အခန်း (၇၃၇-၇၃၈)
Vol. 71 Ch. 737-738
အခန်း (၇၃၇)။
ဟုန်ယွိသည် “ကောင်းကင်အကျဉ်းထောင်” မှ သူ၏ အခြေစိုက်စခန်းဖြစ်သော ကျိုးယိ အကယ်ဒမီ သို့ ချက်ချင်းပင် တည်နေရာ ကူးပြောင်းသွားခဲ့သည်။
ကျိုးယိအကယ်ဒမီ၏ အလယ်ဗဟိုရှိ ပြောင်းလဲခြင်းမျှော်စင် ပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်လျှင် တောင်တန်းများနှင့် မြစ်ချောင်းများအားလုံးကို ကွင်းကွင်းကွက်ကွက် မြင်တွေ့ရ၏။ ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်ကို ဝိုင်းရံပိတ်ဆို့ပြီး အောင်မြင်မှုရရှိခဲ့ပြီး ကတည်းက ကျိုးယိအကယ်ဒမီသည် လောက၌ အမှန်တရားလမ်းစဉ်၏ ခေါင်းဆောင်နှင့် နံပါတ်တစ် စာသင်ကျောင်း ဖြစ်လာခဲ့သည်။
ယခင်က ဒိုင်ဇင်ဘုရားကျောင်းနှင့် တိုင်ရှန်တာအိုဂိုဏ်းတို့ထက်ပင် များစွာ သာလွန်သွားခဲ့ ပြီ။
အတိတ်က ဒိုင်ဇင်ဘုရားကျောင်းပင်လျှင် အင်အားအထွတ်အထိပ်သို့ ရောက်နေသော မင်းဆက်တစ်ခုအတွင်း၌ အာဏာသိမ်းမှုကို မလုပ်ဆောင်နိုင်ခဲ့သလို၊ တိုင်ရှန်တာအို ဂိုဏ်း သည်လည်း မည်မျှပင် အစွမ်းထက်စေကာမူ ဧကရာဇ်ကို လုပ်ကြံရန်သာ တတ်နိုင်ခဲ့ပြီး အတိအလင်း ဆန့်ကျင်နိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့်ပင် ပြောင်းလဲခြင်းမျှော်စင်ကို ပို၍ မြင့်သည်ထက် မြင့်အောင် တည်ဆောက် ထားခြင်း ဖြစ်သည်။ ဤဝက်လအတွင်း၌ မင်းသားယုသည် သူ၏မျက်နှာသာပေးမှု၊ ဂုဏ်ကျက်သရေနှင့် သူတော်စင်တစ်ဦး၏ အရှိန်အဝါကို ပြသရန်အတွက် ပြောင်းလဲခြင်း မျှော်စင်၏ အမြင့်ကို တိုးမြှင့်ရန် အမိန့်ဒီကရီများကို ဆက်တိုက်ထုတ်ပြန်ခဲ့သည်။ ယခုအခါ ပြောင်းလဲခြင်းမျှော်စင်သည် တော်ဝင်မြို့တော်ထက် များစွာမြင့်မားနေပြီ ဖြစ်သည်။ ၎င်းသည် ကောင်းကင်ယံကို ထိုးဖောက်နေသည့် ဓားတစ်လက်ကဲ့သို့၊ ကောင်းကင် တစ်ခု လုံးကို ထောက်မထားသည့် ကောင်းကင်တိုင်လုံးကြီးနှင့်လည်း တူလှသည်။
သံသယဖြစ်ဖွယ်မရှိဘဲ ပြောင်းလဲခြင်းမျှော်စင်သည် ယခုအခါ ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာခဲ့ပြီ။
ရှေ့လျှောက်ရမည့် နေ့ရက်များတွင် ဟုန်ယွိလုပ်ဆောင်ရမည့် တစ်ခုတည်းသောအရာမှာ ဤအဆောက်အအုံ၏ အထွတ်အထိပ်တွင် ဟုန်ရွှန်ကျိ၏ သိုင်းပညာများကို ဖျက်ဆီးပစ် ရန်ပင်။ ထို့နောက် သူ၏ လျှို့ဝှက်နက်နဲသော နတ်ဘုရားတန်ခိုး စွမ်းအားများနှင့် ကျယ်ပြောလှသော သွေးစွမ်းအင်များကို အသုံးပြု၍ အနာဂတ်တွင် မဟာကမ္ဘာလောကကို လာရောက်တိုက်ခိုက်မည့် ဗဟိုကမ္ဘာ၏ရန်ကို ခုခံရန်အတွက် ကျွမ်းကျင်သူအများအပြား ကို ဖန်တီးပေးရမည်။
ဟုန်ရွှန်ကျိ၏ လျှို့ဝှက်နက်နဲသော နတ်ဘုရားတန်ခိုး စွမ်းအားများမှာ ယခုအခါ မည်မျှ အထိ အစွမ်းထက်နေပြီနည်း။ သူ၏ သွေးစွမ်းအင်များကရော မည်မျှအထိ ကျယ်ပြောနေ ပြီနည်း။ မည်သူမျှ တိတိကျကျ မပြောနိုင်ချေ။ မူလဉသျှောင်နဂါး၊ မူလဘိုးဘေးနဂါး ရှေးဦးမူလနဂါးနှစ်ကောင် ပေါင်းစပ်ထားသည့် တန်ခိုးအရှိန်အဝါကပင် သူ၏ သွေးစွမ်းအင် များဖြင့် အထွတ်အထိပ် လူသားအင်မော်တယ် သုံးလေးယောက်ကို ဖန်တီးရန် လုံလောက် သည်။
ဂွန်ယန်ယုသည် အထွတ်အထိပ် လူသားအင်မော်တယ် ဖြစ်လာရန် တစ်လှမ်းသာ လိုတော့ သော်လည်း၊ ဟုန်ယွိအနေဖြင့် သူ့ကို အတင်းအကျပ် မြှင့်တင်ပေးရန် သူ၏ သွေးစွမ်းအင် များကို အမြောက်အမြား အသုံးပြုရမည် ဖြစ်သည်။ သို့သော် ဟုန်ရွှန်ကျိ၏ သွေးစွမ်းအင် ဖြင့်ဆိုပါက များစွာ ပိုမိုလွယ်ကူသွားပေမည်။
သို့သော်လည်း အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိထားကာ တစ်လောကလုံး နှင့် ရင်ဆိုင်နိုင်သော ထူးကဲသည့် နတ်ဘုရားတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသူတစ်ဦးကို သန့်စင်ရန်၊ သူ၏သိုင်းပညာများကို အတင်းအကျပ် ဖျက်ဆီးရန်နှင့် သူ၏နတ်ဘုရား တန်ခိုးစွမ်းအားများကို သိမ်းယူရန်မှာ တကယ်တမ်းတွင် မလွယ်ကူလှပေ။ ထိုအခက်ခဲမှာ နတ်ဘုရားဘုရင် ငါးပါးကို သန့်စင်ရသည်ထက်ပင် မသာလွန်ပါက မလျော့နည်းသော ခက်ခဲမှုမျိုးပင် ဖြစ်သည်။
ရှေးဦးခေတ်က နတ်ဘုရားဘုရင် ငါးပါးဖြစ်သော အင်မော်တယ် နတ်ဘုရားဘုရင်၊ အသက်ချွေ နတ်ဘုရားဘုရင်၊ အနန္တထိတ်လန့်ခြင်းနတ်ဘုရားဘုရင်၊ မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်နှင့် ကော့လီနတ်ဘုရားဘုရင်တို့ကို သန့်စင်ရန်အတွက် မဟာဧကရာဇ် ချန်ရှန်းသည် စွမ်းအင်အမြောက်အမြား အသုံးပြုခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ယခုအခါ ဟုန်ရွှန်ကျိသည် ရှေးဦးခေတ်၏ အထွတ်အထိပ်တွင် ရှိခဲ့သော နတ်ဘုရားဘုရင် တစ်ပါး၏ စွမ်းအား ၉၀ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။ ဟုန်ယွိတွင် မဟာဧကရာဇ် ချန်ရှန်းကဲ့သို့ စွမ်းရည်မျိုး မရှိသေးသဖြင့် သူ့ကို သန့်စင်ရန်မှာ အလွန်ပင် ခက်ခဲလိမ့်မည်။
ထိုအချက်ကြောင့်ပင် ဟုန်ရွှန်ကျိက မကြောက်မရွံ့ ဖြစ်နေခြင်းဖြစ်သည်။
အမှန်တကယ်ပင် အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့် ပညာရှင်တစ်ဦးကို ချိတ်ပိတ် ဖိနှိပ် ထား၍ ရနိုင်သော်လည်း၊ ၎င်းကို သန့်စင်ရန်မှာ လက်တွေ့တွင် မဖြစ်နိုင်သလောက်ပင်။ ၎င်းမှာ မသေနိုင်၊ မပျက်စီးနိုင်ဘဲ ထာဝရ တည်တံ့နေနိုင်ခြင်းပင်။
ဝိန်း... ဝိန်း... ဝိန်း...
