← Chapters

အခန်း (၇၄၅-၇၄၆)

Vol. 72 Ch. 745-746

အခန်း (၇၄၅-၇၄၆)

Vol. 72 Ch. 745-746

အခန်း (၇၄၅)။

နန်းတက်ပွဲ အခမ်းအနား ကျင်းပနေစဉ်အတွင်း မူလက သာယာတောက်ပနေသော နေမင်းကြီးမှာ ရုတ်ချည်းပင် အမှောင်ထုကို ဆောင်ကြဉ်းလာသည့် တိမ်မည်းတိုက်ကြီး များအောက်တွင် ပျောက်ကွယ်သွားခဲ့ရသည်။ ဤသည်မှာ သေချာပေါက် ကောင်းသော နိမိတ်မဟုတ်ဘဲ၊ အမင်္ဂလာ နိမိတ်တစ်ခုဟုပင် ဆိုနိုင်သည်။

ထိုအချိန်တွင် အင်ပါယာမြို့တော်အတွင်းရှိ ချန်ကန်နန်းဆောင်ခန်းမကြီး၏ ရင်ပြင်ထက်၌ စုရုံးရောက်ရှိနေကြသော သူများမှာ ထက်မြက်သူများ ဖြစ်ကြရာ၊ ယခုကဲ့သို့ တိမ်မည်းများ ရုတ်တရက် အုပ်ဆိုင်းလာခြင်းက သဘာဝအလျောက် ဖြစ်ပေါ်လာသည့် တိုက်ဆိုင်မှု မဟုတ်ကြောင်း ချက်ချင်း သိမြင်လိုက်ကြသည်။ မကောင်းဆိုးဝါး မိစ္ဆာနတ်ဆိုးများက ပြဿနာရှာရန် ကြံစည်နေခြင်းလော သို့မဟုတ် မမြင်နိုင်သော ဘေးအန္တရာယ်တစ်ခုခု ကျရောက်တော့မည်လောဟု လူအများကြားတွင် စိုးရိမ်တုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။

အကယ်၍ ဤထူးဆန်းသော အပြောင်းအလဲကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပါက မင်းသားယု၏ ဘုန်းတန်ခိုးအာဏာမှာ ပိုမိုကြီးထွားလာမည် ဖြစ်သော်လည်း၊ ကောင်းစွာ မဖြေရှင်းနိုင်ခဲ့ပါက ယနေ့ နန်းတက်ပွဲနှင့်၊ ဟုန်ယွိ တည်ထောင်ထားသော ကျိုးယွိ အကယ် ဒမီမှာ လောကအလယ်တွင် ကဲ့ရဲ့ပြက်ရယ်ပြုစရာ ဖြစ်သွားပေလိမ့်မည်။

"ဒီတိမ်မည်းတွေက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ ရောက်လာတာပဲ၊ မုန်တိုင်းကြီး တစ်ခု ရိုက်ခတ်တော့မယ့်ပုံပဲ"

"ဟုတ်တယ်၊ ဒါပေမဲ့ လေထုထဲမှာ ညှီစို့စို့ အနံ့အသက်တွေ မရှိတာကို ကြည့်ရင် ဒါက မိစ္ဆာတွေရဲ့ လက်ချက်တော့ မဟုတ်နိုင်ဘူး။ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ တိမ်တွေနဲ့ ရေငွေ့တွေလိုပဲ ဖြစ်နေတာက ပိုထူးဆန်းတယ်..."

"တစ်ခုခုတော့ လွဲနေပြီ။ ဒါပေမဲ့ လူလုပ်တဲ့ သဲလွန်စလည်း ရှာမတွေ့ဘူး။ ဒါဟာ တကယ်ပဲ ကောင်းကင်ဘုံက ကန့်ကွက်နေတာများလား။"

တစ်ချိန်တည်းမှာပင် ဆွေးနွေးငြင်းခုံသံများစွာ ပျံ့နှံ့သွားပြီး ကျွမ်းကျင်သူ အများအပြားမှာ သူတို့၏ နတ်ဘုရားအာရုံများကို ကောင်းကင်ယံရှိ တိမ်မည်းများအတွင်းသို့ စေလွှတ်၍ စစ်ဆေးကြည့်ကြသည်။ သို့သော်လည်း ကောင်းကင်ယံ မိုင်ပေါင်းထောင်ချီအထိ ရှာဖွေခဲ့ သော်လည်း မည်သည့် သဲလွန်စမျှ ရှာမတွေ့ခဲ့ကြပေ။ ထိုတိမ်မည်းများမှာ ထူထပ်သော ရေငွေ့မှုန့်မွှားများသာ ဖြစ်ပြီး လေမှာလည်း သဘာဝလေကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းမှာ အမှန်ပင် ကောင်းကင်ဘုံ၏ အလိုတော်အတိုင်း မင်းသားယု၏ နန်းတက်ခြင်းမှာ တရား မဝင်ကြောင်း လောကကြီးကို သိစေရန် တမင်သက်သက် ပြသနေသကဲ့သို့ပင် ဖြစ်နေ သည်။

"ညီအစ်ကိုဟုန်... ဘာတွေ ဖြစ်နေတာလဲ။ ငါ့သိုင်းဆန္ဒနဲ့ စစ်ဆေးကြည့်ပေမဲ့ ဘာ မူမမှန်တာမှ ရှာမတွေ့ဘူး။ လူတွေရဲ့ စိတ်နှလုံးက တုန်လှုပ်နေကြပြီ၊ ဒါက နန်းတက်ပွဲ အတွက် မကောင်းဘူး။ တစ်ယောက်ယောက်က ပြဿနာရှာနေတာလို့ ငါ ရဲရဲကြီး ပြောရဲ တယ်၊ အဲဒီလူက အလွန်တရာ အစွမ်းထက်တဲ့ နတ်ဘုရားတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထား သူ ဖြစ်ရမယ်။ အဲဒီလူက ဘယ်သူ ဖြစ်မလဲ ငါ သိချင်မိတယ်"

ထိုအချိန်တွင် မင်းသားယုသည် နဂါးဝတ်ရုံနှင့် ပြားချပ်သော သရဖူကို ဆင်မြန်းထားသည်။ သူ၏ မျက်လုံးများမှာ ကြယ်တာရာများကဲ့သို့ ထူးထူးခြားခြား ထက်မြက်နေ၏။ သူသည် ယခုအခါ ဤကမ္ဘာလောက၏ ထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ဦးလည်း ဖြစ်နေပြီ။ ဖန်ဆင်းရှင်တစ်ပါး မဟုတ်သော်လည်း လူသားအင်မော်တယ် တစ်ဦး၏ တိုက်ခိုက်နိုင်စွမ်း နှင့် 'ကျောက်စိမ်းဧကရာဇ်ဝတ်ရုံ' တို့ ပေါင်းစပ်လိုက်ပါက ခြောက်ကြိမ်မြောက် မိုးကြိုး ကပ်ဘေး ကျွမ်းကျင်သူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

ရုတ်တရက် ပေါ်လာသော တိမ်မည်းများနှင့် ပတ်သက်၍ သူကိုယ်တိုင်လည်း ကျယ်ပြော သော သိုင်းဆန္ဒကို လွှတ်ထုတ်၍ စုံစမ်းခဲ့သော်လည်း ထူးခြားမှုကို ရှာမတွေ့ခဲ့သဖြင့် သူ၏ ဘေးနားရှိ ဟုန်ယွိကို မေးမြန်းလိုက်ရခြင်း ဖြစ်သည်။

"ဒါက အလွန်တရာ အစွမ်းထက်တဲ့ ကျွမ်းကျင်သူတစ်ဦးရဲ့ လက်ချက်ပဲ။ ဒီကျွမ်းကျင်သူရဲ့ နတ်ဘုရားတန်ခိုး စွမ်းအားက ဖန်ဆင်းရှင်တွေတောင် နားမလည်နိုင်လောက်အောင် နက်နဲတယ်" ဟုန်ယွိက မင်းသားယုကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ထို့နောက် သူ၏ လေသံမှာ ပြောင်းလဲသွားပြီး၊ သူ၏အသံမှာ ရှေ့သို့ ချီတက်နေသော မြင်းစစ်သည်တော် တစ်ဦးနှယ် မိုးခြိမ်းသံအလား ဟိန်းထွက်သွားသည်။ ထိုနေရာရှိ လူတိုင်း၊ မြို့တစ်ခုလုံးနှင့် အလယ်ပိုင်းလွင်ပြင် မိုင်တစ်ထောင်အတွင်းရှိ လူများစွာပင် ကြားလိုက်ရသည်။

"အရှင်မင်းမြတ် ရာဇပလ္လင်ပေါ် တက်လှမ်းချိန်မှာ ကောင်းကင်နဲ့ မြေကြီးဟာ ကြီးမားတဲ့ မဟာအပြောင်းအလဲကြီးကို ဖြစ်ပေါ်စေတာပဲ။ ဒါကလည်း မလွဲမသွေ ဖြစ်ရမယ့် ကိစ္စပဲ။ ရှေးဟောင်း သူတော်စင် ဧကရာဇ်ဖန် နန်းတက်တုန်းကလည်း နတ်ဘုရားဘုရင်တစ်ပါး တိုက်ခိုက်ခဲ့တယ်လို့ ဒဏ္ဍာရီတွေ ရှိခဲ့ဖူးတယ်။ ကောင်းကင်နဲ့ မြေကြီးကနေ သွေးမိုးတွေ ရွာသွန်းခဲ့ပြီး၊ လူသားလမ်းစဉ်တာအို ထွန်းကားလာမှာကို ကောင်းကင်နဲ့ မြေကြီးကတောင် ကြောက်ရွံ့နေလို့ပဲ"

ဟုန်ယွိ၏ အသံကို ကြားလိုက်ရသည်နှင့် ဆူဆူညံညံ ဆွေးနွေးငြင်းခုံသံများ ချက်ချင်း ရပ်တန့်သွားသည်။ ရှေးဟောင်းလူသားလမ်းစဉ်ကို လေ့လာခဲ့ကြသော ကွန်ဖြူးရှပ်ဝါဒီ ပညာရှင်ကြီး အချို့မှာ ဟုန်ယွိ၏ စကားများက အပြစ်ပြောစရာမရှိဟု ခံစားရကာ ခေါင်းညိတ် ထောက်ခံကြသည်။

ရှေးဟောင်း ဒဏ္ဍာရီများနှင့် သမိုင်းမှတ်တမ်းများအရ သူတော်စင် ဧကရာဇ်ဖန် နန်းတက် စဉ်ကလည်း ကောင်းကင်နှင့် မြေကြီး၏ ငြူစူခြင်းကို ခံခဲ့ရသည်မှာ မှန်ကန်နေသော ကြောင့် ဖြစ်သည်။

ဟုန်ယွိသည် ယခုဖြစ်ပေါ်နေသော ထူးဆန်းသော ဖြစ်စဉ်ကို သူ၏စကားပြောစွမ်းရည်ဖြင့် ကောင်းကင်နှင့် မြေကြီး၏ ငြူစူမှုအဖြစ် အဓိပ္ပာယ် ဖွင့်ဆိုလိုက်ပြီး မင်းသားယုကိုလည်း သူတော်စင် ဧကရာဇ်ဖန်၏ အဆင့်အတန်းအထိ တိတ်တဆိတ် မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။ သူ၏ ကိုးကားချက်များနှင့် ဟောကိန်းထုတ်နိုင်စွမ်းမှာ ကွန်ဖြူးရှပ်ပညာရှင်ကြီး အချို့ကိုပင် ရှက်ရွံ့သွားစေသည်။

"ဒါဆိုရင် ဒီတိမ်မည်းတွေကို ဖယ်ရှားပေးဖို့ သူတော်စင်ယွိကိုပဲ အားကိုးရတော့မယ်" မင်းသားယုက ဆိုသည်။

"ကောင်းပါပြီ"

ဟုန်ယွိ ခေါင်းညိတ်လိုက်ပြီး လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ "သူတော်စင်ယွိလို့ နာမည်ပြောင်ရထားတဲ့ ဟုန်ယွိ… မင်းက တကယ် တော်တာပဲ။ မင်းက မင်းသားယုကို သူတော်စင် ဧကရာဇ်ဖန်နဲ့တောင် နှိုင်းယှဉ်ရဲတယ်ပေါ့။ ဒါပေမဲ့ ရှေးဟောင်းမှတ်တမ်းတွေအရ သူတော်စင် ဧကရာဇ်ဖန် နန်းတက်တုန်းကတော့ သူ့ဆရာဖြစ်တဲ့ မဟာဧကရာဇ်ချန်ရှန်းက ဝင်ရောက်ပြီး ရှေးဦးခေတ် နတ်ဘုရားဘုရင် ငါးပါးကို နှိမ်နင်းပေးခဲ့တာ။ တာအိုကိုယ်ပွားတွေနဲ့ အင်မော်တယ်နတ်ဘုရားဘုရင်ကို တောင် နှိမ်နင်းခဲ့တာ။ အခု မင်းက တိမ်မည်းတွေကို ဖယ်ရှားပေးချင်နေတယ်ဆိုတော့ မင်းကိုယ်မင်း မဟာဧကရာဇ်ချန်ရှန်းနဲ့ နှိုင်းယှဉ်နေတာလား။ ဒါက မောက်မာလွန်းရာ မကျဘူးလားလို့ ကျွန်တော် သိချင်မိတယ်...."

ထိုအသံထွက်ပေါ်လာသည်နှင့်အမျှ ကောင်းကင်ယံရှိ တိမ်မည်းများမှာ ပိုမိုထူထပ်လာကာ ကမ္ဘာကြီးတစ်ခုလုံးကို ဖိကြိတ်ပစ်တော့မည့်အလား ဖြစ်လာခဲ့သည်။

ရောက်ရှိနေကြသူအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။ ထိုအသံလာရာအရပ်သို့ လှမ်းကြည့်လိုက်ကြသောအခါ ကျိမျိုးနွယ်စုခေါင်းဆောင်၏ နောက်ကွယ်တွင် ရပ်နေ သည့် ထူးချွန်ထက်မြက်သော လူငယ်တစ်ဦးထံမှ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ၏ အမည်မှာ ကျိမျဲ့ပင်။

အားလုံးပင် အံ့အားသင့်ကာ မှင်သက်သွားကြရ၏။ ဟုန်ယွိသည် 'ပြောင်းလဲခြင်းကျမ်း' ကို ရေးသားခဲ့ပြီး သူတော်စင်တစ်ပါး တစ်ဦးဖြစ်လာခဲ့သူ ဖြစ်သည်။ သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းရုံမျှဖြင့် မိုးတိမ်များကိုပင် ဆင့်ခေါ်နိုင်စွမ်းရှိသူ ဖြစ်ပြီး၊ ဟုန်ရွှန်ကျိနှင့် ယန်ဖန် တို့ကိုပင် ကျောက်စိမ်းမြို့တော်မှ နှင်ထုတ်နိုင်ခဲ့ပြီး အခြေအနေအရပ်ရပ်ကို ပြောင်းလဲပေး ခဲ့သူလည်း ဖြစ်သည်။ ရာဇပလ္လင်ကို ထိန်းချုပ်ခြင်းမှာ သူ၏အတွက် စားသောက်ရသကဲ့သို့ ပင် လွယ်ကူလှသည်။ ဤသို့သော အချိန်အခါမျိုးတွင်၊ ယနေ့ကဲ့သို့ နန်းတက်ပွဲ အခမ်း အနားကြီးမျိုးတွင် အထက်တန်းလွှာ မျိုးနွယ်စုကြီးအချို့မှာ ဟုန်ယွိအပေါ် မကျေနပ်ချက် များ ရှိနေကြသေးသော်လည်း မည်သူမျှ ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲကြပေ။ လမ်းစဉ် ခြောက်သွယ် ဗြဟ္မာစက်ဝန်းကို ပိုင်ဆိုင်ထားသော ဖန်းရှိူးကဲ့သို့သော ဖန်ဆင်းရှင်အဆင့် ကျွမ်းကျင်သူကြီးပင်လျှင် ဟုန်ယွိ၏ အလိုအတိုင်း လိုက်လျောနေရခြင်း ဖြစ်သည်။

