← Chapters

အခန်း(၂၀၃၆-၂၀၃၇)

Vol. 146 Ch. 2036-2037

အခန်း(၂၀၃၆-၂၀၃၇)

Vol. 146 Ch. 2036-2037

အပိုင်း ၂၀၃၆ နိမိတ်ဆိုး

မိုးပြာမဟာဧကရာဇ်သည် စစ်တပ်အင်အား ဆယ်သန်းကို စုစည်း၍ တပ်ဖွဲ့နှစ်ဖွဲ့ခွဲလိုက်သည်။ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်လေးဦးက ဦးဆောင်၍ ကောင်းကင်မိစ္ဆာဘုံနှင့် ကောင်းကင်အထီးကျန်ဘုံတို့ထံ ချီတက်သွားကြ၏။ ထိုဘုံနှစ်ဘုံအား မသိမ်းပိုက်ရသေးခင်မှာပင် ကမ္ဘာဦးကောင်းကင်ဘုံ၌ အောင်ပွဲခံနေကြပြီ ဖြစ်သည်။

ဘုံဆယ်ဘုံတွင် တမလွန်ဘုံမှလွဲ၍ ကျန်ဘုံအားလုံးမှာ လူသားမျိုးနွယ်လက်အောက်သို့ ကျရောက်တော့ပေမည်။ ကောင်းကင်ဧကရာဇ် အုပ်စိုးခဲ့သည့် အတိတ်ကာလတုန်းကလည်း လူသားမျိုးနွယ်သည် ဘုံကိုးဘုံကို ထိန်းချုပ်နိုင်ခဲ့ပြီး တမလွန်ဘုံကသာ တမလွန်ဘုံသားများ၏ လက်ထဲတွင် ရှိခဲ့၏။

မိုးပြာမဟာဧကရာဇ် နန်းတက်သည်မှာ မကြာသေးချေ။ သို့ထိတိုင် ဘုံကိုးဘုံကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီး လူသားမျိုးနွယ်၏ ဂုဏ်ကျက်သရေနှင့် ခမ်းနားကြီးကျယ်မှုများကို ပြန်လည်ရယူ‌ပေးနိုင်ခဲ့သည်။ ယခုတွင် တမလွန်ဘုံမျိုးနွယ်များကို အပြီးတိုင် နှိမ်နင်းကာ တမလွန်ဘုံဧကရာဇ်အား သတ်ဖြတ်လျက် တမလွန်ဘုံသားများကို ဒူးထောက်အညံ့ခံစေရန်သာ ကျန်တော့၏။

ကမ္ဘာဦးကောင်းကင်ဘုံမှ သာမန်ပြည်သူများသည် ရှေ့တန်းစစ်မျက်နှာပြင်၏ အခြေအနေကို သိပ်မသိကြချေ။ လူသားမျိုးနွယ်သည် ဘုံကိုးဘုံအား သိမ်းပိုက်၍ တမလွန်ဘုံသားများ တမလွန်ဘုံသို့ မောင်းထုတ်ခံလိုက်ရသည်ကိုသာ သိထားကြသည်။ ဤသည်ကား ငြိမ်းချမ်းကြွယ်ဝလျက် ဂုဏ်ယူဖွယ်ရာ ခေတ်တစ်ခေတ်ပင်။

မိုးပြာမဟာဧကရာဇ်၏ ဂုဏ်သတင်းမှာ အဆုံးအစမရှိ ကျော်စောနေချေပြီ။ သူ၏ အောင်မြင်မှုတို့က ယခင်ကောင်းကင်ဧကရာဇ်များစွာကို ကျော်လွန်နေပြီး ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့သည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင်လျှင် သူနှင့် မယှဉ်နိုင်တော့ချေ။

တမလွန်ဘုံဧကရာဇ်က ယန်ကိုးပါးကောင်းကင်ဧကရာဇ်အား သတ်ဖြတ်ခဲ့သောကြောင့် လူသားမျိုးနွယ် မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ရသည်မဟုတ်ပါလော။ မိုးပြာမဟာဧကရာဇ်သည် လူသားမျိုးနွယ်ကို ကယ်တင်ခဲ့၏။ လူသားမျိုးနွယ်ကို စတင်တည်ထောင်ခဲ့သော ပထမမျိုးဆက် ကောင်းကင်ဧကရာဇ်မှလွဲ၍ ကျန်ကောင်းကင်ဧကရာဇ်များထဲတွင် မည်သူက ဤသို့ စွမ်းဆောင်နိုင်ခဲ့ပါသနည်း။

သာမန်ပြည်သူများသည် လူသားမျိုးနွယ်၌ ထိပ်တန်းစစ်တပ် မည်မျှရှိသည်ကို မသိကြချေ။ လက်ရှိတွင် စစ်တပ်နှင့် အင်အားကြီးကျင့်ကြံသူများမှာ ပြန့်ကျဲနေပြီး ဘုံတစ်ဘုံစီရှိ အင်အားကြီးပုဂ္ဂိုလ် အရေအတွက်မှာ သနားစရာကောင်းလောက်အောင် နည်းပါးနေသည်ကိုလည်း မသိကြရှာ။ မိုးပြာမဟာဧကရာဇ်သည် ဘုံအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး သူ့နောက်လိုက်ပါက လူသားမျိုးနွယ်အတွက် နှစ်သန်းပေါင်းများစွာ တည်တံ့မည့် ရွှေခေတ်တစ်ခေတ်အား တည်ထောင်နိုင်မည်ဟူ၍သာ သိထားကြလေသည်။

ဆယ့်သုံးရက်အကြာတွင် သတင်းစကားများ ရောက်လာသည်

ကောင်းကင်မိစ္ဆာဘုံနှင့် ကောင်းကင်အထီးကျန်ဘုံတို့ကို သိမ်းပိုက်နိုင်၏။ ချီလင်းအရှင်မသည် ထိုဘုံနှစ်ခု၌ ကောင်းကင်ကိုးပါးကြယ်အစီအရင်ကို တည်ဆောက်ရန် ရောက်နေလေပြီ။ မိုးပြာမဟာဧကရာဇ်ကိုယ်တိုင်က ကျောက်တုံးအရှင်၊ ငွေအရှင်၊ ယန်အရှင်၊ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ရွှေအရှင်၊ ရှားယွီတို့အပြင် စစ်တပ်အင်အား သန်းသုံးဆယ်ကို ကိုယ်တိုင်ဦးဆောင်လျက် တမလွန်ဘုံကို ခြိမ်းခြောက်ရန် ကောင်းကင်အထီးကျန်ဘုံသို့ ချီတက်သွား၏။

