← Chapters

အခန်း (၇၄၁-၇၄၂)

Vol. 72 Ch. 741-742

အခန်း (၇၄၁-၇၄၂)

Vol. 72 Ch. 741-742

အခန်း (၇၄၁)။

"သခင်လေး... ဧကရာဇ်ဘိသိက်ခံပွဲ ကျင်းပဖို့ ငါးရက်ပဲ လိုပါတော့တယ်။ သခင်လေး ဖန်တီးနေတဲ့ တံဆိပ်တော် ပြီးပြီလားလို့ မင်းသားယုက လာမေးခိုင်းလိုက်ပါတယ်။"

ပြောင်းလဲခြင်းမျှော်စင် အတွင်း၌၊ ဟုန်ယွိသည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို တွက်ချက်ဖော်ထုတ်နေသည်။ သူ၏ အနှစ်သာရ၊ မူလစွမ်းအင်နှင့် စိတ်ဝိညာဉ်နတ်ဘုရား အတွေးစများမှာ ပြည်နယ် ၉၉ ခုလုံး၊ ဤစကြဝဠာကြီး၏ ဗဟိုချက်တို့နှင့် ပေါင်းစပ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ၏ ခန္ဓာကိုယ်ကို ကျောက်ဆူးအဖြစ် ချိတ်ဆက်ပေးမည့် နောက်ဆုံး အပ်စိုက်မှတ် ၉၉ ခုကို ရှာဖွေရန် ဖြစ်သည်။ ထိုမှတစ်ဆင့် သူသည် တစ်ချက်တည်းဖြင့် ဟင်းလင်းပြင်ကို ဖျက်ဆီးကာ ယန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

"ယန်နတ်ဘုရား... ယန်နတ်ဘုရားဆိုတာ အရာခပ်သိမ်းရဲ့ ပူဇော်မှုကို ခံယူရတဲ့ နေမင်းကြီးတစ်ဆူနဲ့ တူတယ်။ အဲဒီအဆင့်ကို အောင်မြင်သွားတာနဲ့ ဒီလောကမှာ ပြိုင်ဘက်ကင်း စွမ်းအားတစ်ခု ပိုင်ဆိုင်ရလိမ့်မယ်။ ခန္ဓာကိုယ်ရဲ့ အသက်ရှူနှုန်းက စကြဝဠာကြီးရဲ့ အသက်ရှူနှုန်းနဲ့ တစ်သားတည်း ဖြစ်သွားမယ်။ ခန္ဓာကိုယ်ရဲ့ လည်ပတ်မှု တွေက ‘ဝမ်းယွမ်’ လမ်းစဉ်နဲ့ အပြည့်အဝ သဟဇာတသွားလိမ့်မယ်။ အဲဒီစွမ်းအားက မှန်းဆလို့မရအောင်ကို ကြီးမားလွန်းတယ်။”

ဟုန်ယွိက မျက်လုံးများကို ဖွင့်လိုက်ပြီး လှေကားထစ်တွင် ပေါ်လာသော ယောင်ယွဲ့ရူကို ကြည့်လိုက်သည်။ သူသည် အနာဂတ်သခင် 'ရှီ' က အခုလေးတင် တွက်ချက်ပေးထား သော ယန်နတ်ဘုရားလမ်းစဉ်၏ လျှို့ဝှက်ချက်များကို ပြန်လည်ဆင်ခြင်ရင်း ခေါင်းကို ခါယမ်းလိုက်မိသည်။

လက်ရှိဟုန်ယွိအတွက် ယန်နတ်ဘုရားနယ်ပယ်ဆိုသည်မှာ လက်လှမ်းမမီနိုင်သော အကွာ အဝေးတစ်ခု မဟုတ်တော့ပေ။ ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် ရောက်ရှိနိုင်မည့် အနေ အထားမျိုး ဖြစ်သည်။ နောက်ထပ် ခြေတစ်လှမ်းသာ လိုတော့သော်လည်း ထိုခြေလှမ်းကို လှမ်းနိုင်ရန်မှာမူ မလွယ်ကူလှပေ။

ရှေးဦးခေတ်မှသည် အလယ်ခေတ်အထိ၊ ကျွမ်းကျင်သူပေါင်းများစွာတို့သည် ဤခြေလှမ်း တွင် ပိတ်မိနေခဲ့ကြပြီး မှန်ကန်သောလမ်းစဉ်ကို ရှာမတွေ့ခဲ့ကြပေ။ အလယ်ခေတ်မှ ပညာရှင် သူတော်စင်တစ်ရာပင်လျှင် ခြွင်းချက်မဟုတ်ခဲ့ပေ။ ထိုသူတော်စင်များထဲမှ သူတော်စင်ဖန်းကဲ့သို့ (ဖန်းမိသားစုမှ ပညာရှင်သူတော်စင်) ကျင့်ကြံမှုအဆင့်မှာ ယခု ဟုန်ယွိနှင့် အဆင့်တူသော်လည်း ယန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိရန် အခွင့်အရေး မရခဲ့ကြပေ။

ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်မှသည် တစ္ဆေအင်မော်တယ်သို့ ကူးပြောင်းခြင်းမှာ အတားအဆီး တစ်ခုဖြစ်သလို၊ တစ္ဆေအင်မော်တယ်အဆင့်မှ မိုးကြိုးကပ်ဘေးအဆင့်သို့ ကူးပြောင်းခြင်းမှာလည်း အတားအဆီးတစ်ခုပင် ဖြစ်သည်။ ထို့အတူ မိုးကြိုးကပ်ဘေး အဆင့်မှ ဖန်ဆင်းရှင်အဆင့်သို့ တက်လှမ်းခြင်းမှာလည်း ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်။ သို့သော်လည်း မိုးကြိုးကပ်ဘေးကို ကျော်လွန်ပြီးနောက် ယန်နတ်ဘုရား နယ်ပယ်သို့ တက်လှမ်းခြင်းမှာမူ ဖန်ဆင်းရှင်တစ်ဦး ဖြစ်လာခြင်းထက် ဆယ်ဆ၊ အဆ တစ်ရာ၊ သို့မဟုတ် အဆတစ်ထောင်မက ပိုမိုခက်ခဲလှပေသည်။

ယခုအခါ ဟုန်ယွိအတွက် နောက်ဆုံးခြေလှမ်းမှာ အနာဂတ်သခင် 'ရှီ' ၏ အစွမ်းထက်သော တွက်ချက်မှုစွမ်းအားကို အသုံးပြုကာ အရာအားလုံးကို တွက်ချက်ရန်နှင့် ယန်နတ်ဘုရား လမ်းစဉ်၏ နက်နဲမှုများကို ဖော်ထုတ်ရန်သာ ဖြစ်သည်။

သူ့တွင် မည်သည့်သဲလွန်စမျှ မရှိသည်တော့ မဟုတ်ပေ။ သူသည် ရွှီယွိနှင့် တစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ သူရရှိခဲ့သော ယန်နတ်ဘုရား အတွေးစများနှင့် ပတ်သက်သည့် အချက်အလက်များကို 'ရှီ' ထံသို့ ပေးအပ်ကာ တွက်ချက်ခိုင်းခြင်းဖြင့် အချို့သော သဲလွန်စ များကို ရရှိနိုင်ခဲ့ပြီး၊ ၎င်းမှာ သူ့ကျင့်ကြံမှုအတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

"“နှမြောစရာပဲ... ငါ ရွှီယွိဆီကနေ ဧကရာဇ်ဖန်ရဲ့ နတ်ဘုရားအသိစိတ်ကို မရခဲ့ဘူး။ အဲဒါ ကို ရရှိပြီး၊ အနာဂတ်သခင်ကို နားလည်အောင် တွက်ချက်ခိုင်းနိုင်မယ်ဆိုရင် သုံးနှစ်မပြည့် ခင်မှာဘဲ ငါဟာ ယန်နတ်ဘုရားတစ်ပါး ဖြစ်လာပြီး ကျင့်ကြံမှုရဲ့ အမြင့်ဆုံး အထွတ်အထိပ် ကို တက်လှမ်းနိုင်မှာ အသေအချာပဲ”

ဟုန်ယွိက သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ယန်နတ်ဘုရားနှင့် ပတ်သက်သော အစစ် အမှန်ပစ္စည်း သို့မဟုတ် အတွေးစများ မရှိဘဲ၊ ခန့်မှန်းချက်သက်သက်ဖြင့် ယန်နတ်ဘုရား လမ်းစဉ်၏ နက်နဲမှုအားလုံးကို တွက်ချက်ရန်မှာ မဖြစ်နိုင်ကြောင်း သူသိသည်။

"ယွဲ့ရူ... မင်းသားယုကို သွားပြောလိုက်ပါ။ ငါးရက်အတွင်း ကျင်းပမယ့် ဧကရာဇ် ဘိသိက်ခံ ပွဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ အထွတ်အထိပ်ကို ကိုယ်စားပြုမယ့် တံဆိပ်တော်ကို ငါ အောင်အောင်မြင်မြင် သန့်စင်ပေးမယ်လို့။ နောက်ငါးရက်နေရင် ကျင်းပမယ့် သူ့ထီးနန်း တက်ပွဲဟာ တရားဝင်မှု အပြည့်ရှိစေရမယ်လို့ ငါ အာမခံတယ်"

ဟုန်ယွိက ယောင်ယွဲ့ရူကို ကြည့်လိုက်သည်။ လက်ရှိတွင် ယောင်ယွဲ့ရူသည် နန်းတွင်း ကိုယ်ရံတော်တပ်ဖွဲ့နှင့် စစ်တပ်၏ အာဏာအချို့ကို ထိန်းချုပ်ထားသည်။ သူမသည် မင်းသားယုအား ကမ္ဘာတစ်ဝှမ်းရှိ စစ်တပ်များကို ကွပ်ကဲရန်နှင့် ပြည်တွင်းပဋိပက္ခများကို နှိမ်နင်းရန် ကူညီပေးနေသူ ဖြစ်သည်။ သူမအား 'မြို့စား' အဖြစ်လည်း ရာထူးတိုးမြှင့်ပေး ထားသည်။ အမျိုးသမီးတစ်ဦးကို မြို့စားအဖြစ် ခန့်အပ်ခြင်းမှာ ရှားပါးလှသော အခြေအနေ မျိုး ဖြစ်သည်။

"နားလည်ပါပြီ။" ယောင်ယွဲ့ရူက ထွက်ခွာရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့် သွားသည်။ "မင်းသားယုက ကျောက်မိသားစုကို အပြစ်ပေးချင်နေတယ်။ ဟုန်မိသားစုမှာ လည်း စုစုပေါင်း လူဉီးရေ ၂၇၆,၄၅၁ ယောက် ရှိတယ်။ ဧကရာဇ်အသစ် ထီးနန်းတက်ချိန် မှာ လူတိုင်းကို ထိတ်လန့်သွားစေဖို့ ပြင်းထန် ပြတ်သားတဲ့ နည်းလမ်းတွေကို သုံးရမယ်လို့ သူက ယူဆနေတယ်။ အင်ပါယာကို ခိုင်မြဲစေဖို့ သွေးစတေးမှုတွေ လိုအပ်တယ်တဲ့။ ဒါကြောင့် မင်းသားယုက လူပေါင်း တစ်သောင်းကို ခေါင်းဖြတ် ကွပ်မျက်ချင်နေတယ်။ မဒမ်ကျောက်၏၊ မဒမ်ရုံ၊ ဟုန်ကျန်း၊ ဟုန်ကွေ့၊ ဟုန်ရှီ... နဲ့ ဟုန်ရွှန်ကျိရဲ့ သားတွေ အားလုံး ကို ဈေးထိပ်မှာ ခေါင်းဖြတ်သတ်မှာတဲ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သခင်လေးရဲ့ သဘောထား ကို မေးခိုင်းလိုက်ပါတယ်" (အရင်က သခင်လေးအစား ကျောင်းအုပ်ကြီးဟု ခေါ်ခိုင်းသော် လည်း master ဟု ပါသည့်အတွက် သခင်လေးဟုသာ သုံးနှုန်းလိုက်ပါသည်။)

"ဒါဟာလည်း အရေးကြီးကိစ္စရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ" ဟုန်ယွိက ခေါင်းညိတ်လိုက် သည်။

ယခုအခါ ဟုန်မိသားစုနှင့် ကျောက်မိသားစုမှာ လုံးဝ မဆုံးသတ်သွားခဲ့ပြီ။ နေ့စဉ်နှင့်အမျှ မင်းသားယုက ကျောက်မိသားစုဝင်များကို ဖမ်းဆီးရန် အမိန့်များ ထုတ်ပြန်နေသည်။ တော်ဝင်ချန်အင်ပါယာ တစ်ခွင်လုံး၊ ပင်လယ်ရပ်ခြား၊ မြက်ခင်းပြင်ဒေသနှင့် အနောက် ဘက်ဒေသ၊ မြောက်ဘက် အအေးပိုင်းဒေသများအထိ ပျံ့နှံ့နေသော ဟုန်မိသားစု၏ နောက်လိုက်များအားလုံး ဖမ်းဆီးခံလိုက်ရပြီ ဖြစ်သည်။

ကျောက်မိသားစုနှင့် ဟုန်မိသားစုမှာ နှစ်ပေါင်း ရာနှင့်ချီ၍ တည်ရှိခဲ့သော ထင်ရှားသည့် မိသားစုကြီးများ ဖြစ်ကြသည်။ သူတို့၏ ဆွေမျိုးကိုးဆက်မှာ ရေတွက်၍ပင် မရနိုင်ပေ။ ယခုအခါ ဟုန်ရွှန်ကျိက ဆွေစဉ်မျိုးဆက် ကိုးဆက်လုံးကို ကွပ်မျက်ထိုက်သည့် ကြီးလေး သော ပြစ်မှုကြီးကို ကျူးလွန်ခဲ့သည်။ ထို့ကြောင့် ဆွေစဉ်မျိုးဆက် ကိုးခုလုံး ဖမ်းဆီးခံရခြင်း ဖြစ်သည်။ ဟုန်မိသားစု၏ ဘိုးဘေးဗိမာန်၊ ဘိုးဘေးသင်္ချိုင်းများနှင့် ဘိုးဘေးရုပ်အလောင်း များကိုပင် တူးထုတ်ကာ ရိုက်နှက်၊ ပိုင်းဖြတ်ပြီး မီးရှို့ပစ်ခဲ့ကြသည်။

မင်းသားယုသည် ဤကိစ္စကို ထီးနန်းတက်ပွဲနေ့တွင် ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်ပြီး၊ သူ၏ အာဏာကို ကာကွယ်ရန်အတွက် ဖြစ်သည်။ အာဏာကို ကာကွယ်ခြင်းမှာ ဧကရာဇ် တစ်ပါး၏ လမ်းစဉ်ပင် ဖြစ်သည်။ ပထမဆုံးအနေဖြင့် ကရုဏာတရားနှင့် ဂုဏ်သိက္ခာရှိမှု မှာ လိုအပ်သော်လည်း၊ သတ်ဖြတ်ခြင်းမှာလည်း မရှိမဖြစ် လိုအပ်သော နည်းလမ်းတစ်ခု ဖြစ်သည်။ မသတ်ရဲသော ဧကရာဇ်တစ်ပါးသည် ဂုဏ်သိက္ခာ ရှိမည်မဟုတ်ပေ။ ရှေးဟောင်း သူတော်စင် ဧကရာဇ်များပင်လျှင် သတ်ဖြတ်ရာတွင် ပြတ်သားခဲ့ကြသည်။

"တရားခံတွေကို ကွပ်မျက်လိုက်ပါ"

ဟုန်ယွိက ခဏမျှ စဉ်းစားပြီးနောက် ဤစကားလေးလုံးကို ပြောလိုက်သည်။ မင်းသားယု မှာ အလွန်ပင် ဉာဏ်ကောင်းသူဖြစ်ရာ သူ ဆိုလိုသည်ကို သဘာဝကျကျ နားလည်နိုင်လိမ့် မည်။

"နားလည်ပါပြီ။" ယောင်ယွဲ့ရူက ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်ဝန်းများမှာ လှုပ်ခတ်သွားသည်။ "ဟုန်ယွိ... အခုဆို မင်းရဲ့ ရုပ်ခန္ဓာက ပျက်စီးသွားပြီဆိုတော့ ငါတို့နဲ့ လည်း ဘာသွေးသားမှ မတော်စပ်တော့ဘူးပေါ့..."

ဤသို့ပြောပြီးနောက် သူမက လှေကားထစ်များမှ အလျင်အမြန် ဆင်းသွားတော့သည်။

...

ဟုန်ယွိသည် ခေါင်းကို ခါယမ်းလိုက်ပြီး သူတော်စင်ပေါင်းစုံခန်းမအတွင်းရှိ မဟာအစီအရင် ထဲသို့ လျှောက်လှမ်းသွားခဲ့သည်။

ထိုက်ကျိမိုးကြိုးရေကန်အထက်ရှိ မဟာအစီအရင်မှာ အစွမ်းကုန် လည်ပတ်နေဆဲ ဖြစ်သည်။ ဟုန်ရွှန်ကျိက ထိုအထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်မှ ဖရိုဖရဲ စွမ်းအင်များ ထွက်ပေါ်နေပြီး သံကြိုး ၁၁၉၇ ချောင်း၏ အရှိန်အဝါကို တွန်းကန်နေ၏။ ထိုဖရိုဖရဲစွမ်းအင်များမှာ သံကြိုးများက သူ၏ အပ်စိုက်မှတ်များအတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ စွမ်းအင်များကို စုပ်ယူခြင်းမှ တားဆီးနေခြင်း ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် ဟုန်ရွှန်ကျိ၏ ခွန်အားများမှာ စတင် အားနည်းလာ ကြောင်း ဟုန်ယွိ ခံစားမိသည်။ သူသည် ပြင်းထန်သော လေ့ကျင့်ခန်းများကို ပြုလုပ်ထား ရသဖြင့် မောပန်းနွမ်းနယ်နေသူတစ်ဦးနှင့် တူနေသည်။

ဟုန်ရွှန်ကျိ၏ ပြန်လည်ကုစားနိုင်စွမ်းမှာ အလွန်ပင် အားကောင်းကြောင်း ဟုန်ယွိ သိရှိ ထားသည်။ အစီအရင်သာ တခဏမျှ ရပ်တန့်သွားမည်ဆိုပါက သူသည် ဟင်းလင်းပြင်ရှိ စွမ်းအင်များကို ချက်ချင်းစုပ်ယူကာ မူလအတိုင်း ပြန်လည် အားပြည့်လာလိမ့်မည်။ ထို့ကြောင့် အစီအရင်ကို လုံးဝ ရပ်တန့်၍ မရပေ။

"ဟုန်ရွှန်ကျိ... ယောင်ယွဲ့ရူနဲ့ ကျုပ် ပြောတာကို ခင်ဗျား ကြားမှာပါ။ ငါးရက်အတွင်း ဧကရာဇ်အသစ် ထီးနန်းတက်တော့မယ်။ အင်ပါယာရဲ့ အာဏာကို ကာကွယ်ဖို့အတွက် ဟုန်မိသားစုနဲ့ ကျောက်မိသားစုဝင်တွေကို ကွပ်မျက်ရလိမ့်မယ်။ အဲဒီအချိန် ဈေးထိပ်မှာ လူပေါင်းများစွာကို သတ်ကြလိမ့်မယ်..."

ဟုန်ယွိ၏ အသံမှာ အစီအရင်အတွင်းသို့ ပဲ့တင်ထပ်သွားသည်။

"ဟွန့်… သားမိုက်... ငါက ဒီအဆင့်ထိ ကျင့်ကြံထားတဲ့လူပဲ။ ဒီလိုကိစ္စလေးတွေက ငါ့စိတ် ကို ယိုင်နဲ့အောင် လုပ်နိုင်မယ်လို့ မင်း ထင်နေလား" ဟုန်ရွှန်ကျိက တည်ငြိမ်စွာပင် တုံ့ပြန် သည်။

"ခင်ဗျားက သွေးအေးရက်စက်သူဆိုတာ ကျုပ် သိပြီးသားပါ။ ဒါပေမဲ့ ခင်ဗျားရဲ့ ကိုယ်ကျင့် တရားကို ကာကွယ်ဖို့အတွက် မိသားစုကို ဂရုစိုက်သယောင် ဟန်ဆောင်နေခဲ့တာပဲ" ဟုန်ယွိက ခေါင်းခါရင်း ပြောသည်။ "ကော့လီ... မင်းနဲ့ငါ ပူးပေါင်းပြီး သူ့ဆီက နတ်ဘုရား တန်ခိုး စွမ်းရည်တွေကို ထုတ်ယူကာ ဧကရာဇ်တံဆိပ်တော်တစ်ခု သွန်းလုပ်ကြမယ်"

ကော့လီနတ်ဘုရားဘုရင်မ၏ ပုံရိပ်က ထိုက်ကျိမိုးကြိုးရေကန်၏ အစွန်းတွင် ပေါ်လာ သည်။ သူမက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး "ဧကရာဇ်ကောင်းကင် ကျောက်စိမ်း တံဆိပ်တော်ဆိုတာ ဧကရာဇ်ဖန်က နတ်ဆိုးဘုရင်တွေရဲ့ ခန္ဓာကိုယ်တွေနဲ့ ရှေးဦးရတနာ တွေကို သုံးပြီး သေချာသွန်းလုပ်ထားခဲ့တာ။ မင်းအနေနဲ့ အဲဒီတံဆိပ်တော်ကို ကျော်လွန် မယ့် အရာတစ်ခုကို ဖန်တီးဖို့ မလွယ်ဘူး။ ဟုန်ရွှန်ကျိရဲ့ နတ်ဘုရားစွမ်းရည်အားလုံးကို ထုတ်ယူဖို့ ဖြစ်နိုင်ပေမဲ့ ဒါက နှမြောစရာကောင်းလွန်းတယ်။ ဟုန်ရွှန်ကျိရဲ့ စွမ်းအင်တွေကို သေချာသုံးမယ်ဆိုရင် ဖန်ဆင်းရှင်အဆင့် ကျွမ်းကျင်သူတွေနဲ့ အထွက်အထိပ် လူသား အင်မော်တယ် ကျွမ်းကျင်သူ အနည်းငယ်ကိုတောင် ဖန်တီးပေးနိုင်မှာပါ"

"မင်းရဲ့ တောင်နဲ့ပင်လယ် ပုလဲလုံးကော ဘယ်မှာလဲ" ဟုန်ယွိက ပြုံးလိုက်သည်။ "မင်းရဲ့ တောင်နဲ့ပင်လယ် ပုလဲလုံးကို အခြေခံထားပြီး ဟုန်ရွှန်ကျိရဲ့ နတ်ဘုရားတန်ခိုးစွမ်းရည် တွေ၊ မူလစွမ်းအင်တွေနဲ့ ပေါင်းစပ်လိုက်ရင် ဧကရာဇ်ကောင်းကင် ကျောက်စိမ်းတံဆိပ် တော်နဲ့ ယှဉ်နိုင်တဲ့ တံဆိပ်တော်တစ်ခု ဖြစ်လာမှာပါ။ တကယ်တော့ အဲဒီတံဆိပ်တော်က လည်း သင်္ကေတတစ်ခုပဲလေ။ စွမ်းအားပိုင်းမှာတော့ နတ်ဘုရားလက်နက်ဘုရင် အဆင့်ကို မမီပါဘူး။ အသက်ဝိညာဉ်၊ ဟင်းလင်းပြင်နဲ့ အချိန်ဓားသုံးနဲ့ပင် ညီမျှမှာပါ"

"အဲဒါလည်း ဟုတ်တာပဲ" ကော့လီနတ်ဘုရားဘုရင်မက လက်ကို လှန်လိုက်ရာ လက်သီး ဆုပ်ခန့်ရှိသော တောင်နှင့်ပင်လယ် ပုလဲလုံးတစ်လုံး ပေါ်လာသည်။

"မင်းရဲ့ တွက်ချက်မှုတွေက တကယ့်ကို နက်နဲလှတာပဲ။ တကယ်တော့ အရင်တုန်းက ဧကရာဇ်ဖန်ကလည်း ငါ့ရဲ့ တောင်နဲ့ပင်လယ် ပုလဲလုံးကို အတင်းအကျပ်ယူပြီး ဧကရာဇ် တံဆိပ်တော် သွန်းလုပ်ဖို့ ကြံခဲ့ဖူးတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ မလုပ်ဖြစ် ခဲ့ဘူး" ကော့လီက ဆိုသည်။ "ငါ့ရဲ့ တောင်နဲ့ပင်လယ် ပုလဲလုံးမှာ ရှေးဦးခေတ်ရဲ့ အငွေ့ အသက်တွေ အားလုံး ပါဝင်နေတယ်။ အရာအားလုံးကို ထိန်းချုပ်နိုင်ပြီး နတ်ဆိုးတွေကို နှိမ်နင်းနိုင်တယ်။ ဒါကို တံဆိပ်တော်အဖြစ် သုံးဖို့က အကောင်းဆုံး ရွေးချယ်မှုပဲ။ မင်းရဲ့ အတွေးတွေက ဧကရာဇ်ဖန်ရဲ့ အတွေးနဲ့ တူနေတာပဲ။ ဒီတစ်ခါတော့ ငါ အကျိုးအမြတ် ရတော့မယ် ထင်တယ်။”

ဟုန်ယွိက တောင်နှင့်ပင်လယ် ပုလဲလုံးကို တံဆိပ်တော်အဖြစ် သန့်စင်ခြင်းမှာ အတွင်းရှိ စိတ်ဝိညာဉ် အမှတ်အသားကို ဖျက်ဆီးရန် မဟုတ်ဘဲ၊ ဟုန်ရွှန်ကျိ၏ သွေးအနှစ်သာရနှင့် နတ်ဘုရားတန်ခိုးစွမ်းရည်များကို ထည့်သွင်းကာ အသစ်ပြန်လည် သန့်စင်ပြီး မင်းသားယု ကို ငှားရမ်းပေးရန် ဖြစ်သည်။ ပုလဲလုံး၏ မူလပိုင်ရှင်မှာ ကော့လီနတ်ဘုရားဘုရင်မ ဖြစ်နေ ဆဲပင်။

"ဧကရာဇ်ကောင်းကင် ကျောက်စိမ်းတံဆိပ်တော်ဆိုတာ အလွယ်တကူ အစားထိုးလို့ ရ တာ မဟုတ်ဘူး။ မင်း အဲဒီစိတ်ကူးကို လက်လျှော့လိုက်တာ ပိုကောင်းမယ်။” ဟုန်ရွှန်ကျိ ၏အသံက တိုးတိုးလေး ထွက်ပေါ်လာသည်။

"အဲဒါ ဟုတ်မဟုတ် ကြည့်ကြတာပေါ့" ဟုန်ယွိက သက်ပြင်းချလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။ သူက တခဏမျှ စဉ်းစားနေပြီးနောက် ရုတ်တရက် လက်ကို ဝှေ့ယမ်း လိုက်သည်။ "တိုင်ရှန်တာအိုဂိုဏ်းက သူတော်စင်မိန်းမပျို ဆုမူ... ရောက်နေမှတော့ ဝင်လာပြီး ကြည့်လိုက်ပါဦး"

ဟင်းလင်းပြင်တွင် လှိုဏ်ခေါင်းတစ်ခု ပေါ်လာပြီးနောက် အမျိုးသမီးတစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာသည်။ သူမမှာ ဆုမူပင် ဖြစ်သည်။

"ဟုန်ယွိ... မင်းရဲ့ နတ်ဘုရားတန်ခိုးစွမ်းရည်တွေက ပိုပိုပြီး အားကောင်းလာတာပဲ။ ငါ ဒီပြောင်းလဲခြင်းမျှော်စင်ကို လာချင်နေတယ်ဆိုတာကိုတောင် မင်း သိနေတယ်ပေါ့။” ဆုမူ က အံ့သြတုန်လှုပ်ဟန်ဖြင့် ပြောလိုက်ပြီး၊ လှိုဏ်ခေါင်းထဲမှ တစ်လှမ်းချင်း လျှောက်လာပြီး သူတော်စင်ပေါင်းစုံခန်းမ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာသည်။

"ဆုမူ... ဘာကိစ္စနဲ့ လာတာလဲ" ဟုန်ယွိက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

ဆုမူက ဘာမှ ပြန်မပြောဘဲ အစီအရင်ထဲရှိ ဟုန်ရွှန်ကျိကိုသာ စိုက်ကြည့်နေသည်။ ထို့နောက် သူမက ရုတ်တရက် ရယ်မောလိုက်ရာ၊ သူမ၏ စိတ်ဝိညာဉ်အတွင်းမှ ကျေနပ် အားရသော ခံစားချက်များ ပျံ့လွင့်လာသည်။

ဟုန်ယွိသည် ထိုအခိုက်အတန့်တွင် ဆုမူ၏ အတွေးများမှာ ပိုမိုကြည်လင်လာပြီး သူမ၏ ကျင့်ကြံမှုမှာလည်း နောက်ထပ် အဆင့်တစ်ခုသို့ တက်လှမ်းသွားကြောင်း ခံစားလိုက်ရ သည်။

"ဟုန်ရွှန်ကျိ... ဒီလိုနေ့မျိုး ရောက်လာမယ်လို့ ရှင် ထင်မထားဘူး မဟုတ်လား။ လွန်ခဲ့တဲ့ ငါးနှစ်က ရှင် ဘယ်လောက်တောင် မောက်မာပြီး အနိုင်ကျင့်ခဲ့လဲဆိုတာ ကျွန်မ မှတ်မိပါ သေးတယ်။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ သူတော်စင်မိန်းမပျိုဖြစ်တဲ့ ကျွန်မကိုတောင် ရှင်က ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာ။ တကယ်တော့ အဲဒီနေ့က 'ပန်းကြဲပြည့်တန်ဆာရုံ' မှာ ကျွန်မကို ပထမဆုံး မြင်ခဲ့တုန်းက ရှင့်စိတ်ထဲမှာ ယုတ်ညံ့တဲ့ အတွေးတွေ ရှိနေခဲ့တာ မဟုတ်လား။ ကျွန်မကိုလည်း ကစားစရာတစ်ခုလို သဘောထားချင်ခဲ့တာ မဟုတ်လား” ဆုမူက ပြောလိုက်သည်။

"ဟွန့်…." ဟုန်ရွှန်ကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောပေ။

"ဒါဆို အဖေက သူတော်စင်မိန်းမပျိုကိုတောင် ကစားချင်ခဲ့တာပေါ့" ဟုန်ယွိက အေးအေး ဆေးဆေး ပြောလိုက်သည်။ "အဖေ့ရဲ့ ဘဝမှာ အမျိုးသမီးတွေ အများကြီး ရှိခဲ့တာပဲ။ ကျောက်ဖေးအာ၊ ယောင်ချင်းဟွေ... အဖေက ကြင်ယာတော်ယွမ်ကိုတောင် မျက်စိကျခဲ့ သေးတယ်၊ အခု ဆုမူကိုပါ ဆိုတော့။ ကွန်ဖူးရှပ်ဝါဒီ ပညာရှင်တွေဟာ တရားမျှတမှုကို ထိန်းသိမ်းပြီး လူသားတွေရဲ့ အလိုဆန္ဒတွေကို ပယ်သတ်ရမယ်လို့ ပြောကြပေမဲ့၊ အဖေမှာ ဒီလောက်ပြင်းထန်တဲ့ အလိုဆန္ဒတွေ ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး"

"မင်းတို့မှာ ဘယ်လိုတာအိုပညာရပ်တွေပဲ ရှိရှိ ထုတ်သုံးလိုက်ကြစမ်း” ဟုန်ရွှန်ကျိ၏ လေသံမှာ အေးစက်သွားသည်။ "မင်းတို့ရဲ့ နည်းလမ်းတွေ ပိုပြီး အားကောင်းလေလေ၊ ငါ့အတွက် ဟင်းလင်းပြင်ကို ဖျက်ဆီးနိုင်ဖို့ မျှော်လင့်ချက် ပိုများလာလေပဲ"

"ခေါင်းမာလိုက်တာ" ဆုမူက ကျိန်ဆဲလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမက ဟုန်ယွိကို ကြည့်ပြီး စကြဝဠာကျမ်းနှစ်စောင်ကို ထုတ်ပေးလိုက်သည်။ "ဒါက တိုင်ရှန် တာအိုဂိုဏ်းရဲ့ ကျမ်းစာနှစ်စောင်ပဲ။ ဒါကို မန်ပိုင်ယွန်က မင်းအတွက် ချန်ထားခဲ့တာ။ ဂိုဏ်းချုပ်က ဒါကို မင်းဆီ ပြန်ပေးဖို့ ငါ့ကို ညွှန်ကြားလိုက်တယ်။ ဒါဟာ မင်းပိုင်တဲ့အရာပဲ။ အရင်က ဂိုဏ်းချုပ်နဲ့ မန်ပိုင်ယွန်တို့မှာ သဘောတူညီချက်တစ်ခု ရှိခဲ့တယ်။ သူမက ဒီကျမ်းစာတွေကို မင်းအတွက် တကယ်ပဲ ချန်ထားခဲ့တာမို့ တိုင်ရှန်တာအိုဂိုဏ်းကို ပြန်ပေး ဖို့ မလိုပါဘူး"

"အို" ဟုန်ယွိက ကျမ်းစာနှစ်စောင်ကို ကြည့်လိုက်သည်။ ကောင်းကင်ပြာရောင် ပစ္စည်းများ ဖြင့် ပြုလုပ်ထားသော ထိုကျမ်းစာ၏ စာမျက်နှာတိုင်းတွင် ဟင်းလင်းပြင်နှင့် အချိန်၏ အဆုံးမဲ့သော လျှို့ဝှက်ချက်များ ရှိနေပြီး ထူးခြားသည့် ရတနာတစ်ခု ဖြစ်နေသည်။

"မန်ပိုင်ယွန်က ဒါကို မင်းအတွက် တိတ်တဆိတ် ချန်ထားခဲ့တာ။ ဒါပေမဲ့ ဟုန်ရွှန်ကျိက လုယူသွားခဲ့တယ်။ ဟုန်ရွှန်ကျိရဲ့ မူလရည်ရွယ်ချက်က မင်းကို တာအိုကျင့်စဉ်တွေ မသင် ယူစေချင်ဘဲ၊ မြို့စားအိမ်တော်မှာပဲ အိုမင်းပြီး သေသွားစေချင်ခဲ့တာ။ အကျဉ်းချထားတာနဲ့ အတူတူပဲပေါ့။ မင်းမှာ ဒီလို ကံထူးမှုမျိုး ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူး။ တကယ်တော့ ငါကိုယ်တိုင်တောင် မင်းကို တိတ်တဆိတ် ပညာသင်ပေးဖို့ စိတ်ကူးရှိခဲ့တာ" ဆုမူက ဆိုသည်။

"ဟုတ်လား… မိန်းကလေးဆုမူရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါ ဘာလို့ စကြဝဠာကျမ်းနှစ်စောင်ကို လာပေးတာလဲ။ ဂိုဏ်းချုပ်က ငါ့အတွက် ဘာသတင်း ပါးလိုက်သေးလဲ" ဟုန်ယွိက ပြုံးလိုက်သည်။ "ငါထင်တာတော့ ယန်ဖန်နဲ့ ကောင်းကင် အပြင်ပနယ်မြေ ဗဟိုကမ္ဘာက ခေါင်းဆောင် ရွှီယွိတို့ ကိစ္စနဲ့ ပတ်သက်နေမယ် ထင်တယ်"

"ဂိုဏ်းချုပ် ပြောတဲ့အတိုင်း မင်းက အရာအားလုံးကို ကြိုသိနေတာပဲ" ဆုမူက ပြုံးလိုက် သည်။ "ဂိုဏ်းချုပ်က ရွှီယွိကို သတ်ဖို့ မင်းနဲ့ ပူးပေါင်းချင်နေတယ်။ ဒီတစ်ခါမှာ ရွှီယွိနဲ့ ယန်ဖန်တို့က ရွှီမိသားစုဝင် သန်း ၃၀၀ လုံးကို ဖန်းဆင်းခြင်သင်္ဘောနဲ့ မဟာကမ္ဘာလောက ထဲသို့ ခေါ်လာဖို့ ကြံစည်နေကြတယ်။ အဲဒီအချိန်မှာ ယန်ဖန်းနဲ့ ဂိုဏ်းချုပ်တို့က ပူးပေါင်းပြီး ရွှီဝူယိကို သတ်မယ်၊ ပြီးတော့ ရွှီမျိုးနွယ်စုရဲ့ လူဦးရေ သန်းသုံးရာကို ယဇ်ပူဇော်ပြီး အထွတ်အထိပ် နတ်ဘုရားတန်ခိုးကျင့်စဉ်တွေကို ကျင့်ကြံဖို့ စီစဉ်ထားတယ်။ အဲဒီ အကျိုး အမြတ်ထဲက တစ်စိတ်တစ်ပိုင်းကို မင်း လိုချင်လားလို့ ဂိုဏ်းချုပ်က မေးခိုင်းလိုက်ပါ တယ်။”

"ဒါဟာ တကယ်ကို တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းကြံစည်နေကြတာပဲ။ ယန်ဖန်နဲ့ ရွှီယွိက ပူးပေါင်းတယ်၊ ဒါပေမဲ့ ယန်ဖန်က မုန့်ရှန်းကျီနဲ့ ပူးပေါင်းပြီး ရွှီယွိကို ပြန်လုပ်ကြံဖို့ ကြံစည်တယ်။ မုန့်ရှန်းကျီကလည်း ယန်ဖန်နဲ့ ပူးပေါင်းနေရင်း ငါနဲ့ ပြန်ပူးပေါင်းပြီး ယန်ဖန် ကိုပါ ပြန်နှိပ်ကွပ်ဖို့ ကြံစည်နေပြန်တယ်။ တစ်ချိန်တည်းမှာပဲ ရွှီယွိကလည်း တခြား တစ်ယောက်နဲ့ ပူးပေါင်းပြီး ငါ့ကို လုပ်ကြံဖို့ ကြံစည်နေဦးမှာပဲ။ ဒီပူးပေါင်းကြံစည်မှုတွေထဲ မှာ လူတိုင်းက ရန်သူတွေချည်းပဲ။ ငါကရော ဒါကို သဘောတူသင့်သလား” ဟုန်ယွိက ဟုန်ယွိက ပြုံးယောင်သန်းလျက် မေးလိုက်သည်။

"မင်း သဘောတူမှာပါ။ ဒါဟာ အခွင့်အရေးတစ်ခုပဲလေ။ မင်း သဘောမတူဘဲ မနေနိုင်ပါ ဘူး" ဆုမူကလည်း ပြုံးလျက် ပြန်ပြောသည်။

မင်း ပြောတာ မမှားပါဘူး၊ ငါ သဘောတူပါတယ်။” ဟုန်ယွိက ဆုမူကို ခဏမျှ ကြည့်လိုက် သည်။ "မင်းက စကြဝဠာကျမ်းကို ယူလာပေးမှတော့၊ ငါ တံဆိပ်တော် သွန်းလုပ်တာကိုပါ တစ်ခါတည်း စောင့်ကြည့်သွားပေါ့။ ကော့လီ... စကြစို့"

ပြောပြောဆိုဆိုဖြင့် ဟုန်ယွိနှင့် ကော့လီတို့က အစီအရင်ကို ပြင်းထန်စွာ အရှိန်မြှင့်လိုက် ကြသည်။ သံကြိုး ၁၁၉၇ ချောင်းသည် ဟုန်ရွှန်ကျိ၏ အဓိက အပ်စိုက်မှတ်များအတွင်းသို့ ထိုးစိုက်ဝင်ရောက်သွားတော့သည်။

ဟုန်ရွှန်ကျိမှာ ဟုန်ယွိနှင့် ကော့လီတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို မမျှော်လင့်ထားသဖြင့် တခဏအတွင်းမှာပင် သူ၏ အပ်စိုက်မှတ်များမှာ ဖောက်ထွင်းခံလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူ၏ မူလစိတ်ဝိညာဉ် အနှစ်သာရများမှာ စတင် စုပ်ထုတ်ခြင်း ခံလိုက်ရသည်။

"အား... အား..." ဟုန်ရွှန်ကျိထံမှ တစ်လောကလုံး တုန်ဟည်းသွားစေလောက်သော အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့လေသည်။

အခန်း (၇၄၂)။

ဟုန်ယွိနှင့် ကော့လီနတ်ဘုရားဘုရင်မတို့ ပူးပေါင်းလိုက်သည်နှင့် ထိုက်ကျိ မိုးကြိုးရေကန် အထက်ရှိ အစီအရင်များမှာ ဆယ်ဆမက ပို၍ အားကောင်းလာခဲ့သည်။ ဟုန်ရွှန်ကျိမှာမူ အင်အားကုန်ခမ်းနေပြီဖြစ်ရာ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ သူ၏ ပိတ်ဆို့ထား သော အပ်စိုက်မှတ်များနှင့် အကြောများအားလုံး ပွင့်ထွက်သွားပြီး သံကြိုး ၁၁၉၇ ချောင်း က ထိုအပ်စိုက်မှတ်များအတွင်းသို့ ထိုးဖောက်ကာ အတွင်းရှိ စွမ်းအင်များကို စုပ်ယူတော့ သည်။

"မကောင်းတော့ဘူး"

သံကြိုးများ သူ၏ အပ်စိုက်မှတ်များကို ထိုးဖောက်လိုက်သည့် ခဏမှာပင် ဟုန်ရွှန်ကျိ၏ စိတ်ထဲ၌ အေးစိမ့်သွားပြီး အခြေအနေ မဟန်တော့မှန်း သူ သိလိုက်သည်။ ဤသည်ကား သေရေးရှင်ရေး တမျှ စိုးရိမ်ရသော အရေးပေါ် အခြေအနေပင် ဖြစ်သည်။

သံကြိုးများမှာ သူ၏ အပ်စိုက်မှတ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသရွေ့ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အနှစ်သာရ မူလစွမ်းအင်များကို စဉ်ဆက်မပြတ် စုပ်ယူနေမည်ဖြစ်ပြီး၊ သူ့ကို တစ်ဖြည်းဖြည်း အားနည်းသွားစေလိမ့်မည်။ နောက်ဆုံးတွင် သူ၏ နတ်ဘုရား တန်ခိုးကျင့်စဉ် များအားလုံး ဆုံးရှုံးသွားကာ သူ၏ ခန္ဓာကိုယ်သည်လည်း သာမန်လူ တစ်ယောက်ကဲ့သို့ မူလအခြေအနေသို့ ပြန်ရောက်သွားပေလိမ့်မည်။

အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ခန္ဓာကိုယ်အတွင်းရှိ မူလ စွမ်းအားများ အတင်းအကျပ် စုပ်ယူခြင်းခံရကာ သာမန်လူတစ်ယောက် ဖြစ်သွားရခြင်းမှာ မည်မျှ ဝမ်းနည်းစရာ ကောင်းသနည်း။ သူ ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ရသမျှ နတ်ဘုရား တန်ခိုးကျင့်စဉ်များကို ဤကဲ့သို့ ဆုံးရှုံးလိုက်ရခြင်းမှာ မည်မျှ သနားစရာ ကောင်းသနည်း။ အမြင့်ဆုံးနေရာသို့ တက်လှမ်းခဲ့ဖူးသူတစ်ဦးသည် အောက်ခြေသို့ ပြုတ်ကျသွားပြီးနောက် အခြားတစ်ယောက်၏ တွန်းချခြင်းကို ခံရကာ ချောက်ထဲသို့ ကျသွားရသည့် ခံစားချက်မျိုး မှာ မည်မျှ စိတ်ပျက်အားငယ်စရာ ကောင်းလိုက်မည်နည်း။

ဟုန်ရွှန်ကျိသည် သေရမည်ကို မကြောက်ပေ။ သို့သော် သူ၏ သိုင်းပညာများ အကုန် ဖျက်ဆီးခံရပြီးနောက် ကြုံတွေ့ရမည့် အခြေအနေကိုမူ သူ အလွန် ကြောက်ရွံ့နေမိသည်။ သူ၏ သိုင်းပညာများ မရှိတော့လျှင် သူ မည်သို့ ရှင်သန်ရမည်၊ အရာအားလုံးကို မည်သို့ ရင်ဆိုင်ရမည်ကို သူ စိတ်ကူးပင် မယဉ်ဝံ့ပေ။

ဤအရေးကြီးဆုံး အချိန်တွင် သူသည် သူ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးမှ ဟစ်ကြွေးလိုက် ကာ သူ၏ အပြင်းထန်ဆုံး တုံ့ပြန်မှုကို ပြုလုပ်လိုက်သည်။

"သားမိုက်… မင်းက ငါ့သိုင်းပညာကို ဖျက်ဆီးပြီး နတ်ဘုရားတန်ခိုးစွမ်းအားတွေကို ထုတ်ယူချင်တာလား။ ငါ မင်းကို နာနာကျင်ကျင်နဲ့ သေစေရမယ်... ကောင်းကင်နဲ့ မြေကြီး နတ်ဘုရားတန်ခိုးကျင့်စဉ်၊ ယင်ယန် လျှို့ဝှက်နယ်ပယ်၊ ကောင်းကင်ဘုံသေမင်းဘီး၊ ကောင်းကင်နဲ့ မြေကြီးရဲ့ နတ်ဘုရားဘုရင်၊ စက်ဝန်း၊ စက်ဝန်း၊ စက်ဝန်း၊ စက်ဝန်း၊ စက်ဝန်း၊ စက်ဝန်း၊ စက်ဝန်း၊ စက်ဝန်း၊ စက်ဝန်း"

ဟုန်ရွှန်ကျိ၏ ပါးစပ်မှ 'စက်ဝန်း' ဟူသော စကားလုံး ကိုးကြိမ် ဆက်တိုက် ထွက်ပေါ်လာ သည်။ ထိုအသံတစ်ခုချင်းစီသည် မတူညီသော လေယူလေသိမ်းများ၊ မတူညီသော အသံ နေအသံထားများဖြင့် ကောင်းကင်ဘုံသေမင်းဘီး၏ အမြင့်ဆုံး အောင်မြင်မှုကို ကိုယ်စား ပြုနေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်သည် အချင်းချင်း ချိတ်ဆက်နေ သော မှော်စက်ဝန်း ကိုးခုအဖြစ် ပြောင်းလဲသွားသည်။ ထိုစက်ဝန်းကိုးခုအတွင်း၌ ‘ဗြဟ္မာ စက်ဝန်း’ ၏ အရိပ်အယောင်ကို မြင်တွေ့နိုင်ပေသည်။ ဟုန်ရွှန်ကျိသည် ယခင်က ‘ဗြဟ္မာ စက်ဝန်း’ ကို တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း ယခုကဲ့သို့ သေရေးရှင်ရေး အချိန်တွင် သူသည် အစစ်အမှန် ‘ဗြဟ္မာ စက်ဝန်း’ သဘောတရားကို နားလည်သွားခဲ့သည်။ ကောင်းကင်ဘုံသေမင်းဘီးမှာ နောက်ဆုံးတွင် ပြည့်စုံသွားခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် သူသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်းဟူသော အမြင့်ဆုံး တာအိုနယ်ပယ်ကို ထိတွေ့နိုင်ခဲ့ ပြီ။

ပြည်နယ် ၉၉ ခု၏ အထက်ရှိ အဆုံးမဲ့ လျှို့ဝှက်ဟင်းလင်းပြင်ထဲတွင် ဟုန်ရွှန်ကျိနှင့် နီးကပ်စွာ ဆက်နွှယ်နေသော အပ်စိုက်မှတ် ၉၉ ခု ရှိနေကြောင်း ဟုန်ယွိ ခံစားလိုက်ရ သည်။ ထိုအပ်စိုက်မှတ်များမှာ ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်နှင့် လုံးဝပေါင်းစပ်ကာ မတွေးဆ နိုင်သော နယ်ပယ်တစ်ခုသို့ တက်လှမ်းရန် ကြိုးစားရင်း တုန်ခါနေကြသည်။ ထိုနယ်ပယ် ကား ဟင်းလင်းပြင် ဖျက်ဆီးခြင်းပင် ဖြစ်သည်။

"မကောင်းတော့ဘူး၊ ဟုန်ရွှန်ကျိက အခက်အခဲတွေကြားမှာ အခက်အခဲတွေကြားမှာ ပိုပြီး သန်မာလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

ဟုန်ယွိနှင့် ကော့လီနတ်ဘုရားဘုရင်မတို့ ပူးပေါင်းကာ ဟုန်ရွှန်ကျိ၏ သိုင်းပညာကို ဖျက်ဆီးပြီး နတ်ဘုရားတန်ခိုးစွမ်းအားများကို ထုတ်ယူနေသည်ကို ဆုမူ ကြည့်နေခဲ့သည်။ သို့သော် ယခုအချိန်တွင် ဟုန်ရွှန်ကျိသည် သူ၏ နတ်ဘုရားတန်ခိုးစွမ်းအာများကို တစ်ဖန် ပြန်လည် ပေါက်ကွဲစေခဲ့ပြီး၊ အစီအရင်၏ စွမ်းအားအချို့ကိုပင် ပြန်လည်စုပ်ယူကာ ပြည်နယ် ၉၉ ခုနှင့် ချိတ်ဆက်နေသည့် လက္ခဏာများ ပြသလာသည်။ သူသည် ဘေးဒုက္ခများကြားမှပင် အဆင့်ချိုးဖြတ်မူ ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆုမူ သိလိုက်သည်။

ဆုမူ၏ နတ်ဘုရားတန်ခိုးကျင့်စဉ်မှာ ဖန်ဆင်းရှင်အဆင့်သို့ မရောက်သေးသော်လည်း သူမ သည် ထိပ်သီးဂိုဏ်းဝင်တစ်ဦးဖြစ်ရာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်နေသည်။ "သူက အချိန်မရွေး ဟင်းလင်းပြင် ဖျက်ဆီးခြင်း နယ်ပယ်ထဲကို ခြေစုံပစ် ဝင်နိုင်တယ်။ အဲဒီလိုဆိုရင်တော့ ဘယ်သူမှ သူ့ကို နှိမ်နင်းနိုင်တော့မှာ မဟုတ်ဘူး"

အကယ်၍ ဟုန်ရွှန်ကျိသာ အမှန်တကယ် ဟင်းလင်းပြင် ဖျက်ဆီးခြင်း နယ်ပယ်သို့ ရောက်ရှိသွားပြီး ချိပ်ပိတ်ထားမှုမှ လွတ်မြောက်သွားမည်ဆိုလျှင်၊ ဤလောကတွင် သူ့ကို တားဆီးနိုင်မည့်အရာ ရှိတော့မည်မဟုတ်ပေ။

ယန်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများပင်လျှင် သူ့ကို တားဆီးနိုင်ရန် ခက်ခဲလိမ့် မည်။ အကယ်၍ သူသာ လွတ်မြောက်သွားပြီး ဧကရာဇ် ယန်ဖန်နှင့် ပြန်လည် ပူးပေါင်းသွား မည်ဆိုလျှင် သူသည် လက်ရှိအခြေအနေကို တစ်ပတ်ပြန်လှည့်အောင် လုပ်နိုင်စွမ်း ရှိပေ သည်။

ထိုအချိန်တွင် ဆုမူသည်လည်း အလွန်ပင် စိတ်လှုပ်ရှား တုန်လှုပ်နေမိသည်။

ထူးချွန်ပြောင်မြောက်သော ပါရမီရှင်များမှာ အခက်အခဲနှင့် ရင်ဆိုင်ရချိန်တွင် အသက် ဆက်နိုင်ရန် ရုန်းကန်နိုင်စွမ်း ရှိကြသည်ကို သူမ သိသည်။ သေရေးရှင်ရေး အခြေအနေသို့ ရောက်လေလေ၊ သူတို့၏ ပုန်းကွယ်နေသော စွမ်းအားများကို ပို၍ လှုံ့ဆော်နိုင်လေလေ ဖြစ်သည်။

ဤသည်မှာ ပါရမီရှင်များ၏ စွမ်းရည်ဖြစ်သလို၊ လောကတွင် ကံအလွန်ကောင်းသူများ၏ စွမ်းရည်လည်း ဖြစ်သည်။ ထိုသို့သာ မဟုတ်လျှင် သူတို့ကို ကံထူးရှင်များဟု ခေါ်ဆိုကြမည် မဟုတ်ပေ။

ဟုန်ရွှန်ကျိ၊ ဟုန်ယွိ၊ ယန်ဖန်၊ မုန့်ရှန်းကျီနှင့် ချန်ပီယံမြို့စားတို့မှာလည်း ထိုသို့ပင် ဖြစ်ကြ သည်။ သူတို့သည် ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ရတိုင်း ပိုမို တိုးတက်လာတတ်ကြသည်။

"ဒီတစ်ကြိမ်မှာ ဟုန်ရွှန်ကျိ အောင်မြင်သွားမလား၊ သူ့ရဲ့ နတ်ဘုရားတန်ခိုးစွမ်းအားတွေကို ထုတ်ယူနိုင်မယ့် ကံတရားရော ဟုန်ယွိမှာ ရှိနေမလား။ ဒါမှမဟုတ် ဟုန်ရွှန်ကျိကပဲ ချိပ်ပိတ်မှုကို ဖောက်ထွက်ပြီး လွတ်မြောက်သွားမလား"

ဆုမူ၏ စိတ်ထဲတွင် အတွေးများ စွာ ဒွန်တွဲနေသည်။ သို့သော် သူမသည် သူတော်စင် ပေါင်းစုံခန်းမ အတွင်း၌ ဘာမှ မတတ်နိုင်ပေ။ သူမ၏ နတ်ဘုရားတန်ခိုးကျင့်စဉ်များ၊ မှော်မန္တန်များနှင့် ရတနာများအားလုံး ချိပ်ပိတ်ခြင်း ခံထားရသည်ကို သူမ ခံစားနေရသည်။

ဘုန်း… ဘုန်း… ဘုန်း ...

အက်ကွဲသံပေါင်း တစ်ထောင်ကျော် ထွက်ပေါ်လာပြီးနောက် မိုးကြိုးသံကြိုးသည် ဟုန်ရွှန်ကျိ၏ လက်ချက်ဖြင့် ပျက်စီးသွားတော့သည်။

"ဗြဟ္မာစက်ဝန်း၊ နတ်ဘုရားစက်ဝန်း၊ နေစက်ဝန်း၊ လစက်ဝန်း၊ ရတနာစက်ဝန်း၊ အလင်းစက်ဝန်း၊ အနှစ်သာရစက်ဝန်း၊ ဟင်းလင်းပြင်စက်ဝန်း" ဟုန်ရွှန်ကျိက ခန့်ညားစွာ မတ်တပ်ရပ်လိုက်ပြီး သူ၏ ဝတ်စုံမှာလည်း လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။ ထိုအချိန် တွင် သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ ရုတ်တရက် တိုးလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြီးမြတ်သော ဓမ္မစက်ဝန်း ကိုးခုသည် ချိပ်ပိတ် ထားသော အစီအရင်များကို တိုက်ခိုက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမား သော အစီအရင်အချို့၏ မူလစွမ်းအင်များမှာ ပေါက်ကွဲထွက်မတတ် တုန်ခါသွားသည်။

အဆုံးမဲ့ မူလစွမ်းအင်များကို ဟုန်ရွှန်ကျိက သူ၏ အပ်စိုက်မှတ် များအတွင်းသို့ တစ်ဖန် ပြန်လည် စုပ်ယူလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အတုမရှိ အားကောင်း သော မူလအင်အားအပြည့်သို့ ပြန်လည် ရောက်ရှိသွားတော့သည်။

"သားမိုက်၊ ငါ့ကို နှိမ်နင်းဖို့ ဒီလောက်လွယ်မယ် ထင်နေသလား။ ဒီရက်ပိုင်းအတွင်းမှာ ငါဟာ တိတ်တဆိတ် ဆင်ခြင်သုံးသပ်နေခဲ့တာ၊ နာကျင်စရာ အတွေ့အကြုံတွေကို ပြန်လည် ဆင်ခြင်ရင်းနဲ့ပေါ့။ အခုတော့ ငါဟာ သိုင်းပညာအားလုံးကို အကြွင်းမဲ့ နားလည် သွားပြီ။ ငါ့ခန္ဓာကိုယ်ဟာ ဟင်းလင်းပြင်တစ်ခုလိုပဲ၊ ငါ့ခန္ဓာကိုယ်ဟာ အဆုံးမဲ့ ပင်လယ်ကြီး တစ်ခုလိုပဲ။ ငါ့ကို အခက်အခဲတွေကြားထဲ ရောက်အောင် လုပ်ပေးခဲ့လို့ မင်းကို ကျေးဇူး တင်ရဦးမယ်။ မဟုတ်ရင် ငါဟာ ဟင်းလင်းပြင် ဖျက်ဆီးခြင်းရဲ့ နောက်ဆုံးနယ်ပယ်ကို နားလည်နိုင်မှာ မဟုတ်ဘူး"

ဟုန်ရွှန်ကျိ၏ အသံမှာ အေးစက်လှသော်လည်း အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့သွားကာ ပြည်နယ် ၉၉ ခုလုံး၏ မူလစွမ်းအင်များကိုပင် တုန်လှုပ်သွားစေသည်။

"တောင်နဲ့ပင်လယ် ပုလဲလုံး၊ ပေါက်ကွဲစမ်း"

ထိုအချိန်တွင် ကော့လီနတ်ဘုရားဘုရင်မက သူမ၏ တောင်နဲ့ပင်လယ် ပုလဲလုံးကို ထုတ်ယူလိုက်ကာ သူမ၏ အစွမ်းထက်ဆုံး နတ်ဘုရားလျှို့ဝှက်ပညာရပ်ဖြစ်သော 'အနန္တ သားရဲနတ်ဆိုးနတ်ဘုရားပညာ'ကို တစ်ပြိုင်တည်း အသုံးပြုလိုက်သည်။

"ဟုန်ရွှန်ကျိ... ခင်ဗျားက တကယ်ပဲ နောက်ဆုံးအချိန်မှာ အဆင့်ချိုးဖြတ်မူ ပြုလုပ်နိုင်ပြီး ဟင်းလင်းပြင် ဖျက်ဆီးခြင်း နယ်ပယ်ကို ရောက်သွားမယ်လို့ ထင်နေတာလား" ဟုန်ယွိက မေးလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာလည်း နတ်ဆိုးဘုရင်တစ်ပါးကဲ့သို့ မြင့်တက်လာပြီး "အနာဂတ်သခင်အနေနဲ့ ကျုပ် အရာအားလုံးကို တွက်ချက်ထားပြီးသား။ ခင်ဗျားရဲ့ အဆင့်ချိုးဖြတ်မူကို ကျုပ် မတွက်ချက်မိဘူး ထင်နေလား။ ခင်ဗျားရဲ့ အဆင့်ချိုးဖြတ်မူက လည်း ကျုပ်တွက်ချက်မှုထဲမှာ ပါပြီးသားပါ။ ခင်ဗျားက ဒီလောက်နဲ့ပဲ ဟင်းလင်းပြင် ဖျက်ဆီးခြင်း နယ်ပယ်ကို ရောက်နိုင်မယ်လို့ ထင်နေရင်တော့ အကြီးအကျယ် မှားသွားလိမ့် မယ်။ ခင်ဗျားက ပြည်နယ် ၉၉ ခုရဲ့ အပ်စိုက်မှတ် လျှို့ဝှက်ချက်တွေကိုပဲ ထိတွေ့နိုင်သေး တာပါ။ ဟင်းလင်းပြင်ဖျက်ဆီးခြင်းအဆင့်ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်။ ကျုပ် အဲဒီနယ်ပယ်ကို ထိတွေ့နေတာ ကြာလှပြီ။ ခင်ဗျားက ငါ့နောက်က ဖုန်တောထဲမှာ ကျန်နေခဲ့သူပါ။ ခင်ဗျားက ဒီလောက် အဆင့်ချိုးဖြတ်မူ ပြုလုပ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းလို့ ထင်နေတာလား။ ခုနက ခင်ဗျားကို အစီအရင်ကို ဖျက်ဆီးခိုင်းပြီး စွမ်းအင်တွေ စုပ်ယူခိုင်းတာက မင်းကို 'ဝ' အောင် ကျွေးလိုက်တာပဲ။ ခင်ဗျားက အကျဉ်း ကျနေတာ ကြာလို့ အရမ်းအားနည်းနေပြီ။ ခင်ဗျားကို အင်အားအပြည့် ဖြစ်အောင် မလုပ်ပေးရင် အမြင့်ဆုံး ဧကရာဇ်တံဆိပ်တော်ကို ကျုပ် ဘယ်လို သန့်စင်နိုင်မှာလဲ။ မင်းကို အမြင့်ဆုံးကနေ အောက်ခြေကို ပြုတ်ကျရတဲ့ အစစ်မှန် စိတ်ပျက်ကြွေကွဲမူကို ကျုပ် ဘယ်လိုလုပ် မပေးဘဲနေမှာလဲ"

ပြောနေရင်းမှာပင် ဟုန်ယွိသည် တောင်နှင့်ပင်လယ် ပုလဲလုံးကို တစ်ချက် ထိုးနှက်လိုက် သည်။

ချက်ချင်းပင် တောင်နှင့်ပင်လယ် ပုလဲလုံးမှာ အက်ကွဲသွားပြီး ကော့လီနတ်ဘုရားဘုရင်မ ၏ 'အနန္တသားရဲနတ်ဆိုးနတ်ဘုရားပညာ'ရပ်နှင့် ပေါင်းစပ်ကာ အပြည့်အဝ ပေါက်ကွဲထွက် သွားသည်။ ထိုရတနာမှာ အကန့်အသတ်အထိ တွန်းပို့ခံလိုက်ရပြီး မူလစွမ်းအင်အနှစ်သာရ အားလုံးကို ထုတ်လွှတ်လိုက်ကာ နောက်ဆုံးတွင် ပေါက်ကွဲသွားတော့သည်။

တောင်နှင့်ပင်လယ် ပုလဲလုံး ပေါက်ကွဲသည့် စွမ်းအားမှာ မည်မျှ ကြီးမားမည်ကို မမည်သူမျှ မခန့်မှန်းနိုင်ပေ။ သို့သော် ထိုပုလဲမှာ ကော့လီနတ်ဘုရားဘုရင်မ၏ အသက်နှောင်ဖွဲ့ ရတနာအဖြစ် သန့်စင်ထားသော လက်နက်ဖြစ်ရာ ၎င်း၏ ပေါက်ကွဲမှုမှာ 'ဘိုးဘေးနတ်ဘု ရား မိုးကြိုး ရေကန်' ပေါက်ကွဲမှုထက်ပင် မနည်းလှပေ။ မည်မျှပင် အစွမ်းထက်သော ဖန်ဆင်းရှင်တစ်ပါး ဖြစ်ပါစေ၊ ဤတိုက်ခိုက်မှုကို ခံရလျှင် အကြီးအကျယ် ဒဏ်ရာရမည်မှာ သေချာသည်။

ဟုန်ရွှန်ကျိလည်း ခြွင်းချက်မဟုတ်ပေ။ အထူးသဖြင့် ဟုန်ယွိ၏ ယုံကြည်ချက်အပြည့်ရှိ သော စကားများကို ကြားလိုက်ရချိန်တွင် သူသည် ဟင်းလင်းပြင် ဖျက်ဆီးခြင်း နယ်ပယ်သို့ အမှန်တကယ် မရောက်ရှိသေးဘဲ အပ်စိုက်မှတ် ၉၉ ခု၏ လျှို့ဝှက်ချက်များကိုသာ ထိတွေ့နိုင်သေးကြောင်း သိလိုက်ရသဖြင့် သူ၏ စိတ်ထဲ၌ အက်ကြောင်းတစ်ခု ပေါ်သွား သည်။ ထိုစိတ်အက်ကြောင်းမှတစ်ဆင့် တောင်နှ၍့်ပင်လယ် ပုလဲလုံး၏ ပေါက်ကွဲမှုမှာ သူ့ကို ဝါးမြိုသွားပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ကုစား၍ မရနိုင်လောက်အောင် ပျက်စီး သွားစေတော့သည်။

ဟုန်ရွှန်ကျိသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲပျက်စီးသွားသလို ခံစားလိုက်ရသည်။ ဟင်းလင်းပြင်ထဲ၌ သိမ်းဆည်းထားသော သူ၏ အကြောများမှာ ပွင့်ထွက်သွားပြီး အပ်စိုက်မှတ်များအားလုံးမှာ တောင်နှင့်ပင်လယ် ပုလဲလုံး၏ မူလစွမ်းအင်များနှင့် ပေါင်းစပ် ကာ သူ၏ ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအားများကို အတင်းအဓမ္မ လုယူခြင်း ခံလိုက်ရသည်။

သမိုင်းတစ်လျှောက်တွင် ဟုန်ရွှန်ကျိသည် အမြဲတမ်း အခြားသူများ၏ စွမ်းအားကို လုယူခဲ့ သူ ဖြစ်သည်။ သို့သော် ယနေ့တွင်မူ တစ်စုံတစ်ယောက်က သူ၏ စွမ်းအားများကို အမှန်ပင် လုယူနေလေပြီ။

သူသည် နောက်ဆုံးအကြိမ် ဟစ်ကြွေးလိုက်သော်လည်း ယခုအချိန်တွင်မူ မည်သို့မျှ အသုံးမဝင်တော့ပေ။ အခြေအနေအားလုံးကို ဟုန်ယွိနှင့် ကော့လီနတ်ဘုရားဘုရင်မတို့က အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။ မဟုတ်ပေ၊ ဟုန်ယွိ တစ်ယောက်တည်းကသာ အစကတည်းက အရာအားလုံးကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။

"သားမိုက်! မင်း... မင်း... မင်း နာနာကျင်ကျင် သေစေရမယ်။ ကိုယ့်အဖေကို သတ်တယ်၊ ညီအစ်ကိုတွေကို သတ်တယ်။ ဟုန်မိသားစုကို ဖျက်ဆီးတယ်။ မင်းက ဒီလောကမှာ အကြီးမားဆုံး လူမိုက်ကြီးပဲ၊ အကြီးမားဆုံး နတ်ဆိုးပဲ။ ငါ မင်းကို အစကတည်းက သတ်မပစ်ခဲ့မိတာ ငါ့အမှားပဲ"

ဟုန်ရွှန်ကျိသည် သူ၏ စွမ်းအားများမှာ မြစ်ရေကဲ့သို့ စီးထွက်သွားသည်ကို ခံစားနေရ သည်။ ခဏအတွင်းမှာပင် သူ၏ စွမ်းအား သုံးပုံတစ်ပုံ ဆုံးရှုံးသွားခဲ့သည်။ တစ်ချိန်တည်း မှာပင် သူ၏ အပ်စိုက်မှတ်များ ပြတ်တောက်သွားပြီး သူ၏ သိုင်းပညာအဆင့်များမှာလည်း တစ်ဆင့်ပြီးတစ်ဆင့် ကျဆင်းသွားတော့သည်။ အသွင်မျိုးစုံပြောင်းလဲခြင်းအဆင့်မှသည် သွေးတစ်စက်မှပြန်လည်မွေးဖွားအဆင့်သို့၊ ထိုမှတစ်ဆင့် သိုင်းဆန္ဒ အထည်ကိုယ်ဒြဗ် အသွင်စုစည်းခြင်း အဆင့်သို့၊ ထို့နောက် အပ်စိုက်မှတ် အားလုံး ပွင့်သည့်အဆင့်သို့ ကျဆင်းသွားသည်။

နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ် စွမ်းအားအားလုံး ပိတ်ဆို့ခံ လိုက်ရကာ အလယ်အလတ် လူသားအင်မော်တယ် အဆင့်အထိ ကျဆင်းသွားတော့သည်။

အလယ်အလတ်အဆင့် လူသားအင်မော်တယ်များသည် ထာဝရ မရှင်သန်နိုင်ကြပေ။ ထို့ကြောင့် ဟုန်ရွှန်ကျိသည် သူ၏ ခန္ဓာကိုယ်မှာ ထာဝရရှင်သန်နိုင်စွမ်း ဆုံးရှုံးသွားကြောင်း ခံစားလိုက်ရသည်။ ဤကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှု၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုမျိုးကို ဤလောကတွင် မည်သူမျှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ အမြင့်ဆုံးနေရာမှ ပြုတ်ကျကာ သေခြင်းတရားဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းနေရခြင်း ဖြစ်သည်။

"အတွင်းပိုင်းကို ဖျက်ဆီးစမ်း။ အားလုံး ပျက်စီးသွားစမ်း။ အတူတူ သေကြမယ်။ နိဗ္ဗာန မီးအိမ်" ဟုန်ရွှန်ကျိသည် သူ၏ နောက်ဆုံးကျန်ရှိသော စွမ်းအားများဖြင့် ဟုန်ယွိနှင့်အတူ သေရန် ကြိုးစားလိုက်သော်လည်း ဟုန်ယွိက အလွယ်တကူပင် တားဆီးလိုက်သည်။

"ဖန်ဆင်းခြင်း လက်ဝါး"

ကြီးမားသော လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာပြီး ဟုန်ရွှန်ကျိ၏ ခန္ဓာကိုယ်ကို ညှစ်ထား လိုက်သည်။ ထို့နောက် ကြီးမြတ်သော နတ်ဘုရားတန်ခိုးစွမ်းအားဖြင့် သူ၏ ခန္ဓာကိုယ်နှင့် အတွေးများကို ဖိနှိပ်လိုက်သည်။

"အရာအားလုံး ပြီးဆုံးသွားပြီ။ ဟုန်ရွှန်ကျိတော့ သွားပြီ။ အခုကစပြီး သူဟာ သိုင်းပညာမဲ့ ပြီး အသုံးမကျတဲ့လူ၊ သာမန်လူတစ်ယောက်ကတောင် သူ့ကို အလွယ်တကူ လဲကျအောင် လုပ်နိုင်တဲ့ သာမန်လူတစ်ယောက် ဖြစ်သွားပြီ။ ငါသာ သာမန်လူတစ်ယောက် ဖြစ်သွား မယ်ဆိုရင်တောင် စိတ်ကူးကြည့်လို့ မရဘူး၊ ဟုန်ရွှန်ကျိလို လူမျိုးအတွက်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး" ဆုမူသည် မျက်လုံးများကို မှိတ်လိုက်သည်။ သူမ၏ စိတ်ထဲတွင် ဖော်ပြ၍မရသော ခံစားချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ဝမ်းမြောက်မှု ဖြစ်နိုင် သလို၊ ကြောက်ရွံ့မှုလည်း ဖြစ်နိုင်သည်။

"ဧကရာဇ်တံဆိပ်တော်၊ အောင်မြင်ပြီ"

ထိုအချိန်တွင် ဟုန်ယွိ၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။ တောင်နှင့်ပင်လယ် ပုလဲလုံးနှင့် ပေါင်းစပ်ကာ ဧကရာဇ်တံဆိပ်တော်အဖြစ် ပြောင်းလဲသွားသည်။ ထိုတံဆိပ် တော်၏ အပေါ်ဘက်တွင် နဂါးနှစ်ကောင် ရှိနေသည်။ တစ်ကောင်မှာ မူလဘိုးဘေးနဂါး ဖြစ်ပြီး ကျန်တစ်ကောင်မှာ မူလဥသျှောင်နဂါး ဖြစ်သည်။ ထိုနဂါးနှစ်ကောင်၏ အရှိန်အဝါ မှာ ဖန်ဆင်းရှင်များကိုပင် တုန်လှုပ်စေနိုင်လောက်အောင် ကြီးမားလှပေသည်။

ယခုအခါ ဟုန်ရွှန်ကျိမှာ အားနည်းနေပြီဖြစ်ကာ သူ၏ ခန္ဓာကိုယ်မှာ တုန်ရင်နေသည်။ သူသည် မိုးကြိုးရေကန်၏ မျက်နှာပြင်ပေါ်တွင် ရပ်နေသော်လည်း သူ၏ နတ်ဘုရားတန်ခိုး ကျင့်စဉ်များအားလုံး ဆုံးရှုံးသွားခဲ့လေပြီ။ သူသည် ထိုဧကရာဇ်တံဆိပ်တော်ကို ကြည့်ကာ ဟုန်ယွိကို စိုက်ကြည့်ရင်း စကားခြောက်လုံးသာ ပြောလိုက်သည်။

"မန်ပိုင်ယွန်... မင်း နိုင်သွားပြီ"

All Chapters