← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အပိုင်း ၁၁၅ - မျက်နှာဖြတ်ရိုက်ခြင်း

အဖွားပိုင်ရဲ့ မွေးနေ့ပွဲ နီးကပ်လာတာနဲ့အမျှ ပိုင်မိသားစုတစ်ခုလုံး ပြန်လည်အလုပ်ရှုပ်နေကြပြန်သည်။ သူတို့ရင်ထဲမှာ အမြန်ဆုံး အတည်ပြုချင်နေတဲ့ အရေးကြီးကိစ္စတစ်ခုလည်း ကျန်ရှိနေသေး၏။

"စုယွီ... နှစ်သစ်ကူးပြီးရင် ဘယ်ကျောင်းမှာ တက်ချင်လဲ။ သမီးတက်ချင်တဲ့ကျောင်းသာ ပြော၊ သမီးရဲ့ ဦးလေးနဲ့ ဒေါ်လေးတို့က စီစဉ်ပေးလို့ရတယ်"

ပိုင်မိသားစုရဲ့ ဒုတိယဦးလေးနဲ့ ဒေါ်လေးတို့ဟာ ပညာရေးလောကမှာ ကျင်လည်နေသူတွေဖြစ်ပြီး အဆက်အသွယ်ကောင်းကာ ဩဇာညောင်းသူတွေ ဖြစ်ကြသည်။ ဟောင်ကောင်မြို့က ကြိုက်တဲ့ကျောင်းကို လင်းစုယွီ စိတ်ကြိုက်ရွေးချယ်နိုင်အောင် သူတို့က ကူညီပေးနိုင်စွမ်း ရှိသည်။

အခန်းထဲရှိ လူအားလုံးက လင်းစုယွီကို ဝိုင်းကြည့်နေကြ၏။ တကယ်တော့ ဤမေးခွန်းသည် သူမ ဟောင်ကောင်မှာပဲ အမြဲတမ်းနေထိုင်သွားမလားဆိုသည်ကို အတည်ပြုလိုခြင်းပင် ဖြစ်သည်။ ထို့ကြောင့်ပင် ပိုင်မိသားစုဝင်အားလုံး စိုးရိမ်တကြီးဖြင့် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။

"ဒုက္ခမရှာပါနဲ့တော့..."

"ဘာဒုက္ခမှ မဟုတ်ပါဘူး၊ ဘယ်လိုလုပ် ဒုက္ခဖြစ်မှာလဲ။ စုယွီ... သမီးက ထျန်းကျင်းမြို့ကို တစ်ယောက်တည်း ပြန်သွားနေချင်သေးတာလား။ အဖွားကတော့ အသွားမခံနိုင်ဘူးနော်။ ဒီမှာက သမီးရဲ့ တကယ့်အိမ်ပဲလေ။ သမီးသာ တကယ်သွားမယ်ဆိုရင် အဖွားကိုပါ တစ်ခါတည်း ခေါ်သွားရလိမ့်မယ်"

အဖွားပိုင်သည် လင်းစုယွီ၏ ပထမဆုံးစကားသံကို ကြားရုံနှင့်ပင် ထိတ်လန့်သွားပြီး စကားဖြတ်ပြောကာ သူမ၏ သဘောထားကို တင်းတင်းမာမာ ဖော်ပြလိုက်သည်။

"အဖွားသာ စုယွီနောက် လိုက်သွားမယ်ဆိုရင် ကျွန်တော်တို့လည်း အဖွားနောက်ကို လိုက်မှာပဲ"

"ဝက်လေး(ကျူးကျူး-猪猪) ... ဝက်လေး... မသွားပါနဲ့... ယွဲ့ယွဲ့က ဝက်လေးနဲ့ ဆော့ချင်သေးတာ!"

(*ကုကု-姑姑-Gūgu = ဒေါ်လေးနှင့် ကျူးကျူး-猪猪- Zhūzhū = ဝက်လေးကို မှားခေါ်မိခြင်း)

ပိုင်မိသားစုရဲ့ အငယ်ဆုံး မြစ်မလေး ယွဲ့ယွဲ့လေးကပင် လင်းစုယွီကို မသွားစေချင်ကြောင်း မပီကလာပီကလာ ငိုယိုပြောဆိုလာသည်။ ထိုကလေးဆန်သော စကားများကြောင့် လင်းစုယွီ ရယ်မောလိုက်မိ၏။

