← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အပိုင်း ၁၁၃ - ရန်စခြင်း

ဆေးရုံက ပြန်ရောက်ပြီး နှစ်ရက်အကြာမှာတော့ လင်းစုယွီတို့ ကယ်တင်ခဲ့တဲ့ အမျိုးသမီးဟာ သတိပြန်လည်လာခဲ့သည်။ ကျန့်ဖိန့်ဖိန့်က လင်းစုယွီဆီ ဖုန်းဆက်ပြီး ထိုအမျိုးသမီးက သူတို့ကို တွေ့ခွင့်ပေးဖို့ တောင်းပန်တိုးလျှိုးနေကြောင်းနဲ့ သွားတွေ့ဖို့ ဆန္ဒရှိမရှိ လှမ်းမေးခဲ့ပါသည်။

လင်းစုယွီက ထိုအမျိုးသမီးရဲ့ အခြေအနေကို ပြန်ပြောင်းစဉ်းစားကြည့်လိုက်သည်။ သူမဟာ အသက်မွေးဝမ်းကျောင်းကျောင်းမှာ နှစ်နှစ်တက်ခဲ့ပြီး တခြားသူတွေအတွက် အဝတ်အစားတွေကို ခိုးလုပ်ပေးရင်း ပိုက်ဆံရှာခဲ့သူပါ။ သူမဟာ ထူးထူးခြားခြား ကြံ့ခိုင်ပြီး ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်သည်။

လင်းစုယွီဟာ ဒီလိုမျိုး ပြတ်သားတဲ့ စရိုက်ရှိတဲ့ အမျိုးသမီးတွေကို အမြဲတမ်း လေးစားခဲ့တာပါ။ ဒါ့အပြင် အဲ့ဒီမိန်းကလေးရဲ့ အရည်အချင်းကလည်း အလားအလာရှိတာမို့ ဖြစ်နိုင်ရင် သူမတို့ရဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်ခန့်ထားချင်တဲ့ ဆန္ဒရှိနေသည်။

လင်းစုယွီနဲ့ ကျန့်ဖိန့်ဖိန့်တို့ သူမရှေ့ကို ရောက်သွားတဲ့အခါ အဲ့ဒီအမျိုးသမီးဟာ ချက်ချင်းပဲ ဒူးထောက်ချလိုက်သည်။ လင်းစုယွီဟာ တစ်ဖက်လူက ဒူးထောက်တာကို အသားမကျတာကြောင့် သူမကို အမြန်ပဲ ဆွဲထူလိုက်ရသည်။

"ကျေးဇူးရှင်မမလေးတို့... ကျွန်မကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်ရင် ကျွန်မ အသက်ရှင်မှာ မဟုတ်တော့ပါဘူး။ ပုဆိန်ဂိုဏ်းက လူမိုက်တွေက တကယ့်ကို ကြောက်စရာကောင်းလွန်းပါတယ်။ မမလေးတို့သာ မကယ်ခဲ့ရင် ကျွန်မ သေတာ ကြာလှပါပြီ"

"ကျေးဇူးရှင်မမလေးတို့ရဲ့ နာမည်လေးတွေကို ပြောပြပေးလို့ ရမလားဟင်။ ကျွန်မ ရှောင်လီရှားရဲ့ အသက်ဟာ ရှင်တို့နှစ်ယောက်နဲ့ပဲ ဆိုင်ပါတယ်။ ကျွန်မကို ရှင်တို့အနားမှာပဲ နေခွင့်ပေးလို့ ရမလား"

ထိုအမျိုးသမီးဟာ ခဏတာ တွေဝေသွားပြီးမှ ခိုင်မာတဲ့ အမူအရာနဲ့ သူမကို အနားမှာ ထားပေးဖို့ ထပ်မံတောင်းဆိုလိုက်ပါသည်။ အဲ့ဒီအချိန်မှာ ရှောင်လီရှားဟာ ပုဆိန်ဂိုဏ်းက သူမကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ သိနေသလို သွားစရာ နေရာလည်း မရှိပါပေ။ အကယ်၍ သူမ ဒီမှာ နေခွင့်ရရင်တော့ အသက်ဘေးက လွတ်မြောက်နိုင်မှာပါ။

ကျေးဇူးဆပ်ဖို့ကိစ္စနဲ့ ပတ်သက်လို့တော့ သူမဟာ စိတ်ရင်းအမှန်ပါပဲ။ နောင်တစ်ချိန်မှာ အခွင့်အရေးရလာရင် သူမရဲ့ ကျေးဇူးရှင်နှစ်ယောက်အတွက် မီးထဲရေထဲ ဆင်းရဆင်းရ သူမမှာရှိသမျှ အရာအားလုံးကို ပေးဆပ်ဖို့ ဆုံးဖြတ်ထားပါသည်။

"ရှင့်နာမည်က ရှောင်လီရှားလား။ ပုဆိန်ဂိုဏ်းကလူတွေက ရှင့်ကို ဘာလို့ လိုက်သတ်နေကြတာလဲ။ ကျွန်မတို့ဆီမှာ နေချင်တယ်ဆိုရင်တော့ ဒီကိစ္စတွေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း ပြောပြဖို့ မျှော်လင့်တယ်နော်"

ကျန့်ဖိန့်ဖိန့်ဟာ နောက်ကြောင်းမရှင်းတဲ့သူကို အလုပ်ခန့်ဖို့ မဝံ့ရဲပါဘူး။ သူတို့ ငယ်စဉ်ကတည်းက ရရှိခဲ့တဲ့ ပညာပေးမှုတွေအရလည်း အကြောင်းပြချက်မရှိဘဲ လူတွေကို လိုက်ကယ်နေဖို့ ခွင့်မပြုထားပါဘူး။

တကယ်တော့ ရှောင်လီရှားကို သင်္ဘောကုမ္ပဏီ ဆေးခန်းဆီ ပို့ပေးခဲ့တဲ့နေ့ကတည်းက ကျန့်ဖိန့်ဖိန့်ဟာ လူလွှတ်ပြီး သူမရဲ့ နောက်ကြောင်းကို စုံစမ်းခိုင်းထားပြီးသားမို့ အရာအားလုံးကို သိပြီးသားပါ။

ဒါကြောင့် အခုလို ကျန့်ဖိန့်ဖိန့်ရဲ့ မေးခွန်းထုတ်မှုဟာ တကယ်တော့ စမ်းသပ်မှုတစ်ခုသာ ဖြစ်သည်။ အကယ်၍ အဲ့ဒီအမျိုးသမီးသာ ရိုးသားပြီး ဘာမှဖုံးကွယ်မထားဘဲ အကွက်တွေမဆင်ရင်တော့ သူမကို ဆက်ထားဖို့ စဉ်းစားမှာပါ။

ရှောင်လီရှားဟာ ကျန့်ဖိန့်ဖိန့်ကို စိတ်မပျက်စေခဲ့ပါဘူး။ သူမရဲ့ မိသားစုနောက်ကြောင်းနဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို တိုတိုရှင်းရှင်းနဲ့ တိုက်ရိုက်ပဲ ရှင်းပြခဲ့သည်။ ဘာတစ်ခုမှ ဖုံးကွယ်မထားဘဲ သူမမှာ သွားစရာ နေရာမရှိတော့ကြောင်းနဲ့ အိမ်ကိုလည်း ပြန်လို့မရတော့တဲ့အကြောင်းကို ရိုးရိုးသားသားပဲ ဝန်ခံခဲ့သည်။

"သူက တော်တော်လေး ရိုးသားတာပဲ... စုယွီ၊ ငါတို့ သူ့ကို ထားသင့်တယ်လို့ ထင်တယ်။ အချိန်တန်ရင် ငါတို့ရဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ခိုင်းလို့ ရတာပေါ့"

ကျန့်ဖိန့်ဖိန့်ရဲ့ အမြင်ဟာ လင်းစုယွီနဲ့ ထပ်တူကျနေတာကြောင့် လင်းစုယွီက သဘောတူလိုက်သည်။

"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်တို့။ ကျွန်မ သေချာပေါက် ကြိုးကြိုးစားစား အလုပ်လုပ်ပြီး ကျေးဇူးဆပ်ပါ့မယ်"

ရှောင်လီရှားအတွက် သူမရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးကို လင်းစုယွီနဲ့ ကျန့်ဖိန့်ဖိန့်တို့က ပေးခဲ့တာဖြစ်ပြီး၊ အနာဂတ်မှာလည်း သူမဟာ ဒီနေ့ပေးခဲ့တဲ့ ကတိအတိုင်း နေထိုင်သွားခဲ့ပါသည်။

သူမဟာ မိမိကိုယ်ကိုယ် တဖြည်းဖြည်းချင်း မြှင့်တင်ရင်း တစ်လှမ်းချင်းစီ တက်လှမ်းခဲ့သည်။ နောက်ဆုံးမှာတော့ ကျန့်ဖိန့်ဖိန့်နဲ့ လင်းစုယွီတို့ရဲ့ အထည်ချုပ်စက်ရုံကို ကူညီစီမံပေးခဲ့ရုံတင်မကဘဲ စက်ရုံရဲ့ အမြတ်ဝေစုတွေကိုပါ ရရှိတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့သည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်းမှာပဲ လင်းစုယွီနဲ့ ကျန့်ဖိန့်ဖိန့်တို့ဟာ စက်ရုံဖွင့်ဖို့ သင့်တော်တဲ့ နေရာဟောင်းတစ်ခုဖြစ်တဲ့ ဂိုဒေါင်ဟောင်းကြီးတစ်ခုကို တွေ့ရှိခဲ့ကြသည်။ နည်းနည်းပါးပါး ပြန်ပြင်လိုက်ရင် သူတို့ရဲ့ အထည်ချုပ်အလုပ်ရုံ ဖြစ်လာမှာပါ။

ဒီနေ့ဟာ အဲ့ဒီဂိုဒေါင်ကို ဝယ်ယူမယ့်နေ့ ဖြစ်သည်။ စရန်ငွေပေးပြီး ဈေးနှုန်းညှိနှိုင်းပြီးရင် စာချုပ်ချုပ်ရုံပဲလို့ သူတို့ တွေးထားခဲ့ပေမဲ့ ဂိုဒေါင်ပိုင်ရှင်က အကျင့်မကောင်းတဲ့ လူလိမ်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။

"မိန်းကလေးတို့... ဒီဂိုဒေါင်ကို ဒီဈေးနဲ့တော့ မရောင်းနိုင်ဘူး။ ကြည့်ဦးလေ၊ ငါ့နေရာက အကျယ်ကြီးဖြစ်သလို နေရာကောင်းမှာ ရှိတာ။ ဒီနေရာမှာ ဘာပဲလုပ်လုပ် စီးပွားတက်မှာပဲ။ တကယ်ဝယ်ချင်တယ်ဆိုရင်တော့ အရင်ဈေးထက် ငါးဆယ်ရာခိုင်နှုန်း ထပ်တိုးပေးရမယ်"

ဂိုဒေါင်ပိုင်ရှင်ရဲ့ နောက်ကွယ်မှာတော့ ထွားကြိုင်းတဲ့ လူတစ်သိုက် အစီအရီ ရပ်နေကြသည်။ သူတို့တစ်တွေက လက်နက်တွေ ကိုင်မထားကြသေးပေမဲ့ ခြိမ်းခြောက်ချင်တဲ့ ဆန္ဒကတော့ သိသာထင်ရှားနေပါသည်။

"ရှင် ကျွန်မတို့ကို ခြိမ်းခြောက်နေတာလား"

ကျန့်ဖိန့်ဖိန့်ဟာ သူမရဲ့ကံဇာတာက ဒီလောက်တောင် ညံ့နေလားလို့ တွေးမိသွားသည်။ ဒီတစ်ခါမှာတော့ မိသားစုတွင်း ပြိုင်ဆိုင်မှုကြောင့် သူမ မိသားစုရဲ့ အာဏာကို အသုံးမပြုဘဲ အလုပ်ရုံရှာခဲ့တာမို့ အခုလို ခြိမ်းခြောက်ခံနေရတာပါ။

အကယ်၍သာ မိသားစုက ပါဝင်ပတ်သက်ခဲ့ရင် ဒီပိုင်ရှင်ဟာ ဒီလောက်အထိ ရဲတင်းဝံ့ပါ့မလား။ လင်းစုယွီကတော့ အခြေအနေကို နားလည်လိုက်ပါပြီ။ ဒီလောက်နေရာကောင်းတဲ့ ဂိုဒေါင်ကြီးကို ဘာလို့ ဘယ်သူမှ ငှားတာ၊ ဝယ်တာ မရှိတာလဲလို့ သူမ အံ့သြနေခဲ့တာပါ။ အခုမှပဲ ပိုင်ရှင်က ဒီဂိုဒေါင်ကိုသုံးပြီး လူမိုက်နည်းနဲ့ ငွေညှစ်နေတာကြောင့် ခုချိန်အထိ ကျန်နေခဲ့တာမှန်း သိလိုက်ရပါတော့သည်။

"ဒါက ဘယ်လိုလုပ် ခြိမ်းခြောက်တာဖြစ်ရမှာလဲ။ ငါ့ဂိုဒေါင်ကို မငှားချင်လည်း ရပါတယ်။ စာချုပ်ဖောက်ဖျက်ကြေးသာ ပေးခဲ့ရင် ငါတို့ ကောင်းကောင်းမွန်မွန် ဆက်ပြောလို့ရပါသေးတယ်။ အရောင်းအဝယ် မဖြစ်ရင်တောင် မိတ်ဆွေအဖြစ် ကျန်ရှိနေရမယ်ဆိုတဲ့ မူကို ငါ နားလည်သားပဲ"

"ငါခြေထောက်ကို လာနားလည်လိုက်! ရှင် ခု ကျွန်မ ရှေ့တင် ခြိမ်းခြောက်နေတာပဲလေ"

ကျန့်ဖိန့်ဖိန့် တစ်ယောက် ဒေါသတွေ ပေါက်ကွဲနေပါပြီ။ သူမကို အခုလို ခြိမ်းခြောက်ဝံ့သူဆိုတာ ခပ်ရှားရှားပါ။ ဒီဂိုဒေါင်ပိုင်ရှင်က လူအင်အား အနည်းငယ်ရှိရုံနဲ့ သူမကို စိန်ခေါ်ရုံတင်မကဘဲ လျော်ကြေးပါ တောင်းရဲတယ်ပေါ့လေ။

"အားချန်း... သွားကြစို့"

ဒေါသထွက်နေပေမဲ့ ကျန့်ဖိန့်ဖိန့်ဟာ အသိတရား ရှိပါသေးသည်။ အခုလောလောဆယ် ဘေးကင်းကင်းနဲ့ အရင်ဆုတ်ခွာပြီးမှ နောက်မှ ဒီဂိုဒေါင်ပိုင်ရှင်ကို ကိုင်တွယ်ဖို့ လူပြန်လွှတ်ရမယ်လို့ပဲ သူမ တွေးလိုက်သည်။

ဒါပေမဲ့ ဂိုဒေါင်ပိုင်ရှင်ကတော့ကျန့်ဖိန့်ဖိန့်နဲ့ လင်းစုယွီတို့ကို ဒီအတိုင်း လွှတ်ပေးဖို့ အစီအစဉ်မရှိပါ။ ဒီမိန်းကလေး နှစ်ယောက်က ကြည့်ရတာ သူဌေးသမီးလေးတွေမို့ ငွေညှစ်ရလွယ်မယ့် ပုံစံမျိုးပါ။ သူတို့မှာ သက်တော်စောင့် တစ်ယောက် ပါလာပေမဲ့ သာမန်သူဌေးတွေကိုတော့ သူက မကြောက်ချေ။

"ထွက်သွားချင်တာလား... အဲ့ဒီလောက်တော့ မလွယ်ဘူးလေ"

လင်းစုယွီကတော့ တစ်ဖက်လူရဲ့ အကြံကို ကြိုတင်တွက်ဆထားပြီးသားပါ။ ကျန့်ဖိန့်ဖိန့် ထွက်သွားဖို့ ပြင်ကတည်းက သူမဟာ အခြေအနေနဲ့ သတိထားနေခဲ့ပါသည်။

"ဖိန့်ဖိန့်... နင် အရင်ဆုံး ကားထဲဝင်နေလိုက်။ အားချန်း... မင်းရဲ့ သခင်မလေးကို သေချာကာကွယ်ထား၊ ဘာဒဏ်ရာမှ မရစေနဲ့"

အခုအချိန်မှာ လင်းစုယွီဟာ ရန်ပွဲကို မကြောက်ပေမဲ့ သူမရဲ့ ပေါ့ဆမှုကြောင့် ကျန့်ဖိန့်ဖိန့် ထိခိုက်မိမှာကိုတော့ စိုးရိမ်နေမိသည်။ ဒါကြောင့် ကျန့်ဖိန့်ဖိန့်ကို ကားထဲမှာ ပုန်းနေဖို့ အမြန်အမိန့်ပေးလိုက်ပြီး သူမကိုယ်တိုင်က တိုက်ပွဲအတွက် ပြင်ဆင်လိုက်သည်။

ဂိုဒေါင်ပိုင်ရှင်ရဲ့ လက်ပါးစေ ရှစ်ယောက်လုံးဟာ သူတို့ရဲ့ ခါးကြားကနေ သံပိုက်လုံးတွေနဲ့ ဓားတွေကို တပြိုင်နက်တည်း ဆွဲထုတ်လိုက်ပြီး လင်းစုယွီတို့အဖွဲ့ကို ဝိုင်းရံလိုက်ကြသည်။

"မပူးပေါင်းချင်ဘူးပေါ့လေ... ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့။ သူတို့ကို ဖမ်းဆီးပြီး ကြိုးနဲ့တုပ်လိုက်စမ်း"

"လူယုတ်မာတွေက စကားများလို့ သေကြတာပဲ"

လင်းစုယွီလည်း အချိန်ဆွဲမနေတော့ပါဘူး။ သူမကပဲ အရင်စတင် တိုက်ခိုက်လိုက်ပြီး ကျရောက်လာတဲ့ ဓားကို လက်ဗလာနဲ့ ဖမ်းလိုက်သည်။ ဓားကို လုယူပြီးတဲ့နောက် အနီးဆုံးက လူသန်ကြီးကို ပြန်လည် ဝှေ့ယမ်း ခုတ်ပိုင်းလိုက်ပါတော့သည်။

တကယ်တော့ လင်းစုယွီဟာ သွေးကို နည်းနည်းရွံတတ်တာကြောင့် တိုက်ခိုက်နေရင်း လက်ခြေတွေ ပြတ်ထွက်သွားရင် ရွံစရာကောင်းနေမှာ စိုးရိမ်နေတာပါ။ မဟုတ်ရင်တော့ သူမ အခုလောက်အထိ အင်အားကို ထိန်းထားမှာ မဟုတ်ပါဘူး။

"မဖြစ်ဘူး... နင်တို့ရဲ့ သွေးတွေက ရွံစရာကောင်းလွန်းတယ်"

သူမက ပြောပြောဆိုဆိုနဲ့ ဓားကို လွှင့်ပစ်လိုက်ပြီး သူမရဲ့ အတွင်းအားကို တိုက်ရိုက် အသုံးပြုလိုက်သည်။ နေရာလွတ် အမွေအနှစ်ကနေ သူမ ရရှိထားတဲ့ ပညာရပ်ဟာ မူလကတည်းက လက်ဝါးနဲ့ လက်သီးသိုင်းပညာရပ် ဖြစ်သည်။

လင်းစုယွီဟာ သူမရဲ့ တိုက်ကွက်တွေကို သေချာ ချိန်ဆလိုက်သည်။ သူမဟာ လူတစ်ယောက်ချင်းစီရဲ့ နံရိုးနှစ်ချောင်းစီကို ချိုးပစ်လိုက်ပြီး ဒူးခေါင်းခွက်တွေကိုလည်း ရိုက်ခွဲလိုက်သည်။ အဆင့်မြင့်ဆုံး ဆေးပညာနဲ့ ကုသရင်တောင် ဒီလူတွေဟာ အရင်လို ပြန်လမ်းလျှောက်နိုင်ဖို့ မလွယ်တော့ပါဘူး။ ဒီလူတွေဟာ နောင်ကို လူမိုက်လုပ်ပြီး အသက်မွေးဖို့ဆိုတာ

ဝေလာဝေးပါပဲ။

"နင်... နင်... အနားမလာနဲ့"

ကြည့်ရတာ အားနွဲ့ပုံရတဲ့ မိန်းကလေးတစ်ယောက်က ရှေးဟောင်းသိုင်းပညာရပ်တွေကို တတ်မြောက်ထားလိမ့်မယ်လို့ ဂိုဒေါင်ပိုင်ရှင်က ဘယ်လိုလုပ် ထင်ထားပါ့မလဲ။ သူမ တစ်ယောက်တည်းနဲ့တင် သူ့လူတွေကို အပြတ်အသတ် နှိမ်နင်းသွားခဲ့ပါပြီ။ ဒီလိုလူမျိုးဟာ သူ ရန်စရမယ့်သူ မဟုတ်တာ သေချာသည်။

"ငါ... ငါ စရန်ငွေတွေကို ပြန်ပေးပါ့မယ်။ ငါ့လူတွေကို နင်ဒဏ်ရာပေးခဲ့တဲ့ ကိစ္စကိုလည်း ငါ ဘာမှမပြောတော့ဘူး။ မိုက်မိုက်ကန်းကန်းတွေ မလုပ်နဲ့နော်၊ ငါက ပုဆိန်ဂိုဏ်းဝင်တစ်ယောက်ပဲ။ ဒီဂိုဒေါင်ကလည်း ပုဆိန်ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုပဲ"

"ပုဆိန်ဂိုဏ်းပိုင် ဟုတ်စ? ငါတော့ မယုံပါဘူး။ ပုဆိန်ဂိုဏ်းမှာ ဒီလောက်အထိ ကြောက်တတ်ပြီး ထုံအတဲ့ လက်ပါးစေ ရှိပါ့မလား။ ကဲ... မြန်မြန်လုပ်၊ ဂိုဒေါင်ဝယ်ယူတဲ့ စာချုပ်ကို အခုချက်ချင်း လက်မှတ်ထိုးလိုက်။ ဒီဂိုဒေါင်ကို ဒီနေ့ပဲ ငါ့နာမည်နဲ့ လွှဲပေးရမယ်"

"လူဆိုးကို လူဆိုးချင်း ပြန်နှိမ်တာပေါ့"

လင်းစုယွီလည်း ဒီနည်းလမ်းကို မတတ်တာ မဟုတ်ပါဘူး။ တစ်ဖက်လူက အရင်ရန်စခဲ့တာမို့ သူမသာ အခုလွယ်လွယ်နဲ့ အလျှော့ပေးလိုက်ရင် နောင်တစ်ချိန် ဟောင်ကောင်မြို့မှာ ခြေကုပ်ယူနိုင်မှာ မဟုတ်တော့ချေ။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters