← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အပိုင်း ၁၂၀ - သတင်းကောင်း

ဝမ်ရှို့ကျွမ်းသည် ကျောင်းတွင် သူမလုပ်ခဲ့သည့် ကိစ္စများကို လျန်မိသားစုက သိရှိသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုကိစ္စကြောင့်ပင် သူမ၏မိခင်မှာ ပြဿနာတက်ခဲ့ရသည်။ သူမအတွက် ပို၍ပင် လက်မခံနိုင်စရာ ဖြစ်နေရသည်မှာ သူမ၏မိခင်ကပါ သူမကို ပြန်လည်အပြစ်တင်နေခြင်းပင် ဖြစ်သည်။

"ဟုတ်တယ်၊ သမီး သူ့ကို မုန်းတာ ဘာမှားလို့လဲ။ သူသာ မရှိရင် အဖေလည်း ခုလို ဒုက္ခရောက်မှာမဟုတ်ဘူး၊ သမီးတို့ ဘဝတွေလည်း ဒီလောက်ထိ ခက်ခဲနေမှာ မဟုတ်ဘူး။"

"မင်းအဖေကို ဒုက္ခပေးခဲ့တဲ့သူက ဘယ်သူဆိုတာ မင်းအသိဆုံးပါ၊ အပြစ်မရှိတဲ့လူတစ်ယောက်ကိုတော့ မင်းက ရန်ငြိုးဖွဲ့နေတယ်နော်။ ရှို့ကျွမ်း... မင်း ဒီလိုမလုပ်သင့်ဘူး။ ရန်သူအစစ်ကိုတော့ မင်းက မတွန်းလှန်ရဲဘဲ တခြားလူတွေပေါ် ဒေါသပုံချချင်နေတာက လူကြောက်တွေရဲ့ အပြုအမူပဲ"

"ပြီးတော့ မင်းအဖေက တကယ်လည်း အမှားလုပ်ခဲ့တာပဲ။ သူက လူဆိုးကို အားမပေးခဲ့သင့်ဘူး။ အမှားကို သိနားလည်ပြီး အချိန်မီ နောက်ဆုတ်ခဲ့မယ်ဆိုရင် ခုလို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ကျခံရမှာ မဟုတ်ဘူး"

"ရှို့ကျွမ်း... သမီးလေးရယ်၊ အမေ တောင်းပန်ပါတယ်။ အမေနဲ့အတူ နယ်က အဘွားအိမ်ကို ပြန်လိုက်ခဲ့ပါတော့။ အမေ အလုပ်ကို ရောင်းလိုက်ပြီဆိုတော့ လက်ထဲမှာ ပိုက်ဆံရှိပါတယ်။ နယ်မှာနေရင်တောင် သမီးကို ဆင်းရဲဒုက္ခ မရောက်စေရပါဘူး"

ပြင်ပလူများနှင့် ရင်ဆိုင်ရချိန်တွင် ဝမ်ရှို့ကျွမ်း၏ မိခင်သည် ကျိုးကြောင်းဆင်ခြင်မှုမရှိဘဲ အမှားကိုလည်း ဝန်မခံတတ်သလို မည်သူမျှ အနိုင်ကျင့်၍မရသည့် ပုံစံမျိုး ဖမ်းထားတတ်သည်။ သို့သော် သမီးငယ်လေးနှင့် ရင်ဆိုင်ရချိန်တွင်မူ သမီးဖြစ်သူအား အာဃာတများကို စွန့်လွှတ်စေကာ ဘဝသစ်တွင် ကောင်းမွန်စွာ ရှင်သန်စေလိုသော ဆန္ဒသာ ရှိတော့သည်။

"အမေ... အမေ့အလုပ်ကို တကယ်ပဲ ရောင်းလိုက်ပြီပေါ့... ကောင်းပါပြီ၊ သမီး အမေနဲ့အတူ နယ်ကို ပြန်လိုက်ခဲ့ပါ့မယ်"

အလုပ်ကို ရောင်းလိုက်ပြီဖြစ်၍ ကျင်းမန်မြို့တွင် ဆက်နေလျှင်ပင် ကောင်းမွန်သောဘဝကို ရရှိနိုင်တော့မည် မဟုတ်ပေ။ သို့သော်လည်း သူမအတွက်တော့ ကိစ္စမရှိပါ။ သူမသည် ဤမျှနှင့် အရှုံးပေးမည် မဟုတ်ချေ။

ဝမ်ရှို့ကျွမ်း၏ မတတ်သာ၍ သဘောတူလိုက်ရဟန် ဟန်ဆောင်မှုက သူမ၏မိခင်ကို ချက်ချင်း စိတ်အေးသွားစေပြီး သမီးဖြစ်သူကို အနီးကပ် စောင့်ကြည့်နေခြင်း မပြုတော့ပေ။

သန်းခေါင်ယံအချိန်တွင် ဝမ်ရှို့ကျွမ်းသည် အထုပ်အပိုးများအတွင်း တိတ်တဆိတ် ထ၍ ရှာဖွေတော့သည်။ ရှာမတွေ့လေလေ သူမ၏ လှုပ်ရှားမှုများက ပို၍ စိတ်တိုစရာကောင်းကာ အလောတကြီး ဖြစ်လာလေလေပင်။

"ပိုက်ဆံတွေ ဘယ်မှာလဲ။ အလုပ်ကို ရောင်းလိုက်တယ်ဆို... ဘာလို့ ပိုက်ဆံကို ရှာမတွေ့ရတာလဲ။"

အထုပ်ထဲတွင် ပိုက်ဆံရှာမတွေ့သဖြင့် ဝမ်ရှို့ကျွမ်းသည် သူမ၏ မိခင်ဆီသို့ အကြည့်လွှဲလိုက်သည်။ ထိုအချိန်တွင် အထုပ်ဖွင့်သံကြောင့် ဝမ်ရှို့ကျွမ်း၏မိခင် နိုးလာပြီး "ရှို့ကျွမ်း... ဘာဖြစ်လို့လဲ" ဟု လှမ်းမေးလိုက်သည်။

ဝမ်ရှို့ကျွမ်းက "အိမ်သာထသွားမလို့ပါ" ဟု ပုံမှန်အတိုင်း ပြန်ဖြေလိုက်သဖြင့် မိခင်ဖြစ်သူလည်း ပြန်အိပ်ပျော်သွားသည်။ ဤနေရာတွင် ဝမ်ရှို့ကျွမ်းသည် ဆက်ရှာဖွေ၍ မဖြစ်တော့ကြောင်း သိလိုက်သည်။ မဟုတ်ပါက သူမ၏မိခင်ကို လွယ်လွယ်နှင့် နိုးလာစေနိုင်သည်။

မိုးလင်းပြီးနောက် ဝမ်ရှို့ကျွမ်းသည် နယ်ပြန်ရန် ရထားလက်မှတ်ဝယ်သည့် မိခင်နောက်သို့ လိမ္မာယဉ်ကျေးစွာ လိုက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင်လည်း ပိုက်ဆံကို ခိုးယူကာ မိခင်၏လက်မှ ထွက်ပြေးရန် အခွင့်အရေးကို အကြိမ်ကြိမ် ကြိုးစားရှာဖွေနေခဲ့သည်။

သို့သော် ဝမ်ရှို့ကျွမ်း၏မိခင်သည် ရထားပေါ်ရှိ လူဆိုးများနှင့် လူကုန်ကူးသူများကို အလွန်ကြောက်ရွံ့နေသဖြင့် ခရီးတစ်လျှောက်လုံး သမီးဖြစ်သူကို မျက်စိအောက်မှ အပျောက်မခံဘဲ အသေအချာ စောင့်ကြည့်နေခဲ့သည်။

မိခင်ဖြစ်သူ မျက်စိတစ်မှိတ် လစ်သွားသည့် တစ်ခုတည်းသော အခွင့်အရေးတွင် ဝမ်ရှို့ကျွမ်းသည် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း တစ်စုံတစ်ယောက်က သူမအား မိခင်ဖြစ်သူထံသို့ ပြန်လည်ဆွဲခေါ်သွားခြင်းကိုသာ ခံလိုက်ရသည်။

"ခင်ဗျားသမီးကို သေချာကြည့်ထား။ သူသာ ထပ်ပြေးဖို့ ကြိုးစားရင်တော့ တစ်ခြားသူက အရေးယူတာကို အပြစ်မတင်နဲ့တော့"

တစ်ဖက်လူပြောသည့်စကားများသည် လျန်ကတော်၏ စကားများအတိုင်း ထပ်တူကြားလိုက်ရသဖြင့် ဝမ်ရှို့ကျွမ်း၏ မိခင်မှာ ထိတ်လန့်သွားတော့သည်။ ဤသည်မှာ လျန်ကတော်၏ သတိပေးချက်ဖြစ်ကြောင်း သူမ သိလိုက်သည်။ တစ်ချိန်တည်းမှာပင် ဝမ်ရှို့ကျွမ်းသည်လည်း မျှော်လင့်ချက်မဲ့သွားခဲ့ရသည်။

သူမကို ခုနက ဆွဲခေါ်လာသည့်လူက ခက်ထန်သောအသံဖြင့် "နောက်တစ်ခါ ထပ်ပြေးဖို့ ကြိုးစားရင်တော့ မင်းရဲ့ခြေထောက်နှစ်ဖက်ကို အကောင်းအတိုင်းရှိမယ်လို့ မမျှော်လင့်နဲ့" ဟု ခြိမ်းခြောက်ပြောဆိုသွားခဲ့သည်။

ဝမ်ရှို့ကျွမ်းတစ်ယောက် လိမ္မာသွားရခြင်းမှာ ခုနက သူမ၏ လည်ပင်းကို အုပ်ကိုင်ခံလိုက်ရသည့် ခံစားချက်က အလွန်နေရခက်ကာ အသက်ရှူကျပ်လှသောကြောင့်ဖြစ်သည်။ သူမ စွန့်စားရန် မဝံ့တော့ပေ။ အနည်းဆုံးတော့ သင်ခန်းစာပေးခံရပြီးနောက် သူမ တကယ်ပင် ငြိမ်ကုပ်သွားခဲ့သည်။

ထိုနေ့တွင်ပင် ကျန်းမိသားစုနှင့် ဝမ်သားအမိနှစ်ဦး ကျင်းမန်မြို့မှ ထွက်ခွာသွားပြီဖြစ်ကြောင်း လျန်ကတော် သတင်းရရှိခဲ့သည်။ ထိုအခါမှသာ သူမ စိတ်ကျေနပ်သွားပြီး ဝမ်သားအမိကို ဆက်လက်စောင့်ကြည့်ရန် လူလွှတ်ထားခဲ့သည်။

သူမ၏ ဝမ်ရှို့ကျွမ်းအပေါ် ပြစ်ဒဏ်မှာ ပညာသင်ကြားခွင့်လမ်းစကို ဖြတ်တောက်လိုက်ခြင်းပင်ဖြစ်ပြီး ၎င်းကို အဆုံးအထိ စောင့်ကြည့်ရန် လူများကို အမိန့်ပေးထားသည်။

မိန်းကလေးတစ်ယောက်သည် ပညာကို ဆက်လက်မသင်ကြားနိုင်တော့ပါက သူမ၏ အနာဂတ်အတွက် မျှော်လင့်ချက်မှာ အလွန်နည်းပါးသွားပြီး လျောက်လှမ်းရန် ကောင်းမွန်သော လမ်းစများလည်း ကျန်ရှိတော့မည် မဟုတ်ပေ။

လျန်ကတော်သည် လူသတ်ခြင်းကို မပြုသော်လည်း နှလုံးသားကို ထိုးနှက်တတ်သူဖြစ်သည်။ လူတစ်ယောက်အား စိတ်ပိုင်းဆိုင်ရာ မည်သို့ ပျက်စီးအောင်လုပ်ရမည်နှင့် မိမိဘာသာ ပျက်သုဉ်းသွားအောင် မည်သို့ဖန်တီးရမည်ကို သူမ ကောင်းစွာ နားလည်ထားသည်။

အတွင်းရေးမှူးဝမ်၏ ကျရှုံးမှုနှင့်အတူ ကျင်းမန်မြို့ရှိ အတွင်းရေးမှူးဝမ်၏ လက်အောက်ခံ ဂိုဏ်းများအားလုံးသည်လည်း နောက်ဆုံးတွင် ပြိုကွဲသွားခဲ့လေပြီ။

လျန်ချောင်ဟွေ့သည် လျန်မိသားစုမှ ပြင်ဆင်ပေးလိုက်သည့် အပြန်အလှန်လက်ဆောင်များနှင့် လင်းစုယွီထံသို့ ပေးပို့မည့် လျန်ဟွေ့၏ အကြောင်းပြန်စာကို ယူဆောင်၍ ခြံဝင်းလေးသို့ သွားခဲ့သည်။

ဤခြံဝင်းလေးမှာ ချန်ယီနှင့် လျန်ချောင်ဟွေ့တို့ တွေ့ဆုံရာနေရာဖြစ်သည်။ နှစ်ဦးစလုံးတွင် ခြံဝန်းသော့ ကိုယ်စီ ရှိကြပြီး လျန်ချောင်ဟွေ့ ရောက်လာချိန်တွင် ချန်ယီက လက်ဖက်ရည်ကိုပင် ဖျော်ထားနှင့်ပြီးပြီဖြစ်သည်။

"အစ်ကိုချန်ကတော့ အေးအေးလူလူပဲနော်၊ လက်ဖက်ရည်တောင် ဖျော်ထားပြီးပြီ"

ချန်ယီမှာ သဘာဝအတိုင်းပင် စိတ်အေးလက်အေး ရှိနေသည်။ သူ ကျင်းမန်မြို့သို့ ရောက်လာပြီး တစ်လပင် မပြည့်သေးမီ တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့ကာ ရလဒ်မှာလည်း အလွန်ပင် ကျေနပ်ဖွယ်ကောင်းနေသည်။

သူဌေးကတိပေးထားသည့် ဆုလာဘ်များကို တွေးမိရင်း ဟောင်ကောင်မြို့သို့ ပြန်ရောက်လျှင် ရာထူးတိုးနှင့် လစာတိုး ရတော့မည်ကို တွေးကာ ချန်ယီတစ်ယောက် သူ၏ တောက်ပသောအနာဂတ်အတွက် ကြည်နူးနေတော့သည်။

"ညီလေးလျန် ရောက်လာပြီလား၊ လာ... ကျွန်တော်အခုလေးတင်ဖျော်ထားတဲ့ လက်ဖက်ရည်ကောင်းလေးကို မြည်းကြည့်ပါဦး။ ကျွန်တော့်ရဲ့ ကျင်းမန်မြို့က တာဝန်တွေလည်း ပြီးပြီဆိုတော့ နောက်ရက်အနည်းငယ်အတွင်းမှာပဲ ဟောင်ကောင်ကို ပြန်တော့မယ်"

"ဂုဏ်ယူပါတယ် ညီအစ်ကိုချန်။ ခင်ဗျား ပြန်သွားရင်တော့ ရာထူးတွေတက်ပြီး အောင်မြင်မှုတွေ အများကြီး ရဦးမှာ သေချာတယ်။ ဒီနေ့ ကျွန်တော် ခင်ဗျားအတွက် ဒေသထွက် လက်ဆောင်လေးတွေ ယူလာပေးတယ်။ ဒီအိတ်ကတော့ ခင်ဗျားအတွက် လက်ဆောင်လေးမို့ မငြင်းဘဲ လက်ခံပေးပါဦး။ ပြီးတော့ ဒီဘက်က ပစ္စည်းတွေကိုတော့ စုယွီဆီ ရောက်အောင် ပေးပေးဖို့ ခင်ဗျားကို ဒုက္ခပေးရပါလိမ့်မယ်"

လျန်မိသားစုသည် သူတို့၏ သခင်မလေးနှင့် အလွန်ပင် ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြရာ ချန်ယီက မည်သို့လျှင် အထင်သေးဝံ့ပါမည်နည်း။

သူက လျန်ချောင်ဟွေ့ကို "ညီလေး " ဟု ခေါ်နေသည်မှာပင် ပိုရင်းနှီးချင်သောကြောင့် ဖြစ်သည်။ ယခုအခါ လျန်ချောင်ဟွေ့ ကိုယ်တိုင်ပြင်ဆင်ပေးသည့် ဒေသထွက်ပစ္စည်းများကို ရရှိလိုက်သဖြင့် ချန်ယီတစ်ယောက် အတိုင်းထက်အလွန် ဝမ်းသာသွားသည်။

ချန်ယီသည် လင်းစုယွီအတွက် မိသားစုအသီးသီးမှ ပေးလိုက်သည့် အပြန်အလှန်လက်ဆောင်များနှင့် သူ၏ အောင်မြင်ခဲ့သည့် တာဝန်ရလဒ်များကို ယူဆောင်ကာ ဟောင်ကောင်မြို့သို့ ပြန်လာခဲ့သည်။

ပိုင်ချီမင်သည် ချန်ယီ၏ ကျင်းမန်ခရီးစဉ်ရလဒ်များကို အလွန်ပင် ကျေနပ်နေခဲ့သည်။ ထို့ကြောင့် ချန်ယီ လိုလားသော ရာထူးတိုးနှင့် လစာတိုးများကို ပေးလိုက်ရုံသာမက သူ့အနားတွင်ပင် ဆက်၍အလုပ်လုပ်စေခဲ့သည်။

ချန်ယီ ယူဆောင်လာသည့် သတင်းကောင်းများကို ပိုင်ချီမင်က လင်းစုယွီထံသို့ ချက်ချင်းပင် အကြောင်းကြားလိုက်သည်။

"ကြည့်ရတာ မင်းက လူချစ်လူခင် တော်တော်ပေါတာပဲ။ ကျင်းမန်မြို့က လူတွေအားလုံးက လက်ဆောင်တွေ ပြန်ပို့လိုက်ကြတယ်။ သူတို့အတွက် လက်ဆောင်တွေ အများကြီး ပြင်ဆင်ပေးလိုက်ရတာ မင်းအတွက် တန်သွားတာပေါ့"

ပိုင်ချီမင်က လင်းစုယွီကို စနောက်လိုက်သည်။ ကျင်းမန်မြို့မှ ပြဿနာများကို ဖြေရှင်းပြီးပြီဖြစ်၍ လင်းစုယွီ စိတ်ကြည်လင်နေသည်။ သူမသည် ပိုင်ချီမင်၏ စနောက်မှုကို စိတ်မဆိုးသည့်အပြင် မိမိ၏ ကြိုးစားမှုများက အရာထင်လာသဖြင့် ဂုဏ်ပင်ယူမိနေသေးသည်။

"ဒါပေါ့၊ ကျင်းမန်မြို့မှာ ကျွန်မတွေ့ခဲ့တဲ့ လူအများစုက လူကောင်းတွေကြီးပဲလေ။"

လင်းစုယွီသည် စိတ်လှုပ်ရှားစွာဖြင့် ပါဆယ်ထုပ်များကို ဖြေကာ အတွင်းရှိ စာများကို ထုတ်ယူလိုက်သည်။ သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ စာထဲက အကြောင်းအရာများကို သိနိုင်သော်လည်း သူမသည် မပင်မပန်းဘဲ တစ်စောင်ချင်းစီကို ကိုယ်တိုင်ဖောက်၍ ဖတ်ရှုနေခဲ့သည်။

ပိုင်ချီမင်ကို သူ၏ လက်အောက်ငယ်သားတစ်ဦးက လာရောက်ခေါ်ဆောင်သွားပြီး ခဏအကြာ ပြန်လာချိန်တွင်မူ သူ၏ မျက်နှာမှာ ခုနကကဲ့သို့ အေးဆေးတည်ငြိမ်မနေတော့ပေ။

"အားကွမ်းဆီက သတင်းရောက်လာပြီ"

ပိုင်ချီမင်၏ ညှိုးငယ်နေသော မျက်နှာကို မြင်လိုက်ရသည်နှင့် လင်းစုယွီသည် ထိုသတင်းမှာ သတင်းကောင်းမဟုတ်နိုင်ကြောင်း ချက်ချင်း သိလိုက်သည်။

"ကျွန်မအမေနဲ့ ပတ်သက်လို့လား။ ကျွန်မကို ဘာမှ ဖုံးမထားပါနဲ့၊ ကျွန်မအမေနဲ့ ပတ်သက်တဲ့ ဘယ်သတင်းကိုမဆို သိပိုင်ခွင့် ကျွန်မမှာ ရှိတယ်"

"လျန်ကျစ်ယင်းက ပင်လယ်အော်ပြည်နယ်ကို သွားခဲ့ပေမယ့် ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ဘူး။ အားကွမ်းက သူမနဲ့အတူ ပြည်နယ်ထဲက နေရာအတော်များများကို လိုက်သွားပြီးမှ မင်းအမေ အဲဒီမှာ မရှိတော့တာကို သိခဲ့ရတာ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သူ နိုင်ငံခြားကို ထွက်သွားခဲ့ပြီလို့ ကြားတယ်"

"အဆိုးဆုံးကတော့၊ လွန်ခဲ့တဲ့ ၁၀ နှစ်က မင်းအမေ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့တယ်ဆိုတာ အားကွမ်း ရှာဖွေတွေ့ရှိခဲ့တာပဲ။ မှတ်ဉာဏ်မရှိတော့လို့လည်း သူမ ဘယ်တော့မှ ပြန်မလာနိုင်ခဲ့တာ"

"မင်းအမေကို ခေါ်သွားတဲ့လူက တကယ့်ကို အဓမ္မလူပဲ၊ လျန်ကျစ်ယင်းကတော့ ပိုတောင်ဆိုးသေးတယ်။ ဒါပေမဲ့ ခုလောလောဆယ်တော့ လျန်ကျစ်ယင်းကို ငါတို့ ဘာမှလုပ်လို့ မရသေးဘူး"

ပိုင်ချီမင်က စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်နေသော်လည်း လင်းစုယွီမှာမူ တစ်စုံတစ်ယောက်ကို ထိုးနှက်ချင်စိတ် ပေါက်လာသည်အထိ စကားမဆိုနိုင်ဘဲ ဆွံ့အလျက် ရှိနေသည်။ သူမ အရာရာကို တွက်ချက်ထားသော်လည်း ပိုင်ချီမင် စီစဉ်ပေးလိုက်သည့် အားကွမ်းက လျန်ကျိီယင်းကို ခေါ်သွားလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့မိပေ။

သူမ အလွန်ပင် စိတ်ရှုပ်ထွေးနေမိသည်။ သူမ၏ စွမ်းရည်ဖြင့်ဆိုလျှင် အမှန်တရားကို ရှာဖွေရန်မှာ ခဏတာမျှသာ ကြာမည်ဖြစ်သည်။

လျန်ကျစ်ယင်းကိုသာ ဖမ်းဆီးပြီး သူမ၏ စိတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ မှတ်ဉာဏ်များကို ဖတ်ရှုလိုက်မည်ဆိုလျှင် လျန်ကျစ်ယင်းတွင် မည်သည့် လျှို့ဝှက်ချက်များ ကျန်ရှိနိုင်ပါဦးမည်နည်း။

"အားကွမ်း ဘယ်မှာလဲ။ ကျွန်မ သူ့ကို သွားရှာမယ်။ လျန်ကျစ်ယင်းကို တွေ့တာနဲ့ သူမ ခေါင်းထဲက မှတ်ဉာဏ်တွေကို ဆွဲထုတ်ပြီး ကျွန်မအမေ ဘယ်မှာလဲဆိုတာကို သိအောင် လုပ်နိုင်တဲ့ နည်းလမ်း ကျွန်မမှာ ရှိတယ်"

All Chapters