ယင်းကြောင့် ကမ္ဘာဦးကောင်းကင်ဘုံ၊ ကမ္ဘာငယ်ခုနစ်ခုအပြင် သတင်းရသည့် ကျန်ကမ္ဘာငယ်လေးများစွာ၌ပါ ဆူညံပွက်လောရိုက်သွားခဲ့သည်။ အားလုံးက လမ်းမများပေါ် တက်လျက် မျိုးနွယ်စုများအတူတကွ ပျော်ရွှင်အောင်ပွဲခံကြ၏။ မြို့တိုင်း၌ မိုးပြာမဟာဧကရာဇ်ရုပ်တုများကို စတင်တည်ဆောက်ကြပြီး တစ်မြို့လုံး ဒူးထောက်ပူဇော်ကြသည်။ ယခုအချိန်ရှိ မိုးပြာမဟာဧကရာဇ်၏ ဩဇာတိက္ကမမှာ အမြင့်ဆုံးသို့ ရောက်ရှိနေလေပြီ။ မိုးပြာမဟာဧကရာဇ်ကို ပုတ်ခက်သူတိုင်း သာမန်ပြည်သူများ၏ အရှင်လတ်လတ် ဆွဲဖြဲခြင်းကို ခံရပေလိမ့်မည်။

"မိုးပြာမဟာဧကရာဇ်က လောလွန်းတယ်"

ကောင်းကင်ထူးခြားဘုံ အနီးရှိ ဟွင့်သွမ်နယ်မြေတစ်ခုတွင် ဟွင့်သွမ်နတ်ဘုရား‌လှေတစ်စင်းအတွင်း၌ ကျန်းရီ ပုန်းအောင်းနေ၏။ နတ်ဘုရား‌လှေအတွင်းရှိ စစ်သည်များက မိုးပြာမဟာဧကရာဇ် ကောင်းကင်မိစ္ဆာဘုံနှင့် ကောင်းကင်အထီးကျန်ဘုံတို့ကို သိမ်းပိုက်လိုက်သည့်အကြောင်း တက်ကြွစွာ ဆွေးနွေးနေကြသည်ကို ကြားလျှင် ကျန်းရီ မျက်နှာပျက်သွားသည်။

ကျန်းရီအတွက် သာမန်စစ်သည်တစ်ဦးအဖြစ် ရုပ်ဖျက်၍ ဟွင့်သွမ်နတ်ဘုရား‌လှေအတွင်းသို့ ခိုးဝင်ရန်မှာ အလွန်လွယ်ကူလှ၏။ သာမန် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများပင် ဝိညာဉ်တံလျှပ်စွမ်းရည်အား ဖောက်ထွင်းမမြင်နိုင်ချေ။ ကျန်းရီက စ‌စ်သည်တစ်ဦးကို အလွယ်တကူ ဆွဲဖမ်းလျက် ကောင်ကင်ဘုံခုံရုံးအတွင်း ပစ်ထည့်လိုက်ပြီးနောက် တပ်ဖွဲ့ထဲသို့ ရောနှောဝင်ရောက်ခဲ့ချေသည်။

ကျန်းရီ၏ မူလရည်ရွယ်ချက်မှာ ကောင်းကင်ထူးခြားဘုံတွင် ရှိနေသော အစွမ်းထက်ကျင့်ကြံသူများနှင့် အနီးတစ်ဝိုက်ရှိ ကင်းလှည့်စစ်သည်များကို စုံစမ်းရန်သာ ဖြစ်၏။ မသတ်ဖြတ်ချင်သလို ပြဿနာလည်း မရှာချင်ပေ။ ကောင်းကင်ထူးခြားဘုံ အနီးရှိ ဆန်းကြယ်နယ်မြေအတွင်းသို့ ခိုးဝင်လျက် မိုးမြေအရင်းအမြစ်အား စုပ်ယူချင်ရုံသာ။

သို့သော် ဤမျှတိုတောင်းသော အချိန်အတွင်း၌ မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်မိစ္ဆာဘုံနှင့် ကောင်းကင်အထီးကျန်ဘုံတို့ကို သိမ်းပိုက်လိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

"တကယ်ကို သတိ မရှိတာပါလား"

ချီဟုန်က အသံလှိုင်းတစ်ခု ပို့လွှတ်လာသည်။ "လူသားမျိုးနွယ်ရဲ့ ဒီလောက် စစ်အင်အားလေးနဲ့ တိုက်ပွဲကြီးတွေကို တောင့်မခံနိုင်ဘူး…မင်တဲက အဲဒီဘုံနှစ်ဘုံကို မိုးပြာမဟာဧကရာဇ်ဆီ တမင်သက်သက် ပေးလိုက်တာ သေချာတယ်… တမလွန်ဘုံသားတွေရဲ့ အင်အားက အကြီးအကျယ် ထိခိုက်သွားတာမှ မဟုတ်တာ…. အချိန်မရွေး ပြန်တိုက်ခိုက်နိုင်တယ်… မိုးပြာမဟာဧကရာဇ်က သူတစ်ယောက်တည်းနဲ့ တမလွန်ဘုံတစ်ဘုံလုံးကို ခြိမ်းခြောက်ထားနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား… တမလွန်ဘုံထဲကို ဝင်တိုက်ရဲလို့လား"

ကျန်းရီ အသံလှိုင်းဖြင့် ပြန်လည်မေးမြန်းလိုက်၏။ "အရှင်ချီဟုန်… တမလွန်ဘုံက သိပ်ကြောက်စရာကောင်းတာပဲလား… မိုးပြာမဟာဧကရာဇ်တောင် မဝင်ရဲဘူးလား"

"ဘယ်‌နှယ့် ဝင်ရဲမှာတုန်း"

ချီဟုန်က ပြန်ဖြေသည်။ "မိုးပြာမဟာဧကရာဇ်က အခုမှ အဆင့်တက်ထားတာဆိုတော့ သူ့အဆင့်က မငြိမ်သေးဘူး… တမလွန်ဘုံထဲမှာ မိစ္ဆာသတ်ဖြတ်နတ်ဘုရားအစီအရင် ဆိုတာ ရှိတယ်… မိုးပြာမဟာဧကရာဇ်သာ ဝင်သွားပြီး အဲဒီထဲမှာ ပိတ်မိသွားရင် သတ်ဖြတ်ခံရပြီး မိစ္ဆာအဖြစ် ပြောင်းမသွားဘူးဆိုရင်တောင်မှ ရှစ်နှစ်၊ ဆယ်နှစ်လောက်တော့ အသာလေး ပိတ်မိနေလိမ့်မယ်… ဆိုတော့… မိုးပြာမဟာဧကရာဇ် တမလွန်ဘုံသားတွေကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာက သိပ်ကို ရယ်စရာကောင်းတဲ့ လုပ်ရပ်ပဲ… တမလွန်ဘုံသားတွေက စိတ်ရှိအချိန် ထွက်တိုက်လို့ရတယ်… စစ်တပ်အများကြီး တစ်ပြိုင်နက် ထွက်လာရင် မိုးပြာမဟာဧကရာဇ်က ဘယ်စစ်တပ်ကို လိုက်သတ်မှာလဲ"

