အခန်း (၇၃၃-၇၃၄)
Vol. 71 Ch. 733-734
အခန်း (၇၃၃)။
ဆောင်းဦးနှောင်းကာလမှာ နောက်ဆုံးတွင် ကုန်လွန်သွားခဲ့ချေပြီ။ တော်ဝင်ချန်အင်ပါယာ ၏ ၆၅ နှစ်မြောက် အေးစက်လှသော ဆောင်းရာသီမှာ ဆိုက်ရောက်လာခဲ့ပြီ။ ယခုနှစ်၏ ဆောင်းရာသီမှာ ယခင်နှစ်များထက် ပိုမိုအေးစက်နေသယောင် ရှိနေ၏။ ဆောင်းဝင်သည် နှင့် တစ်ပြိုင်နက် ကြီးမားသော နှင်းပွင့်များ တဖွဲဖွဲကျဆင်းလာပြီး လောကမြေပြင်တစ်ခု လုံးကို ဖြူစင်သော အရောင်အသွေးဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
သို့သော် ရာသီဥတုမှာ အေးစက်၍ အရာရာ ဆိတ်သုဉ်းနေသော်လည်း တော်ဝင်ချန် အင်ပါယာအတွင်းရှိ အခြေအနေမှာမူ မကြုံစဖူးသော ပြောင်းလဲမှုကြီးတစ်ခုနှင့်အတူ အရှိန်အဟုန်ပြင်းစွာ လှုပ်ခတ်နေတော့သည်။
မဟာကမ္ဘာလောက၏ နံပါတ်တစ်ဟု သတ်မှတ်ခံထားရသော ဧကရာဇ်ယန်ဖန်သည် ကျိုးယွိ အကယ်ဒမီ ကျောထောက်နောက်ခံပြုမှုဖြင့် မင်းသားယုအား နန်းတင်ရန် ကြိုးပမ်း သည့် စစ်ဆင်ရေးတွင် ရှုံးနိမ့်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရချေပြီ။ တော်ဝင်ချန် အင်ပါယာ၏ ယင်နှင့်ယန်ကို ထိန်းချုပ်ထားပြီး တန်ခိုးအာဏာကြီးမားသည့် ဧကရာဇ် အကြံပေး ဟုန်ရွှန်ကျိမှာမူ အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့ရသည်။
ဤအပြောင်းအလဲအားလုံးမှာ တစ်ရက်အတွင်း၊ မဟုတ်ပေ... တစ်ညအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။
အပြောင်းအလဲမှာ မြန်ဆန်လွန်းလှသဖြင့် စောင့်ကြည့်နေသူများမှာပင် လိုက်မမှီနိုင် အောင် ဖြစ်ခဲ့ရသည်။ အချို့သော ဘုရင်ခံများမှာ ချက်ချင်း တုံ့ပြန်ရန်ပင် အချိန်မရခဲ့ကြ ချေ။
တော်ဝင်ချန်အင်ပါယာ၏ ပြည်နယ် ၉၉ ခုတွင် ဘုရင်ခံ၊ အုပ်ချုပ်ရေးမှူးများ တစ်ထောင် ကျော် ရှိနေပြီး၊ ထိုသူအများစုမှာ နန်းတော်နှင့် ဟုန်ရွှန်ကျိ၊ ဧကရာဇ်ယန်ဖန်တို့အပေါ် သစ္စာစောင့်သိကြသူများ ဖြစ်ကြသည်။ အကြောင်းရင်းမှာ သူတို့နှစ်ဦးသည် လောကကြီး ကို အနှစ် ၂၀ ကျော်ကြာ အုပ်ချုပ်လာခဲ့သူများ ဖြစ်ခြင်းကြောင့်ပင်။ သူတို့၌ ယုံကြည် စိတ်ချရသော နောက်လိုက်များစွာ ရှိနေပြီး ဧကရာဇ်အပေါ်တွင်လည်း သစ္စာရှိကြသည်။ ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်ကို ဝိုင်းရံထားကြောင်း သတင်းဖြန့်လိုက်ချိန်တွင် ဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများစွာမှာ ဧကရာဇ်ကို ကယ်တင်ရန် စစ်ကူလွှတ်ရန် ပြင်ဆင် ခဲ့ကြသည်။
သို့သော်လည်း သူတို့ စစ်ကူလွှတ်ရန် အမိန့်စာများ မထုတ်ပြန်နိုင်မီမှာပင် ကျောက်စိမ်း မြို့တော်၏ အခြေအနေမှာ အပြီးသတ် အခြေချသွားခဲ့ချေပြီ။ အရာရာမှာ မြန်ဆန်လွန်းလှ ၏။
ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်၏ ကောင်းကင်ယံ 'တောင်နှင့်ပင်လယ် စစ်မြေပြင်' တွင် ဟုန်ရွှန်ကျိနှင့် ယန်ဖန်တို့ကို တစ်ညတည်းနှင့် အနိုင်ယူခဲ့သည်။ အထွတ်အထိပ် လူသားအင်မော်တယ် ငါးဦးသည်လည်း စစ်တပ်ကို ဦးဆောင်ကာ ကျောက်စိမ်းမြို့တော် ကို သိမ်းပိုက်၍ ဟုန်စံအိမ်တော်ကို အစအနမကျန် ချေမှုန်းကာ ဟုန်မိသားစုနှင့် ကျောက် မိသားစုဝင် သောင်းနှင့်ချီကို ဖမ်းဆီးခဲ့သည်။ အခြေအနေကို အပြည့်အဝ ထိန်းချုပ်ပြီးနော က် ပြည်သူများကို ငြိမ်ဝပ်ပိပြားစေရန် ကြာရှည်စွာ မဆောင်ရွက်ခဲ့ရပေ။
ဧကရာဇ်ဟောင်းနှင့် ဧကရာဇ်အကြံပေးအပေါ် သစ္စာရှိသော ထိုဘုရင်ခံများ၊ အုပ်ချုပ်ရေး မှူးများမှာ ကျောက်စိမ်းမြို့တော်မှ အရေးပေါ်သတင်းကို ရရှိချိန်တွင် နောက်တစ်နေ့၌ ဧကရာဇ်ကို ကယ်တင်ရန် အစီအစဉ်များ ပြုလုပ်ခဲ့သော်လည်း၊ ဒုတိယနေ့တွင် ရရှိသော သတင်းမှာမူ အခြေအနေမှာ တည်ငြိမ်သွားပြီဖြစ်ကြောင်းနှင့် မင်းသားယုက 'ကျောက်စိမ်း ဧကရာဇ်' အဖြစ် နန်းတက်တော့မည်ဖြစ်ကြောင်း ဖြစ်နေတော့သည်။ တစ်ချိန်တည်းမှာ ပင် ပင်လယ်ရပ်ခြား ကျွန်းနိုင်ငံတစ်ရာ၊ အနောက်ဘက်ဒေသနယ်မြေ၏ ဟွာလျှိုနိုင်ငံ၊ ယွမ်တူးနိုင်ငံနှင့် နတ်ဘုရားလေနိုင်ငံတို့သည်လည်း သစ္စာခံကြပြီး တော်ဝင်ချန်အင်ပါယာ ၏ နယ်မြေအတွင်းသို့ ပူးပေါင်းဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။
နောက်ရက် အနည်းငယ်အတွင်းမှာပင် ဧကရာဇ်ကို ကယ်တင်ရန် စစ်ကူလွှတ်ရန် ကြံစည် ထားကြသော ဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများမှာ သူတို့၏ လက်ထောက်များ၊ ပညာရှင် ကြီးများနှင့် စာပေပညာရှင်များ ရေးသားထားသော 'ဧကရာဇ်ကယ်တင်ရေး အမိန့်စာ' များ ကို တွေ့ဆုံသည်နှင့်တစ်ပြိုင်နက် မီးရှို့ဖျက်ဆီးလိုက်ကြပြီး နန်းတွင်းအပြောင်းအလဲကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြတော့သည်။
မူလကတည်းက နန်းတွင်းအာဏာသိမ်းမှုကို ပြုလုပ်ပြီးနောက် အစိုးရိမ်ရဆုံးမှာ နယ်စား များနှင့် ဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများက 'ဧကရာဇ် ကယ်တင်ရန် စစ်ချီခြင်း' ပြုလုပ် ကာ ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်သွားမည်ကိုပင်။ ထိုသို့ဖြစ်ပါက လောကကြီးမှာ ပရမ်းပတာ ဖြစ်ကာ သူရဲကောင်းများ ပေါ်ထွက်လာပြီး နဂါးနှင့် မြွေများ ရောထွေးနေပေလိမ့်မည်။
သို့သော် ဟုန်ယွိ၏ အကူအညီဖြင့် တစ်ညတည်းနှင့် မြို့ကို သိမ်းပိုက်နိုင်သော စစ်သည် ၆ သိန်း၏ အင်အားမှာ လူတိုင်းကို တုန်လှုပ်စေခဲ့သည်။ ထို့ထက် ပို၍ အံ့အားသင့်စရာ ကောင်းသည်မှာ ဟုန်ယွိ၏ ကျိုးယွိအကယ်ဒမီက ယွမ်တူး၊ နတ်ဘုရားလေနှင့် ဟွာလျှို အပါအဝင် ပင်လယ်ရပ်ခြား နိုင်ငံပေါင်းများစွာကို သစ္စာခံလာအောင် ဆွဲဆောင်နိုင်ခဲ့ခြင်း ပင်။
ထို့ပြင် ရှောင်ရှိူက်၊ ချန်ပီယံမြို့စားနှင့် နတ်ဘုရားတန်ခိုးရှင်ဘုရင်ယန်တူးကဲ့သို့သော စစ်ဘက်ဆိုင်ရာ ထိပ်သီးကြီးများကလည်း မင်းသားယုကို ထောက်ခံနေကြသဖြင့် ဤမဟာကမ္ဘာလောကကြီး၏ အခြေအနေမှာ အပြီးသတ် သတ်မှတ်ပြီး ဖြစ်နေလေပြီ။ နယ်စားများ၊ ဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိသားစုတစ်ခုလုံး အသတ်ခံရမည့် ဘေးကို ရင်ဆိုင်ပြီး ဧကရာဇ်ဟောင်းကို ကယ်တင်မည့်အစား အာဏာသစ်ကို လက်ခံကာ စည်းစိမ်ချမ်းသာ ခံစားရသည်က ပို၍ ကောင်းမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
