အခန်း (၂၀၃၄-၂၀၃၅)
Vol. 146 Ch. 2034-3035
အပိုင်း ၂၀၃၄ ချီသံသားရဲပေါက်လေး
ကျန်းရီသည် ဆန်းကြယ်နယ်မြေထဲတွင် ကျန်းရှောင်နူနှင့် တစ်ရက်တာ အတူတကွ ကုန်ဆုံးပြီးနောက် သူမအား မိန်းမပျိုလေးဘဝမှ အမျိုးသမီးတစ်ဦးအဖြစ် အောင်မြင်စွာ ပြောင်းလဲစေနိုင်ခဲ့ချေပြီ။ ကျန်းရှောင်နူအတွက်တော့ ဤနေ့မှာ သူမဘဝ၏ အပျော်ရွှင်ဆုံးနေ့ရက် ဖြစ်၏။ ကျန်းရီ၏ တစ်နေ့တာလုံးအား သူမတစ်ယောက်တည်း ပိုင်ဆိုင်ရမည့် နေ့ရက်၊ ဤနေ့သို့ ရောက်လာရန် နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားခဲ့ရသည်မဟုတ်လော။
ကျန်းရီက ကောင်းကင်ဘုံခုရုံးသို့ ပြန်သွား၍ ခရီးဆက်သည်။ ကျန်းရှောင်နူသည် မကျင့်ကြံတော့ဘဲ ကျန်းရီအနား၌သာ နေ့တိုင်းကပ်နေ၏။ "မဟူရာဘုရင်"ဟု အမည်ရသည့် ဆန်းကြယ်နယ်မြေသို့ ရောက်ရန် တစ်ရက်ကျော်သာ လိုတော့သဖြင့် ကျန်းရီလည်း သူမကို မတားဆီးတော့ချေ။
နေ့တစ်ဝက်ခန့် ကြာပြီးနောက် မဟူရာဘုရင် ဆန်းကြယ်နယ်မြေသို့ အောင်မြင်စွာ ရောက်ရှိလာခဲ့၏။ သို့သော် ထိုဆန်းကြယ်နယ်မြေအနီးတွင် အခြား ကြီးမားသော ဆန်းကြယ်နယ်မြေအချို့ ရှိနေပြီး တမလွန်ဘုံစစ်တပ်များ စခန်းချထားကြသည်။ ဆန်းကြယ်နယ်မြေကြီးတစ်ခုထဲတွင် တမလွန်ဘုံဘုရင်တစ်ပါးပင် ရှိနေသေး၏။
မင်တိ၏ ပြောစကားအရ ဤမဟူရာဘုရင် ဆန်းကြယ်နယ်မြေထဲတွင် မိုးမြေအရင်းအမြစ် ရှိသည်သာမက တမလွန်ဘုံသားများ၏ ရုပ်ခန္ဓာကို လျင်မြန်စွာ သန်မာလာစေနိုင်သည့် အဖိုးတန် ဝိညာဉ်ဆေးပင်တစ်မျိုးလည်း ရှိနေကြောင်း သိရသည်။ ထို့ကြောင့် မဟူရာဘုရင် ဆန်းကြယ်နယ်မြေထဲမှ ဝိညာဉ်ဆေးပင်များကို တူးဖော်ရန် အနီးတစ်ဝိုက်တွင် စစ်တပ်ကြီးများ ချထားခြင်းဖြစ်၏။
မည်သည်မှ ထပ်မံပြောနေစရာ မလိုတော့ချေ။
ကျန်းရီ စတင် သတ်ဖြတ်တော့သည်။ ချီသံသားရဲနှင့် လေပိုးကောင်များကို လွှတ်ပေးကာ အနီးတစ်ဝိုက်ရှိ တမလွန်ဘုံသားများအားလုံးကို ချေမှုန်းပစ်၏။ တမလွန်ဘုံဘုရင်မှာ ချီသံသားရဲ၏ မိုင်သောင်းပေါင်းများစွာ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပြီး သေဆုံးသွားခဲ့သည်။ ချီသံသားရဲသည် ဟင်းလင်းပြင်ထဲတွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်ပျံသန်း၍ တမလွန်ဘုံစစ်တပ်ကို တစ်စစီချေမှုန်းနေသည်။ လေပိုးကောင်များကလည်း အုံလိုက်ကျင်းလိုက် ထွက်ပေါ်လာပြီး ကိုက်ဖြတ်စားသောက်ကြသဖြင့် သတ်ဖြတ်နှုန်းမှာ အလွန်မြန်ဆန်လှ၏။
နေ့တစ်ဝက် ကုန်ဆုံးသွားပြီးနောက် မိုင်ဆယ်သန်းပတ်လည်အတွင်း၌ မည်သည့်တမလွန်ဘုံသားမှ မရှိတော့ချေ။
ကျန်းရီက ချီဟုန်ကို ခေတ္တမျှ စူးစမ်းလေ့လာစေလိုက်ရာ ချီဟုန်ဆီမှ အသံပို့လွှတ်လာ၏။ "အထဲမှာ မိုးမြေအရင်းအမြစ် ရှိနေတာတော့ သေချာတယ်... ဒါပေမဲ့... အဲ့ဒါက မီးအရင်းအမြစ်နဲ့ မြေအရင်းအမြစ်ပဲ... သတ္တုအရင်းအမြစ်တော့ မရှိဘူး"
"သတ္တုအရင်းအမြစ် မရှိဘူးလား"
ကျန်းရီ အနည်းငယ် စိတ်ပျက်သွားမိသည်။ မီးအရင်းအမြစ်များကို အတော်များများ စုပ်ယူထားပြီးဖြစ်ရာ အချိန်အတော်ကြာသည်အထိ အသုံးပြုရနိုင်သေးသည်။ မြေအရင်းအမြစ်ကိုလည်း မကြာမီကမှ ရရှိထားပြီး များများစားစား အသုံးမပြုရသေးချေ။ ယခုအချိန်၌ သူ အလိုချင်ဆုံးအရာမှာ သတ္တုအရင်းအမြစ်သာ ဖြစ်ပေသည်။
မိုးမြေအရင်းအမြစ်များကို အတင်းအဓမ္မ လုပ်ယူမရနိုင်သဖြင့် ကျန်းရီလည်း ဆန်းကြယ်နယ်မြေထဲသို့သာ ဆင်းသက်လိုက်သည်။ အထဲရောက်သွားချိန်တွင် ဆွဲငင်အားကို မခံစားရသော်လည်း လွင်မင်းဆန်းကြယ်နယ်မြေကဲ့သို့ ဧရာမကျောက်တုံးကြီးတစ်ခုကို တွေ့လိုက်ရသည်။
"ဟား... ဒီထဲမှာလည်း ချီသံသားရဲတစ်ကောင် ရှိနေတာများလား"
ကျန်းရီ ဝမ်းသာသွား၏။ နောက်ထပ် ချီသံသားရဲတစ်ကောင်ကို ထိန်းချုပ်နိုင်ပါက အတော်လေး ပျော်စရာကောင်းပေလိမ့်မည်။ ချီသံသားရဲ နှစ်ကောင်က ဧကရာဇ်အဆင့် ကျင့်ကြံသူ နှစ်ယောက်နှင့် ညီမျှသည် မဟုတ်ပါလော။
ချီဟုန်၏အသံ ထွက်ပေါ်လာသည်။ "အထဲမှာ အသက်စွမ်းအား ရှိနေတာတော့ သေချာတယ်... ဒါပေမဲ့ ချီသံသားရဲ ဟုတ်၊ မဟုတ်တော့ မသိဘူး... ပြီးတော့ အသက်စွမ်းအားက ချီသံသားရဲလောက် မသန်မာဘူး"
"ဝှစ်..."
ဤမြေအရင်းအမြစ်မှာ သေချာပေါက် ချိပ်ပိတ်ခံထားရလေသည်။ တမလွန်ဘုံသားတို့ ဝိညာဉ်ဆေးပင်များ အလွယ်တကူ ခူးယူနိုင်ရန် ဖြစ်ပေလိမ့်မည်။ ထိုဝိညာဉ်ဆေးပင်များကို ကျန်းရီ ရှာတွေ့သွား၏။ ၎င်းတို့မှာ မီးအရင်းအမြစ်အနားတွင် ပေါက်နေသည့် ထူးဆန်းသော မှိုတစ်မျိုးဖြစ်သည်။ အာနိသင်ကို ကျန်းရီ အတိအကျ မသိသော်လည်း တမလွန်ဘုံသားများ စားသုံးရန်ဖြစ်သဖြင့် ကျန်းရီ မစားရဲချေ။
"ဝှစ်..."
ကျန်းရီ မီးအရင်းအမြစ်ကို အရင်ဆုံး စုပ်ယူလိုက်၏။ မီးအရင်းအမြစ်ထဲတွင် မည်သည့်ဝိညာဉ်သားရဲမှ မရှိတော့ချေ။ ရှိခဲ့လျှင်တောင်မှ တမလွန်ဘုံသားများ အစောကြီးကတည်းက သတ်ဖြတ်ခဲ့ပေလိမ့်မည်။ တမလွန်ဘုံသားများအနေဖြင့် ဤမီးအရင်းအမြစ်အနီးရှိ မှိုများကို ခူးယူရန် လိုအပ်သည် မဟုတ်ပါလော။
နာရီအတော်ကြာ စုပ်ယူပြီးနောက် ကျန်းရီသည် မီးအရင်းအမြစ်အားလုံးကို အပြည့်အဝ စုပ်ယူနိုင်ခဲ့သည်။ သူက စဉ်းစားပြီးနောက် အနီးတစ်ဝိုက်ရှိ မှိုအားလုံးကိုပါ နှုတ်ယူလိုက်၏။ နောင်တစ်ချိန်၌ အသုံးဝင်လာနိုင်ပေသည်။ မီးအရင်းအမြစ်အနီးတွင် ပေါက်ရောက်နိုင်သော မှိုများက အဆိပ်မရှိဟု မျှော်လင့်ရပေမည်။
"ဝှစ်..."
သူက အဝေးရှိ ဧရာမကျောက်တုံးကြီးဆီသို့ ပျံသန်းသွားလိုက်၏။ ကျောက်တုံးကြီးအနား ဆင်းသက်၍ ကောင်းကင်ဘုံခုံရုံးအား ထုတ်ကာ ချီသံသားရဲကို ခေါ်ထုတ်လိုက်သည်။ ထို့နောက် အသံပို့လွှတ်လိုက်၏။ "ချီသံသားရဲ... အဲ့ဒီကျောက်တုံးကြီးကို တိုက်ခွဲလိုက်စမ်း"
"ဝမ်းဘဲ..."
ချီသံသားရဲက ပြေးဝင်သွားသည်။ ဤနေရာရှိ မြေအရင်းအမြစ်မှာ ချိပ်ပိတ်ခံထားရသဖြင့် ဆွဲငင်အား မရှိချေ။ ချီသံသားရဲ၏ ဝင်တိုက်အားက အလွန်ပြင်းထန်လှပြီး အမြင့်ဆုံးအရှိန်ဖြင့် ဧရာမကျောက်တုံးကြီးအား ဝင်တိုက်လိုက်၏။
"ဘုန်း..."
"ဝမ်းဘဲ..."
နားစည်ပေါက်ကွဲမတတ် ဟိန်းဟောက်သံနှင့် ပေါက်ကွဲသံတို့က တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ကျန်းရီ၏ မျက်လုံးများ လင်းလက်သွား၏။ ကျောက်တုံးကြီးထဲတွင် ချီသံသားရဲတစ်ကောင် အမှန်တကယ် ရှိနေပေသည်။ သူ၏ ချီသံသားရဲနှင့် တစ်ပုံစံတည်းဖြစ်သော်လည်း အနည်းငယ် သေးငယ်၏။ အတိုက်အခိုက်စွမ်းရည်ကလည်း သူ့ချီသံသားရဲထက် နိမ့်ကျပေသည်။
"နာသွားအောင်ပဲ လုပ်... မသတ်လိုက်နဲ့"
ကျန်းရီက ချီသံသားရဲထံ အသံပို့လွှတ်လိုက်၏။ ချီသံသားရဲသည် သူဝိညာဉ်သားရဲဖြစ်နေသဖြင့် အမိန့်ကို ဖီဆန်မည် မဟုတ်ချေ။ ၎င်းက မိုင်တစ်ထောင်အထိ ပြန်လှည့်၍ အရှိန်ယူပြီး ချီသံသားရဲငယ်လေးအား ဝင်တိုက်လိုက်သည်။ ထိုချီသံသားရဲငယ်လေးကလည်း ဒေါသတကြီးဖြင့် ပြန်ဝင်တိုက်ရာ အနက်ရောင်လှိုင်းဂယက်ကြီးနှစ်ခု ပြင်းထန်စွာ ဝင်တိုက်မိသွားကြ၏။
ဝုန်းခနဲ အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ချီသံသားရဲနှစ်ကောင် ဝင်တိုက်မိသည့် အနီးတစ်ဝိုက်ရှိ နေရာမှာ အလွှာလိုက် ကွဲအက်သွားသည်။ ချီသံသားရဲ နှစ်ကောင်စလုံး အနောက်သို့ လွင့်ထွက်သွား၏။ သို့သော် ခွန်အားကွာဟမှုက သိသာထင်ရှားလှပေသည်။ ချီသံသားရဲကြီးမှာ ပေတစ်ထောင်ခန့်သာ လွင့်စင်သွားသော်လည်း ချီသံသားရဲငယ်မှာမူ ပေထောင်ပေါင်းများစွာအထိ လူးလိမ့်ကာ လွင့်စင်ထွက်သွား၏။
"ဝှစ်..."
ချီသံသားရဲကြီးက နောက်တစ်ကြိမ် ပြေးဝင်သွားပြီး ချီသံသားရဲငယ်အား အကြိမ်ကြိမ် ဝင်တိုက်နေသည်။ ချီသံသားရဲငယ်လေးမှာ အတိုက်ခံရလွန်းသဖြင့် ကြောင်တောင်တောင်ပင် ဖြစ်နေရှာ၏။ အစပိုင်းတွင် အကြိမ်အနည်းငယ်မျှ ပြန်တိုက်နိုင်သေးသော်လည်း နောက်ပိုင်းတွင်တော့ လွင့်ထွက်သွားမည်ကိုသာ စောင့်နေရရှာသည်။
တစ်ကြိမ်၊ ဆယ်ကြိမ်၊ အကြိမ်တစ်ရာ။
ချီသံသားရဲငယ်လေး၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဗလပွ ဖြစ်သွား၏။ ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးအား ထိန်းချုပ်၍ ပျံသန်းသွားပြီး အသက်နွယ်ဖြင့် ချီသံသားရဲငယ်လေးထံမှ အသက်စွမ်းအင်တို့ကို စတင်စုပ်ယူလိုက်သည်။
ဤချီသံသားရဲငယ်လေးသည် အတိုက်အခိုက်စွမ်းရည်၌ အနည်းငယ် အားနည်းသော်လည်း အကာအကွယ်၊ အရှိန်နှင့် ခွန်အားကတော့ ထိတ်လန့်ဖွယ်ကောင်းလှသည်။ ချီသံသားရဲကြီးထက် အနည်းငယ်သာ အားနည်းသဖြင့် အလွန်စွမ်းအားကြီးသော အကူအညီတစ်ခု ဖြစ်လာပေလိမ့်မည်။
အသက်နွယ်တို့က ချီသံသားရဲငယ်လေး၏ အသက်စွမ်းအင်တို့ကို လျင်မြန်စွာ စုပ်ယူနေ၏။ သုံးနာရီခန့် ကြာပြီးနောက် ကျန်းရီသည် ချီသံသားရဲငယ်လေးအား ကောင်းကင်ဘုံခုံရုံးထဲသို့ ဖမ်းဆီးထည့်သွင်းလိုက်သည်။
ကျန်ကိစ္စများကတော့ လွယ်ကူသွားချေပြီ။ ချီသံသားရဲကြီးက ဥပမာအဖြစ် ရှိနေရာ ကျန်းရီ ခြိမ်းခြောက်ဖြားယောင်းလိုက်ရုံဖြင့် ချီသံသားရဲငယ်လေးမှာလည်း ဝိညာဉ်မျိုးစေ့ကို သန့်စင်လျက် ကျန်းရီ၏ ဝိညာဉ်သားရဲ ဖြစ်လာခဲ့သည်။
"ဘုန်း..."
ကျန်းရီက အပြင်သို့ ပျံထွက်လာပြီး မြေပြင်အား ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်၏။ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး အောက်မှ ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခု ထွက်ပေါ်လာသည်။ ဤနေရာရှိ ချိပ်ပိတ်အစီအရင်များကို ကျန်းရီ ဖျက်ဆီးလိုက်သဖြင့် မြေအရင်းအမြစ်က ဆွဲငင်အားကို သဘာဝအလျောက် ပြန်လည်ထုတ်လွှတ်လာ၏။
ကျန်းရီက မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် မြေအရင်းအမြစ်ကို ဖြည်းဖြည်းချင်း စုပ်ယူလိုက်သည်။ သုံးနာရီခန့် ကြာပြီးနောက် အားလုံးကို အပြည့်အဝ စုပ်ယူနိုင်သွားသည်။
"အခု ဘယ်သွားရမလဲ"
ကျန်းရီမှာ ဆန်းကြယ်နယ်မြေထဲတွင် ရပ်နေရင်း အနည်းငယ် ဝေခွဲမရဖြစ်နေမိသည်။ လောကကြီးက ကျယ်ဝန်းလှပြီး အဆုံးအစမရှိပေ။ ဆန်းကြယ်နယ်မြေပေါင်း သန်းပေါင်းများစွာ ရှိရာ ရွှေအရင်းအမြစ်ကို မည်သည့်နေရာ၌ သွားရှာရမည်နည်း။
ရွှေအရင်းအမြစ်က မည်သို့ပုံစံမျိုးရှိသည်လဲ ကျန်းရီ မသိချေ။ ချီဟုန်လည်း အလားတူပင်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်မှာလည်း အိပ်မောကျနေသဖြင့် ကျန်းရီ မနှောင့်ယှက်ရဲ။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်စွမ်းအင်မှာ များများစားစား မရှိတော့ချေ။ သူ၏ ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်တိုင်း ဝိညာဉ်လွင့်စင်ပျောက်ကွယ်ရန် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။ ကျန်းရီအနေဖြင့် မလိုအပ်ဘဲ သူ့အား နိုးထစေမည်မဟုတ်ပေ။
"မင်တိက တမလွန်ဘုံဘုရင် ထိပ်တန်းဆယ်ပါးထဲက တစ်ပါးပဲ... သူတောင်မှ မိုးမြေအရင်းအမြစ် ရှိတဲ့နေရာ သုံးခုကိုပဲ သိထားတာ... ကျန်တဲ့ အဆင့်နိမ့် တမလွန်ဘုံသားတွေကတော့ သေချာပေါက် သိမှာမဟုတ်ဘူး"
ကျန်းရီ တစ်ခဏ စဉ်းစားပြီးနောက် သူ၏ ကောင်းကင်ထူးခြားဘုံနှင့် ကောင်းကင်စကြဝဠာဘုံဘက်ရှိ ဆန်းကြယ်နယ်မြေ နှစ်ခုဆီသို့ အာရုံစိုက်လိုက်သည်။ ထိုဆန်းကြယ်နယ်မြေ နှစ်ခုတွင် မိုးမြေအရင်းအမြစ် ရှိသည်ဟု မင်တိက အသေအချာ ပြောထားသဖြင့် ကျန်းရီ လက်လျှော့မည် မဟုတ်ချေ။
"ခိုးဝင်ရမလား"
ကျန်းရီတွင် မိုးပြာမဟာဧကရာဇ်နှင့် သဘောတူညီချက်တစ်ခု ရှိသည်။ မိုးပြာဧကရာဇ်၏ ဘက်တော်သားများနှင့် မည်သည့်ပဋိပက္ခမှ မဖြစ်ပွားရန် ဖြစ်၏။ မိုးပြာမဟာဧကရာဇ်စစ်တပ်၏ ပိုင်နက်ထဲသို့ ဗြောင်ကျကျ မသွားနိုင်သော်လည်း ခိုးဝင်နိုင်သေးသည်။
သူ့တွင် ဝိညာဉ်တံလျှပ်စွမ်းရည် ရှိလေရာ ဧကရာဇ်အဆင့်များနှင့် မတွေ့သရွေ့ မည်သူမှ ရိပ်မိမည် မဟုတ်ချေ။ ပုန်းကွယ်ခြင်းအတတ်များလည်း ပိုင်ဆိုင်ထားသဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့်များနှင့် မတွေ့သရွေ့ သူ့အား ရှာတွေ့ကြမည် မဟုတ်ပေ။ ချီဟုန်၏ ကောင်းကင်စိတ်အာရုံကလည်း စွမ်းအားကြီးမားသဖြင့် ကင်းထောက်စစ်သည်များကို အလွယ်တကူ ရှောင်ရှားနိုင်ပေသည်။ သတိထားနေသရွေ့ သူ့အား ရှာတွေ့မည် မဟုတ်ချေ။
"သွားမယ်"
ကျန်းရီသည် ခေတ္တမျှ စဉ်းစားပြီးနောက် ထိုဆန်းကြယ်နယ်မြေ နှစ်ခုဆီ သွားရောက်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တော့သည်။
ရွှေအရင်းအမြစ်အား စုပ်ယူပြီးနောက် သူ၏ လျှပ်စီးအတတ်ပညာ အောင်မြင်၊ မမြင်ကို သိရရန် မစောင့်နိုင်တော့ချေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင်လျှင် ထူးကဲသာလွန်သည်ဟု သတ်မှတ်ထားရသည့် ဤအတတ်သာ အောင်မြင်သွားပါက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်မည်နည်း။
အပိုင်း ၂၀၃၅ ကြောက်လျှင် ငတ်မည်
မိုးပြာမဟာဧကရာဇ်သည် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ အကြံပြုချက်အတိုင်း ကောင်းကင်ညီတူဘုံအား အလျင်စလို မသိမ်းပိုက်ခဲ့ချေ။ ကောင်းကင်စကြဝဠာဘုံနှင့် ကောင်းကင်မသေမျိုးဘုံတို့ တည်ငြိမ်အောင်သာ ဦးစွာ ဆောင်ရွက်၏။
ကောင်းကင်စကြဝဠာဘုံရှိ မန္တန်အစီအရင်ကြီးအား တည်ဆောက်ပြီးစီးသွားသလို နေရာရွှေ့ပြောင်း မန္တန်အစီအရင်ကိုလည်း တည်ဆောက်ပြီးဖြစ်သည်။ လူများအား စတင်ရွှေ့ပြောင်းစေပြီး ကောင်းကင်စကြဝဠာဘုံအတွင်းရှိ မြို့တော်များကို ပြန်လည်တည်ဆောက်ကာ တစ်ဘုံလုံးအား အပြည့်အဝ သိမ်းပိုက်လိုက်၏။
မိုးပြာမဟာဧကရာဇ်က ကောင်းကင်ကြယ်စုဘုံမှလွဲ၍ ကျန်ဘုံကြီးများကို မည်သည့်မိသားစုကိုမှ ခွဲဝေပေးဘဲ စုစည်းအုပ်ချုပ်ကာ အရင်းအမြစ်များကို ဗဟိုမှ ထိန်းချုပ်ထားသည်။ ဘုံတစ်ခုစီကို စစ်တပ်မှ တိုက်ရိုက်အုပ်ချုပ်ပြီး တင်းကြပ်သော ဥပဒေများ ချမှတ်ထား၏။ မည်သည့်မိသားစုမှ မည်သူမဆို ဥပဒေချိုးဖောက်ပါက ခြွင်းချက်မရှိ သေဒဏ်ပေးမည်ဖြစ်သည်။
ယင်းက အရင်းအမြစ်အားလုံးကို စုစည်းနိုင်ပြီး အင်အားကြီးကျင့်ကြံသူများကို တဟုန်ထိုး မွေးထုတ်ပေးနိုင်ပေလိမ့်မည်။
မှန်ပါသည်။ ဤအရာအားလုံးက မိုးပြာမဟာဧကရာဇ်၏ အင်အားကြီး ဧကရာဇ်အာဏာစက်အောက်၌ တည်ဆောက်ထားခြင်းဖြစ်၏။ ယခုတွင် လူသားမျိုးနွယ်မှာ အပြည့်အ၀ စည်းလုံးညီညွတ်နေပြီး မည်သည့်မိသားစုကမှ မရမ်းကားရဲသလို ဥပဒေကို လက်တစ်လုံးခြား လုပ်၍ အရင်းအမြစ်များအား သိမ်းပိုက်ရဲခြင်းလည်း မရှိကြချေ။
ခွမ်မိသားစု၊ ယန်မိသားစု၊ သောင်မိသားစု၊ ကုန်းရန်မိသားစုစသည့် မိသားစုကြီးများလည်း တမလွန်ဘုံသားများကို အောင်မြင်စွာ နှိမ်နင်းနိုင်ပါက မိသားစုတိုင်း ချမ်းသာကြွယ်ဝကာ မျိုးဆက်အဆက်ဆက် ကြီးစိုးနိုင်မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိထားကြသည်။ ယခုအချိန်တွင် အာဏာနှင့် အရင်းအမြစ်များကို လုယူစရာ မလိုချေ။ တမလွန်ဘုံသားများ မည်သည့်အချိန်တွင် လာရောက်တိုက်ခိုက်၍ ဤဘုံများကို ပြန်လည်လုယူသွားမည်လဲ မည်သူမှ မသိနိုင်ပေ။
အင်အားကြီး မိသားစုကြီးများပင် မပုန်ကန်ကြရာ သာမန်မိသားစုများမှာလည်း မရမ်းကားရဲချေ။ မိသားစုငယ်များဆိုလျှင် လှုပ်ပင် မလှုပ်ရဲကြပေ။
ထို့ကြောင့် လူသားမျိုးနွယ်၏ လက်ရှိအခြေအနေမှာ အလွန်ကောင်းမွန်နေပြီး အတွင်းပဋိပက္ခများ လုံးဝမရှိချေ။ မိုးပြာမဟာဧကရာဇ်သည် လူသားမျိုးနွယ်တို့ မျိုးဆက်ပွားရန်နှင့် ကျင့်ကြံရန် အားပေး၏။
မည်သည့်မိသားစုမှ မျိုးဆက်များဖြစ်စေ ပါရမီရှိ၍ အသက်ကို ပဓာနမထားဘဲ ကြိုးစားပါက အကန့်အသတ်မရှိသော အရင်းအမြစ်များ ရရှိနိုင်မည်ဖြစ်ပြီး နာမည်ကျော်၍ အောင်မြင်ကြီးပွားနိုင်မည်ဖြစ်သည်။
မိုးပြာမဟာဧကရာဇ်၏ လုပ်ရပ်များက အလွန်လှပသေသပ်သည်ဟု ဆိုနိုင်၏။ မမျှော်လင့်ထားသည့် ကိစ္စများ မဖြစ်ပေါ်ဘဲ လူသားမျိုးနွယ်သာ ဤအတိုင်း ဆက်လက်တိုးတက်နေပါက ဆယ်နှစ်အတွင်း အစွမ်းထက်ကျင့်ကြံသူ အမြောက်အမြားကို မွေးထုတ်နိုင်ပေလိမ့်မည်။ လူသားမျိုးနွယ်သည် ယခုတွင် ဆန်းကြယ်နယ်မြေများ၊ အရင်းအမြစ်များနှင့် ရတနာမြေများစွာကို သိမ်းပိုက်ထားသလို အစွမ်းထက်ကျင့်ကြံသူများလည်း အမြဲတစေ မွေးထုတ်ပေးနေသည် မဟုတ်ပါလော။
ကောင်းကင်မသေမျိုးဘုံအား သိမ်းပိုက်ပြီး ဆယ်ရက်မြောက်နေ့၌ ချီလင်းအရှင်မသည် မန္တန်အစီအရင်ပညာရှင်တစ်စုကို ဦးဆောင်လျက် ကောင်းကင်မသေမျိုးဘုံ၏ ကောင်းကင်ကိုးပါးကြယ်အစီအရင်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့၏။ မိုးပြာမဟာဧကရာဇ်က စစ်တပ်ကြီးများအား ကောင်းကင်ညီတူဘုံထံ ချက်ချင်းစေလွှတ်၍ သိမ်းပိုက်စေသည်။ ဤတစ်ကြိမ်တွင် ချီလင်းအရှင်မကိုယ်တိုင် ဦးဆောင်သွားသည်။ မန္တန်အစီအရင်သာ တည်ဆောက်ပြီးသွားပါက ကောင်းကင်ညီတူဘုံသည်လည်း လူသားမျိုးနွယ်လက်အောက်သို့ အပြည့်အဝ ရောက်လာပေလိမ့်မည်။
ချီလင်းအရှင်မသည် ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့၏။ သို့ထိတိုင်…
သူမရင်ထဲ၌ စိုးရိမ်ပူပန်မှုအချို့ ရှိနေသေးသည်။ လူသားမျိုးနွယ်၏ တိုးတက်မှုမှာ အလွန်မြန်ဆန်လွန်းနေပြီး သိမ်းပိုက်ထားသည့် ဘုံများမှာလည်း များပြားလွန်းလှ၏။ သို့သော် စစ်တပ်များနှင့် အစွမ်းထက်ကျင့်ကြံသူများမှာမူ နည်းပါးလွန်းနေသေးသည်။
ယခုအခါ လူသားမျိုးနွယ် သိမ်းပိုက်ထားသည့် ဘုံများမှာ ကမ္ဘာဦးကောင်းကင်ဘုံ၊ ကောင်းကင်ဝိညာဉ်ဘုံ၊ ကောင်းကင်ကြယ်စုဘုံ၊ ကောင်းကင်ထူးခြားဘုံ၊ ကောင်းကင်စကြဝဠာဘုံ၊ ကောင်းကင်မသေမျိုးဘုံနှင့် ကောင်းကင်ညီတူဘုံတို့ ဖြစ်ကြသည်။ ဘုံဆယ်ခုအနက် ခုနစ်ခုကို လူသားမျိုးနွယ်က သိမ်းပိုက်ထားပြီးဖြစ်၏။
သို့သော် လူသားမျိုးနွယ်၌ ထိပ်တန်းတပ်ဖွဲ့ မည်မျှရှိသနည်း။
အများဆုံးမှ သန်းခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့်သာ ရှိ၏။ လူသားမျိုးနွယ်၌ ဧကရာဇ်အဆင့် ကျင့်ကြံသူ မည်မျှရှိသနည်း။ ယန်အရှင်၊ ရူးသွပ်အရှင်၊ ချီလင်းအရှင်မ၊ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ရွှေအရှင်၊ ကျောက်တုံးအရှင်၊ ငွေအရှင်၊ မီးတောက်အရှင်တို့အပြင် မိုးပြာမဟာဧကရာဇ်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်ဖြစ်သော ရှားယွီကိုပါ ပေါင်းလိုက်လျှင် စုစုပေါင်း ဆယ်ယောက်သာ ရှိသည်။
ဧကရာဇ်အဆင့် ပုဂ္ဂိုလ်ဆယ်ဦးနှင့် သန်းခြောက်ဆယ်ကျော်သော စစ်တပ်က ဘုံကြီးခုနစ်ဘုံကို ကာကွယ်ရပေလိမ့်မည်။ ၎င်းမှာ ခက်ခဲသည်ဟုပင် ပြော၍မရတော့ချေ။ လိုအပ်ချက်က အလွန်တရာမှပင် ကြီးမားလှ၏။
ဘုံကြီးခုနစ်ဘုံ၏ အလွန်တွင် ရေတွက်မရနိုင်သော ဆန်းကြယ်နယ်မြေများ ရှိနေသေးသည်။ ဆန်းကြယ်နယ်မြေများစွာထဲတွင် ရတနာမြေများနှင့် ကမ္ဘာဦးတာအိုဆန်းကြယ်နယ်မြေများ ရှိကြ၏။ ကျင့်ကြံရန် အကောင်းဆုံးနေရာများဖြစ်ရာ စစ်တပ်ချ မကာကွယ်၍ မရချေ။
ဘုံကြီးခုနစ်ဘုံအပြင်ဘက်တွင် အဆုံးအစမဲ့သော ဟွင့်သွမ်နယ်မြေ ရှိသေး၏။ ထိုမျှကျယ်ဝန်းသော နယ်မြေကြီးအတွက် ကင်းထောက်စစ်သည်များ စေလွှတ်၍ စစ်ရေးအခြေအနေကို မစုံစမ်းဘဲ နေ၍မရချေ။
အကယ်၍…
တမလွန်ဘုံသားများ အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လာလျှင်ရော။ စစ်တပ်ကြီးများစွာကို စေလွှတ်၍ ကောင်းကင်ညီတူဘုံ၊ ကောင်းကင်မသေမျိုးဘုံနှင့် ကောင်းကင်စကြဝဠာဘုံတို့အား ကွေ့ပတ်သွား၍ ကမ္ဘာဦးကောင်းကင်ဘုံ ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်ထူးခြားဘုံတို့ကို ခွဲထုတ်တိုက်ခိုက်လာပါက လူသားမျိုးနွယ်အနေဖြင့် ဝင်ရောက်စွက်ဖက်ပါမည်လော။
ကယ်တင်မည်ဆိုပါက လူသားမျိုးနွယ်စစ်တပ်မှာ သေချာပေါက် အင်အားကွဲသွားပေလိမ့်မည်။ အစွမ်းထက်ကျင့်ကြံသူများလည်း ပြန့်ကျဲသွားမည်ဖြစ်၏။ ထိုအချိန်၌ တမလွန်ဘုံသားများကြောင့် တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းခံရပေလိမ့်သည်။
မင်တဲအနေဖြင့် အဆင့်နိမ့်တမလွန်ဘုံသားများကို ဂရုမစိုက်ဘဲ နေနိုင်သော်လည်း လူသားမျိုးနွယ်အနေဖြင့် သာမန်ပြည်သူများအား ပစ်ပယ်ထား၍ ရပါမည်လော။
လက်ရှိတွင် ဘုံတစ်ဘုံစီတိုင်း၌ လူသားမျိုးနွယ် အမြောက်အမြား ပြောင်းရွှေ့နေကြပြီဖြစ်သည်။ ဘုံတစ်ဘုံ ကျဆုံးသွားသည်နှင့် သာမန်လူသားမှာ တမလွန်ဘုံကျွန်များ၊ တမလွန်ဘုံစစ်သည်များ၊ ဖုတ်ကောင်များအဖြစ် ပြောင်းလဲသွားကြပေလိမ့်မည်။
ထိုမြင်ကွင်းကို တွေးမိလိုက်ရုံဖြင့် ချီလင်းအရှင်မမှာ ကျောချမ်းသွားရ၏။
ပြဿနာမှာ…
မိုးပြာမဟာဧကရာဇ်ဆိုသူကား လက်ထဲရောက်ပြီးဖြစ်နေသည့် အရင်းအမြစ်များနှင့် ထိုဘုံများကို စွန့်လွှတ်ပါမည်လော။ မိုးပြာမဟာဧကရာဇ် စွန့်လွှတ်လျှင်တောင်မှ ရူးသွပ်အရှင်နှင့် ယန်အရှင်တို့က နှမြောနေကြပေလိမ့်မည်။ မည်သို့ဆိုစေ ဤဘုံကြီးများကို ရရှိမှသာ လူသားမျိုးနွယ်အနေဖြင့် အရင်းအမြစ်များကို ပို၍ရနိုင်မည်ဖြစ်ပြီး လျင်မြန်စွာ တိုးတက်နိုင်မည် မဟုတ်ပါလော။
"ဒါက တမလွန်ဘုံသားတွေရဲ့ အကြံအစည်များလား"
ချီလင်းအရှင်မ၏ စိတ်ထဲတွင် ရုတ်တရက် ရဲတင်းသော အတွေးတစ်ခု ပေါ်လာမိသည်။ တမလွန်ဘုံသားများ ဆက်တိုက် စစ်ရှုံးနေခြင်းနှင့် ဘုံများကို ဆက်တိုက် စွန့်လွှတ်နေခြင်းက သူတို့၏ အကြံအစည် ဖြစ်နေနိုင်မည်လော။ ဤမျှကျယ်ဝန်းသော နယ်မြေကြီးကို လူသားမျိုးနွယ်အား တမင်သက်သက် ပေးလိုက်ခြင်းလော။ လောဘတက်၍ နောက်ဆုံးတွင် ဗိုက်ပေါက် သေဆုံးသွားရန် ရည်ရွယ်ခြင်းလား။
သို့သော် တမလွန်ဘုံသားတို့ စစ်ရှုံးနေခြင်းမှာ အတုအယောင် မဟုတ်ချေ။ ကောင်းကင်စကြဝဠာဘုံ အပြင်ဘက်၌ တမလွန်ဘုံစစ်သည်များစွာ သေဆုံးခဲ့သည်မှာလည်း အစစ်အမှန်ပင်ဖြစ်သည်။ ကျန်းရီက ကောင်းကင်မသေမျိုးဘုံနှင့် ကောင်းကင်ညီတူဘုံတို့ကို ဝင်ရောက်သတ်ဖြတ်ခဲ့သည်မှာလည်း အမှန်တရား ဖြစ်၏။
ချီလင်းအရှင်မမှာ နားမလည်နိုင်တော့ချေ။ သူမ ကောင်းကင်ညီတူဘုံ၏ ကောင်းကင်ကိုးပါးကြယ်အစီအရင်ကို အောင်မြင်စွာ တည်ဆောက်ပြီးချိန်၌ ရောက်ရှိလာသော သတင်းက သူမ၏ စိုးရိမ်ပူပန်မှုများကို ပိုမိုကြီးမားလာစေခဲ့သည်။
ကင်းထောက်များ၏ စုံစမ်းထောက်လှမ်းမှုအရ ကောင်းကင်မိစ္ဆာဘုံနှင့် ကောင်းကင်အထီးကျန်ဘုံတို့မှ အစွမ်းထက် တမလွန်ဘုံသားများအားလုံး တမလွန်ဘုံသို့ ဆုတ်ခွာသွားကြ၏။ ယခုအချိန်တွင် ထိုဘုံကြီးနှစ်ခုလုံး၌ မည်သည့်အကာအကွယ်မှ မရှိတော့ချေ။ တမလွန်ဘုံအနီးရှိ ဆန်းကြယ်နယ်မြေများမှလွဲ၍ ကျန်ဆန်းကြယ်နယ်မြေများရှိ တမလွန်ဘုံသားများအားလုံး တမလွန်ဘုံသို့ အပြီးတိုင် ဆုတ်ခွာသွားကြပြီဖြစ်သည်။
ဤသတင်းက ချီလင်းအရှင်မကိုသာမက မိုးပြာမဟာဧကရာဇ်၊ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ယန်အရှင်၊ ရူးသွပ်အရှင်နှင့် ရွှေအရှင်တို့အားလုံးကိုပါ မှင်သက်သွားစေခဲ့၏။
တမလွန်ဘုံသားများ အပြည့်အဝ ဆုတ်ခွာသွားသည်က နယ်မြေများကို အလကား ထိုးပေးလိုက်ခြင်းဖြစ်သည်။ ဧရာမ ကိတ်မုန့်ကြီးနှစ်ခုက ဟင်းလင်းပြင်ကြီးထဲတွင် လွင့်မြောနေ၏။ လူသားမျိုးနွယ်သာ အလိုရှိပါက ချက်ချင်း ဝါးမြိုပစ်လိုက်နိုင်သည်။
မိုးပြာမဟာဧကရာဇ်က ထိုဘုံနှစ်ဘုံကို တိုက်ခိုက်သိမ်းပိုက်ရန် အမိန့်မပေးသေးဘဲ ဧကရာဇ်ဆယ်ပါးကို ခေါ်ကာ တိုင်ပင်ဆွေးနွေး၏။ ချီလင်းအရှင်မက သူမအမြင်ကို ချက်ချင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ကောင်းကင်မိစ္ဆာဘုံနှင့် ကောင်းကင်အထီးကျန်ဘုံတို့်အား သိမ်းပိုက်မည့်အရေးကို ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့သည်။ လက်ရှိအချိန်၌ လူသားမျိုးနွယ်၏ စစ်အင်အားမှာ မလုံလောက်တော့ချေ။ ထိုဘုံနှစ်ခုကိုပါ ဆက်လက်သိမ်းပိုက်ပါက လူသားမျိုးနွယ် စားပိုးနင့်သွားပေလိမ့်မည်။
ရူးသွပ်အရှင်ကမူ ချီလင်းအရှင်မ၏ အမြင်အား သဘောမတူချေ။ သူ့အမြင်အရ တမလွန်ဘုံဧကရာဇ် မထွက်ပေါ်လာသေးသဖြင့် ဤသည်မှာ အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
မင်တဲသည် မိုးပြာမဟာဧကရာဇ်ကို သိသိသာသာ ကြောက်ရွံ့နေ၏။ တမလွန်ဘုံဧကရာဇ် မထွက်ပေါ်လာသရွေ့ မည်သည့်တမလွန်ဘုံဘုရင်ကမှ မိုးပြာမဟာဧကရာဇ်၏ ပြိုင်ဘက်မဖြစ်နိုင်ချေ။ တမလွန်ဘုံသားများ ဆုတ်ခွာသွားခြင်းက သာမန်သာဖြစ်၏။ လူသားမျိုးနွယ်အနေဖြင့် နယ်မြေအားလုံးကို အလွယ်တကူ သိမ်းပိုက်၍ တမလွန်ဘုံအား ခြိမ်းခြောက်ထားနိုင်ပေသည်။
ဘုံကြီးကိုးခုကို သိမ်းပိုက်နိုင်ပါက လူသားမျိုးနွယ်သည် အဆုံးမဲ့သော နယ်မြေများနှင့် အရင်းအမြစ်များကို ရရှိနိုင်ပေလိမ့်မည်။ ဆယ်နှစ်ခန့် အချိန်ပေးလိုက်ရုံဖြင့် သန်းရာချီသော ထိပ်တန်းစစ်သည်များကို မွေးထုတ်နိုင်မည်ဖြစ်ပြီး ဘုရင်အဆင့်၊ ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ဧကရာဇ်အဆင့် ကျင့်ကြံသူများကိုပါ ပိုမိုမွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ ထိုအချိန်၌ တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာလျှင်တောင်မှ လူသားမျိုးနွယ်အနေဖြင့် မည်သည်ကို ကြောက်ရွံ့စရာ လိုတော့မည်နည်း။
ရူးသွပ်အရှင် ပြောသည်မှာလည်း ကျိုးကြောင်းဆီလျော်၏။ လူသားမျိုးနွယ်မှာ မူလကတည်းက အင်အားနည်းပါးခဲ့သဖြင့် တမလွန်ဘုံဧကရာဇ်သာ ထွက်ပေါ်လာပါက ချက်ချင်း မျိုးသုဥ်းပျောက်ကွယ်သွားနိုင်သည်။ ယခုတွင် မိုးပြာမဟာဧကရာဇ်ကြောင့် လူသားမျိုးနွယ်၏ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့၏။ ဤအခွင့်အရေးကို အမိအရ မဖမ်းဆုပ်ပါက တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာချိန်၌ လူသားမျိုးနွယ်မှာ ပို၍ ဆိုးရွားသွားလိမ့်မည်။
ကြောက်တတ်သူများ ငတ်သေ၍ ရဲတင်းသူများကတော့ အောင်မြင်ကြ၏။
ယန်အရှင်၊ ရွှေအရှင်တို့ကလည်း ထိုအတိုင်းပင် တွေးတောကြသည်။ ကောင်းကင်ဘုရင်ဝေနှင့် ရှန်ကွေ့တို့ပင်လျှင် ထိုဘုံနှစ်ခုကို သိမ်းပိုက်ရန် သဘောတူကြ၏။ ကျောက်တုံးအရှင်၊ ငွေအရှင်တို့ကလည်း အလားတူပင်။ ဆုံးရှုံးစရာမရှိသူများက ဘာကိုမှ ကြောက်လန့်မနေကြချေ။ လူသားမျိုးနွယ်မှာ အစကတည်းက မျိုးသုဥ်းလုဆဲဆဲ ဖြစ်နေသဖြင့် ယခုကဲ့သို့ အခွင့်အရေးရမျိုးအား ဆုပ်ကိုင်ထားရပေလိမ့်မည်။
ရှားယွီက တိတ်ဆိတ်နေပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီးလည်း တွေဝေတုံ့ဆိုင်းနေ၏။ နောက်ဆုံးတွင်တော့ မိုးပြာမဟာဧကရာဇ်က အံတင်းတင်းကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုဘုံနှစ်ခုကို သိမ်းပိုက်ပေမည်။ သူကိုယ်တိုင် တမလွန်ဘုံနှင့် နီးကပ်သည့် ကောင်းကင်အထီးကျန်ဘုံအား ကွပ်ကဲ၍ တမလွန်ဘုံကို ခြိမ်းခြောက်ရန် ဆုံးဖြတ်လိုက်၏။
မိုးပြာမဟာဧကရာဇ်၏ အမြင်တွင် တမလွန်ဘုံဧကရာဇ် မထွက်ပေါ်လာသရွေ့ မည်သည့်တမလွန်ဘုံဘုရင်ကမှ သူ့အား မယှဥ်နိုင်ချေ။ တမလွန်ဘုံဧကရာဇ် မထွက်ပေါ်လာသေးသည်ကို အခွင့်ကောင်းယူ၍ လူသားမျိုးနွယ်ကို ဖွံ့ဖြိုးတိုးတက်စေခြင်းက အကောင်းဆုံးဖြစ်ပြီး လူသားမျိုးနွယ် ပြန်လည်ထကြွလာနိုင်မည့် လမ်းစဉ်ပင် ဖြစ်ချေသည်။