အခန်း (၂၀၃၈-၂၀၃၉)
Vol. 146 Ch. 2038-2039
အပိုင်း ၂၀၃၈ တွင်းနက်ကြီး
ကောင်းကင်ထူးခြားဘုံ၊ ကောင်းကင်စကြဝဠာဘုံနှင့် ကောင်းကင်မသေမျိုးဘုံတို့ အပြင်ဘက်ရှိ ဆန်းကြယ်နယ်မြေများမှာ တစ်ပြိုင်နက်တည်းနီးပါး တိုက်ခိုက်ခံခဲ့ရသည်။ ထို့အပြင် တိုက်ခိုက်သူများမှာ ဧကရာဇ်တစ်ပိုင်းအဆင့် တမလွန်ဘုံဘုရင်များဖြစ်ပြီး စစ်တပ်မပါကြချေ။ တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်း ဆုတ်ခွာသွားခဲ့ကြ၏။
ဤသည်က မည်သည့်အဓိပ္ပာယ်နည်း။
တမလွန်ဘုံသားများသည် ကြိုတင်ကြံစည်ထားသည်သာမက ထိုတမလွန်ဘုံဘုရင်များမှာ ဘုံများအပြင်ဘက်ရှိ ဆန်းကြယ်နယ်မြေများအတွင်း၌ အစောကတည်း ပုန်းအောင်းနေခဲ့ကြသည့် အဓိပ္ပာယ်ပင်။ လူသားမျိုးနွယ်တွင် ဆန်းကြယ်နယ်မြေတိုင်းကို လိုက်လံစစ်ဆေးနိုင်ရန် စစ်အင်အား အလုံအလောက် မရှိချေ။ စစ်ဆေးလျှင်တောင်မှ သာမန်ကင်းထောက်များအနေဖြင့် တမလွန်ဘုံဘုရင်များကို ရှာတွေ့နိုင်မည်မဟုတ်။
ကမ္ဘာဦးကောင်းကင်ဘုံ၏ ပုန်ကန်မှုလည်း ရှိနေသေး၏။ ထိုမိသားစုကြီးများမှာ ယခင်ကတည်းက တမလွန်ဘုံသားများ၏ တိတ်တဆိတ် ထိန်းချုပ်မှုခံထားရပြီး ကမ္ဘာဦးကောင်းကင်ဘုံအတွင်း၌ ကျူးကျော်ပုန်းအောင်းနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ဤအရာအားလုံးသည် မင်တဲမှ မိုးပြာမဟာဧကရာဇ်အား အင်အားပြသလိုက်ခြင်း ဖြစ်၏။ မိုးပြာမဟာဧကရာဇ်နေဖြင့် ဘုံကိုးဘုံအား ထိန်းချုပ်ထားနိုင်လျှင်တောင်မှ သူသည် ထိုအုပ်ချုပ်မှုကို အချိန်မရွေး ဖြုတ်ချပစ်နိုင်စွမ်းရှိကြောင်း ပြသလိုက်ခြင်းပင်။ မိုးပြာမဟာဧကရာဇ်တောင်ထိပ်ရှိ ကောင်းကင်ဘုံခုံရုံးကို စိစိညက်ညက်ကြေအောင် ဖျက်ဆီးလိုက်ခြင်းက မိုးပြာမဟာဧကရာဇ်အား ပါးချလိုက်သည်နှင့် တူ၏။
မိုးပြာမဟာဧကရာဇ်အနေဖြင့် မည်သို့တတ်နိုင်ပါမည်နည်း။
ထိုတမလွန်ဘုံဘုရင်များကို လိုက်လံသတ်ဖြတ်ရမည်လား။ မည်သို့နည်းဖြင့် သတ်ရမည်နည်း။ လက်ရှိ လူသားမျိုးနွယ်၏ စစ်အင်အားမှာ အလွန်နည်းပါးနေ၏။ ဘုံကိုးဘုံနှင့် မရေမတွက်နိုင်သော ဆန်းကြယ်နယ်မြေများတွင် လူသားမျိုးနွယ်၏ စစ်တပ်များကို ခွဲဝေဖြန့်ကျက်ထားရသည်။ စစ်တပ်အင်အား သန်းသုံးဆယ်ကို ဦးဆောင်တိုက်ခိုက်နိုင်ခြင်းကပင် လူသားမျိုးနွယ်၏ အကြီးမားဆုံး အင်အားဖြစ်နေလေပြီ။
ကမ္ဘာဦးကောင်းကင်ဘုံရှိ ပုန်ကန်မှုများကို နှိမ်နင်းပြီးဖြစ်သော်လည်း မည်သည့်မိသားစုများကို တမလွန်ဘုံသားများက ထိန်းချုပ်ထားသေးသည်လဲ မသိနိုင်သေးချေ။ ကမ္ဘာဦးကောင်းကင်ဘုံတွင် မိသားစုအကြီးအငယ်များမှာ မရေမတွက်နိုင်အောင် ရှိနေပြီး ရေတွက်၍ပင် မရနိုင်ပေ။ တမလွန်ဘုံသားများ၏ ထိန်းချုပ်မှု ခံထားရခြင်း ရှိ၊မရှိ မိသားစုတစ်စုချင်းစီအား မိုးပြာဧကရာဇ်ကိုယ်တိုင် လိုက်လံစစ်ဆေးရမည်လော။
လူသားမျိုးနွယ်၏ ရွှေခေတ်ကြီး ရောက်လာတော့မည်ကို မျက်စိရှေ့တွင် မြင်နေရ၏။ လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ရန် ဆယ်နှစ်ခန့် အချိန်ပေးလိုက်ရုံဖြင့် တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာမည်ကို မိုးပြာမဟာဧကရာဇ် ကြောက်ရွံ့နေစရာ မလိုတော့ပေ။ ယခုတွင် တမလွန်ဘုံသားများက နေရာအနှံ့ ပြဿနာရှာကာ လူသားမျိုးနွယ်ကို အေးချမ်းစွာ နေခွင့်မပေးချေ။ မိုးပြာမဟာဧကရာဇ်အတွက် ရွေးချယ်စရာ လမ်းတစ်လမ်းသာ ရှိတော့၏။ တမလွန်ဘုံသားများ ထပ်မံပြဿနာမရှာစေရန် တမလွန်ဘုံအတွင်းသို့ ဝင်ရောက်၍ သွေးချောင်းစီး သတ်ဖြတ်ရန်သာ ဖြစ်သည်။
မိုးပြာမဟာဧကရာဇ်သည် တမလွန်ဘုံအား သိမ်းပိုက်၍ တမလွန်ဘုံသားအားလုံးကို သတ်ဖြတ်ရန် ရည်ရွယ်ထားခြင်း မဟုတ်ပေ။ ထို့ကြောင့် တမလွန်ဘုံအတွင်းသို့ စစ်တပ်များ ခေါ်ဆောင်သွားရန် မပြင်ဆင်ထားချေ။
ဧကရာဇ်အဆင့် ပုဂ္ဂိုလ်အချို့ကိုသာ ခေါ်ဆောင်၍ အကြီးအကျယ် သတ်ဖြတ်ကာ တမလွန်ချောက်နက် အချို့အား ဖျက်ဆီးပစ်ရန်သာ ပြင်ဆင်ထား၏။ မိုးပြာမဟာဧကရာဇ်၏ ဧကရာဇ်ရာထူးကို ရန်စပါက သွေးချောင်းစီးသည်အထိ လက်တုံ့ပြန်မည်ဖြစ်ကြောင်း မင်တဲအား သင်ကြားပေးရန် ဖြစ်သည်။
မိုးပြာမဟာဧကရာဇ်၏ ရူးသွပ်လှသော ဆုံးဖြတ်ချက်ကြောင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ရွှေအရှင်၊ ယန်အရှင်၊ ရူးသွပ်အရှင်တို့မှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။ တမလွန်ဘုံဆိုသည်ကား မည်မျှ ကြောက်မက်ဖွယ်ကောင်းသော နေရာနည်း။ မည်သူကမှ ဂရုမစိုက် မဝင်ရောက်ရဲချေ။ မိုးပြာမဟာဧကရာဇ် ဝင်သွားပါက အလွယ်အတူ ပြန်ထွက်လာနိုင်ကောင်း ထွက်လာနိုင်သော်လည်း သူတို့သာ ဝင်သွားပါက ထိုနေရာ တသက်လုံး ပိတ်မိနေနိုင်သည်။
သို့သော် မိုးပြာမဟာဧကရာဇ်က ဆုံးဖြတ်ချက် ချပြီးဖြစ်ရာ မည်သူမှ နားချနိုင်စွမ်း မရှိချေ။
ကောင်းကင်ဘုံခုံရုံး ဖျက်ဆီးခံလိုက်ရပြီး တောက်မိသားစု သတ်ဖြတ်ခံလိုက်ရခြင်းက မိုးပြာမဟာဧကရာဇ်၏ ဒေါသအား အဆုံးအစွန်အထိ တွန်းပို့ပေးခဲ့သည်။ မိုးပြာမဟာဧကရာဇ်သည် ဂုဏ်သတင်းကို အရာအားလုံးထက်ပို၍ အလေးထား၏။ မင်တဲကား သူ့အား အပြင်းအထန် အရှက်ခွဲခဲ့သောကြောင့် ပြန်လည်မတုံ့ပြန်ပါက မျိုးနွယ်စုအားလုံးကို ခေတ်အဆက်ဆက် ထိန်းချုပ်နိုင်တော့မည်မဟုတ်သလို ခေတ်အဆက်ဆက် ပြိုင်ဘက်ကင်း ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မည် မဟုတ်ချေ။
ဤတစ်ကြိမ်တွင် လက်တုံ့မပြန်ပါက တမလွန်ဘုံသားများ၏ တိုက်ခိုက်မှုတို့က အဆက်မပြတ် ဖြစ်ပွားနေပေလိမ့်မည်။ လူသားမျိုးနွယ်အနေဖြင့် အေးချမ်းစွာ မနေရဘဲ နေရာအနှံ့၌ စစ်မီးများ တောက်လောင်ကာ လက်ရှိ အလေးသာနေသည့် အခြေအနေအားလုံး ပျက်သုဉ်းသွားမည်ဖြစ်သည်။ အတွင်းပိုင်း ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာပါက လူသားမျိုးနွယ် အပြီးတိုင် ပျက်စီးသွားပေလိမ့်မည်။
မှန်ပါသည်။ မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်ဧကရာဇ်ပလ္လင်အား ရယူပြီးနောက် သူ၏ အတိုက်အခိုက်စွမ်းရည်အပေါ် အလွန်တရာ ယုံကြည်မှုရှိလာခဲ့၏။ တမလွန်ဘုံဧကရာဇ် တမလွန်ဘုံတွင် ပေါ်လာလျှင်တောင်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်မည်ဟု ယုံကြည်ထားသည်။ ဤတစ်ကြိမ်တွင် တမလွန်ဘုံဧကရာဇ်မြို့တော်ကို မတိုက်ခိုက်ဘဲ အတွင်းသို့ ဝင်ရောက်သတ်ဖြတ်ပြီးသည်နှင့် ချက်ချင်း ဆုတ်ခွာမည်ဖြစ်၏။ မည်သူက သူ့ကို တားဆီးနိုင်မည်နည်း။
နောက်ထပ် အကြောင်းအရင်းတစ်ခုလည်း ရှိသေးသည်။ တမလွန်ဘုံဧကရာဇ်သာ လူသားမျိုးနွယ်အတွင်း၌ အမှန်တကယ် ပုန်းကွယ်နေပါက ယခုအခိုက်အတန့်၌ သေချာပေါက် ကိုယ်ထင်ပြလာပေလိမ့်မည်။ တမလွန်ဘုံဧကရာဇ်အား လှည့်ကွက်ဆင်၍ သတ်ဖြတ်နေစေမည့်အစား အတင်းအကျပ် ထွက်ပေါ်လာရန် ဖိအားပေးကာ ရင်ဆိုင်လိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။
မိုးပြာမဟာဧကရာဇ်သည် အင်အားကြီးပုဂ္ဂိုလ်များကို ခေါ်ယူကာ ဆန္ဒအလျောက် တိုက်ပွဲဝင်မည့်သူတို့အား ဖိတ်ခေါ်ခဲ့၏။ သို့သော် မည်သူကမှ ဆန္ဒမထုတ်ဖော်ကြရာ ဒေါသတကြီးဖြင့် သူကိုယ်တိုင် ရွေးချယ်လိုက်သည်။ ယန်အရှင်၊ ငွေအရှင်၊ ရွှေအရှင်၊ ရူးသွပ်အရှင်နှင့် ရှားယွီတို့ကို တိုက်ပွဲဝင်ရန် အမိန့်ပေးပြီး ကျန်လူများကို ကောင်းကင်အထီးကျန်ဘုံ၌ နေရစ်စေခဲ့၏။ သူ မရှိသည့်အချိန်၌ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ အမိန့်ကို နာခံရန် စစ်တပ်တစ်တပ်လုံးကို ညွှန်ကြားခဲ့သည်။
မိုးပြာမဟာဧကရာဇ်က သူ့တပည့်များကိုပင် ကိုယ်တိုင်ရွေးချယ်ခဲ့ရာ ကျန်လူများအနေဖြင့် အထွန့်မတက်ရဲချေ။ သို့သော် ရှားယွီ၏ အလင်းအတတ်ပညာက တမလွန်ဘုံသားများအပေါ် သဘာ၀အလျောက် အားသာ၏။ တမလွန်ဘုံချီများကို လျင်မြန်စွာ ရှင်းလင်းပေးနိုင်သည်။ ထိုမျှသာမက ရှားယွီသည် မသေမျိုးဝိညာဉ်ချီကို အသုံးပြုပါက အတိုက်အခိုက်စွမ်းရည်၌ ဧကရာဇ်အဆင့်အထိ ရောက်နိုင်၏။ သူမသည် အရေးပါသော အကူအညီတစ်ခု ဖြစ်ပေသည်။
