← Chapters

အခန်း (၂၀၃၂-၂၀၃၃)

Vol. 146 Ch. 2032-2033

အခန်း (၂၀၃၂-၂၀၃၃)

Vol. 146 Ch. 2032-2033

အပိုင်း ၂၀၃၂ ခွံ့ကျွေးခံလိုက်ရသလို

မကြာမီ နောက်ထပ် အောင်ပွဲသတင်းတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ချေပြီ။

ငါးရက်ကြာပြီး‌နောက် လူသားစစ်တပ်ကြီးသည် ကောင်းကင်မသေမျိုးဘုံကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်သာမက အပြည့်အဝ အုပ်စိုးထားသည်ဟူသော သတင်းက ကောင်းကင်စကြ၀ဠာဘုံထံသို့ ရောက်ရှိလာပြန်၏။

ကောင်းကင်ဘုံကား နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားပြန်သည်။ ယခုအကြိမ်မှာ ယခင်ကထက် ပိုမိုစိတ်လှုပ်ရှားနေကြ၏။ ကောင်းကင်မသေမျိုးဘုံသည် ကောင်းကင်ဧကရာဇ် စိုးစံခဲ့သည့် ဘုံဖြစ်ပြီး လူသားမျိုးနွယ်၏ အကြီးမားဆုံးသော နယ်မြေ၊ ဗဟိုနှင့် ဂုဏ်ကျက်သရေ ဖြစ်သည်။

မိုးပြာမဟာဧကရာဇ် ကောင်းကင်မသေမျိုးဘုံကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းက လူသားမျိုးနွယ်၏ ဂုဏ်သိက္ခာအား ပြန်လည်ဆယ်ယူ၍ အရှက်ရမှုကို ဆေးကြောသန့်စင််နိုင်ခဲ့ခြင်း ဖြစ်၏။ ယင်းက စိတ်ဓာတ်ခွန်အားကို များစွာမြှင့်တင်ပေးချေသည်။

ကောင်းကင်မသေမျိုးဘုံကိုပင် ပြန်လည်သိမ်းယူနိုင်ခဲ့ပြီဖြစ်ရာ ကောင်းကင်မိစ္ဆာဘုံနှင့် အခြားဘုံများကိုလည်း သိမ်းပိုက်ရန် မဝေးကွာတော့ချေ။ တမလွန်ဘုံသားများကို အပြည့်အဝ ချေမှုန်းနိုင်မည့် နေ့ရက်မှာလည်း နီးကပ်လာနေပြီ မဟုတ်ပါလော။

မရေမတွက်နိုင်သော လူငယ်များစွာမှာ စိတ်ဓာတ်တက်ကြွလာကြသည်။ ဆန်ကုန်မြေလေးများပင်လျှင် စတင်ကျင့်ကြံလာကြ၏။ စစ်သည်အဖြစ် စာရင်းလာပေးကြသည့် ကျင့်ကြံသူအရေအတွက်မှာလည်း ယခင်ကထက် အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။‌ ကောင်းကင်ဘုံနှင့် အခြားစကြဝဠာငယ် ခုနစ်ခုရှိ လူတိုင်းမှာ ကျင်ကြံသူများ ဖြစ်လာကြပြီး နေ့ညမပြတ် ကျင့်ကြံအားထုတ်နေကြ၏။ လူသားမျိုးနွယ်အတွက် အင်အားတစ်ရပ်ဖြစ်လာပြီး တမလွန်ဘုံသားများအား အမြစ်ပြတ်သုတ်သင်ရန် ကြိုးပမ်းနေကြသည်။

မှန်ပါသည်။

‌ဆန်ကုန်မြေလေးများနှင့် မိသားစုအသီးသီးမှ သခင်လေး အများစုမှာမူ နာမည်ဂုဏ်သတင်း ကျော်စောရန်နှင့် ရာထူးမြန်မြန်တက်ရန် ရည်ရွယ်ထားကြ၏။ သူတို့အမြင်၌ မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်စကြဝဠာဘုံနှင့် ကောင်းကင်မသေမျိုးဘုံတို့ကို အချိန်တိုအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သဖြင့် တမလွန်ဘုံသားများကို ချေမှုန်းပစ်ရန် မဝေးတော့ဟု ယူဆထားကြသည်။

ထိုသခင်လေးအများစုမှာ သေရမည်ကို အင်မတန် ကြောက်ကြ၏။ သေရေးရှင်ရေး တိုက်ပွဲများတွင် ပါဝင်မတိုက်ခိုက်ရဲကြသော်လည်း အောင်ပွဲရချိန်တွင်တော့ နာမည်ဝင်ယူတတ်ကြချေသည်။

စစ်တပ်ထဲ ဝင်ရောက်ပြီး မိသားစု၏ နောက်ခံ အဆက်အသွယ်မျိုးစုံကို အသုံးချပါက ရာထူးများ တရစပ် တက်နိုင်ပေလိမ့်မည်။ တမလွန်ဘုံသားများအား နှိမ်နင်းချေမှုန်းပြီးချိန်၌ ဘုံတစ်ဘုံလုံးကို အုပ်ချုပ်နိုင်သည့် ဘုံအရှင် မဖြစ်လာနိုင်လျှင်‌တောင်မှ နယ်မြေအရှင်လောက်တော့ အလွယ်တကူ ရနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်နေကြ၏။

မည်သို့ပင်ဆိုစေ လူသားမျိုးနွယ်သည် ယခင်ကထက် စည်းလုံးညီညွတ်ကာ စစ်ရေးတက်ကြွလာကြသည်။ ကျင့်ကြံခြင်းနှင့် စစ်ရေးလေ့ကျင့်ခြင်းတို့က တဟုန်ထိုး နာမည်ကြီးလာပြီး အားလုံးမှာ တစ်စိတ်တစ်ဝမ်းတည်း ညီညတ်လာကြသည်။ တမလွန်ဘုံသားများကို အပြည့်အ၀ နှိမ်နင်းမည့်အချိန်ကိုသာ စောင့်‌ဆိုင်းနေကြချေသည်။

