ်ပါးရဲ့ ဒုက္ခကို ကိုယ်တိုင်မကြုံဖူးဘဲနဲ့ စိတ်ကောင်းထားဖို့ သွားပြီး မတိုက်တွန်းပါနဲ့။”

“ဟုတ်တယ်။ ညီအစ်ကိုကျူး ဒီလောက်အထိ ပင်ပန်းဆင်းရဲခဲ့ရမယ်လို့ ငါ မထင်ထားမိဘူး။”

“ညီအစ်ကိုကျူး.. ဒါဆို မင်းက ဂလက်ဆီ နှစ်ခုအထိ တကယ် ကြုံခဲ့ရတာပေါ့ ဟုတ်လား။”

“စကားပြောမယ့်လူလည်း မရှိဘဲနဲ့ မှောင်မိုက်ခြင်းထဲမှာ လွင့်မျောနေရမယ်ဆိုရင် ငါလည်း ခံနိုင်ရည်မရှိလောက်ဘူး ထင်တယ်။”

“အဲဒါက အမှောင်ခန်းထဲ ပိတ်လှောင်ခံရတာနဲ့ မတူဘူးလား။ ငါ တစ်ခါက အမှောင်ခန်းထဲမှာ တစ်ရက်လုံး ပိတ်မိဖူးတယ်။ ဘာမှမဖြစ်ပါဘူး။”

“ဆင်တယ်ဆိုပေမဲ့ မတူဘူး။ ဒီနေရာက အမှောင်ခန်းက လွင့်မျောနေရတာ...ပြီးတော့ အပ်ကျသံတောင် မကြားရဘူး။”

“ဟူး.. တကယ် မလွယ်ပါလား။ ညီအစ်ကိုကျူး.. တစ်ခါ စကားပါးခိုင်းရင် ကုန်ကြမ်းပစ္စည်း ဘယ်လောက် ပေးရမလဲဆိုတာ ပြောပြပါဦး။”

လူတိုင်း ထိုအကြောင်း ဆွေးနွေးနေကြသည်ကို မြင်သောအခါ ကျူးဝူ အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။

“တစ်ခါ စကားပါးရင် အနက်ရောင်ရွှေ ၂ ယူနစ်...အချက်အလက်တွေကိုပဲ အရောက်ပို့ပေးမယ်။ အကယ်၍ ပစ္စည်းတွေပါ လွှဲပြောင်းပေးဖို့ လိုရင်တော့ ဈေးနှုန်းကို သီးသန့် ပြန်ညှိရမယ်။ ဒါပေမဲ့ ဘယ်သူမှတော့ ငါ့ကို ပစ္စည်းတွေ လွှဲခိုင်းမှာ မဟုတ်ပါဘူးမလား။”

“ငါတို့က စကားပဲ ပါးချင်တာပါ။ ပစ္စည်းတွေ လွှဲပေးဖို့တော့ မလိုပါဘူး။”

“ဟုတ်တယ်။ ငါ့လက်ထဲမှာတောင် ရိက္ခာတွေက မလောက်မင ဖြစ်နေတာကို။”

“အကယ်၍ ငါတို့ ရှာနေတဲ့လူက အဲဒီဂလက်ဆီထဲမှာ မရှိရင်ကော ဘယ်လိုလုပ်မလဲ။”

“သူတို့ ဟိုဘက်မှာ မရှိရင်လည်း အနက်ရောင်ရွှေကို ပြန်အမ်းမှာ မဟုတ်ဘူး။”

ကျူးဝူက ပြတ်ပြတ်သားသား ပြောချလိုက်သည်။

“ဒါဆို ငါတို့က လုံးဝ ထီထိုးရသလို ကံစမ်းရမှာပေါ့။”

“အဲဒီလိုပဲ။ ဒါပေမဲ့ အနက်ရောင်ရွှေ ၂ ယူနစ်တည်းဆိုတော့ လက်ခံနိုင်စရာ ရှိပါတယ်။”

“အင်း.. ငါ အခုပဲ သွားလဲလိုက်တော့မယ်။ ညီအစ်ကိုကျူး.. ငါ့ရဲ့ သီးသန့်မက်ဆေ့ခ်ျကို စောင့်ကြည့်ပေးပါဦး။”

အချို့လူများက သူ့ကို စကားပါးခိုင်းရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း မြင်သောအခါ ကျူးဝူက ပြောလိုက်သည်။

“အားလုံးပဲ အချက်အလက်တွေကို ငါ့ဆီ သီးသန့်မက်ဆေ့ခ်ျကနေပဲ ပို့ပေးကြပါ။ အများသုံးချန်နယ်ထဲက စကားတွေက ငါ တခြားဂလက်ဆီထဲ ရောက်သွားတာနဲ့ ပျောက်သွားလိမ့်မယ်။”