"ဟူး…"

ကျန်းရီ မျက်နှာသေဖြင့် သက်ပြင်းချလိုက်သော်လည်း နှလုံးသားမှာတော့ ပို၍ပင် လေးလံလာခဲ့၏။ သူနှင့် မိုးပြာမဟာဧကရာဇ်ကြားရှိ ရန်ငြိုးမှာ ကိုယ်ရေးကိုယ်တာ ဖြစ်ချေသည်။ မိုးပြာမဟာဧကရာဇ် သေဆုံးသွားပါက သူ ဂရုစိုက်မည်မဟုတ်သော်လည်း လူသားမျိုးနွယ်စစ်တပ်ကြီးသာ ပျက်စီးသွားပါက ပြန်လည်ထကြွရန် အခွင့်အရေး လုံးဝရှိတော့မည် မဟုတ်ချေ။

မိုးပြာမဟာဧကရာဇ်သာ ဖြည်းဖြည်းမှန်မှန် တိုက်ခိုက်၍ အင်အားချဲ့ထွင်ခဲ့မည်ဆိုပါက ကျန်းရီအနေဖြင့် မိုးပြာမဟာဧကရာဇ်အပေါ် ယုံကြည်ပေးနိုင်သေးသည်။ မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်ဧကရာဇ်၏ အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး တမလွန်ဘုံဧကရာဇ်နှင့်လည်း အဆင့်တူ မဟုတ်ပါလော။ နောက်ဆုံးတွင် မည်သူ အနိုင်ရမည်လဲ အသေအချာ မပြောနိုင်ချေ။

ယခုမူ လူသားမျိုးနွယ်စစ်တပ်ကြီးမှာ ပြန့်ကျဲနေပြီး တမလွန်ဘုံသားများအနေဖြင့် အနောက်မှ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ကာ တစ်ဖွဲ့ချင်း ချေမှုန်းပစ်နိုင်သည်။ အရေးအကြီးဆုံးအချက်က တမလွန်ဘုံဧကရာဇ်သည် လူသားမျိုးနွယ်ကြား၌ ပုန်းအောင်းနေနိုင်ခြင်းပင်။ တမလွန်ဘုံဧကရာဇ်ကား ကောက်ကျစ်စဉ်းလဲသည်။ သူ တစ်ချက်လှုပ်ရှားလိုက်သည်နှင့် မိုးကြိုးပစ်ချခံသည့်အလား လူသားမျိုးနွယ်မှာ အပြီးတိုင် လျှပ်တပြက် ပျက်သုဉ်းသွားပေလိမ့်မည်။

"ထားလိုက်တော့… ဂရုစိုက်မနေတော့ဘူး… မိုးမြေအရင်းအမြစ်ကို အရင်သွားယူတာပဲ ကောင်းပါတယ်"

ကျန်းရီ ဝင်ပါချင်လျှင်တောင်မှ ဘာမှမတတ်နိုင်ချေ။ လက်ရှိ သူ့စကားကို မည်သူ နားထောင်မည်နည်း။ သူသာ မိုးပြာမဟာဧကရာဇ်ရှေ့၌ ပေါ်လာပါက သေသည်အထိ ရိုက်နှက်ခံရပေလိမ့်မည်။

သူ မျက်လုံးမှိတ်ကာ ကျင့်ကြံနေလိုက်၏။ ဟွင့်သွမ်နတ်ဘုရား‌လှေ အနီးအနားရှိ ဆန်းကြယ်နယ်မြေတစ်ခုတွင် ရပ်နားချိန်၌ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။ ထို့နောက် ဖမ်းဆီးထားသော စစ်သည်၏ မှတ်ဉာဏ်များကို ချီဟုန်အား ချိပ်ပိတ်ခိုင်းပြီးနောက် ပြန်လွှတ်ပေးလိုက်၏။

ကောင်းကင်ထူးခြားဘုံအတွင်း၌ အစွမ်းထက်ကျင့်ကြံသူများ မရှိဘဲ ဧကရာဇ်တစ်ပိုင်းအဆင့် အစောင့်အရှောက် အနည်းငယ်နှင့် စစ်တပ်အင်အား ဆယ်သန်းခန့်သာ ရှိသည်။ ကျင့်ကြံရန်နှင့် အရင်းအမြစ်ရှာဖွေရန် နယ်မြေများမှလွဲ၍ အနီးအနားရှိ ဆန်းကြယ်နယ်မြေများတွင်လည်း စစ်တပ်များ ချထားခြင်း မရှိချေ။ ကျန်းရီသွားမည့် ဆန်းကြယ်နယ်မြေမှာ သေခြင်းနယ်မြေတစ်ခု ဖြစ်၍ အနီးအနား၌ မည်သည့်စစ်တပ်မှ ရှိမနေပေ။

ကျန်းရီသည် ထိုဆန်းကြယ်နယ်မြေကို အလွယ်တကူ ရှာတွေ့ခဲ့၏။ ချီဟုန်က စစ်‌ဆေးကြည့်ပြီးနောက် ကျန်းရီအား အလွန်တရာ စိတ်ပျက်သွားစေသည့် သတင်းတစ်ခုကို ပြန်လည်ပို့လွှတ်လာသည်။ ၎င်းထဲတွင် မိုးမြေအရင်းအမြစ်များ အမှန်တကယ် ရှိနေသော်လည်း သစ်သားအရင်းအမြစ် ဖြစ်နေပြီး မရေမတွက်နိုင်သော သစ်ပင်မိစ္ဆာများ ရှိနေသဖြင့် မည်သူမှ မဝင်ရဲကြချေ။

သာမန်သိုင်းပညာရှင်များအတွက်မူ ဤသည်ကား သေခြင်းနယ်မြေ ဖြစ်သော်လည်း ကျန်းရီအတွက်တော့ ရတနာတွင်းကြီး ဖြစ်၏။ ကျန်းရီလည်း ဆန်းကြယ်နယ်မြေအတွင်းသို့ ဖောက်ထွင်းဝင်ရောက်သွားပြီး သစ်ပင်မိစ္ဆာ သိန်းဂဏန်းခန့် ရှိနေသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများ တောက်ပလင်းလက်သွားတော့သည်။ ယင်းက ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ် သိန်းဂဏန်းခန့် ရှိနေခြင်း မဟုတ်ပါလော။

တောအုပ်ထဲ၌ သစ်သားအရင်းအမြစ်ကို ကျန်းရီ အလွယ်တကူ ရှာတွေ့ခဲ့၏။ ၎င်းကို စုပ်ယူပြီးနောက် သူ့ခန္ဓာကိုယ်ထဲတွင် အသက်နွယ်တစ်ပင် ထပ်တိုးလာသလို သစ်ပင်မိစ္ဆာရုပ်သေးရုပ် ခြောက်သိန်းကျော်ကိုပါ ထပ်မံရရှိလိုက်သည်။ ကောင်းကင်ဘုံခုံရုံးအတွင်း၌ နေရာအလုံအလောက် ကျန်သေးသဖြင့် ကျန်းရီလည်း သစ်ပင်မိစ္ဆာများအားလုံးကို သိမ်းဆည်းလိုက်၏။

"ကောင်းကင်စကြဝဠာဘုံဆီ သွားမယ်"

ကျန်းရီ ဤနေရာ၌ အချိန်ကြာကြာ မနေရဲချေ။ ဤလောကတွင် သစ်ပင်မိစ္ဆာများကို သိမ်းပိုက်နိုင်သူမှာ သူတစ်ယောက်တည်း ရှိသည်မဟုတ်ပါလော။ ဆန်းကြယ်နယ်မြေရှိ သစ်ပင်မိစ္ဆာများ ပျောက်ကွယ်သွားသည်ကို တစ်ယောက်ယောက် သိရှိသွားပါက သူ ရောက်လာခဲ့သည်ကို သေချာပေါက် သံသယဝင်ကြပေလိမ့်မည်။

သူသည် အပြင်သို့ တိတ်ဆိတ်လျှို့ဝှက်စွာ ထွက်ခွာလာပြီးနောက် ထပ်မံ၍ ခရီးရှည်ကြီး ဆက်ခဲ့ပြန်သည်။

ချီဟုန်၏ အစွမ်းထက်သော ကောင်းကင်အာရုံကြောင့် ဤဟွင့်သွမ်နယ်မြေမှာ အကာအကွယ်မဲ့နေသည့်အလားပင်။ ကောင်းကင်ထူးခြားဘုံ အနီးတစ်ဝိုက်မှ ထွက်ခွာလာပြီးနောက် ကိုယ်ယောင်ဖျောက်နေရန် မလိုအပ်တော့ဘဲ ထျန်းဖုန့်ဧကရာဇ်အား ခေါ်ထုတ်လျက် သူ့အား သယ်ဆောင်ပျံသန်းသွားစေသည်။

"ဒီဟွင့်သွမ်နယ်မြေထဲမှာ ပုန်းနေတဲ့ ကင်းထောက်တွေ တစ်ယောက်မှ မရှိဘူးလား… အင်အားကြီး တမလွန်ဘုံဘုရင်တစ်ယောက်ဆိုရင် အလွယ်တကူ ခိုးဝင်လို့ရနေတာပဲ"

ဟွင့်သွမ်နယ်မြေအား ရက်အတော်ကြာ ဖြတ်၍ပျံသန်းပြီးနောက် ကျန်းရီသည် လမ်းကြောင်းပြောင်းရန်ပင် မလိုအပ်ခဲ့ချေ။ ချီဟုန်ထံမှ မည်သည့်သတိပေးချက်မှ မရသလို လမ်းတစ်လျှောက်လုံး၌ မည့်သည့်ကင်းထောက်မှလည်း ရှိမနေခဲ့ပေ။

ကျန်းရီ၏ စိုးရိမ်ပူပန်မှုတို့က ပိုမိုနက်ရှိုင်းလာမိသည်။ ဟွင့်သွမ်နယ်မြေမှာ အလွန်တရာ ကျယ်ဝန်းပြီး လူသားမျိုးနွယ်၏ စစ်အင်အားကတော့ နည်းပါးလွန်းလှသည်။ အဓိကဘုံအချို့အပြင်တွင်သာ ကင်းထောက်များရှိပြီး ဟွင့်သွမ်နယ်မြေတစ်ခုလုံးမှာတော့ အကာအကွယ် လစ်ဟင်းနေ၏။

တမလွန်ဘုံဘုရင်တစ်ပါးသာ ထိပ်တန်းတမလွန်ဘုံသား အနည်းငယ်ကို ဦးဆောင်၍ တိတ်တဆိတ် ဝင်ရောက်လာခဲ့လျှင်ရော။ ကောင်းကင်ထူးခြားဘုံကဲ့သို့ ဘုံများတွင် ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ အနည်းငယ်သာ ရှိ၏။ ထိုတမလွန်ဘုံဘုရင်သည် ကောင်းကင်ထူးခြားဘုံအတွင်းသို့ ဝင်ရောက်၍ နေရာရွှေ့ပြောင်း မန္တန်အစီအရင်ကို ချက်ချင်း ချက်ချင်း ဖျက်ဆီးလိုက်ပါက တစ်ဘုံလုံးရှိ လူသားအားလုံး တမလွန်ဘုံကျွန်များ ဖြစ်သွားကြပေလိမ့်မည်။

"ဟူး..."

ကျန်းရီ လေပူတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ယခုအချိန်တွင် သူ့စိုးရိမ်မှုများ အမှန်တကယ် ဖြစ်မလာရန်နှင့် တမလွန်ဘုံဧကရာဇ် နှစ်အနည်းငယ်ကြာမှ ထွက်ပေါ်လာရန်သာ မျှော်လင့်ရပေတော့မည်။

သူကိုယ်သူ မည်မျှပင် ဖြေသိမ့်ပါသော်လည်း ကျန်းရီမှာ ရင်ထဲ၌ နိမိတ်ဆိုးတစ်ခု ကိန်းအောင်းနေသည့်လား အမြဲခံစားနေရ၏။ မဟာဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားလာမည့် နေ့ရက်က သိပ်မဝေးတော့သည့်အလားပင်။

အပိုင်း ၂၀၃၇ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး

ကောင်းကင်ထူးခြားဘုံမှ ကောင်းကင်စကြဝဠာဘုံသို့ ပျံသန်းရန် အချိန်ကြာမြင့်လှသည်။ ထျန်းဖုန့်ဧကရာဇ်အနေဖြင့် ကျန်းရီအား သယ်ဆောင်ပျံသန်း၍ လမ်းကြောင်းပြောင်းရန် မလိုအပ်လျှင်‌တောင်မှ ဆယ်ရက်မှ ဆယ့်ငါးရက်အထိ ကြာမြင့်နိုင်ပေသည်။

ခရီးလမ်းတလျှောက်လုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ဟွင့်သွမ်နယ်မြေအတွင်း၌ လူသားမျိုးနွယ် ကင်းထောက်တစ်ယောက်မှ မရှိချေ။ တစ်ကွဲတစ်ပြားစီ ဖြစ်နေသော တမလွန်ဘုံသား တစ်ယောက်နှစ်ယောက်ကိုသာ တွေ့ရပြီး ထျန်းဖုန့်ဧကရာဇ်က အလွယ်တကူ သတ်ဖြတ်ခဲ့သည်။

ကျန်းရီလည်း ဘာမှလုပ်စရာမရှိသဖြင့် မိုးမြေအရင်းအမြစ်၏ ဆန်းကြယ်မှုများကို သိမြင်နားလည်နိုင်ရန် တံခါးပိတ်ကျင့်ကြံနေပြီး ထျန်းဖုန့်ဧကရာဇ်ကိုသာ ဆက်လက်ပျံသန်းစေ၏။

လတ်တလော ကပ်လောကတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ကောင်းကင်မိစ္ဆာဘုံနှင့် ကောင်းကင်အထီးကျန်ဘုံတို့ကို အပြီးတိုင် သိမ်းပိုက်ခဲ့ပြီးနောက် မိုးပြာမဟာဧကရာဇ်သည် တမလွန်ဘုံ အနီးတစ်ဝိုက်ရှိ ဆန်းကြယ်နယ်မြေများအတွင်း၌ မရေမတွက်နိုင်သော ကင်းထောက်များအား နေရာချထားခဲ့သည်။ တမလွန်ဘုံသားများ လှုပ်ရှားလာသည့်နှင့် ချက်ချင်း သတင်းရနိုင်ပေမည်။

ကောင်းကင်အထီးကျန်ဘုံသည် တမလွန်ဘုံနှင့် အလွန်တရာ နီးကပ်ပြီး ကောင်းကင်ကြယ်စုဘုံ၊ ကောင်းကင်ဝိညာဉ်ဘုံတို့နှင့် သိပ်မကွာလှချေ။ မိုးပြာမဟာဧကရာဇ်၏ အမြန်နှုန်းဖြင့်ဆိုပါက နေ့ဝက်အတွင်း ရောက်နိုင်၏။ ထို့ကြောင့် တမလွန်ဘုံမှ စစ်တပ်များစုစည်း၍ ကင်းထောက်များကို သတ်ဖြတ်လိုက်ပါက မိုးပြာမဟာဧကရာဇ်သည် စစ်တပ်နှင့်အတူ ချက်ချင်း ထွက်ခွာနိုင်သည်။

တမလွန်ဘုံသားများမှာ အလွန်တရာ ငြိမ်သက်စွာဖြင့် တမလွန်ဘုံအတွင်း၌သာ ပုန်းအောင်း‌နေပြီး အပြင်သို့ ထွက်မလာကြချေ။ ချီလင်းအရှင်မ ကောင်းကင်အထီးကျန်ဘုံ၌ ကောင်းကင်ကိုးပါးကြယ်အစီအရင်ကို တည်ဆောက်ပြီးနောက်တွင်တော့ စွမ်းအားကြီး ပုဂ္ဂိုလ်ကြီးအားလုံး၏ ရင်ထဲမှ အလုံးကြီး ကျသွားတော့၏။ မန္တန်အစီအရင်အား အောင်မြင်စွာ တည်ဆောက်ပြီးဖြစ်သဖြင့် တမလွန်ဘုံသားများအနေဖြင့် ယင်းကို ဖျက်ဆီးလိုပါက အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ပေလိမ့်မည်။ လူသားမျိုးနွယ်အနေဖြင့် ထိုအချိန်အတွင်း အစွမ်းထက်ကျင့်ကြံသူများနှင့် စစ်တပ်အား စုစည်းနိုင်မည်ဖြစ်သည်။

မိုးပြာမဟာဧကရာဇ်ကား အတော်လေး သတိထားနေ၏။ အဓိကမြို့ကြီးများတွင် နေရာရွှေ့ပြောင်း မန္တန်အစီအရင်များကို တည်ဆောက်ရုံသာမက ဘုံတစ်ခုစီ၏ လျှို့ဝှက်နေရာများ၌လည်း နေရာရွှေ့ပြောင်း မန္တန်အစီအရင် သုံးခုစီ တည်ဆောက်ထားသည်။ တမလွန်ဘုံသားများ မည်သည့်ဘုံကိုမဆို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လာပြီး မြို့တွင်းရှိ အစီအရင်များကို ဖျက်ဆီးလိုက်လျှင်တောင်မှ လူသားမျိုးနွယ်စစ်တပ်နှင့် အစွမ်းထက်ကျင့်ကြံသူများသည် လျှို့ဝှက်အစီအရင်များမှတစ်ဆင့် အဆက်မပြတ် နေရာရွှေ့ပြောင်းလာနိုင်၏။

နေရာရွှေ့ပြောင်း မန္တန်အစီအရင်များ အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားချိန်၌ အင်အားကြီးပုဂ္ဂိုလ်များမှာ လုံးဝ စိတ်အေးသွားကြတော့သည်။ လူသားမျိုးနွယ်၏ စစ်အင်အားက အမှန်တကယ် မလုံလောက်သော်လည်း ဤအစီအရင်များ ရှိနေသရွေ့ ပြဿနာမရှိချေ။ မိုးပြာမဟာဧကရာဇ်သည် စစ်ကူများကို ဦးဆောင်လျက် အချိန်မရွေး နေရာအနှံ့သို့ သွားရောက်ကူညီနိုင်ပေသည်။ မိုးပြာမဟာဧကရာဇ် ရှိနေပါက မည်သည့် တမလွန်ဘုံဘုရင်က အသေခံ၍ လာရောက်တိုက်ခိုက်ရဲမည်နည်း။

လက်ရှိတွင် လူသားမျိုးနွယ်များသည် ဘုံအသီးသီးသို့ အလုံးအရင်းဖြင့် နေရာရွှေ့ပြောင်းနေကြသည်။ လူသားများ၏ မျိုးပွားနှုန်းမှာ အလွန်မြန်ဆန်လှ၏။ မိုးပြာမဟာဧကရာဇ်ကလည်း ကလေးများမွေးဖွားရန် အားပေးလျက် ဆုလာဘ်များ ပေးကမ်းလေသည်။ ဤသို့ မျိုးပွားနှုန်းဖြင့်ဆိုပါက နှစ်အနည်းငယ်အတွင်း အဓိကဘုံများရှိ လူဦးရေမှာ အဆပေါင်း ရာနှင့်ချီလျက် တိုးပွားလာပေလိမ့်မည်။

လူဦးရေ များပြားလာသည်နှင့်အမျှ ပါရမီရှင်များကို ပြုစုပျိုးထောင်ရန် အရင်းအမြစ်များစွာ အသုံးပြုနိုင်မည်ဖြစ်သည်။ လူသားမျိုးနွယ်၏ အစွမ်းထက်ကျင့်ကြံသူအရေအတွက်က ဆယ်နှစ်အတွင်း အဆပေါင်းများစွာ တိုးပွားလာပေလိမ့်မည်။ ထိပ်တန်းစစ်သည်များမှာလည်း ဆယ်ဆခန့် တိုးလာမည်ဖြစ်၏။ ယင်းကား လူသားမျိုးနွယ်အတွက် အစစ်အမှန် ရွှေခေတ်တစ်ခေတ် ဖြစ်လာပေလိမ့်မည်။

မိုးပြာမဟာဧကရာဇ်မှာ ကိစ္စနှစ်ခုကိုသာ စိုးရိမ်ပူပန်နေ၏။ ပထမတစ်ခုက တမလွန်ဘုံဧကရာဇ် လူသားမျိုးနွယ်ကြား၌ အမှန်တကယ် ပုန်းအောင်းနေခြင်း ရှိ၊မရှိဖြစ်ပြီး ဒုတိယတစ်ခုက ကျန်းရီ၏ တည်နေရာပင်။

ကျန်းရီ ထပ်ပျောက်သွားပြန်သဖြင့် မိုးပြာမဟာဧကရာဇ်မှာ အတော်လေး ခေါင်းကိုက်နေချေသည်။ ကျန်းရီ၏ လှုပ်ရှားမှုများက မှန်းဆရခက်ပြီး အစွမ်းထက် လက်နက်များကိုလည်း ပိုင်ဆိုင်ထားသောကြောင့် မိုးပြာမဟာဧကရာဇ်၏ ဧကရာဇ်ရာထူးကို အချိန်မရွေး ခြိမ်းခြောက်နိုင်၏။ ထို့ကြောင့် သူ့မှာ စားမဝင် အိပ်မပျော် ဖြစ်နေရသည်။ ပြဿနာက ကျန်းရီကို သတ်ဖြတ်၍ မရနိုင်ခြင်းပင်။ ကျန်းရီ၏လှုပ်ရှားမှုများကိုသာ သိရှိနိုင်ပါက မိုးပြာမဟာဧကရာဇ် အနေဖြင့် အနည်းငယ် စိတ်သက်သာရာ ရနိုင်သေးသည်။

"သတင်းပို့ပါတယ်..."

ကောင်းကင်အထီးကျန်ဘုံကို သိမ်းပိုက်ပြီး ဆယ့်တစ်ရက်အကြာ၌ တမလွန်ဘုံဘက်မှ စတင်လှုပ်ရှားလာခဲ့သည်။ တမလွန်ဘုံစစ်တပ်အင်အား သန်းငါးဆယ်က ရုတ်တရက် ထွက်ပေါ်လာပြီး တပ်ဖွဲ့ငါးဖွဲ့ခွဲကာ အပြင်သို့ ချီတက်လာ၏။ သူတို့သည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်အဟုန်ဖြင့် မိုးပြာမဟာဧကရာဇ်၏ ကင်းထောက်အားလုံးကို သတ်ဖြတ်ခဲ့သည်။ ထို့နောက် စစ်တပ်ကြီးက အရပ်မျက်နှာအားလုံးသို့ ဖြန့်ခွဲသွားသဖြင့် တည်နေရာအား မသိရတော့ချေ။

မိုးပြာမဟာဧကရာဇ်လည်း ဒေါသတကြီးဖြင့် စစ်တပ်အင်အား သန်းသုံးဆယ်ကို ချက်ချင်း စုစည်းလိုက်၏။ ထို့နောက် ဧကရာဇ်အချို့ကို ဦးဆောင်လျက် အင်အားသန်းငါးဆယ်ရှိသော ထိုစစ်တပ်ကို လိုက်လံချေမှုန်းရန် တမလွန်ဘုံသို့ ချီတက်သွားခဲ့သည်။

သို့သော် စစ်တပ်မှာ ငါးဖွဲ့ခွဲထားသဖြင့် မိုးပြာမဟာဧကရာဇ်သည် အင်အားမခွဲရဲဘဲ တပ်ဖွဲ့တစ်ဖွဲ့ကိုသာ ဖိတိုက်နိုင်ခဲ့၏။ ထိုတပ်ဖွဲ့မှာ မိုးပြာမဟာဧကရာဇ်၏ စစ်တပ်ကြီး ပေါ်လာသည်နှင့် တမလွန်ဘုံအတွင်းသို့ ချက်ချင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

မိုးပြာမဟာဧကရာဇ်က ကျန်တပ်ဖွဲ့များကို ပြောင်းလဲတိုက်ခိုက်ရာတွင်လည်း ၎င်းတို့က တမလွန်ဘုံအတွင်းသို့ ဆုတ်ခွာသွားကြ၏။ မိုးပြာမဟာဧကရာဇ်၏ စစ်တပ်ကို ဟန့်တားရန် အဆင့်နိမ့် တမလွန်ဘုံစစ်သည် အနည်းငယ်ကိုသာ စေလွှတ်ခဲ့ကြသည်။

မိုးပြာမဟာဧကရာဇ်စစ်တပ်နှင့် အဝေးဆုံးရှိ တပ်ဖွဲ့တစ်ဖွဲ့ကမူ ကောင်းကင်အထီးကျန်ဘုံ အပြင်ဘက်ရှိ ဧရာမ ဆန်းကြယ်နယ်မြေတစ်ခုကို အလွယ်တကူ ဝင်ရောက်တိုက်ခိုက်ခဲ့၏။ နယ်မြေအတွင်းရှိ လူသားမျိုးနွယ်စစ်သည် သိန်းပေါင်းများစွာကို သတ်ဖြတ်ပြီးနောက် တမလွန်ဘုံအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။

မိုးပြာမဟာဧကရာဇ်သည် အင်အားသန်းဆယ်ချီသော စစ်တပ်ကြီးဖြင့် တမလွန်ဘုံအနီးအထိ လိုက်လံတိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် အထဲသို့ မဝင်ရဲခဲ့ချေ။ ဘုံအစပ်၌ တစ်ပတ်ပတ်လျက် တမလွန်ဘုံကင်းထောက်အချို့အား သတ်ဖြတ်ပြီးနောက် ဒေါသတကြီးဖြင့် တပ်ဆုတ်သွားခဲ့ရ၏။

မိုးပြာမဟာဧကရာဇ်က ပြန်ရောက်လျှင်ချင်း တမလွန်ဘုံအပြင်ဘက်၌ ကင်းထောက်များအား ထပ်မံ နေရာချထားခဲ့သည်။ သို့သော် နောက်တစ်ရက်၌ တမလွန်ဘုံစစ်တပ်သည် ကင်းထောက်အားလုံးကို ထပ်မံသတ်ဖြတ်ခဲ့ပြန်၏။ ဤတစ်ကြိမ်၌ မိုးပြာမဟာဧကရာဇ်မှာ စစ်တပ်စုစည်းချိန်ပင် မရလိုက်ဘဲ တမလွန်ဘုံစစ်တပ်က ချက်ချင်း ဆုတ်ခွာသွားခဲ့သည်။

မိုးပြာမဟာဧကရာဇ်မှာ ရှေ့မတိုး၊ နောက်မဆုတ်သာ ဖြစ်နေ၏။

ကင်းထောက်များ မချထားပါက တမလွန်ဘုံစစ်တပ်အနေဖြင့် အချိန်မရွေး စုစည်း၍ ကောင်းကင်အထီးကျန်ဘုံ အပြင်ဘက်ရှိ မိုးမြေအရင်းအမြစ် ဆန်းကြယ်နယ်မြေများကို အချိန်မရွေး ဝင်စီးတိုက်ခိုက်နိုင်ပေသည်။ ဆန်းကြယ်နယ်မြေများကို စွန့်လွှတ်လိုက်ခြင်းကတော့ အခြားရွေးချယ်စရာတစ်ခု ဖြစ်၏။

ထိုဆန်းကြယ်နယ်မြေများကို စွန့်လွှတ်လိုက်မည်ဆိုလျှင်တောင်မှ ကင်းထောက်များမရှိလျှင် တမလွန်ဘုံစစ်တပ် ဟွင့်သွမ်နယ်မြေအတွင်းသို့ ဝင်ရောက်၍ အခြားဆန်းကြယ်နယ်မြေများနှင့် လူသားမျိုးနွယ် ထိန်းချုပ်ထားသော ဆန်းကြယ်နယ်မြေများကို တိုက်ခိုက်လာမည်အား သိနိုင်တော့မည်မဟုတ်ချေ။

မင်တဲသည် မိုးပြာမဟာဧကရာဇ် တမလွန်ဘုံထဲသို့ ဝင်ရောက်မတိုက်ရဲသည်ကို အတိအကျ သိထားသောကြောင့် ဤသို့လှုပ်ရှားနေခြင်းပင်။ မိုးပြာမဟာဧကရာဇ်ကဲ့သို့ အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် တမလွန်ဘုံအပြင်ဘက် ဟင်းလင်းပြင်၌ ဧရာမ စစ်တပ်ကြီးအား ဦးဆောင်လျက် တစ်နှစ်ပတ်လုံး တပ်စွဲထားနိုင်ပါမည်လော။

မိုးပြာမဟာဧကရာဇ်လည်း ဧကရာဇ်ဆယ်ပါးကို ခေါ်၍ အကြံဉာဏ်တောင်းခဲ့သော်လည်း မည်သူကမှ အဖြေမထုတ်နိုင်ခဲ့ချေ။ မိုးပြာမဟာဧကရာဇ်အနေဖြင့် တစ်နှစ်ပတ်လုံး တမလွန်ဘုံအပြင်၌ ထိုင်စောင့်မနေနိုင်သလို ကျောက်တုံးအရှင်၊ ယန်အရှင်နှင့် အခြားသူများကို စေလွှတ်ပါကလည်း ချုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်ရ၏။

နောက်ဆုံးတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အဖြေမဟုတ်သည့် အကြံတစ်ခုကို စဉ်းစားရနိုင်ခဲ့သည်။ တမလွန်ဘုံဘေးရှိ ဧရာမဆန်းကြယ်နယ်မြေ ငါးခုကို သိမ်းပိုက်၍ ကောင်းကင်ကိုးပါးကြယ်အစီအရင်နှင့် နေရာရွှေ့ပြောင်း မန္တန်အစီအရင်များကို တည်ဆောက်ကာ အမြဲတမ်း တပ်စွဲထားရန်ပင်။

ဤနည်းဖြင့် တမလွန်ဘုံစစ်တပ်ကို အချိန်ပြည့် စောင့်ကြည့်နိုင်ရုံသာမက ဆန်းကြယ်နယ်မြေများကို တိုက်ခိုက်လာပါက မိုးပြာမဟာဧကရာဇ်အနေဖြင့် ချက်ချင်း သွားရောက်နိုင်ပေလိမ့်မည်။

မိုးပြာမဟာဧကရာဇ်က ထိုအကြံအတိုင်း စစ်တပ်ကို စုစည်း၍ တမလွန်ဘုံအပြင်ဘက်ရှိ ဆန်းကြယ်နယ်မြေ ငါးခုကို သိမ်းပိုက်ရန် ကိုယ်တိုင်ထွက်ခွာသွားခဲ့သည်။ ထိုနယ်မြေငါးခုကိုသာ သိမ်းပိုက်နိုင်ပါက တမလွန်ဘုံသည် လူသားမျိုးနွယ်၏ ထိန်းချုပ်မှုအောက်သို့ အချိန်ပြည့် ရောက်ရှိသွားမည်ဖြစ်ပြီး မည်သည့်လှုပ်ရှားမှုကိုမဆို ချက်ချင်း ‌ထောက်လှမ်းနိုင်ပေလိမ့်မည်။