အချို့သော နယ်စားများ၊ ဘုရင်ခံများ၊ အုပ်ချုပ်ရေးမှူးများမှာမူ နန်းတော်သို့ ချက်ချင်းပင် အရေးပေါ်သဝဏ်လွှာများ ပေးပို့၍ သစ္စာခံကြောင်း၊ ဂုဏ်ပြုလက်ဆောင်များ ပေးပို့ ကြောင်းနှင့် နှစ်သစ်တွင် မင်းသားယု နန်းတက်ခြင်းကို ထောက်ခံကြောင်း ပြသလာကြ သည်။ အခြေအနေမှာ မြန်ဆန်စွာ ပြောင်းလဲသွားပြီး တစ်ရက်အတွင်း အရာရာမှာ အသစ် စက်စက် ဖြစ်သွားခဲ့ရာ ဝေခွဲမရနိုင်အောင်ပင် ရှိတော့သည်။ သို့သော် ဤဖြစ်ရပ်များမှ တစ်ဆင့် မင်းသားယုနှင့် သူ၏နောက်ကွယ်မှ ကျိုးယွိအကယ်ဒမီ၏ အရှင်သခင် ဟုန်ယွိတို့ သည် တုန်လှုပ်ခြောက်ခြားဖွယ်ရာ ကောင်းလောက်အောင် ကြီးမားသည့် စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားနေပေသည်။
"ဘာ... ကျောက်စိမ်းမြို့တော်ရဲ့ အခြေအနေက အခြေချသွားပြီ ဟုတ်လား။ အိမ်ရှေ့စံ မင်းသားနဲ့ မင်းသားဟီတို့ သူတို့စံအိမ်တွေမှာပဲ အကျယ်ချုပ် အဖမ်းခံထားရပြီလား။ အင်ပါယာစစ်တပ်၊ စကြာဝဠာနဂါးအစောင့်တပ်၊ မီးလျှံအမြောက်တပ်ရင်းနဲ့ ဖန်ဆင်းခြင်း အရိပ်အစောင့်တပ်တွေ အားလုံး အဖမ်းခံလိုက်ရပြီလား။ အခု သူတို့က စစ်သူကြီးတွေကို လဲလှယ်လိုက်ပြီး မင်းသားယုဆီမှာ သစ္စာခံနေကြပြီပေါ့"
"ဒါတင်မကဘူး၊ တစ်လဝက်အတွင်းမှာတင် နယ်စားတွေ၊ ဘုရင်ခံတွေ၊ အုပ်ချုပ်ရေးမှူး တွေ ရှစ်ရာ၊ ကိုးရာလောက်က နန်းတော်ဆီမှာ သစ္စာခံလာကြပြီ။ သူတို့က မင်းသားယုကို ကျောက်စိမ်းဧကရာဇ်အဖြစ် နန်းတက်ဖို့ အပြည့်အဝ ထောက်ခံနေကြတယ်။ တစ်ချိန် တည်းမှာပဲ နိမိတ်ကောင်းတွေ ပေါ်ထွန်းနေကြောင်း သတင်းပို့ကြပြီး နိုင်ငံပေါင်း တရာက သစ္စာခံဖို့ ရောက်လာတာကို ဂုဏ်ပြုနေကြတယ်။"
"နန်ကျိုးနယ် (တောင်ပိုင်းပြည်နယ်) က ကျောက်မိသားစုဝင် ဘုရင်ခံ အချို့ကတော့ စတင်ခုခံဖို့ ကြိုးစားကြသေးတယ်။ ဒါပေမဲ့ ရှောက်ရှိူက်ရဲ့ စစ်တပ်က တစ်ညတည်းနဲ့ သူတို့ဆီကို ရောက်သွားပြီး အကုန်ဖမ်းဆီးလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ပင်လယ်ထဲက နေ ဧရာမ စစ်သင်္ဘောကြီး ၁၀ စင်း ရောက်လာတယ်။ အဲဒါတွေက ကျိုးယွိအကယ်ဒမီက တည်ဆောက်ထားတဲ့ 'နေနတ်ဘုရားသင်္ဘော' တွေလို့ ကြားတယ်။ တစ်ရက်တည်းနဲ့ ပင်လယ်ထဲမှာ မိုင်ပေါင်းတစ်သောင်းကို သွားနိုင်ပြီး လူသောင်းနဲ့ချီ တင်ဆောင်နိုင်တယ် တဲ့။ လေကိုခွဲ၊ လှိုင်းကိုစီးပြီး သွားနိုင်တယ်ဆိုပဲ"
ထိုကဲ့သို့သော ကောလာဟလ အမျိုးမျိုးမှာ အလယ်ပိုင်းကောင်းကင်မြေပြင် တစ်ခွင်လုံး ပျံ့နှံ့နေတော့သည်။ မြင့်မြတ်သော မိသားစုကြီးများစွာလည်း စတင်ဆွေးနွေးလာကြသည်။
ကျန်းပြည်နယ်၊ ကျွင်းပြည်နယ်နှင့် ချီပြည်နယ် စသည့်နေရာများတွင် မိသားစုကြီးအချို့၏ ခေါင်းဆောင်များသည် အရေးပေါ်အစည်းအဝေးများ ကျင်းပနေကြသည်။ ထိုနေရာများမှာ အနောက်တောင်ဘက်တွင် ရှိပြီး ယဉ်ကျေးမှု ထွန်းကားကာ ပညာရှင် သူတော်စင်ကြီးများ စွာ ပေါ်ထွက်ခဲ့သော နေရာများ ဖြစ်သည်။ မျိုးဆက်အဆက်ဆက် စာပေပညာရှင်များနှင့် ကဗျာဆရာများ စုဝေးရာနေရာလည်း ဖြစ်၏။ ထိုသုံးနေရာမှ မိသားစုကြီးများမှာ သူတော်စင် မိသားစုများ ဖြစ်ကြသည်။ သူတို့သည် ဖန်း၊ ဝမ်၊ ဆန်းနှင့် ဝူ မိသားစုများ လောက် မကြီးကျယ်သော်လည်း ပညာရှင်များနှင့် ဖုံးကွယ်နေသော နဂါး၊ ကျားများစွာ ရှိနေသဖြင့် အထင်သေး၍ မရချေ။
"ဟူး... အတိတ်က အာဏာသိမ်းမှုတွေမှာ တရားမျှတတဲ့ အကြောင်းပြချက် မရှိခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်ကတော့ လုံးဝ ကွဲပြားတယ်။ ငါတို့ အကြာကြီး ဆွေးနွေးခဲ့ပြီးပြီ။ ငါတို့ မိသားစုက ပညာရှင်ကြီးတွေဟာ ရှေးဟောင်းမှတ်တမ်းတွေကို တစ်ခုချင်း စစ်ဆေးခဲ့ကြ ပေမဲ့ မင်းသားယုနဲ့ ဟုန်ယွိတို့မှာ ကိုယ်ကျင့်တရား ပျက်ယွင်းတဲ့ နေရာတစ်ခုမှ ရှာမတွေ့ခဲ့ ကြဘူး။ ဒါ့အပြင် ဒီတစ်ကြိမ်မှာ နယ်မြေတွေ ချဲ့ထွင်နိုင်ခဲ့ပြီး နိုင်ငံအားလုံးက သစ္စာခံလာ ကြတယ်။ ငါတို့တော်ဝင်ချန်အင်ပါယာဟာ ယွန်မင်နိုင်ငံကလွဲရင် ကျန်တဲ့ ပင်လယ် လေးစင်းလုံးကို စုစည်းနိုင်ခဲ့ပြီလို့ ပြောလို့ရတယ်။ ဒါက ခေတ်ရေစီးကြောင်းပဲ။ တကယ်လို့ ငါတို့သာ ဒီကံကြမ္မာကို လက်မခံရင် အနာဂတ်မှာ ထာဝရအမည်းစက်ကြီး ထင်ကျန်ရစ် လိမ့်မယ်" ကျန်းမိသားစု ခေါင်းဆောင်က ဆိုသည်။ အစပိုင်းတွင် သူတို့သည်လည်း ဧကရာဇ်ကို ကယ်တင်ရန်အတွက် စစ်ကူလွှတ်ရန် ပြင်ဆင်ခဲ့ကြသေးသည်။
"တကယ်ပါပဲ၊ စစ်ကူလွှတ်ဖို့ မသင့်တော်တော့ဘူး။ ငါတို့ သစ္စာခံကြောင်းတောင် ပြရဦး မယ်" ကျွင်းမိသားစု ခေါင်းဆောင်က ထောက်ခံသည်။
"ဖန်း၊ ဝမ်၊ ဆန်းနဲ့ ဝူမိသားစုတွေကရော ဘယ်လိုနေလဲ"
"အဲဒီ မိသားစုကြီးလေးခုကတော့ သူတို့ရဲ့ သားမြေးတွေကို ကျိုးယွိအကယ်ဒမီထဲ ပို့ထား နှင့်ပြီ။ တစ်ချိန်တည်းမှာပဲ မင်းသားယုကို တိုင်းပြည်အရေးကိစ္စတွေ စီမံရာမှာ ကူညီနေကြ တယ်။ အခု နန်းတွင်းအကြံပေးအဖွဲ့နဲ့ ဝန်ကြီးဌာန ခြောက်ခုက အရာရှိအများစုဟာ နေအိမ်အကျယ်ချုပ် ကျနေကြတယ်။ လစ်လပ်နေတဲ့ နေရာတွေက အများကြီးပဲ"
"ဟွန်း... သူတို့ကတော့ လှုပ်ရှားမှု တော်တော်မြန်တာပဲ"
"ဒီနေ့ ငါတို့အားလုံး တစ်ပြိုင်တည်း ကျောက်စိမ်းမြို့တော်ကို သွားကြမယ်။ သစ္စာခံ ကြောင်းပြပြီး တော်ဝင်ချန်အင်ပါယာကြီး တကယ်ပဲ ပြန်လည်စုစည်းနိုင်တာကို ဂုဏ်ပြု ကြမယ်။ ဒါကို သမိုင်းမှတ်တမ်းတွေမှာ ရေးထိုးခဲ့ရင်တောင် နာမည်ကောင်း ကျန်ရစ်လိမ့် မယ်။ အခုလို စုစည်းနိုင်တာက အရင်က သူတော်စင် ဧကရာဇ်တွေတောင် မလုပ်နိုင်ခဲ့တဲ့ အရာပဲ"
"ကောင်းပြီ၊ အချိန်မဆွဲကြနဲ့။ အခုချက်ချင်း သွားကြစို့။ ငါတို့ကိုယ်တိုင် ဖန်း၊ ဝမ်၊ ဆန်းနဲ့ ဝူ မိသားစုတွေဆီကို သွားမယ်။ မင်းသားယုက ငါတို့ကို ရာထူးကောင်းကောင်း ပေးလိမ့်မယ် လို့ ငါယုံကြည်တယ်။ ငါတို့ နန်းတွင်းအကြံပေးအဖွဲ့ဝင်တွေ ဖြစ်လာရင်တောင် မထူးတော့ ဆန်းဘူး"
ခဏချင်းအတွင်းမှာပင် တော်ဝင်ချန်အင်ပါယာ တစ်ခုလုံး၌ အလားတူ ဖြစ်ရပ်များစွာ ပေါ်ပေါက်လာတော့သည်။
ကျောက်စိမ်းမြို့တော်၊ နန်းတော်အတွင်း….
ယခုအခါ နန်းတော်၏ အရှင်သခင်မှာ အပြည့်အဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မင်းသား ယုက ဧကရာဇ်၏ စာကြည့်ဆောင်ရှိ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော်လည်း မျက်မှောင် ကြုတ်နေမိသည်။ အကြောင်းမှာ စားပွဲပေါ်၌ ရှိရမည့် နိုင်ငံရတနာဖြစ်သော 'အင်ပါယာ ကောင်းကင် ကျောက်စိမ်းတံဆိပ်တော်' မှာ ပျောက်ဆုံးနေသောကြောင့် ဖြစ်သည်။ ၎င်းကို ဧကရာဇ်ယန်ဖန်က ယူဆောင်သွားခဲ့ခြင်း ဖြစ်၏။
အင်ပါယာ ကျောက်စိမ်းတံဆိပ်တော် ပျောက်ဆုံးနေခြင်းမှာ အနည်းငယ် လိုအပ်ချက် တစ်ခုအဖြစ် ခံစားနေရသည်။
"အစ်ကိုတော်... ဒါကို စိတ်ထဲမထားပါနဲ့။ လောကမှာ ဘယ်အရာမှ အကြွင်းမဲ့ ပြည့်စုံတာ မျိုး မရှိပါဘူး။ အခု လူသားမျိုးနွယ်လမ်းစဉ်က အခြေအနေ ပြောင်းလဲသွားပြီဖြစ်လို့ အင်ပါယာ တံဆိပ်တော် ပါသွားတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး။ အစ်ကိုတော် လုပ်ရမှာက အဟောင်းတွေကို ဖယ်ရှားပြီး အရင်က အနှောင်အဖွဲ့အားလုံးကို ဖျက်ဆီးကာ လောကကြီးကို သာယာဝပြောအောင် ဦးဆောင်ဖို့ပဲ။ အသစ်တစ်ခုကို ဖန်တီးရမှာဖြစ်လို့ အမှန်အတိုင်း ပြောရရင် တံဆိပ်တော် အဟောင်းကြီး ရှိနေရင်တောင် သုံးဖို့ သင့်တော်မှာ မဟုတ်တော့ပါဘူး။" ဟုန်ယွိက ပြုံးလျက် ပြောလိုက်သည်။
"ဒါကတော့ ဟုတ်တော့ဟုတ်ပေမဲ့ တံဆိပ်တော်က ခမည်းတော်လက်ထဲမှာ ရှိနေသေး တော့ လူတွေစိတ်ထဲမှာ စိုးရိမ်မကင်းမှုတွေ ဖြစ်စေလိမ့်မယ်။ အဲဒါက ငါ့ရင်ထဲမှာ ဆူးတစ်ချောင်းလို အမြဲဖြစ်နေမှာ။" မင်းသားယု ယန်ချန်းက ဆိုသည်။ "ငါက နှစ်သစ်မှာ နန်းတက်ရတော့မှာ၊ နန်းတက်ပွဲမှာ နန်းစဉ်တံဆိပ်တော် မပါဘဲနဲ့ဆိုရင် သိပ်ပြီး အတိတ် နိမိတ် မကောင်းသလို ခံစားရတယ်။”
"ဒါဆိုရင် အစ်ကိုတော့်အတွက် ကျွန်တော် တံဆိပ်တော်အသစ် တစ်ခု ဖန်တီးပေးမယ်။ အရင်က ကျောက်စိမ်းတံဆိပ်တော်ထက် ပိုပြီး နက်နဲဆန်းပြားတဲ့ နတ်ဘုရားလက်နက် တစ်ခု ကျွန်တော် ဖန်တီးပေးပါ့မယ်။" ဟုန်ယွိက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ညီတော့်ကိုပဲ အရာအားလုံး လွှဲအပ်ပါတယ်" မင်းသားယုက ခေါင်းညိတ်သည်။ "ငါ နန်းတက်ပြီးရင် ညီတော့်ကို ချက်ချင်း ဆုလာဘ်တွေ ပေးမယ်။ ညီတော့်ရဲ့ ရုပ်ထုကို အမြင့်မြတ်ဆုံး နေရာမှာ ထားရှိမယ်။ တစ်ချိန်တည်းမှာပဲ ဘဏ္ဍာတိုက်အသစ်တစ်ခု ဖွင့်မယ်။ အခု ဒင်္ဂါးအသစ်တွေ ရိုက်နှိပ်ဖို့ ပြင်ဆင်နေပြီ။ ဝန်ကြီးဌာနက ဒင်္ဂါးပုံစံတွေ ပို့ထား တယ်၊ တစ်ချက်ကြည့်ပေးပါဦး။"
"ဟင်" ဟုန်ယွိသည် မင်းသားယု ထုတ်ပြသော ဒင်္ဂါးသေတ္တာကို ကြည့်လိုက်သည်။ ထိုထဲ တွင် ကြေးဒင်္ဂါး၊ ငွေဒင်္ဂါးနှင့် ရွှေဒင်္ဂါးများ ရှိနေ၏။ အားလုံးမှာ ဝိုင်းစက်နေပြီး နွားမျက်လုံး အရွယ်အစားခန့် ရှိသည်။ ပုံစံများမှာ လက်ရာပြောင်မြောက်ပြီး အရည်အသွေးမှာလည်း စစ်မှန်လှသည်။ ၎င်းတို့တွင် တိုင်းပြည်အသစ် တစ်ခု၏ အငွေ့အသက်များ ကိန်းအောင်း နေ၏။ ဒင်္ဂါး၏ အရှေ့ဘက်တွင် "ကျောက်စိမ်းဧကရာဇ်" ဟု ရေးထိုးထားပြီး၊ ကျောဘက် တွင် ပြည်နယ် ၉၉ ခု၏ ပုံဖော်ထားသည်။ ထိုပုံ၏အထက် ကောင်းကင်ယံတွင် နဂါးပေါင်း သောင်းချီ ပျံတက်နေသော ပုံပါရှိပြီး ၎င်းမှာ လူတိုင်းက နဂါးကဲ့သို့ မြင့်မြတ်စေရမည် ဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်ထားသည်။
"မဆိုးဘူး။ ဒီဒင်္ဂါးကို တိုင်းပြည်တည်ထောင်ဖို့ သုံးလို့ရတယ်။ တန်ဟိုင်လုံ လက်ထဲက လူသားတာအို ဒင်္ဂါးတွေနဲ့ နှိုင်းယှဉ်ရင်တောင် ဒီဒင်္ဂါးတွေက မနိမ့်ကျပါဘူး" ဟုန်ယွိက ဝမ်းသာအားရ ပြောလိုက်သည်။
"ဒီရက်ပိုင်းမှာ ဝန်ကြီးဌာန ခြောက်ခုလည်း တည်ငြိမ်သွားပြီ။ နယ်စားတွေ၊ ဘုရင်ခံတွေ၊ အုပ်ချုပ်ရေးမှူးတွေ အားလုံးကလည်း သစ္စာခံဖို့ ရောက်လာကြတယ်၊ ဧကရာဇ် ကယ်တင် မယ့် စစ်ချီတဲ့ ဖြစ်ရပ်မျိုးလည်း မရှိဘူး" မင်းသားယုက သက်ပြင်းချရင်း ဆိုသည်။ "ငါ အကြောက်ဆုံးက အဲဒီနယ်စားတွေ ဘုရင်ခံတွေ အုပ်ချုပ်ရေးမှူးတွေက လက်မခံဘဲ စစ်ချီလာမှာကိုပဲ။ ငါတို့ သူတို့ကို နှိမ်နင်းနိုင်ပေမဲ့ အထိအခိုက် အကျဆုံး များလိမ့်မယ် လေ။"
"အခြေအနေတွေ ပြည့်စုံလာရင် အောင်မြင်မှုက သဘာဝအတိုင်း ရောက်လာတာပဲလေ" ဟုန်ယွိက ခေါင်းယမ်းလိုက်သည်။ "ဘယ်သူကရော လူအများရဲ့ ကန့်ကွက်မှုကို ခံပြီး ဘုရင်ကို ကယ်တင်ဖို့ စွန့်စားမှာလဲ။ အခု ယန်ဖန် ဘယ်မှာ ပုန်းနေပြီး ဒဏ်ရာတွေကို ကုသနေလဲ ကျွန်တော် မသိဘူး။ ဒီလောကမှာ ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့က ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့ဘူး။ ဒါကြောင့် သဘာဝအတိုင်းပဲ သူတို့ နန်းဆင်းပေးရမှာဖြစ်ပြီး ပိုစွမ်းဆောင်နိုင်တဲ့သူက အစားဝင်ရမှာပဲ။ ဒါက ရှေးဟောင်း သူတော်စင် ဧကရာဇ်တွေရဲ့ မူဝါဒပဲ။ သူတို့က ဒီလောကကြီးကို ကြာကြာ ခိုးယူထားလို့ မရပါဘူး။"
"အော် ဒါနဲ့... ဟုန်ရွှန်ကျိကို ဖမ်းထားတာ ဘယ်လိုနေလဲ။ သူ့ကို လွတ်မသွားစေနဲ့ဦး။ မဟုတ်ရင် လောကကြီး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။ သူက ယင်နဲ့ယန်ကို အနှစ် ၂၀ ကျော် ထိန်းချုပ်ထားခဲ့တာဆိုတော့ လောကထဲမှာ သူ့ကို စောင့်ကြည့်နေတဲ့ အင်အားစုတွေ အများကြီး ရှိတယ်။ တကယ်လို့ ညီတော်သာ သူ့ကို မနှိမ်နင်းနိုင်ခဲ့ရင် ငါနန်းတက်တာက ဒီလောက် ချောမွေ့မှာ မဟုတ်ဘူး" မင်းသားယုက စိုးရိမ်တကြီး ပြောလိုက်သည်။
"အစ်ကိုတော်က နန်းတွင်းရေးရာတွေကိုပဲ အာရုံစိုက်ပါ။ အရာအားလုံး အစီအစဉ်တကျ ဖြစ်အောင် လုပ်ပါ။ ကျွန်တော် ဟုန်ရွှန်ကျိနဲ့ သွားစကားပြောဦးမယ်၊ အစ်ကိုတော် ဘာတွေ လုပ်ထားလဲဆိုတာ သူ့ကို ပြရမယ်" ဟုန်ယွိက တည်ငြိမ်စွာ ဆိုလိုက်သည်။
"ဒီကိစ္စကိုတော့ ငါ ဆုံးဖြတ်လို့မရဘူး။ အရာအားလုံးက ညီတော့်အပေါ်မှာပဲ မူတည် တယ်။" မင်းသားယုက ဆက်ပြောသည်။ "တကယ်လို့ ဟုန်ရွှန်ကျိက ညီတော့်စကားကို နားထောင်ရင် နန်းတော်က သူ့ပြစ်ဒဏ်ကို လျှော့ပေးလို့ရတယ်။ ဒါပေမဲ့ သူက ခေါင်းမာ နေဦးမယ်ဆိုရင်တော့ သူ့ရဲ့ မျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးပစ်ရလိမ့်မယ်။ ဟုန်မိသားစုက အမျိုးသားတွေကို မျိုးဆက်အလိုက် ကျွန်ဖြစ်စေပြီး၊ အမျိုးသမီးတွေကိုတော့ ပြည့်တန်ဆာ ဖြစ်စေရမယ်။ ဒါမှသာ လောကကြီးကို သတိပေးရာ ရောက်လိမ့်မယ်။”
"ကြည့်ကြသေးတာပေါ့" ဟုန်ယွိက သက်ပြင်းချလိုက်သည်။
"ဘယ်သူရှိလဲ" မင်းသားယုက ရုတ်တရက် အော်ခေါ်လိုက်သည်။
"အရှင်မင်းကြီး... ဘာများ အမိန့်ရှိလို့ပါလဲ" ထိုအချိန်တွင် မိန်းမစိုးအကြီးအကဲ ဝမ်ထောင် ဝင်လာပြီး အလေးအမြတ်ပြုလိုက်သည်။ သူက မင်းသားယုထံ ပထမဆုံး သစ္စာခံခဲ့သူ ဖြစ်သည်။
"ငါက အခုထိ ဧကရာဇ် မဟုတ်သေးဘူး။ ခမည်းတော် ပျောက်ဆုံးနေလို့ နန်းတွင်း အကြံပေးအဖွဲ့ရဲ့ ဝန်ကြီးချုပ်အဖြစ် ခေတ္တဆောင်ရွက်နေတာပဲ ရှိသေးတယ်" မင်းသားယု က ဝမ်ထောင်ကို ကြည့်ပြီး ဆိုသည်။ "အိမ်ရှေ့စံမင်းသား၊ မင်းသားဟီနဲ့ တခြား ညီနောင် တွေကို စာကြည့်ဆောင်ကို ခေါ်လာခဲ့ပါ။ ငါ သူတို့ကို ပြောစရာရှိတယ်။ နောက်ပြီး မိဖုရားခေါင်ကြီးနဲ့ မယ်တော်ကြီးကိုလည်း ကောင်းကောင်း ပြုစုပါ။ သူတို့ကို စိတ်အနှောင့် အယှက် မဖြစ်စေနဲ့၊ ဒါပေမဲ့ အပြင်လူတွေနဲ့တော့ အဆက်အသွယ် မလုပ်စေနဲ့"
"မှန်လှပါ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်" ဝမ်ထောင်က အလျင်အမြန် ထွက်ခွာသွား သည်။
"ဟူး… အာဏာကို လက်ကိုင်ထားရတာက အရသာရှိပေမဲ့ ပခုံးပေါ်က တာဝန်ကတော့ တကယ်ကို လေးလံတာပဲ။ ဒီနေရာမှာ ထိုင်ကြည့်တော့မှပဲ ဒီရာထူးရဲ့ တကယ့်စွမ်းအားနဲ့ အဓိပ္ပာယ်ကို နားလည်တော့တယ်" မင်းသားယုက ခေါင်းယမ်းလိုက်ရင်း နဂါးပလ္လင်၏ လက်ရန်းကို ကိုင်လိုက်သည်။
သို့သော် ဟုန်ယွိကမူ မင်းသားယု၏ သက်ပြင်းချသံကို ဂရုမစိုက်ခဲ့ချေ။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် စာကြည့်ဆောင်အတွင်း၌ ရှိနေရင်း သူ၏ မျက်ခုံးများ က လှုပ်ရှားသွားပြီး သူ၏စိတ်အာရုံကို 'သူတော်စင်ပေါင်းစုံခန်းမ' အတွင်းသို့ ပို့ဆောင် လိုက်သည်။ သူ၏ ထိုက်ကျိမူလစိတ်ဝိညာဉ်က လှုပ်ရှားသွားပြီး 'ထိုက်ကျိ မိုးကြိုးရေကန်' ၏ အထက်သို့ ရောက်ရှိလာခဲ့၏။
ယခုအခါ ထိုက်ကျိ မိုးကြိုးရေကန်မှာ တစ်ဖန် ထပ်မံကျယ်ဝန်းလာခဲ့ချေပြီ။ ငွေရောင် မိုးကြိုးရေပြင်မှာ အဆုံးမဲ့ သမုဒ္ဒရာကြီးအလား ဖြစ်နေပြီ။ ထိုသမုဒ္ဒရာပေါ်တွင် တောက်ပ သော နေမင်းကြီးတစ်ခု အထက်၌ ချိတ်ဆွဲထားသကဲ့သို့ ရှိနေ၏။
သူ၏ ခန္ဓာကိုယ်သည် အင်မော်တယ်ကျောက်စာတိုင် နှစ်ခုနှင့် ပေါင်းစပ်ပြီးနောက် သူ၏ သွေးစွမ်းအင်မှာ ထိန်းချုပ်မရနိုင်လောက်အောင် ကြီးမားလာခဲ့ပြီး တောက်ပသော နေမင်း ကြီးအဖြစ် ပြောင်းလဲသွားကာ သူတော်စင်ပေါင်းစုံခန်းမအတွက် ကြီးမားသော စွမ်းအင် များကို ထောက်ပံ့ပေးနေသည်။ ထိုက်ကျိ မိုးကြိုးရေကန်မှာလည်း အဆပေါင်းများစွာ ကျယ်ပြန့်လာပြီး ပိုမိုအစွမ်းထက်လာခဲ့သည်။
ထိုက်ကျိ မိုးကြိုးရေကန်၏ ကျယ်ပြောလှသော သမုဒ္ဒရာပေါ်တွင် ကျွန်းပေါင်း ၁၂ ကျွန်း ရှိနေသည်။ ထိုကျွန်းများပေါ်တွင် ကြီးမားသော ကျောက်နန်းတော်များ ရှိပြီး ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးသည် ထိုနန်းတော်များတွင် နေထိုင်ကြသည်။ ယခုအခါ ပျက်သုဉ်းခြင်း နတ်ဘုရား ၁၂ ပါးစလုံးသည် သူတို့၏ ကျောက်နန်းတော်များတွင် ရှိနေကြပြီး မိုးကြိုး ရေပြင်ကို ထိန်းချုပ်ကာ ထူထဲသော သံကြိုးကြီးများအဖြစ် ပြောင်းလဲကာ မိုးကြိုးရေကန် ၏ အောက်ခြေသို့ ပို့လွှတ်ထားကြသည်။
မိုးကြိုးရေကန်၏ အောက်ခြေတွင်မူ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်က တင်ပျဉ်ခွေလျက် ရှိနေ၏။ သူ၏ခန္ဓာကိုယ်ကို သံကြိုး ၁၂ ချောင်းဖြင့် ချုပ်နှောင်ထားသဖြင့် မလှုပ်ရှားနိုင်ချေ။ တစ်ချိန်တည်းမှာပင် အနာဂတ်သခင်သည်လည်း သူနှင့်အတူ ပိတ်လှောင်ခံထားရ၏။
ဟုန်ယွိ၏ မျက်လုံးများက ဤအရာအားလုံးကို သဘာဝအတိုင်း မြင်တွေ့နေရသည်။ သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သံကြိုး ၁၂ ချောင်းစလုံး တဖြဖြနှင့် ပျက်စီးသွားတော့ သည်။
"အဖေ... အခုတော့ ကျွန်တော်တို့ တကယ့်ကို တန်းတူဖြစ်သွားကြပြီ။ ကျွန်တော်လည်း မူလခန္ဓာကိုယ်ကို စွန့်လွှတ်လိုက်ပြီဆိုတော့ အခု ကျွန်တော်တို့ ကောင်းကောင်း စကား ပြောလို့ ရပါပြီ။ ကျောက်စိမ်းမြို့တော်နဲ့ တစ်ကမ္ဘာလုံးရဲ့ လက်ရှိအခြေအနေကို အဖေ လည်း သိချင်နေမှာပါ..."
ဟုန်ယွိ၏ ငြိမ့်ညောင်းသော အသံသည် ပင်လယ်အောက်ခြေသို့ တိုက်ရိုက်ရောက်ရှိသွား ပြီး ဟုန်ရွှန်ကျိ၏ စိတ်ထဲသို့ စိမ့်ဝင်သွားလေတော့သည်။
အတိတ်က ဟုန်ရွှန်ကျိနှင့် စကားပြောချိန်တွင် သူသည် အမြဲတမ်း ဒေါသတကြီး ဆဲဆိုခဲ့ဖူး သော်လည်း၊ ယခုအခါတွင်မူ မိမိကိုယ်ကိုယ် အနိုင်ရသူတစ်ဦးအဖြစ် သိရှိနေပြီဖြစ်သဖြင့် အနိုင်ရသူတစ်ဦး၏ အမူအရာမျိုးဖြင့်သာ တည်ငြိမ်စွာ စကားဆိုနေတော့သည်။
အခန်း (၇၃၄)။
ဤရက်ပိုင်းများအတွင်း ဟုန်ယွိသည် မင်းသားယုအား ကျောက်စိမ်းမြို့တော် တစ်ခုလုံး၏ အခြေအနေကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ရန် အစွမ်းကုန် ကူညီပေးနေခဲ့သည်။ သူသည် မရေမတွက်နိုင်သော ကွန်ဖြူးရှပ်မဟာပညာရှင်များ၊ သူတော်စင်များ၊ စစ်သူကြီး များ၊ မင်းသားများနှင့် ဝန်ကြီးများ၊ မြင့်မြတ်မိသားစု အမျိုးမျိုး၏ အကြီးအကဲများနှင့် အကယ်ဒမီ ခေါင်းဆောင်များထံသို့ သွားရောက်လည်ပတ်ခဲ့ရသည်။ သူသည် ကတိကဝတ် အမျိုးမျိုးကို ပေးအပ်ခဲ့သလို၊ အခြေအနေကို ထိန်းချုပ်နိုင်ရန် ဆုပေးဒဏ်ပေးစနစ်ကို လည်း ကျွမ်းကျင်စွာ အသုံးပြုခဲ့ပေသည်။
သို့သော် ဤအရာမှာ သူ့အတွက် အလွန်ပင် ပင်ပန်းနွမ်းနယ်လှသည်။ ကိုးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်လွန်ထားသော ကျင့်ကြံသူတစ်ဦး၏ နတ်ဘုရားစွမ်းအား နှင့် အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့် ခန္ဓာကိုယ် ရှိနေသည့်တိုင် ဤမျှ များပြားလှသော ကိစ္စရပ်များကို လုပ်ဆောင်ရခြင်းမှာ သူ့အတွက် အနည်းငယ် ဝန်ပိသလို ခံစားရစေသည်။
ဤဆောင်းရာသီသည် သူ၏ဘဝတွင် အလုပ်အရှုပ်ဆုံး အချိန်ကာလ ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း ဤသို့ ပင်ပန်းရကျိုးနပ်ပေသည်။ မင်းသားယု အာဏာရလာပြီးနောက် တစ်ကမ္ဘာလုံးက သူ စိတ်ကူးထားသည့် လူသားမျိုးနွယ် လမ်းစဉ်အတိုင်း တဖြည်းဖြည်း တိုးတက်လာနေပြီ ဖြစ်သည်။ အနည်းဆုံးတော့ ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့ကဲ့သို့ တစ်နေ့ ထက်တစ်နေ့ လူအများနှင့် အဆက်အသွယ် ပြတ်တောက်ကာ၊ ကမ္ဘာလောကကြီးနှင့် သဟဇာတမဖြစ်တော့ဘဲ အဆုံးတွင် ပျက်သုဉ်းခြင်းလမ်းမျိုး ဦးတည်သွားတော့မည် မဟုတ်ပေ။
အခြေအနေအရပ်ရပ် တည်ငြိမ်သွားပြီးနောက်တွင်မူ ဟုန်ယွိအတွက် သူ၏ကိုယ်ရေးကိုယ် တာ ကိစ္စရပ်များကို ဖြေရှင်းရမည့်အချိန်သို့ ဆိုက်ရောက်လာခဲ့ပြီ။
ဤကိုယ်ရေးကိုယ်တာ ကိစ္စမှာ အခြားမဟုတ်၊ သူ့ဘဝသက်တမ်းတစ်လျှောက်တွင် အနိုင်ယူရန်နှင့် နှိမ်နင်းရန် အလိုချင်ဆုံး ရန်သူဖြစ်သည့် ဟုန်ရွှန်ကျိပင် ဖြစ်ပေသည်။ အနိုင်ရသူတစ်ဦးအဖြစ် ဟုန်ရွှန်ကျိ၏ ရှေ့တွင် ရပ်တန့်ကာ သူ့ကို ခေါင်းငုံ့လာအောင် ပြုလုပ်ရန်မှာ ဟုန်ယွိ အမြဲတမ်း မျှော်လင့်ခဲ့သော အရာဖြစ်ပြီး၊ ယခုအခါတွင်မူ သူ အမှန် တကယ် အောင်မြင်ခဲ့လေပြီ။
လောကကြီး၏ အခြေအနေမှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီ။ ကျန်ရှိနေသည်မှာ မင်းသားယု ကျောက်စိမ်းဧကရာဇ်အဖြစ် နန်းတက်ရန်၊ ပင်လယ်ရပ်ခြား ကျွန်းနိုင်ငံ တစ်ရာ၊ ယွမ်တူးနိုင်ငံ၊ နတ်ဘုရားလေနိုင်ငံနှင့် ဟွာလျှိုနိုင်ငံတို့၏ အရိုအသေပေးမှုကို ခံယူရန်နှင့် ထို့နောက် မူဝါဒအမျိုးမျိုးကို ထုတ်ပြန်ကာ တိုင်းပြည်တစ်ဝှမ်းတွင် ငွေကြေး များ လည်ပတ်စေရန် ဖြစ်သည်။ ထိုအခါမှသာ ပြည်သူတို့၏ စိတ်နှလုံးမှာ အမှန်တကယ် တည်ငြိမ်သွားမည်ဖြစ်ပြီး ဤခေတ်ရေစီးကြောင်းကြီးမှာ မည်သူမျှ မလှုပ်သာအောင် ခိုင်မာသွားပေမည်။
"အနာဂတ်သခင်ကို သန့်စင်စမ်း"
ဟုန်ရွှန်ကျိကို ချည်နှောင်ထားသော သံကြိုးများကို ဖြတ်တောက်ပြီးနောက် ဟုန်ယွိက သူ့ကို အာရုံမစိုက်တော့ပေ။ မည်သို့ပင်ဖြစ်စေ၊ သူ၏လက်ရှိ နတ်ဘုရားတန်ခိုးစွမ်းအားနှင့် အထွတ်အထိပ် နတ်ဘုရားလက်နက်ဘုရင်အတွင်း၌ ရှိနေခြင်းကြောင့် ဟုန်ရွှန်ကျိသည် ယခင်ကထက် နှစ်ဆပို၍ အစွမ်းထက်လာလျှင်ပင် ပြန်လည်ခုခံနိုင်မည် မဟုတ်ပေ။
သူ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်ပင် လွတ်မြောက်နိုင်ရန် ခဲယဉ်းလှပေလိမ့်မည်။ ထို့ကြောင့် ဟုန်ယွိအနေဖြင့် အနည်းငယ်မျှ စိုးရိမ်စရာ မလိုသလို၊ သူ၏ ခုခံမှုကိုလည်း ဂရုစိုက်နေရန် မလိုပေ။ မည်သည့်ခုခံမှုမျိုးမဆို ကျောက်တုံးကို ကြက်ဥနှင့် ပစ်ပေါက်သကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။
သံကြိုးများကို ဖြတ်တောက်ပြီးနောက် သူက မူလတာအိုသခင် ဖိနှိပ်ထားရသော အနာဂတ်သခင်ကို မိုးကြိုးပင်လယ်၏ မျက်နှာပြင်ပေါ်သို့ ဆွဲယူလိုက်ပြီး၊ တစ်ချိန်တည်း မှာပင် အနာဂတ်သခင်သည် လျင်မြန်စွာ ပျံတက်သွားပြီး ဟုန်ယွိ၏ သွေးစွမ်းအင်တို့ဖြင့် ဖန်တီးထားသော နေမင်းကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
"ဝူး... ဝူး... ဝူး..."
အနာဂတ်သခင်က ပြင်းထန်စွာ ညည်းတွား အော်ဟစ်နေ၏။ သူသည် နေမင်းကြီး၏ တောက်ပသော အလင်းတန်းများကို မခံမရပ်နိုင် ဖြစ်နေပုံရ၏။ ဗုဒ္ဓများ၏ဘုရင်ပင်လျှင် ဟုန်ယွိ၏ သွေးစွမ်းအင်ကို မခံနိုင်ချေ။
ထို့အပြင် ဟုန်ယွိ၏ ကြီးမားလှသော စွမ်းအားမှာ သူ ခုခံနိုင်သော အရာမဟုတ်ပေ။ လှုပ်ရှားမှု အနည်းငယ်ဖြင့်ပင် ဧရာမစွမ်းအင်လှိုင်းလုံးကြီးတစ်ခု တဟုန်ထိုး မြင့်တက်လာ ပြီး နေမင်းကြီးအတွင်းသို့ တိုက်ရိုက် ပို့ဆောင်လိုက်လေသည်။
ပြင်းထန်သော စွမ်းအင်နှင့် သန့်စင်သောယန်စွမ်းအင်တို့သည် အနာဂတ်သခင်၏ အသက် စွမ်းအင်တိုင်း၊ အတွေးစတိုင်းနှင့် နက်နဲလှသော အစီအရင် တည်ဆောက်ပုံတိုင်းသို့ စိမ့်ဝင် သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများ၊ အစီအရင်များနှင့် အနာဂတ်၏ မြင်ကွင်းပေါင်းများစွာမှာ ဟုန်ယွိ၏ စိတ်အာရုံတွင် ပေါ်ထွက်လာခဲ့သည်။ သူ၏ သန့်စင်သောယန် ထိုက်ကျိမူလစိတ်ဝိညာဉ်က ဤအရာအားလုံးကို လက်ခံလိုက်ပြီး၊ တစ်ချိန်တည်းမှာပင် အသက်မဲ့ အနာဂတ်ကျမ်း၏ စစ်မှန်သော အနှစ်သာရကိုလည်း နားလည်သွားခဲ့လေသည်။
ယခုအခါ အနာဂတ်သခင်၏ တည်ဆောက်ပုံ အားလုံးကို ဟုန်ယွိက သိရှိသွားခဲ့ပြီ။
အကယ်၍ ယခုအချိန်တွင် အနာဂတ်သခင်မရှိလျှင်ပင် ဟုန်ယွိသည် ဟင်းလင်းပြင်ထဲမှနေ ၍ အနာဂတ်သခင်အသစ်တစ်ခုကို ဖန်တီးယူနိုင်စွမ်းရှိနေပြီဟု ဆိုနိုင်သည်။ သို့သော် ထိုသို့ ပြုလုပ်နိုင်ရန်အတွက် သဘာဝရတနာများစွာ၊ များပြားသော မူလစွမ်းအင်နှင့် အချိန်များ စွာ ပေးဆပ်ရဦးမည်။
"ဒီအနာဂတ်သခင်ရဲ့ တည်ဆောက်ပုံက တကယ်ကို ရှုပ်ထွေးနက်နဲတာပဲ။ လူသား ခန္ဓာကိုယ်နဲ့ ယှဉ်ရင်တောင် ပိုပြီး နက်နဲတဲ့ အလွှာတစ်ခု ရှိနေသေးတယ်။ တကယ်လို့ ငါသာ အလားတူတစ်ခုကို သန့်စင်ဖန်တီးချင်တယ်ဆိုရင် အနည်းဆုံး သုံးနှစ်လောက် အချိန်ယူရလိမ့်မယ်။ ဧကရာဇ်ယန်ဖန်အနေနဲ့ ဒါကို သန့်စင်ဖို့ ဘယ်လောက်တောင် ခွန်အားတွေ၊ သွေးချွေးတွေ ပေးဆပ်ခဲ့ရမလဲဆိုတာ မှန်းဆလို့ရတယ်။ အခု သူ ဘယ်နေရာ မှာ ပုန်းအောင်းပြီး မျက်ရည်ကျ၊ သွေးအန်နေမလဲမသိဘူး။"
ဟုန်ယွိသည် သွေးစွမ်းအင် နေမင်းကြီးအတွင်း၌ လူးလှိမ့်ဟစ်အော်နေသော အနာဂတ် သခင်ကို ကြည့်နေလိုက်သည်။ စိတ်ဝိညာဉ်အမှတ်အသားများ တဖြည်းဖြည်းချင်း လွင့်စင် ပျောက်ကွယ်သွားသည်နှင့်အမျှ သူသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
…
အချိန်မည်မျှ ကုန်လွန်သွားသည် မသိရပေ။ တခဏတာဟု ထင်ရသော်လည်း နှစ်ပေါင်း သောင်းချီ ကုန်လွန်သွားသကဲ့သို့ပင်။ 'သွေးစွမ်းအင်နေမင်းကြီး' အတွင်းရှိ အနာဂတ်သခင် သည် ပြင်းထန်စွာ တုန်ခါလာပြီး အသတ်ခံရတော့မည့် ကြက်ဖတစ်ကောင်ကဲ့သို့ သေခါနီး နောက်ဆုံးရုန်းကန်မှုကို ပြုလုပ်နေခြင်း ဖြစ်သည်။
သို့သော် မည်သို့မျှ အထောက်အကူ မဖြစ်ပေ။ ဟုန်ယွိu သူ၏ လက်ညှိုးဖြင့် ညွှန်လိုက်ပါ သည်။
"အချိန်တွေ ကုန်ဆုံးသွားပြီ။ အနာဂတ်ဟာ ငါ့ရဲ့ လက်ထဲမှာပဲ ရှိတယ်။ မင်း ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး" ဟုန်ယွိ၏ နှုတ်ခမ်းမှ စကားလုံးများ ထွက်ပေါ်လာပြီး၊ ထိုစကားလုံးများက မှော်သင်္ကေတများအဖြစ် ပြောင်းလဲသွားကာ သွေးစွမ်းအင်မင်းကြီးထံ သို့ ပစ်လွှတ်လိုက်ပြီးနောက် အနာဂတ်သခင်၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားခဲ့သည်။
ဝှစ်…
အနာဂတ်သခင်၏ မျက်လုံးကိုးလုံးမှာ မှိတ်ကျသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သက်ရှိအငွေ့အသက်များ လုံးဝ ပျောက်ဆုံးသွားခဲ့သည်။ သူ သေဆုံးသွားသကဲ့သို့ပင်။ ဟုန်ယွိ၏ တာအိုပညာရပ်များက သူ၏ မှတ်ဉာဏ်အားလုံးနှင့် ဧကရာဇ်ယန်ဖန်၏ စိတ်ဝိညာဉ် အမှတ်အသားများကို အကုန်အစင် ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်ကြောင်း ပေါ်လွင် နေသည်။ ယခုအခါ အနာဂတ်သခင်မှာ အမှန်ပင် အရှင်သခင်မဲ့ ဖြစ်သွားခဲ့ချေပြီ။
ဟုန်ယွိက ခေါင်းညိတ်ပြလိုက်ပြီး "အနာဂတ်ဆိုတာ ငါ့နှလုံးသားထဲမှာပဲ ရှိတယ်" ဟု ဆိုလိုက်သည်။ "အတွေးတစ်ချက်နဲ့တင် အနာဂတ်ဟာ အနာဂတ်ပဲ ဖြစ်လာရမယ်" မျက်စိ တစ်မှိတ်အတွင်းမှာပင် ပြင်းထန်သော စိတ်ဆန္ဒတစ်ခုက အနာဂတ်သခင်ထံသို့ အရှိန် အဟုန်ဖြင့် ဝင်ရောက်သွားခဲ့သည်။ ထို့နောက်တွင်မူ ဗုဒ္ဓဘုရင်သည် သူ၏ မျက်လုံးများကို ပြန်လည်ဖွင့်လိုက်ပြန်၏။ သူ၏ မျက်လုံးကိုးလုံးအတွင်း၌ ကျမ်းစာစာသားများ လင်းလက် နေသည်ကို မြင်တွေ့ရ၏။ ထိုစာသားများမှာ ပြောင်းလဲခြင်းကျမ်း၏ ကျမ်းစာများပင်။
အတိုင်းအဆမဲ့ အစွမ်းထက်သော တွက်ချက်မှုဆိုင်ရာ အရှိန်အဝါတစ်ခုက အနာဂတ်သခင် ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ရာ၊ ယခင် တွက်ချက်နိုင်စွမ်းနှင့် ယှဉ်လျှင် ဤအနာဂတ် သခင်က အရာအားလုံးကို တွက်ချက်နိုင်ပြီး၊ ထာဝရအနာဂတ်ကို မြင်တွေ့နိုင်စွမ်းရှိရုံ သာမက နိဗ္ဗာနနယ်ပယ်ကိုပင် တွက်ချက်နိုင်စွမ်း ရှိနေပုံရပေသည်။
"ပြောင်းလဲခြင်းတာအိုဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားမှာ အနုစိတ်ဆုံး တွက်ချက်မှု နည်းလမ်းတစ်ခုပဲ။ ပြီးတော့ အနာဂတ်သခင်ဆိုတာလည်း ကောင်းကင်နဲ့ မြေကြီးကြားမှာ အစွမ်းထက်ဆုံး တွက်ချက်မှုရဲ့ ပြယုဂ်တစ်ခုပဲ။ ဒီနှစ်ခု ပေါင်းစပ်လိုက်တာက ပြည့်စုံတဲ့ တာအိုတစ်ခု ဖြစ်လာတယ်။ အခုကစပြီး မင်းဟာ မဟာကမ္ဘာလောကကြီးမှာ အနက်နဲဆုံး၊ အနာဂတ်ကို မြင်နိုင်စွမ်းအရှိဆုံး ပညာရှင် ဖြစ်လာလိမ့်မယ်။ အခုကစပြီး မင်းကို ရှေးဦး ခေတ်က ပုံစံအတိုင်း နာမည်တစ်ခု ပေးမယ်။ အဲဒီခေတ်က လူတွေဟာ စကားလုံး တစ်လုံးတည်းကိုပဲ နာမည်အဖြစ် သုံးခဲ့ကြတယ်။ ဧကရာဇ်ဖန်ကို 'ဖန်'၊ ဧကရာဇ်ယွမ်ကို 'ယွမ်'၊ တိုင်ရှန်တာအိုဂိုဏ်းချုပ်ကို 'တိုင်' လို့ ခေါ်ကြသလိုပေါ့။ အနာဂတ်သခင်... မင်းကို ငါက 'ရှီ'လို့ ခေါ်မယ်။ မင်းဟာ ဒီမြင့်မြတ်တဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်။ ငါလည်း အခု အရာအားလုံးကို ကျော်လွန်သွားပြီဆိုတော့ 'ဟုန်' ဆိုတဲ့ မျိုးရိုးကို ဖယ်ထုတ်ပြီး ငါ့ကိုယ်ငါ 'ယွိ' လို့ပဲ ခေါ်တော့မယ်။ စကားလုံးတစ်လုံးတည်းကပဲ ရှေးဦးခေတ်ရဲ့ ခံ့ညားတဲ့ ဟန်ပန် မျိုးရှိတာ" ဟုန်ယွိက ပြောင်းလဲသွားသော အနာဂတ်သခင် 'ရှီ' ကို ကြည့်လျက် ပြောလိုက် သည်။
ထိုအခိုက်တွင် အနာဂတ်သခင် 'ရှီ' သည် သွေးစွမ်းအင်နေမင်းကြီးအတွင်း၌ တည်ရှိနေပြီး စကားမပြောဘဲ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ထံမှ နူးညံ့သိမ်မွေ့လှသော အထွတ်အထိပ် ဉာဏ်ပညာများ ထွက်ပေါ်နေလေသည်။
အနာဂတ်သခင်၏ နတ်ဘုရားတန်ခိုးစွမ်းအားမှာ များစွာ မြင့်တက်လာခဲ့ချေပြီ။ သူသည် နက္ခတ်ဗေဒ၊ ပထဝီဝင်၊ အစီအရင်များ၊ စစ်မဟာဗျူဟာများ၊ လူတို့၏ စိတ်နှလုံး၊ ပစ္စုပ္ပန်နှင့် အနာဂတ်... အရာအားလုံးကို တွက်ချက်နိုင်သည်။ သူသည် အရာရာကို တတ်စွမ်းနိုင်သူ ဖြစ်လာခဲ့သည်။ သူသည် သူတော်စင်ပေါင်းစုံခန်းမ၏ အဓိကဗဟိုချက်အဖြစ် တည်ရှိနေ သဖြင့် ခန်းမအတွင်းရှိ အချိန်ဟင်းလင်းပြင်နှင့် အစီအရင်အားလုံးမှာ မည်သည့် ချို့ယွင်း ချက်မှမရှိတော့ဘဲ တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူ ပြုနေကြတော့သည်။
ယခုအချိန်တွင် ဟုန်ယွိ မရှိလျှင်ပင် သူတော်စင်ပေါင်းစုံခန်းမသည် သူ့ဘာသာသူ သီးခြား လည်ပတ်နိုင်စွမ်း ရှိနေပြီဖြစ်ပြီး မိစ္ဆာများ လက်တွင်းသို့ ကျရောက်သွားမည် မဟုတ်တော့ ပေ။ အနာဂတ်တွင် သူသည် နိဗ္ဗာနနယ်ပယ်ကို ဖြတ်ကျော်သွားခဲ့လျှင်ပင်၊ သူတော်စင် ပေါင်းစုံခန်းမသည် မဟာကမ္ဘာလောက၌ ကျန်ရစ်နေဦးမည်ဖြစ်ပြီး လူသားများစွာကို နိဗ္ဗာနနယ်ပယ်ကို လမ်းညွှန်ပေးနိုင်မည်ဟု ဟုန်ယွိ တွေးတောမိသည်။
"အဖေ... အဖေကြီး ကြည့်နေတာ တော်တော်ကြာပြီပဲ။ ကျွန်တော် အနာဂတ်သခင်ကို သန့်စင်နေတာ မြင်နေရပေမဲ့ ဘာလို့ မတားတာလဲ။ ဘာလို့ ဒီလောက်တောင် သည်းခံနေ ရတာလဲ။ ဒီအနာဂတ်သခင်ဆိုတာ အဖေနဲ့ ဧကရာဇ်ယန်ဖန်တို့ရဲ့ သွေးနဲ့ချွေးတွေ ပေါင်းစပ်ထားတဲ့ ရလဒ်ဆိုတာ အဖေ သိမှာပါ"
အနာဂတ်သခင်ကို သန့်စင်ပြီးနောက် သူသည် သွေးစွမ်းအင်နေမင်းကြီးအတွင်း တည်ရှိနိုင် ခဲ့သည်။ သူသည် ထိုက်ကျိ မိုးကြိုးရေကန်အတွင်းရှိ မူလတာအိုသခင်နှင့် အပြန်အလှန် ပဲ့တင်ထပ်နိုင်စွမ်း ရှိနေ၏။ မူလဉသျှောင်နဂါးနှင့် မူလဘိုးဘေးနဂါးတို့နှင့် နှိုင်းယှဉ်လျှင် သူတို့၏ ပေါင်းစပ်မှုမှာ ပို၍ နက်နဲ၏။ သူတို့သည် စကြာဝဠာတစ်ခုလုံးတွင် အပြည့်စုံဆုံး အတွဲအဖက် ဖြစ်လာခဲ့ပြီဟု ပြောနိုင်ပေသည်။
ဟုန်ယွိသည် လှည့်ကြည့်လိုက်ရာ ဟုန်ရွှန်ကျိသည် မိုးကြိုးပင်လယ်ပေါ်တွင် ရပ်နေသည် ကို မြင်လိုက်ရသည်။
ဟုန်ရွှန်ကျိသည် ချုပ်နှောင်မှုမှ လွတ်မြောက်လာပြီးနောက် အရာအားလုံးကို မြင်တွေ့ခဲ့ ရသည်။ သို့သော် သူသည် မည်မျှပင် အစွမ်းထက်ပါစေ ဤအရာကို မတားဆီးနိုင်ကြောင်း သူ၏နှလုံးသားထဲတွင် သိမြင်နေခဲ့သည်။ သူ လုပ်နိုင်သည်မှာ တိတ်ဆိတ်စွာနှင့် အေးစက် စွာ စောင့်ကြည့်နေရန်သာ ရှိတော့သည်။
…
"သားမိုက်မဲ... မင်းက ဒီလိုလုပ်ရုံနဲ့ ငါ့ကို အညံ့ခံလာအောင် လုပ်နိုင်မယ်လို့ ထင်နေတာ လား။ အဲဒါက မဖြစ်နိုင်ဘူး၊ မင်း ငါ့သားဖြစ်ခဲ့တာ ဒီလောက်ကြာပြီပဲ၊ ငါ့ပင်ကိုစရိုက်ကို မင်း မသိသေးဘူးလား။ ဒါ့အပြင် မင်း ငါ့ကို ဒီနေရာမှာပဲ ပိတ်လှောင်ထားနိုင်တာ။ ငါ့ကို သတ်ချင်ရင်တော့ မင်း လုပ်နိုင်မှာ မဟုတ်ဘူး။ အသွင်မျိုးစုံပြောင်းလဲခြင်း နတ်ဘုရား တန်ခိုးစွမ်းအားကို ကျင့်ကြံထားတဲ့လူကို သတ်ဖို့ဆိုတာ မလွယ်ကူဘူး။ ပြီးတော့ ငါဟာ နောက်ထပ် နက်နဲတဲ့ နိယာမတစ်ခုကိုလည်း နားလည်သွားပြီ။ မကြာခင်မှာပဲ ငါ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်လိမ့်မယ်။ တကယ်လို့ မင်း ကြောက်နေတယ် ဆိုရင် အခုချက်ချင်း ငါ့ကို သတ်လိုက်ပေါ့။ မင်း တကယ် လုပ်နိုင်မလားဆိုတာ ကြည့်ကြ သေးတာပေါ့"
ဟုန်ယွိ၏ စကားကို ကြားသောအခါ ဟုန်ရွှန်ကျိ၏ မျက်နှာမှာ အေးစက်မြဲ အေးစက်နေဆဲ ဖြစ်သည်။ သူသည် မိမိကိုယ်ကိုယ် ဘေးကင်းလုံခြုံမှုအတွက် ဂရုမစိုက်သကဲ့သို့ ရှိနေသလို၊ မည်သည့်အရာကိုမျှ မကြောက်ရွံ့သကဲ့သို့လည်း ရှိနေသည်။ သူသည် အရာရာကို လက်လျှော့လိုက်သည့် အမူအရာမျိုးလည်း ပေါက်နေ၏။ ထိုအချိန်တွင် သူ ဘာတွေးနေ သည်ကို မည်သူမျှ မသိနိုင်ပေ။
"ဟုန်ရွှန်ကျိ... အိုး ဟုန်ရွှန်ကျိ။ အဖေလည်း ကျွန်တော့်ကို အခုထိ နားမလည်သေးဘူးလား၊ ကျွန်တော် ဒီလောက်အထိ ကြိုးစားပြီး အတုမဲ့ နတ်ဘုရားတန်ခိုးစွမ်းအားတွေကို ကျင့်ကြံ ခဲ့တာဟာ အဖေနဲ့ တန်းတူရပ်တည်ပြီး စကားပြောနိုင်ဖို့အတွက်ပဲ" ဟုန်ယွိက မရည်ရွယ် ဘဲ ရယ်မောလိုက်သည်။ "အခု ကျွန်တော်က အနိုင်ရသူ ဖြစ်နေပြီဆိုတော့ အဖေ့အနေနဲ့ ကျွန်တော့်ရှေ့မှာ ဒီလိုမျက်နှာမျိုး ထားနေစရာ မလိုတော့ပါဘူး"
စကားပြောနေရင်း ဟုန်ယွိက သူ၏လက်ကို လှန်လိုက်သည်။ ရုတ်တရက် တောက်ပပြီး ကြည်လင်နေသော ကျောက်စိမ်းအိုးလေးတစ်လုံး သူ၏လက်ထဲတွင် ပေါ်လာခဲ့၏။ ကျောက်စိမ်းအိုးအတွင်း၌ ပြာနှမ်းနှမ်း အရိုးပြာများ ရှိနေ၏။ သူက လက်ကို လေထဲသို့ ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ၊ ထိုက်ကျိ မိုးကြိုးရေကန် အတွင်းရှိ မိုးကြိုးအရည်များ မြင့်တက်လာပြီး ယဇ်ပလ္လင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူက ကျောက်စိမ်းအိုးကို ထိုပလ္လင်ပေါ်သို့ တင်လိုက်လေသည်။
ဟုန်ရွှန်ကျိက ကျောက်စိမ်းအိုးအတွင်းရှိ အရိုးပြာများကို ကြည့်လိုက်သည်။ သူ၏ မျက်မှောင်မှာ အနည်းငယ် လှုပ်ရှားသွားသော်လည်း မျက်နှာမှာမူ မည်သည့် ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။