ဤသို့သော အချိန်အခါမျိုးတွင် တစ်စုံတစ်ယောက်က ပြဿနာရှာရဲလိမ့်မည်၊ အာဏာ စက်ကို ဆန့်ကျင်ရဲလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။ ကွန်ဖြူးရှပ်ပညာရှင် များ၊ ကျွမ်းကျင်သူများ၊ မျိုးနွယ်စုခေါင်းဆောင်များနှင့် တိုင်းနိုင်ငံတစ်ရာမှ ဘုရင်များ အားလုံးက ကျိမျဲ့ဟုခေါ်သော ထိုလူငယ်ကို စူးစိုက်ကြည့်လိုက်ကြသည်။

အားလုံး၏ စောင့်ကြည့်မှုအောက်တွင် ထိုကျိမျိုးနွယ်စုမှ လူငယ် ကျိမျဲ့မှာ ဘာကိုမျှ ဂရုစိုက်ပုံမရပေ။ သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ခန္ဓာကိုယ်မှ ပင်လယ်ပြင်ကဲ့သို့၊ ငရဲပြည်ကဲ့သို့၊ တောင်တန်း သို့မဟုတ် မြစ်ချောင်းများကဲ့သို့သော ထူးခြားပြင်းထန်သည့် အငွေ့အသက်များက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ သူ၏ ပတ်ဝန်းကျင်ရှိ လေစီးကြောင်းများမှာ လှုပ်ခတ်ယိမ်းထိုးနေပြီး ကောင်းကင်ယံမှ တိမ်မည်းကြီးများက လည်း သူ့ကို ပံ့ပိုးကူညီနေကြသကဲ့သို့ပင်။ သူ၏ တစ်ကိုယ်လုံးမှာ ကောင်းကင်နှင့် မြေကြီး ကို ထိန်းချုပ်မည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။

သူ ထွက်ပေါ်လာချိန်တွင် ယနေ့၏ အဓိကဇာတ်ဆောင်မှာ နန်းတက်မည့် မင်းသားယုနှင့် ယန်ချန်း မဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်နေသကဲ့သို့ ထင်မှတ်ရလေ၏။

"ဟင်"

ဟုန်ယွိ၏ မျက်လုံးများကလည်း ဤကျိမျဲ့ဆီသို့ ရောက်ရှိသွားသည်။ ချက်ချင်းပင် သူ၏ မျက်လုံးများထဲတွင် မရေမတွက်နိုင်သော တွက်ချက်မှုပေါင်းများစွာ ဖြတ်ပြေးသွားပြီး အပြောင်းအလဲအားလုံးကို ကြိုတင်တွက်ဆလိုက်သကဲ့သို့ ရှိသည်။

ကျိမျဲ့မှာ ဟုန်ယွိ၏ အကြည့်နှင့် အကြည့်နှင့် ဆုံလိုက်ရသောအခါ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ ရုတ်တရက် သူ၏ စိတ်နှလုံးမှာ လှုပ်ခတ်သွားပြီး “ဒီဟုန်ယွိက တကယ်ကို အထင်ကြီးစရာပဲ။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ငါ့မှာ ငါ့ဆရာ ရဲ့ ထောက်ပံ့မှု ရှိနေတယ်။ ဒီနေ့က ငါ့နာမည်ကို ကျော်ကြားအောင် လုပ်ဖို့ အခွင့်ရေး ကောင်းပဲ။ သူ ငါ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”

ဟုန်ယွိက ရုတ်တရက် စကားစလိုက်သည်။ "မင်းခန္ဓာကိုယ်ထဲမှာ မဟာဖျက်ဆီးခြင်း မူလစွမ်းအင်တွေ ရှိနေတယ်။ မင်းက မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်ရဲ့ တပည့်တစ်ဦး ဖြစ်ရမယ်။ သူက မင်းခန္ဓာကိုယ်ထဲမှာ မဟာဖျက်ဆီးခြင်း မိစ္ဆာမျိုးစေ့ တစ်ခုကို စိုက်ပျိုး ထားတာပဲ။ မင်းက သူ့စွမ်းအားတွေနဲ့ အဆုံးမရှိ ဆက်သွယ်နိုင်တယ်။ ဒါကြောင့်လည်း မင်းက ဒီနေ့ လူသားမျိုးနွယ်ရဲ့ ကြီးကြယ်မြင့်မြတ်တဲ့ အခမ်းအနားနဲ့ ကျောက်စိမ်း ဧကရာဇ်ရဲ့ နန်းတက်ပွဲကို နန်းတက်ပွဲကို နှောင့်ယှက်ရဲတာပေါ့၊ နတ်ဘုရားဘုရင် တစ်ပါးနဲ့ ဆက်သွယ်ထားတဲ့ မင်းရဲ့စွမ်းအားက ဖန်ဆင်းရှင်တစ်ပါးကို ယှဉ်နိုင်ပေမဲ့၊ ဒီနေ့ဟာ မင်း ထင်ပေါ်ရမယ့်နေ့ မဟုတ်ဘူး။ နှမြောစရာပဲ၊ တကယ်ကို နှမြောစရာပဲ။ ငါက မင်းကို ခွင့်လွှတ်ပေးနိုင်ရင်တောင် နိုင်ငံတော်ရဲ့ ဥပဒေတွေက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး"

"ဘာ… ဘာပြောတယ်…. မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင် ဟုတ်လား..."

ထိုစကားတခွန်းက ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေသည်။ ရောက်ရှိနေကြသော မျိုးနွယ်စုကြီးများမှ အကြီးအကဲများမှာ ရှေးဟောင်း ပညာရှင်များဖြစ်သည့် သူတော်စင် များ၏ လက်ရေးမူများကို ဆက်ခံထားကြသူများဖြစ်ရာ၊ ထိုမှတ်တမ်းများထဲတွင် ရှေးဦး နတ်ဘုရားဘုရင်များအကြောင်း လျှို့ဝှက်ချက်များ ပါရှိသည်။ အချို့သော အကြီးအကဲများ ဆိုလျှင် မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်နှင့် ယခင်မဟာကျိုးမျိုးဆက်၏ တည်ထောင် သူ ဘိုးဘေးကြီးတို့အကြား ဆက်ဆံရေးကိုပင် သိရှိထားကြသူများ ဖြစ်သည်။

ဤနတ်ဘုရားဘုရင်၏ အရိပ်မှာ မဟာကျိုးမင်းဆက် တစ်ခုလုံးကို ဖြတ်ကျော်ခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာ တောင်ဝင်ချန်မင်းဆက်အပေါ်တွင်ပင် သက်ရောက်မှု ရှိခဲ့ဖူးသည်။

"ဟွန့်... ဟုန်ယွိ... ဒီနေ့ဟာ မင်းရဲ့ ပျက်စီးမယ့်နေ့ပဲ" ဟုန်ယွိ၏ အကြည့်နှင့် စကားများက ကျိမျဲ့ထံသို့ အဆုံးမရှိသော ဖိအားများကို ယူဆောင်လာခဲ့သည်။ အကယ်၍ ဟုန်ယွိကို ဆက်ပြောခွင့်ပြုလိုက်ပါက သူ၏စိတ်ဓာတ်များ ပြိုလဲသွားလိမ့်မည်ဟု ကျိမျဲ့ ခံစားလိုက်ရ သည်။

"ရှေးဦးပျက်သုဉ်းခြင်း၊ ဟစ်ကြွေးသံတစ်ချက်က ကမ္ဘာကို တုန်လှုပ်စေရမယ်”

အူး... အူး... အူး...