“ဟုတ်ကဲ့ပါ။ ပို့လိုက်ပါပြီ။ ညီအစ်ကိုကျူး ငါ့အတွက် စကားလေး ပါးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”

“အားလုံးပဲ စိတ်ချပါ။ ခင်ဗျားတို့ရဲ့ အနက်ရောင်ရွှေကို လက်ခံပြီးပြီဆိုမှတော့ စကားကို အရောက် ပါးပေးပါ့မယ်။”

ကျူးဝူ၏ မျက်နှာတွင် ယခုအခါ ပြုံးပန်းဝေဆာနေခဲ့ပြီ ဖြစ်သည်။

ယခုလို အချိန်တိုလေးအတွင်းမှာတင် လူပေါင်း ငါးသိန်းခန့်က သူ့ထံ သီးသန့်မက်ဆေ့ခ်ျ ပို့လာခဲ့ကြသည်။ ထိုလူများ ကမ်းလှမ်းလာသည့် အရောင်းအဝယ်များကို သဘောတူလိုက်ခြင်းဖြင့် ကျူးဝူသည် တစ်ခဏချင်းအတွင်းမှာပင် အနက်ရောင်ရွှေ ၁ သန်းအထိ ချက်ချင်း ရရှိသွားခဲ့တော့သည်။

“တစ်ဦးတည်း အပိုင်စီးခွင့်ရတာက တကယ် ချိုမြိန်တာပဲ။”

ကျူးဝူ သက်ပြင်းချရင်း အနည်းငယ် တွေးတောကာ ရှောင်းယီထံသို့ ကုန်သွယ်မှုတစ်ခု ချက်ချင်း တောင်းဆိုလိုက်သည်။

“အနက်ရောက်ရွှေ ၁ သန်း - အခမဲ့လဲလှယ်ခြင်း။”

ရှောင်းယီသည် ထိုကုန်သွယ်မှုကို မြင်လိုက်ရသောအခါ ဆွံ့အသွားခဲ့၏။

“ဒါက မင်းရဲ့ ကိုယ်ပိုင်အရောင်းအဝယ်ကနေ ရှာထားတဲ့ ပိုက်ဆံတွေပဲ။ ငါ့ကို ပေးစရာမလိုပါဘူး။ မင်း အဲဒီကြယ်တံခွန်ဆီကနေ တူးဖော်ရရှိတဲ့ အနက်ရောင်ရွှေကိုပဲ ငါ့ဆီ အပ်လိုက်ရင် ရပြီ။”

“သူဌေး.. ယူထားလိုက်ပါ။ ကျွန်တော်က ဘယ်တော့မှ အဆင့်မြှင့်တင်ရေးကတ် ရမလဲဆိုတာ မသိသေးဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေက နည်းနည်း မတည်မငြိမ်ဖြစ်နေတော့.. ဒါတွေကို ကျွန်တော့်လက်ထဲမှာ ထားတာထက်စာရင် သူဌေးဆီမှာ သိမ်းထားပေးတာက ပိုပြီး စိတ်ချရလို့ပါ။”

ကျူးဝူက ပြုံးကာ ပြောလိုက်သည်။ ရှောင်းယီက အနည်းငယ် တွက်ချက်ကြည့်ပြီးနောက် ဆိုလိုက်သည်။

“မင်း ငါ့ဆီ လာလဲလို့ ရပါတယ်။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ လောလောဆယ် မင်းပဲ အရင်ကိုင်ထားဦး။”

ရှောင်းယီ၏ စကားကို ကြားရသောအခါ ကျူးဝူ နောက်တစ်ကြိမ် ကြောင်အသွားပြန်သည်။ ပြီးခဲ့သည့်တစ်ခေါက်တုန်းကလည်း ဤအတိုင်းပင် ဖြစ်ပုံရသည်။

သူဌေးက သူ့ကို အနက်ရောင်ရွှေတွေကို အရင်ကိုင်ထားခိုင်းပြီး အရောင်းအဝယ်လုပ်ဖို့အတွက် သူ့ရဲ့ အကြောင်းကြားချက်ကို စောင့်ခိုင်းခဲ့သည်။

