← Chapters

အခန်း (၂၀၂၈-၂၀၂၉)

Vol. 146 Ch. 2028-2029

အခန်း (၂၀၂၈-၂၀၂၉)

Vol. 146 Ch. 2028-2029

အပိုင်း ၂၀၂၈ ကောင်းကင်ဘုံ

​တမလွန်ဘုံဧကရာဇ်အပေါ် တမလွန်ဘုံသားများ၏ သစ္စာစောင့်သိမှုအား မေးခွန်းထုတ်စရာပင် မလိုချေ။ တမလွန်ဘုံဧကရာဇ်က သေဆိုလျှင် သေကြမည့်သူချည်းသာ ဖြစ်၏။ တုံဆိုင်းခြင်းပင် ရှိမည်မဟုတ်။

​တမလွန်ဘုံဧကရာဇ်သည် မသေနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အလျောက် အကြိမ်ကြိမ် ဘဝပြန်ဝင်စားကာ ကျင့်ကြံနိုင်သည်။ ဝိညာဉ် မ‌ကြွေလွင့်သရွေ့ မပျက်စီးနိုင်ပေ။ တမလွန်ဘုံဧကရာဇ်ဆိုသူမှာ တမလွန်ဘုံမျိုးနွယ်တိုင်းအတွက် စစ်မှန်သော နတ်ဘုရားနှင့် အထွတ်အမြတ်ပုဂ္ဂိုလ်လည်း ဖြစ်သလို တမလွန်ဘုံမျိုးနွယ်၏ အစောင့်အရှောက်လည်း ဖြစ်ပေသည်။

​နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။

​တမလွန်ဘုံဧကရာဇ်ကား တမလွန်ဘုံအား အစဉ်အမြဲ စိုးမိုးအုပ်ချုပ်လာခဲ့သည်မဟုတ်လော။ တမလွန်ဘုံဧကရာဇ်အပေါ် တမလွန်ဘုံသားများ၏ ကြောက်ရွံ့ရိုသေစိတ်တို့သည် အရိုးအသားထဲအထိ နက်ရှိုင်းစွာ အမြစ်တွယ်‌နေ၏။ မည်သည့် တမလွန်မျိုးနွယ်မဆို တမလွန်ဘုံဧကရာဇ်ကို သစ္စာမဖောက်ဝံ့သလို ထိုသို့အတွေးမျိုးပင် မတွေးရဲကြချေ။

​မင်တိအတွက်လည်း ထိုနည်းတူပင်။

​ကျန်းရီ၏ တမလွန်ဘုံကျွန် ဖြစ်လာရမည့် အတွေးမျိုးကို မင်တိ တစ်ကြိမ်တစ်ခါမှ မတွေးဖူးခဲ့ပေ။ သို့သော် ကျန်းရီ၏ အကြိမ်ကြိမ် နှိပ်စက်ညှဉ်းပန်းမှုသာမက ကမ်းလှမ်းလာမှုကြောင့် ထိုအတွေးက မင်တိ၏ ဦးနှောက်ထဲတွင် ခပ်ရေးရေး နေရာယူစပြုလာချေပြီ။

​အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် နှိုင်းယှဉ်ပါက မင်တိကဲ့သို့ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ တမလွန်ဘုံဧကရာဇ်အပေါ် သစ္စာစောင့်သိမှုမှာ အနည်းငယ် အားနည်းချေသည်။ အကြောင်းအရင်းမှာ တမလွန်ဘုံဧကရာဇ်အား နတ်ဘုရားသဖွယ် ပုံဖော်ထားသည့်အတွက် အဆင့်နိမ့်သော တမလွန်ဘုံမျိုးနွယ်ဝင်များ၏ မျက်လုံးထဲတွင်မူ အရာရာစွမ်းဆောင်နိုင်သည့် အတုမရှိပုဂ္ဂိုလ် ဖြစ်နေ၏။ သို့သော် တမလွန်ဧကရာဇ်သည် အမြင့်ဆုံးအဆင့်၌ အစွမ်းထက်သည့် တမလွန်ဘုံမျိုးနွယ်ဝင်တစ်ဦးသာ ဖြစ်ကြောင်း မင်တိနှင့် အခြားသူများကတော့ သိထားကြချေသည်။

​မသေနိုင်သော ခန္ဓာကိုယ်နှင့် အံ့မခန်းလိလိ အတိုက်အခိုက်စွမ်းရည်တို့ကို ဖယ်ရှားလိုက်ပါက တမလွန်ဘုံဧကရာဇ်သည် သာမန် တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် မကွာခြားလှ။ ထို့ကြောင့် မင်တိအနေဖြင့် တမလွန်ဘုံဧကရာဇ်အပေါ် သစ္စာစောင့်သိသော်လည်း မျက်စိမှိတ် ကိုးကွယ်ခြင်းတော့ မရှိ။

လူသားမျိုးနွယ်လည်း အလားတူဖြစ်သည်။ ဥပမာအနေဖြင့် အဆင့်နိမ့် ကျင့်ကြံသူများစွာသည် မိုးပြာမဟာဧကရာဇ်ကို ရူးသွပ်စွာ ကိုးကွယ်ကြသော်လည်း ယန်အရှင်နှင့် ရူးသွပ်အရှင်တို့ကတော့ ထိုသို့မဟုတ်ချေ။ အသက်အန္တရာယ်နှင့် မိသားစုကို ခြိမ်းခြောက်လာပါက ယန်အရှင်နှင့် ရူးသွပ်အရှင်တို့ကား သစ္စာဖောက်နိုင်ချေ များလှသည်။

​မင်တိလည်း အလားတူပင်။

​သေလုမတတ် နှိပ်စက်ခံထားရသောကြောင့် မင်တိ၏ စိတ်ဝိညာဉ်မှာ လုံးဝ ပြိုလဲနေချေပြီ။ စိတ်အစဉ်က ကြည်လင်မှုမရှိတော့သလို စိတ်ဝိညာဉ်မှာလည်း ကစဉ့်ကလျားဖြစ်နေ၏။

ထို့အပြင် ကျန်းရီ၏ စကားအရ တမလွန်ဘုံဘုရင်အချို့ သစ္စာဖောက်သွားပြီဖြစ်ရာ သူ သစ္စာဖောက်သည်ဖြစ်စေ၊ မဖောက်သည်ဖြစ်စေ ကျန်းရီအတွက် ထူးမခြားနားပင် ဖြစ်ချေသည်။

​အကြိမ်ပေါင်း ဒါဇင်ချီ နှိပ်စက်ခံရပြီးနောက် မင်တိမှာ တောင့်မခံနိုင်တော့ချေ။ သူ အော်ဟစ်လိုက်မိသည်။

“အညံ့ခံပါပြီ... အညံ့ခံပါပြီ.... ကျန်းရီ တော်ပါတော့... အဲ့ဒီပိုးကောင်တွေကို ဖယ်ပေးပါတော့...”

လူသားမျိုးနွယ်သည် သမိုင်းတ‌‌လျှောက်လုံး တမလွန်ဘုံမျိုးနွယ်စုများအား မိစ္ဆာများ၊ မကောင်းဆိုးဝါးများအဖြစ် သတ်မှတ်ခဲ့ကြ၏။ သို့သော် ယခုအခိုက်အတန့်တွင် ကျန်းရီက မင်တိအတွက် မိစ္ဆာများထက် ကြောက်မက်ဖွယ်ကောင်းပြီး တမလွန်ဘုံဧကရာဇ်ထက်ပင် ထိတ်လန့်စရာ ကောင်းနေသည်။ မင်တိ၏စိတ်အစဉ်မှာ ခံနိုင်ရည် မရှိတော့ဘဲ ရူးသွပ်တော့မည်ဖြစ်ရာ တမလွန်ဘုံဧကရာဇ်အပေါ် သစ္စာဖောက်ရန်သာ ‌ဆုံးဖြတ်လိုက်တော့သည်။

ကျန်သည့်အရာများက လွယ်ကူသေးသည်။ ကျန်းရီက ထျန့်ဖုန်းဧကရာဇ်ကို ထုတ်လိုက်ပြီး ဒဏ်ရာများကို ကုသစေသည်။ ထို့နောက် မင်တိ၏ ဝိညာဉ်မျိုးစေ့ကို ထျန့်ဖုန်းဧကရာဇ်ထံသို့ အပ်နှံစေ၏။

​တစ်ဖက်လူမှာ ချိပ်ပိတ်ဧကရာဇ်အဆင့် ဖြစ်သဖြင့် ကျန်းရီအနေဖြင့် ဝိညာဉ်မျိုးစေ့ကို စွန့်စား၍ တန်းမယူဝံ့ချေ။ မင်တိသာ ထိန်းချုပ်လိုက်ပါက ဒုက္ခလှလှတွေ့လိမ့်မည် မဟုတ်လော။

​ထျန့်ဖုန်းဧကရာဇ်ကို ထိန်းချုပ်စေခြင်းက သင့်တော်သည်။ ထျန့်ဖုန်းဧကရာဇ်သည်လည်း ဧကရာဇ်အဆင့် ဖြစ်သည့်အပြင် မင်တိထက် ပိုမို အစွမ်းထက်သော‌ကြောင့် မင်တိ ပြဿနာရှာမည်ကို စိုးရိမ်စရာ မလိုချေ။

​“အဆင်ပြေပါတယ်...”

​မင်တိ၏ ဝိညာဉ်မျိုးစေ့ကို လက်ခံရရှိပြီးနောက် မည်သည့် ပြဿနာမျှ မရှိကြောင်း ထျန့်ဖုန်းဧကရာဇ်က ခေါင်းညိတ်ပြလိုက်သည်။ ကျန်းရီက ထျန့်ဖုန်းဧကရာဇ်အား မင်တိ၏ ဦးနှောက်ထဲရှိ မှတ်ဉာဏ်တို့အား နှုတ်ယူစေ၏။ မင်တဲနှင့် အပေါင်းအပါများ ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်ထားခြင်း ရှိ၊ မရှိနှင့် ကောင်းကင်ဘုံရှိ အခြေအနေများကို အတည်ပြု စုံစမ်းစေသည်။

​အခြေအနေက အတော်လေး ကောင်းမွန်နေသည်။

​ကျန်းရီလည်း အခြေအနေများကို အတည်ပြုပြီးနောက် ထျန်းဖုန့်ဧကရာဇ်နှင့် မင်တိတို့ကို အပြင်သို့ ထုတ်၍ သူကိုယ်တိုင်လည်း ထွက်လာခဲ့သည်။ ထို့နောက် ကောင်းကင်ဘုံခုံရုံးကို သိမ်းပြီးနောက် ကျောက်စိမ်းအဆောင်ကို ထုတ်ကာ မှာကြားသည်။

“ထျန်းဖုန့်ဧကရာဇ်... ခင်ဗျားနဲ့ မင်တိ အရင်ဆုံး ကောင်းကင်ဘုံဆီ သွားကြ… ချုံခိုတိုက်ခိုက်တာ မရှိဘူးဆိုရင် ဒီကျောက်စိမ်းအဆောင်ကို ခွဲလိုက်… ကျွန်တော် ချက်ချင်း လိုက်လာခဲ့မယ်”

​“ကောင်းပြီ...”

ထျန်းဖုန့်ဧကရာဇ်က ကျန်းရီကို မကြည်မသာ ကြည့်နေသည်။ အန္တရာယ်များသော ကိစ္စတိုင်းအား သူ့ကိုသာ အမြဲ ခိုင်းစေသောကြောင့် မေးခွန်းထုတ်နေသည့် မျက်နှာအမူရာပင် ဖြစ်၏။

​“ဝီ...”

​ကျန်းရီ တမလွန်ဘုံဘုရင်နှစ်ပါးကို အပြင်သို့ ထုတ်လိုက်သည်။ သူ မင်တိအား မလိမ်ညာခဲ့ချေ။ ချီဟုန်သည် တမလွန်ဘုံဘုရင်ဆယ်ယောက်ကျော်အား ထိန်းချုပ်ထားပြီး ဖြစ်၏။ နှိပ်စက်စရာပင် မလိုဘဲ သူ၏ စွမ်းအားကြီး စိတ်ဝိညာဉ်များဖြင့် တိုက်ရိုက် ထိန်းချုပ်ထားသည်။

​တမလွန်ဘုံဘုရင် နှစ်ပါးက တမလွန်ဘုံချီများကို ထုတ်လွှတ်၍ တမလွန်ဘုံနတ်ဘုရား မန္တန်အစီအရင်ကို အသက်သွင်းလိုက်ကြသည်။ မကြာမီ မန္တန်အစီအရင် အသက်ဝင်လာပြီး ထျန့်ဖုန်းဧကရာဇ်နှင့် မင်တိတို့မှာ နေရာ‌ရွှေ့‌ပြောင်း မန္တန်အစီအရင်ထဲ၌ ပျောက်ကွယ်သွားကြတော့သည်။

​“ခွမ်း...”

​နာရီဝက်ခန့် ကြာပြီးနောက် ကျန်းရီလက်ထဲရှိ ကျောက်စိမ်းအဆောင် အက်ကွဲသွား၏။ ကျန်းရီလည် ချက်ချင်း တက်တက်ကြွကြွဖြင့် တမလွန်ဘုံနတ်ဘုရား အစီအရင်ထဲသို့ အလျင်အမြန် ပျံသန်းဝင်ရောက်သွားသည်။ လက်တစ်ဖက် ဝှေ့ရမ်းလိုက်ရာ တမလွန်ဘုံဘုရင် နှစ်ပါးလည်း ဝင်ရောက်လာပြီး တမလွန်ဘုံချီများ ထုတ်လွှတ်လျက် နေရာရွှေ့ပြောင်း မန္တန်အစီအရင်ကို အသက်သွင်းလိုက်ကြသည်။

​“ဝုန်း...”

မဟူရာ အလင်းတန်းများ တောက်ပလာပြီး ကျန်းရီ ကမ္ဘာရှိ အရောင်အသွေး အားလုံး ပျောက်ကွယ်သွားသည်။ သူနှင့် တမလွန်ဘုံဘုရင် နှစ်ပါးတို့ နေရာရွှေ့ပြောင်းသွားကြချေပြီ။ ပျက်စီးယိုယွင်းနေသော မြို့တစ်မြို့နှင့် ငရဲဘုံအလား ယိုယွင်းနေသော ကောင်းကင်ညီတူဘုံသာ ကျန်ရစ်ခဲ့တော့သည်။

​လေပိုးကောင် သန်းပေါင်းများစွာလည်း ကောင်းကင်ညီတူဘုံ၌ ကျန်ခဲ့သည်။ အင်အားကြီး တမလွန်ဘုံမျိုးနွယ်စုများ လာရောက် မကူညီပါက ကောင်းကင်ညီတူဘုံရှိ တမလွန်ဘုံမျိုးနွယ်အားလုံး လေပိုးကောင်များ၏ အစာ ဖြစ်သွားပေလိမ့်မည်။

…..

​ကျန်းရီ၏ ဦးခေါင်းမှာ ချာချာလည်နေသည်။ အချိန်တစ်ခုကြာသည်အထိ အမှောင်ထုအား ဖြတ်သန်းပြီးနောက်မှ အလင်းမှိန်မှိန်အား ပြန်လည် မြင်လာရသည်။

​“ဝုန်း...”

​သူသည် ချက်ချင်း ကောင်းကင်ဘုံခုံရုံးကို ထုတ်၍ အတွင်းသို့ ဝင်ရောက်လိုက်ပြီး ကောင်းကင်စိတ်အာရုံကို လျင်မြန်စွာ ဖြန့်ကျက်လိုက်သည်။

​“ဟင်...”

ကောင်းကင်​စိတ်အာရုံဖြင့် အာရုံခံပြီးနောက် သူက ခါးသီးစွာ ပြုံးလိုက်မိသည်။ မလိုအပ်ဘဲ သတိကြီးခဲ့မိပြီမဟုတ်လော။ ထျန့်ဖုန်းဧကရာဇ်သည် ကောင်းကင်မသေမျိုးမြို့တော် တစ်ခုလုံးကို ထိန်းချုပ်ထားပြီး ဧကရာဇ်အဆင့် တမလွန်ဘုရင် တစ်ပါးမှ မရှိတော့ချေ။

​ထျန့်ဖုန်းဧကရာဇ်ဘက်မှ စတင် တိုက်ခိုက်ခဲ့ပြီးချေပြီ။ သူသည် တမလွန်မျိုးနွယ်စုများကြောင့် အကြိမ်ကြိမ် သေလုမတတ် ညှဉ်းပန်းခံခဲ့ရဖူး၏။ နေရာရွှေ့ပြောင်းလာပြီးနောက် ဧကရာဇ်အဆင့်တမလွန်ဘုံဘုရင် မရှိကြောင်း သိသည်နှင့် အားကုန်ထုတ်ခဲ့ခြင်း ဖြစ်မည်။

​ထျန့်ဖုန်းဧကရာဇ်သည် ပြင်းထန်ရက်စက်စွာ တိုက်ခိုက်ခြင်းဖြင့် ကောင်းကင်မသေမျိုးမြို့အတွင်းရှိ ဧကရာဇ်တစ်ပိုင်းအဆင့်များနှင့် မရေမတွက်နိုင်သော တော်ဝင်မင်းမျိုးမင်းနွယ်များကို အကြီးအကျယ် သတ်ဖြတ်ခဲ့၏။ မြို့အတွင်း၌ သွေးများမှာ မြစ်တစ်စင်းကဲ့သို့ တဝေါဝေါ စီးဆင်းနေချေသည်။

ထပ်ဆောင်း ပြောနေစရာပင် မလိုတော့ပေ။

​လူသားမျိုးနွယ်နှင့် တမလွန်ဘုံမျိုးနွယ်စုတို့ကား သဘာဝအတိုင်း ဆန့်ကျင်ဘက် ဖြစ်ကြသည်။ တမလွန်ဘုံမျိုးနွယ်စု၏ မျိုးတုန်းသတ်ဖြတ်ခြင်းကို မခံလိုပါက တမလွန်မျိုးနွယ်စုများကိုသာ သတ်ဖြတ်ရမည် ဖြစ်သည်။ ကျန်းရီ၏ စိတ်နှလုံးသည် သံမဏိအလား မာကြောသန်မာ၏။ သူက လေပိုးကောင်များ၊ သစ်ပင်မိစ္ဆာများနှင့် ချီသံသားရဲတို့ကို ချက်ချင်း ထုတ်၍ တစ်ယောက်မကျန် သတ်ဖြတ်တော့သည်။

ကောင်းကင်ဘုံသည် အလွန်ကြီးမားသော ဘုံတစ်ခု ဖြစ်၏။ ကပ်လောက၏ အလယ်ဗဟိုတွင် တည်ရှိကာ ကောင်းကင်ဧကရာဇ် နန်းစံရာ ဖြစ်ခဲ့သည်။ သို့သော် ကောင်းကင်မသေမျိုးမြို့တော်ကိုမူ နောက်ပိုင်းမှ တည်ဆောက်ခဲ့၏။ ယခင်က ကောင်းကင်ဘုံခုံရုံး တည်ရှိခဲ့သော်လည်း ကောင်းကင်ဧကရာဇ်က များပြားလှသော နတ်စွမ်းအားတို့ကို သုံး၍ အသူရာတောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ထိုအချိန်က အကြီးဆုံးဘုံ ဖြစ်ခဲ့သော်လည်း တမလွန်ဘုံမျိုးနွယ်စုများက‌တော့ အလေးမထားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် တမလွန်ဘုံဧကရာဇ် အလွန်အမင်း မုန်းတီးသော ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ နန်းစံရာ ဖြစ်ခဲ့ဖူး၍ပင်။ ထို့ကြောင့် တမလွန်ဘုံ၏ အင်အားကြီးမျိုးနွယ်စု အတော်များများမှာ ဤနေရာတွင် နေထိုင်ရသည်ကို မနှစ်သက်ကြချေ။ ဤတစ်ကြိမ်တွင် မင်တဲက ဧရာမစစ်တပ်ကြီးနှင့် စွမ်းအားကြီး စစ်သည်တော်များကို စုဆောင်းသွားခဲ့သဖြင့် စောင့်ကြည့်အုပ်ချုပ်ရန် ဧကရာဇ်အဆင့် တမလွန်ဘုံဘုရင် တစ်ပါးမှ မကျန်ခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်ဘုံမြို့တော်၏ တော်ဝင်မိသားစုမှာ ခုခံနိုင်စွမ်း မရှိတော့ဘဲ အရပ်ရပ်သို့ ထွက်ပြေးနေကြသည်။ သို့သော် တော်ဝင်မိသားစုသည် အပြင်ဘက်ရှိ တမလွန်ဘုံစစ်တပ်များကို ထိန်းချုပ်ကာ တိုက်ခိုက်မှုများ ဆောင်ရွက်နေဆဲ ရှိ၏။

ချီသံသားရဲက စစ်မြေပြင် မိစ္ဆာကောင်ကြီးအဖြစ် ပြောင်းလဲကာ အတင်းအဓမ္မ ဝင်တိုက်နေပြီး သစ်ပင်မိစ္ဆာများကလည်း တမလွန်ဘုံမျိုးနွယ်စုများကို ရက်စက်စွာ ဆုတ်ဖြဲနေကြသည်။ လေပိုးကောင်များမှာမူ တိတ်ဆိတ်စွာဖြင့် တမလွန်ဘုံမျိုးနွယ်စုများအား တစ်သုတ်ပြီးတစ်သုတ် ဝါးမြိုနေကြသည်။

နာရီဝက်အတွင်း ကောင်းကင်မသေမျိုးမြို့မှာ အစိတ်စိတ်အမွှာမွှာ ပြိုလဲပျက်စီးသွားပြီး တော်ဝင်မိသားစုနှင့် တမလွန်ဘုံမျိုးနွယ်စုများ မရေမတွက်နိုင်အောင် သေကြေပျက်စီးကုန်ကြသည်။ ဤမြို့သည်လည်း ငရဲအဖြစ် ပြောင်းလဲသွားပြန်သည်။

​ကျန်းရီက ကောင်းကင်ဘုံအတွင်းတွင် ရပ်ကာ ချီသံသားရဲ၊ သစ်ပင်မိစ္ဆာများနှင့် လေပိုးကောင်တို့ သတ်ဖြတ်နေသည်ကို အေးစက်စွာ ကြည့်နေသည်။ ဤအခိုက်အတန့်တွင် သူ၏ အသတ်အဖြတ်စိတ်ဆန္ဒတို့က တဖြည်းဖြည်း အားလျော့လာ‌နေ၏။

​တမလွန်ဘုံမျိုးနွယ်စုများသည် ရက်စက်ကြမ်းကြုတ်ပုံပေါ်ပြီး လူသားမျိုးနွယ်အပေါ် ညှာတာမှုမရှိကြချေ။ သို့သော် နောက်ဆုံး၌ သူတို့သည်လည်း ထူးခြားသော မျိုးနွယ်စုတစ်ခု၊ သက်ရှိခန္ဓာကိုယ်တစ်ခုပင် ဖြစ်သည်။

မျိုးသုဉ်းသတ်ဖြတ်ခြင်းက သဘာ၀တရားကို လွန်ဆန်ခြင်းဖြစ်သလို စိတ်ကျေနပ်စေနိုင်သည့် အရာ မဟုတ်ပေ။ ထိုအစား ကျန်းရီ၏ စိတ်ထဲတွင် အလွန်အမင်း ရွံရှာမုန်းတီးစိတ်တို့ကိုသာ ဖြစ်ပေါ်စေ၏။

​“တော်လောက်ပါပြီ...”

​တစ်ရက်တိတိ သတ်ဖြတ်ပြီးနောက် ကောင်းကင်မြို့တော် တစ်ဝိုက် မိုင်သန်းပေါင်းများစွာအတွင်း တမလွန်ဘုံမျိုးနွယ်တစ်ယောက်မှ မရှိတော့ချေ။ ကျန်းရီက ချီသံသားရဲ၊ သစ်ပင်မိစ္ဆာများကို ပြန်လာစေပြီး လေပိုးကောင် သန်းပေါင်းများစွာကိုသာ ဆက်လက်ဖျက်ဆီးရန် ချန်ထားခဲ့သည်။

​သူသည် တခဏ စဉ်းစားပြီးနောက် တမလွန်ဘုံနတ်ဘုရား မန္တန်အစီအရင်ထဲတွင် ရပ်နေသော တမလွန်ဘုံဘုရင် နှစ်ပါးထံ အသံပို့လွှတ်လိုက်၏။

“မင်းတို့ ကောင်းကင်ဘုံဆီ သွားပြီး ကောင်းကင်ချီဘုံနဲ့ ကောင်းကင်မသေမျိုးဘုံရဲ့ အခြေအနေတွေကို မင်တဲဆီ သွားပြော…. ဒါ့အပြင် ငါ တမလွန်ဘုံဆီ သွားဖို့ ပြင်နေတာပါ ပြောလိုက်… သူ စစ်တပ်ကို မရုပ်သိမ်းရင် ငါ တမလွန်ဘုံကို ဖျက်ဆီးပစ်မယ်”

​တမလွန်ဘုံသည် ကပ်လောက၏ အဓိကဘုံဆယ်ဘုံထဲမှ တစ်ဘုံ ဖြစ်ပြီး တမလွန်ဘုံသားများ၏ အခြေခံ အုတ်မြစ်လည်း ဖြစ်၏။ မင်ကုက သတင်းလက်ခံရရှိသည်နှင့် စစ်တပ်အား မရုပ်သိမ်းဘဲ နေမည်မဟုတ်။ ထိုသို့ဆိုပါက မိုးပြာမဟာဧကရာဇ်ဘက်မှ အပြတ်အသတ် အောင်ပွဲခံနိုင်ပေလိမ့်မည်။

​“မိုးပြာမဟာဧကရာဇ်... ကျုပ် ခင်ဗျားအတွက် ဒီလောက်ပဲ လုပ်ပေးနိုင်မယ်”

ကျန်းရီ ကောင်းကင်ဘုံခုံရုံးအတွင်း၌ ရပ်လျက် တမလွန်ဘုံဘုရင်နှစ်ပါး နေရာရွှေ့ပြောင်း ထွက်ခွာသွားသည်ကို ကြည့်နေမိသည်။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဒီလို အလေးသာတဲ့ အခြေအနေမျိုးမှာတောင် အနိုင်မယူနိုင်ဘူးဆိုရင် ကောင်းကင်ဧကရာဇ်ပလ္လင်ပေါ်မှာ မထိုင်သင့်ဘူး… သတိကြီးကြီး နေပြီး တမလွန်ဘုံဧကရာဇ်ရဲ့ ထောင်ချောက်ထဲမှာ သေမသွားစေဖို့ မျှော်လင့်တယ်… တမလွန်ဘုံမျိုးနွယ်ကို တကယ် မျိုသုဥ်းသတ်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ ကောင်းကင်ဧကရာဇ်ရာထူးကို ပေးမယ်”

အပိုင်း ၂၀၂၉ အရှေ့ကို တိုးဝင်၍ အနောက်သို့ ပြန်ကြည့်လျှင်

ကောင်းကင်စကြ၀ဠာဘုံ၏ အခြေအနေတစ်ခုလုံး အလွန် ပြင်းထန်ရက်စက်နေသည်။

တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်ရက်ကျော်ပြီ ဖြစ်သော်လည်း နှစ်ဖက်လုံးရှိ ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များ လှုပ်ရှားမလာကြသေးချေ။ သာမန်စစ်သည်များသာ တိုက်ပွဲဝင်နေကြရာ ဆန်းကြယ်နယ်မြေ သုံးခုလုံးမှာ အသားကြိတ်စက်ကြီးများအလား ဖြစ်နေတော့သည်။

မိုးပြာမဟာဧကရာဇ်သည် ရူးသွပ်အရှင်၊ ကျောက်တုံးအရှင်၊ ငွေအရှင်တို့နှင့်အတူ ကောင်းကင်စကြ၀ဠာဘုံကို ဖိအားပေး ခြိမ်းခြောက်ထား၏။ စစ်တပ်ကြီးသုံးခုတွင် ဧကရာဇ်အဆင့်သိုင်းသမား များများစားစား မရှိချေ။ ဆန်းကြယ်နယ်မြေတစ်ခုစီ၌ ဧကရာဇ်အဆင့် တမလွန်ဘုရင်နှစ်ပါးစီသာ ရှိကြသည်။ အရေးကြီးဆုံးအချက်က ထိုနေရာတွင် 'တမလွန်ဘုံဧကရာဇ်စစ်တပ်' အချို့ ရှိနေခြင်းပင်။ တမလွန်ဘုံဧကရာဇ်စစ်တပ်ဆိုသည်မှာ တမလွန်ဘုံဧကရာဇ်၏ ကိုယ်ရံတော်စစ်တပ် ဖြစ်ပြီး တမလွန်ဘုံမျိုးနွယ်ဝင်များ မဟုတ်ဘဲ လူသားများဖြစ်၏။

တမလွန်ဘုံဧကရာဇ်စစ်တပ်သည် တမလွန်ဘုံတွင် ကြောက်မက်ဖွယ်အကောင်းဆုံး စစ်တပ်ဖြစ်ပြီး ၎င်းနှင့် ယှဉ်နိုင်သည့် စစ်တပ် မရှိချေ။

ဤစစ်တပ်တွင် အင်အားတစ်သိန်းသာ ရှိသော်လည်း ထိုသူတို့က လူသားတမလွန်ဘုံကျွန်များ ဖြစ်ကြ၏။ သူတို့ထဲမှ အားအနည်းဆုံးသူများပင်လျှင် မိစ္ဆာအဖြစ် မပြောင်းလဲခင်က ဘုရင်အဆင့် ရှိခဲ့ကြသည်။ ထိုဘုရင်အဆင့်ပုဂ္ဂိုလ်များကို တမလွန်ဘုံဧကရာဇ်ကိုယ်တိုင် သန့်စင်ထားသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ညီမျှ၏။ ကြောက်မက်ဖွယ်ကောင်းသော တမလွန်မိစ္ဆာသေခြင်းအရှိန်အဝါများကိုလည်း ပိုင်ဆိုင်ထားသဖြင့် အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။

တမလွန်ဘုံဧကရာဇ်စစ်တပ်ကား စွမ်းအားကြီးရုံသာမက တမလွန်နတ်ဘုရား ကိုယ်ရံတော်ဆယ်ပါးလည်း ပါဝင်သေး၏။ သူတို့သည် မသေခင်က ဘုရင်အဆင့်ပုဂ္ဂိုလ်များ ဖြစ်ကြပြီး တမလွန်ဘုံဧကရာဇ်ကိုယ်တိုင် သတ်ဖြတ်သန့်စင်ခဲ့ရာ အတိုက်အခိုက်စွမ်းရည်က ရူးသွပ်အရှင်နှင့် ယန်အရှင်တို့အောက် အားမနည်းချေ။

မင်တဲသည် တမလွန်ဘုံဧကရာဇ်စစ်တပ်မှ စစ်သည်ခြောက်သောင်းနှင့် တမလွန်နတ်ဘုရား ကိုယ်ရံတော်ခြောက်ပါးကို စုစည်းခဲ့သည်။ ထို့ကြောင့် လျှို့ဝှက်နယ်မြေတစ်ခုစီတွင် ဧကရာဇ်အဆင့် အင်အားကြီးပုဂ္ဂိုလ် လေးပါးအထိ ရှိ၏။ လူသားမျိုးနွယ် စစ်တပ်မှာတော့ သုံးဖက်ခွဲထားပြီး တစ်ဖက်လျှင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်နှစ်ပါးပင် မပြည့်ချေ။

တမလွန်ဘုံ၏ ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များက တိုက်ပွဲမဝင်သဖြင့် လူသားမျိုးနွယ်ဘက်မှ ဧကရာဇ်အဆင့်တို့ကလည်း အကြောင်းမဲ့ ရန်မစကြပေ။

ကံကောင်းစွာဖြင့် လူသားစစ်တပ်မှာ အသာစီးရထားပြီး ဖြစ်သည်။ လျှို့ဝှက်နယ်မြေသုံးခုကို ပိတ်ဆို့ တိုက်ခိုက်နေရသဖြင့် အကျအဆုံး များပြားသော်လည်း လူသားတစ်ယောက် သေဆုံးတိုင်း တမလွန်ဘုံ၏ ထိပ်တန်းစစ်သည် သုံး၊ လေးယောက်ကို သုတ်သင်နိုင်သည်။

နှစ်ရက်ကျော်သည်အထိ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် လျှို့ဝှက်နယ်မြေသုံးခုအတွင်းရှိ တမလွန်ဘုံစစ်သည် သန်းကိုးဆယ်မှာ ထက်ဝက်ခန့် သေကြေပျက်စီးသွားခဲ့ချေပြီ။ လူသားမျိုးနွယ်လည်း စစ်သည်သန်းနှစ်ဆယ် ဆုံးရှုံးခဲ့၏။

တမလွန်ဘုံသားများတွင် အမိန့်ကို မြေဝယ်မကျ နာခံတတ်သည့် အရည်အချင်းကောင်းတစ်ခု ရှိ၏။ အဆင့်နိမ့် တမလွန်ဘုံသားများဆိုလျှင် အဆင့်မြင့် တမလွန်ဘုံသားများကို မွေးကတည်းက ကြောက်ရွံ့ကြရသည်။ မင်တဲသည် တမလွန်ဘုံဧကရာဇ်အား ကိုယ်စားပြုသူ ဖြစ်သဖြင့် မင်တဲ၏အမိန့်က တမလွန်ဘုံဧကရာဇ်၏ အမိန့်ပင် ဖြစ်၏။ သူက စစ်တပ်တစ်ခုလုံးကို အသေခံတိုက်ရန် အမိန့်ပေးထားရာ အဘယ်သို့ပြု၍ ဆုတ်ခွာဝံ့တော့မည်နည်း။

လူသားမျိုးနွယ်၏ ဖိနှိပ်တိုက်ခိုက်မှုကြောင့် မရေမတွက်နိုင်အောင် သေကြေကျဆုံးနေကြသော်လည်း ဆန်းကြယ်နယ်မြေ သုံးခုအတွင်းရှိ တမလွန်ဘုံသားများမှာ မဆုတ်ခွာကြချေ။ ဆန်းကြယ်နယ်မြေ သုံးခုအတွင်းရှိ တမလွန်ဘုံသားအားလုံးကို မသတ်ဖြတ်နိုင်ပါက ကောင်းကင်စကြ၀ဠာဘုံကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ တမလွန်ဘုံစစ်တပ်အားလုံးကို အမြစ်ပြတ်ချေမှုန်းမည် ဆိုပါကလည်း လူသားမျိုးနွယ်၏ ထိပ်တန်းစစ်သည်‌တော် ဆယ်သန်းကျော် ထပ်မံ သေဆုံးရမည့်ပုံပင်။

စစ်သူကြီးတချို့ စိုးရိမ်သောကရောက်နေကြသည်။ ဗျူဟာပရိယာယ် ကြွယ်ဝလှသည့် ရှားယွီပင်လျှင် ကူကယ်ရာမဲ့ ဖြစ်နေသည်။ တမလွန်ဘုံသားများက ဆန်းကြယ်နယ်မြေ သုံးခုအတွင်း၌ အသေပိတ်ဆို့ ခုခံနေကြသည့်အပြင် မည်သည့်နည်းနှင့်မှ မျှားခေါ်၍ မရချေ။ ထို့ကြောင့် ထိုးစစ်ဆင်ရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။

မိုးပြာမဟာဧကရာဇ်မှာလည်း အကျပ်ရိုက်နေသဖြင့် အဆက်မပြတ် ထိုးစစ်ဆင်၍ ဆန်းကြယ်နယ်မြေသုံးခုအတွင်းရှိ စစ်တပ်များကို အမြစ်ဖြုတ် ချေမှုန်းရန်သာ အမိန့်ပေးလိုက်တော့သည်။

ထိုသို့ အပြင်းအထန် တစ်ပြိုင်နက် ထိုးစစ်ဆင်နေချိန်တွင် ကောင်းကင်စကြ၀ဠာဘုံ အနောက်အရပ်မှ တမလွန်ဘုံစစ်တပ်များ အလုံးအရင်းနှင့် ထွက်ပေါ်လာ၏။ သို့သော် တမလွန်ဘုံဧကရာဇ်ကိုယ်တိုင် ပေါ်မလာဘဲ ဧကရာဇ်တစ်ပိုင်းအဆင့် တမလွန်ဘုံဘုရင်အချို့ကိုသာ ဦးဆောင်စေလွှတ်ထားသည်။

ကင်းထောက်များက ရန်သူ့လှုပ်ရှားမှုများကို ချက်ချင်းပင် စုံစမ်းထောက်လှမ်းမိကြ၏။ မိုးပြာမဟာဧကရာဇ်လည်း သတင်းရသည်နှင့် မလှုပ်ရှားဘဲ ကင်းထောက်များကိုသာ ဆက်လက် စုံစမ်းစေသည်။

တမလွန်ဘုံသားများ ပိုမို စုဝေးလာပြီး အရေအတွက်မှာ သန်းနှစ်ဆယ်အထိ ရောက်လာ၏။ နောက်ဆုံး၌ မိုးပြာမဟာဧကရာဇ် လှုပ်ရှားလိုက်သည်။ သူသည် ရူးသွပ်အရှင်၊ ကျောက်တုံးအရှင်၊ ငွေအရှင်တို့ကို ဦးဆောင်၍ စစ်တပ်အား ခြောက်လှန့်မည်ဖြစ်၏။ ထိုစစ်တပ်ကြီးသာ ဆက်လက် စုဝေးခြင်း သို့မဟုတ် လူသားစစ်တပ်ကို လာရောက်တိုက်ခိုက်ခြင်း ပြုလာပါက မိုးပြာမဟာဧကရာဇ်အနေဖြင့် လက်ဦးမှုယူကာ တိုက်ခိုက်ရပေတော့မည်။

ကောင်းကင်စကြ၀ဠာဘုံကား ကျယ်ပြောလှ၏။ မိုးပြာမဟာဧကရာဇ်၏ အရှိန်အဟုန်နှင့်ပင် အခြားတစ်ဖက်သို့ ရောက်ရန် နေ့တစ်ဝက်ခန့် ကြာလေသည်။

မိုးပြာမဟာဧကရာဇ် ပျံသန်းထွက်ခွာသွား၍ နေ့တစ်ဝက်ကြာပြီးနောက် အရှေ့ဘက်မှလည်း စစ်တပ်များ ထပ်မံ ထွက်ပေါ်လာပြန်၏။ မင်တဲကို အရိပ်အယောင်ပင် မမြင်ရသေးချေ။ တမလွန်ဘုံဘုရင် ရာအနည်းငယ်ကသာ တပ်ဖွဲ့များကို ဦးဆောင်လာသည်။ အင်အားကြီးပုဂ္ဂိုလ်များ မပါဝင်ဘဲ စစ်သည်တော်များသာ တရစပ် ထွက်ပေါ်လာနေသည်။

အနောက်အရပ်သို့ ရောက်ခါစ မိုးပြာမဟာဧကရာဇ်မှာ သတင်းရသည်နှင့် ဒေါသူပုန်ထသွားတော့သည်။ မင်တဲသည် အာရုံလွှဲပြောင်းသည့် စစ်ဗျူဟာကို သုံးနေခြင်း မဟုတ်ပါလာ။ မိုးပြာမဟာဧကရာဇ်လည်း ဒေါသတကြီးဖြင့် ကျောက်တုံးအရှင်၊ ရူးသွပ်အရှင်နှင့် ငွေအရှင်တို့ကို ဦးဆောင်ကာ အနောက်အရပ်ရှိ အင်အားသန်းနှစ်ဆယ်ကျော် စစ်တပ်ကြီးအား တိုက်ခိုက်နေချေသည်။

ထိုအင်အား သန်းနှစ်ဆယ်ရှိ‌သော စစ်တပ်ကြီးသည် ကြောက်လန့်တကြား ဆုတ်ခွာမသွားဘဲ သူတို့လေးယောက်ကို သွေးရူးသွေးတန်း တိုက်ခိုက်လာကြသဖြင့် မိုးပြာမဟာဧကရာဇ်တို့ အံ့ဩသွားရ၏။ ရည်ရွယ်ချက်က သူတို့ကို အချိန်ဆွဲထားရန်ဖြစ်ကြောင်း သိသာလှပေသည်။

“ပြန်ဆုတ်ကြ”

ဤအဆင့်နိမ့် တမလွန်ဘုံတပ်ဖွဲ့များကို သတ်ဖြတ်နေခြင်းက မည်သည့်အဓိပ္ပာယ်မှ မရှိပေ။ မိုးပြာမဟာဧကရာဇ်အနေဖြင့် ဤသန်းနှစ်ဆယ်စစ်တပ်ကြီးကို နာရီပိုင်းအတွင်း အမြစ်ပြတ် ချေမှုန်းနိုင်သော်လည်း ထိုအချိန်က မင်တဲအတွက် လူသားစစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်ရန် လုံလောက်ပေသည်။

“မိုးပြာမဟာဧကရာဇ် ခွေးအိုကြီး... ရောက်လာမှတော့ ပြန်ဖို့ မစဉ်းစားနဲ့”

မိုးပြာမဟာဧကရာဇ်တို့ ဝိုင်းရံပိတ်ဆို့မှုအတွင်းမှ ဖောက်ထွက်ရန် ပြင်ဆင်နေချိန် မဟူရာတိမ်တိုက်ကြီးများက အဝေးမှ တလိပ်လိပ် တက်လာချေပြီ။ ချီတက်လာနေသည့် စစ်တပ်အရေအတွက်က မများပြားသော်လည်း အားလုံးမှာ တမလွန်ဘုံဧကရာဇ်စစ်တပ်များ ဖြစ်ကြသည်။ တမလွန်နတ်ဘုရား ကိုယ်ရံတော်နှစ်ပါးနှင့် ဧကရာဇ်အဆင့် တမလွန်ဘုံဘုရင်တစ်ပါးဖြစ်သူ မင်လွန်တို့က ဦးဆောင်လာကြ၏။

“ဒီခွေးအိုကြီးကို သတ်ကြ”

မင်လွန် ဟစ်ကြွေးလိုက်သည်နှင့် တမလွန်ဘုံဧကရာဇ်စစ်သည်တော် တစ်သောင်းခန့် အလုံးအရင်း ပြေးဝင်လာကြသည်။ တမလွန်နတ်ဘုရား ကိုယ်ရံတော်နှစ်ပါးက အနက်ရောင် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်၍ မဟူရာလှံရှည်များကို ကိုင်ဆောင်ထားကြ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် တမလွန်မိစ္ဆာတို့၏ သေခြင်းအရှိန်အဝါတို့ လှည့်ပတ်နေကြသည်။ သူတို့၏ မျက်ဝန်းများက အသက်မဲ့၍ မွဲခြောက်နေသော်လည်း ကြည့်လိုက်ရုံဖြင့် ရင်ထိတ်သွားစေနိုင်သည့် ထူးဆန်းသော စွမ်းအားတစ်ရပ်ကို ပိုင်ဆိုင်ထားကြသည်။

အင်အားတစ်သောင်းခန့် ရှိ‌သော ဧကရာဇ်တစ်ပိုင်းအဆင့်၊ ဧကရာဇ်အဆင့်ပုဂ္ဂိုလ် သုံးပါးနှင့် တမလွန်နတ်ဘုရား ကိုယ်ရံတော်နှစ်ပါး ရောက်လာသော်လည်း မိုးပြာမဟာဧကရာဇ်ကတော့ အလွယ်တကူ ဖောက်ထွက်နိုင်သည်။ သို့သော် ရူးသွပ်အရှင်၊ ကျောက်တုံးအရှင်နှင့် ငွေအရှင်တို့အတွက်တော့ အတော်လေး ခက်ခဲသွားပေသည်။ ထိုမျှသာမက မင်တဲက ချုံခိုတိုက်ခိုက်လာနိုင်ခြေ ရှိသေးသည်။ မိုးပြာမဟာဧကရာဇ် တစ်ယောက်တည်း လွတ်မြောက်သွားပြီး ရူးသွပ်အရှင်၊ ငွေအရှင်နှင့် ကျောက်တုံးအရှင်တို့ ထောင်ချောက်ဆင် တိုက်ခိုက်ခံလိုက်ရပါက .... မည်သို့ဖြစ်မည်နည်း။

“သတ်ကြ”

မိုးပြာမဟာဧကရာဇ်လည် တမလွန်ဘုံဧကရာဇ်စစ်သည်တစ်သောင်းနှင့် ဧကရာဇ်အဆင့်စစ်သည်တော် သုံးပါးစလုံးကို ချေမှုန်းသုတ်သင်ရန် ချက်ချင်း ဆုံးဖြတ်ချလိုက်၏။ ရှားယွီတို့အနေဖြင့် စစ်တပ်အား ဝိုင်းရံတိုက်ခိုက်ခံရလျှင်တောင်မှ အချိန်တိုအတွင်း အရေးနိမ့်သွားမည် မဟုတ်ချေ။ စစ်သည်အချို့သာ ထပ်မံဆုံးရှုံးရပေလိမ့်မည်။

“မိုးပြာမဟာဧကရာဇ် ခွေးအိုကြီး… တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာပြီ… မြန်မြန်သေစမ်း”

ဟိန်းဟောက်သံ ထွက်ပေါ်လာသော်လည်း အရိပ်အယောင်ကိုတော့ မမြင်ရချေ။ ကောင်းကင်စကြဝဠာဘုံ အပြင်တွင် အနက်ရောင်မြူခိုးများ ဖုံးလွှမ်းအုပ်မိုးကာ ဧရာမမျက်နှာကြီးများအဖြစ် ပြောင်းလဲစုစည်းသွားသည်။ မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများမှာ ၎င်းကို မြင်လျှင် မျက်ဝန်းများ အေးစက်သွားကြသည်။ ထိုမျက်နှာကြီးများမှာ မင်တဲနှင့် အခြားတမလွန်ဘုံဘုရင်များ ဖြစ်ကြသော်လည်း ပုံရိပ်ယောင်မျက်နှာများသာ ဖြစ်၏။ သူတို့၏ ပုံဿဏ္ဌာန်အစစ်အမှန်ကို မမြင်ရသလို မည်သည့်လှုပ်ရှားမှုမှလည်း မရှိကြချေ။

ပုံရိပ်ယောင်နှင့် အရှိတရားတို့ ရောထွေးနေ၏။

မိုးပြာမဟာဧကရာဇ်သည် မင်တဲနှင့် အခြားသူများအား မကြောက်ရွံ့ပေ။ တမလွန်ဘုံဧကရာဇ် ပြန်လည်ထွက်ပေါ်လာလျှင်တောင်မှ မှုမည်မဟုတ်။ မင်တဲ၏ ခန္ဓာအစစ်အမှန်ကိုသာ စိုးရိမ်မိ၏။ ဤနေရာတွင် ရှိနေပါက ကိစ္စမရှိသော်လည်း အရာအားလုံးက ပုံရိပ်ယောင်များ ဖြစ်နေပြီး ခန္ဓာအစစ်ကတော့ ရှားယွီ၏ စစ်တပ်ထံ သွားရောက်နေမည်ကို ကြောက်ရွံ့နေမိသည်။

“ဖောက်ထွက်မယ်”

မိုးပြာမဟာဧကရာဇ်သည် တိုက်ခိုက်လိုစိတ် မရှိ၍ အရှင်သုံးပါးကို ဦးဆောင်ကာ ဖောက်ထွက်ရန် ပြင်လိုက်၏။ သို့သော် တမလွန်နတ်ဘုရား ကိုယ်ရံတော်နှစ်ပါးက သူ့ကို ထိပ်တိုက် မရင်ဆိုင်ဘဲ ငွေအရှင်၊ ရူးသွပ်အရှင်နှင့် ကျောက်တုံးအရှင်တို့ကိုသာ အဝေးမှ တိုက်ခိုက်နေကြသည်။ မင်လွန်ကလည်း အနက်ရောင်တိမ်တစ်စုအဖြစ် ပြောင်းလဲလျက် နေရာအနှံ့ ပျံသန်းနေ၏။ တမလွန်ဘုံဧကရာဇ်စစ်တပ်နှင့် တမလွန်ဘုံတပ်ဖွဲ့များအတွင်း၌ ပုန်းအောင်းကာ ရူးသွပ်အရှင်တို့ကို ချုံခိုက်တိုက်ရန် အသင့်ဖြစ်နေသည်။

“အချိန်ဆွဲတဲ့ ဗျူဟာပဲ”

မိုးပြာမဟာဧကရာဇ် သဘောပေါက်သွားချေပြီ။ မင်တဲနှင့် အခြားသူများမှာ ပုံရိပ်ယောင်များသာ ဖြစ်ပြီး ခန္ဓာအစစ်အမှန်က ရှားယွီတို့ထံ သွားနေလိမ့်မည်။ မင်လွန်၊ တမလွန်နတ်ဘုရား ကိုယ်ရံတော် နှစ်ပါး၊ တမလွန်ဘုံဧကရာဇ်စစ်သည် တစ်သောင်းနှင့် တမလွန်ဘုံစစ်သည်သန်းနှစ်ဆယ်၏ ရည်ရွယ်ချက်က ရှင်းလင်းလှသည်။ ရူးသွပ်အရှင်၊ ကျောက်တုံးအရှင်နှင့် ငွေအရှင်တို့ကို အချိန်ဆွဲ ထိန်းထားရန်ပင် ဖြစ်၏။

သူသာ ဤသုံးယောက်ကို ပစ်ထားခဲ့ပါက မင်လွန်တို့အဖွဲ့က အလွယ်တကူ သတ်ဖြတ်လိုက်ပေလိမ့်မည်။ သူဝင်တိုက်ပါက ဤနေရာမှ ဖောက်ထွက်ရန် အချိန်အနည်းငယ် လိုအပ်၏။

သေချာအကွက်ဆင်ထားတာပဲ

မင်တဲသည် တမလွန်ဘုံဧကရာဇ်၏ မျိုးဆက်ဟူသော ဂုဏ်သတင်းနှင့် ထိုက်တန်ပေသည်။ ဤဗျူဟာကား အပြစ်ပြောစရာ မရှိချေ။ မိုးပြာမဟာဧကရာဇ်ပင်လျှင် ချက်ချင်း ဖြေရှင်းရန် နည်းလမ်းကို မစဉ်းစားနိုင်သဖြင့် တမလွန်ဘုံဧကရာဇ်စစ်တပ်ကိုသာ အရင်ဆုံး သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

သို့သော် မိုးပြာမဟာဧကရာဇ်ကို အလွန်တရာ စိတ်ပျက်သွားစေသည့် အချက်တစ်ချက် ရှိ၏။

တမလွန်ဘုံဧကရာဇ်စစ်တပ်သည် အစပိုင်းတွင် အရှိန်အဟုန်ပြင်းစွာ ချီတက်လာသော်လည်း တမလွန်ဘုံစစ်သည်တော်များ လိုက်မှီလာသည်နှင့် တမလွန်ဘုံစစ်တပ်ကြီးအတွင်းသို့ ရောနှောဝင်ရောက်သွားကြ၏။ မိုးပြာမဟာဧကရာဇ်အနေဖြင့် တမလွန်ဘုံဧကရာဇ်စစ်တပ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် မဖြစ်နိုင်ချေ။ တမလွန်နတ်ဘုရား ကိုယ်ရံတော်နှစ်ပါးနှင့် မင်လွန်တို့ကလည်း သူ့အနား လုံး၀မကပ်ကြချေ။ သူ တိုက်ခိုက်ရန် ပြင်လိုက်တိုင်း မင်လွန်က မရေမတွက်နိုင်သော တမလွန်ဘုံသားများကို ပိုးဖလံများအလား သူ့ဆီ ပြေးဝင်စေ၏။

“တောင့်ခံထားကြ... မင်းတို့ မဖြစ်မနေ တောင့်ခံကြရမယ်… နေ့တစ်ဝက်ကုန်ရင် ငါ ပြန်ရောက်မှာပါ”

မိုးပြာမဟာဧကရာဇ်မှာ အဆုံးမရှိအောင် များပြားလှသော တမလွန်ဘုံစစ်တပ်ကြီးကို ကြည့်၍ အံကြိတ်လိုက်သည်။ သူက ရူးသွပ်အရှင်၊ ကျောက်တုံးအရှင်နှင့် ငွေအရှင်တို့ကို ဦးဆောင်ကာ ပိတ်ဆို့ထားခြင်းမှ တစ်လှမ်းချင်း ဖောက်ထွက်နေ၏။ သူ၏ နှလုံးသားထဲတွင်မူ လေးလံနေသည်။ သူ့လမ်းကို ဤစစ်တပ်ကြီး ပိတ်မထားလျှင်တောင်မှ ပြန်ရောက်ရန် နေ့ဝက်ခန့် ကြာပေလိမ့်မည်။ ထိုအချိန်အတွင်း မင်တဲသာ စစ်မျက်နှာ အပြည့်ဖွင့်၍ တိုက်ခိုက်လာပါက သွေးပင်လယ်ကြီး ဖုံးလွှမ်းသွားပေလိမ့်မည်။

All Chapters