မိုးပြာမဟာဧကရာဇ်က ဆန်းကြယ်နယ်မြေကြီး ငါးခုကိုလည်း စွန့်ပစ်၍ စစ်တပ်အားလုံးကို ကောင်းကင်အထီးကျန်ဘုံသို့ ပြန်လည်ဆုတ်ခွာစေခဲ့သည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ချီလင်းအရှင်မနှင့် ပင်မစစ်တပ်ကြီးအား ဦးဆောင်လျက် ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်သွားကာ သစ္စာဖောက်များကို ရှင်းလင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျောက်တုံးအရှင်နှင့် ယန်အရှင်တို့အား စစ်တပ်ကို ဉီးဆောင်လျက် တမလွန်ဘုံဘုရင်များကို သတ်ဖြတ်ရန် စေလွှတ်ခဲ့၏။
တစ်ရက်ကြာပြီးနောက် အခြေအနေအားလုံး တည်ငြိမ်သွားပြီဖြစ်ကြောင်း မသေမျိုးတစ်ပိုင်း ရသေ့ကြီးထံမှ သတင်းရရှိခဲ့သည်။ မိုးပြာမဟာဧကရာဇ်သည် ယန်အရှင်၊ ငွေအရှင်၊ ရွှေအရှင်၊ ရူးသွပ်အရှင်နှင့် ရှားယွီတို့ကို ဦးဆောင်လျက် တမလွန်ဘုံအား သွေးချောင်းစီး လက်တုံ့ပြန်ရန် ပြတ်ပြတ်သားသား ထွက်ခွာသွားတော့သည်။
သတင်းများ ပျံ့သွားသည်နှင့် လူသားမျိုးနွယ်တစ်ခုလုံး ထပ်မံ ဆူညံပွက်လောရိုက်သွားကြ၏။ အထူးသဖြင့် ကမ္ဘာဦးကောင်းကင်ဘုံမှ ပြည်သူများမှာ အဆုံးအစွန်အထိ တက်ကြွနေကြသည်။
မိုးပြာမဟာဧကရာဇ်ဆိုသူမှာ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဖြစ်ပြီး ဤတစ်ကြိမ် တမလွန်ဘုံသို့ စစ်ချီခြင်းမှာ လူသားမျိုးနွယ်အတွက် အောင်ပွဲတစ်ရပ်ဖြစ်၏။ တမလွန်ဘုံသားများကို အပြီးတိုင် နှိမ်နင်းဖျက်ဆီးနိုင်ပါက လူသားမျိုးနွယ်သည် နှစ်သောင်းပေါင်းများစွာ တည်တံ့မည့် ရွှေခေတ်ကြီးကို စတင်တည်ထောင်နိုင်ပေလိမ့်မည်။
မရေမတွက်နိုင်သော ပြည်သူများက မြို့ရင်ပြင်များ၌ နေ့ရောညပါ ဒူးထောက်၍ မိုးပြာမဟာဧကရာဇ် ဘေးကင်းအောင်မြင်ရန် ဆုတောင်းနေကြသည်။ မိုးပြာမဟာဧကရာဇ် အောင်ပွဲဆင်နွှဲကာ ပြန်လာမည့် သတင်းကို စောင့်စားနေကြ၏။ အခြားဘုံများမှာလည်း ထိုနည်းတူပင်ဖြစ်ပြီး မရေမတွက်နိုင်သော လူများက မိုးပြာမဟာဧကရာဇ် ကြီးကျယ်ခမ်းနားသော အောင်ပွဲနှင့်အတူ ပြန်လာမည့်အချိန်ကို စောင့်မျှော်နေကြလေသည်။
"သွားပြီပဲ..."
ကောင်းကင်စကြဝဠာဘုံ အနီးရှိ ဟွင့်သွမ်နယ်မြေအတွင်း၌ ကျန်းရီ စစ်တပ်ထဲသို့ ထပ်မံခိုးဝင်လာခဲ့၏။ မိုးပြာမဟာဧကရာဇ် တမလွန်ဘုံသို့ ထွက်ခွာသွားသော သတင်းကို အမိအရ ကြားလိုက်ရလေသည်။
ယခင်ကတည်းက သူ့ရင်ထဲတွင် လေးပင်စွာ ရှိနေသော နိမိတ်ဆိုးမှာ ပို၍ ရှင်းလင်းပြတ်သားလာခဲ့၏။ မိုးပြာမဟာဧကရာဇ် တမလွန်ဘုံသို့ စွန့်စားဝင်ရောက်ခြင်းမှတဆင့် ဧရာမပြဿနာတစ်ခု၊ ဆိုးရွားလှသော ဖြစ်ရပ်ကြီးတစ်ရပ် ဖြစ်လာလိမ့်မည်ဟု ခံစားနေရချေသည်။
ကျန်းရီက ထိုသတင်းကို ချီဟုန်ထံ ပေးပို့လိုက်ရာ ချီဟုန်သည် အတန်ကြာ တိတ်ဆိတ်နေပြီးနောက်မှ အသံလှိုင်း ပို့လွှတ်လာ၏။ "မိုးပြာမဟာဧကရာဇ်က ဒီတစ်ကြိမ် တကယ်ကို ဂရုမစိုက်လုပ်လွန်းတာပဲ… သူ ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်တာ ဘယ်လောက်ကြာသေးလို့လဲ… မင်တဲက မိုးပြာဧကရာဇ် ဘဝင်မြင့်လာအောင် တိုက်ပွဲတွေကို ရှောင်ပြီး ဘုံတချို့ကို လက်လွှတ်ပေးခဲ့တာ ဖြစ်နိုင်တယ်… သူ တမလွန်ဘုံထဲ ဝင်တိုက်အောင် မိုးပြာမဟာဧကရာဇ်တောင်ထိပ်က ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးပြီး တောက်မိသားစုကို သတ်ပစ်လိုက်တာ သေချာတယ်"
"ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ကျန်းရီ၏ နှလုံးသားမှာ ပြောမပြတတ်အောင် လေးလံနေချေပြီ။ မိုးပြာမဟာဧကရာဇ်သာ တစ်ခုခုဖြစ်သွားပါက လူသားမျိုးနွယ် ကစဉ့်ကလျား ဖြစ်သွားလိမ့်မည်မှာ မလွဲဧကန်ပင်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးသာ အမှန်တကယ် တမလွန်ဘုံဧကရာဇ် ဖြစ်နေမည်ဆိုပါက လူသားမျိုးနွယ်သည် တမလွန်ဘုံဧကရာဇ်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပေလိမ့်မည်။ ၎င်း၏ အကျိုးဆက်များကို တွေးကြည့်၍ပင် မရနိုင်ချေ။
"ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး"
ချီဟုန်က သက်ပြင်းချလျက် အသံလှိုင်း ပို့လွှတ်လာသည်။ "မင်းရဲ့ အခု လက်ရှိခွန်အားနဲ့ တမလွန်ဘုံကို သွားရင် သေမှာပဲ… သိပ်ဂရုစိုက်မနေနဲ့တော့… မိုးမြေအရင်းအမြစ်ကို မြန်မြန်ရှာပြီး ရွှေအရင်းအမြစ်ကို တွေ့ဖို့သာ အရင်လုပ်"
"ဟင်း..."