"ယွဲ့ယွဲ့လေး...ဒေါ်လေး (ကုကု-Gūgu) လို့ ခေါ်ရမှာလေ၊ ဝက်လေး (ကျူးကျူ-Zhūzhū ) လို့ ခေါ်တာ မဟုတ်ဘူး။ ဒေါ်လေး ဘယ်မှမသွားပါဘူး။ ဒေါ်လေး ပြောမလို့လုပ်နေဝာာက အစ်ကိုတို့ တက်တဲ့ကျောင်းမှာပဲ တက်မယ်လို့ပါ၊ ဖိန့်ဖိန့်လည်း အဲဒီမှာပဲ တက်တာ မဟုတ်လား"

လင်းစုယွီသည် သူမ၏ခြေထောက်ကို ဖက်ထားသော တူမလေးကို ချီလိုက်သည်။ မွှေးကြိုင်ပြီး အိစက်နေသော ကလေးလေးကို မြင်တော့ သူမ ပါးလေးကို ဆွဲညှစ်ချင်စိတ် ပေါက်လာကာ တကယ်ပင် ဆွဲညှစ်လိုက်မိသည်။

"ဒေါ်လေး... ယွဲ့ယွဲ့ပါးကို မဆွဲနဲ့လေ၊ ယွဲ့ယွဲ့ လိမ်မာပါ့မယ်"

"ယွဲ့ယွဲ့လေး... ဦးဦးရော ယွဲ့ယွဲ့ကိုချီလို့ရမလား။ ဦးဦးက ယွဲ့ယွဲ့လေးနဲ့ မဆော့ရတာ ကြာပြီလေ"

"မရဘူး... မရဘူး! ယွဲ့ယွဲ့က ဒေါ်လေးကိုပဲ ချီစေချင်တာ၊ ဒေါ်လေးက အရမ်းမွှေးတာပဲ"

အမှန်စင်စစ် လင်းစုယွီသည် စိတ်ဝိညာဉ်စမ်းရေ ရှိသည့်နေရာလွတ်ကို ပိုင်ဆိုင်ထားပြီး စိတ်ဝိညာဉ်စမ်းရေများကို အမြဲသောက်သုံးနေသောကြောင့် သူမ၏ ခန္ဓာကိုယ်မှ သဘာဝဆန်ပြီး အသက်ဓာတ်ပြည့်ဝသော ရနံ့များ ထွက်ပေါ်နေခြင်းဖြစ်သည်။ ဤရနံ့သည် တိရစ္ဆာန်လေးများနှင့် ကလေးငယ်များအတွက် အလွန်ဆွဲဆောင်မှုရှိ၏။ မကြာခင်မှာပင် ယွဲ့ယွဲ့လေးသည် လင်းစုယွီကို မှီရင်း အိပ်ပျော်သွားတော့သည်။

"ကဲ... သားကြီး၊ စုယွီအတွက် ကျောင်းကိစ္စကို အမြန်ဆုံးစီစဉ်လိုက်တော့။ စုယွီရဲ့ စာသင်ကြားရေးနဲ့ ပတ်သက်ပြီး ဘာပဲဖြစ်ဖြစ် သားရဲ့ တတိယညီဆီကို တိုက်ရိုက်သွားပြောလိုက်"

ပိုင်မိသားစု အကြီးအကဲက ပိုင်ချီဝမ် (ဒုတိယအိမ်ခွဲ၏ သားကြီး) ကို လင်းစုယွီအား သေချာဂရုစိုက်ရန် ညွှန်ကြားလိုက်သည်။ ပိုင်ချီဝမ်သည် တစ်မိသားစုလုံးတွင် စာပေပညာ၌ အထူးချွန်ဆုံးသူလည်း ဖြစ်သည်။

"ကောင်းပါပြီ... ဝမ်းကွဲညီမလေး စုယွီ၊ စာသင်တာတင်မကဘူး၊ တခြားဘာကိစ္စပဲရှိရှိ အစ်ကို့ဆီကို လာခဲ့နိုင်တယ်နော်"