ကောင်းကင်မသေမျိုးဘုံနှင့် ကောင်းကင်စကြဝဠာဘုံရှိ လူသားစစ်တပ်ကြီးမှာတော့ ကောင်းကင်ဘုံရှိ လူသားများကဲ့သို့ စိတ်ဓာတ်မတက်ကြွနေဘဲ တအံ့တဩပင် ဖြစ်နေကြ၏။

အထူးသဖြင့် ကောင်းကင်စကြ၀ဠာဘုံရှိ လူသားစစ်တပ်ကြီးမှာ ပို၍ပင် အံ့ဩသံသယဝင်နေကြသည်။ ကင်းထောက်များ၏ စုံစမ်းချက်အရ ကောင်းကင်မသေမျိုးဘုံအတွင်း၌ မည်သည့်တမလွန်ဘုံစစ်တပ်မှ မရှိတော့သလို တမလွန်ဘုံသားများစွာမှာလည်း သတ်ဖြတ်ခံထားရသဖြင့် တစ်ဘုံလုံး ဖရိုဖရဲဖြစ်နေကြောင်း သိရှိထား၏။

မိုးပြာမဟာဧကရာဇ်သည် ထိုသတင်းအား သိရလျှင်ချင်း မရေမရာ ဖြစ်ခဲ့သည်။ တမလွန်ဘုံသား ရာဂဏန်းအချို့အား တမလွန်နတ်ဘုရားမန္တန်အစီအရင်ဖြင့် ထိုနေရာသို့ ပို့လွှတ်ကြည့်ခဲ့ရာ ကောင်းကင်မသေမျိုးဘုံတစ်လုံလုံး မြေလှန်ဖျက်ဆီးခံထားရသည်ကို တွေ့လိုက်ရ၏။ ဗလာကျင်းနေသော တမလွန်နတ်ဘုရားမန္တန်အစီအရင်အချို့နှင့် မြို့အနှံ့ ပြန့်ကျဲနေသော အလောင်းကောင်များကိုသာ တွေ့လိုက်ရချေသည်။

မိုးပြာမဟာဧကရာဇ်အနေဖြင့် ဤသို့ အခွင့်အရေးကောင်းကို လက်လွှတ်မခံနိုင်ချေ။ ချက်ချင်းပင် စစ်သည်သန်းပေါင်းများစွာကို စုစည်း၍ ရှားယွီအား ဦးဆောင်စေလျက် ကောင်းကင်မသေမျိုးဘုံဆီသို့ တစ်သုတ်ချင်း ပို့လွှတ်လိုက်သည်။ ထို့နောက် မြို့တွင်းရှိ တမလွန်ဘုံသားများအား သုတ်သင်ရှင်းလင်းကာ မြို့အား အပြည့်အ၀ သိမ်းပိုက်လိုက်၏။

“သတင်းပို့ပါတယ်”

မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်စကြဝဠာဘုံ၌ စခန်းချထားပြီး ကောင်းကင်ကိုးပါးကြယ်အစီအရင်က မပြည့်စုံ‌သေးသောကြောင့် မထွက်ခွာရဲ‌ချေ။ သို့သော် နေ့တစ်ဝက် ကုန်ဆုံးသွားပြီးနောက် နောက်ထပ် သတင်းတစ်ခု ရလာပြန်သည်။ မြောက်အရပ်ရှိ‌ ကောင်းကင်ညီတူဘုံ၌လည်း မည်သည့်တမလွန်ဘုံစစ်တပ်မှ စောင့်ကြပ်မနေကြတော့ချေ။ ထိုမျှသာမက ထိုနေရာရှိ တမလွန်ဘုံသားများမှာလည်း အားလုံးနီးပါး သေဆုံးကုန်ကြပြီး ထူးဆန်းသော ပိုးကောင်တစ်မျိုးက ကျန်ရှိသော တမလွန်ဘုံသားများကို လိုက်လံ တိုက်ခိုက်သတ်ဖြတ်နေ၏။

“ကျန်းရီပဲ”

ချီလင်းအရှင်မတို့မှာ သတင်းရသည်နှင့် ချက်ချင်းပင် ခန့်မှန်းမိသွားကြပြီး ကျန်းရီ မည်သည့်နည်းဖြင့် မင်တဲအား တပ်ဆုတ်ရန် ဖိအားပေးခဲ့သည်လဲ သိရှိသွားကြတော့သည်။ စစ်ပွဲကြီးဖြစ်ပွားနေချိန်၌ ကျန်းရီသည် ဘုံနှစ်ဘုံထဲသို့ တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်လျက် တမလွန်ဘုံစစ်တပ်အားလုံးကို ချေမှုန်းကာ မင်တဲအား တပ်ဆုတ်ရန် ခြိမ်းခြောက်ခဲ့၏။

မိုးပြာမဟာဧကရာဇ်လည်း ငတုံးမဟုတ်ချေ။ ကျန်းရီသည် ကောင်းကင်ညီတူဘုံသို့ စစ်တပ်များ စေလွှတ်ခဲ့ခြင်းမဟုတ်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။

ထမင်းစားရာ၌ တစ်လုပ်ချင်း စားရသည်သာ မဟုတ်ပါလော။ ဘုံသုံးဘုံအား တစ်ပြိုင်နက်တည်း ဝါးမြိုရန် ကြိုးစားပါက ဗိုက်ပေါက်ထွက်သွားပေလိမ့်မည်။ မင်တဲဘက်မှ ကောင်းကင်ညီတူဘုံအား ပြန်တိုက်ယူရန် ယခုအချိန်အထိ စစ်တပ်များ မစုစည်းသေးချေ။ မကြာမီအချိန်အတွင်း စုစည်းတိုက်ခိုက်လာမည့် အရိပ်အယောင်လည်း မရှိပေ။

မှန်ပါသည်။ နောက်ထပ် အကြောင်းအရင်းတစ်ခုလည်း ရှိသေး၏။

ကောင်းကင်မသေမျိုးဘုံနှင့် ကောင်းကင်ညီတူဘုံတို့ကို ကျန်းရီမှ တိုက်ခိုက်သိမ်းပိုက်ပြီး သူ့အား စွန့်ကျဲပေးသည်ဟု ပြောရနိုင်သည်။ မာနကြီး‌မောက်မာသော မိုးပြာမဟာဧကရာဇ်အနေဖြင့် အခြားသူမှ ပေးကမ်းလာသည်ကို လက်မခံနိုင်‌ချေ။

