အခန်း (၂၀၃၀-၂၀၃၁)
Vol. 146 Ch. 2030-2031
အပိုင်း ၂၀၃၀ ကယ်တင်ရှင်
ကောင်းကင်စကြဝဠာဘုံ၏ အရှေ့အရပ်၌ အမှန်တကယ်ပင် သွေးပင်လယ်ကြီး စီးဆင်းနေချေပြီ။
မင်တဲကိုယ်တိုင် စစ်သည်အင်အား သန်းနှစ်ရာတိတိရှိသည့် စစ်တပ်ကြီးကို ဦးဆောင်လာသည့်အပြင် ဧကရာဇ်အဆင့် တမလွန်ဘုံဘုရင်အားလုံး ပါဝင်၏။ မင်တဲသည် ကောင်းကင်စကြဝဠာဘုံကိုသာ အသေပိတ်ဆို့ ခုခံလိမ့်မည်ဟု မိုးပြာမဟာဧကရာဇ် ထင်မှတ်ထားခဲ့သော်လည်း အင်အားအလုံးစုံ စုစည်းလိုက်ရုံသာမက ကောင်းကင်စကြဝဠာဘုံကိုပါ စွန့်လွှတ်ရန် ပြင်ဆင်ထားသည်ကိုတော့ မသိရှိခဲ့ချေ။
မိုးပြာမဟာဧကရာဇ် ဤနေရာတွင် ရှိနေသရွေ့ တမလွန်ဘုံဧကရာဇ် ပြန်လည်ထွက်ပေါ်မလာပါက ကောင်းကင်စကြဝဠာဘုံသည် အနှေးနှင့်အမြန် ကျဆုံးပေလိမ့်မည်။ မင်တဲကလည်း ဤအချက်ကို ကောင်းစွာသဘောပေါက်သဖြင့် ကောင်းကင်စကြဝဠာဘုံကို ခုခံရန် တစ်ကြိမ်တစ်ခါမှ မစဉ်းစားခဲ့ချေ။ တမလွန်ဘုံဧကရာဇ် မထွက်ပေါ်လာလျှင် တမလွန်ဘုံမှလွဲ၍ အခြားသော ဘုံအားလုံး ပြိုလဲမည်ဖြစ်ကြောင်း မင်တဲ ကောင်းကောင်းသိ၏။
မိုးပြာမဟာဧကရာဇ်အား တားဆီး၍ မရနိုင်သဖြင့် မင်တဲအနေဖြင့် ထိပ်တိုက်မရင်ဆိုင်ရဲချေ။ ထို့ကြောင့် ခုခံနေပါကလည်း အချည်းနှီးသာ။ လူသားတပ်ဖွဲ့များကို သတ်ဖြတ်လိုက်ခြင်းက ပို၍ အကျိုးရှိ၏။ မိုးပြာမဟာဧကရာဇ်တစ်ဦးတည်း တမလွန်ဘုံသို့ သွားရောက်တိုက်ခိုက်မရနိုင်သည် မဟုတ်ပါလော။
မိုးပြာမဟာဧကရာဇ် အတွက်မှားသွားခဲ့လေပြီ။ မင်တဲသည် ကောင်းကင်စကြဝဠာဘုံကို အသေပိတ်ဆို့ ခုခံလိမ့်မည်ဟု သူ ထင်ထားခဲ့သလို မင်တဲ ကနဦး ပြင်ဆင်ခဲ့သည့် စစ်ဗျူဟာမှာလည်း ထိုအတိုင်းသာ ဖြစ်၏။ ယင်းက မိုးပြာမဟာဧကရာဇ်ကို လမ်းမှားစေကာ ကောင်းကင်စကြဝဠာဘုံ၏ အနောက်အရပ်သို့ အလွယ်တကူ သွားရောက်စေခဲ့သည်။
စစ်သည်အင်အား သန်းနှစ်ရာနှင့် အင်အားကြီးပုဂ္ဂိုလ်အားလုံး စုစည်းလာသည့်အပြင် ဆန်းကြယ်နယ်မြေသုံးခုအတွင်းရှိ တမလွန်ဘုံသားများပါ ပေါင်းထည့်လိုက်ပါက အရေအတွက်ကား အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။
ထိုစဥ် လူသားစစ်တပ်သုံးခုမှာ ဆန်းကြယ်နယ်မြေ သုံးခုကို ပိတ်ဆို့တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူတို့သည် ချက်ချင်း သတင်းရခဲ့သော်လည်း နယ်မြေအတွင်းရှိ တမလွန်ဘုံသားများက အသက်စွန့်ကာ သည်းသည်းမည်းမည်း တိုက်ခိုက်နေသဖြင့် ချက်ချင်း ရုန်းထွက်မရနိုင် ဖြစ်နေ၏။ သူတို့အားလုံး မဆုတ်ခွာနိုင်ခင်မှာပင် မင်တဲ၏ တမလွန်ဘုံစစ်တပ်ဖြင့် ဝန်းရံပိတ်ဆို့ခြင်း ခံလိုက်ရတော့သည်။
မိုးပြာမဟာဧကရာဇ် မရှိသဖြင့် လူသားစစ်တပ်မှာ ခေါင်းဆောင်မဲ့နေသ၏။ မင်တဲ၏ စစ်တပ်မှာလည်း အရေအတွက်များလွန်းပြီး လူသားစစ်တပ်ထက် အင်အားနှစ်ဆ ရှိသည်။ လူသားမျိုးနွယ်မှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသဖြင့် ဗျူဟာတို့ ပြိုလဲကာ စစ်ရှုံးလုနီးပါးဖြစ်လာ၏။
ဤသို့ သေရေးရှင်ရေး အခြေအနေတွင် ရှားယွီက ဆန်းကြယ်နယ်မြေတစ်ခုကို ပြန်လည်ထိုးစစ်ဆင်၍ မိုးပြာမဟာဧကရာဇ် ပြန်လာသည်အထိ အသက်စွန့်တောင့်ခံထားရန် စစ်တပ်တစ်ခုလုံးအား တည်ငြိမ်စွာ အမိန့်ပေးထားသည်။ စစ်တပ်ကြီး၏ အလယ်ဗဟို၌ မိုးပြာမဟာဧကရာဇ်သာ မင်တဲကို ကွပ်မျက်နိုင်ပါက လူသားမျိုးနွယ်အနေဖြင့် စစ်ပွဲရေချိန်အား ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။
ချီလင်းအရှင်မက ရှားယွီ၏ စစ်ဗျူဟာကို လက်ခံသည့်အပြင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် ယန်အရှင်တို့ကလည်း မကန့်ကွက်ကြချေ။ စစ်တပ်တစ်ခုလုံးက အင်အားစုစည်းလျက် ဆန်းကြယ်နယ်မြေတစ်ခုကို ပြန်လည် တိုက်ခိုက်ကြ၏။ ထို့နောက် ၎င်းအား ခြေကုပ်ယူကာ တမလွန်ဘုံသားများနှင့် အသေအလဲ တိုက်ခိုက်နေချေသည်။
အားကိုးစရာ ဆန်းကြယ်နယ်မြေ ရှိနေသဖြင့် အရပ်မျက်နှာလေးဖက်မှ ဝန်းရံမတိုက်ခိုက်ခံရတော့သော်လည်း လူသားမျိုးနွယ်မှာ အတော်လေး စိတ်ဓာတ်ယိုယွင်းနေချေပြီ။ ပိတ်ဆို့ခံထားရပြီး တမလွန်ဘုံစစ်တပ်က ကြီးမားလွန်းသည့်အပြင် မိုးပြာမဟာဧကရာဇ်မှာလည်း ပေါ်မလာသေးချေ။ သာမန်စစ်သည်များမှာ စိုးရိမ်ထိတ်လန့်နေကြသည်။
ရှားယွီသည် ဧကရာဇ်အဆင့်ပုဂ္ဂိုလ်တချို့ကို ဦးဆောင်လျက် ကိုယ်တိုင်ဝင်ရောက် တိုက်ခိုက်နေ၏။ သူမက မင်တဲနှင့်အခြားသူများအား ဖိအားပေးလျက် စစ်သည်တို့၏ စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်ပေးနေသည်။ နှစ်ဖက်လုံးမှာ သွေးချောင်းစီးသည်အထိ တိုက်ခိုက်နေကြ၏။ မင်တဲသည် စစ်သည်သန်းတစ်ရာအား ဆန်းကြယ်နယ်မြေအတွင်းသို့ ထိုးစစ်ဆင်စေရာ နယ်မြေအတွင်း၌ သွေးတို့က ပင်လယ်တစ်စင်းအလား ဒလဟော စီးဆင်းနေချေသည်။
မင်တဲနှင့် အခြားအင်အားကြီးပုဂ္ဂိုလ်များက ကိုယ်တိုင် မတိုက်ခိုက်ကြချေ။ ဤတစ်ကြိမ်တွင် မင်တဲ၏ စစ်ဗျူဟာမှာ အလွန်တရာ ရှင်းလင်း၏။ လူသားမျိုးနွယ်၏ အင်အားကြီးပုဂ္ဂိုလ်များနှင့် တိုက်ခိုက်ခြင်းထက် လူသားစစ်သည် အရေအတွက်အား လျှော့ချသုတ်သင်ရန်သာ ရည်ရွယ်ထားချေသည်။
တမလွန်ဘုံအနေဖြင့် တမလွန်ချောက်နက် မပျက်စီးသရွေ့ တမလွန်ဘုံသားများကို အဆုံးမရှိအောင် မွေးထုတ်ပေးနိုင်၏။ ထို့ကြောင့် အဆင့်နိမ့် တမလွန်ဘုံသားများ သေကြေပျက်စီးမည်ကို မင်တဲ ဂရုမစိုက်ချေ။ လူသားမျိုးနွယ်ကတော့ ထိုသို့မဟုတ်ချေ။ ထိပ်တန်းစစ်သည်တော်များကို ပြုစုပျိုးထောင်ရန် အင်မတန်ခက်ခဲသည့်အပြင် အရင်းအမြစ်များ ပုံအောသုံးရုံနှင့် ရနိုင်သောအရာ မဟုတ်ပေ။
“တပ်ဖွဲ့အားလုံး တိုက်ကြ”
အချိန်ဆယ်နာရီကျော် ကုန်ဆုံးသွားပြီး လူသားစစ်တပ်၌ စစ်သည် သန်းနှစ်ဆယ်ကျော် ကျဆုံးသွားခဲ့သည်။ မင်တဲသည် မိုးပြာမဟာဧကရာဇ်နှင့် ကျောက်တုံးအရှင်တို့ ဖောက်ထွက်လာနိုင်ပြီဟု သတင်းရသည်နှင့် စစ်တပ်တစ်ခုလုံးအား တစ်ပြိုင်နက် ထိုးစစ်ဆင်ရန် အမိန့်ပေးလိုက်တော့သည်။
မိုးပြာမဟာဧကရာဇ် ရောက်လာရန် အချိန်အတန်ကြာ လိုသေး၏။ မင်တဲအနေဖြင့် ထိုအချိန်အတွင်း ကျန်ရှိသည့် လူသားစစ်သည် သန်းငါးဆယ်မှ ထက်ဝက်ကျော်ကို သတ်ဖြတ်ပြီးမှ ဆုတ်ခွာရန် ပြင်ဆင်ထားသည်။
ဤတိုက်ပွဲကြီးအပြီးတွင် လူသားမျိုးနွယ်ဘက်၌ ထိပ်တန်းစစ်သည်များစွာအား ဆုံးရှုံးရပေလိမ့်မည်။ ထိုအခါ ပြင်းစွာအထိနာစေ၍ ဆယ်စုနှစ်တစ်ခု ကြာသည်အထိ ပြန်လည် နလန်ထူနိုင်တော့မည် မဟုတ်ချေ။ ထိုအချိန်၌ တမလွန်ဘုံဧကရာဇ် ပြန်လည်ထွက်ပေါ်လာမည်မှာ မလွဲဧကန်ပင်။
“ရွှီး… ရွှီး…”
“ဝုန်း…”
“ဘုန်း… ဘုန်း… ဘုန်း…”
ဤဆန်းကြယ်နယ်မြေအပြင်ဘက်တွင် ကမ္ဘာဦးချီများ ရှိသော်လည်း တိုက်ပွဲပေါင်းများစွာကြောင့် ပါးလွှာသော ကမ္ဘာဦးချီ အများစုမှာ ပျက်စီးသွားခဲ့၏။ တမလွန်ဘုံစစ်သည် သန်းတစ်ရာကျော်၏ တိုက်ခိုက်မှုကြောင့် ကောင်းကင်တစ်ခုလုံးတွင် အလင်းတန်းများနှင့် ကမ္ဘာဦးမှော်စွမ်းအင်များ ဖုံးလွှမ်းနေသည်။ လူသားစစ်တပ်တစ်ခုလုံးမှာ ဆန်းကြယ်နယ်မြေအတွင်း ကြက်ကလေး၊ ငှက်ကလေးများအလား ပိတ်မိနေကြရှာသည်။