ပြောင်းလဲခြင်းမျှော်စင်၏ အမြင့်ဆုံးထပ်ကို ဟုန်ယွိသည် သူ၏ မဟာနတ်ဘုရားတန်ခိုး တော်နှင့် ရှေးဦးခေတ် နတ်ဘုရားသတ္တုများ၊ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းအတွင်းမှ ဥက္ကာခဲကြီးများကို သန့်စင်အသုံးပြုကာ အလွန် ခိုင်မာအောင် တည်ဆောက်ထားသည်။ ကောင်းကင်ဘုံ ကိုးဆင့်လေပြင်းများပင် မျှော်စင်ကို မလွင့်စင်စေနိုင်သလို၊ အနည်းငယ်မျှ ပင် မလှုပ်ခတ်စေနိုင်ချေ။ ထိုမျှော်စင်၏အတွင်း၌ တော်ဝင်ချန် မင်းဆက်၏ နေရာအနှံ့ အပြားသို့ ဦးတည်နိုင်သော ဖုံးကွယ်ထားသည့် ဖရိုဖရဲလေဟာနယ်-အချိန်နေရာ များစွာ ရှိနေသည်။ ပြောင်းလဲခြင်းမျှော်စင်သည် သူတော်စင်ပေါင်းစုံခန်းမနှင့်လည်း ဆက်သွယ် ထားပြီး ကျောက်စိမ်းမြို့တော်တစ်ခုလုံးကို အဝေးမှနေ၍ ထိန်းချုပ်နိုင်သည်။
ပြောင်းလဲခြင်းမျှော်စင်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသောအခါ၊ ဟုန်ယွိသည် ရှေးဦးနတ်ဘုရားအစီအရင် ရှစ်ဆယ့်တစ်မျိုးကို ချက်ချင်းပင် ချမှတ်လိုက်ပြီးနောက် သူတော်စင်ပေါင်းစုံခန်းမ အစီအရင်များ၏ ဗဟိုချက်သို့ ပျံသန်းစေခဲ့သည်။ ဟုန်ရွှန်ကျိကို သူတော်စင်ပေါင်းစုံခန်းမက ချုပ်နှောင်ထားပြီး အစီအရင်များအတွင်း၌ ဖိနှိပ်ထားသည်ကို ဝေဝါးစွာ မြင်တွေ့နိုင်သည်။ သူသည် လည်ပတ်နေသော လေဟာနယ်-အချိန် နေရာ တစ်ခု ၏ နက်ရှိုင်းသောနေရာတွင် တင်ပျဉ်ခွေထိုင်နေပြီး သူ့မျက်နှာတွင် မာန်မာန ထောင်လွှား မှုများ၊ လှောင်ပြောင်မှုများ ပြည့်နှက်နေ၏။
"မင်းက ငါ့သိုင်းပညာတွေကို ပြန်ရုတ်သိမ်းချင်တာလား။ မင်း လုပ်ရောလုပ်နိုင်လို့လား။ ငါ့ရဲ့ လက်ရှိ နတ်ဘုရားတန်ခိုးစွမ်းအားတွေက ရှေးဦးနတ်ဘုရားဘုရင်တွေနဲ့ အဆင့်တူနေ ပြီ။ အဲဒီတုန်းက နတ်ဘုရားဘုရင် ငါးပါးကို သန့်စင်ဖို့အတွက် ဧကရာဇ် ချန်ရှန်းဟာ အင်မော်တယ် ကျောက်စာတိုင်ကို ဖန်တီးခဲ့ပြီး သူတို့ကို နှစ်ပေါင်းသောင်းနဲ့ချီပြီး ချုပ်နှောင်ထားခဲ့တယ်။ အခုတော့ ဧကရာဇ် ချန်ရှန်းကိုယ်တိုင်တောင် သူ့ သက်တမ်း ကုန်ဆုံးပြီး ဒီလောကနေ သေဆုံးသွားခဲ့ပြီ။ မင်းကိုယ်မင်း ဧကရာဇ် ချန်ရှန်းထက် ပိုစွမ်း တယ်လို့ တကယ်ပဲ ထင်နေတာလား"
ဟုန်ရွှန်ကျိက လှောင်ပြောင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ရုတ်တရက် အလင်းရောင်ဝန်းများ ပေါ်လာပြီး သူ၏ သွေးစွမ်းအင်များနှင့် စိတ်အာရုံတို့ကို ယိုစိမ့်မှုမရှိ အောင် တင်းတင်းကျပ်ကျပ် ချိတ်ပိတ်ထားလိုက်သည်။
သူ၏ ပတ်လည်တွင် လည်ပတ်နေသော လေဟာနယ်-အချိန်နေရာသည် သူ့ပတ်ဝန်းကျင် ရှိ သွေးစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေ၏။ သို့သော် တစ်မျှင်ချင်းစီ ထုတ်ယူရန် ကြိုးစားသော်လည်း၊ တစ်စက်မျှပင် စုပ်ယူနိုင်ခြင်း မရှိချေ။
ထိုသို့ဖြင့် ဟုန်ရွှန်ကျိသည် သူ၏ သွေးစွမ်းအင်များကို ချိတ်ပိတ်ကာ ဘောလုံးတစ်လုံး ကဲ့သို့ ဖိသိပ်ထားသဖြင့် ဟုန်ယွိ၏ အစီအရင်က ၎င်းတို့ကို ထုတ်ယူနိုင်စွမ်း မရှိတော့ပေ။
"ဖန်ဆင်းခြင်း ချိတ်ပိတ်ပညာရပ်လား။ နတ်ဘုရားခြောက်ပါး ဖိနှိပ်ခြင်းပညာ။ မွေးရာပါ အနှစ်သာရ တည်ငြိမ်ခြင်းပညာ။ ယန်ငါးပါး နဂါးပွေ့ဖက်ခြင်းပညာ။... ကောင်းလိုက်တဲ့ အကွက်တွေပဲ၊ တကယ့်ကို ကောင်းတယ်။ အဖေက ရှေးဦးနတ်ဘုရားလမ်းစဉ်ရဲ့ လျှို့ဝှက် နည်းစနစ်တွေ ဒီလောက်အများကြီးကို ကျွမ်းကျင်နေလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ ဘူး။ ကိုယ့်ခန္ဓာကိုယ်ထဲက သွေးစွမ်းအင်အားလုံးကို ယိုစိမ့်မသွားအောင် ချိတ်ပိတ်ထားနိုင် တာ၊ ဒီနည်းစနစ်တွေရဲ့ ပြောင်မြောက်မှုက တကယ့်ကို ရှေးဦးခေတ် နတ်ဘုရားဘုရင် ငါးပါးနဲ့ မခြားနားဘူးပဲ”
ဟုန်ယွိက ဟုန်ရွှန်ကျိကို မည်သည့်ခံစားချက် အမူအရာမရှိဘဲ ကြည့်လိုက်ပြီး၊ သူ၏ လက်ချောင်းများကို ဖြန့်လိုက်ရာ သူတော်စင်ပေါင်းစုံခန်းမ၏ အနာဂတ်သခင် 'ရှီ' က လည်ပတ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုက်ကျိမိုးကြိုးရေကန်၏ နက်ရှိုင်းသော နေရာတွင် ရှိနေသော 'မူလာတာအိုသခင်' ကလည်း မိုးကြိုးရေကန်၏ စွမ်းအားကို အသက် သွင်းလိုက်သည်။
"မိုးကြိုးအစုအဝေး စုပ်ယူခြင်း။ အနန္တမိုးကြိုးသံကြိုး၊ ရှေးဦးဝိညာဉ် စုပ်ယူခြင်းပညာရပ်"
မူလတာအိုသခင်က ပြောလိုက်သည်နှင့် ထိုက်ကျိမိုးကြိုးရေကန်ထဲမှ မိုးကြိုးသံကြိုး ၁၁၉၇ ချောင်း ထွက်ပေါ်လာပြီး ဟုန်ရွှန်ကျိထံသို့ ပျံသန်းသွားခဲ့သည်။ ၎င်းတို့သည် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ် ၁၁၉၇ ခုကို ပစ်မှတ်ထားကာ အတွင်းရှိ အနှစ်သာရ မူလစွမ်းအင်များနှင့် သွေးစွမ်းအင်အားလုံးကို စုပ်ယူရန် ကြိုးစားလိုက်သည်။
ဝုန်း…
မိုးကြိုးသံကြိုး ၁၁၉၇ ချောင်းသည် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ သို့သော်လည်း ဟုန်ရွှန်ကျိ၏ အပ်စိုက်မှတ်များမှာ ချိတ်ပိတ်ပြီးသား ဖြစ်နေပြီး၊ ဖွင့်၍မရ သော ဖန်တီးခြင်းတံခါးချပ်ကြီးများကဲ့သို့ ဖြစ်နေသည်။
ထိုက်ကျိမိုးကြိုးရေကန်ထဲတွင် ကျယ်ပြောလှသော ပင်လယ်ပြင်ကဲ့သို့ မိုးကြိုးရေများမှာ ရုတ်တရက် လည်ပတ်သွားပြီး ကြီးမားသော ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဝဲဂယက်၏ စွမ်းအားသည် မိုးကြိုးသံကြိုးများဆီသို့လည်း ကူးစက်သွားသည်။ မိုးကြိုး သံကြိုး ၁၁၉၇ ချောင်းသည် ဟုန်ရွှန်ကျိ၏ အပ်စိုက်မှတ် ရွှေကိုယ်ထည်ကို ထိုးဖောက်ရန် အတွက် လွန်ပူတစ်ချောင်းကဲ့သို့ ကြမ်းကြုတ်စွာ လည်ပတ်လာခဲ့၏။ ဟုန်ရွှန်ကျိ၏ အပ်စိုက်မှတ်များကိုသာ သူတို့ ထိုးဖောက်နိုင်ပါက၊ သူ့အပ်စိုက်မှတ်များ၏ ကမ္ဘာအတွင်းမှ အဆုံးမဲ့သော သွေးစွမ်းအင်များကို စုပ်ယူနိုင်လိမ့်မည်။
ဟုန်ရွှန်ကျိကို မသတ်ဘဲ သူ၏သိုင်းပညာများကို ဖျက်ဆီးကာ စွမ်းအားမဲ့သော သာမန် လူတစ်ဦးအဖြစ် ပြောင်းလဲပစ်ရန်မှာ ဤနည်းလမ်းတစ်ခုတည်းသာ ရှိသည်။ အခြား နည်းလမ်းများမှာ အားကောင်းသော်လည်း ဟုန်ရွှန်ကျိကို လုံးလုံးလျားလျား မသတ်နိုင် ချေ။
"နတ်ဘုရားဘုရင် တာအိုကိုယ်ထည်"
မိုးကြိုးသံကြိုးများက သူ၏ အပ်စိုက်မှတ်များကို ထိုးဖောက်ရန် အရှိန်အဟုန်ဖြင့် လည်ပတ်နေစဉ် ဟုန်ရွှန်ကျိ၏ မျက်နှာမှာ တည်ငြိမ်သွားပြီး သူက အော်ဟစ်ရယ်မော လိုက်သည်။ သူ၏ရယ်သံမှာ အခြားလူတစ်ယောက်၏ ရယ်သံကဲ့သို့ ဖြစ်နေပြီး ရှေးဦး ဖရိုဖရဲ အရှိန်အဝါများ ပြည့်နှက်နေ၏။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှာ ဦးချိုနှစ်ခုပါသော လူခေါင်းအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။ ခန္ဓာကိုယ်အောက်ပိုင်းမှာ နဂါးနှင့်မြွေတို့ ပေါင်းစပ်ထားသည့်ပုံစံ ဖြစ်နေပြီး လေထဲတွင် "z" (zhi) ပုံစံဖြင့် ဝဲပျံနေသည်။ သူ၏ ဦးခေါင်းပေါ်မှ ဦးချိုနှစ်ခုမှာ ရှေးဦး "တာအို" စာလုံးနှင့် များစွာ တူလှသည်။ ရှေးဦး "တာအို" စာလုံး၏ အလယ်တွင် "ဦးခေါင်း" ရှိပြီး အစက်နှစ်စက်မှာ ဦးချိုနှစ်ခုကို ကိုယ်စားပြုသည်။ ဦးခေါင်းကို ဝန်းရံ ထားသော "z" (zhi) စာလုံးမှာ လူခေါင်း၊ နဂါးနှင့် မြွေတို့ ပေါင်းစပ်ထားသည့် ခန္ဓာကိုယ်နှင့် အတိအကျပင် တူညီနေသည်။ ထိုသို့သော ခန္ဓာကိုယ်မှာ ကောင်းကင်နှင့် မြေကြီးကြား တွင် အင်အားအကြီးဆုံး တည်ရှိမှုဖြစ်ပြီး နတ်ဘုရားအားလုံးတွင် အာဏာအရှိဆုံး အင်မော်တယ်နတ်ဘုရားဘုရင်၏ ပုံစံပင် ဖြစ်သည်။ ရှေးဦးခေတ်က ‘တာအို’ ဟူသော စာလုံးကို ဖန်တီးခဲ့ကြသည့် သူတော်စင်များသည်လည်း အင်မော်တယ် နတ်ဘုရား ဘုရင်၏ ခန္ဓာကိုယ်ကို ကြည့်၍ ထိုစာလုံးကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
ဟုန်ရွှန်ကျိသည် ဤ 'လူခေါင်း၊ နဂါးနှင့်မြွေခန္ဓာ' အဖြစ်သို့ ပြောင်းလဲသွားကာ ဦးခေါင်း တွင် ဦးချိုများပါရှိနေပြီး၊ သူက "z" (zhi) ပုံစံဖြင့် လှုပ်ရှားနေစဉ်တွင် သူ၏ခန္ဓာကိုယ်မှာ ပို၍ပို၍ ဝေဝါးလာသကဲ့သို့ ဟုန်ယွိ ခံစားလိုက်ရ၏။ သူသည် ဤလောကတွင် ရှိနေသ လိုလို၊ မတည်ရှိသလိုလိုနှင့် ဖမ်းဆုပ်ရ ခက်ခဲသွားသည်။ လည်ပတ်နေသော မိုးကြိုး သံကြိုးများသည် သူ၏ တည်နေရာကို တိတိကျကျ မပစ်မှတ်နိုင်တော့ပေ။
"ပုဂ္ဂိုလ်ရေး အာဃာတတွေကို ခဏထားလိုက်ရင်၊ ဟုန်ရွှန်ကျိ... အဖေဟာ တကယ့်ကို သိုင်းလမ်းစဉ်ရဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ ပြီးတော့ ပြင်းထန်တဲ့ စိတ်ဓာတ်လည်း ရှိတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ ဖိအားအောက်မှာ အဖေ့ရဲ့ သိုင်းလမ်းစဉ်က အရမ်းကို မြန်မြန် ဆန်ဆန် တိုးတက်နေတယ်။ အခုဆိုရင် ဖခင်ဟာ ရွှီဝူယိနဲ့ တိုက်ခိုက်ရင်တောင် အသာစီး ရနိုင်သလို၊ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ကိုတောင် စတင် ထိတွေ့နေပြီပဲ။”
ဟုန်ယွိ၏ နက်ရှိုင်းသော အသံက ပဲ့တင်ထပ်လာသည်။ "ဒါပေမဲ့ အဖေ့အနေနဲ့ ဟင်းလင်းပြင် ဖျက်ဆီးခြင်းအဆင့်ကို ရောက်နေရင်တောင်၊ သိုင်းပညာတွေ ပြန်ရုတ်သိမ်း ခံရမယ့် ကံကြမ္မာကနေ မလွတ်နိုင်ပါဘူး။ အဖေက ကျွန်တော့်အမေ့ရဲ့ အရိုးပြာရှေ့မှာ နောင်တကြောင်း တောင်းပန်စကားမဆိုမချင်း အဖေ့ကို ကျွန်တော့်အမေက ပေးအပ်ခဲ့တဲ့ သိုင်းပညာတွေကို ကျွန်တော် ပြန်ရုတ်သိမ်းယူရုံပဲ ရှိတော့တယ်။ အသွင်မျိုးစုံပြောင်းလဲ ခြင်း၊ တာအိုကိုယ်ခွဲ"
ထိုသို့ပြောပြီးသည်နှင့် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ရှားသွားပြီး သူသည်လည်း ဦးချိုနှစ်ခုပါသော 'လူခေါင်း၊ နဂါးနှင့် မြွေခန္ဓာ' ရှိသည့် မိစ္ဆာနတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို တုန်လှုပ်စေလောက် သည့် ဟစ်ကြွေးသံများဖြင့် အစီအရင်အတွင်းသို့ ပျံသန်းဝင်ရောက်သွားကာ လေဟာနယ် ကို ထိုးဖောက်၍ ဟုန်ရွှန်ကျိကို တိုက်ခိုက်လိုက်လေတော့သည်။
...