လူငယ် ကျိမျဲ့က ရုတ်တရက် ကြက်ဖတစ်ကောင်ကဲ့သို့ ခေါင်းကို မော့လိုက်ပြီး လောက ကြီး၏ အရုဏ်ဦးမိုးသောက်ယံကို ချိုးဖျက်လိုက်သည့်အလား ရှည်လျားသော အော်ဟစ်သံ ကြီးကို ထုတ်ဖော်လိုက်လေသည်။ ဤအော်ဟစ်သံနှင့်အတူ သူက ဟုန်ယွိကို တစ်ချက် တည်းဖြင့် သတ်ဖြတ်ရန် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ချက်ချင်းပင် နန်းတော် တစ်ခုလုံးမှာ ပြင်းထန်သော မုန်တိုင်းတစ်ခုထဲတွင် နစ်မြုပ်သွားခဲ့သည်။ မြေပြင်မှ ကျောက်တုံးကြီးများပင် လွင့်ပျံလာသည်။

'မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်လက်သီး' က ဟုန်ယွိဆီသို့ တရကြမ်း ဦးတည် ပြေးဝင်သွားခဲ့သည်။

"ဟုန်ယွိ... မင်းက အခုမှ အသက် ၂၀ ကျော်ပဲ ရှိသေးတာ၊ ငါနဲ့ သက်တူရွယ်တူပဲ။ ဒီနေ့ တိုက်ပွဲမှာ ငါ မင်းကို အနိုင်မယူနိုင်ရင်တောင် ငါ့နာမည်ကို တည်ဆောက်နိုင်မယ်၊ ငါ့နာမည်က ကျိမျဲ့ဆိုတာကို ကမ္ဘာလောကကြီးက မှတ်မိသွားစေရမယ်"

“အတိတ်က အရာတွေက မပြောင်းလဲဘူး” ကျိမျဲ့၏ လက်သီးက ဖန်တီးလိုက်သော ပြင်းထန်သော လေဝဲကြီးနှင့် အပိုင်းပိုင်းအစစ ကြေမွသွားသော ကျောက်စိုင်ကျောက်ခဲ များကို ကြည့်ရင်း ဟုန်ယွိက သက်ပြင်း ညင်ညင်သာသာ ချလိုက်မိပါသည်။ သူက လက်ကို မြှောက်လိုက်ပြီး သူ၏လက်ချောင်းငါးချောင်းဖြင့် ကျိမျဲ့ကို အုပ်မိုးလိုက်သည်။ ချက်ချင်း ပင် သူ၏ခန္ဓာကိုယ်မှ နွေးထွေးသော အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ရင်ပြင်ပေါ်ရှိ ရှုပ်ထွေးနေသော အခြေအနေများမှာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။ မြေပြင်မှာလည်း ပြန်လည် ချောမွေ့သန့်ရှင်းသွားခဲ့သည်။

ဤသည်မှာ ဟုန်ယွိက အစွမ်းထက်ဆုံး လျှို့ဝှက် နတ်ဘုရားစွမ်းရည်ကို အသုံးပြု၍ မြေပြင်ကို ဖိနှိပ်ကာ ရှုပ်ထွေးမှုများကို ပြုပြင်လိုက်ခြင်း ဖြစ်သည်။

"ဟိုင်း"

ကျိမျဲ့က ဟုန်ယွိကို သတ်ရန် နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးလိုက်ပြန်သည်။ သူသည် သူ၏ လျှို့ဝှက်စွမ်းရည်ကို အစွမ်းကုန် အသုံးပြုခဲ့သော်လည်း ဟုန်ယွိ၏ အလင်းတန်းက သူ့ကို တင်းကျပ်စွာ ဆွဲဆောင်ထားသည်။ သူ၏ လှုပ်ရှားမှုများမှာ အလွန်ခက်ခဲနေပြီး ဒေါသတကြီး အော်ဟစ်သံများသာ အစီအရီ ထွက်ပေါ်နေတော့သည်။

ဟုန်ယွိ၏ အသံမှာ ဟိန်းထွက်လာသည်။ "ဟိုတုန်းက သူတော်စင် ဧကရာဇ်ဖန် 'ဧကရာဇ် ကောင်းကင် ကျောက်စိမ်းတံဆိပ်တော်' ကို သန့်စင်တုန်းက ရှေးဦးခေတ်က တောင်နဲ့ ပင်လယ်ပုလဲလုံးကို အသုံးပြုချင်ခဲ့တာ။ တစ်ချိန်တည်းမှာပဲ လူသားမျိုးနွယ်ကို နှိမ်နင်းဖို့ အတွက် ရှေးဟောင်းမူလနဂါးနဲ့ မူလဉသျှောင်နဂါးတို့ကို အသုံးပြုချင်ခဲ့တာ။ ဒါပေမဲ့ သူတော်စင် ဧကရာဇ်ဖန်ဟာ တောင်နဲ့ပင်လယ်ပုလဲလုံးကို ဘယ်တုန်းကမှ မရရှိခဲ့သလို ရှေးဟောင်းမူလနဂါးနဲ့ မူလဉသျှောင်နဂါးတို့ကိုလည်း တံဆိပ်တော်ထဲမှာ မသန့်စင်နိုင်ခဲ့ ဘူး။ ဒါကြောင့်လည်း ဧကရာဇ်ကောင်းကင် ကျောက်စိမ်းတံဆိပ်တော်မှာ အားနည်းချက် တွေ ရှိနေစေခဲ့တယ်။ ဒီနေ့ ကျောက်စိမ်းဧကရာဇ် နန်းတက်ပွဲမှာတော့ ကျွန်တော်က သူတော်စင် ဧကရာဇ်ဖန်ရဲ့ ဆန္ဒအတိုင်း တောင်နဲ့ပင်လယ်ပုလဲလုံးကို ရရှိထားပြီးပြီ။ တစ်ချိန်တည်းမှာပဲ ရှေးဟောင်းမူလနဂါးနဲ့ မူလဉသျှောင်နဂါးတို့ရဲ့ ခန္ဓာကိုယ်ကို ရယူပြီး ကျောက်စိမ်းဧကရာဇ်တံဆိပ်တော်ကို သန့်စင်ခဲ့တယ်။ သူတော်စင် ဧကရာဇ်ဖန်ရဲ့ နောင်တတွေကို နောင်တတွေကို ကုစားပေးလိုက်တာပဲ။ ဒီနေ့မှာ မိစ္ဆာတွေက လာရောက် သောင်းကျန်းနေကြတယ်။ ဒီတံဆိပ်တော်ကို အသုံးပြုပြီး မိစ္ဆာတွေကို နှိမ်နင်းမယ်၊ အရာ အားလုံးကို ထိန်းချုပ်ပြီး လူသားလမ်းစဉ်အတွက် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးမယ်"

ဟုန်ယွိ၏ အသံမှာ ဟိန်းထွက်သွားပြီး ကျောက်စိမ်းဧကရာဇ်တံဆိပ်တော်မှာ လွင့်ပျံ ထွက်လာကာ ကျိမျဲ့အပေါ်သို့ ဖိချလိုက်လေသည်။

"ငါ့ကို ဖိနှိပ်မလို့လား။ အိပ်မက်မက်မနေနဲ့" ကျိမျဲ့က နောက်တစ်ကြိမ် အော်ဟစ်လိုက် သော်လည်း ကျောက်စိမ်းဧကရာဇ်တံဆိပ်တော်၏ စွမ်းအားမှာ သူ၏ စိတ်ကူးထက် ကျော်လွန်နေခဲ့သည်။ ကျောက်စိမ်းတံဆိပ်က တိုက်ရိုက် ဖိချလိုက်ရာ သူ့ကို မြေပြင်ပေါ်သို့ တိုက်ရိုက်ပင် ဖိချလိုက်လေတော့သည်။

...