ပိုင်ချီဝမ်သည် ပုံမှန်အားဖြင့် စာပေနှင့် သုတေသနလုပ်ငန်းများတွင်သာ နစ်မွန်းနေတတ်ပြီး ဘယ်သူ့ကိုမှ သိပ်အဖတ်လုပ်သူမဟုတ်သော်လည်း မိသားစု၏ တစ်ဦးတည်းသော ညီမလေးအပေါ်မှာတော့ အလွန်အမင်း ကြင်နာပြရှာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အဖွားပိုင်၏ မွေးနေ့ပွဲနေ့သို့ ရောက်ရှိလာခဲ့သည်။ ပိုင်မိသားစုသည် ဤပွဲကို သူတို့ပိုင်ဆိုင်သော၊ ဟောင်ကောင်မြို့၏ အကောင်းဆုံး တရုတ်စားသောက်ဆိုင်ကြီးတစ်ခုတွင် ကျင်းပခဲ့သည်။ လင်းစုယွီကို မိသားစုဝင်အဖြစ် တရားဝင်မိတ်ဆက်ခဲ့စဉ်က ခမ်းနားထည်ဝါမှုနှင့် နှိုင်းယှဉ်လျှင် ယခုအကြိမ် ဝိုင်းပေါင်းတစ်ရာကျော်ဖြင့် ကျင်းပသောပွဲမှာ ပိုမိုစည်ကားသိုက်မြိုက်လှသည်။

ပွဲကို ပိုမိုသက်ဝင်စေရန်နှင့် အဖွားပိုင်၏ အကြိုက်ကို လိုက်လျောရန်အတွက် စင်မြင့်တစ်ခုကို ပွဲမဏ္ဍပ်အရှေ့တွင် တည်ဆောက်ထားပြီး ဟောင်ကောင်မှ နာမည်ကြီး တရုတ်ရိုးရာအော်ပရာ ကပြသူများကို ဖိတ်ကြားထားသည်။ ပွဲမဏ္ဍပ်ကြီးအတွင်း၌ စားပွဲဝိုင်းကြီးများစွာ ခင်းကျင်းထားပြီး ဘေးခန်းမဆောင်တွင်မူ ဟောင်ကောင်လူမျိုးတို့၏ အကြိုက်အတိုင်း မာကျောက် ဝိုင်းများကို ပြင်ဆင်ပေးထားသည်။

မာကျောက် ကစားရတာ ဝါသနာပါသူများသည် အိမ်ရှင်ကို နှုတ်ဆက်ပြီးသည်နှင့် ကံစမ်းသည့်အနေဖြင့် တစ်ဝိုင်းနှစ်ဝိုင်း ဝင်ကစားကြရာ တစ်ပွဲလုံး ဆူညံပွက်လောရိုက်နေ၏။

"စုယွီ... နင်ကစားချင်လား၊ ငါ့နေရာမှာ ဝင်ကစားလေ"

ကျန့်ဖိန့်ဖိန့်သည် တစ်လျှောက်လုံး ရှုံးနိမ့်နေသဖြင့် စိတ်ပျက်နေပြီဖြစ်သည်။ သူမသည် မာကျောက်ကစားခြင်းကို ဝါသနာပါသော်လည်း မကျွမ်းကျင်သောကြောင့် အတော်လေး ရှုံးနိမ့်နေရာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပျောက်ဆုံးနေပြီဖြစ်သည်။

လင်းစုယွီသည် ဝင်မကစားချင်ပေ။ အမှန်အတိုင်းပြောရလျှင် သူမသည် အရင်ဘဝက မာကျောက် ထိပ်သီးတစ်ယောက် ဖြစ်ခဲ့ဖူးသည့်အပြင် ယခုဘဝတွင်လည်း စိတ်ဝိညာဉ်အင်အားကို ပိုင်ဆိုင်ထားရာ အခြားသူများနှင့် ကစားခြင်းမှာ သက်သက်မဲ့ အနိုင်ကျင့်သလို ဖြစ်နေမည်ဖြစ်သည်။ သူမ ငြင်းပယ်ရန် ပြင်လိုက်စဉ်မှာပင် တစ်ဖက်ဝိုင်းမှ လူတစ်ယောက်က ပြုံးစိစိဖြင့် ရန်စသောစကားကို ဆိုလာသည်။

"ဖိန့်ဖိန့်... မိန်းကလေးလင်းက ပြည်မကြီးကနေ ဟောင်ကောင်ကို ရောက်လာတာ မကြာသေးဘူးလေ၊ သူမက မာကျောက် ကစားတတ်လို့လား"