ဖရိုဖရဲလေဟာနယ်-အချိန်နေရာတွင်း၏ နက်ရှိုင်းသောနေရာတွင်...။
အတိုင်းအဆမရှိသော ဟင်းလင်းပြင်ထဲတွင် ဥက္ကာခဲများနှင့် ကောင်းကင်ရတနာများစွာ ဖုံးကွယ်နေသော်လည်း၊ ကော့လီနတ်ဘုရားဘုရင်ကဲ့သို့ တည်ရှိမှုမျိုးအတွက်မူ ၎င်းတို့မှာ အဟန့်အတားတစ်ခု မဟုတ်ပေ။ ဤကမ္ဘာတွင် အန္တရာယ်အရှိဆုံး နေရာများကိုပင် သူမ သွားရောက်နိုင်သည်။
ရှူး... ရှူး... ရှူး
သူမကို ဗဟိုပြု၍ မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော အပြာနုရောင် ဝဲဂယက်ကြီးတစ်ခုက ဖရိုဖရဲ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းတွင်းထဲတွင် ပေါ်လာသည်။ ထိုဝဲဂယက်ကြီး မှာ အတိတ်က ဇမ္ဗူမဟာအစီအရင်ထက် ဆယ်ဆမျှ ပိုမိုကြီးမား၏။
ရနံ့ဥက္ကာသံ၊ နှစ်ပေါင်းသောင်းချီ ဝရဇိန်သံ၊ အင်မော်တယ်ဝိညာဉ်မှို၊ သန့်စင် လေဟာနယ် မြက်၊ ခရမ်းရောင်ချီ ဝိညာဉ်ကျောက်၊ လရောင်ကျောက်၊ ရွှေရောင်နေမင်း ပုံဆောင်ခဲ၊ လျှို့ဝှက်နဂါးငွေ၊ ဖီးနစ်မီးကျောက်၊ မွေးရာပါ ကြယ်စင်ရေ၊ ထိုင်ယိသစ်သား၊ ယန်ကိုးပါး မြေဆီ... စသည်ဖြင့် အစရှိသော အဆုံးမဲ့ ကောင်းကင်ရတနာများမှာ ကော့လီ နတ်ဘုရား ဘုရင်မ၏ လေဟာနယ်အတွင်းသို့ အဆက်မပြတ် သိမ်းဆည်းခံနေရသည်။
"ငါ လွတ်မြောက်လာကတည်းက ဘာရတနာမှ မသွန်းလုပ်ရသေးဘူး။ ဒီတစ်ခါတော့ ငါ့ ခန္ဓာကိုယ်ကို ပြန်လည်သွန်းလုပ်ပြီး ငါ့သက်တမ်းကို တိုးမြှင့်ဖို့ ကောင်းကင်ရတနာတွေ အများကြီး စုဆောင်းရမယ်။ နှစ်ပေါင်းထောင်ချီစာ ပစ္စည်းတွေကို စုဆောင်းပြီး အနာဂတ် သခင်ရဲ့ တွက်ချက်မှုစွမ်းရည် အကူအညီနဲ့ဆိုရင် ငါ ရှေးဦးခေတ်က အထွတ်အထိပ် အခြေအနေကို ပြန်ရောက်နိုင်လိမ့်မယ်" ကော့လီနတ်ဘုရားဘုရင်မက တွေးလိုက်သည်။
ထိုအချိန်တွင် ရုတ်တရက် လေဟာနယ်အတွင်း၌ ကြီးမားသော အငွေ့အသက်တစ်ခု သူမ ရှေ့မှောက်သို့ ဆင်းသက်လာခဲ့သည်။
ထိုအငွေ့အသက်အတွင်း၌ မိုင်ပေါင်းထောင်ချီ ရှည်လျားသော ဧရာမတည်ရှိမှုတစ်ခုကို သူမ ဝေဝါးစွာ မြင်လိုက်ရသည်။
ထိုတည်ရှိမူကြီး၏ ဦးခေါင်းတစ်ခုတည်းကပင် ကျောက်စိမ်းမြို့တော်ပမာဏလောက် ကြီးမားသည်။
ဤတည်ရှိမှုမှာ သူမ၏ရှေ့တွင် ရှိနေသကဲ့သို့ဖြစ်သော်လည်း၊ မိုင်ပေါင်းကုဋေချီဝေးသော ကြယ်တစ်လုံးပေါ်တွင် အခြေချနေသကဲ့သို့လည်း ဖြစ်နေသည်။ ၎င်း၏ မျက်လုံးနှစ်လုံးမှာ အဆုံးမဲ့ လေဟာနယ်ကို ထိုးဖောက်ကာ သူမကို စိုက်ကြည့်နေ၏။
"အင်မော်တယ်ဘုရင်၊ ခေါင်းဆောင်" ကော့လီနတ်ဘုရားဘုရင်မ ထိတ်လန့်သွားခဲ့သည်။
"ဟုတ်တယ်... ငါပဲ။ ငါ ချိတ်ပိတ်မှုကနေ ရုန်းထွက်နိုင်ခဲ့ပြီ" ထိုကြီးမားသော တည်ရှိမှုကြီး က သူမ စိတ်အာရုံထဲသို့ အသံလှိုင်းများ ပို့လွှတ်လိုက်သည်။ "မဟာကမ္ဘာလောကထဲမှာ တစ်ယောက်ယောက်က ငါ့ရဲ့အသွေးအသားစတွေကို ဝါးမြိုခဲ့တယ်။ သူ့နာမည်က ဟုန်ရွှန်ကျိတဲ့။ သူက ငါ့လူပြန်ဝင်စား ဆက်ခံသူဖြစ်ဖို့ အရမ်းကို သင့်တော်တယ်။ သူ့ရဲ့ စရိုက်ကလည်း ငါနဲ့ အရမ်းတူတယ်။ အခု ငါ သူ့ကို သွားရှာချင်တယ်"
အခန်း (၇၃၈)။
အင်မော်တယ်နတ်ဘုရားဘုရင်၏ အစစ်အမှန် ခန္ဓာကိုယ်မှာ ကြယ်တာရာဂလက်ဆီ အတွင်း၌ ကိန်းအောင်းနေသည့် ဧရာမ လေဟာနယ်မြွေကြီးတစ်ကောင် ဖြစ်ပြီး၊ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းနှင့် မိုင်ပေါင်းကုဋေချီ ဝေးကွာသော ဂြိုဟ်တစ်လုံး ပေါ်တွင် တည်ရှိ၏။ သူ၏ တည်ရှိမှုက စကြဝဠာ၏ ဗဟိုချက်ရှိ ဧရာမ "တာအို" စာလုံးကြီး တစ်ခုနှင့် တူလှပြီး စကြဝဠာ၏ လျှို့ဝှက်ချက်များ၊ တာအို၏ နက်နဲမှုများနှင့် တာအို၏ ကြီးမားလှသော စွမ်းအားများကို ဖော်ပြနေသည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်ဂယက်များက ကြယ်တာရာများကို ဖျက်ဆီးရန်၊ နေနှင့် လကို ဖုံးကွယ်ရန်နှင့် တောင်တံတိုင်းများ၊ သမုဒ္ဒရာတို့ကို ရွှေ့ပြောင်းပစ်ရန် လုံလောက်သည်။ ဖန်ဆင်းရှင် တစ်ဦးပင်လျှင် သူ၏ ရှေ့မှောက်၌ တုန်လှုပ်ချောက်ချားရုံသာ တတ်နိုင်ပြီး ခုခံရန်စိတ်ကူး ပင် ရှိမည် မဟုတ်ပေ။
ဤသို့သော အရှိန်အဝါမျိုးနှင့် ဖိအားမျိုးက မည်သည့်တည်ရှိမှုကိုမဆို ရှက်ရွံ့သွားစေပြီး အညံ့ခံသွားစေနိုင်သော အမြင့်ဆုံးစွမ်းအား၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်။
အင်မော်တယ်နတ်ဘုရားဘုရင်၏ ပုံသဏ္ဌာန်ကို မြင်တွေ့ရသူတိုင်းသည် ကိုး-ငါးလမ်းစဉ် အထွက်အထိပ်များ၊ ကိုး-ကိုးလမ်းစဉ် အထွတ်အထိပ်များ၊ လွန်ခဲ့သောနှစ်တစ်သောင်း ရှေးဟောင်းခေတ်က သူတော်စင်ဧကရာဇ်များနှင့် အမှန်တရား၏ သားတော်များမှာ ပြောစရာပင်မလိုလောက်အောင် အရေးမပါတော့ကြောင်း ခံစားရပေမည်။
အကြောင်းအရင်းမှာ အင်မော်တယ်နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်သည် အမြင့်ဆုံးသော 'တာအို' ကို ကိုယ်စားပြုနေသောကြောင့် ဖြစ်သည်။ "တာအို" ဟူသော စာလုံးကို စတင် ဖန်တီးခဲ့သည့် မဟာသူတော်စင်များသည်ပင် အင်မော်တယ်နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ် ကို မြင်တွေ့ခဲ့ပြီးမှသာ ထိုစာလုံးကို တီထွင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ သူ၏ ရှေ့တွင် မတုန်လှုပ်ဘဲ မနေနိုင်သည့်အပြင်၊ နှလုံးသားအောက်ခြေမှနေ၍ ကြည်ညို လေးစား ရှိခိုးပူဇော်ကြမည်သာ ဖြစ်သည်။
နတ်ဘုရားဘုရင်များပင်လျှင် ချွင်းချက်မဟုတ်ပေ။
ကော့လီနတ်ဘုရားဘုရင်မ ကိုယ်တိုင်သည်လည်း နတ်ဘုရားဘုရင်များထဲမှ တစ်ပါး ဖြစ်သောကြောင့် နတ်ဘုရားဘုရင်တစ်ပါး၏ စွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ကောင်းစွာသိရှိနေသည်။
နှစ်ပေါင်းသောင်းနှင့်ချီ၍ ချိတ်ပိတ်ခံထားရသဖြင့် မည်သည့်ပုဂ္ဂိုလ်၏ စွမ်းအားမဆို ထက်ဝက်ကျော် လျော့ကျသွားမည်ဖြစ်သော်လည်း၊ စကြဝဠာ၏ ဂုဏ်ယူဝင့်ကြွားဖွယ် ဖြစ်သော အင်မော်တယ်နတ်ဘုရားဘုရင်၏ "တာအို" စာလုံး အမှတ်အသားသည် အရပ် မျက်နှာအားလုံးကို လွှမ်းခြုံနိုင်သော စွမ်းအား ရှိနေဆဲဖြစ်သည်။ သူ၏ ကြမ်းကြုတ်သော စွမ်းအားက မသိမသာသော အချိန်နေရာများစွာသို့ ပျံ့နှံ့သွားပြီး ယန်နတ်ဘုရားအဆင့် အောက်ရှိ တည်ရှိမှုများအားလုံးကို သူ့အား မော်ကြည့်ရုံသာ တတ်နိုင်စေခဲ့သည်။
"ခေါင်းဆောင်ကြီး၊ ရှင် တကယ်ပဲ ဟုန်ရွှန်ကျိကို ရယူချင်နေတာလား" အင်မော်တယ် နတ်ဘုရားဘုရင်၏ စစ်ဆေးမေးမြန်းမှုကို ရင်ဆိုင်ရင်း ကော့လီနတ်ဘုရားဘုရင်မက အကဲ စမ်း မေးကြည့်လိုက်သည်။ "အခု မဟာကမ္ဘာလောကထဲမှာ သူ့ကို ချိတ်ပိတ်ထားတဲ့ ပိုပြီး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိနေတယ်။ ဒီလူက ဧကရာဇ်ချန်ရှန်း ကြိုတင်ဟောကိန်း ထုတ်ခဲ့တဲ့လူပဲ။ ခေါင်းဆောင်ကြီးက ဟုန်ရွှန်ကျိကို ရယူချင်တယ်ဆိုရင်၊ ဒီလောကမှာ အနက်နဲဆုံးဖြစ်တဲ့ 'ယွိ' နဲ့ ရင်ဆိုင်ရလိမ့်မယ်။ ခေါင်းဆောင်ကြီး၊ ဒါကို သေချာစဉ်းစားသင့် တယ်"
"အဲဒီလိုလား" အင်မော်တယ်နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှာ တွန့်လိမ်သွားပြီး၊ လေဟာနယ်မုန်တိုင်းတစ်ခု တိုက်ခတ်သွားကာ သူ၏ဆံပင်များကို အပြာရောင် ရေတံခွန် ကဲ့သို့ လွင့်ဝဲသွားစေသည်။ "နှစ်ပေါင်း တစ်သိန်းကျော်သွားခဲ့ပြီ။ ငါ့သက်တမ်းက ၁၂၉,၆၀၀ နှစ်ပြည့်ဖို့ သိပ်မလိုတော့ဘူး။ ငါ့သက်တမ်းက အချိန်မရွေး ကုန်ဆုံးသွားနိုင်ပြီး၊ ဒီလောက ကနေ ငါ ပျောက်ကွယ်သွားတော့မယ်လို့ ငါ့မှာ ကြိုတင်ခံစားချက် ရှိနေတယ်။ ဒါ့အပြင် ငါ့စွမ်းအားနဲ့ အသက်စွမ်းအင်တွေက အဆက်မပြတ် အိုမင်းရင့်ရော်နေပြီမို့၊ ငါ့ရဲ့ ဝိညာဉ်ရေးရာစွမ်းအင်ကို သက်တမ်းတိုးဖို့ အစားထိုးမယ့်သူတစ်ယောက် ရှာဖို့ လိုအပ်နေ တယ်..."
အင်မော်တယ်နတ်ဘုရားဘုရင်၏ အစွမ်းထက်သောအသံက ကော့လီနတ်ဘုရား ဘုရင်မ ၏ စိတ်ထဲတွင် ထင်ဟပ်လာသည်။ "ငါ လူအနည်းငယ်ကို ရှာတွေ့ခဲ့ပေမယ့် ဘယ်သူမှ မသင့်တော်ဘူး။ အဲဒီရွှီဝူယွိရဲ့ အကျင့်စရိုက်က ငါနဲ့ အရမ်းကွာခြားတယ်။ ရွှီယွိကလည်း မသင့်တော်ဘူး။ အဲဒီမုန့်ရှန်းကျီဆို ပိုတောင်ဆိုးသေးတယ်။ ဒီဟုန်ရွှန်ကျိ တစ်ယောက် တည်းကပဲ ငါနဲ့ အရမ်း ကိုက်ညီနေတာ"
"ဟုန်ရွှန်ကျိရဲ့ သိုင်းလမ်းစဉ်က အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်အထိ ရှိနေပြီဆိုပေမယ့်၊ သူက ပြည်နယ် ကိုးဆယ့်ကိုးခုရဲ့ လျှို့ဝှက်ချက်တွေကို မသိသေးဘူးလေ။ သူ့စွမ်းအားက ခေါင်းဆောင်ကြီးရဲ့ အစားထိုးခံဖြစ်ဖို့ မလုံလောက်သေးဘူး မဟုတ်လား" သူမက ထပ်မံ စောဒကတက်သည်။
"သူ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ကို ရောက်တာနဲ့ ငါ့လိုအပ်ချက်တွေကို ပြည့်မီသွား လိမ့်မယ်။ အခု သူက အဲဒီအဆင့်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူး" အင်မော်တယ် နတ်ဘုရားဘုရင်က အေးဆေးစွာ ဆိုသည်။ "ပြီးတော့ အခု သူ့ကို ဟုန်ယွိက ချိတ်ပိတ် ထားပေမယ့်၊ ဟုန်ယွိက သူ့စွမ်းအားတွေကို ခွာထုတ်ချင်နေတယ်ဆိုတာ ငါ သိနေတယ်"
"ဒါဆို ကျွန်မတို့ ဘာလုပ်သင့်သလဲ ခေါင်းဆောင်ကြီး။ ရှင်က ဟုန်ယွိရဲ့ လက်ထဲကနေ ဟုန်ရွှန်ကျိကို အတင်းအကျပ် လုယူမှာလား။ ဒါပေမဲ့ ဟုန်ယွိမှာ ဖန်ဆင်းခြင်းသင်္ဘောနဲ့ ထာဝရနိုင်ငံတော်တို့ကို ယှဉ်နိုင်တဲ့ နတ်ဘုရားဘုရင်ရတနာတစ်ခု ရှိတယ်။ ထာဝရ နိုင်ငံတော်ရဲ့ ချိတ်ပိတ်မှုကို ဖျက်ဆီးဖို့ဆိုတာ ခေါင်းဆောင်ကြီးအတွက်တောင် မလွယ် ဘူး။ အထူးသဖြင့် ဟုန်ရွှန်ကျိ ကိုယ်တိုင်က အရမ်းကောက်ကျစ်ပြီး လှည့်ကွက်တွေ များလွန်းတယ်။ တကယ်လို့ သူသာ ချိတ်ပိတ်မှုကို ဖောက်ထွက်ပြီး ယန်ဖန်နဲ့ ပြန်ပေါင်း မိသွားရင် ခေါင်းဆောင်ကြီးတောင် သူ့တို့ကို ဖိနှိပ်နိုင်မှာ မဟုတ်ဘူး။ ဒီရက်ပိုင်းအတွင်းမှာ ဟုန်ယွိက သူ့ကို ချုပ်နှောင်ထားပေမဲ့၊ ဟုန်ရွှန်ကျိရဲ့ သိုင်းပညာ စိတ်နေစိတ်ထားဟာ အခက်အခဲတွေကြားမှာ အရှိန်အဟုန်နဲ့ တိုးတက်နေတာက အရမ်းကြောက်စရာကောင်း တယ်"
ကော့လီနတ်ဘုရားဘုရင်မ၏ အနောက်တွင် နီလာပြာရောင် အမြီးဆယ်ချောင်းမှာ ဒေါင်းမြီးကဲ့သို့ ဖြန့်ကြက်လာပြီး သူမက အလွန်သတိထားနေသည့် အနေအထားတွင် ရှိနေသည်။ သူမသည် အစွမ်းထက်လှသော အင်မော်တယ် နတ်ဘုရားဘုရင်ကို အလွန်ပင် သတိထားနေကြောင်း သိသာလှသည်။
"ဒါ့အပြင် ကျွန်မရဲ့ မူလစွမ်းအားတွေကို ပြန်ရအောင် ကူညီပေးမယ်လို့ ဟုန်ယွိက ကတိပေးထားတယ်။ ဒါကြောင့် ရှင် သူ့ကို ရင်ဆိုင်မယ်ဆိုရင် ကျွန်မ ကူညီမှာ မဟုတ်ဘူး။ သူက စစ်မှန်တဲ့ ပြောင်းလဲခြင်း တာအိုကို ကိုယ်စားပြုသူပဲ။ ကျွန်မ သူ့ဆီကနေ ရထားတဲ့ ဆက်ဆံရေး ပျက်စီးသွားမှာကို မလိုလားဘူး"
"အို" အင်မော်တယ်နတ်ဘုရားဘုရင်က အနည်းငယ် အံ့အားသင့်သွားပုံရပြီး ဇဝေဇဝါဖြင့် မေးလိုက်သည် "ယန်နတ်ဘုရား အဆင့်ကလူတွေပဲ လုပ်နိုင်တဲ့ကိစ္စကို သူက လုပ်ပေးနိုင် မှာလား။ ဒီမဟာကမ္ဘာလောကမှာ နှစ်ပေါင်းသောင်းချီကြာတဲ့အထိ ယန်နတ်ဘုရား တစ်ပါးမှ ပေါ်မလာခဲ့ဘူးဆိုတာ ငါ သိတယ်"
"သူက ပြောင်းလဲခြင်း တာအိုကို တည်ထောင်သူဖြစ်တာကြောင့် ယန်နတ်ဘုရား ဖြစ်ဖို့ဆို တာ မခက်ပါဘူး။ ခေါင်းဆောင်ကြီးကော ဒါဟာ ‘သံသရာ’ (ဝမ်းယွမ်) အသစ်တစ်ခု ဆိုတာ ကို မခံစားမိဘူးလား။ ခေါင်းဆောင်ကြီးရဲ့ သက်တမ်း ကန့်သတ်ချက်နဲ့အတူ နှစ်ပေါင်း ၁၂၉,၆၀၀ တည်ရှိတဲ့ ရှေးဦးခေတ်ကြီးရဲ့ အဆုံးသတ်က နောက်တစ်ကြိမ် နီးကပ်လာပြန် ပြီ။ အဲဒီအချိန်ကျရင် ရှေးဦးခေတ်တုန်းကလိုပဲ ဒီစကြဝဠာကြီးထဲမှာ ယန်နတ်ဘုရားတွေ အများကြီး ထွက်ပေါ်လာနိုင်ပါတယ်။” ကော့လီနတ်ဘုရားဘုရင်မက အနည်းငယ် ပြုံးကာ ပြောလိုက်သည် “ခေါင်းဆောင်ကြီးဟာ မုန့်ရှန်းကျီနဲ့ ရင်ဆိုင်ခဲ့ရဖူးတာပဲ၊ သူကလည်း ယန်နတ်ဘုရား အဆင့်ကို တက်လှမ်းနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ သိမှာပါ။ သူနဲ့ ဟိုတုန်းက ‘တိုင်’ ဟာ ပုံစံခွက်တစ်ခုထဲက ထွက်လာသလိုပါပဲ။ ဒီတစ်ခါ ကျွန်မ သူနဲ့ တိုက်ခိုက်ခဲ့တုန်းက ‘တိုင်’ ပြန်လည် ရှင်သန်လာပြီး လူဝင်စားလာတယ်လို့တောင် ထင်မိပြီး ထိတ်လန့်သွားခဲ့ရတယ်။”
"ကော့လီ၊ မင်း မှားနေပြီ" ကျောက်စိမ်းမြို့တော်ထက်ပင် ကြီးမားသည့် အင်မော်တယ် နတ်ဘုရားဘုရင် ဦးခေါင်းကြီးက ဆိုသည်။ "ဒီခေတ်ရဲ့ အဆုံးသတ်က ယခင်ခေတ်တွေနဲ့ မတူဘဲ ဥပဒေသတွေ ဘာမှမရှိတဲ့ ခေတ်ဖြစ်သွားနိုင်တယ်။ တာအိုနည်းစနစ်တွေ၊ နတ်ဘုရားတန်ခိုးစွမ်းအားတွေ ထပ်ပေါ်လာတော့မှာ မဟုတ်ဘူး။ ပြောင်းလဲခြင်း တာအို ဆိုတာက ဒါကြောင့်မို့လို့ ပေါ်ထွက်လာရတာပဲ"
“ဟုတ်လို့လား” ကော့လီနတ်ဘုရားဘုရင်မ ထိတ်လန့်သွားပြီးမှ သက်ပြင်းတစ်ချက် ချလိုက်သည် “ခေါင်းဆောင်ကြီး မှားနေတာလည်း ဖြစ်နိုင်တာပဲ။ ဒီခေတ်က ‘နိဗ္ဗာနယ် နယ်ပယ်’ ကို ရောက်မယ့် ခေတ်လည်း ဖြစ်နိုင်ပါတယ်။ ဟုန်ယွိရဲ့ ပြောင်းလဲခြင်းကျမ်းရဲ့ အနှစ်သာရကိုက နောက်ဆုံး ‘နိဗ္ဗာနယ် နယ်ပယ်’ကို ရောက်ဖို့ပဲလေ။ ဒီခေတ်ရဲ့ အဆုံး သတ်မှာ ငါတို့အားလုံး အဲဒီကျမ်းကတစ်ဆင့် မှန်းဆလို့မရနိုင်တဲ့ အဆင့်တစ်ခုဆီကို တက်လှမ်းသွားနိုင်ကြမှာပါ။” သူမက တုံ့ပြန်သည်။
"နိဗ္ဗာနနယ်ပယ်ကို တက်လှမ်းမယ် ဟုတ်လား" အင်မော်တယ်နတ်ဘုရားဘုရင်က အလွန် ရယ်ချင်စရာကောင်းသော ပျက်လုံးတစ်ခုကို ကြားလိုက်ရသသည့်အလား ရယ်မောလိုက် ပါသည် "ဟားဟား... စကြဝဠာရဲ့ နိယာမတွေထဲမှာ နိဗ္ဗာနနယ်ပယ်ဆိုတာ လုံးဝ မရှိဘူး။ ကယ်တင်ခြင်း ဟိုတဘက်ကမ်းတို့၊ ထာဝရ မသေမျိုးတို့ဆိုတာ လှပတဲ့ စိတ်ကူးယဉ်မှုတွေ သက်သက်ပါပဲ။ ဧကရာဇ်ချန်ရှန်းကတောင် ငါ့ကို တာအိုရဲ့ လူဝင်စားလို့ ပြောခဲ့ပေမယ့် ငါလည်း ငါ့ရဲ့ခေတ်တစ်ခေတ်စာ သက်တမ်း ကန့်သတ်ချက်ကို မဖြတ်ကျော်နိုင်ခဲ့ဘူးလေ။ ကောင်းပြီလေ၊ မင်းက ငါ့ကို မကူညီချင်ဘူးဆိုတော့လည်း ထားလိုက်ပါတော့။ ဒါပေမဲ့ 'အသက်ချွေ' နဲ့ 'မဟာဖျက်ဆီးခြင်း' တို့လည်း ချိတ်ပိတ်မှုကနေ လွတ်မြောက်လာပြီး ငါ့ကို ကူညီဖို့ မဟာကမ္ဘာလောကထဲ ရောက်နေကြပြီ။ သူတို့က မင်းကို နာကျင်အောင်လုပ်တဲ့ အခါ နှလုံးသားမရှိဘူးလို့ သူတို့ကို မပြောနဲ့ဦး။ ဟုန်ရွှန်ကျိက ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ၊ ငါ သူ့ကို ရအောင် ယူမယ်"
"ဒါဆိုရင်လည်း ခေါင်းဆောင်ကြီးနဲ့ ဟုန်ယွိတို့ရဲ့ တိုက်ပွဲကို ကျွန်မ စောင့်ကြည့်ရမှာပေါ့။ ဒီတိုက်ပွဲက ဧကရာဇ်ချန်ရှန်းနဲ့ ခေါင်းဆောင်ကြီးတို့ တိုက်ပွဲတုန်းကလို စကြဝဠာကို တုန်လှုပ်စေမှာ သေချာတယ်" ကော့လီနတ်ဘုရားဘုရင်မ၏ အသံမှာ အလွန် ခိုင်မာလှ သည်။ နတ်ဘုရားဘုရင်တို့၏ ခေါင်းဆောင်ဟောင်း၊ ‘တာအို’ ၏ လူဝင်စားနှင့် ရင်ဆိုင် နေရသော်လည်း သူမက အနည်းငယ်မျှ အလျှော့ပေးခြင်း မရှိပေ။
“လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီတုန်းက မဟာဧကရာဇ်ချန်ရှန်းကို ရင်ဆိုင်တဲ့အခါ ငါတို့ ရှေးဦးခေတ် နတ်ဘုရားဘုရင် ငါးပါးဟာ စည်းလုံးနိုင်ခဲ့ကြသေးတယ်။ နှစ်ပေါင်းသောင်းချီ ကြာပြီးတဲ့နောက် ဟုန်ယွိကို ရင်ဆိုင်တဲ့အခါမှာတော့ ငါတို့ဟာ စိတ်ဝမ်းကွဲပြားနေကြပြီ။ ကော့လီ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။”
အင်မော်တယ်နတ်ဘုရားဘုရင်၏ စကားသံ ဆုံးသည်နှင့် သူ၏ပုံရိပ်မှာ ကော့လီနတ်ဘုရား ဘုရင်မ၏ ရှေ့မှောက်၌ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းမှာလည်း မည်သည့်လက္ခဏာမျှ မကျန်ရှိတော့ဘဲ နဂိုအတိုင်းသာ ဖြစ်နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ထိုဟင်းလင်းပြင်မုန်တိုင်းကြီးမှာ အိပ်မက် တစ်ခုနှယ်ပင် လွင့်ပြယ်သွားတော့သည်။
ထို့ပြင် ထိုစွမ်းအင်မုန်တိုင်းကြောင့် ကြေမွသွားခဲ့သော ဥက္ကာခဲများစွာမှာလည်း ထိခိုက်မှု မရှိဘဲ အကောင်းပကတိအတိုင်းပင် ရှိနေသည်။
ဤသည်မှာမှာ အင်မော်တယ်နတ်ဘုရားဘုရင်၏ တာအိုနည်းလမ်းဖြစ်သော "အတုမှာ အစစ်၊ အစစ်မှာ အတု" ဖြစ်ပြီး၊ အလွန်နက်နဲသော အဆင့်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ကော့လီတစ်ဦးတည်းသာ သိရှိလိုက်သည်။ သူ၏ ဤနည်းလမ်းအောက်တွင် အစစ်နှင့် အတုဟူ၍ ခွဲခြားစရာ မရှိတော့ပေ။
ဤနယ်ပယ်မှာ ယန်နတ်ဘုရား နယ်ပယ် သို့မဟုတ် ဟင်းလင်းပြင်ဖျက်ခြင်းဆီး နယ်ပယ်၏ နတ်ဘုရားစွမ်းရည် တစ်မျိုးပင် ဖြစ်သည်။
"အင်မော်တယ်နတ်ဘုရားဘုရင်က ချိတ်ပိတ်မှုကနေ တကယ်ပဲ လွတ်လာတာပဲ။ သူက ဟုန်ရွှန်ကျိကို တကယ်ပဲ လုယူချင်နေတာလား။ ဒီအကြောင်းကို ဟုန်ယွိကို အသိပေးပြီး သေချာဆွေးနွေးရမယ်။ 'မဟာဖျက်ဆီးခြင်း' နဲ့ 'အသက်ချွေ' တို့လည်း ပေါ်လာပြီဆိုတော့ ဒီအင်အားစုက မဟာကမ္ဘာလောကရဲ့ ဘယ်နေရာကိုမဆို ဖျက်ဆီးပစ်နိုင်တယ်။ နောင်တစ်ချိန် ဗဟိုကမ္ဘာက ဆင်းသက်လာပြီး မဟာကမ္ဘာလောကနဲ့ တိုက်ခိုက်တဲ့အခါ ဒီအင်အားစုက ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာ မတွေးဝံ့စရာပဲ"
ကော့လီနတ်ဘုရားဘုရင်မ၏ မျက်နှာမှာ လေးနက်တည်ကြည်သွားသည်။
သူမသည် အင်မော်တယ်နတ်ဘုရားဘုရင်၊ အသက်ချွေနတ်ဘုရားဘုရင်နှင့် မဟာဖျက်ဆီး ခြင်း နတ်ဘုရားတို့ ပူးပေါင်းလိုက်လျှင် မည်မျှအစွမ်းထက်မည်ကို ကောင်းစွာ သိရှိထား သည်။
သူမ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းအတွင်းမှ ပျောက်ကွယ်သွားပြီး၊ နောက်တစ်ခဏ၌ ကျိုးယွိအကယ်ဒမီသို့ ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် သူမက အလွန်အစွမ်းထက်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရ သည်။
ပြောင်းလဲခြင်းမျှော်စင်၏ အကာအကွယ် အတားအဆီးမှာ သူမကို တားဆီးခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အစီအရင်တစ်ခုလုံးသည် အနာဂတ်သခင် 'ရှီ' ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။ 'ရှီ' သည် ပြိုင်ဘက်ကင်း တွက်ချက်မှုစွမ်းရည် ကို ပိုင်ဆိုင်ထားပြီး တစ်စက္ကန့်၏ ထောင်ပုံတစ်ပုံအတွင်းမှာပင် ရန်သူနှင့် မဟာမိတ်ကို ခွဲခြားသိမြင်ကာ အစီအရင်ကို ဖွင့်ရန် သို့မဟုတ် ပိတ်ရန် ဆုံးဖြတ်နိုင်စွမ်း ရှိသည်။
ကျိုးယွိအကယ်ဒမီ၏ အစီအရင်အတွင်းသို့ ဝင်ရောက်လာချိန်တွင် ကော့လီနတ်ဘုရား ဘုရင်မသည် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ အကယ်၍ သူမသာ ဟင်းလင်းပြင်ထဲ၌ အင်မော်တယ် နတ်ဘုရားဘုရင်ကို ကတိပေးခဲ့ပြီး ဟုန်ယွိအပေါ် တစ်စုံတစ်ခု မရိုးမသား လုပ်ဆောင်ရန် ကြံစည်ခဲ့ပါက၊ သူမ အကယ်ဒမီသို့ ဝင်လိုက်သည်နှင့် အနာဂတ်သခင် 'ရှီ' က ချက်ချင်း ရိပ်မိသွားမည်ဖြစ်ကာ အကာအကွယ်အတားအဆီးကို ပိတ်ပစ်မည်မှာ သေချာသည်။ သူမကို ပြန်လည်တိုက်ခိုက်၍ အပြင်သို့ပင် မောင်းထုတ်နိုင်ပေသည်။
"အနာဂတ်သခင် 'ရှီ' က တကယ်ကို အစွမ်းထက်တာပဲ။ ရှေးဦးခေတ်က နည်းစနစ်တွေက အခုခေတ်ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်တယ်လို့ ငါ အရင်က ထင်ခဲ့တာ။ နှောင်းလူတွေက အနာဂတ်သခင်လို ဝိညာဉ်အဆင့်ကို ဖန်တီးနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ပြောင်းလဲခြင်းကျမ်းနဲ့ အနာဂတ်သခင်တို့က ရှေးဦးခေတ်ကို လုံးဝ ကျော်လွန် သွားပြီ။ တာအိုနည်းလမ်းတွေက အမြဲတမ်း တိုးတက်နေတာပဲ။ နောင်အနာဂတ်မှာ ရှေးဦး ခေတ်ထက် ပိုပြီး ထွန်းပြောင်လာမှာကို ဘယ်သူ ငြင်းနိုင်မလဲ။ ငါ့ရဲ့ ရွေးချယ်မှု မမှားခဲ့ဘူး ပဲ။ ငါ အမှန်ကန်ဆုံး လမ်းစဉ်ကို ရွေးချယ်ခဲ့တာပဲ"
ဝုန်း… ထိုင်ကျိမိုးကြိုးရေကန်အတွင်း၌ ပြင်းထန်သော ရိုက်နှက်သံကြီး ပေါ်ထွက်လာပြီး ပေရာချီမြင့်သော မိုးကြိုးရေလှိုင်းများ ထိုင်ထသွားသည်။ လူခေါင်းနှင့် နဂါးကိုယ်လုံးများ ရှိသည့် ပုံရိပ်နှစ်ခုမှာ ပုံပျက်နေသော ရှေးဟောင်း "တာအို" စာလုံးကြီးနှင့် တူနေပြီး တစ်ဦးနှင့် တစ်ဦး အပြင်းအထန် တိုက်ခိုက်နေကြသည်။ ဤသည်မှာ ဟုန်ယွိက ဟုန်ရွှန်ကျိကို ဖိနှိပ်ရန် အသုံးပြုနေသော အသွင်မျိုးစုံပြောင်းလဲခြင်း နည်းစနစ်ပင် ဖြစ်သည်။
"ကောင်းကင်ငှက် အသွင်ကိုးမျိုးပြောင်းလဲခြင်း၊ ပျက်သုဉ်းခြင်းနတ်ဘုရား ၁၂ ပါး"
ဟုန်ယွိက ကြွေးကြော်ကာ တိုက်စစ်ဆင်လိုက်သည်။ တိုက်ခိုက်မှုများ ပြင်းထန်လွန်း သဖြင့် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းပြိုကွဲသွားခဲ့သည်။ သို့သော် နောက်တစ်ခဏ မှာပင် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်မှာ ပြန်လည်ပေါင်းစည်းသွားပြီး ဦးထုပ်အမြင့်နှင့် ဝတ်ရုံ ရှည်ကို ဝတ်ဆင်ထားဆဲပင်။ သူသည် လူတိုင်းကို အထက်စီးမှ ငုံ့ကြည့်နေသည့် အသွင်ဖြင့် ရပ်တည်နေဆဲ ဖြစ်သည်။
"သားမိုက်၊ မင်းက ငါ့ရဲ့ နတ်ဘုရားတန်ခိုးစွမ်းအားကို ကျင့်ကြံဖို့ ကူညီပေးနေတာလား" ဟုန်ရွှန်ကျိက အေးစက်စွာ ဆိုသည်။ သူ၏ ကိုယ်ဟန်မှာ ခုခံသည့် အနေအထားတွင် ရှိနေ ပြီး သူသည် အစီအရင်ကို မဖောက်ထွက်နိုင်သော်လည်း၊ အစီအရင်ကလည်း သူ့ကို လုံးဝ မချေမှုန်းနိုင်သေးပေ။
"သခင်မ ကော့လီ၊ ပြန်ရောက်လာပြီပဲ။ ကျွန်တော်က ဟုန်ရွှန်ကျိရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားကို ထုတ်ယူဖို့ ခင်ဗျားရဲ့ အကူအညီကို ယူမလို့ပဲ"
ဟုန်ယွိက ဟုန်ရွှန်ကျိ၏ စကားကို ဂရုမစိုက်ဘဲ ဆိုလိုက်သည်။ သူသည် အစီအရင်ထဲမှ ထွက်လာခဲ့ပြီး အစီအရင်ကို ဆက်လက် လည်ပတ်စေလိုက်သည်။ သူတော်စင်ပေါင်းစုံ ခန်းမ၏ စွမ်းအားမှာ အဆုံးမဲ့လှသည်။ ဟုန်ရွှန်ကျိမှာ အစီအရင်ထဲတွင် ပိတ်မိနေသဖြင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို မစုပ်ယူနိုင်သလို အာဟာရလည်း မဖြည့် တင်းနိုင်သဖြင့် ကြာလာပါက အားအင်ကုန်ခမ်းသွားမည်သာ ဖြစ်သည်။
"ငါ ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်းထဲမှာ အင်မော်တယ်နတ်ဘုရားဘုရင်ကို တွေ့ခဲ့ တယ်" ကော့လီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "သူက ချိတ်ပိတ်မှုကနေ အမှန်တကယ် လွတ်မြောက်လာပြီ။ သူက ဟုန်ရွှန်ကျိကို ကယ်ဖို့ မဟာကမ္ဘာလောကထဲ ရောက်နေပြီ"
"အင်မော်တယ်နတ်ဘုရားဘုရင်" ဟုန်ယွိက ထိုစကားလုံးလေးလုံးကို ရွတ်ဆိုလိုက်သော် လည်း သူ၏မျက်နှာတွင် အံ့သြသည့် အရိပ်အယောင် လုံးဝမရှိပေ။ "သူ ထွက်လာလိမ့်မယ် ဆိုတာ ကျွန်တော် တွက်ချက်ထားပြီးသားပါ။ အကြိမ်ပေါင်း ၅.၄ ဘီလီယံလောက် တွက်ချက်ပြီးနောက်မှာ 'ရှီ' က အတိကျဆုံး ကောက်ချက်ကို ရရှိခဲ့တယ်။ ဟုန်ရွှန်ကျိက အင်မော်တယ်နတ်ဘုရားဘုရင်ရဲ့ သက်တမ်းကို တိုးပေးနိုင်မယ့် တည်ရှိမှုမျိုးပဲ။ ဒါ့အပြင် ထွက်ပြေးသွားတဲ့ ယန်ဖန်ဟာလည်း ဘိုးဘေးနတ်ဘုရားနိုင်ငံတော်ကို သွားပြီး တာအို ဘိုးဘေးနှစ်ပါးနဲ့ မဟာမိတ်ဖွဲ့လိမ့်မယ်လို့ 'ရှီ' က တွက်ချက်မိတယ်။ သူက ဗဟိုကမ္ဘာနဲ့ တောင် ဆက်သွယ်ကောင်း ဆက်သွယ်နိုင်တယ်။ အခု ရက်ပိုင်းအတွင်းမှာ ယန်ဖန်က ရွှီယွိ နဲ့ တွေ့ဆုံဖို့ ၉၉ ရာခိုင်နှုန်း သေချာတယ်လို့ 'ရှီ' က တွက်ချက်ထားတယ်"
တစ်ချိန်တည်းမှာပင်၊ ဘိုးဘေးနတ်ဘုရားနိုင်ငံတော်၌ ယန်ဖန်သည် လူတစ်ယောက်နှင့် တွေ့ဆုံနေလေသည်။ ထိုလူမှာ ဗဟိုကမ္ဘာ၏ ခေါင်းဆောင် ရွှီယွိပင် ဖြစ်တော့သည်။