ကောင်းကင်အထီးကျန်ဘုံတွင် နေခဲ့သော ချီလင်းအရှင်မမှလွဲ၍ ကျန်အင်အားကြီးပုဂ္ဂိုလ်အားလုံး စစ်တပ်အင်အား သန်းသုံးဆယ်ကို စုစည်းလျက် တမလွန်ဘုံအပြင်ဘက်ရှိ ဆန်းကြယ်နယ်မြေ ငါးခုဆီသို့ ပျံသန်းသွားကြတော့သည်။

ဤတစ်ကြိမ်တွင် မိုးပြာမဟာဧကရာဇ်သည် အလွန်အမင်း သတိထားနေ၏။ တပ်ဖွဲ့များအား ခွဲမထုတ်ဘဲ တပ်မကြီးနှင့်အတူ ချီတက်သွားသဖြင့် တမလွန်ဘုံသားများအတွက် ဝင်ရောက်တိုက်ခိုက်ရန် အခွင့်အရေး မရခဲ့ချေ။

စစ်တပ်ကြီး ဆန်းကြယ်နယ်မြေသို့ မရောက်ခင်မှာပင် တမလွန်ဘုံသားများသည် အရိပ်မြင်သည်နှင့် အကြောက်အလန့်တကြား ဆုတ်ခွာသွားကြ၏။ ဆန်းကြယ်နယ်မြေများအတွင်းမှ လျင်မြန်စွာ ဆုတ်ခွာသွားပြီး တမလွန်ဘုံအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။ လူသားမျိုးနွယ်လည်း နေ့တစ်ဝက်အတွင်း ဆန်းကြယ်နယ်မြေ သုံးခုကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့၏။

တစ်ရက်ကြာပြီးနောကက် ဆန်းကြယ်နယ်မြေ ငါးခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး လူသားမျိုးနွယ်စစ်တပ်သည် တမလွန်ဘုံအား ဝိုင်းရံထားနိုင်ခဲ့ချေပြီ။ မိုးပြာမဟာဧကရာဇ်က ချီလင်းအရှင်မအား ကောင်းကင်ကိုးပါးကြယ်အစီအရင် လာရောက်တည်ဆောက်ရန် အမိန့်ပေးလိုက်၏။

ချီလင်းအရှင်မ ထွက်မလာနိုင်ခင်မှာပင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ သတင်းအချို့ ရောက်လာသည်။ ကောင်းကင်စကြဝဠာဘုံ အနီးရှိ ဆန်းကြယ်နယ်မြေဒါဇင်ခန့်မှာ ဧကရာဇ်တစ်ပိုင်းအဆင့် တမလွန်ဘုံဘုရင်များကြောင့် တစ်ပြိုင်နက် တိုက်ခိုက်ခံလိုက်ရပြီး ထိုနေရာတို့ရှိ လူသားမျိုးနွယ်စစ်တပ်များအားလုံး‌ ချေမှုန်းခံလိုက်ရသည့်သတင်းပင်။

တစ်နာရီအကြာ၌ ကောင်းကင်မသေမျိုးဘုံထံမှလည်း သတင်းဆိုးတစ်ခု ရောက်လာပြန်သည်။ ထိုနေရာရှိ ဆန်းကြယ်နယ်မြေများလည်း တိုက်ခိုက်ခံလိုက်ရ၏။ တမလွန်ဘုံသားများက စစ်တပ်မစေလွှတ်ဘဲ သာမန် တမလွန်ဘုံဘုရင်နှစ်ဆယ်ကျော်ကိုသာ စေလွှတ်ခဲ့ချေသည်။

ထိုမျှသာမက ထိုတမလွန်ဘုံဘုရင်နှစ်ဆယ်ကျော်သည် တစ်ပြိုင်နက်တည်းနီးပါး တိုက်ခိုက်ခဲ့ကြပြီး ဆန်းကြယ်နယ်မြေအတွင်းရှိ စစ်တပ်များကို သတ်ဖြတ်ပြီးသည်နှင့် ချက်ချင်း ဆုတ်ခွာသွားကြ၏။ ယခုတွင် လူသားမျိုးနွယ်မှာ ထိုတမလွန်ဘုံဘုရင်များကို လုံးဝ ခြေရာမခံနိုင်တော့ချေ။

တစ်နာရီခွဲအကြာ၌ ကောင်းကင်ထူးခြားဘုံဆီမှ အရေးပေါ်သတင်းတစ်ခု ရောက်လာပြန်သည်။ တမလွန်ဘုံဘုရင်များသည် ကောင်းကင်ထူးခြားဘုံ အပြင်ရှိ ဆန်းကြယ်နယ်မြေများကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့၏။ လူသားမျိုးနွယ်စစ်တပ်မှာ အင်အားတစ်သန်းခန့် ဆုံးရှုံးခဲ့ရပြန်သည်။

မိုးပြာမဟာဧကရာဇ်မှာ ‌ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ ထိုစဉ် ကမ္ဘာဦးကောင်းကင်ဘုံမှ အရေးပေါ်သတင်းတစ်ခု ထပ်မံရောက်ရှိလာပြန်သည်။ မိသားစုကြီးအချို့၏ ခေါင်းဆောင်များသည် ရုတ်တရက် သစ္စာ‌ဖောက်၍ မိုးပြာမဟာဧကရာဇ်တောင်ထိပ်‌ဆီသို့ စစ်တပ်များဖြင့် ချီတက်ကာ ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးပစ်လိုက်ကြ၏။ တောက်မိသားစုဝင်အားလုံး သွေးချောင်းစီး သတ်ဖြတ်ခံလိုက်ရပြီး မည်သူမှ မရှင်ကျန်ခဲ့ချေ။

"အား... အား... အား..."

ထိုသတင်းကို ကြားရသည်နှင့် မိုးပြာမဟာဧကရာဇ်မှာ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ကောင်းကင်သို့ မော့လျက် သုံးကြိမ်တိုင်တိုင် ဟိန်းဟောက်လိုက်သည်။ ထို့နောက် သူသည် ရူးသွပ်သော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်၏။ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်အချို့ကို ဦးဆောင်လျက် တမလွန်ဘုံကို ဝင်ရောက်တိုက်ခိုက်ပေတော့မည်။

သွားတစ်ချောင်းလျှင် သွားတစ်‌ချောင်း၊ မျက်လုံးတစ်လုံးလျှင် မျက်လုံးတစ်လုံး၊ သွေးကို သွေးဖြင့် တုံ့ပြန်၍ တမလွန်ဘုံအတွင်း၌ သွေးချောင်းစီး သတ်ဖြတ်ပွဲကြီး ဆင်နွှဲတော့မည်ဖြစ်သည်။

All Chapters