"အဖေ... ဒါဟာ ကျွန်တော့်အမေ မန်ပိုင်ယွန်ရဲ့ အရိုးပြာတွေပဲ။ အမေဟာ သူမ တစ်ဘဝ လုံးကို မှားယွင်းတဲ့လူဆီမှာ ပုံအပ်ခဲ့မိတယ်... အမေ၊ အခုချိန်မှာ အမေရော နောင်တရနေ မလား ကျွန်တော် သိချင်မိတယ်။ ကံမကောင်းတာက ကျွန်တော့်မှာ အတုမဲ့ နတ်ဘုရား တန်ခိုးစွမ်းအားတွေ ရှိနေပေမဲ့ အချိန်ကို နောက်ပြန်လှည့်ပြီး အတိတ်ကို မပြောင်းလဲနိုင်ခဲ့ ဘူး။ မဟုတ်ရင်တော့ ဒီနေ့ ဟုန်ရွှန်ကျိရဲ့ ရှေ့မှာ အမေ့ကို ကျွန်တော် မေးကြည့်ချင်တယ်။ သိုင်းတာအိုရဲ့ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်တော့မယ့် ကိုယ်ကျင့်တရား ကင်းမဲ့ပြီး ရက်စက်လှတဲ့ ဒီကျင့်ကြံသူကြီးကို ရွေးချယ်မိခဲ့တာ နောင်တရလား ဆိုတာကို ပေါ့။” ဟုန်ယွိက အရိုးပြာများကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"သားမိုက်... မင်းအမေသာ ပြန်နိုးထလာရင် မင်းကို ပါးနှစ်ချက်လောက် ရိုက်လိမ့်မယ်" ဟုန်ရွှန်ကျိက အေးစက်စွာ ဆိုသည်။ "မင်းဟာ နန်းလုဖို့ ကြံစည်ခဲ့တယ်၊ ဧကရာဇ်ကို ထွက်ပြေးအောင် ဖိအားပေးခဲ့တယ်၊ အဖေကို အကျဉ်းချထားပြီး လူသားတွေရဲ့ ကြီးမြတ် တဲ့ ကျင့်ဝတ်တာအိုကို ပြောင်းပြန်လှန်ပစ်ခဲ့တယ်။ မင်းကို တိရစ္ဆာန်လို့တောင် ခေါ်လို့ရ တယ်။ မင်းကိုယ်မင်း ဘယ်လိုလုပ် သူတော်စင်လို့ ခေါ်ဝံ့တာလဲ။ ပြီးတော့ မင်းကိုယ်မင်း 'ယွိ' လို့ ခေါ်သေးတယ်ပေါ့။ မန်ပိုင်ယွန်၊ မန်ပိုင်ယွန်... မင်းသားကို ကြည့်လိုက်ပါဦး၊ သူ ဘာဖြစ်သွားပြီလဲဆိုတာ၊ သူဟာ အနှစ်တစ်သောင်းအထိ နာမည်ဆိုး အမည်းစက်ကြီးနဲ့ ကျန်ရစ်လိမ့်မယ်။ မင်းတောင်မှ ဒီအမည်းစက်ကို အတူတူ ထမ်းပိုးရလိမ့်မယ်။ ငါ မင်းအတွက် တကယ် စိတ်မကောင်းပါဘူး။ ဒီလို အသိအလိမ္မာကင်းတဲ့ သားမိုက်မျိုးကို မင်း ဘာလို့ 'ယွိ' လို့ နာမည်ပေးခဲ့တာလဲ။ ဘာလို့ သူ့ကို မဟာကမ္ဘာလောကရဲ့ ကံကြမ္မာကို လုယူပြီး မိစ္ဆာခေါင်းဆောင် ဖြစ်လာအောင် လွှတ်ထားခဲ့တာလဲ"
"ဟဲဟဲ... ဟဲဟဲ..." ဟုန်ရွှန်ကျိ၏ စကားကို ကြားသောအခါ ဟုန်ယွိသည် အနည်းငယ်မျှ ဒေါသထွက်မသွားဘဲ၊ မျက်ရည်များ ထွက်လာသည်အထိ အားရပါးရ ရယ်မောလိုက်သည်။ သူ အလွန်အမင်း ပျော်ရွှင်နေပုံရ၏။ "လောကမှာရှိတဲ့ လူတိုင်းက 'ယွိ' ကို နားလည်ကြ တယ်၊ လူတိုင်းက 'ယွိ' ကို ရိုသေကြတယ်၊ လူတိုင်းက 'ယွိ' ကို လေးစားကြတယ်။ ပြည်သူတွေရဲ့ ဆန္ဒဟာ ကောင်းကင်ဘုံရဲ့ ဆန္ဒပဲ၊ ကျွန်တော်ဟာ လောကမှာရှိတဲ့ လူတိုင်း ရဲ့ ထောက်ခံမှုကို ရရှိထားပြီ။ အဖေ... အဖေက ဘယ်လောက်တောင် မောက်မာခဲ့လဲ။ လောကမှာရှိတဲ့ လူတိုင်းရဲ့ ထင်မြင်ချက်ကိုတောင် ဆန့်ကျင်ရဲတယ်ပေါ့"
"လောကကြီးကလူတွေ ရိုသေတာက 'ယွိ' ကိုပဲ၊ မင်းကို မဟုတ်ဘူး" ဟုန်ရွှန်ကျိက အေးစက်စွာ ဆိုသည်။
"ကျွန်တော်ဟာ 'ယွိ' ပဲ။ 'ယွိ' ကလည်း ကျွန်တော်ပဲလေ။ ကျွန်တော်တို့ကြားမှာ ဘာကွဲပြားမှုမှ မရှိဘူး။ ကျွန်တော်ဟာ လောကမှာရှိတဲ့ လူတိုင်းကို ပျံသန်းနေတဲ့ နဂါးတွေ လို ကောင်းကင်မှာ လွတ်လပ်စွာ ပျံသန်းစေချင်တယ်။ 'ယွိ' ကလည်း လောကမှာရှိတဲ့ လူတိုင်းကို ဒုက္ခပင်လယ်ထဲကနေ လွတ်မြောက်ပြီး ပါရမီတ နိဗ္ဗာနတဖက်ကမ်းခြေကို ရောက်စေချင်တာ။ ကျွန်တော် လုပ်ခဲ့သမျှ အရာအားလုံးဟာ ဘယ်တော့မှ မပြောင်းလဲခဲ့ ဘူး။ မင်းသားယု နန်းတက်ပြီးတာနဲ့ အရာအားလုံး စတင်တော့မယ်။ အဖေ မြင်ရပါလိမ့် မယ်။ အဖေ မြင်ရမှာပါ" ဟုန်ယွိက ရယ်မောလျက် ခံ့ညားစွာ ရပ်နေလေသည်။ "အမှန်တိုင်း ပြောရရင် ကျွန်တော် အဖေ့ကို မသတ်ချင်ပါဘူး။ အဖေ ဒီအဆင့်အထိ ကျင့်ကြံနိုင်ဖို့ မလွယ်ကူဘူးဆိုတာ ကျွန်တော် သိတယ်။ အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်၊ ခန္ဓာကိုယ်ရဲ့ အဆုံးမဲ့ ပြောင်းလဲခြင်းဆိုတာ ရှေးခေတ်ကနေ အခုအထိ ဒီလိုလုပ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိခဲ့တာ။ အခု ကျွန်တော် လိုချင်တာကတော့ အဖေအနေနဲ့ ကျွန်တော့်အမေ့ ရဲ့ အရိုးပြာရှေ့မှာ ဒူးထောက်အရိုအသေပြုဖို့ပဲ။ 'ငါ မှားသွားပါတယ်' လို့ ကျယ်ကျယ်လေး တောင်းပန်စကား ပြောလိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ကြားက အာဃာတအားလုံးကို အပြီးသတ် ဖျက်သိမ်းပေးမယ်။ အဖေလည်း အခုချက်ချင်း သူတော်စင်ပေါင်းစုံခန်းမကနေ ထွက်သွားလို့ရတယ်။ လောကထဲမှာ အဖေ ဘာလုပ်လုပ် ကျွန်တော် ခွင့်ပြုပေးမယ်"
"အို… သားမိုက်... ငါသာ ထွက်သွားရင် လောကရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပြီး မင်းလို သစ္စာဖောက်ကို မြေမြှုပ်စရာ နေရာမရှိအောင် လုပ်ပစ်မှာကို မင်းမကြောက်ဘူး လား" ဟုန်ရွှန်ကျိ၏ မျက်နှာတွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။
"အဖေတို့ အထွတ်အထိပ် ရောက်နေချိန်မှာတောင် ကျွန်တော်က အဖေ့ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဧကရာဇ်ယန်ဖန်ကို အနိုင်ယူနိုင်ခဲ့တာပဲ။ အဖေတို့ ပြန်လာမှာကို ကျွန်တော် ဘာလို့ ကြောက်နေရမှာလဲ" ဟုန်ယွိက ဟုန်ရွှန်ကျိကို အေးစက်စွာ ကြည့်လိုက်သည်။ "အမေ့ရဲ့ အရိုးပြာရှေ့မှာ တောင်းပန်ပါ၊ ဒူးထောက်ပါ။ ဒါဆိုရင် ချက်ချင်း ထွက်သွားလို့ရမယ်။ ကျွန်တော် အဖေ့ကို အခက်အခဲ မဖြစ်စေပါဘူး။ အနာဂတ်မှာ အဖေ ဒုက္ခပေးလာရင် တောင် ကျွန်တော် အဖေ့ကို ပြန်ပြီး ပိတ်လှောင်နိုင်ပါသေးတယ်။ ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်တော့ရော ဘာဖြစ်လဲ။ အတိတ်က ရှေးဦးခေတ် နတ်ဘုရားဘုရင် ငါးပါး အထွတ်အထိပ်မှာ ရှိနေစဉ်က သူတို့တစ်ပါးစီဟာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့် ပညာရှင်တွေနဲ့ တန်းတူပဲလေ။ ဒါပေမဲ့ သူတို့အားလုံး မဟာဧကရာဇ်ချန်ရှန်းက ပိတ်လှောင်ခဲ့တာပဲ မဟုတ်လား"
"မင်းကိုယ်မင်း မဟာဧကရာဇ်ချန်ရှန်းနဲ့ နှိုင်းယှဉ်နေတာလား။ ဘယ်လောက်တောင် မောက်မာလိုက်လဲ" ဟုန်ရွှန်ကျိက လှောင်ပြောင်လျက် ဆိုသည်။ "ဒါပေမဲ့ ငါက ဧကရာဇ် ကလွဲရင် ဘယ်သူ့ကိုမှ ဒူးမထောက်ဘူး၊ မန်ပိုင်ယွန်ဆိုရင် ပိုတောင် မဖြစ်နိုင်သေးတယ်။ မန်ပိုင်ယွန် အသက်ရှင်နေရင်တောင် သူမကပဲ ငါ့ကို ဒူးထောက်ရမှာ။ ဒါက လောကရဲ့ နိယာမပဲ။ မင်းက ငါ့ကို ဒူးထောက်တောင်းပန်ခိုင်းတယ် ဟုတ်လား။ ဟားဟားဟား... မန်ပိုင်ယွန်ဆိုတာ ငါ့ရဲ့ ကိုယ်လုပ်တော်ပဲ။ ငါ မှားခဲ့ရင်တောင် သူမက တိတ်တိတ်လေး ခံစားရမှာပဲ။ တကယ်လို့ ငါ သူမကို တောင်းပန်လိုက်ရင် အဲဒါ သူမအပြစ် ဖြစ်သွားလိမ့် မယ်"
"အော်" ဟုန်ယွိက ခေါင်းယမ်းလိုက်သည်။ "ဒါဆိုရင် အဖေ့ကို ဟုန်မိသားစုဝင်တွေနဲ့ မဒမ်ကျောက်တို့ဆီ ခေါ်သွားပေးမယ်။ အဖေ့ရဲ့စိတ်ကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ တကယ်လို့ မပြောင်းလဲဘူးဆိုရင်တော့ ကျွန်တော့်ကို အပြစ်မတင်ပါနဲ့။ အဖေ့ရဲ့ သိုင်းပညာတွေဟာ ကျွန်တော့်အမေဆီက လာတာပဲ။ အဲဒါတွေ ကို အမေ့အတွက် ကျွန်တော် ပြန်သိမ်းရလိမ့်မယ်။ အဲဒီနောက်မှာလည်း အဖေ့အနေနဲ့ အခုလိုပဲ ကြံ့ကြံ့ခံနိုင်ပါဦးမလားဆိုတာ ကျွန်တော် ကြည့်ချင်သေးတယ်။"