သူသည် စစ်မတိုက်မီအချိန်က စိတ်ဓာတ်ပြင်းထန်နေခဲ့ပြီး ဘုံတစ်ဘုံပြီးတစ်ဘုံကို သိမ်းပိုက်လျက် မပြိုလဲသော အုတ်မြစ်အား တည်ဆောက်နိုင်ရန် မျှော်လင့်ခဲ့သည်။ ဘုံသုံးဘုံလုံးအား ရရှိထားသည့် ယခုအချိန်တွင်တော့ အရာအားလုံးကို ငြီးငွေ့နေမိ၏။

အဘယ်ကြောင့်ဆိုသော်... ထိုအရာများမှာ ကျန်းရီမှ ပေးကမ်းခြင်းဖြစ်ပြီး သူကိုယ်တိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း မဟုတ်သည့်အတွက်ပင်။

ယင်းက နတ်ဘုရားမတစ်ပါးကို တိတ်တခိုးချစ်နေသည့် ယောက်ျားတစ်ယောက်နှင့် တူချေသည်။ ထိုသူသည် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်၍ နောက်ဆုံးတွင် ချမ်းသာကြွယ်ဝလာခဲ့၏။ သို့သော် ထိုနတ်ဘုရားမကို သွားရောက် ပိုးပန်းချိန်တွင်တော့ သူမသည် ကုတင်ပေါ်တွင် အဝတ်အစားဗလာဖြင့် စောင့်ဆိုင်းနေသည်။ သူမအား သူ့ရန်သူက ငွေပေးဝယ်လျက် သူ့ထံ အလကားပေးလိုက်ခြင်း‌ ဖြစ်ကြောင်း ပြောလာ၏။

ထိုအခြေအနေမျိုး၌ မည်သည့်ယောက်ျားမှ ပျော်ရွှင်မိမည် မဟုတ်ချေ။ မိုးပြာမဟာဧကရာဇ်လည်း လတ်တလော အတော်လေး စိတ်ပျက်နေချေသည်။ ကျန်းရီသည် သူ့ကို သွယ်ဝိုက်စွာ ကူညီပေးခဲ့သော်လည်း ကျန်းရီကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်စိတ်များသာ ပေါ်နေ၏။

“သတင်းပို့ပါတယ်”

တစ်ရက်ကြာပြီးနောက် ကောင်းကင်ညီတူဘုံအတွင်း၌ ကျန်းရီကို တွေ့ခဲ့ရကြောင်း ကင်းထောက်တစ်ဦးက သတင်းပို့လာပြန်သည်။ ကျန်းရီသည် ကောင်းကင်ညီတူဘုံသို့ ရောက်ရှိလာပြီး သူ ထွက်ခွာသွားချိန်၌ ထိုကိုယ်ယောင်ပျောက် ပိုးကောင်အားလုံး ပျောက်ကွယ်သွားခဲ့၏။

“သူက ဘယ်သွားတာလဲ”

မိုးပြာမဟာဧကရာဇ်၏ မျက်နှာအမူအရာမှာ ခံစားချက်ကင်းမဲ့နေသည်။ သူ၏နှလုံးသားထဲတွင်တော့ ဒေါသမီးများ တောက်လောင်နေသော်လည်း အတတ်နိုင်ဆုံး ဒေါသထိန်းလျက် အသံကို တည်ငြိမ်စေလိုက်သည်။

မိုးပြာမဟာဧကရာဇ်၏ လေသံက အေးဆေးတည်ငြိမ်နေလင့်ကစား ကင်းထောက်တပ်မှူးမှာ ပြင်းထန်သော အမျက်ဒေါသကို ခံစားနေရသေး၏။ သူက ကတုန်ကယင်ဖြင့် ဖြေကြားသည်။

“အ… အနောက်... အနောက်မြောက်ဘက်ကို သွားပါတယ်…. ဖြစ်… ဖြစ်နိုင်တာက... ကောင်းကင်မိစ္ဆာဘုံဆီကို သွားတာ ဖြစ်လောက်ပါတယ် အရှင်”

“သွားတော့”

မိုးပြာမဟာဧကရာဇ်က လက်ကို ဝှေ့ရမ်းလိုက်ရာ ကင်းထောက်တပ်မှူးမှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ မိုးပြာမဟာဧကရာဇ်သည် နန်းတော်တစ်ခု၏ ပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး မျက်ဝန်းတို့က အနည်းငယ် မှိုင်းညှို့နေချေသည်။

“ဝှစ်...”

လူရိပ်တစ်ခုက အနောက်ခန်းမအတွင်းမှ လျှပ်ခနဲ ထွက်ပေါ်လာ၏။ နတ်အရှိန်အဝါများ တောက်ပနေသည့် အဖိုးအိုတစ်ဦးက မြင်းမြှီးနှင်တံတစ်လက်ကို ကိုင်ဆောင်လျက် ထွက်လာချေသည်။

မသေမျိုးတစ်ပိုင်း ရသေ့ကြီးက မိုးပြာမဟာဧကရာဇ်အား ဦးစွာ ဦးညွှတ်အရိုအသေပြုလိုက်၏။ သူက ပြုံးကာ ဆိုသည်။ “စိုးရိမ်စရာမလိုပါဘူး အရှင်… အပင်မြင့်လေ လေတိုက်ခံရလေပါပဲ… ကျန်းရီ ဒီလောက်အထိ နာမည်ကြီးအောင် လုပ်နေတာက အရှင့်အတွက် ရန်ငြိုးတွေ၊ အာရုံစိုက်မှုတွေကို ဆွဲဆောင်ပေးနေတာပဲ မဟုတ်လား… အခုအချိန် မင်တဲ အသတ်ချင်ဆုံးသူက ကျန်းရီပဲ ဖြစ်လိမ့်မယ်…. တမလွန်ဘုံဧကရာဇ်သာ ပြန်ထွက်ပေါ်လာခဲ့ရင် ပထမဆုံး သတ်မယ့်သူကလည်း ကျန်းရီပဲ ဖြစ်မှာ သေချာတယ်”