ပြည်မကြီးကနေ ခုမှရောက်လာပြီး ပိုင်မိသားစုရဲ့ သခင်မလေး ဖြစ်လာတဲ့သူ...။ ထျန်းကျင်းမြို့က လာသူဖြစ်သောကြောင့် လင်းစုယွီသည် ဟောင်ကောင်မြို့ခံများ၏ အတင်းပြောစရာ ဖြစ်နေခဲ့သည်။ ထို့အပြင် သူမသည် ငယ်ရွယ်သူဖြစ်သောကြောင့် သူမအနေဖြင့် ပြန်ပြောရဲမည်မဟုတ် သို့မဟုတ် ဘာမှနားလည်မည်မဟုတ်ဟု အားလုံးက ထင်မှတ်နေကြသည်။

"မတတ်ရင်လည်း သင်ယူလို့ရတာပဲ၊ မာကျောက် ကစားတာများ ဘာခက်လို့လဲ။ စုယွီ... မြန်မြန်ထိုင်၊ ငါသင်ပေးမယ်"

ဟောင်ကောင်မြို့က လူတော်တော်များများ စုယွီကို အထင်သေးနေကြမှန်း ကျန့်ဖိန့်ဖိန့် သိသည်။ ထို့ကြောင့် ယနေ့တွင် စုယွီကို သူမတို့၏အရည်အချင်း ပြစေပြီး ဟောင်ကောင်က အထက်တန်းလွှာတွေရဲ့ မာန်မာနကို ချိုးနှိမ်ပစ်ချင်နေမိသည်။

"ကြည့်ရတာ ဖိန့်ဖိန့်က အရင်းအနှီးတွေ အများကြီး ကျန်သေးတယ်နဲ့တူတယ်၊ ငါတို့လည်း ပိုကြိုးစားမှဖြစ်တော့မယ်။ ဒါပေမဲ့ ဖိန့်ဖိန့်... နင့်ပိုက်ဆံတွေ အကုန်ရှုံးသွားရင် ငါတို့ကို စိတ်မဆိုးနဲ့ဦးနော်"

သူတို့က သူမကို ဘယ်လောက်တောင် အထင်သေးနေကြတာလဲ၊ ရှုံးမှာကိုတောင် ကြိုပြောနေကြသေးသည်။ လင်းစုယွီသည် အစက အနိုင်မကျင့်ချင်သော်လည်း ယခုတော့ မရတော့ပေ။ သူမ၏ အရှုံးမပေးလိုသော မာကျောက် စိတ်ဓာတ်က တဖွားဖွား ထလာတော့သည်။

"ဒီလောက် ပိုက်ဆံလေးက ဘာများ အရေးပါလို့လဲ။ ငါ ဒီနေ့ ချက်လက်မှတ်စာအုပ်ပါ ယူလာတာ။ နင်တို့မှာ အရည်အချင်းရှိရင် ကြိုက်သလောက် နိုင်သွားလို့ရတယ်"

ကျန့်ဖိန့်ဖိန့်သည် သူမ၏ ချက်လက်မှတ်စာအုပ်ကို ခန့်ခန့်ညားညား ထုတ်ပြလိုက်ရာ စောစောက စကားနာထိုးခဲ့သော မိန်းကလေးနှစ်ယောက်မှာ မနာလိုဖြစ်သွားကြသည်။ သူတို့တွင် သုံးစွဲရန် ငွေကြေးကန့်သတ်ချက်ရှိသော်လည်း ကျန့်မိသားစုကဲ့သို့သော အထက်တန်းလွှာတွင်မူ ကျန့်ဖိန့်ဖိန့်သည် ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်ပိုင်စီးပွားရေးရှိကာ ငွေကို ရေလိုသုံးနိုင်သူ ဖြစ်သည်။

"ဖိန့်ဖိန့်... နင်တို့ဆီက မာကျောက် စည်းမျဉ်းတွေက ဘယ်လိုလဲ၊ အရင်ရှင်းပြပေးဦး"

လင်းစုယွီ စကားပြောလိုက်သောအခါ ကျန်သည့်သူတွေက သက်ပြင်းချလိုက်ကြသည်။ လင်းစုယွီ တကယ် မကစားတတ်ဘူးဟု သူတို့ ထင်သွားကြကာ ကျန့်ဖိန့်ဖိန့် ရှင်းပြနေသည်ကို ပြုံးစိစိဖြင့် ကြည့်နေကြ၏။

"အင်း... နားလည်ပြီ၊ မခက်ပါဘူး။ ဒါဆိုရင် အားလုံးပဲ... စကြစို့!"