ရွှေအရှင်၊ ယန်အရှင်၊ ရှားယွီနှင့် အခြားသူများသည် ဆန်းကြယ်နယ်မြေအပြင်ဘက်ရှိ မင်တဲတို့အဖွဲ့အား ရင်ဆိုင်ရပ်နေသည်။ သူတို့မှာ လူသားမျိုးနွယ် ချေမှုန်းသတ်ဖြတ်ခံနေရသည်ကို နှလုံးသားထဲမှ သွေးစိမ်းရှင်ရှင်ထွက်လျက် ကြည့်နေရရှာသည်။ သို့သော် မလှုပ်ရှားဝံ့ကြချေ။ မင်တဲနှင့်အခြားသူများ ဒေါသူပုန်ထကာ အင်အားပြည့် တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် တိုက်ကွက်တစ်ကွက်ပင် ထုတ်မသုံးရဲပေ။
“အားးးးး…”
အော်ဟစ်သံများ၊ ပေါက်ကွဲသံများနှင့် တမလွန်ဘုံသားတို့၏ ဟိန်းဟောက်သံတို့က ပဲ့တင်ထပ်နေသည်။ သွေးများက အဆက်မပြတ် ပန်းထွက်လာနေပြီး ခြေလက်အပိုင်းအစများ၊ ကလီစာများက မြေပြင်အနှံ့ ပြန့်ကျဲနေ၏။ လူသားစစ်သည်များမှာ သွေးချင်းနီသော မျက်ဝန်းများဖြင့် တမလွန်ဘုံသားများအား အရူးအမူး တိုက်ခိုက်နေကြသည်။ လူသားများစွာမှာ တမလွန်အရှိန်အဝါဖြင့် ဖုံးလွှမ်းခံရပြီး နောက်ဆုံးအချိန်တွင် တမလွန်ကျွန် မဖြစ်လိုသောကြောင့် ကိုယ်တိုင်ဖောက်ခွဲ အသေခံသွားကြ၏။
ဆန်းကြယ်နယ်မြေအတွင်း၌ အရှင်လတ်လတ် ငရဲကျနေသည့်အလားပင်။ ရှားယွီတို့မှာ မကြည့်ရက်သဖြင့် မိုးပြာမဟာဧကရာဇ် အမြန်ရောက်လာရန်သာ ဆုတောင်းနေမိကြသည်။ ထိုသို့မဟုတ်ပါက ကျန်ရှိနေသော စစ်သည်သန်းငါးဆယ်လုံး အသက်ပျောက်ရမည်ဖြစ်သလို သူတို့လည်း အသေခံတိုက်ခိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။
“ဝှစ်…”
နာရီဝက်ခန့် ကြာပြီးနောက် ကောင်းကင်စကြဝဠာဘုံထံမှ အလင်းတန်းအချို့ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ချီလင်းအရှင်မတို့ သတိထားမိသွားကြသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် တမလွန်ဘုံဘုရင် ဒါဇင်အချို့ ဖြစ်ကြ၏။ သို့သော် ထိုဘုရင်များက အခြား တမလွန်ဘုံဘုရင်နှစ်ပါးကို ခေါ်ဆောင်လာပုံပင်။ ထိုတမလွန်ဘုံဘုရင်နှစ်ပါး၏ ခြေလက်များမှာ သံကြိုးများဖြင့် တုပ်နှောင်ခံထားရသည်။
“တမလွန်ဘုံသား အချင်းချင်း ပြန်တိုက်နေကြတာလား”
ချီလင်းအရှင်မနှင့် အခြားသူတို့မှာ တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာ ကြည့်လိုက်မိကြသည်။ တမလွန်ဘုံဘုရင် ဒါဇင်အချို့သည် တမလွန်ဘုံဘုရင်နှစ်ပါးကို မင်တဲအနီးသို့ ခေါ်သွားကြ၏။ အလွန်ဝေးကွာသဖြင့် မည်သည်တို့ ပြောဆိုနေကြသည်ကိုတော့ မကြားရချေ။ မင်တဲက အစစ်အမှန်ခန္ဓာဖြင့် ပေါ်လာပြီး ထိုတမလွန်ဘုံဘုရင်နှစ်ပါးအား စစ်ဆေးမေးမြန်းနေသည်ကိုသာ တွေ့ရသည်။
“ဘုန်း…”
မင်တဲက ရုတ်တရက် ဘယ်လက်အား ဝှေ့ရမ်းလိုက်ရာ ထိုတမလွန်ဘုံဘုရင်နှစ်ပါး၏ ဦးခေါင်းများ ပေါက်ကွဲသွားသည်။ ချီလင်းအရှင်မနှင့် ယန်အရှင်တို့ ပို၍ အံ့အားသင့်သွားကြ၏။ မင်တဲ မည်သည်ကို ကြံစည်နေပါသနည်း။ တမလွန်ဘုံသားများ အမှန်တကယ် အချင်းချင်း သတ်ဖြတ်နေကြသည်လော။ ယင်းက မဖြစ်နိုင်ချေ။
“ကျန်းရီ... ကျန်းရီ... ကျန်းရီ”
ထို့နောက် ပိုမိုထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ မင်တဲသည် ဒေါသတကြီးဖြင့် သုံးကြိမ်တိတိ အော်ဟစ်လိုက်ရာ သူ့အသံက ကောင်းကင်နှင့် မြေပြင်ကို တုန်ဟီးသွားစေ၏။ တမလွန်ဘုံသားများနှင့် လူသားစစ်တပ်တို့ တိုက်ခိုက်နေသည်ပင် ရပ်တန့်သွားခဲ့သည်။
“ဝီ... ဝီ”
တမလွန်ဘုံဘုရင်တစ်ပါး ခရာမှုတ်လိုက်ရာ တမလွန်ဘုံစစ်တပ်တစ်ခုလုံး ဆွံ့အမှင်သက်သွားကြပြန်သည်။ စစ်တပ်တစ်ခုလုံးမှာ တုံ့ဆိုင်းမနေဘဲ ပြန်လည်ဆုတ်ခွာသွားကြတော့သည်။
“ဒါ... ဒါက...”
ချီလင်းအရှင်မတို့ ပါးစပ်အဟောင်းသားဖြစ်နေသလို လူသားစစ်သည်အားလုံးလည်း ကြောင်အမ်းကုန်ကြ၏။ မင်တဲတစ်ယောက် ရူးသွားပြီလော။ ယခုလေးတင် အင်တိုက်အားတိုက် ထိုးစစ်ဆင်နေပြီး အသက်တစ်ရှိုက်ရှူလိုက်တိုင်း မရေမတွက်နိုင်သည့် လူသားစစ်သည်များစွာ သေဆုံးနေချေသည်။ ထိုမျှ အသာစီးရနေသည့် အခြေအနေ၌ အဘယ်ကြောင့် ဆုတ်ခွာသွားရသနည်း။
ထို့အပြင် ခဏတာ ဆုတ်ခွာခြင်းမျိုး မဟုတ်ချေ။ တမလွန်ဘုံစစ်တပ်ကြီးမှာ အနောက်တောင်အရပ်သို့ တလိပ်လိပ် ပျံသန်းသွားကြ၏။ ကောင်းကင်စကြဝဠာဘုံသို့ ပြန်မသွားသလို ဤနေရာတွင် တပ်ချမည့် အရိပ်အယောင်လည်း မရှိပေ။
“ဘာတွေဖြစ်နေတာလဲ”
ယန်အရှင်နှင့် ရွှေအရှင်တို့ ခေါင်းကုတ်နေကြပြီး ချီလင်းအရှင်မနှင့် ရှားယွီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများက ချက်ချင်း တောက်ပလာကြ၏။ မင်တဲသည် ဒေါသထွက်ဟန်ဆောင်နေခြင်း မဟုတ်သလို ဟန်ဆောင်ရန်လည်း အကြောင်းမရှိပေ။ ယခုအကြိမ်တွင် သူ အသာစီးရထားပြီး မိုးပြာမဟာဧကရာဇ်လည်း ရောက်မလာသေးချေ။ ဆက်လက်တိုက်ခိုက်ပါက ကျန်ရှိသေးသည့် လူသားစစ်တပ်၏ ထက်ဝက်ကျော်ကို အလွယ်တကူ သုတ်သင်နိုင်ပေလိမ့်မည်။
မင်တဲကား ရူးမနေသလို ငတုံးလည်း မဟုတ်ချေ။ ထိုသို့ဆိုပါက အဖြေက တစ်ခုတည်းသာ ရှိတော့သည်။ ကျန်းရီပင်။ ကျန်းရီကြောင့် ဆုတ်ခွာသွားရခြင်း ဖြစ်ပေလိမ့်မည်။
“ကျန်းရီလား...”
လူသားစစ်သည်အများအပြား၏ ဦးနှောက်ထဲတွင် ထိုနာမည်နှစ်လုံး ပဲ့တင်ထပ်သွား၏။ နာမည်မှာ ကျော်ကြားလှသဖြင့် မည်သူမှ မေ့ဖျောက်၍ မရနိုင်ချေ။ ယင်းက နာမည်ကြီး မိစ္ဆာကြယ် မဟုတ်ပါလော။
သို့သော်…
ယနေ့တွင် ထိုမိစ္ဆာကြယ်က သေရေးရှင်ရေးအခြေအနေ၌ အားလုံး၏ အသက်ကို ကယ်တင်ပေးခဲ့ပုံပင်။ သူတစ်ယောက်တည်းဖြင့် တမလွန်ဘုံစစ်တပ်ကြီးကို ဆုတ်ခွာသွားစေပြီး လူသားမျိုးနွယ်ကို ကယ်တင်ခဲ့၏။ ထိုသူက အမှန်တကယ် မိစ္ဆာကြယ် ဟုတ်ပါရဲ့လော။
သာမန်လူသားစစ်သည် အတော်များများ စိတ်ရှုပ်ထွေးနေကြသည်။ မည်သူ့ကို ယုံကြည်ရမလဲ မသိသလို ကျန်းရီက မိစ္ဆာကြယ်လား၊ ဧကရာဇ်ကြယ်လား ဆိုသည်ကိုလည်း မသိကြတော့ချေ။
သို့သော် သူသည် ဆန်းကြယ်နယ်မြေအတွင်းရှိ လူသားစစ်တပ်အားလုံး၏ ကယ်တင်ရှင်ပင် ဖြစ်၏။
အပိုင်း ၂၀၃၁ အောင်ပွဲ
သမိုင်းကြောင်းတလျှောက်လုံး အများပြည်သူတို့၏ အမြင်ကို အာဏာရှိသူများသာ လက်ဝါးကြီးအုပ် ခြယ်လှယ်ခဲ့ကြသည်။
အတိတ်က သစ္စာဖောက်တစ်ဦး ဖြစ်ခဲ့ဖူးသည့် မိစ္ဆာသတ်ဖြတ်ဧကရာဇ်သည်လည်း နယ်မြေတစ်ခုအား မဟာဧကရာဇ်အဖြစ် စိုးမိုးအုပ်ချုပ်နိုင်ခဲ့ပြီးနောက် နာမည်ဂုဏ်သတင်း တစတစ ကောင်းမွန်လာခဲ့၏။
ကျန်းရီကတော့ လူထုကြားတွင် အမြဲတမ်း ပဟေဠိတစ်ခု ဖြစ်နေခဲ့သည်။ အချို့က သူ့အား ချီးမွမ်းကြပြီး ကောင်းကင်ဧကရာဇ်၏ အမွေခံ၊ လူသားမျိုးနွယ်၏ ကာကွယ်စောင့်ရှောက်သူဟု ဆိုကြ၏။ အချို့ကမူ သူ့ကို စိတ္တဇလူသတ်သမား၊ လူသားနတ်ဆိုး၊ မိစ္ဆာကြယ်ဟု ပြောဆိုကြသည်။
မိုးပြာမဟာဧကရာဇ် နန်းတက်လာပြီးနောက် ကျန်းရီ၏ ဂုဏ်သတင်းမှာ လုံးလုံးလျားလျား ပျက်စီးခဲ့ရသည်။
ကောင်းကင်ဧကရာဇ် နန်းတက်လာသဖြင့် ကျန်းရီကား ဧကရာဇ်ကြယ် ဖြစ်မလာနိုင်တော့ချေ။ ထို့ကြောင့် မိစ္ဆာကြယ်သာ ဖြစ်ရပေလိမ့်မည်။ မိသားစုကြီးအသီးသီး၏ ကောလာဟလဖြန့်မှုများကြောင့် ကျန်းရီ၏ ပြစ်မှုများမှာ တစ်ခုပြီးတစ်ခု ပြန်လည် ဖော်ထုတ်ခံရသလို အမျိုးမျိုး လိမ်လည်ပြောင်းလဲခံခဲ့ရ၏။ ကျန်းရီသည် ခွင့်မလွှတ်နိုင်စရာ မိစ္ဆာ၊ လူသားမျိုးနွယ်၏ ရန်သူတော်တစ်ဦး ဖြစ်လာခဲ့သည်။ မိစ္ဆာမဟုတ်ပါက ယန်ကိုးပါးစစ်တပ်က သစ္စာဖောက်မည် မဟုတ်သလို အားလုံးကလည်း စွန့်ခွာသွားကြမည် မဟုတ်ချေ။
အမှန်တရားမှာ အလွယ်တကူ ဖုံးကွယ်ခံရတတ်စမြဲပင်။ အထူးသဖြင့် အဆင့်နိမ့်လူသားများအတွက် ဖြစ်၏။ ထိုမိသားစုငယ်များမှာ အမှန်တရားကို မသိနိုင်ကြဘဲ ကြားသမျှ ယုံကြည်ကာ ကောလဟာလများဖြင့် ဆွဲဆောင်ခံရတတ်သည်။ ထို့ကြောင့် သူတို့သည် ကျန်းရီအား အလွန်တရာ ရွံရှာမုန်းတီးကြပြီး လူသားမျိုးနွယ်၏ အမှိုက်၊ ခွင့်မလွှတ်နိုင်စရာ မိစ္ဆာတစ်ကောင်အဖြစ် သတ်မှတ်ထားကြ၏။
ဆန်းကြယ်နယ်မြေတွင် ကျန်ရှိနေသော စစ်သည် သန်းလေးဆယ်ကျော်တွင် အနည်းဆုံး သန်းသုံးဆယ်က ထိုသို့ ယူဆကြချေသည်။ သို့သော် ယခုအခိုက်အတန့်တွင်တော့ အားလုံးမှာ ကျန်းရီအပေါ် အမြင်ပြောင်းသွားကြချေပြီ။ သူသည်သာ အမှန်တကယ် ခွင့်မလွှတ်နိုင်စရာ မိစ္ဆာတစ်ကောင်ဖြစ်ပါက သေရေးရှင်ရေးအချိန်၌ သူတို့ကို ကယ်တင်ပါမည်လော။
ကျန်းရီသည် တမလွန်ဘုံနှင့် ပူးပေါင်းထားပြီး တမလွန်ဘုံဧကရာဇ်၏ လူဝင်စားပင် ဖြစ်နိုင်သည်ဟု ကောလာဟလများစွာ ထွက်ပေါ်ခဲ့သည်။
သူသာ အမှန်တကယ် ပူးပေါင်းထားပါက အရေးကြီးသည့်အချိန်တွင် တစ်ယောက်တည်းအင်အားဖြင့် တမလွန်ဘုံစစ်သည် သန်းတစ်ရာကျော်ကို ဆုတ်ခွာနိုင်စေပါမည်လော။
စစ်သည်တော်များမှာ ကျန်းရီ မည်သို့လုပ်ဆောင်ခဲ့သည်ကို မသိသော်လည်း လုပ်နိုင်ခဲ့သည်ကတော့ အမှန်ပင်။ သူက အားလုံး၏ အသက်ကို ကယ်တင်ပေးခဲ့ကြောင်း ငြင်း၍မရနိုင်ချေ။
“တပ်ဆုတ်ကြ”
ချီလင်းအရှင်မနှင့် အခြားသူများသည် တစ်ခဏမျှ ကြောင်အနေကြပြီးနောက် တပ်ဆုတ်ရန် အမိန့်ပေးလိုက်ကြသည်။ မင်တဲ ဆုတ်ခွာသွားခဲ့သော်လည်း လျှပ်တပျက် တိုက်ခိုက်မလာဟု ပြောမရနိုင်ချေ။
စစ်တပ်ကြီးသည် အလျင်အမြန် ဆုတ်ခွာပြီးနောက် ကင်းထောက်များအား ဖြန့်ကြက်၍ စုံစမ်းစစ်ဆေးစေ၏။ မိုင်သန်းပေါင်းများစွာ ဆုတ်ခွာပြီးနောက် မင်တဲသည် စစ်တပ်ကြီးနှင့်အတူ အမှန်တကယ် ဆုတ်ခွာသွားသည်သာမက မိုးပြာမဟာဧကရာဇ်လည်း ပြန်လာနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို့မှသာ ချီလင်းအရှင်မတို့ စိတ်အေးသက်သာစွာ သက်ပြင်းချမိကြသည်။
စစ်တပ်ကြီးသည် ဆန်းကြယ်နယ်မြေငယ်တစ်ခုကို ရှာဖွေအနားယူ၍ ဒဏ်ရာများကို ကုသနေသည့်အပြင် တမလွန်ဘုံအရှိန်အဝါတို့ကို ဖယ်ရှားလျက် မိုးပြာမဟာဧကရာဇ်အား စောင့်နေကြ၏။ သုံးနာရီခန့် ကြာပြီးနောက် မိုးပြာမဟာဧကရာဇ်က ရူးသွပ်အရှင်၊ ကျောက်တုံးအရှင်၊ ငွေအရှင်တို့နှင့်အတူ ပြန်ရောက်လာခဲ့သည်။
အင်အား သန်းလေးဆယ်ကျော်သာ ကျန်တော့သည်သာမက အများစုမှာ ဒဏ်ရာရထားကြသည်ကို မြင်သည်နှင့် မိုးပြာမဟာဧကရာဇ် ဒေါသူပုန်ထသွားသည်။ မင်တဲက “ကျန်းရီ”ဟု သုံးကြိမ်တိုင်တိုင် ဒေါသတကြီး အော်ဟစ်ပြီးမှ ဆုတ်ခွာသွားခြင်းဖြစ်သည်ကို သိလျှင် မိုးပြာမဟာဧကရာဇ်၏ မျက်နှာကြီးမှာ ပို၍ပင် မည်းမှောင်သွားတော့၏။
ယခုအကြိမ်တွင် မိုးပြာမဟာဧကရာဇ်၏ အမှားကြောင့် လူသားမျိုးနွယ်စစ်တပ်ကြီး ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရသည်။ နန်းတက်စမှာပင် သေစေနိုင်သော အမှားမျိုးကို ကျူးလွန်ခဲ့မိချေပြီ။ နောက်ဆုံးတွင် ကျန်းရီကို အားကိုး၍ စစ်သည်တော်သန်းအနည်းငယ်ကို ကာကွယ်ခဲ့ရပြန်သည်။ မိုးပြာမဟာဧကရာဇ်မှာ မျက်နှာပင် မပြဝံ့တော့ချေ။
ဧကရာဇ်ကြယ်ပွင့်၏ အမှားကြောင့် လူသားစစ်တပ်ကြီး စစ်ရှုံးလုနီးပါး ဖြစ်ခဲ့ရသည့်တိုင် သေရေးရှင်ရေးအချိန်၌ မိစ္ဆာကြယ်ပွင့်က ကယ်တင်ပေးခဲ့ရသည်တဲ့လော။
ဤအကြောင်းသာ ပျံ့နှံ့သွားပါက မိုးပြာမဟာဧကရာဇ် အကြီးအကျယ် နာမည်ပျက်ရပေလိမ့်မည်။ ကျန်းရီ၏ မိစ္ဆာကြယ်ပွင့်နာမည်ကိုလည်း လူတိုင်းက သံသယဝင်လာမည်ဖြစ်သည်။ မိုးပြာမဟာဧကရာဇ်၏ ပလ္လင်မှာ မတည်ငြိမ်သေးချေ။ ဤကိစ္စကြောင့် ပို၍ပင် ယိမ်းယိုင်လာပေလိမ့်မည်။
မိုးပြာမဟာဧကရာဇ်သည် ဒေါသကို ရှေ့တင်ကာ ဒဏ်ရာရရှိထားသော စစ်သည်တော်များကို ဂရုမစိုက်ဘဲ စစ်တပ်တစ်ခုလုံးအား ကောင်းကင်စကြဝဠာဘုံသို့ ချီတက်တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။ ရှားယွီနှင့် ချီလင်းအရှင်မတို့မှာ တားဆီးချင်သော်လည်း မိုးပြာမဟာဧကရာဇ်၏ မျက်ဝန်းထဲရှိ မီးတောက်တို့ကြောင့် စကားတစ်ခွန်းမှ မဟရဲကြချေ။
စစ်သည်သန်းလေးဆယ်ကျော် တလိပ်လိပ် ချီတက်လာကြသည်။ စစ်သည်အများစုမှာ မောပန်းနွမ်းနယ်နေကြပြီး အတော်များများမှာ ဒဏ်ရာဗလပွ ဖြစ်နေကြ၏။ ခန္ဓာကိုယ်အတွင်း၌ တမလွန်ဘုံအရှိန်အဝါများ ရှိနေသေးသော စစ်သည်များပင် ရှိချေသည်။ သို့သော် မည်သူမှ အထွန့်မတက်ရဲချေ။ မိုးပြာမဟာဧကရာဇ်၏ အမိန့်ကို မည်သူက အာခံဝံ့မည်နည်း။
စစ်တပ်ကြီးသည် တလိပ်လိပ် ပျံသန်းလာနေပြီး ကောင်းကင်စကြဝဠာဘုံအနီးသို့ ရောက်ရှိလာသည်။ မိုးပြာမဟာဧကရာဇ်သည် စစ်တပ်အား ကိုယ်တိုင်ဦးဆောင်လာပြီး ကောင်းကင်စကြဝဠာဘုံ၏ ကမ္ဘာဦးချီအား ဖျက်ဆီး၍ ဧရာမအပေါက်ကြီးတစ်ခုကို ဖွင့်လှစ်လိုက်၏။
ထို့နောက် ယင်းအပေါက်ကြီးကို ဆက်မချဲ့တော့ဘဲ စစ်တပ်ကို ဦးဆောင်၍ အထဲသို့ ဝင်ရောက်သွားသည်။ သူ့အနောက်ရှိ ရှားယွီတို့မှာ သက်ပြင်းချလျက် ကမ္ဘာဦးချီကို ဖျက်ဆီးရင်း တပ်ဖွဲ့များအား အတွင်းသို့ အဆက်မပြတ် ဝင်ရောက်နေစေ၏။
“ဟင်...”
ကောင်းကင်စကြဝဠာဘုံအတွင်း ရောက်သည်နှင့် မိုးပြာမဟာဧကရာဇ်က ကောင်းကင်စိတ်အာရုံဖြင့် ဖြန့်ကြက်ကြည့်ရှုလိုက်သည်။ အတွင်း၌ တမလွန်ဘုံသား များများစားစား မရှိတော့သည်ကို တွေ့လိုက်ရ၏။ ကောင်းကင်စကြဝဠာမြို့တော်အတွင်းရှိ တော်ဝင်မိသားစုအားလုံး ဆုတ်ခွာသွားကြသလို အဆင့်မြင့်မလွန်ဘုံသားများမှလည်း မရှိတော့ချေ။ အဆင့်နိမ့်တမလွန်ဘုံသားအချို့သာ ရှိတော့သည်။
အဆင်မြင့်တမလွန်ဘုံသားများနှင့် တော်ဝင်မိသားစုများ ဆုတ်ခွာသွားကြသော်လည်း အဆင့်နိမ့်တမလွန်ဘုံသား အမြောက်အမြားတော့ ကျန်နေသေး၏။ ကောင်းကင်စကြ၀ဠာဘုံတစ်ခုလုံး၌ အနည်းဆုံး သန်းရာဂဏန်းခန့် ကျန်ပေလိမ့်မည်။
ဤအခိုက်အတန့်တွင် တမလွန်နတ်ဘုရားမန္တန်အစီအရင်က တမလွန်ဘုံသားများအား အဆက်မပြတ် ပို့လွှတ်နေဆဲဖြစ်သည်။ မိုးပြာမဟာဧကရာဇ်က သူတို့ကို တစ်ချက်မျှ ကြည့်ပြီးနောက် ချက်ချင်းပင် အမျက်တချောင်းချောင်း ထွက်လျက် ဓားအလင်းတန်းများအား အဆက်မပြတ် ထုတ်လွှတ်လိုက်၏။ ကောင်းကင်စကြဝဠာမြို့တော်အတွင်းရှိ တမလွန်ဘုံသားများမှာ အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရတော့သည်။
“တပ်ဖွဲ့အားလုံး အမိန့်ကို နာခံကြစမ်း… တမလွန်ဘုံသားတွေကို သတ်ကြ… တစ်ယောက်မှ အရှင်မထားနဲ့”
ကောင်းကင်စကြဝဠာဘုံအတွင်း၌ အင်အားကြီး တမလွန်ဘုံဘုရင်များနှင့် ထိပ်တန်းတမလွန်ဘုံစစ်သူကြီးများ မရှိတော့ကြောင်း အတည်ပြုပြီးနောက် မိုးပြာမဟာဧကရာဇ်သည် ကိုယ်တိုင်ပင် မလှုပ်ရှားတော့ဘဲ သတ်ဖြတ်ရန်သာ အမိန့်ပေးလိုက်တော့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
လူသားစစ်တပ်ကြီးမှာမူ စိတ်လှုပ်ရှားတက်ကြွသွားကြ၏။ ရဲဘော်ရဲဘက်များစွာမှာ တမလွန်ဘုံသားများကြောင့် သတ်ဖြတ်ခံခဲ့ရသဖြင့် သူတို့၏နှလုံးသားထဲတွင် မုန်းတီးမှုနှင့် နာကျည်းမှုတို့ များစွာပြည့်နှက်နေချေသည်။ ယခုအချိန်က ၎င်းတို့ကို ဖွင့်ချရန် အချိန်ကောင်းဖြစ်၏။ တပ်ဖွဲ့များက အောက်သို့ ဆင်းသက်၍ အဆင့်နိမ့်တမလွန်ဘုံသားများကို အစုလိုက်အပြုံလိုက် စတင် သတ်ဖြတ်ကြတော့သည်။
လူသားမျိုးနွယ်၏ ထိပ်တန်းစစ်တပ်ကြီးနှင့် အဆင့်နိမ့်တမလွန်ဘုံသားတို့ ရင်ဆိုင်ခြင်းဖြစ်သည့်အပြင် ဘုရင်အဆင့် အင်အားကြီးပုဂ္ဂိုလ်များပါ ဦးဆောင်နေသောကြောင့် တိုက်ပွဲရလဒ်ကား ဆုံးဖြတ်ပြီးဖြစ်၏။ ကောင်းကင်စကြဝဠာမြို့တော်အနီးရှိ တမလွန်ဘုံသားများမှာ အလျင်အမြန် သုတ်သင်ရှင်းလင်းခံလိုက်ရတော့သည်။ စစ်တပ်သုံးခု၏ စစ်သူကြီးများက စစ်တပ်အား အင်အားတစ်သန်းစီရှိသော တပ်မကြီးများအဖြစ် ခွဲထုတ်လိုက်၏။ ထို့နောက် ကောင်းကင်စကြဝဠာဘုံတစ်ခုလုံးရှိ တမလွန်ဘုံသားအားလုံးအား သွေးချောင်းစီးသည်အထိ သတ်ဖြတ်ကြတော့သည်။
ဧရာမရေလှိုင်းကြီးအလား တဝုန်းဝုန်း သုတ်သင်သွားသည့် တပ်ဖွဲ့များကို ကြည့်နေသည့် မိုးပြာမဟာဧကရာဇ်မှာ မည်သည့်စိတ်ကျေနပ်မှုကိုမှ မခံစားရချေ။ မင်တဲသည် ကောင်းကင်စကြဝဠာဘုံကို မလိုချင်တော့သည်မှာ သိသာလှ၏။ သူ့အနေဖြင့် သူတစ်ပါး မလိုချင်၍ စွန့်ပစ်ထားသော နယ်မြေတစ်ခုကို ကောက်ယူလိုက်ရုံသာ ဖြစ်ချေသည်။
ထို့အပြင် ဤနယ်မြေအား မင်တဲ စွန့်လွှတ်ခဲ့သည်မှာ ကျန်းရီကြောင့် ဖြစ်နိုင်ချေ များလှ၏။ တစ်နည်းအားဖြင့် ကောင်းကင်စကြ၀ဠာဘုံအား ကျန်းရီကြောင့် သိမ်းပိုက်နိုင်ခဲ့ခြင်းပင်။
အရှက်ရစရာကောင်းလှ၏။
မိုးပြာမဟာဧကရာဇ်၏ မျက်နှာ၌ ခံစားချက် ကင်းမဲ့နေသော်လည်း နှလုံးသားထဲတွင်တော့ အမျက်ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ သူသည် ကြီးကျယ်မြင့်မြတ်သည့် ကောင်းကင်ဧကရာဇ်ဖြစ်ပြီး လူသားမျိုးနွယ်၏ အင်အားကြီးပုဂ္ဂိုလ်များနှင့် စစ်တပ်အားလုံးကို ဦးဆောင်လာခဲ့သည့်တိုင် ကောင်းကင်စကြဝဠာဘုံကို မသိမ်းပိုက်နိုင်ခဲ့ချေ။ နောက်ဆုံးတွင် ကျန်းရီ ပေးကမ်းသော အောင်ပွဲကိုသာ လက်ခံလိုက်ရ၏။
မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်စကြဝဠာမြို့၏ ကောင်းကင်၌ တစ်ဦးတည်း ရပ်နေပြီး ရူးသွပ်အရှင်နှင့် အခြားသူတို့မှာ သူ့အား စကားမပြောရဲချေ။ ဒေါသဆွပေးမိမည်ကို စိုးရိမ်နေကြသည်။ သူတို့က စစ်တပ်များကို အသီးသီး ဦးဆောင်၍ တမလွန်ဘုံသားများကို သုတ်သင်ရှင်းလင်းသူက ရှင်းလင်း၍ အခြေအနေများအား စုံစမ်းစစ်ဆေးနေကြ၏။ အနီးနားရှိ ဆန်းကြယ်နယ်မြေများမှ တမလွန်ဘုံသားများကို ရှင်းလင်းရင်း ကောင်းကင်စကြဝဠာဘုံကို တည်ငြိမ်အောင် ဆောင်ရွက်နေကြသည်။
ချီလင်းအရှင်မကတော့ သူမနောက်လိုက်များဖြင့် မဟာဗျူဟာကြီးကို စတင် ရေးဆွဲနေ၏။ မည်သို့ပင်ဆိုစေ ကောင်းကင်စကြဝဠာဘုံကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းက ကောင်းမွန်သောအရာ ဖြစ်သည်။ ဤဘုံကို လုံးလုံးလျားလျား သိမ်းပိုက်လိုက်ပါက အတိုင်းအဆမရှိသော အရင်းအမြစ်များ ရရှိကာ နောက်ထပ်လူသားများကို နေရာရွှေ့ပြောင်းလာစေ၍ အင်အားကြီးပုဂ္ဂိုလ်များ ပြုစုပျိုးထောင်နိုင်ပေမည်။
“ဝှစ်...”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ကောင်းကင်သို့ ပျံတက်၍ မိုးပြာမဟာဧကရာဇ်အနောက်တွင် ရပ်လိုက်သည်။ သူက ခပ်ရေးရေးပြုံးကာ ပြော၏။ “အရှင့်အနေနဲ့ ဒေါသထွက်စရာ မလိုပါဘူး… ဒီတိုက်ပွဲကို ဘယ်လိုပဲ အနိုင်ရခဲ့ပါစေ နောက်ဆုံးတော့ ကောင်းကင်စကြဝဠာဘုံကို အရှင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲလေ… အဲ့ဒီလုပ်ရပ်က အရှင့်ရဲ့ အပိုင် ဖြစ်နေတုန်းပါပဲ… သတင်းကို သေချာထိန်းချုပ်ပြီး ဒီမဟာအောင်ပွဲကြီးအကြောင်း ကောင်းကင်ဘုံဆီ ဖြန့်လိုက်ရင် လူသားတွေက ပိုပြီး စည်းလုံးညီညွတ်လာကြမှာပါ”
“မဟာအောင်ပွဲတဲ့လား… အဟက်”
မိုးပြာမဟာဧကရာဇ်က အေးစက်စွာ နှာမှုတ်လိုက်ပြီး မည်သည်မှ မဆိုချေ။ သူက လက်ဝှေ့ရမ်းလျက် မသေမျိုးတစ်ပိုင်း ရသေ့ကြီးအား ထွက်သွားစေ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ခေါင်းညိတ်၍ ချက်ချင်းပင် စီစဉ်တော့သည်။ မိုးပြာမဟာဧကရာဇ်သည် စိတ်တိုင်းမကျသော်လည်း သူ့အစီအစဉ်အတိုင်း သဘောတူခဲ့၏။
သူက စစ်တပ်သုံးခုလုံးအား ချက်ချင်း အမိန့်ပေးလိုက်သည်။ ဤတိုက်ပွဲ၏ ကိစ္စရပ်များအား ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်လိုက်ပြီး ပေါက်ကြားစေသည့် မည်သူမဆို ကွပ်မျက်မည်ဖြစ်၏။ တစ်ချိန်တည်းမှာပင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် လျှို့ဝှက်သတင်းပို့ခြင်း မန္တန်အစီအရင်အား ဖွဲ့တည်စေ၍ ကောင်းကင်စကြဝဠာဘုံ၏ မဟာအောင်ပွဲကြီးသတင်းကို ကောင်းကင်ဘုံဆီသို့ ပြန်လည် ပို့ဆောင်စေသည်။
သို့သော် ထိုသတင်း၌ ကျန်းရီဟူသော နာမည်ကို လုံးဝ ထည့်သွင်းမဖော်ပြခဲ့ချေ။ ဤမဟာအောင်ပွဲကြီးမှာ ကျန်းရီနှင့် လုံးဝ မသက်ဆိုင်သည့်အလားပင်။ ကောင်းကင်ဘုံ၌ သတင်းရသည်နှင့် တစ်လောကလုံး ဆူညံပွက်လောရိုက်သွား၏။ အားလုံးက မိုးပြာမဟာဧကရာဇ်၏ ကြီးမြတ်လှသော အောင်မြင်မှုများကို ချီးမွမ်းထောပနာ ပြုကြတော့သည်။ မိုးပြာမဟာဧကရာဇ်သည် လူသားမျိုးနွယ်ကို ဦးဆောင်ကာ တစ်ပွဲပြီးတစ်ပွဲ အောင်ပွဲခံ၍ နောက်ဆုံးတွင် တမလွန်ဘုံသားများကို လုံးဝ နှိမ်နင်းပြီး လူသားမျိုးနွယ်အား ဂုဏ်သတင်း ပြန်လည်ကျော်ကြားစေနိုင်သူဖြစ်ရန် မျှော်လင့်တောင့်တနေကြတော့သည်။