“ဘယ်လိုပဲဖြစ်ဖြစ်... ရလဒ်ကတော့ အတူတူပါပဲ… အပြင်လောကက သူတွေကတော့ ဘုံသုံးဘုံကို အရှင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ပဲ ယုံကြည်ကြလိမ့်မယ်… ဒီအောင်မြင်မှုကို ဘယ်သူမှ ဖျက်ဆီးလို့မရဘူး…. အရှင့်ရဲ့ တည်ရှိမှုကလည်း အထွတ်အမြတ်တောင်တစ်တောင်လို တည်ငြိမ်နေပါလိမ့်မယ်… အခုအချိန် အရှင်လုပ်ဆောင်ရမှာက ကျန်းရီကို အာရုံစိုက်နေဖို့ မဟုတ်ပါဘူး… ဒီဘုံသုံးဘုံကို အပြည့်အဝ တည်ငြိမ်အောင် ထိန်းသိမ်းဖို့နဲ့ ဘုံသုံးဘုံရဲ့ အရင်းအမြစ်တွေကို သုံးပြီး ပိုစွမ်းအားကြီးတဲ့ လူသားအင်အားကြီးပုဂ္ဂိုလ်တွေကို ပြုစုပျိုးထောင်ဖို့ပဲ အာရုံစိုက်သင့်ပါတယ်”

“ကျန်းရီ ကောင်းကင်မိစ္ဆာဘုံကို သွားတာက တကယ်တော့ သိပ်ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ…. တမလွန်ဘုံဧကရာဇ်သာ ထွက်ပေါ်လာခဲ့ရင် ကျန်းရီကို သတ်ပစ်ဖို့ ပထမဆုံး စဉ်းစားလိမ့်မယ်… ပြောရရင် ဝူမင်ရဲ့ ဝိညာဉ်အကြွင်းအကျန်က ရှိနေသေးတယ်လေ… တမလွန်ဘုံဧကရာဇ်က အဲ့ဒါကို အကြောက်ဆုံးမဟုတ်ပေလား… ကျန်းရီ ရှိနေသရွေ့ ကျွန်တော်တို့ အချိန်တစ်ရက် ပိုရနေဦးမှာပဲ… ကျွန်တော်တို့ အင်အားမွေးထားသရွေ့ နောက်ဆုံးအောင်ပွဲက လူသားမျိုးနွယ်ရဲ့ အပိုင် ဖြစ်လာလိမ့်မယ်”

မသေမျိုးတစ်ပိုင်း ရသေ့ကြီးက များစွာပြောခဲ့သလို မိုးပြာမဟာဧကရာဇ်လည်း အားလုံး နားထောင်ချေသည်။ နားထောင်နေရင်း သူ၏ မျက်ခုံးများက တဖြည်းဖြည်း ပြေလျော့လာ၏။ သူ့နှလုံးသားထဲတွင် အခဲမကြေသေးသော်လည်း မသေမျိုးတစ်ပိုင်း ရသေ့ကြီးပြောသည့်အတိုင်း ဖြစ်စဉ်က အရေးမကြီးဘဲ ရလဒ်ကသာ အရေးအကြီး‌‌ဆုံး ဖြစ်ပေသည်။ လူသားမျိုးနွယ်ကို ဦးဆောင်၍ အောင်ပွဲခံနိုင်သရွေ့ သူသည် လူသားမျိုးနွယ်၏ ဘုရင်ဖြစ်လာကာ ထာဝရ ထင်ပေါ်ကျော်ကြားပေလိမ့်မည်။

“တမလွန်ဘုံဧကရာဇ်လား...”

မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တမလွန်ဘုံဧကရာဇ်အကြောင်း ထည့်ပြောသဖြင့် မိုးပြာမဟာဧကရာဇ်က နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်၏။ သူက မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။ “ကျန်းရီ တစ်ခါက ပြောဖူးတယ်... တမလွန်ဘုံဧကရာဇ်က အခုတစ်ကြိမ်မှာ လူသားအဖြစ် ဘဝပြန်ဝင်စားတာလို့ ဝူမင်က သံသယဝင်နေတယ်တဲ့…. မင်းမှာရော သဲလွန်စ ရှိလား... တမလွန်ဘုံဧကရာဇ် ဘယ်မှာ ဘဝပြန်ဝင်စားလဲဆိုတာ တစ်ချက်တွက်ချက်ကြည့်နိုင်လား”

“အင်းး...”

မသေမျိုးတစ်ပိုင်း ရသေ့ကြီးက သက်ပြင်းရှည်ကြီး ချလိုက်၏။ “တကယ်တော့ တမလွန်ဘုံဧကရာဇ် ဘယ်မှာ လူဝင်စားလဲ သိဖို့ ကျွန်တော် အမြဲကြိုးစားနေခဲ့တာပါ… ဒါပေမဲ့ တမလွန်ဘုံဧကရာဇ်က အခုတစ်ကြိမ် အပုန်းတော်လွန်းတယ်… ဝူမင် ခန့်မှန်းခဲ့တာ မှန်နိုင်ချေ များပါတယ်… တမလွန်ဘုံဧကရာဇ်ဟာ တကယ် လူသားမျိုးနွယ်အဖြစ် ဘဝပြန်ဝင်စားတာ ဖြစ်နိုင်တယ်… ဘာလို့လဲဆိုတော့ နက္ခတ်တာရာတွေအရ... လူသားမျိုးနွယ်ဟာ နောက်ထပ် မဟာဘေးကပ်ဘေးကြီးတစ်ခုနဲ့ ကြုံတွေ့ရဦးမယ်လို့ ပြသနေပါတယ်”

“လူသားတစ်ယောက်အဖြစ်လား...”

မိုးပြာမဟာဧကရာဇ်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး အဝေးသို့ ငေးကြည့်ကာ ရေရွတ်လိုက်သည်။ “ဘယ်သူများလဲ...”

