ထာရှန်…ကောင်းကင်ဘုံ သက်တော်စောင့်
Vol. 018 Ch. 865
ဝမ်လင်းက ပါးစပ်ဟလိုက်ရာ ကောင်းကင်ဘုံချိပ်ပိတ်တံဆိပ်တုံးသည် သူ့ပါးစပ်ထဲသို့ ပျံသန်းဝင်ရောက်သွားလေ၏။ထို့နောက် သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးက ၎င်းတံဆိပ်တုံးကို သန့်စင်မွန်းမံသည်။
“အချိန်အတော်ကြာပြီးရင်တော့ ဒီရတနာက ငါ့မူလစိတ်ဝိညာဉ်ရှိက မိုးကြိုးစွမ်းအား တစ်ချို့တစ်လေကို ကျိန်းသေပေါက် ပိုင်ဆိုင်လိမ့်မယ်…”
တံဆိပ်တုံးကို မြိုချပြီးသည့်နောက် ဝမ်လင်းသည် သူ့သိုလှောင်အိတ်ထဲကို ပုတ်လိုက်ရာ ခရမ်းရောင်အလုံသုံးလက် ပျံသန်းထွက်လာသည်။ခရမ်းရောင်အလံများသည် တစ်ခုနှင့်တစ်ခု ထွေးခြုံကာ အတားအဆီးများကို တဖျပ်ဖျပ် ထုတ်လွှတ်နေ၏။
မကြလှသေးသော အတိတ်ချိန်တုန်းက ဝမ်လင်းသည် ထိုအလံသုံးလက်ဖြင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်တစ်ယောက်ကို ချိပ်ပိတ်ထားခဲ့ပေသည်။
ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ လက်တစ်ချက်ညွှန်လိုက်၏။ထိုအခါ အလံသုံးလက်ပေါ်ရှိ အတားအဆီးသည် လွင့်ပြယ်သွားတော့သည်။ထိုအခိုက်အတန့်၌ ချိပ်ပိတ်ခြင်းခံထားရသော တမန်တော်၏ မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာတော့၏။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့နှင့် ပြည့်နေကာ သူက လွတ်မြောက်လာသည်နှင့် အဝေးသို့ တည်နေရာရွှေပြောင်းရန် တာဆူတော့သည်။
ဝမ်လင်း၏ မျက်လုံးက အေးစက်လာခဲ့ကာ သူက သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ စိတ်ဝိညာဉ်တစ်ကုဋေအလံသည် ပျံသန်းထွက်လာခဲ့ပြီးနောက် အနက်ရောင်တိမ်တိုက်ထုကြီး အဖြစ်သို့ ချက်ခြင်းပြောင်းလဲပြီး မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်၏ မူလစိတ်ဝိညာဉ်ကို ဝါးမြိုပစ်လေသည်။
“ငါ့ကို မသတ်ပါနဲ့ …ရောင်းရင်းကျင့်ကြံသူ…။ငါ့အသက်အတွက် တန်ဖိုးရှိတဲ့ ရတနာတစ်ခုနဲ့ လဲလှယ်ချင်ပါတယ်…”
တမန်တော်သည် အနက်ရောင်တိမ်တိုက်ထုကြား၌ ရုန်းကန်နေရင်း သနားငဲ့ညှာပေးရန် တောင်းပန်နေသည်။
ဝမ်လင်းက အေးစက်စက် ပြောလိုက်၏။ “ဘယ်လို တန်ဖိုးရှိတဲ့ ရတနာလဲ…”
တမန်တော်က ချက်ခြင်း လှမ်းပြော၏။ “ အရောင်းရင်းကျင့်ကြံသူ အလုံးစုံကောင်းကင်ကျောက်တုံးတစ်တုံးကို ရနိုင်တဲ့ နေရာကို ငါ သိနေပါတယ်…။သင်ကသာ ငါ့ကို လွှတ်ပေးဖို့ ကတိပေးရင် အဲ့နေရာဆီ ငါ သင့်ကို ချက်ခြင်း ခေါ်ဆောင်သွားပေးပါ့မယ်…”
ဝမ်လင်း၏မျက်နှာပေါ်၌ မည်သည့်အမူအရာကိုမှ ပြသခြင်း မရှိဘဲ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။အနက်ရောင်တိမ်တိုက်သည် ချက်ခြင်းပင် မူလစိတ်ဝိညာဉ်ကို ဝါးမြိုသွားကာ အလံထဲ၌ ပိတ်လှောင်ပစ်လိုက်၏။
“အလုံးစုံကောင်းကင်ကျောက်တုံး…” ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ထိုအကြောင်းကို ဆက်၍ မတွေးတော့ပေ။ထို့နောက် သူ့အကြည့်သည် လေထဲရှိ အလံသုံးလက်ပေါ်သို့ ကျရောက်သွားကာ လှမ်းယူလိုက်သည်။အလံသုံးလက် သူ့လက်ထဲသို့ ကျရောက်လာသည့်အခါ၌ သူက မူလစွမ်းအင်အဆီအနှစ်ကို ၎င်းတို့အပေါ်သို့ ထွေးထုတ်လိုက်၏။၎င်းအလံသုံးလက်ပေါ်ရှိ နတ်ဘုရားအာရုံကို ဖယ်ရှားကာ သူ့ ကိုယ်ပိုင် နတ်ဘုရားအာရုံ အမှတ်အသားကို ခပ်နှိပ်ပြီးနောက် ထိုအလံများကို ပြန်သိမ်းလိုက်သည်။ထို့နောက် ဝမ်လင်းသည် စတင် စဉ်းစားနေ၏။
“ဒါက ရှားပါးတဲ့ အကာအကွယ်ရတနာတစ်ခုပဲ…” အမွှေးတိုင်ထွန်းစာ တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။သူက အလံသုံးလက်ကို လေထဲသို့ ပစ်လွှတ်လိုက်ရာ ၎င်းအလုံတို့သည် သူ့ခန္ဓာကိုယ်အား မြန်ဆန်စွာ စတင်လှည့်ပတ်တော့သည်။ထို့နောက် ခရမ်းရောင်ဝဲကတော့တစ်ခု ပေါ်ထွက်လာသည်။၎င်းဝဲကတော့ထဲ၌ အဆင့်တစ်ခုရှိသော အကာအကွယ်ဖြစ်ပေါ်မှုတစ်ခု ပါရှိနေ၏။
ဝမ်လင်း၏ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်သည် ထိုခရမ်းရောင်ဝဲကတော့ထဲသို့ မြင့်တက်တိုးဝင်လာတော့၏။ထိုအခါ တိုက်ရိုက်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ခရမ်းရောင်ဝဲကတော့၏ လှည့်ပတ်မှုက ပို၍ မြန်ဆန်လာခဲ့ကာ ခရမ်းရောင်မြူခိုးများကလည်း ပိုမို၍ ထွက်ပေါ်လာတော့သည်။သိပ်မကြာခင်တွင် ဝမ်လင်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ခရမ်းရောင်မြူထဲ၌ လုံးဝ ဖုံးကွယ်ပျောက်သွားတော့သည်။
အသက်ရှုချိန်သုံးခါလောက် ကြာမြင့်ပြီးသည့်နောက် ထိုမြူများ ပျောက်ကွယ်လို့သွား၏။ ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အလံသုံးလက်သည် သူ့သိုလှောင်အိတ်ထဲသို့ ပြန်ဝင်သွားတော့သည်။
“ဒီရတနာရဲ့စွမ်းအားက သိပ်မဆိုးလှဘူးပဲ…” ဝမ်လင်းသည် သူ့သိုလှောင်အိတ်ထဲကနေ အဝါရောင်အဆောင်နှစ်ခုကကို ထုတ်ယူလိုက်ပြန်၏။
အခုအနေထားနှင်ပင် ဝမ်လင်းသည် ထိုအဆောင်နှစ်ခုကို ထွင်းဖောက်မြင်နိုင်စွမ်း မရှိသေးပေ။သူက ထိုနှစ်ခုကို သေချာကြည့်ရှုပြီးသည့်နောက် ပြန်လည်သိမ်းဆည်းလိုက်၏။
အသက်ဝဝရှူသွင်းလိုက်ပြီးနောက် ဝမ်လင်း၏ မျက်လုံးသည် အလွန်တောက်ပလာပြန်သည်။သူ့အသွင်က အလေးအနက်ဖြစ်လာခဲ့ကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်လေ၏။ငါးကီလိုမီတာအတွင်း ထူးထူးခြားခြား ဘာတစ်ခုမှ မရှိမှန်း သေချာမှ သူသည် သိုလှောင်အိတ်ကို ထိလိုက်သည်။
ထိုအခါ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်လျှံ့ကာ ရွှေရောင်တောက်ပသည့် ခန်းမဆောင်တစ်ခု လက်ဖဝါးအရွယ်ခန့် ရှိသော ခန်းမဆောင်တစ်ခုသည် ဝမ်လင်းလက်ဝါးပေါ်၌ ထွက်ပေါ်လာလေသည်။ထိုအခိုက်အတန့်၌ ဝမ်လင်း၏ နှလုံးခုန်သံသည် ပို၍ပင် မြန်ဆန်လာကာ ခန်းမဆောင်ကို ကြည့်နေသော သူ့မျက်လုံးထဲ၌ပင် စိတ်လှုပ်ရှားဟန်တို့ ဖြစ်ပေါ်နေသည်။
“မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ငါ့အတွက် အကျိုးအမြတ် အရှိဆုံး ရိတ်သိမ်းနိုင်မှုကတော့ ဒီ စုဆောင်းခြင်းခန်းမဆောင် လို့ ဆိုရမှာပဲ…”
“ ဒီအထဲမှာ ကောင်းကင်ဘုံမန္တာန် ဘယ်လောက်များများ ရှိနေမလဲ…” ဝမ်လင်းမျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေသည်။သို့သော် ခဏအကြာတွင် သူက သူ့စိတ်ကိုယ်သူ ပြန်ထိန်းသိမ်းလိုက်နိုင်၏။
“ငါ့ အခုလက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ငါက လေးထပ်မြောက်ကိုပဲ ဝင်ရောက်နိုင်ဦးမယ်။ငါက အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးကို အသုံးပြုပြီး ကိုးထပ်မြောက်ကို သွားနိုင်ရင်တောင်မှ အဲ့အထပ်က ကောင်းကင်ဘုံမန္တာန်တွေကို ရဖို့ အတားအဆီးတွေကို ချိုးဖျက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ဒါ့အပြင် ဒီခန်းမဆောင်က အတော့်ကို တန်ဖိုးကြီးမားလှတဲ့အတွက် ငဝင်တဲ့ အချိန်မှာ အတားအဆီးအများကြီး ချမှတ်ထားခဲ့ဖို့ လိုလိမ့်မယ်။ဒီနေရာက လုံးဝ လုံခြုံမှု မရှိသေးဘူး။ ဒါ့ကြောင့် ဒီခန်းမဆောင်ကို ငါ ဒီနေရာမှ သတိမမူဘဲ လေ့လာကြည့်လို့ မဖြစ်သေးဘူး…”
ဝမ်လင်းက သူ့စိတ်ဆန္ဒကို ဖိနှိပ်ကာ အသက်ဝဝရှုသွင်းပြီးနောက် ခန်းမဆောင်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။ သို့သော်လည်း ချီတုံ့ချတုံ့ ဖြစ်ပြီးနောက် သူက ခန်းမဆောင်ကို နောက်တစ်ကြိမ် ထုတ်လိုက်ပြန်သည်။သည့်နောက် အရင်တုန်းက သူ သင်ယူခဲ့ဖူးသည့် ချိပ်ပိတ်ခြင်းမန္တာန်ကို အသုံးပြုကာ ခန်းမဆောင်ကို လက်သည်းခွံအရွယ်အစားလောက်ထိ ချုံ့ပစ်လိုက်လေသည်။
သည့်နောက်တွင် သူက သိုလှောင်အိတ်နောက်တစ်ခုကို ထုတ်ယူကာ ခန်းမဆောင်ကို အထဲသို့ ထည့်သွင်းလိုက်၏။ထို့နောက် သူက သူ့ရင်ဘက်ကို လှီးဖြတ်ကာ ၎င်းသိုလှောင်အိတ်ကို သူ့ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။သူ့မူလစွမ်းအင်အောက်၌ ရင်ဘက်ပေါ်ရှိ ဒဏ်ရာက မြန်ဆန်စွာ ပြန်ပျောက်ကင်းလို့သွား၏။
“ဒီလိုနည်းနဲ့ဆိုရင် ဘယ်သူကမှ စုဆောင်းခြင်းခန်းမ ဘယ်နေရာမှာ ရှိနေလဲ သိနိုင်မှာ မဟုတ်တော့ဘူး…” ဝမ်လင်းက သူ့ရင်ဘက်ကို ပုတ်ကာ ပြုံးလိုက်လေ၏။
ဝမ်လင်း၏ ခန္ဓာကိုယ်ပေါ်၌ ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့် ပြည့်နှက်နေသော သိုလှောင်အိတ်များစွာသည် အခုထိ ရှိနေဆဲပင်။ထိုကျောက်စိမ်းပြားပမာဏက အလွန်များပြားလှကာ ၎င်းတို့ကို မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ရရှိလာခဲ့ခြင်း မဟုတ်လော။
အချိန်နှစ်လနီးပါး ကြာမြင့်ပြီးသည့်နောက် ဝမ်လင်းသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ သူ ရိတ်သိမ်းနိုင်ခဲ့သည့် အကျိုးအမြတ်များကို စီစဉ်ချမှတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။
“အခု ထွက်ခွာဖို့ အချိန်တန်ပြီ…” ဝမ်လင်းက မတ်တပ်ထရပ်ကာ လေထဲသို့ ပျံတက်လိုက်သည်။ ခြင်သားရဲကလည်း မြူးထူးစွာ ဝမ်လင်းရှိရာသို့ ပျံသန်းလာရင်း ဝမ်လင်းကို သူ့ကျောပေါ်တွင် ခေါ်ဆောင်ကာ အဆောက်အဦများ ရှိရာသို့ ပျံသန်းသွားတော့သည်။
မြေပြင်ထက်ရှိ မိုးကြိုးဖားပြုတ်ကလည်း မျက်လုံးကစားလိုက်ပြီးနောက် ဝုန်းကနဲ အတော်လှမ်းလှမ်းနေရာသို့ လှမ်းခုန်လိုက်လေသည်။၎င်းကလည်း မြေပြင်ကနေ ခြင်သားရဲနောက်သို့ လိုက်ပါလာသည်။
သူတို့က ရွေးချယ်ခံ(စွန့်ပစ်ခံ)မသေမျိုးကလန်၏ စည်စည်ကားကားရှိသော နေရာနှင့် နီးကပ်လာသည့်အခါ ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူက အဆောက်အဦများကြား ကျယ်ပြန့်သောနေရာတစ်ခု၌ အမျိုးသမီးများနှင့်ကလေးများ အပါအဝင် လူများ စုစည်းနေသည်ကို တွေ့မြင်လိုက်ရခြင်းကြောင့်ပင်။
ထိုနေရာလွတ်၏ အလယ်၌ ပေသုံးဆယ်ခန့် ကျယ်သော သစ်သားစင်မြင့်တစ်ခု ရှိနေသည်။၎င်းစင်မြင့်ထက်၌လည်း လူတစ်ယောက် လှဲလျောင်းကာ နေ၏။ထိုသူကတော့ ထာရှန်ပင် ဖြစ်တော့သည်။
ထာရှန်၏အသွင်က သေလုမြောပါး ဖြစ်နေကာ သူ့မျက်လုံးများကလည်း အချိန်မရွေး သေဆုံးနိုင်သကဲ့သို့ မှိန်ဖျော့လို့နေ၏။သေခြင်းတရားက သူ့ခန္ဓာကိုယ်နားတွင် ဝန်းရံထား၏။သူက သေမင်းကတွင်းဝ သို့ရောက်နေသည်မှာ သိသာလှပေသည်။
ထိုအရာကို ကြည့်၍ ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားသွားသည်။လွန်ခဲ့သောနှစ်လက ဝမ်လင်းသည် ထာရှန်သည် လောင်စာမရှိသည့် မီးအိမ်တစ်ခုကဲ့သို့ ဖြစ်နေသည်ကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ထာရှန်၏ ခန္ဓာကိုယ်ထဲရှိ ကျွန်အမှတ်အသားသည် အလွန်အားကောင်းလှသည် မဟုတ်လား။၎င်းအမှတ်အသားက သူ့သွေးမျိုးဆက်ထဲထိ ခပ်နှိပ်ထားခြင်း ဖြစ်ရာ သူ့ကို ပြန်လည်ခုခံဖို့ ခွင့်မပြုပေ။
ထာရှန်က ထိုကျွန်အမှတ်အသားကို ဖိဆန် ခုခံသည့် ပထမဆုံးလူဟူ၍ပင် ပြော၍ရ၏။ သို့သော် ထိုသို့ လုပ်သည့် အကျိုးဆက်အနေဖြင့် သူသည် တန်ပြန်ဒဏ်ကို ခံစားခဲ့ရပေသည်။သူက အခုလို ပုံစံဖြင့် ဆက်လက်အသက်ရှင်ရန်ပင် မဖြစ်နိုင်တော့ချေ။
ယနေ့သည် သူ့အဆုံးသပ်သို့ ရောက်လာသည့်နေ့ ဖြစ်ကာ သူက ဆက်လက်၍ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
ထာရှန်၏ဘေးနား၌ ရွေးချယ်ခံ(စွန့်ပစ်ခံ)မသေမျိုးကလန်၏ ဘိုးဘေးသည် ဝမ်းနည်းခြင်း ကြီးစွာဖြင့် ရှိနေ၏။ သူ့ရင်ဘက်ပေါ်၌လည်း မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျနေသည်။
အဘိုးအိုက ခပ်တိုးတိုး ပြောလိုက်၏။ “ မြေးလေး…” သူသည် ထာရှန်ကို အခုလိုမျိုး မြေးလေး ဟု မခေါ်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။သို့သော် ဝမ်းနည်းခြင်းတရားက သည်ဧရိယာတွင် ကြီးစိုးနေ၏။ လူတိုင်းက ထာရှန်ကို တိတ်ဆိတ်စွာ ကြည့်နေကြကာ သူတို့၏ မျက်နှာပေါ်တွင်လည်း ဝမ်းနည်းမှုတို့ ထွက်ပေါ်နေကြသည်။
“ထာရှန်…”
“ထာရှန်…”
ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များ၏ ခပ်တိုးတိုး ခေါ်သံများက တဖြည်းဖြည်းချင်း ထွက်ပေါ်လာကြ၏။
“ထာရှန်…”
သူတို့၏ စိတ်ထဲ၌ ထာရှန်သည် ရွေးချယ်ခံကလန်အတွက် သူရဲကောင်းတစ်ယောက်ပင် မဟုတ်လား။ မည်သူကမျှ ကျွန်အမှတ်အသားကို မဆန့်ကျင်၊မခုခံသည့် အချိန်၌ ထာရှန်တစ်ယောက်ကသာ ဦးမညွတ် အလံမလဲ ဒူးမထောက်ခဲ့ခြင်းပင်။ထာရှန်သည် ကျွန်အမှတ်အသားက ခုခံရန် လုံးဝ မဖြစ်နိုင်သည် မဟုတ်ဟု သူတို့အားလုံးကို သက်သေပြခဲ့ခြင်းလည်း ဖြစ်သည်။
သို့သော်လည်း ထိုသို့ ခုခံသည့်အတွက် ပေးဆပ်ရသည့် တန်ဖိုးကတော့ သူ့အသက် ဖြစ်နေသည်။
ထာရှန်က မေ့မြောနေသော်လည်း အသိ ရှိနေသေး၏။သူက ကောင်းကင်ထက်သို့ မှုန်ရီ ဖျော့တော့စွာ ကြည့်နေသည်။သူက သူ့ကလန်အဖွဲ့ဝင်များ ပြောဆိုခဲ့သည့် စကားများကို ကြားနေရင်း ကလေးဘဝကို ပြန်ရောက်သွားသကဲ့သို့ ခပ်ရေးရေး ခံစားမိနေ၏။ သူကလေးဘဝ၌ ကြားခဲ့ရသည့် စကားများမှာ…
“ကောင်းကင်ဘုံသားတွေက ငါ့ကလန်ရဲ့ အရှင်သခင်တွေပဲ။ငါတို့ကလန်ရဲ့ လူတိုင်းဟာ သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံသားတွေ အတွက် အမှုထမ်းဖို့ နစ်မြှုပ်ထားခဲ့ကြတာ ဖြစ်တယ်။ဒါက ငါတို့ရဲ့ တာဝန်နဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်။ ငါတို့က ဒီကမ္ဘာကြီးမှာ ကောင်းကင်ဘုံသားတွေရဲ့ တမန်တော်တွေ ဖြစ်ကြတယ်။ဒါကပဲ ငါတို့ရဲ့ ဂုဏ်ယူဖွယ် ဖြစ်တယ်…”
ထာရှန်၏မျက်လုံးထဲကနေ မျက်ရည်များ စီးကျလာတော့၏။ သူက သည်ကမ္ဘာ၏ မမျှတမှုကို မုန်းတီးကာနေသည်။သူက ကောင်းကင်ဘုံသားအားလုံးကို မုန်းတီးနေသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က လေထဲကနေ ဆင်းသက်လာခဲ့ကာ နေရာလွတ်၏ အစွန်နားသို့ ရောက်လာခဲ့သည်။သူက တိတ်ဆိတ်စွာ စဉ်းစားနေ၏။
အဘိုးအိုက ထာရှန်ကို ကြည့်နေရင်း အံတင်းတင်း ကြိတ်ထားသည်။ရုတ်တရက် သူက နောက်လှည့်ကြည့်လိုက်၏။သူက ပတ်ဝန်းကျင်ရှိ လူများကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်လေသည်။ “ထာရှန် ပြောတာ မှန်တယ်…ငါတို့ မျိုးဆက်အဆက်ဆက် ဒီနေရာကို စောင့်ကြပ်ခဲ့ပေမဲ့ ငါတို့အတွက် ဘာများ အကျိုးကျေးဇူး ရရှိခဲ့ကြလို့လဲ…။ဒီနေရာရဲ့ မြူသားရဲတွေကလည်း ငါတို့ကလန်အဖွဲ့ဝင် မြောက်များစွာကို သတ်ဖြတ်ခဲ့ကြသေးတယ် မဟုတ်လား…”
“ဒါတွေအားလုံးက ကောင်းကင်ဘုံသားတွေကြောင့် ဖြစ်ရတာ။ ကောင်းကင်ဘုံသားတွေရဲ့ အမြင်မှာ ငါတို့ဟာ ဒီမြူသားရဲတွေအတွက် အစာသပ်သပ် ဖြစ်နေတယ်…” ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝတိတ်ဆိတ်နေသည်။ လူအများက အဘိုးအိုကို တိတ်ဆိတ်စွာ ကြည့်နေသည်။
“ထာရှန်က ငါ့ကို တစ်ခါတုန်းက ကောင်းကင်ဘုံသားတွေ မတည်ရှိတော့ဘူးလို့ ပြောခဲ့ဖူးတယ်။ ကောင်းကင်ဘုံနယ်မြေ ပျက်စီးပြိုကျသွားခဲ့တာလည်း ကြာမြင့်နေခဲ့ပြီ။ ထာရှန် ဒီအကြောင်းကို ပြောခဲ့တုန်းက ငါက ဒီကိစ္စကို ဖုံးကွယ်ထားခဲ့တယ်။ ဒါပေမဲ့ ဒီကနေ့မှာ ငါက မင်းတို့အားလုံးကို ပြောပြတော့မယ်…”
အဘိုးအို၏ မျက်လုံးက ထူးဆန်းနေသည်။သူ့အကြည့်က ရူးသွပ်လုနီးပါး ဖြစ်နေသည်ဟုပင် ထင်ရ၏။
သူက ထိုစကားများကို ပြောလိုက်သည့်နောက် ပတ်ဝန်းကျင်ရျိ ကလန်ဝင်များအားလုံးသည် မာန်သွင်းအော်ဟစ်လိုက်ကြတော့၏။ ထိုစကားသည် သူတို့ကို အကြီးအကျယ်တုန်လှုပ်စေပေသည်။သူတို့ခန္ဓာကိုယ်ထဲရှိ စိတ်ဇောမာန်ဟုန်တို့ကလည်း မြန်ဆန်ဆန်စွာ တိုးမြင့်လာကြလေ၏။
“ကျေးဇူးရှင်…ငါ ပြောတာ မှန်ရဲ့လား…” အဘိုးအို၏ အကြည့်က သည်နေရာ၏ အစွန်နားတွင် ရပ်နေသော ဝမ်လင်းထံသို့ ကျရောက်လို့သွားသည်။
သည်အခိုက်အတန့်၌ လူတိုင်းအကြည့်သည် ဝမ်လင်းပေါ်သို့ ရောက်နေကာ သူတို့က ဝမ်လင်း၏ အဖြေကို စောင့်နေကြပေသည်။လွန်ခဲ့သောနှစ်လက ဝမ်လင်း ကောင်းကင်ဘုံသားကို သတ်ပစ်ခဲ့ကတည်းက အဘိုးအိုသည် ဝမ်လင်းကို ကျေးဇူးရှင် ဟု ခေါ်ဆိုခဲ့ခြင်းပင်။
ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေသည်။ခဏတာ ကြာမြင့်ပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းကင်ဘုံနယ်မြေက ပျက်စီးပြိုပျက်သွားခဲ့ပြီး ဖြစ်တယ်။ ကောင်းကင်ဘုံသားတွေက ဆက်လက် မတည်ရှိနိုင်ကြတော့ဘူး။သူတို့က အခုထိ ရှိနေဦးမယ်ဆိုရင်တောင် အလွန့်အလွန် ရှားပါးသွားခဲ့ပြီ…”
အဘိုးအိုက စိတ်လှုပ်ရှားဟန်နှင့် အော်ပြောလိုက်၏။ “ကောင်းကင်ဘုံနယ်မြေက ပျက်စီးသွားခဲ့ပြီ…ဒါတောင် ကောင်းကင်ဘုံသားတွေက ငါတို့ကလန်ကို အခုလိုမျိုး ခြိမ်းခြောက်နေတုန်းပဲ။ငါတို့က ဘာကြောင့် မပုန်ကန် ရမှာလဲ။ ငါတို့ သေရရင်တောင် ငါတို့က ထာရှန်လိုမျိုး ဂုဏ်သိက္ခာရှိရှိ သေဆုံးရလိမ့်မယ် မဟုတ်လား…”
သူ့အသံက အိုမိုးလှ၏။ သို့သော် စိတ်ဝိညာဉ်စွမ်းအားတို့ ပါဝင်လို့နေသည်။သူ့အသံက ကလန်အဖွဲ့ဝင်များ၏ နားစည်ထဲသို့ ထွင်းဖောက်လို့သွားတော့၏။သူတို့က ကျေးကျွန်များ ဖြစ်ရခြင်းနှင့် မြူသားရဲများ၏ အစာ ဖြစ်ရခြင်းထက် သေဆုံးရခြင်းသည် ပိုကောင်းသည် မဟုတ်လား။
“ပုန်ကန်မယ်…” ကလန်အဖွဲ့ဝင်တစ်ယောက်က လက်သီးတင်းတင်းဆုပ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။သည့်နောက် အသံများသည် ပြိုင်တူ ဆက်၍ ထွက်လာကြတော့သည်။
“ပုန်ကန်မယ်…”
“ပုန်ကန်မယ်…”
တစ်သံပြီး တစ်သံ ထွက်ပေါ်လာကြတော့၏။
ဝမ်လင်းက စဉ်းစားဟန်ဖြင့် ထာရှန်ကို ကြည့်နေ၏။အချိန်အတန်ကြာပြီးနောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ သူ မသေအောင် လုပ်ပေးနိုင်တယ်…”
သူ့အသံက တိုးညင်းသော်လည်း ရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်များအားလုံး၏ နားထဲသို့ တိုးဝင်သွားတော့သည်။အထူးသဖြင့် အဘိုးအိုပင်။ သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်လာကြ၏။ အဘိုးအို၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုနှင့် ပြည့်နေကာ သူက ဝမ်လင်း ရှိရာသို့ လျှောက်လှမ်းလို့လာသည်။သူက ဝမ်လင်းရှေ့ ဆယ်ပေခန့်အကွာတွင် ဒူးထောက်ချလိုက်၏။ သည့်နောက် သူ့ရင်ဘက်ပေါ်သို့ မျက်ရည်များ လိမ့်ဆင်းကျလာရင်း သူက ပြောလာလေ၏။ “ကျေးဇူးရှင်…ဒါ အမှန်ပဲလား…”
ဝမ်လင်းက စဉ်းစားရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ “ငါက ငါးဆယ်ရာခိုင်နှုန်း ယုံကြည်မှု ရှိတယ်။ဒါပေမဲ့လည်း ငါ့မန္တာန်က အောင်မြင်ရင်တောင် ထာရှန် မသေဘူးဆိုရင်တောင် သူက အသိစိတ်မရှိတဲ့ ရုပ်သေးတစ်ကောင်လို ဖြစ်လာလိမ့်မယ်။သူ အသိစိတ် ပြန်ရ၊မရကတော့ သူ့အပေါ်မှာပဲ မူတည်လိမ့်မယ်…”
***