ကျူးဝူ ခေါင်းခါလိုက်မိ၏။ သူသည် ရှောင်းယီ၏ လုပ်ဆောင်ချက်များကို လုံးဝ နားမလည်နိုင်တော့ချေ။ သို့သော်လည်း ရှောင်းယီက ဤသို့ ပြောထားပြီးဖြစ်၍ သူသည် သူဌေးပြောသည့်အတိုင်းသာ လုပ်ရန် ဆုံးဖြတ်လိုက်ပြီး အနက်ရောက်ရွှေများကို သိမ်းဆည်းထားလိုက်တော့သည်။

အများသုံးချန်နယ်ထဲတွင်မူ လူတိုင်းက ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်သည်။

“ညီအစ်ကိုကျူး နှစ်ရက်တည်းနဲ့ တကယ်ကြီး ပြန်ရောက်လာတာပဲ။ ဒီလည်ပတ်မှုသံသရာက နည်းနည်း လွဲနေသလိုပဲ။”

“တော်စမ်းပါ။ မင်းတို့ ကမ္ဘာဂြိုဟ်တွေကနေ ရလာတဲ့ အပေါ်ယံ စကြဝဠာဗေဒအသိတွေနဲ့ ဒီစမ်းသပ်ကွင်းကြီးကို လာပြီး တိုင်းတာတွက်ချက်နေတာမျိုးကို ငါ တားမြစ်ထားတယ်။”

“ဟုတ်တယ်။ ငါတို့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်လေးနဲ့ ဒီနေရာမှာ တစ်ပတ်လောက် အသက်ရှင်နေနိုင်တာကိုက သိပ္ပံနည်းမကျတဲ့ အရာပဲ။ အရင်က သိထားတဲ့ အသိပညာတွေကို ရည်ညွှန်းချက်တစ်ခုအနေနဲ့ပဲ သုံးလိုက်။ အဲဒါကို တကယ်ကြီး လိုက်တွေးမနေနဲ့။”

“အမှန်ပဲ။ ဒါနဲ့.. ဒီနေ့ အခုအချိန်ထိ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ် ရတဲ့လူ ရှိသေးလား။”

“မရှိပါဘူး။ ငါ ဒီနေ့အတွက် ငါ့ရဲ့ ရိက္ခာသေတ္တာ နှစ်လုံးစလုံးကို ဖွင့်ပြီးပြီ။ အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေအပြင် အောက်ဆီဂျင် ငါးလီတာပဲ ပါတယ်။ တခြားဘာကိုမှ မမြင်ရဘူး။”

“အင်း.. ဒါပေမဲ့ မင်းက တော်တော် ကံကောင်းနေပြီလို့ ပြောရမယ်။ ငါ့သေတ္တာထဲမှာဆို အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေပဲ ပါတယ်။ တခြားဘာမှ မပါဘူး။”

“ဟင်း... ကြည့်ရတာ ငါလည်း ဒီနေ့ အစားအစာ ဘာမှ မရသလိုပဲ။ အစားအစာ ရနိုင်မယ့် ရာခိုင်နှုန်းကိုပါ လျှော့ချလိုက်တာများလား။”

“အဲလိုတော့ မလုပ်ပါနဲ့။ ငါတို့ အခုမှ အသက်ရှူချောင်ရုံ ရှိသေးတာ။ နောက်တစ်ခါ ပြန်ပြီး ငတ်ရတော့မှာလား။”

“မပေါက်ကရတွေ ပြောမနေနဲ့။ ငါ ဒီနေ့ ပေါင်မုန့်နဲ့ ချောကလက် ရခဲ့တယ်။ မင်းတို့ မရဘူးဆိုရင် မင်းတို့ ကံညံ့လို့ပဲ ဖြစ်ရမယ်။”

ရှောင်းယီကတော့ ယခုအခါ အစားအစာ ရ၊ မရ ဆိုသည့်အပေါ် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် စိုက်ပျိုးရေးခန်းထဲက ကောက်ပဲသီးနှံများမှာ ကောင်းမွန်စွာ ကြီးထွားနေသောကြောင့် ငတ်မွတ်ရမည့်အရေးကို လုံးဝ ပူပန်စရာ မလိုတော့ခြင်းပင် ဖြစ်သည်။

ထိုကောက်ပဲသီးနှံများကို တွေးမိရင်း ရှောင်းယီသည် စိုက်ပျိုးရေးခန်းဆီသို့ နောက်တစ်ကြိမ် မျောလွင့်သွားခဲ့သည်။

အာကာသစက်ရုပ် နံပါတ် ၂ သည် စိုက်ပျိုးရေးခန်းကို သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ဆောင်နေပြီး ကောက်ပဲသီးနှံများကို ရေလောင်းပေးနေသည်။ ထိုအရာက ရှောင်းယီ သူ့အတွက် စီစဉ်ပေးထားသည့် အလုပ်ပင် ဖြစ်သည်။

ခရမ်းချဉ်သီးပင်များနှင့် ဖရဲသီးနွယ်များမှာ အသီးများ သီးနေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ရှောင်းယီမှာ ပို၍ပို၍ ကျေနပ်အားရမိသွားခဲ့သည်။

“ငါ့ခန့်မှန်းချက်အရဆို မနက်ဖြန်လောက်ဆို ရင့်မှည့်တော့မှာပဲ။”

ရှောင်းယီ တီးတိုးရေရွတ်လိုက်သည်။

ဤကောက်ပဲသီးနှံများသည် C အဆင့်နှင့် သာမှန်အဆင့်များသာ ဖြစ်သည်။ ရှောင်းယီသည် ၎င်းတို့ကို S အဆင့်ရေသန့်ဖြင့် ဆက်တိုက် ရေလောင်းပေးခဲ့သဖြင့် ၎င်းတို့၏ ကြီးထွားမှုမှာ ပိုမို ဝမ်းမြောက်ဖွယ် ကောင်းနေခြင်း ဖြစ်သည်။

ရှောင်းယီသည် ယာဉ်မောင်းခန်းသို့ ပြန်လည်မျောလွင့်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ကျူးဝူထံသို့ လောင်စာဆီ၊ ဟိုက်ဒရိုဂျင်-အောက်ဆီဂျင်၊ လျှပ်စစ်ဓာတ်အားနှင့် အစားအစာအချို့ကို လဲလှယ်ပေးလိုက်သည်။

အရင်က ပုံစံများအရဆိုလျှင် ကျူးဝူအနေဖြင့် အခြားဂလက်ဆီတစ်ခုသို့ ပျံသန်းရန် ရက်အနည်းငယ် ထပ်ကြာဦးမည် ဖြစ်သော်လည်း ဤနေရာရှိ စည်းမျဉ်းများက ဘာလဲဆိုသည်ကို မည်သူမျှ အသေအချာ မပြောနိုင်ချေ။ အကယ်၍ သူ ရုတ်တရက် ရောက်ရှိသွားခဲ့လျှင် ဤရိက္ခာပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။

“သူဌေး.. ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်။”

ရှောင်းယီ လဲလှယ်ပေးလိုက်သော အရင်းအမြစ်များကို လက်ခံပြီးနောက် ကျူးဝူက မက်ဆေ့ခ်ျတစ်ခု ပို့လာခဲ့သည်။

“ဘာအကြံလဲ။”

“ကျွန်တော် ကြယ်တံခွန်ကုန်သည်တစ်ယောက် လုပ်ချင်ပါတယ်။ သူဌေးအနေနဲ့ ကျွန်တော့်အတွက် ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ကို ပိုပြီး ပြင်ဆင်ပေးထားနိုင်မလား။ ဒါမှ ကျွန်တော် တခြားဂလက်ဆီတွေကို သွားပြီး ရောင်းလို့ရမှာ။ ဒီလိုနည်းနဲ့ အနက်ရောင်ရွှေနဲ့ အုတ်မြစ်ကျောက်တွေကို ပိုပြီး လဲလှယ်ရယူနိုင်လိမ့်မယ်။”

ကျူးဝူက အနည်းငယ် စဉ်းစားပြီး ပြောလိုက်သည်။

သူ လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အားအကြောင်းကို ဘာကြောင့် မပြောရသနည်းဆိုလျှင် လောင်စာဆီဆိုသည်မှာ ဟိုက်ဒရိုဂျင်အရည်နှင့် အောက်ဆီဂျင် အရည်ဖြစ်ပြီး ထိုကဲ့သို့သောအရာများကို အမြောက်အမြား ပြင်ဆင်ရန်အတွက် အထူးသီးသန့် ကွန်တိန်နာဘူးများ လိုအပ်သောကြောင့် ဖြစ်သည်။ လျှပ်စစ်ဓာတ်အားအတွက်လည်း ထိုနည်းလည်းကောင်းပင်။

အထူးသီးသန့် ကွန်တိန်နာဘူးများ မရှိလျှင် ၎င်းကို အရေးပေါ်ကယ်ဆယ်ရေးယာဉ် တစ်စီး၏ လောင်စာဆီကန်ထဲမှ အခြားတစ်စီးဆီသို့ တိုက်ရိုက်သာ လွှဲပြောင်းပေးနိုင်သည်။

ထို့ကြောင့် ၎င်းတို့ကို ပိုပြီး ပြင်ဆင်ထားကာ သိုလှောင်ထားရုံဖြင့် မရနိုင်ချေ။

All Chapters