အမှတ်တွက်ပုံတွက်နည်းကို နားလည်သွားပြီးနောက် လင်းစုယွီ ပွဲကို စတင်လိုက်သည်။ အစပိုင်းတွင် သူမသည် 'ကြက်ဖ ဟူ' နှင့် 'ဖလက် ဟူ' (အမှတ်နည်းသော အနိုင်အကွက်များ) ဖြင့် အလျှော့ပေးကာ ကစားပြလိုက်ရာ တစ်ဖက်လူများက ပျော်ရွှင်စွာ ရယ်မောနေကြသည်။

ထို့နောက်တွင်မူ... "ဟင်! စုယွီ... 'မြေပြင်လက်ညှိုး' ပါလား! အားပါးပါး... ငါပြောသားပဲ စုယွီရဲ့ ကံက ထိပ်တန်းပဲလို့။ ကဲ... ပေးကြ. ပေးကြ!"

လင်းစုယွီ အကွက်စီပြီးနောက် ပထမဆုံး အကွက်ဆွဲလိုက်သည်နှင့် နိုင်သွားသည်ကို ကျန့်ဖိန့်ဖိန့်တွေ့သွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်တော့သည်။

"'မြေပြင်လက်ညှိုး' ဟုတ်လို့လား၊ ငါကြည့်တာ မှားနေတာလား"

သေချာသွားသည့်အခါ ကျန်သည့်သူများက မကျေမနပ်ဖြင့် ပိုက်ဆံထုတ်ပေးရင်း "ကံကောင်းသွားတာပါ၊ တစ်ခါတည်းပါ။ နောက်တစ်ပွဲ ပြန်ကစားမယ်၊ သူ့မှာ ကံတကယ်ရှိတယ်ဆိုတာ ငါမယုံဘူး" ဟု တိုးတိုးလေး ဆိုကြသည်။

သို့သော် နောက်တစ်ပွဲတွင်မူ...

"'ကောင်းကင်ဘုံလက်ညှိုး' !"

ကျန့်ဖိန့်ဖိန့် စိတ်လှုပ်ရှားလွန်း၍ မတ်တပ်ရပ်ကာ ကျန်သုံးယောက်ထံမှ ပိုက်ဆံတောင်းတော့သည်။

"ဟားဟားဟား... ပေးကြ၊ ပေးကြ! ငါတို့ စုယွီရဲ့ ကံက ကြောက်စရာကြီးဟ၊ တစ်ခါတည်း ကံကောင်းတာ မဟုတ်ဘူးနော်"

"မင်္ဂလာလေးပါး!"

"ပညာရှိသုံးဦး!"

"ပင်လယ်ကြမ်းပြင်မှ လဆွဲယူခြင်း!"

"ငါ... ငါ ဗိုက်မကောင်းသလိုပဲ၊ ငါ့နေရာမှာ ဘယ်သူအစားဝင်ပေးမလဲ"

အိတ်ထဲက ပိုက်ဆံတွေ အကုန်ပြောင်သွားတာကို မြင်တော့ လင်းစုယွီကို အထင်သေးခဲ့တဲ့ မိန်းကလေးဟာ ဆက်မတောင့်ခံနိုင်တော့ဘဲ ဆင်ခြေပေးကာ ထွက်ပြေးဖို့ ကြိုးစားတော့သည်။

"ဟုတ်တယ်... ပွဲကလည်း စတော့မှာဆိုတော့ ဒီနေ့အတွက် ဒီမှာပဲ တော်ကြရအောင်။ ထမင်းမစားခင် လူကြီးတွေကို သွားနှုတ်ဆက်ရအောင်လေ"

သူတို့ ဆက်မကစားရဲတော့ပေ၊ လုံးဝ မကစားရဲတော့ပေ။ ကျန့်ဖိန့်ဖိန့်ဆီက နိုင်ထားတဲ့ ပိုက်ဆံတွေတင်မကဘဲ ကိုယ့်အိတ်ထဲက ပိုက်ဆံတွေပါ အကုန်ပါသွားပြီဖြစ်သည်။ အခုချက်ချင်းသာ မရပ်လိုက်ရင် မျက်နှာပျက်စရာတွေ ဖြစ်လာတော့မည်။ တကယ်လို့ ဆက်ကစားလို့ ပိုက်ဆံပေးစရာ မရှိတော့ရင် ကျန့်ဖိန့်ဖိန့်က သူတို့ကို တစ်သက်လုံး လှောင်ပြောင်နေမှာ သေချာလှပေသည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters