← Chapters

ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်

Vol. 018 Ch. 863

ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်

Vol. 018 Ch. 863

အပြာရောင်ဝတ်စုံနှင့်လူက သေဆုံးသွားခဲ့ကာ ပလ္လင်ဝင်ပေါက်သည်လည်း ပြန်ပိတ်ဆို့သွားသည်။ဝမ်လင်း၏အသွင်က တည်ငြိမ်နေသော်လည်း သူ့ဘေးရှိ အတောင်ပံခတ်နေသည့် ငါးရောင်စုံလိပ်ပြာကို ကြည့်ကာ စိတ်ထဲ၌ ရှုံ့တွနေမိ၏။အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ထိုလိပ်ပြာထံသို့ ဖိနှိပ်လိုက်သည်။

လိပ်ပြာ၏အတောင်ပံခတ်မှုသည် ရပ်တန့်သွားကာ ငါးရောင်စုံအလင်းများ အဖြစ်သို့ ပြောင်းလဲ၍ ပြန့်ကျဲလွင့်ပါးသွားသည်။ ခဏကြာပြီးနောက် ၎င်းက နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား အဖြစ်သို့ ပြန်ပြောင်းလဲသွားသည်။

ဝမ်လင်းက ခုမှ စိတ်ထဲကနေ သက်သာရာ ရသွားတော့သည်။ သူ့နှဖူးထက်၌ ချွေးများစီးကျနေ၏။ထိုသို့ ချွေးပြန်စေသည့် ခံစားချက်မျိုးသည် သူ့ထံ၌ ဖြစ်တောင့်ဖြစ်ခဲပင်။သို့ရာတွင် အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်ရှိသည် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာည်တို့သည် လိပ်ပြာအတောင်ပံခတ်ရုံမျှဖြင့် လုံးဝ ပျောက်ကွယ်သွားစေခြင်းက သူ့ကို ကြီးစွာ တုန်လှုပ်စေခဲ့သည့် မဟုတ်လား။

“ဒီနတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားရယ် ခြောက်သွေ့တာအိုတစ်စုံအရိုး နဲ့ ဆိုရင် ငါက နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတွေကိုတောင် ယှဉ်တိုက်နိုင်ပြီ…” ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်လိုက်ရင်း သူ့မျက်လုံးက တောက်ပသွားသည်။ရွေးချယ်ခံမသေမျိုးကလန်ဝင်များသည် သက်လတ်ပိုင်းလူကြီး သေဆုံးပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြ၏။ သူတို့၏ မျက်လုံးထဲ၌လည်း ဝမ်းနည်းမှုတို့ ရှိနေဆဲ ဖြစ်ကာ မြေပြင်ကို ကြည့်ကာ တိတ်ဆိတ်စွာ စဉ်းစားနေကြသည်။

အကွာအဝေးတစ်ခုတွင် ထာရှန်သည် ဒဏ်ရာများနှင့် ရှိနေသည်။သူ့လက်ထဲ၌လည်း ကြီးမားသည်ကရားအိုးတစ်ခုကို ကိုင်ဆောင်ထားလျက် ရှိသည်။သူက ကလေးငယ်များထံသို့ ဦးတည်သွားသည် မြူသားရဲကို ဖမ်းမိနိုင်ခဲ့၏။သို့ရာတွင် သူသည်လည်း ဒဏ်ရာပြင်းထန်နေကာ သူ ပြန်ရောက်လာပြီးနောက် မေ့မြောသွားတော့သည်။

အချိန်က ဆယ်ရက်တာ ကုန်ဆုံးလို့ သွားခဲ့သည်။ဆယ်ရက်တာအတွင်း ဝမ်လင်းသည် ရွေးချယ်ခံမသေမျိုးကလန်ဝင်များနှင့်အတူ နေထိုင်ခဲ့၏။ဘိုးဘေးသည် သူနေဖို့အတွက် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခု ပြင်ဆင်ပေးခဲ့သည်။

ဆယ်ရက်တာအတွင်း ဝမ်လင်းက အချိန်ဖြုန်းခဲ့ခြင်း မရှိပေ။သူက အဘိုးအိုနှင် အသေးစိတ်သေချာ ပြောဆိုပြီးသည့်နောက် အရင်တုန်းက သူ့ခန့်မှန်းချက်များက (၈၀) ရာခိုင်နှုန်းလောက် တိကျသေချာလာတော့သည်။

သို့ရာတွင် သည်ကိစ္စက သူနှင့် မပတ်သတ်ပေ။ဝမ်လင်းသည် သည်နေရာကနေ ထွက်ခွာသွားနိုင်ရန်သာ အာရုံစိုက်ထား၏။

ဝမ်လင်းက ကောင်းကင်၏အနားသပ်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ၎င်းအနားသတ်က ထာရှန် ပြောခဲ့သလိုပင် အဆုံးမဲ့သည့် အသွေးအသားနံရံတစ်ခု ဖြစ်နေ၏။ သို့ရာတွင် အပြာရောင်အလင်းတန်းတစ်ခုသည် ၎င်းအသွေးအသားနံရံကို ထွင်းဖောက်ကာ အစစ်အမှန်ကမ္ဘာတစ်ခုအလား ဆင်တူအောင် ပြုလုပ်ထားသည်။

ထိုကောင်းကင်အပြင် ဝမ်လင်းသည် သည်ကုန်းမြေတစ်ခုလုံးကို သေချာရှာဖွေလေ့လာခဲ့ပြီး ဖြစ်၏။သို့သော် သူက မည်သည့်ထွက်ပေါက်ကိုမျှ မတွေ့ခဲ့ချေ။ထို့အတွက်ကြောင့် ဝမ်လင်းသည် ပလ္လင်ထဲရှိ အံ့ဖွယ်ယင်မီးပြင်းဖိုထဲရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် ထွက်လမ်းတစ်ခု ဖြစ်ကြောင်း ယုံကြည်လို့နေသည်။

“အံ့ဖွယ်ယင်မီးပြင်းဖိုရဲ့ စိတ်ဝိညာဉ်ကို လစ်လျူရှုထားနိုင်ရင်တောင် အပြာရောင်ဝတ်စုံနဲ့လူ ရှိသေးတယ်။ဒါတွေအားလုံးကြောင့် ဒီနေရာတစ်ခုလုံးဟာ အလွန်ထူးဆန်းနေတယ်။ အပြာရောင်ဝတ်စုံနဲ့လူ ပြောခဲ့တာကတော့ သူဟာ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်တယ် ဆိုပဲ။သူအသုံးပြုခဲ့တဲ့ စွမ်းအားကလည်း ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နဲ့ ဆင်တူလှတယ်။ဒါပေမဲ့လည်း သူ့စွမ်းအားထဲမှ မူလစွမ်းအင်အော်ရာလည်း ပါဝင်နေပြန်တယ်…”

“ဒါက အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာတုန်းက ကောင်းကင်ဘုံအရှင်ချင်းရွှေနဲ့ အတော်လေး ဆင်တူနေတယ်။ဒါ့အပြင် ရွေးချယ်ခံမသေမျိုးကလန်တင်တွေရဲ့ တုန့်ပြန်မှုကိုပါ ထည့်တွက်ရင် ဒီအပြာရောင်ဝတ်စုံနဲ့လူက အစစ်အမှန် ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လိမ့်မယ်…”

ဝမ်လင်းက စဉ်းစားနေရင်း သူ့အခန်းထဲကနေ လှမ်းထွက်လာပြီး ပျောက်ကွယ်သွာသည်။ထို့နော်က သူက ယခုကုန်းမြေ၏ အရှေ့ဘက်ခြမ်းရှိ လွင်ပြင်တစ်ခုတွင် ပြန်ပေါ်လာခဲ့သည်။

သူက ပြန်ပေါ်လာသည်နှင့် မြူထူးသည့် အသံတစ်ခုပါ ထွက်ပေါ်လာခဲ့သည်။ခြင်သားရဲသည် ကောင်းကင်ထက်သို့ ပျံသန်းတက်သွားရင်း အနည်းငယ် လှည့်ပတ်ပြီးနောက် ဝမ်လင်းရှိရာသို့ ပျံသန်းလာသည်။

မိုးကြိုးဖားပြုတ်၏ ခန္ဓာကိုယ်သည်လည်း အကွာအဝေးတစ်ခုရှိ မြက်ခင်းများကြားတွင် လှဲလျောင်းနေရင်း တောင်ငယ်တစ်ခုနှင့်ပင် ဆင်တူနေသေးသည်။၎င်းက မျက်လုံးဖွင့်ကာ ဝမ်လင်းကို ကြည့်ပြီးနောက် ပြန်မှိတ်သွား၏။

ရှုလီကောကတော့ အရိပ်ပင်မတွေ့ရတော့ပေ။သူက ပျော်ပါးရမည့်နေရာသို့ ထွက်သွားနေလောက်လေပြီ။

ခြင်သားရဲ အနားသို့ ရောက်လာသည့်အခါ ဝမ်လင်းသည် ပြုံး၍ ၎င်း၏ ဦးခေါင်းကို ပွတ်သပ်လိုက်၏။ခြင်သားရဲသည် ကျေနပ်သည့်အသွင် ဖြစ်ပေါ်နေကာ ၎င်းသည် နောက်တစ်ဖန် လေထဲသို့ ပျံဝဲတက်သွားပြန်သည်။

ဝမ်လင်းကလည်း မြက်ခင်းအတိုင်း ရှေ့သို့ ခုန်တက်လိုက်၏။ ခဏအကြာတွင် သူက ပေတစ်ထောင်ခန့် ကျယ်သော မြေလွတ်ဧရိယာတစ်ခုသို့ ရောက်ရှိလာ၏။ထိုနေရာရှိ မြက်များက ပြောင်သလင်းခါနေကာ လျှိုစောက်များ ရှိနေသည်။ ထိုလျှိုစောက်များသည် တစ်ခုနှင့်တစ်ခု ယှက်လိမ်နွယ်နေကာ အစီအရင်တစ်ခုကဲ့သို့ ရှုပ်ထွေးသောပုံရိပ်တစ်ခု ဖြစ်နေသည်။

ဝမ်လင်းက မြေပြင်ပေါ်ရှိ ထိုလျှိုစောက်များကို ကြည့်ပြင်မကြည့်ဘဲ အထဲသို့ ခြေချလိုက်၏။သူက အစီအရင်၏ အလယ်တွင် ထိုင်ချသည်။

ဝမ်လင်းက မိုးကြိုးဖားပြုတ်နှင့်ခြင်းသားရဲတို့ကို အပြင်သို့ ဆင့်ခေါ်ထုတ်ပြီးကတည်းက သူက ၎င်းတို့ကို သိုလှောင်အိတ်ထဲသို့ ပြန်မထည့်ဘဲ လွတ်လပ်စွာ သွားလာစေထားသည်။ရှုလီကောကိုတော့ ဝမ်လင်းသည် ဂရုစိုက်ဖို့ သိပ်စိတ်မပါပေ။

သည်နေရာက ဝမ်လင်း ကျင့်ကြံဖို့အတွက် ရှာတွေ့ခဲ့သည့် နေရာတစ်ခု ဖြစ်လေ၏။မြက်ပင်များကို ဖယ်ရှားပြီးသည့်နောက် သူက သည်နေရာတွင် အစီအရင်တစ်ခု ချမှတ်ထားခဲ့သည်။ခြင်သားရဲနှင့်မိုးကြိုးဖားပြုတ်တို့၏ စောင့်ကြပ်မှုကြောင့် သည်နေရာက ပို၍ လုံခြုံနေသည်။

ဝမ်လင်းက ထိုင်နေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး အစီအရင်ပေါ်သို့ ဖိချသည်။အလင်းတစ်ခု ဖျပ်ခနဲ လင်းလက်သွား၏။ထို့နောက် အရာအားလုံး ပျောက်ကွယ်သွားကာ ယခုနေရာကို မြက်ရိုင်းကွင်းပြင်တစ်ခုက အစားထိုးသွားလေ၏။

သင်က အကွာအဝေးတစ်ခုမှ ကြည့်သည်ဖြစ်စေ၊အနီးကပ်ကြည့်သည် ဖြစ်စေ သည်နေရာကို အစစ်လား၊အတလား သိမြင်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။သင်က သည်နေရာသို့ ခြေချလာရင်ပင် အရာအားလုံးက ပုံမှန်အတိုင်းသာ ရှိနေလိမ့်မည်။

ထိုအစီအရင်ကို အသက်သွင်းပြီးသည့်နောက် သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ သွားသည့် ခရီးစဉ်အတွင်း သူက အန္တရာယ်များကို ရင်ဆိုင်နေရင်းကနေ အရာတော်တော်များများကို အရယူနိုင်ခဲ့၏။သို့ရာတွင် သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ပြန်ထွက်ခွာလာကတည်းက မည်သည့်အရာကိုမျှ သန့်စင်မွန်းမံဖို့ အချိန်မရခဲ့ပေ။

မူလတုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်လာပြီးပါက ဝမ်လင်းသည် ချင်လင်းဂြိုဟ်ထံသို့ သွားကာ ရတနာများအား သန့်စင်မည်ဟု စီစဉ်ထားခဲ့၏။သို့သော် သူက ယခုရောက်နေသောနေရာသို့ ပို့ဆောင်ခံလိုက်ရမည်ဟု မမျှော်လင့်ထားမိချေ။

ဝမ်လင်းက စဉ်းစားနေရင်း သူက သိုလှောင်အိတ်ကို ထိလိုက်ရာ သားရေချပ်ဝတ်တစ်ခု ပေါ်လာခဲ့၏။ထိုချပ်ဝတ်ကို ပြုလုပ်ရာ၌ အသုံးပြုထားသည့် သားရေသည် အလွန်ကြမ်းတမ်းကာ ၎င်းအပေါ်၌လည်း စာလုံးအချို့ ရှိနေ၏။ထိုသားရေချပ်ဝတ်ကို ကိုင်ဆောင်ထားရင်း ဝမ်လင်းသည် ဘယ်လက်ဖြင့် ၎င်းကို ပွတ်ကြည့်လိုက်သည်။

“ရှေးဟောင်းနတ်ဘုရား သားရေချပ်ဝတ်…” ဝမ်လင်းကို ၎င်းချပ်ဝတ်ကို စူးစိုက်ကြည့်နေပြီးနောက် လေထဲသို့ ပစ်လွှတ်လိုက်လေ၏။ထို့နောက် သူက ပါးစပ်အပြည့် မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်လိုက်လေသည်။

အဖြူရောင်မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာကာ ထိုချပ်ဝတ်ကို ဝန်းရံသွားသည်။ယင်းသားရေချပ်ဝတ်သည် ထိုမီးတောက်အတွင်း၌ မည်သည့်မျှ ပြောင်းလဲမသွားချေ။ဝမ်လင်းသည် ပိုမိုများပြားသော မူလစွမ်းအင်အဆီအနှစ်ကို ဆက်၍ ထွေးထုတ်၏။

ထိုချပ်ဝတ်၏ အရင်ပိုင်ရှင်သည် အရှင်အပူအပင်မဲ့ ဖြစ်လေ၏။သူက သေဆုံးသွားခဲ့ပြီး ဖြစ်သော်လည်း သူ့ကျင့်ကြံမှုအဆင့်က အလွန်သန်မာအားကောင်းလှသည်။ခုချိန်ထိပင် ချပ်ဝတ်ပေါ်၌ ပျက်စီးနေသည့် နတ်ဘုရားအာရုံအရိပ်အမြွက်တစ်ခု ရှိလို့နေဆဲ ဖြစ်၏။

“နောက်ထပ်နှစ်ပေါင်း တစ်သောင်းလောက် ကုန်ဆုံးသွားခဲ့ရင်တော့ ဒီချပ်ဝတ်ပေါ်မှာ ရှိတဲ့ ပျက်စီးထိခိုက်ထားတဲ့ နတ်ဘုရားအာရုံက သူ့ဟာသူ နိုးထလာနိုင်မှာ ငါ စိုးရွှံမိတယ်။ဒါက ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ရဲ့ စိတ်ဝိညာဉ်အသစ်တောင် ဖြစ်လာနိုင်တယ်…”

ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် အချို့ကိစ္စများ၏ ပင်မအကြောင်းအရာကို ဖြတ်မြင်နိုင်စွမ်း ရှိသည့်အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။ရတနာများအားလုံး၏ စိတ်ဝိညာဉ်များက အခုလိုပုံစံမျိုးဖြင့် ဖြစ်လာခြင်း မဟုတ်သော်လည်း အများစုသည် ထိုသို့ နိုးထသည့်နည်းနှင့် ဖြစ်တည်လာခဲ့ကြခြင်းပင်။

ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကို မူလစွမ်းအင်အဆီအနှစ်က ဝန်းရံထားရင်း အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ထိုဖြစ်စဉ်က အလွန်နှေးကွေးလှပေ။တကယ်တော့ အရင်ပိုင်ရှင်သည် အလွန်အမင်းစွမ်းအား ကောင်းလှသူ ဖြစ်ကာ ယခုလက်ရှိ ဝမ်လင်းထက် အဆများစွာ ပိုသန်မာသည် မဟုတ်လား။

ချပ်ဝတ်ပေါ်ရှိ ထိုသူ၏ နတ်ဘုရားအာရုံက ပျက်စီးသွားခဲ့ပြီ ဖြစ်သော်လည်း လျှော့တွက်၍ မရပေ။ပို၍ အရေးကြီးသည်က ၎င်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ဆင့်ကဲပြောင်းလဲကာ ရတနာစိတ်ဝိညာဉ်အဖြစ်သို့ စတင် ဖွံ့ဖြိုးလို့လာနေသည်။

“ဒီရတနာစိတ်ဝိညာဉ်က တန်ဖိုးရှိပေမဲ့လည်း ဒါကိုသာ မဖယ်ရှားနိုင်ရင် ဒီရှေးဟောင်းနတ်ဘုရား သားရေချပ်ဝတ်ကို ငါ ဘယ်တော့မှ ပိုင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး။အဲ့အစား ဒီချပ်ဝတ်ရဲ့ ရတနာစိတ်ဝိညာဉ်ကသာ ပိုင်ဆိုင်သွားလိမ့်မယ်။ ဒါ့အပြင် ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ နတ်ဘုရားအာရုံအစိတ်အပိုင်းတစ်ခု ဆိုရင်တောင် ဒါက ရှေးဟောင်းနတ်ဘုရားတွေနဲ့ ပဍိပက္ခ ဖြစ်နေဦးမှာ။ ဒီ ရှေးဟောင်းနတ်ဘုရားရဲ့ အရေပြားနဲ့ လုပ်ထားတဲ့ သားရေချပ်ဝတ်နဲ့ နတ်ဘုရားအာရုံတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် အတူပေါင်းစပ်ထားတယ်ဆိုရင်တောင် ဒါက လုံလောက်မှု မရှိသေးဘူး…”

ဝမ်လင်း၏မျက်လုံးက အေးစက်နေသည်။ထို့နောက် သူ့မျက်လုံးက တလက်လက် ဖြစ်လာ၏။ သူက ယင်းရတနာစိတ်ဝိညာဉ်ကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်ချက် ချလိုက်လေ၏။

ရက်များစွာ ကုန်ဆုံးသွားခဲ့သည်။သည်နေ့တွင် ဝမ်လင်း၏ သန့်စင်ခြင်း ခံနေရသည့် ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကနေ အပြာရောင်မြူလွှာတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအပြာရောင်မြူလွှာနှင့် သားရေချပ်ဝတ်တို့နှစ်ခုကြားတွင် အမျှင်အတန်းများနှင့် ချိတ်ဆက်လို့ထား။ သည်အခိုက်အတန့်၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာခဲ့သည်။သူက သူ့လက်ကို ပင့်မြှောက်ကာ ကြမ်းတမ်းစွာ ခုတ်ပိုင်းချသည်။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်များက ပျံသန်းထွက်လာ၏။ ထိုခုတ်ပိုင်းမှုသည် ဥပဒေသ မည်၏။ထိုခုတ်ပိုင်းချက်သည် ရတနာစိတ်ဝိညာဉ်နှင့်ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်တို့ကြား နောက်ဆုံးဆက်နွှယ်မှုကို ခုတ်ပိုင်းချခြင်းဖြစ်သည်။

အမျှင်တန်းများက အက်ကွဲပျက်စီးသွားကာ အပြာရောင်မြူတစ်ခုသည် ကောင်းကင်ထက်သို့ ပျံသန်းတက်သွားသည်။ဝမ်လင်းသည် စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူလိုက်ရာ ယင်းအလံသည် အနက်ရောင်မြူထုအဖြစ်သို့ ပြောင်းလဲ၍ အပြာရောင်မြူလွှာကို ဝါးမြိုလို့သွားသည်။

ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်သည် ဝမ်လင်းရှေ့၌ မြောလွင့်နေ၏။ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်နေသည်။သူ့နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ထားကာ သားရေချပ်ဝတ်ထဲသို့ ဝင်ရောက်စေပြီး သူ့ကိုယ်ပိုင်အမှတ်အသားကို ခပ်နှိပ်လိုက်၏။ ထိုခပ်နှိပ်မှုသည် အားကောင်းလွန်းကာ သားရေချပ်ဝတ်သည် ရှေးဟောင်းအော်ရာတစ်ခုကို ချက်ခြင်းပင် ပေးစွမ်းလို့လာသည်။

ထိုအော်ရာက ပတ်ဝန်းကျင်တစ်ခုလုံးကို ဝန်းရံလို့သွားသည်။ဝမ်လင်း ပတ်လည်၌လည်း ဝဲကတော့ တစ်ခု ဖြစ်လာခဲ့သည်။

ဝမ်လင်းသည် ဝဲကတော့ဗဟိုချက်တွင် ရှိနေ၏။သူက လှုပ်ရှားခြင်း မရှိချေ။သူ့ အမှတ်အသားကို သားရေချပ်ဝတ်အပေါ်၌ ချန်ထားခဲ့သည့် အခိုက်တွင် ရင်းနှီးသောအော်ရာတစ်ခုသည် သူ့ပတ်လည်တွင် ဝန်းရံလာခဲ့သည်။

သူနှင့် ရင်းနှီးသည့် ထိုအော်ရာသည် သားရေချပ်ဝတ်ထံကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။ သားရေချပ်ဝတ်သည်လည်း သူ့လိုပင် တရင်းတနှီးခံစားမိလေသည်။

ထိုအရာက ချပ်ဝတ်နှင့်ဝမ်လင်းတို့ကြား အပြန်အလှန်ခံစားမိခြင်း ဖြစ်လေ၏။ရှေးဟောင်းနတ်ဘုရားချပ်ဝတ်သည် ဝမ်လင်း စေခိုင်းစရာ မလိုဘဲ သူ့ထံသို့ တန်းမတ်စွာ ပျံသန်းလာကာ သူ့ရင်ဘက်ထဲသို့ ဝင်ရောက်သွားသည်။ဝမ်လင်းသည် လုံးဝ မခုခံပေ။သူက သားရေချပ်ဝတ်သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့်အခါ၌ ရင်းနှီးသည့်ခံစားမှုတစ်ခု ရရှိလေ၏။

ရှေးဟောင်းနတ်ဘုရားချပ်ဝတ်သည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ လုံးဝ ဝင်ရောက်သွား၏။ထို့နာက် သားရေချပ်ဝတ်သည် ၎င်းကိုယ်တိုင် သူ့မူလစိတ်ဝိညာဉ် ပတ်လည်၌ လွှမ်းခြုံပေးသွားလေ၏။