အပိုင်း ၂၀၃၃ ရှောင်နူ အဆင့်တက်ခြင်း

"ဝှစ်..."

မှောင်မိုက်နေသော ဟင်းလင်းပြင်ကြီးထဲတွင် ဧရာမမြို့တော်ကြီးတစ်မြို့ တရွေ့ရွေ့ ရွေ့လျားနေ၏။ ထိုမျှကြီးမားသည့် မြို့တော်ကြီး ပျံသန်းနေသော်လည်း အသံမထွက်သလို တောက်ပသော အလင်းရောင်များလည်း ထွက်ပေါ်မနေချေ။ ဟင်းလင်းပြင်ထဲရှိ ဧရာမသားရဲကြီးတစ်ကောင်နှင့်ပင် တူနေလေသည်။

ကျန်းရီသည် ကောင်းကင်မိစ္ဆာဘုံဆီသို့ ပျံသန်းနေခြင်းဖြစ်သော်လည်း တိုက်ခိုက်ရန် မရည်ရွယ်ထားချေ။ မင်တိ မှတ်ဉာဏ်များမှတစ်ဆင့် ကောင်းကင်ညီတူဘုံနှင့် ကောင်းကင်မိစ္ဆာဘုံကြားတွင် ဧရာမဆန်းကြယ်နယ်မြေတစ်ခု ရှိကြောင်း သူ သိထား၏။ ထိုဆန်းကြယ်နယ်မြေထဲတွင် မိုးမြေအရင်းအမြစ် ရှိနေသည်မှာ သေချာပေသည်။

ကျန်းရီ ဤတစ်ကြိမ် တမလွန်ဘုံသားများ ထိန်းချုပ်ထားသည့် နယ်မြေသို့ လာရောက်ခြင်းမှာ တမလွန်ဘုံသားများကို တိုက်ခိုက်ရန် မဟုတ်ချေ။ အပင်မြင့်လေ လေတိုက်ခံရလေဆိုသည့် သဘောတရားကို သူ နားလည်ထား၏။ လူသားမျိုးနွယ် အောင်ပွဲခံခဲ့ပြီးဖြစ်သလို ကောင်းကင်စကြဝဠာဘုံ၊ ကောင်းကင်မသေမျိုးဘုံနှင့် ကောင်းကင်ညီတူဘုံတို့ကိုလည်း သိမ်းပိုက်ပြီးဖြစ်ရာ ကျန်ရှိနေသည့် ကိစ္စများကို မိုးပြာမဟာဧကရာဇ်ကသာ ဆက်လက်ကိုင်တွယ်သင့်သည်။ သူကား ကောင်းကင်ဧကရာဇ် မဟုတ်ပေ။

သူ့အနေဖြင့် အလွန်အကျွံ မလုပ်ဆောင်သင့်ကြောင်း ချီဟုန်က သတိပေးထားဖူး၏။ ထိုသို့မဟုတ်ပါက မင်တဲသည် သူ့အား သတ်ဖြတ်ရန် ကြိုးစားလာမည်ဖြစ်သလို တမလွန်ဘုံဧကရာဇ်သည်လည်း သူ့ကို သတ်ရန် အချိန်မတိုင်မီ ပြန်လည်ထွက်ပေါ်လာနိုင်သည်။

မိမိ၏ ကိုယ်ပိုင်အင်အားကသာ အဓိက မဟုတ်လော။ ကောင်းကင်မိစ္ဆာဘုံနှင့် ကောင်းကင်အထီးကျန်ဘုံတို့ကို တိုက်ခိုက်သိမ်းပိုက်ခြင်းက အဓိပ္ပာယ်မရှိလှပေ။ မိုးပြာမဟာဧကရာဇ်ကိုသာ အကျိုးပြုပေးသလို ဖြစ်သွားပေလိမ့်မည်။

ကျန်းရီ ခန့်မှန်းကြည့်စရာပင် မလိုချေ။ လူသားမျိုးနွယ်သည် မိုးပြာမဟာဧကရာဇ်၏ အောင်မြင်မှုများကိုသာ သောင်းသောင်းဖျဖျ ချီးကျူးထောမနာ ပြုနေကြပေလိမ့်မည်။ သူကတော့ မိစ္ဆာအဖြစ်သာ ဆက်လက်တည်ရှိနေပေမည်။

"ရွှေအရင်းအမြစ်... ရွှေအရင်းအမြစ်တစ်ခုပဲ လိုတော့တယ်..."

ကျန်းရီ၏ နှလုံးသားကား လှုပ်ရှားတက်ကြွနေသည်။ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ ဟူသော အရင်းအမြစ်ငါးပါးအနက် လေးပါးကို ရရှိထားပြီးဖြစ်ရာ ရွှေအရင်းအမြစ်တစ်ခုကိုသာ လိုအပ်တော့၏။ ထိုဆန်းကြယ်နယ်မြေထဲ၌ ရွှေအရင်းအမြစ် ရှိနေခဲ့ပါက အရာအားလုံး ပြီးပြည့်စုံသွားပေလိမ့်မည်။

မင်တိသည် မိုးမြေအရင်းအမြစ်များ ရှိရာ နေရာသုံးခုကို သိထားသော်လည်း နေရာနှစ်ခုမှာ ကောင်းကင်ထူးခြားဘုံနှင့် ကောင်းကင်စကြဝဠာဘုံ အနီးတွင် ရှိနေ၏။ ထိုဘုံများအား လက်ရှိအချိန်တွင် မိုးပြာမဟာဧကရာဇ်က ထိန်းချုပ်ထားပြီဖြစ်သည်။ ကျန်းရီသည် မိုးပြာမဟာဧကရာဇ်နှင့် မဆုံချင်သလို၊ လူသားမျိုးနွယ်၏ နယ်မြေများတွင်လည်း ပြဿနာမရှာချင်ချေ။ ထို့ကြောင့် ကောင်းကင်မိစ္ဆာဘုံအနီးရှိ ဆန်းကြယ်နယ်မြေသို့သာ လာခဲ့၏။

တမလွန်ဘုံသားများနှင့် လူသားမျိုးနွယ်၏ အခြေအနေကို ကျန်းရီ အကြမ်းဖျင်း နားလည်ထားပြီးဖြစ်သဖြင့် အတော်လေး စိတ်ပေါ့ပါးနေချေသည်။ မင်တဲသည် စစ်တပ်ကြီးကို ဦးဆောင်၍ တမလွန်ဘုံသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တမလွန်ဘုံသားများ ထိန်းချုပ်ထားဆဲဖြစ်သည့် ကောင်းကင်မိစ္ဆာဘုံနှင့် ကောင်းကင်အထီးကျန်ဘုံရှိ တမလွန်ဘုံသားများမှာလည်း တမလွန်ဘုံသို့ ဆက်တိုက် ဆုတ်ခွာနေကြ၏။

မင်တဲ၏ ရည်ရွယ်ချက်က ရှင်းလင်းလှပေသည်။ အင်အားများစုစည်း၍ တမလွန်ဘုံကိုသာ ကာကွယ်ရန် ဖြစ်၏။ ကျန်ဘုံများကို အလွယ်တကူ စွန့်လွှတ်လိုက်နိုင်သည်။ တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာချိန်၌ ထိုဘုံများကို ပြန်လည်သိမ်းယူနိုင်၏။

မိုးပြာမဟာဧကရာဇ်သည် နောက်ဆုံးအဆင့် တက်၍ ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေရာ မည်သည့်တမလွန်ဘုံဘုရင်မှ သူ့အား မရင်ဆိုင်ရဲချေ။ မင်တဲပင်လျှင် မိုးပြာမဟာဧကရာဇ်နှင့် စစ်ခင်းရန် မဝံ့ရဲတော့ပေ။

ထို့ကြောင့် ကောင်းကင်မိစ္ဆာဘုံနှင့် ကောင်းကင်အထီးကျန်ဘုံတို့ကို မည်သို့ပင်ဖြစ်စေ လက်လွှတ်ရပေလိမ့်မည်။ တော်ဝင်မျိုးနွယ်များနှင့် အင်အားကြီးတမလွန်ဘုံသားများကို ကြိုတင်ဆုတ်ခွာစေခြင်းဖြင့် တမလွန်ဘုံ၏ အင်အားကို ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။

တမလွန်ဘုံအတွင်း၌ တမလွန်ချောက်နက်များစွာ ရှိပြီး တမလွန်ဘုံသေခြင်းအရှိန်အဝါများကို အဆက်မပြတ် ထုတ်လွှတ်နေ၏။ တစ်ဘုံလုံးမှာ ၎င်းအရှိန်အဝါတို့ဖြင့် ဖုံးလွှမ်းနေသဖြင့် သာမန်လူသားများ မဝင်ရောက်နိုင်ချေ။ ဝင်ရောက်သည်နှင့် မိစ္ဆာအရှိန်အဝါ၏ တိုက်စားခြင်း ခံရပေလိမ့်မည်။

ထို့ပြင် တမလွန်ဘုံ၌ တမလွန်ဘုံဧကရာဇ် ကိုယ်တိုင် ဖန်တီးတည်ဆောက်ခဲ့သော အစွမ်းထက် တမလွန်နတ်ဘုရားသတ်ဖြတ်ခြင်း မန္တန်အစီအရင်လည်း ရှိနေသေး၏။ ထိုမန္တန်အစီအရင်ထဲ ပိတ်မိသွားပါက ဧကရာဇ်အဆင့် ကျင့်ကြံသူများပင် အသတ်ခံရနိုင်သည်။ ၎င်းမန္တန်အစီအရင်အပြင် တမလွန်ဘုံ၌ အခြား ကြောက်မက်ဖွယ်ကောင်းသော နေရာများစွာလည်း ရှိနေသေး၏။ မိုးပြာမဟာဧကရာဇ် တိုက်ခိုက်လာလျှင်တောင်မှ တမလွန်ဘုံအတွင်းသို့ တပ်ဖွဲ့များအား ဦးဆောင်လျက် ဝင်ရောက်ရဲမည် မဟုတ်ပေ။

လူသားမျိုးနွယ်အတွက် အနားယူအင်အားမွေးရန် အချိန်လိုအပ်သလို တမလွန်ဘုံသားများအနေဖြင့်လည်း တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းရန်လိုအပ်သည်။

နှစ်ဖက်စလုံးအတွက် မကြာမီအတွင်း ငြိမ်းချမ်းရေးကာလတစ်ခု ရလာနိုင်၏။ ယင်းက သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်နိုင်သည်။ ထိုအချိန်အတွင်း မင်တဲရော မိုးပြာမဟာဧကရာဇ်ပါ ကျန်းရီကို ရန်စရဲမည် မဟုတ်သဖြင့် သူလည်း နှစ်အနည်းငယ်မျှ အေးအေးဆေးဆေး နေနိုင်ပေလိမ့်မည်။

ဆန်းကြယ်နယ်မြေမှာ မဝေးကွာလှသဖြင့် သုံးရက်မျှသာ ခရီးနှင်ခဲ့ရ၏။ ကျန်းရီမှာ ကျင့်ကြံအားထုတ်ရန်ပင် ပျင်းရိနေသောကြောင့် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသော ကျန်းဝူရွှမ်း၊ ဟွမ်ဖူထောင်ထျန်း တို့နှင့်အတူ သေရည်သောက်ရင်း စကားစမြည် ပြောဆိုနေလေသည်။

ဟွမ်ဖူထောင်ထျန်း၏ ကျင့်ကြံနှုန်းမှာ အလွန်မြန်ဆန်လှပြီး ဘုရင်အဆင့်သို့ တက်လှမ်းရန် နီးကပ်နေပြီဖြစ်သည်။ အရင်းအမြစ်များအပေါ် နားလည်သဘောပေါက်မှုမှာလည်း အရေးကြီးအဆင့်သို့ ရောက်နေချေပြီ။ သို့သော် နောက်ဆုံးခြေတစ်လှမ်းတွင် တစ်နေသဖြင့် အတန်ကြာ နားလည်သဘောပေါက်ရန် ကြိုးစားပြီးနောက် အနားယူရန် ဆုံးဖြတ်လိုက်သည်။

"ဟင်..."

အရက်သောက်နေရင်း ကျန်းရီ၏ မျက်နှာပေါ်တွင် အံ့အားသင့်ဝမ်းသာသွားသော အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။ ။ သူ့ခန္ဓာကိုယ်က အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ဖြတ်ခနဲ လတ်၍ ပျောက်ကွယ်သွားကာ ဆန်းကြယ်နယ်မြေထဲရှိ ကျောက်တောင်တစ်တောင်အောက်၌ ပေါ်လာသည်။

"သခင်လေး... ကျွန်မ အဆင့်တက်သွားပြီ"

ကျန်းရှောင်နူသည် ရုတ်တရက် မျက်လုံးများ ဖွင့်၍ ဝမ်းသာအားရ ပျံသန်းလာကာ ကျန်းရီ၏ ရင်ခွင်ထဲသို့ ပြေးဝင်လာ၏။

"ဟားဟားဟား"

ကျန်းရီသည် ကျန်းရှောင်နူကို ဖက်ထားလျက် အားရပါးရ ရယ်မောလိုက်သည်။ သူက သူမ၏ ဆံနွယ်လေးများကို ခပ်ဖွဖွသပ်ရင်း ပြောလိုက်၏။ "ရှောင်နူလေးက တကယ်အတော်‌ဆုံးပဲ... အရင်ဆုံး အဆင့်တက်သွားတာကိုး.. လာ လာ လာ... ဂုဏ်ပြုပေးရမှာပေါ့"

ကျန်းရီသည် ကျန်းရှောင်နူကို ဖက်လျက် ဆန်းကြယ်နယ်မြေထဲမှ ပျောက်ကွယ်သွားပြီး ဘေးခန်းမတစ်ခုထဲတွင် ပြန်ပေါ်လာသည်။ ကျန်းဝူရွှမ်းနှင့် ဟွမ်ဖူထောင်ထျန်းတို့က သူတို့ကို တစ်ချက်ကြည့်ပြီးနောက် ချက်ချင်း ထရပ်ကာ ဝမ်းသာစကား ဆိုကြ၏။ ကျန်းရှောင်နူ၏ မျက်နှာလေးတွင်လည်း ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး လက်ဆန့်တန်းကာ ပြောလိုက်သည်။ "သခင်လေး... ကျွန်မကို ဆုချမယ်လို့ ကတိပေးထားတယ်နော်..."

"ကောင်းပြီ... ပေးရမှာပေါ့..."

ကျန်းရီက လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ လက်နက်များစွာနှင့် ချပ်ဝတ်တန်ဆာအချို့ လေလည်တွင် ထွက်ပေါ်လာ၏။ သူက ကမ္ဘာဦးရတနာ အချို့ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ "ကြိုက်တာ ရွေးလိုက်ကွာ"

"ကမ္ဘာဦးရတနာတွေ..."

ကျန်းဝူရွှမ်းနှင့် ဟွမ်ဖူထောင်ထျန်းတို့မှာ မျက်လုံးများ တောက်ပသွားကြ၏။ ကမ္ဘာဦးရတနာများသည် ဤလောကတွင် အစွမ်းအထက်ဆုံး ရတနာများပင် မဟုတ်ပါလော။ သူတို့နှစ်ဦးလုံးမှာ ဘုရင်အဆင့်သို့ ချက်ချင်း တက်လှမ်းချင်စိတ်များ ပေါက်သွားကြ၏။ ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်သည်အထိ အပြင်းအထန် ကြိုးစားကျင်ကြံ့ကာ ကမ္ဘာဦးရတနာများကို ရယူလိုစိတ်များ တဖွားဖွား ပေါ်လာကြသည်။

"အဲ့ဒီချပ်ဝတ်တန်ဆာကို လိုချင်တယ်"

ကျန်းရှောင်နူက လှပသော မြစိမ်းရောင် ချပ်ဝတ်တန်ဆာတစ်ခုကို လက်ညှိုးထိုးကာ ပြောလိုက်၏။ ကျန်းရီ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ကျန်းရှောင်နူ ဤစစ်ဝတ်တန်ဆာကို ရွေးချယ်မည်ဖြစ်ကြောင်း သူ ကြိုသိနေခဲ့၏။ သူမသည် ပုံမှန်အားဖြင့် စာရွက်ဖြူလေးတစ်ရွက်အလား ဖြူစင်လှပြီး ပြိုင်ဆိုင်တိုက်ခိုက်ရသည်ကို လုံးဝ မနှစ်သက်ချေ။ မည်သူမှ သူမကို လာရောက်မရန်စပါက တစ်သက်လုံး ဒေါသထွက်မည် မဟုတ်ရာ အတိုက်အခိုက် လက်နက်များအား ရွေးချယ်မည် မဟုတ်ပေ။

"ဝှစ်..."

ကျန်းရီက လက်ဝှေ့ရမ်းလျက် ချပ်ဝတ်တန်ဆာကို ကျန်းရှောင်နူဆီ ပေးလိုက်၏။ သူမကလည်း ဝမ်းသာအားရဖြင့် ချက်ချင်း ထိုင်၍ သန့်စင်လိုက်သည်။ ဟွမ်ဖူထောင်ထျန်းနှင့် ကျန်းဝူရွှမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နှုတ်ဆက်ထွက်ခွာသွားကြ၏။ တစ်ချက်မှာ ကျန်းရှောင်နူကြောင့် သူတို့လည်း ပြန်လည်တံခါးပိတ်ကျင့်ကြံရန် အားတက်သွားကြခြင်းဖြစ်သည်။ အခြားတစ်ချက်မှာတော့ ကျန်းရီနှင့် ကျန်းရှောင်နူတို့ နှစ်ယောက်တည်း ရှိနေသည်ကို အနှောင့်အယှက် မပေးလို၍ပင်။

ကျန်းရှောင်နူ ကမ္ဘာဦးရတနာကို သန့်စင်နေချိန်၌ ကျန်းရီကတော့ ဘေးတွင် ထိုင်ကာ သေရည်ကို တစ်ငုံချင်း သောက်လျက် သူမအား စောင့်နေသည်။

တောအုပ်ထဲမှ ထွက်လာသည့် နတ်သမီးလေးတစ်ပါးကဲ့သို့ လှပလှသော ကျန်းရှောင်နူ၏ မျက်နှာလေးကို ကြည့်ရင်း ကျန်းရီမှာ ရီဝေမိန်းမောနေမိသည်။

သူ့အနောက်သို့ တစ်ကောက်ကောက် လိုက်တတ်သည့် ကောင်းကင်ကြယ်တာရာနယ်မြေမှ ဆံပင်ရွှေရောင်ဖြင့် မိန်းကလေးကို ပြန်သတိရမိသွား၏။ ကျန်းရူဟူတို့၏ ရိုက်နှက်မှုကြောင့် စုတ်ပြတ်သတ်နေချိန်၌ ကျန်းရှောင်နူက သူ့ကို ကျောပိုး၍ ခြံဝင်းထဲ သယ်လာခဲ့သည့် မြင်ကွင်း၊ ဆောင်ကြာမြိုင်တွင် အလုပ်လုပ်ရန် သူ့ကို ကျောပိုးသွားခဲ့သည့် မြင်ကွင်းနှင့် အနိုင်ကျင့်ခံခဲ့ရသည့် မြင်ကွင်းများက သူ့ခေါင်းထဲတွင် ပြန်လည်ပေါ်လာခဲ့သည်။

အချိန်ကာလများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဤမိန်းကလေးက‌တော့ များစွာ ပြောင်းလဲသွားခြင်း မရှိချေ။ သူမသည် စာရွက်ဖြူလေးတစ်ရွက်ကဲ့သို့ ဖြူစင်နေဆဲဖြစ်ပြီး စကားနည်းကာ လူအများနှင့်‌ ပြောဆိုဆက်ဆံရသည်ကို မနှစ်သက်ဘဲ သူ့ကိုသာ ကမ္ဘာကြီးအလား ထင်မှတ်နေဆဲပင်။

ကျန်းရီသည် အပြစ်ရှိသည့် ခံစားချက်များအပြင် ယုယကြင်နာမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူမကို ကြည့်နေမိ၏။ ကျန်းရှောင်နူနှင့် အတူတကွ ကုန်ဆုံးခဲ့သည့်အချိန်တို့က အလွန်နည်းပါးလွန်းလှသည်။ ဤမိန်းကလေးသည် အခြားသူများနှင့် မတူ၊ တသီးတသန့်သာ နေတတ်၏။ စုလော့ရွှယ်နှင့် ရှောင်ဖေးတို့မှလွဲ၍ အခြားသူများနှင့် စကားပြောဆိုလေ့ မရှိ။ နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့ပြီး သူကိုယ်တိုင်ကလည်း အနားတွင် မရှိပေးနိုင်ခဲ့သဖြင့် သူမ အတော်လေး ငြီးငွေ့နေခဲ့ရှာပေလိမ့်မည်။

"ဝီ..."

ကျန်းရီက ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ အရှိန်မြှင့်လိုက်ပြီး အနီးတစ်ဝိုက်အား လှည့်ပတ်နေလိုက်သည်။ ကျန်းရှောင်နူနှင့် တစ်ရက်တာ အတူတကွ ဖြတ်သန်းရန် လှပသော ဆန်းကြယ်‌နယ်မြေအား ရှာဖွေပြီး သူမအတွက် ပြန်လည်ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်၏။

မကြာမီတွင် ကျန်းရီသည် ဆန်းကြယ်နယ်မြေငယ်တစ်ခုကို ရှာတွေ့သွားတော့သည်။ ဤနယ်မြေမှာ အလွန်သေးငယ်လွန်းသဖြင့် တမလွန်ဘုံသားများပင် ထိန်းချုပ်ရန် စိတ်မဝင်စားကြချေ။ အထဲတွင် ဟွင်သွမ့်သားရဲများလည်း မရှိသလို အဆင့်နိမ့် တောကောင်အချို့သာ ရှိ၏။ သို့သော် ရှုခင်းကတော့ အလွန်တရာ လှပချေသည်။

"ဝှစ်..."

ကျန်းရီလည်း ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်လျက် မိုင်တစ်သန်းပတ်လည်အထိ ပျံသန်းလှည့်ပတ်ကြည့်လိုက်၏။ တမလွန်ဘုံသားများ မရှိကြောင်း သေချာသည့်အခါမှ ကောင်းကင်ဘုံခုံရုံးထဲမှ ထွက်ကာ ဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်‌သွားတော့သည်။

သူသည် ဆန်းကြယ်နယ်မြေထဲရှိ ရေကန်ငယ်လေးဘေးတွင် ရပ်လျက် အရက်နှင့် အစားအစာအချို့ကို ထုတ်ကာ ကျန်းရှောင်နူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့်အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

"ဝှစ်..."

ဆယ်နာရီကျော် ကြာပြီးနောက် ကျန်းရှောင်နူ ထွက်လာသည်။ ကျန်းရီက သူမကို အပြင်သို့ ခေါ်ထုတ်၍ နူးညံ့ညင်သာသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြော၏။ "ရှောင်နူ... အခု ဒုတိယဆုကို ပေးမယ်... ဒီနေ့ ငါက မင်းအပိုင်ပဲ"

"ရှင်"

ကျန်းရှောင်နူ၏ မျက်နှာလေးမှာ ပန်းသီးတစ်လုံးအလား ရဲတွတ်သွား၏။ သို့သော် မကြာမီ သူမတစ်ကိုယ်လုံး တုန်ယင်လာပြီး မျက်ရည်များ စီးကျလာသည်။ သူမမှာ ကျန်းရီကို ငေးမောကြည့်နေမိ၏။ ပြောစရာ စကားလုံးပေါင်း ထောင်သောင်းမက ရှိနေသော်လည်း ဆွံ့အနေမိသည်။

သူမ ဤနေ့ရက်ကို စောင့်ဆိုင်းနေခဲ့ရသည်မှာ... အလွန် ကြာမြင့်ခဲ့ပြီ မဟုတ်ပါလော။

All Chapters