ကျန်းရီ ခပ်ဖွဖွ သက်ပြင်းချလိုက်မိသည်။ သူ ဝင်ပါချင်သော်လည်း မစွမ်းနိုင်ချေ။ မိုးပြာမဟာဧကရာဇ်အတွက် တမလွန်ဘုံသို့ သွားရောက်တိုက်ခိုက်ရန်မှာ မဖြစ်နိုင်။ မိုးပြာမဟာဧကရာဇ်က ရန်သူဖြစ်နေသည့်အပြင် သူ့တွင်လည်း မိသားစု ရှိသေးသောကြောင့် မိုးပြာမဟာဧကရာဇ်အတွက် အသက်မစွန့်နိုင်ပေ။
သူသည် မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေ ထိုင်လျက် တိတ်တဆိတ် ထွက်ခွာရန် အခွင့်အရေးကို စောင့်ဆိုင်းနေ၏။ ဆယ်နာရီကျော် စောင့်ဆိုင်းပြီးနောက် ဟွင့်သွမ်နတ်ဘုရားလှေသည် ဆန်းကြယ်နယ်မြေတစ်ခုအပြင်၌ ရပ်နားလိုက်ရာ ကျန်းရီ အလွယ်တကူပင် ထွက်ခွာလာနိုင်ခဲ့သည်။
ဤအခိုက်အတန့်၌ ကောင်းကင်စကြဝဠာဘုံ အနီးတစ်ဝိုက်တွင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များ လုံးဝ မရှိတော့ချေ။ ချီလင်းအရှင်မက ကမ္ဘာဦးကောင်းကင်ဘုံသို့ နေရာရွှေ့ပြောင်းသွားကာ မိသားစုကြီးများ၌ ပုန်းအောင်းနေသော သူလျှိုများကို လိုက်လံစုံစမ်းနေ၏။ ကျောက်တုံးအရှင်နှင့် ယန်အရှင်တို့က ကောင်းကင်မသေမျိုးဘုံ အပြင်ရှိ တမလွန်ဘုံဘုရင်များကို လိုက်လံသတ်ဖြတ်နေကြသည်။ ချီဟုန်၏အကူအညီကြောင့် ကင်းလှည့်စစ်သည် အဆပေါင်းများစွာ တိုးလာသော်လည်း မည်သူကမှ သူ့ကိုခြေရာမခံနိုင်ခဲ့ချေ။
ဆယ်နာရီကြာပြီးနောက် ကျန်းရီသည် မင်တိပြောသော ဆန်းကြယ်နယ်မြေကို ရှာတွေ့သွားခဲ့၏။ ၎င်းမှာ သေခြင်းနယ်မြေတစ်ခု ဖြစ်သည်။ ဆန်းကြယ်နယ်မြေ အနီးသို့ မရောက်ခင်မှာပင် အနီရောင်အလင်းတန်းတို့က ကောင်းကင်အပြည့် ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရ၏။ မီးအရင်းအမြစ် ရှိနေသည့် သင်္ကေတပင်။
"ရွှေအရင်းအမြစ်ရော ရှိမလား"
ကျန်းရီ၏ နှလုံးသားမှာ လိုချင်တပ်မက်မှုတို့ဖြင့် တောက်လောက်နေသည်။ သူက အနီးတစ်ဝိုက် လှည့်ပတ်ကြည့်ရှု၍ ကင်းထောက်များ မရှိကြောင်း အတည်ပြုပြီးသည်နှင့် သေခြင်းနယ်မြေအတွင်းသို့ ချက်ချင်း ဝင်ရောက်သွား၏။
ချီဟုန်၏ ကောင်းကင်အာရုံက အောက်သို့ ဆင်းသက်သွားပြီး စိတ်ပျက်စရာ သတင်းတစ်ခုကို ပြန်လည်ပို့လွှတ်လာသည်။ မီးအရင်းအမြစ်သာ ရှိပြီး အခြား မိုးမြေအရင်းအမြစ်များ မရှိချေ။
ချီဟုန်အား နောက်တစ်ကြိမ် စစ်ဆေးခိုင်းလိုက်သော်လည်း ရလဒ်မှာ အတူတူပင်။ ကျန်းရီမှာ စိတ်ရှုပ်သွား၏။ ယခုတွင် သိထားသမျှ ဆန်းကြယ်နယ်မြေများ အားလုံးကို ရှာဖွေပြီးလေပြီ။ ဤလောကရှိ မည်သည့်နေရာ၌ ရွှေအရင်းအမြစ်ကို သွားရောက်ရှာဖွေရမည်နည်း။
ဆန်းကြယ်နယ်မြေအတွင်း၌ အစွမ်းထက်သတ္တဝါများ မရှိဘဲ မီးဟွင့်သွမ်သားရဲအချို့သာ ရှိနေ၏။ ကျန်းရီမှာ ရွေးချယ်စရာမရှိသဖြင့် အောက်ရှိ မီးအရင်းအမြစ်ကိုသာ သိမ်းယူပြီး တိတ်တဆိတ် ထွက်ခွာလာခဲ့ရသည်။
ဆန်းကြယ်နယ်မြေနှင့် မိုင်တစ်သောင်းခန့် ခရီးဆက်လာပြီးနောက် ကျန်းရီသည် ဟင်းလင်းပြင်ထဲ၌ တစ်ယောက်တည်း ရပ်ကာ ဆုံးဖြတ်မရဖြစ်နေမိ၏။ ကပ်လောက တစ်ခုလုံးမှာ ကျယ်ပြောလှသော်လည်း ဆန်းကြယ်နယ်မြေ တစ်ခုပြီးတစ်ခု လိုက်လံရှာဖွေနေရန် မဖြစ်နိုင်ချေ။ ဘုံကိုးဘုံအတွင်းသို့လည်း ကသိုက်ကရိုက် မဝင်ရောက်နိုင်။ မိုးပြာမဟာဧကရာဇ်နှင့် ကတိကဝတ်ကို ချိုးဖောက်ရာကျပေလိမ့်မည်။
"တွင်းနက်ကြီးရော"
ကျန်းရီ၏ နှလုံးသားက ဒိတ်ခနဲ ခုန်သွားသည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် ပြောခဲ့ဖူးသည့် နေရာတစ်ခုကို သတိရသွား၏။ တွင်းနက်ကြီး၏ အောက်ခြေတွင် ရွှေအရင်းအမြစ်သာမက သစ်သားအရင်းအမြစ်၊ မီးအရင်းအမြစ်၊ မြေအရင်းအမြစ်နှင့် ရေအရင်းအမြစ်တို့ပါ ရှိနေချေသည်။ ပြဿနာမှာ ထိုပင်လယ်အောက်တွင် ကောင်းကင်ဧကရာဇ်၏ အတိုက်အခိုက်စွမ်းရည်နှင့် ယှဉ်နိုင်သည့် မကောင်းဆိုးဝါးကြီးတစ်ကောင် ရှိနေခြင်းပင်။
သို့သော် ထိုသတ္တဝါကြီးက သူ့အပေါ် စိတ်ကောင်းရှိဟန် ပြသခဲ့သည်မဟုတ်ပါလော။ သူ့အား လိုက်လံမသတ်ဖြတ်ခဲ့ချေ။ ယင်းက သူ့တွင် တွင်းနက်ကြီးအောက်မှ ရွှေအရင်းအမြစ်ကို ရယူနိုင်သည့် အခွင့်အရေး ရှိနေသည့် အဓိပ္ပာယ်လော။
ကျန်းရီ လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်ရင်း အံကြိတ်ကာ တတွတ်တွတ် ရေရွတ်နေသည်။
"ထပ်ရှာကြည့်ရသေးတာပေါ့… တကယ်လို့ ရှာမတွေ့တော့ဘူးဆိုရင်တော့ တွင်းနက်ကြီးထဲ ဆင်းမယ်"
အပိုင်း ၂၀၃၉ ဆွဲမိဆွဲရာ
ကျန်းရီအနေဖြင့် ရွှေအရင်းအမြစ်ကို တစ်ယောက်တည်း မရှာဖွေနိုင်ချေ။ လူတစ်ယောက်၏ လုပ်နိုင်စွမ်းမှာ အကန့်အသတ် ရှိသဖြင့် အခြားသူများထံမှ အကူအညီ တောင်းရပေလိမ့်မည်။
မိုးပြာမဟာဧကရာဇ်မှာလည်း တမလွန်ဘုံသို့ သွားနေသည့်အပြင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးမှာလည်း ကိစ္စအားလုံးကို လိုက်လံမစီမံနိုင်ချေ။ ကျန်းရီ ဟိုတွေးဒီတွေး စဉ်းစားပြီးနောက် ကောင်းကင်ဘုရင်ဝေကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ သူ့သတင်းကွန်ရက်ကို အသုံးပြု၍ မိုးမြေအရင်းအမြစ်များ ရှိနေသည့် နေရာကို စုံစမ်းရပေလိမ့်မည်။
ကျန်းရီ ဟင်းလင်းပြင်ထဲ၌ တိတ်တဆိတ် ဖြတ်သန်းနေရင်း ဟွင့်သွမ်နတ်ဘုရားလှေတစ်စင်းကို အလွယ်တကူ ရှာတွေ့ကာ စစ်သည်တစ်ဦးကို ဖမ်းဆီးနိုင်မည့် အခွင့်အရေး ရခဲ့သည်။ ဤတစ်ကြိမ်တွင်မူ စစ်တပ်ထဲသို့ ချက်ချင်း ဝင်မရောဘဲ ချီဟုန်အား အသိစိတ်ထိန်းချုပ်ခြင်း အတတ်ပညာကို အသုံးပြု၍ ထိုစစ်သည်၏ ဦးနှောက်ထဲမှ သတင်းအချက်အလက်များကို စုဆောင်းစေ၏။
"ကောင်းကင်ဘုရင်ဝေက ကောင်းကင်စကြဝဠာဘုံမှာ ရှိတယ်"
ချီဟုန်ထံမှ ရရှိသောသတင်းကြောင့် ကျန်းရီ အတော်လေး စိတ်လှုပ်ရှားတက်ကြွသွားသည်။ ကောင်းကင်စကြဝဠာဘုံ၏ ဆန်းကြယ်နယ်မြေများသည် မကြာသေးခင်ကမှ တမလွန်ဘုံဘုရင်များ၏ တိုက်ခိုက်ခံခဲ့ရ၏။ ထို့ကြောင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ယန်ကိုးပါးစစ်တပ်မှ ကောင်းကင်ဘုရင် သုံးဆယ့်ခြောက်ပါးလုံးကို ခေါ်ယူကာ စောင့်ကြပ်နေစေ၏။ တမလွန်ဘုံဘုရင်များ ထပ်မံတိုက်ခိုက်လာပါက ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများမှာ အနည်းဆုံးတော့ ကောင်းကင်စကြဝဠာဘုံကို ကာကွယ်နိုင်ပေလိမ့်မည်။
ကျန်းရီသည် ဝိညာဉ်တံလျှပ်စွမ်းရည်ကို အသုံးပြု၍ စစ်သည်အသွင်ပြောင်းကာ စစ်တပ်နှင့်အတူ အနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်၌ ကင်းလှည့်နေ၏။ သို့သော် စိတ်ပျက်ဖွယ်ကောင်းစွာဖြင့် ထိုတပ်ဖွဲ့က အနီးတစ်ဝိုက်၌သာ အကြိမ်ကြိမ် ကင်းလှည့်နေချေသည်။ ကောင်းကင်စကြဝဠာဘုံအတွင်းသို့ ဝင်ရောက်မည့် အရိပ်အယောင် မရှိချေ။
နေ့တစ်ဝက်… နေ့တစ်ဝက်ပင် ကြာသွားချေပြီ။
ကျန်းရီ စိတ်ပျက်လက်ပျက် ဖြစ်နေချိန်၌ ဟွင့်သွမ်နတ်ဘုရားလှေ ဒါဇင်ကျော်က ရုတ်တရက် ရှေ့မှ ပျံသန်းလာသည်။ ကျန်းရီက ကောင်းကင်အာရုံဖြင့် စစ်ဆေးပြီးနောက် အလွန်အမင်း တက်ကြွသွား၏။ အကြောင်းမှာ ထိုဟွင့်သွမ်နတ်ဘုရားလှေများပေါ်တွင် ဧရာမ "ယွင်" အက္ခရာကြီးအား ရေးထိုးထားသည့် အလံတစ်လံကို လွှင့်ထူထားသည့်အတွက်ကြောင့်ပင်။
"ယွင်မိသားစုရဲ့ ဟွင့်သွမ်နတ်ဘုရားလှေတွေလား... အထဲမှာ ကောင်းကင်ဘုရင်ယွင် ပါလား မသိဘူး"
ကျန်းရီ၏ မျက်လုံးများက တောက်ပလာပြီး ချီဟုန်ထံ ချက်ချင်း အသံလှိုင်း ပို့လွှတ်ကာ ဟွင့်သွမ်နတ်ဘုရားလှေဒါဇင်ကျော်အား အတင်းအကြပ် စစ်ဆေးခိုင်းလိုက်သည်။ ချီဟုန်၏ ကောင်းကင်အာရုံသည် အလွန်တရာ အစွမ်းထက်လှရာ သာမန် ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်များပင်လျှင် သူ၏ စစ်ဆေးမှုကို အာရုံမခံနိုင်ကြချေ။
"ယွင်ပင်း အထဲမှာ ရှိနေတယ်"
ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော သတင်းတစ်ခုကို ကျန်းရီ ရရှိလိုက်၏။ သူက ချီဟုန်အား ယွင်ပင်းထံ အသံလှိုင်း ပို့လွှတ်စေလိုက်ရာ ရှေ့ရှိ ဟွင့်သွမ်နတ်ဘုရားလှေများက သူတို့ထံ ချက်ချင်း ဦးတည်လာကြသည်။ ထို့နောက် စစ်သူကြီးအသွင်ဖြင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးက ရှေ့ဆုံးရှိ ဟွင့်သွမ်နတ်ဘုရားလှေပေါ်မှ ပျံသန်းထွက်ပေါ်လာပြီး အေးစက်စွာ အော်ဟစ်လိုက်၏။ "ရပ်လိုက်စမ်း"
"ဟင်"
ကင်းလှည့်တပ်မှူးမှာ အနည်းငယ် အံ့အားသင့်သွားပြီး ဟွင့်သွမ်နတ်ဘုရားလှေကို အမြန်ရပ်တန့်လိုက်သည်။ ထို့နောက် စစ်သည်အားလုံးကို ဦးဆောင်၍ အရိုအသေပေးလိုက်၏။ "စစ်သူကြီးယွင်… အမိန့်ရှိပါခင်ဗျာ"
ယွင်မိသားစု၏ စစ်သူကြီးက ခက်ထန်စွာ ပြောသည်။ "မကြာသေးခင်က တမလွန်ဘုံသား သူလျှိုတွေ စစ်တပ်ထဲ ရောဝင်လာလို့ စစ်သည်အားလုံး ဝိညာဉ်စစ်ဆေးခံရမယ်... မင်းတို့အားလုံး ဟွင့်သွမ်နတ်ဘုရားလှေထဲ တစ်ယောက်ချင်းစီ ဝင်ခဲ့ကြ... ငြင်းဆန်ရဲတဲ့သူ မှန်သမျှ သေဒဏ်ပဲ"
"တမလွန်ဘုံသား သူလျှိုတဲ့လား"
ကင်းလှည့်တပ်မှူးက နှာခေါင်းကို ပွတ်လိုက်၏။ ဤစစ်သူကြီးသည် ဂျပိုးကို လိပ်ဖြစ်အောင် ချဲ့ကားနေသည်ဟု စိတ်ထဲမှ တိတ်တဆိတ် အပြစ်တင်လိုက်သော်လည်း အမိန့်ကိုမူ မလွန်ဆန်ရဲပေ။ သူက စစ်သည်အားလုံးကို ဟွင့်သွမ်နတ်ဘုရားလှေအတွင်းသို့ တစ်ယောက်ချင်းစီ ဝင်ရောက်ရန် အမိန့်ပေးလိုက်သည်။
ရှေ့ဆုံးရှိ ဟွင့်သွမ်နတ်ဘုရားလှေအတွင်း၌ အဘိုးကြီးတစ်ဦး ထိုင်နေပြီး သူ့ဘေးတွင် ချပ်ဝတ်တန်ဆာဖြင့် စစ်သည်များ ဝန်းရံနေကြ၏။ ဘုရင်အဆင့် ပုဂ္ဂိုလ်လေးဦးတိတိပင် ပါဝင်ချေသည်။
ကင်းလှည့်တပ်မှူးက စစ်တပ်ကို ဦးဆောင်၍ တစ်ယောက်ချင်းစီ ဝင်ရောက်လာ၏။ ထိုအဘိုးကြီး၏ အကြည့်များက စူးရှတောက်ပနေပြီး ဝိညာဉ်များကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးလိုက်သည်။ ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက်မှ ပြန်လည်ထွက်ခွာခွင့်ပေး၏။
တစ်ယောက်၊ ဆယ်ယောက်၊ အယောက်သုံးဆယ်။
စစ်ဆေးမှုကား အတော်လေး မြန်ဆန်လှသည်။ ကျန်းရီက နောက်ဆုံးမှ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။ တစ်ခဏကြာပြီးနောက် သူ့အလှည့် ရောက်လာလေပြီ။ သူ အထဲသို့ ဝင်သွားသည်နှင့် အဘိုးကြီး၏ မျက်လုံးများက အရောင်လက်သွားသည်။ သူ့အား နှံ့နှံ့စပ်စပ် စစ်ဆေးပြီးနောက် ရုတ်တရက် အော်ဟစ်လိုက်၏။ "ဒီကောင်က သူလျှိုပဲ... ဖမ်းလိုက်စမ်း"
"ဝှစ်… ဝှစ်"
ဘုရင်အဆင့် ပုဂ္ဂိုလ်နှစ်ဦးက လျှပ်စီးကဲ့သို့ အလျင်အမြန် ပြေးဝင်လာ၍ ကျန်းရီ၏ ညာဘက်နှင့် ဘယ်ဘက်ပခုံးတို့ကို အသီးသီး ချုပ်ကိုင်လိုက်ကြသည်။ သူတို့လက်ထဲရှိ စွမ်းအင်တို့က ကောင်းကင်စွမ်းအားများဖြင့် တောက်ပလာပြီး ကျန်းရီ၏ ခန္ဓာကိုယ်ထဲသို့ ပစ်လွှတ်ကာ သူ၏ နတ်ဘုရားအမြုတေကို ချိတ်ပိတ်လိုက်၏။
"သူလျှိုတဲ့လား"
အပြင်ဘက်ရှိ စစ်သည်များမှာ တစ်ယောက်ကိုတစ်ယောက် အံ့အားတကြီး ကြည့်လိုက်ကြသည်။ တမလွန်ဘုံသား သူလျှိုက အမှန်တကယ် ဝင်ရောက်လာခြင်းလော။ ထိုသူက မည်သို့သော တမလွန်ဘုံသားမျိုးနည်း။ ကံကောင်းစွာဖြင့် ဖမ်းဆီးနိုင်ခဲ့၏။
"သူ့ကို ရှေ့ခန်းဆီ ခေါ်သွားပြီး သေချာစစ်ဆေးစမ်း"
အဘိုးကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် ဘုရင်အဆင့် ပုဂ္ဂိုလ်နှစ်ဦးက ကျန်းရီကို ဖမ်းဆီးခေါ်ဆောင်သွား၏။ ကျန်ရှိနေသော စစ်သည်များမှာ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဝင်လာကြသည်။ သူတို့ကို တစ်ယောက်ချင်းစီ စစ်ဆေးပြီးနောက် မည်သည့်ပြဿနာမှ မရှိကြောင်း အတည်ပြုနိုင်ခဲ့၏။
"ကောင်းပြီ… တာဝန်ရှိတာ ဆက်လုပ်ကြတော့"
စစ်သူကြီးယွင်က အေးစက်စွာ ဝေ့ဝိုက်ကြည့်ရှု၍ အမိန့်ပေးလိုက်သည်။ "သူလျှို ဖမ်းမိတဲ့ ကိစ္စကို အပြင်သတင်းမပေါက်ကြားစေနဲ့... ပေါက်ကြားစေတဲ့သူ မှန်သမျှ သေဒဏ်ပေးခံရမယ်"
"ဟုတ်ကဲ့ပါ"
စစ်သူကြီးယွင် ပြဿနာရှာမည်ဟု ကင်းလှည့်တပ်မှူး ထင်မှတ်ထားခဲ့သော်လည်း လျှို့ဝှက်ထားရန်သာ အမိန့်ပေးသဖြင့် ချက်ချင်းပင် စိတ်အေးသွားရ၏။ သူက အဖွဲ့အား အလျင်အမြန် ဦးဆောင်ထွက်ခွာသွားပြီး လမ်းတစ်လျှောက်လုံး မည်သူမှ နှုတ်မဖွာရန် ထပ်တလဲလဲ သတိပေးနေလေသည်။
ကျန်းရီမှာ ရှေ့ခန်းဆီသို့ ခေါ်ဆောင်သွားခံရပြီး အထဲတွင် လူတစ်ယောက်တည်းသာ ရှိနေ၏။ သူမမှာ ဆွဲဆောင်မှုရှိလှသော ခန္ဓာကိုယ်အချိုးအစားနှင့် မိန်းမပျိုတစ်ဦး ဖြစ်ပြီး ခမ်းနားလှပသော အနီရောင် စစ်ဝတ်ရုံကို ဝတ်ဆင်လျက် ဝံ့ကြွားစွာ ရပ်နေလေသည်။ ကျန်းရီ အကျဉ်းသားတစ်ဦးကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခံလာရသည်ကို မြင်လျှင် သူမက ရယ်မောကာ ပြောလိုက်၏။ "ကဲ... ကင်းလှည့်တပ်တွေလည်း ထွက်သွားပြီပဲကို... သရုပ်ဆောင်နေစရာ မလိုတော့ဘူး... မင်းတို့ ထွက်သွားလို့ရပြီ"
"ဟင်"
ဘုရင်အဆင့် ပုဂ္ဂိုလ်နှစ်ဦးမှာ အကြောင်းစုံကို မသိကြချေ။ ယွင်ပင်း၏ အမိန့်အရ ကျန်းရီကို ဖမ်းဆီးခဲ့ခြင်းသာ ဖြစ်သဖြင့် ခဏတာမျှ အူကြောင်ကြောင် ဖြစ်သွားကြသည်။
"ဝုန်း”
ကျန်းရီ၏ နတ်ဘုရားအမြုတေမှာ ချိတ်ပိတ်ခံထားရသော်လည်း သူ၏ မိုးမြေစွမ်းအားကတော့ ချိတ်ပိတ်ခံမထားရချေ။ သူက မိုးမြေစွမ်းအားကို အသုံးပြု၍ လက်မောင်းကို တစ်ချက်ရုန်းလိုက်ရာ ဘုရင်အဆင့် ပုဂ္ဂိုလ်နှစ်ဦး၏ ထိန်းချုပ်မှုမှ အလွယ်တကူ လွတ်မြောက်သွား၏။
"ရဲတင်းလှချည်လားကွ"
ဘုရင်အဆင့် ပုဂ္ဂိုလ်နှစ်ဦးက ကျန်းရီ သတ်ဖြတ်တော့မည်ဟု ထင်သွားပြီး သူ့အား ဖမ်းဆီးထိန်းချုပ်ရန် ချက်ချင်း ကြိုးစားလိုက်ကြသည်။ သို့သော် ကျန်းရီသည် အဖြူရောင်အလင်းတန်းများ ဖုံးလွှမ်း၍ မျက်စိတစ်မှိတ်အတွင်းမှာပင် မူလရုပ်သွင်အဖြစ် ပြန်လည်ပြောင်းလဲသွား၏။ သူက ပြန်မတိုက်ခိုက်ဘဲ အေးစက်စက်သာ စိုက်ကြည့်နေသည်။
သူတို့က ကျန်းရီ၏ မျက်နှာပေါ်သို့ ထိုးနှက်တော့မည့်ဆဲဆဲ ဖြစ်နေပြီး အရှိန်အဟုန်က ကျန်းရီ၏ ဆံပင်များကိုပင် ဖရိုဖရဲလွင့်နေစေ၏။ သို့သော် ကျန်းရီ၏ မျက်နှာကို တစ်ချက်ကြည့်လိုက်မိသည်နှင့် ချက်ချင်း လန့်ဖြန့်သွားပြီး ဒူးထောက်လိုက်ကြသည်။ "သခင်လေးမှန်း မသိခဲ့ပါဘူး... ရိုင်းပြမိတဲ့အတွက် ခွင့်လွှတ်ပေးပါခင်ဗျာ"
"သခင်လေးတဲ့လား”
ကျန်းရီ နှာခေါင်းကို ပွတ်လိုက်သည်။ ယန်ကိုးပါးစစ်တပ်သည် ဤမျှ သစ္စာရှိပါသည်လော။ သူ့ကို ပုန်ကန်၍ မိုးပြာမဟာဧကရာဇ်ထံ ခစားရန် အမိန့်ပေးထားခဲ့သော်လည်း သူ့ကို မြင်သည်နှင့် အလိုအလျောက် ဒူးထောက်ကာ သခင်လေးဟု ခေါ်ဝေါ်နေကြဆဲပင်။ သစ္စာစောင့်သိမှုက အမှန်တကယ် တုန်လှုပ်ကြည်နူးစရာပင်။
"မသိလို့ လုပ်မိတာဆိုတော့ အပြစ် မရှိပါဘူး... ထွက်သွားလို့ရပြီ... ငါ့အကြောင်းကို ဘယ်သူ့မှ မပြောနဲ့"
ကျန်းရီက လက်ဝှေ့ရမ်းလိုက်ရာ ဘုရင်အဆင့် ပုဂ္ဂိုလ်နှစ်ဦးမှာ လျင်မြန်စွာ ဆုတ်ခွာသွားကြပြီး ရှေ့ခန်းရှိ မန္တန်အစီအရင်များကို အသက်သွင်းလိုက်ကြသည်။ ယွင်ပင်းမှာမူ ကျန်းရီတစ်ယောက် အနေခက်စွာဖြင့် ဆံပင်များကို သပ်တင်နေသည်ကို မြင်လျှင် တခစ်ခစ် ရယ်မောနေ၏။ သူမ၏ ခန္ဓာကိုယ်လေးပင်လျှင် တသိမ့်သိမ့် တုန်နေချေသည်။
"ရယ်လို့ ဝပြီလား... ဆက်ရယ်နေရင် တင်ပါးကို ရိုက်ပစ်မှာနော်” ကျန်းရီက အနည်းငယ် ရှက်နေသောကြောင့် သူမအား ဒေါသတကြီး စိုက်ကြည့်ကာ ဒေါသထွက်ချင်ယောင် ဆောင်လိုက်၏။
သို့သော် ယွင်ပင်းက လုံးဝ ဂရုမစိုက်ဘဲ ပို၍ပင် ဟက်ဟက်ပက်ပက် ရယ်မောနေချေသည်။ ကျန်းရီမှာ ဒေါသထွက်သွားပြီး လက်မြှောက်၍ ယွင်ပင်း၏ တင်ပါးအား အားကုန်လွှဲရိုက်လိုက်တော့၏။
ဖြန်း
လက်ဝါးသံက ပြတ်သားကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် ကျန်းရီနှင့် ယွင်ပင်းတို့ နှစ်ဦးလုံး ကြောင်အမ်းသွားကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ယွင်ပင်း၏ မျက်နှာလေးမှာ သိသိသာသာပင် ရဲတက်လာသည်။ ကျန်းရီမှာလည်း ပူထူလျက် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွား၏။
"လူဆိုး"
ယွင်ပင်းက ခြေဆောင့်ကာ တစ်ဖက်သို့ လှည့်သွားသော်လည်း သူမ၏ နူးညံ့နေသော တင်ပါးလေးမှာမူ တဆတ်ဆတ် တုန်ယင်နေဆဲဖြစ်သည်။ ကျန်းရီသည် မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီးနောက် မကောင်းဆိုးဝါး ပူးကပ်သွားသည့်အလား ယွင်ပင်း၏ တင်ပါးကို နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်၏။
ဖြန်း
ယွင်ပင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေ၍ ဒူးမခိုင်တော့ဘဲ မြေပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။ သူမက ကျန်းရီကို လှည့်ကြည့်လိုက်ရာ သူမ၏တင်ပါးအား ကြောင်တောင်တောင် ကြည့်နေသည်ကို တွေ့လိုက်ရ၏။ သူမမှာ ပြောမပြတတ်အောင် ရှက်သွေးဖြာသွားပြီး လက်မြှောက်၍ ကျန်းရီအား ပြန်ရိုက်လိုက်တော့သည်။
သို့သော် ခန္ဓာကိုယ် ပျော့ခွေနေသည့်အပြင် ရင်ထဲတွင်လည်း ဗြောင်းဆန်နေသောကြောင့် သူမ၏ လက်များမှာ ဟိုရမ်းဒီရမ်းဖြင့် ကျန်းရီ၏ ပေါင်ကြားသို့ ရိုက်မိသွားတော့၏။
"အို... အမလေး"
ကျန်းရီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်ကို မြင်လျှင် ယွင်ပင်းသည် "အရေးကြီးနေရာ" ကို ရိုက်မိသွားကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ သူမမှာ လုံးလုံးလျားလျား ထိတ်လန့်သွားပြီး မြေပေါ်သို့ ဖင်ထိုင်ရက် ကျသွားတော့၏။ အမှတ်တမဲ့ဖြင့် ကျန်းရီ၏ ခြေထောက်ကို လှမ်းဆွဲ၍ ဟန်ချက်ထိန်းရန် ကြိုးစားလိုက်မိသည်။ သို့သော် ရလဒ်အနေဖြင့် ခပ်မာမာ အရာတစ်ခုကို ဆုပ်ကိုင်မိသွား၏။ အရွယ်အစားနှင့် အနေအထားအရ ကျန်းရီ၏ပေါင် ဖြစ်ပုံ မရချေ။
ယွင်ပင်းသည် မျက်လုံးလေးများ ပြူးကျယ်စွာဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ကျန်းရီ၏ မျက်လုံးများက ပို၍ပင် ပြူးကျယ်နေသည်ကို တွေ့လိုက်ရ၏။ သူခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကြက်သေသေလျက် တောင့်တင်းနေချေသည်။
ယွင်ပင်းကိုယ်တိုင်လည်း မည်သည်ကို ဆုပ်ကိုင်ထားမိကြောင်း သတိရသွားချိန်၌ ခန္ဓာကိုယ်တစ်လုံး တောင့်တင်းလျက် ကြောင်အငေးငိုင်နေမိတော့၏။
"အဟမ်း..."
တစ်ခဏကြာပြီးနောက် ယွင်ပင်းမှာ လွှတ်ပေးမည့် အရိပ်အယောင်မရှိသည်ကို မြင်သဖြင့် ကျန်းရီက ခပ်ဩဩ ပြောလိုက်သည်။ "စစ်သူကြီးယွင်... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားပါဦး... ကျွန်တော်တို့က အတော်လေးရင်းနှီးတယ် ဆိုပေမယ့် ဒီလိုနေရာမျိုးကို ဖြစ်ကတတ်ဆန်း ဆွဲကိုင်လို့ မရဘူးလေဗျာ..."