ဝမ်လင်းက အသက်ဝဝရှုကာ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်၏။ဖျပ်ခနဲ သူ့မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာခဲ့သည်။ရှေးဟောင်းနတ်ဘုရားချပ်ဝတ်သည် သူ့မူလစိတ်ဝိညာဉ်၏ ရှေးဟောင်းနဂါးပုံစံကိုပင် တွေ့မြင်နိုင်ဖို့ မဖြစ်နိုင်လုနီး ဖြစ်စေ၏။သို့သော် ဝမ်လင်းသည် သူ့မူလစိတ်ဝိညာဉ်၏ ခုခံနိုင်စွမ်းသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားသည်ကို ရှင်းလင်းစွာ ခံစားမိသည်။

“ငါက ဒီချပ်ဝတ်ရဲ့ ခုခံနိုင်မှုကို တိတိကျကျ မစမ်းသပ်နိုင်တာ နှမြောစရာပဲ။ ဒါပေမဲ့လည်း ဒါက အားနည်းမှာ မဟုတ်တာ ကျိန်းသေတယ်…” ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာ၏။

ချပ်ဝတ်ကို သန့်စင်ပြီးသည့်နောက် ဝမ်လင်းသည် ရပ်တန့်ခြင်း မရှိခဲ့ပေ။သူက ပါးစပ်ဟကာ ရွှေရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်၏။ထိုအလင်းတန်းသည် လေထဲ၌ တလက်လက် ဖြစ်သွားကာ ရွှေရောင်သော့ခလောက်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုသော့ခလောက်သည် ရွှေအတိပြီးကာ အလွန်တောက်ပ၏။ဝမ်လင်းသည် သူက ယင်းသော့ခလောက်ကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော်များထဲမှ တစ်ယောက်ထံမှ ရရှိခဲ့ကြောင်းကို ပြန်အမှတ်ရသွား၏။

ထိုတမန်တော်၏ မူလစိတ်ဝိညာဉ်ပင် ဝမ်လင်း၏ စိတ်ဝိညာဉ်အလံထဲ၌ ရှိလို့နေသည်။

ထိုရွှေရောင်သော့ခလောက်ကို ကြည့်နေရင်း ဝမ်လင်း၏နတ်ဘုရားအာရုံသည် ၎င်းအား ဝန်းရံလာ၏။သူက ၎င်းကို သန့်စင်ပြီးသည့်နောက် မူလပိုင်ရှင်၏ အမှတ်အသားကို လွယ်ကူစွာ ဖယ်ရှားပစ်လိုက်သည်။

ထိုရွှေရောင်သော့ခလောက်သည် ချက်ခြင်း မှိန်ဖျော့သွားကာ ကောင်းကင်ထက်ကနေ ပြုတ်ကျလာခဲ့ပြီး ဝမ်လင်းက ဖမ်းယူလိုက်လေ၏။

ဝမ်လင်း၏မျက်လုံးက တောက်ပနေ၏။သူက သူ့လက်ထဲရှိ ရွှေရောင်သော့ခလောက်ကို စူးစိုက်ကြည့်နေရင်း ခပ်တိုးတိုး ရေရွတ်သည်။ “ဒီပစ္စည်းက မဆိုးဘူး ဆိုပေမဲ့ ခြောက်သွေ့တာအိုတစ်စုံနဲ့ ယှဉ်ရင် ဒါက အများကြီး လိုအပ်ချက် ရှိနေသေးတယ်။ဒါပေမဲ့လည်း လူတစ်ယောက်ရဲ့ မန္တာန်ကို ချိပ်ပိတ်နိုင်တဲ့ မန္တာန်က အတော်လေး စိတ်ဝင်စားစရာပဲ…”

ဝမ်လင်း၏ ညာဘက်လက်၌ မူလစွမ်းအင်တို့ ပြည့်နှက်လာကာ သူက ရွှေရောင်သော့ခလောက်ကို ကြမ်းတမ်းစွာ ချေမွလိုက်၏။

***

All Chapters