တစ်ချိန်တည်းမှာပင် ဝူဝမ်မြို့စားအိမ်အတွင်း၌….

ဟုန်ရွှန်ကျိသည် အင်အားများ ကုန်ခမ်းနေသဖြင့် နံရံကို မှီထိုင်နေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ လှိမ့်တက်နေသော တိမ်မည်းကြီးများကို ကြည့် ရင်း သူ၏ စိတ်ဝိညာဉ်မှာ တစ်ခုခုကို ခံစားမိလိုက်ဟန်ရှိပြီး သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။

"ဟုန်ရွှန်ကျိ... မင်းရဲ့ နတ်ဘုရားတန်ခိုးအစွမ်း တွေကို ပြန်ရချင်ရင် ငါ့နောက်ကို လိုက်ခဲ့"

ထိုအချိန်တွင် သူ၏ နားထဲ၌ အသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ ရှေ့၌ ကြီးမားသော လမ်းကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဟုန်ရွှန်ကျိက မတ်တတ်ရပ်လိုက်ပြီး ထိုလမ်းကြောင်းထဲသို့ လှမ်းဝင်ရန် ပြင်လိုက်သော် လည်း ရုတ်တရက် အင်ပါယာမြို့တော်မှ တိုက်ရိုက် ထုတ်လွှတ်လိုက်သော ကြီးမားသော စွမ်းအားတစ်ခုက လမ်းကြောင်းကို လာရောက် ရိုက်ခတ်လိုက်ရာ ၎င်းမှာ အပိုင်းပိုင်းအစစ ပြိုကွဲသွားခဲ့သည်။

"အဖေ... ဘာလို့ အခုထိ ငြိမ်ငြိမ်မနေနိုင်သေးတာလဲ" ဟုန်ယွိ၏ အသံ ထွက်ပေါ်လာ သည်။ "အင်မော်တယ်နတ်ဘုရားဘုရင်... ကျုပ် ခင်ဗျားကို စောင့်နေတာ ကြာပါပြီ။"

အခန်း (၇၄၆)။

ရှုး... ရှုး... ရှုး... ရှုး...

ဝူဝမ်မြို့စားအိမ်တော်၏ မဟာဗိမာန်တော်တစ်ခုလုံးမှာ ဟင်းလင်းပြင်အက်ကွဲကြောင်း များဖြင့် ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် မမြင်နိုင်သော မူလစွမ်းအင်တစ်မျိုးမှာ လည်း လေထုထဲတွင် ပျံ့နှံ့လာခဲ့သည်။ ထိုစွမ်းအင်မှာ ဖရိုဖရဲအရောင်ရှိပြီး ဝေဝါးသော ခံစားချက်ကို ပေးစွမ်းကာ၊ ကောင်းကင်နှင့် မြေကြီး စတင်ဖြစ်ပေါ်စ ရှေးဦးခေတ်၏ မဟာမြူမြူဆိုင်းနေသည့် အခြေအနေအတိုင်းပင် ရှိနေတော့သည်။

ဤမူလစွမ်းအင်မှာ အင်မော်တယ်နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်အတွင်းရှိ 'စကြဝဠာ အနှစ်သာရစွမ်းအင်' ပင်ဖြစ်သည်။ မဟာစကြဝဠာကြီး စတင်ဖန်တီးကတည်းက ဤရှေးဦးမူလစွမ်းအင်သည် တာအိုနှင့် အနီးစပ်ဆုံးဖြစ်ပြီး တာအို၏ ကိုယ်ပွားဟုပင် ဆိုနိုင် သည်။ ထိုစွမ်းအင်သည် 'ကောင်းကင်နှင်းရည် အဆီအနှစ်' နှင့် မြေကမ္ဘာနို့ရည်အဆီအနှစ် တို့ထက် ပိုမိုစင်ကြယ်ပြီး ထာဝရဟင်းလင်းပြင်အနှစ်သာရ၊ လွတ်လပ်ခြင်းအနှစ်သာရနှင့် ကိုယ်ကျင်းတရား အနှစ်သာရတို့ထက် ပိုမိုနက်နဲလှသည်။ (ဤနေရာ၌ essence ဟု သုံးထားသည့်အတွက် အနှစ်သာရဟုသာ သုံးနှုန်းလိုက်ပါသည်။)

ဟုန်ယွိ၏ စွမ်းအားမှာ ဝေးကွာလှသော အင်ပါယာမြို့တော်ဆီမှ ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ သူက နတ်ဘုရားဘုရင် ဖန်တီးထားသော လမ်းကြောင်းကို ဖျက်ဆီးပစ်လိုက်ပြီး ဟုန်ရွှန်ကျိကို ခေါ်ဆောင်သွားခြင်းမှ တားဆီးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်မှာလည်း ဟုန်ရွှန်ကျိ၏ ရှေ့မှောက်၌ ပေါ်လာခဲ့သည်။ သူသည် ထူထပ်လှသော ဖရိုဖရဲစွမ်းအင်များကြားမှ ဝေဝါးနေသော အရိပ်များကို ကြည့်လိုက်သည်။ ထိုအရိပ်များမှာ အလွန်နီးကပ်နေသကဲ့သို့ ရှိသော်လည်း တစ်ချိန်တည်းမှာပင် အလွန်ဝေးကွာနေသကဲ့သို့ ခံစားရသည်။

ထိုအရိပ်များထဲမှ တစ်ဦးမှာ လူဦးခေါင်း၊ ဦးချိုနှစ်ချောင်းနှင့် နဂါးခန္ဓာကိုယ် ရှိသည်။ ဤသူမှာ ရှေးဦးခေတ်၏ နံပါတ်တစ်နတ်ဘုရားဘုရင် ဖြစ်သော အင်မော်တယ်နတ်ဘုရား ဘုရင်ပင် ဖြစ်သည်။

သူ၏ဘေးတွင် အဆုံးမရှိသော ဟင်းလင်းပြင်လွှာများကြား၌ ဖုံးကွယ်နေသော အခြား အရိပ်နှစ်ခု ရှိသေးသည်။ တစ်ဦးမှာ ငှက်ဦးခေါင်း၊ လူခန္ဓာကိုယ်ရှိပြီး အနီရောင်အသားပို များဖြင့် ပြုလုပ်ထားသော သရဖူကို ဆောင်းထားသည်။ သူ၏ မီးတောက်များမှာ သွေးကဲ့ သို့ ရဲရဲနီနေပြီး ဖျက်ဆီးခြင်းနှင့် ပျက်သုဉ်းခြင်းဆိုင်ရာ မိစ္ဆာနတ်ဘုရားတစ်ပါး၏ အငွေ့ အသက်များကို ထုတ်လွှတ်နေသည်။ ဤသူမှာ မဟာဖျက်ဆီးခြင်းနတ်ဘုရားဘုရင်ပင် ဖြစ်သည်။

အခြားအရိပ်တစ်ခုမှာမူ ကိုယ်အထက်ပိုင်းမှာ လူသားဖြစ်ပြီး ကိုယ်အောက်ပိုင်းမှာ နွား၊ မြင်း၊ ကြံ့၊ ဆင်နှင့် ဝက်ဝံ... စသည်တို့၏ ပုံသဏ္ဌာန်များ ရောယှက်နေသည်။ ၎င်းမှာ ရှေးဟောင်းနဂါးသားရဲတစ်ကောင်နှင့် တူသော်လည်း ကောင်းကင်နဂါး မဟုတ်ပေ။ ထိုအစား မြေပြင်ကို စိုးမိုးထားသော 'တီရန်နိုဆောရပ်စ်' တစ်ကောင်နှင့် ပိုတူသည်။

ဤအရိပ်၏ ခန္ဓာကိုယ်မှနေ၍ ဟုန်ယွိသည် ပြင်းထန်သော မျှော်လင့်ချက်ကင်းမဲ့မှုနှင့် အသက်ရှုကျပ်မှုကို ခံစားလိုက်ရသည်။ မိမိ၏အသက်မှာ အချိန်မရွေး ကုန်ဆုံးသွားနိုင်သ ကဲ့သို့ပင်။ အနှစ်သာရနတ်ဘုရားကျောင်းရှိ ရှေးဦးငရဲနတ်ဘုရားနှင့် နှိုင်းယှဉ်လျှင် ဤပုဂ္ဂိုလ်ထံမှ မျှော်လင့်ချက်မဲ့မှုမှာ ပိုမိုပြင်းထန်သည်။ ငရဲမှလာသော မြေအောက် ကမ္ဘာ ငရဲနတ်ဘုရား၏ ကန့်အနံ့အသက်များနှင့် သေခြင်းတရား၏ အငွေ့အသက်များကိုလည်း ဝေဝါးစွာ ခံစားရသည်။

အနောက်ဘက်ဒေသရှိ လူများမှာ ရှေးဟောင်းနတ်ဆိုးနတ်ဘုရားများ၏ သွေးမျိုးဆက်များ ကို ပိုင်ဆိုင်ကြပြီး အနှစ်သာရနတ်ဘုရားကျောင်းမှ နတ်ဘုရားများမှာလည်း ရှေးဦး နတ်ဘုရားဘုရင်များဆီမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဟုန်ယွိသည် ယခုအခါ ရှေးဟောင်း လျှို့ဝှက်ချက်များကို ကျွမ်းကျင်နေပြီဖြစ်ရာ ငရဲနတ်ဘုရား ဝိညာဉ်သန့်စင် ခြင်းမှတ်တမ်းတွင် ပါရှိသော တာအိုပညာရပ်များမှာ အသက်ချွေနတ်ဘုရားဘုရင်၏ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာပညာရပ်များမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း သူ သိရှိ သွားခဲ့ပြီ။

'အနှစ်သာရသွေးနှင့် မူလစွမ်းအင် စုစည်းမှု' ကျမ်းမှာလည်း ရက်စက်သော မိစ္ဆာကျမ်းစာ တစ်စောင်သာ ဖြစ်သည်။

ထို့ကြောင့် ကိုယ်အထက်ပိုင်းမှာ လူသား၊ ကိုယ်အောက်ပိုင်းမှာ နွားလည်းမဟုတ် မြင်းလည်းမဟုတ်ဘဲ နဂါးကဲ့သို့ ပုတ်သင်ခြေလက်များ ရှိနေသော ဤနတ်ဘုရားဘုရင် အရိပ်မှာ အသက်ချွေနတ်ဘုရားဘုရင်ပင် ဖြစ်တော့သည်။

ယနေ့ နန်းတက်ပွဲ အခမ်းအနားတွင် 'ကျောက်စိမ်းဧကရာဇ်' ဟူသော ဘွဲ့အမည်ကို ကြေညာတော့မည် ဖြစ်သည်။ ဤကဲ့သို့ တရားမျှတမှုနှင့် ကျော်ကြားမှုအတွက် အရေးကြီး သော အချိန်အခါမျိုးတွင် နတ်ဘုရားဘုရင် သုံးပါးစလုံး စုပေါင်း၍ လာရောက်နှောင့်ယှက် ကြခြင်း ဖြစ်သည်။ ဤကဲ့သို့ မိစ္ဆာများ သောင်းကျန်းမှုမှာ ရှေးဟောင်း သူတော်စင် ဧကရာဇ်ဖန် နန်းတက်စဉ်က မိစ္ဆာများနှောင့်ယှက်မှုနှင့် အမှန်တကယ်ပင် နှိုင်းယှဉ်နိုင် သည်။

အကယ်၍ ဤအခြေအနေကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပါက ရှေးဟောင်း သူတော်စင် ဧကရာဇ်ဖန်နှင့် ကျောက်စိမ်းဧကရာဇ်တို့မှာ ပခုံးချင်းယှဉ်နိုင်မည်ဖြစ်ပြီး ဟုန်ယွိသည် လည်း ဧကရာဇ်ဖန်၏ ဆရာဖြစ်သော ဧကရာဇ်ချန်ရှန်းနှင့်အတူ ကျော်ကြားမှုများ ပိုင်ဆိုင် နိုင်လိမ့်မည်။

အကယ်၍ မအောင်မြင်ခဲ့ပါက တော်ဝင်ချန်ဧကရာဇ် ယန်ဖန်မှာ တရားဝင်အကြောင်းပြ ချက် ရသွားရုံသာမက ကမ္ဘာလောကကြီး၏ ထောက်ခံမှုကိုလည်း ရရှိသွားပေလိမ့်မည်။

... ...

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်... ရှေးဦးနတ်ဘုရားဘုရင် ငါးပါးစလုံးကို ငါ မြင်တွေ့ခွင့်ရပြီ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက နတ်ဆိုးနတ်ဘုရားတွေ၊ စကြာဝဠာကြီးရဲ့ စစ်မှန်တဲ့ ဂုဏ်ယူဖွယ်ပုဂ္ဂိုလ်ကြီးတွေကို မြင်တွေ့ရတာက ဒီတစ်သက် တော့ အရှုံးမရှိတော့ပါဘူး"

ဟုန်ယွိ၏ မျက်လုံးများမှာ ဝေဝါးနေသော ဖရိုဖရဲစွမ်းအင်များကို ဖောက်ထွင်းကြည့်လိုက် ပြီး အဆုံးမရှိသော ဟင်းလင်းပြင်ထဲတွင် ဖုံးကွယ်နေသော နတ်ဘုရားဘုရင် သုံးပါး၏ အရိပ်များကို မြင်တွေ့လိုက်ရသည်။

နတ်ဘုရားဘုရင် သုံးပါးစလုံး မည်မျှပင် အစွမ်းထက်ပါစေ၊ ဟုန်ယွိမှာ ယခုအခါ ယန်နတ်ဘုရား အဆင့်နှင့် အလွန်နီးစပ်နေပြီဖြစ်ရာ နတ်ဘုရားဘုရင်များ၏ ဖုံးကွယ်ခြင်း ပညာရပ်မှာ သူ၏မျက်စိအမြင်မှ မလွှတ်မြောက်နိုင်ပေ။

ဤအချိန်တွင် ဟုန်ယွိသည် နတ်ဘုရားဘုရင် ငါးပါးစလုံး၏ မျက်နှာအစစ်အမှန်များကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ ကင်းမြီးကောက်ပုံသဏ္ဌာန် အနန္တထိတ်လန့်ခြင်း နတ်ဘုရား ဘုရင်၊ အမြီးဆယ်ချောင်းရှိသော ကော့လီနတ်ဘုရားဘုရင်မ၊ ယခုတွေ့ရသော အသက်ချွေ နတ်ဘုရားဘုရင်၊ မဟာဖျက်ဆီးခြင်းနတ်ဘုရားဘုရင်နှင့် တာအို၏ ကိုယ်ပွားဖြစ်သော အင်မော်တယ်နတ်ဘုရားဘုရင်တို့ ဖြစ်ကြသည်။

ဤကြီးမြတ်သော မဟာနတ်ဘုရားဘုရင် ငါးပါးစလုံးမှာ သဘာဝအရ အစွမ်းထက်ကြသူ များ ဖြစ်သည်။ သူတို့သည် မိဘများမှ မွေးဖွားလာသူများ မဟုတ်ကြဘဲ၊ နတ်ဘုရား ကျောက်တုံး ဝိညာဉ်သန္ဓေသားကဲ့သို့ သမုဒ္ဒရာ၊ ချောက်ကမ္ဘာ၊ ဟင်းလင်းပြင်... စသည့် နေရာအနှံ့အပြားမှ တိုက်ရိုက်မွေးဖွားလာကြသူများ ဖြစ်သည်။

နတ်ဘုရားဘုရင် ငါးပါးစလုံးတွင် မိဘမရှိဘဲ စကြဝဠာကြီးကပင် သူတို့၏ မိဘဖြစ်သည်။ တစ်နည်းအားဖြင့် သူတို့သည် ကောင်းကင်ဘုံ၏ ဂုဏ်ယူဖွယ်များ သားတော် သမီးတော် များ ဖြစ်ကြသည်။

"ဟုန်ယွိ... မင်းရဲ့ တာအိုပညာရပ်တွေက တကယ်ပဲ အစွမ်းထက်ပါတယ်၊ မင်းရဲ့ ကျင့်စဉ် ကလည်း ထူးခြားတယ်။ မင်းကို ယန်နတ်ဘုရားအဆင့်အောက်မှာ နံပါတ်တစ်လို့ ပြောလို့ရ ပေမဲ့ ဒီနေ့တော့ ငါတို့ကို တားနိုင်မှာ မဟုတ်ဘူး။ မင်းက လူသားလမ်းစဉ်ကို ဦးဆောင်ပြီး ရှေးဟောင်းဧကရာဇ်ဖန် ခေတ်ကလို ရွှေခေတ်ကို ပြန်လည်တည်ထောင်ချင်နေတယ်၊ ဒါပေမဲ့ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ထိုအချိန်တွင် အဆုံးမရှိသော ဟင်းလင်းပြင် ထဲမှ ကြက်ဖနှင့်တူသော မဟာဖျက်ဆီးခြင်းနတ်ဘုရားဘုရင်က စကားပြောလိုက်သည်။ "ဒီနေ့မှာ မင်းက ကော့လီနတ်ဘုရားဘုရင်မကို ဆွဲဆောင်ထားပြီး သူမရဲ့ 'တောင်နဲ့ ပင်လယ်ပုလဲလုံး' ကို သုံးပြီး ကျောက်စိမ်းတံဆိပ်တော်သစ်ကို သန့်စင်ခဲ့တယ်။ မင်းက ရှေးဟောင်း မူလနဂါးအမြွှာတွေနဲ့တောင် ပေါင်းစပ်ခဲ့သေးတယ်။ ဒါက ဧကရာဇ်ဖန်ထက် တောင် သာလွန်သွားပြီး လူသားလမ်းစဉ်ကို ခေတ်သစ်တစ်ခုဆီ တွန်းပို့လိုက်တာပဲ။ ဒါက ငါတို့ ဘယ်လိုမှ သည်းမခံနိုင်တဲ့အရာပဲ။ ဒါကြောင့် ကျောက်စိမ်းဧကရာဇ်ရဲ့ နန်းတက်ပွဲကို ငါတို့ ဖျက်ဆီးရမယ်။ မင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ နတ်ဘုရားဘုရင် သုံးပါးရဲ့ စုပေါင်းအားကို ခုခံနိုင်ပါ့မလား"

"ခုခံနိုင်မလား၊ မခုခံနိုင်ဘူးလားဆိုတာ တိုက်ကြည့်မှ သိမှာပေါ့" ဟုန်ယွိက တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။ "တကယ်လို့ ခင်ဗျားတို့ သုံးယောက်က ရှေးဦးခေတ် က မိစ္ဆာနတ်ဘုရားတွေ စစ်သေနာပတိတွေ၊ ဘုရင်တွေရဲ့ ဘုရင်တွေအဖြစ် ရှိနေတုန်းဆို ရင်တော့ ကျွန်တော် သေချာပေါက် ထွက်ပြေးမှာပါ။ ကံမကောင်းတာက နှစ်ပေါင်းသောင်း ချီ ကြာသွားပြီ၊ ခင်ဗျားတို့ သုံးယောက်စလုံး ချိပ်ပိတ်ခံထားတာကနေ အခုမှ လွတ်မြောက် လာကြတာ။ ခင်ဗျားတို့လည်း အိုမင်းကုန်ကြပြီ၊ ခင်ဗျားတို့ရဲ့ စွမ်းအားတွေက အရင်ကရဲ့ ၃၀ ရာခိုင်နှုန်းတောင် မရှိတော့ဘူး။ ဒါက ခေတ်တစ်ခု ပြောင်းသွားပြီလေ"

"ခစ်.. ခစ်.. ခစ်..." သာယာသော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။ ဟုန်ရွှန်ကျိ၏ ကိုယ်လုပ်တော်ဖြစ်သူ အနှစ်သာရကျောင်းဆောင်၏ ယဇ်ပုရောဟိတ် အမျိုးသမီးမှာ ဟင်းလင်းပြင်ထဲမှ ထွက်လာပြီး ဟုန်ယွိကို ပြောလိုက်သည်။ "ဟုန်ယွိ... မင်းက တကယ် မာနကြီးတာပဲ။ ဒီနေ့ ငါ ဟုန်ရွှန်ကျိကို ခေါ်သွားမယ်၊ မင်း တားနိုင်မလား"

"အော်... အထွက်အထိပ် ယဇ်ပုရောဟိတ်အမျိုးသမီးကိုး။ ဒါပေမဲ့ အနှစ်သာရနတ်ဘုရား ကျောင်းက ပျက်စီးသွားပြီလေ။ ခင်ဗျားက ဝူဝမ်မြို့စားအိမ်တော်ကို လက်ထပ်ဝင်လာတာ က ခေတ္တခဏ အစီအစဉ်ပဲ မဟုတ်လား။ အခု ဟုန်ရွှန်ကျိရဲ့ သိုင်းပညာတွေ အကုန် ပျက်စီး သွားပြီ၊ သူ့မှာ ဘာနတ်ဘုရားတန်ခိုး စွမ်းအားမှ မရှိတော့ဘူး၊ ခင်ဗျားက သူ့ကို ဘာအတွက် လိုချင်သေးတာလဲ။ ပြီးတော့ ခင်ဗျားက ဟုန်ရွှန်ကျိဆီမှာ ခင်ဗျားရဲ့ အပျိုစင် ဘဝကို ဆုံးရှုံးခဲ့တာလည်း မဟုတ်ဘူးဆိုတာ ကျွန်တော် မြင်နေရတယ်" ဟုန်ယွိက ယဇ်ပုရောဟိတ် အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်သည်။

သူမသည် ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရှိသွားသည်ကို ဟုန်ယွိ မြင်နိုင်သည်။

ဟုန်ယွိ ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်စဉ်က ဟုန်အိမ်တော် ပျက်စီးသွားခဲ့သော် လည်း ယဇ်ပုရောဟိတ်အမျိုးသမီးမှာ ကြိုတင် လွတ်မြောက်သွားခဲ့သည်။ ထို့အပြင် အခြား ကျွမ်းကျင်သူ နှစ်ဦးဖြစ်သော ကောင်းကင်မိစ္ဆာမျောက်ဝံကြီးပါ့နှင့် ထိုက်ရှီတောင်မှ နဂါးဝိညာဉ် ယန်ချန်းတို့လည်း လွတ်မြောက်သွားခဲ့ကြသည်။

သူတို့အားလုံးမှာ ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ အထွတ်အထိပ်တွင် ရှိနေကြသူ များဖြစ်ပြီး ဖန်ဆင်းရှင်အဆင့်သို့ ရောက်ရန် အလွန်နီးစပ်နေသူများ ဖြစ်သည်။ အထူး သဖြင့် ကောင်းကင်မိစ္ဆာမျောက်ဝံကြီးပါ့ ဖြစ်သည်။ ထို့ကြောင့် သူတို့ ထွက်ပြေးရန် ကြံစည် ထားပါက အမှန်တကယ်ပင် အောင်မြင်နိုင်သည်။

ယဇ်ပုရောဟိတ်အမျိုးသမီးမှာ မုန့်ရှန်းကျီနှင့် ယှဉ်ပြိုင်နိုင်ရန် နှစ်ပေါင်း ၆၀ ကြာ ကျင့်ကြံ ခဲ့သော်လည်း ဖန်ဆင်းရှင်အဆင့်သို့ မတက်လှမ်းနိုင်ခဲ့ဘဲ မုန့်ရှန်းကျီနှင့် အလှမ်းဝေးကွာ နေခဲ့သည်။ မူလက ဟုန်ယွိ၏ ခန့်မှန်းချက်အရ သူ၏ ပြောင်းလဲခြင်းကျမ်းကြောင့် လောက ရှိ ကျင့်ကြံသူများ၏ အဆင့်အတန်း မြင့်မားလာလျှင်ပင် ဤအမျိုးသမီးမှာ ဖန်ဆင်းရှင် အဆင့်သို့ ရောက်ရန်ပင် အလှမ်းဝေးနေဦးမည် ဖြစ်သည်။ သို့သော် ယခု သူမ တက်လှမ်း နိုင်ခဲ့ခြင်းမှာ အင်မော်တယ်နတ်ဘုရားဘုရင်များ၏ အကူအညီကြောင့် ဖြစ်ရပေမည်။

နတ်ဘုရားဘုရင် သုံးပါးအပြင် အခြား ဖန်ဆင်းရှင်တစ်ဦး ရှိနေခြင်းမှာ အမှန်တကယ်ပင် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်သည်။

"အဲဒါတော့ လုံးဝ မဟုတ်ဘူး။ ဟုန်ရွှန်ကျိရဲ့ စိတ်ဓာတ်က အလွန်ကြံ့ခိုင်တယ်၊ သူက 'ဟင်းလင်းပြင် ဖျက်ဆီးခြင်း' အဆင့်ရဲ့ နက်နဲမှုကိုတောင် နားလည်ထားတာ။ မင်းက သူ့ရဲ့ သိုင်းပညာနဲ့ နတ်ဘုရားတန်ခိုး စွမ်းအင်တွေကို ဖျက်ဆီးလိုက်ပေမဲ့ သူရဲ့ ကျင့်စဉ်အဆင့် က ရှိနေတုန်းပဲ။ သူက ရှားပါးတဲ့ ပါရမီရှင်တစ်ဦးဖြစ်ပြီး နတ်ဘုရားဘုရင်ရဲ့ သတ်မှတ် ထားတဲ့ ဆက်ခံသူလည်း ဖြစ်တယ်။ ဒီနေ့ နတ်ဘုရားဘုရင်က မင်းတို့ရဲ့ နန်းတက်ပွဲကို လာနှောင့်ယှက်ရုံတင်မကဘဲ ဟုန်ရွှန်ကျိကိုလည်း ခေါ်သွားဖို့ ရောက်လာတာ" ယဇ်ပုရော ဟိတ်အမျိုးသမီးက ပြုံး၍ ပြောလိုက်သည်။ "ဟုန်ယွိ... ဟုန်ရွှန်ကျိက မင်းရဲ့ နားကျည်း စရာ အမုန်းဆုံး ရန်သူပဲ။ သူ မသေမချင်း သူ ပြန်ပြီး အခွင့်အရေးရနေဦးမှာပဲ။ ဒါပေမဲ့ မင်းကိုယ်တိုင်ကတော့ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူး"

"ဟွန့် မင်းလို ဖန်ဆင်းရှင်အဆင့်လေးက ငါ့ရှေ့မှာ လာပြီး မောက်မာရဲတာလား။ လက်ဖဝါးအတွင်းက စကြဝဠာ၊ ကောင်းကင်နဲ့ မြေကြီး ကြိတ်ဆုံ" (ရှေ့မှာတုန်းက ဝတ်စုံ လက်မောင်းအတွင်းက စကြာဝဠာဟုန် ပြန်ဆိုခဲ့သည်။)

သူမ၏ စကားကို ကြားလိုက်ရချိန်တွင် ဟုန်ယွိ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွား သည်။ သူက လက်ချောင်းများကို ဖြန့်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက်ဆိုသလို မဟာမူလစွမ်းအင်ငါးမျိုးမှာ သူ၏ လက်ချောင်းငါးချောင်းပေါ်တွင် စုစည်းလာပြီးနောက် အထက်အောက် လည်ပတ်ကာ 'ကောင်းကင်နဲ့ မြေကြီး ကြိတ်ဆုံ' အဖြစ်သို့ ပြောင်းလဲသွားသည်။

သို့သော် ဤကွက်မှာ ခုန်းကိုယ်တိုင် အသုံးပြုစဉ်ကထက် ပိုမိုပြင်းထန်ပြီး မြန်ဆန်သည်။ ဤသည်မှာ အနာဂတ်သခင် ရှီ၏ ဘီလီယံပေါင်းများစွာသော တွက်ချက်မှုများနှင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို အခြေခံကာ ဟုန်ယွိက အသစ်တစ်ဖန် ပြန်လည် ဖန်တီးထားသော တာအိုပညာရပ် ဖြစ်သည်။

အကယ်၍ ‘ခုန်း’ ကိုယ်တိုင်သာ ဟုန်ယွိ၏ ဤလှုပ်ရှားမှုကို မြင်တွေ့ရလျှင် သူကိုယ်တိုင် ပင်လျှင် ဤပညာရပ်ကို အပြည့်အဝ မကျင့်ကြံရသေးဟု ထင်မှတ်သွားရလောက်အောင် ပင်။

"မကောင်းတော့ဘူး"

နတ်ဘုရားဘုရင်သုံးပါး စောင့်ကြည့်နေစဉ်တွင် ဟုန်ယွိက ရုတ်တရက် တိုက်ခိုက်လိမ့်မည် ဟု ယဇ်ပုရောဟိတ်အမျိုးသမီး မထင်မှတ်ထားခဲ့ပေ။ သူမသည် ကိုယ်ကို လှုပ်ရှားကာ အမြန်ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

“အံ့မခန်း တိုက်ကွက်”

သူမတစ်ကိုယ်လုံးမှ စွမ်းအင်များ ပွင့်ထွက်လာပြီး ဘုန်းတန်ခိုးအာဏာစက်လှံတော်မှာ သူမလက်ထဲတွင် ပေါ်လာသည်။ သူမက ဟုန်ယွိ၏ ကောင်းကင်နှင့် မြေကြီး ကြိတ်ဆုံကို ပြန်လည် ရိုက်နှက်လိုက်သည်။

သို့သော် ဟုန်ယွိ၏ ကြိတ်ဆုံမှာ ဝုန်းခနဲ ကျဆင်းလာသည်။ ဂျွတ်… သူမလက်ထဲမှ ဘုန်းတန်ခိုးအာဏာစက်လှံတော်မှာ အခြေခံအကျဆုံးသော မူလစွမ်းအင်အဖြစ် ပြိုကွဲသွား ပြီး သန့်စင်သော ဓမ္မတေးသံစဉ်များအဖြစ်သာ ကြွင်းကျန်တော့သည်။

ဟုန်ယွိ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ ယခုအခါ တွင်မူ သူတို့ကြားရှိ ကွာခြားချက်ကို သူမ သိရှိသွားခဲ့ပြီ။

"မြေ၊ ရေ၊ မီး၊ လေ၊ အလင်းနဲ့ အမှောင်... ပေါင်းစပ်ပြီး ချိပ်ပိတ်လိုက်စမ်း"

ဘုန်းတန်ခိုးအာဏာစက်လှံတော်မှာ ပြိုကွဲသွားပြီး ယဇ်ပုရောဟိတ်အမျိုးသမီးမှာ အသည်း အသန် ရုန်းကန်နေရသည်။ သို့သော် သူမ၏ စွမ်းအားမှာ ဟုန်ယွိ၏ ရှေ့မှောက်တွင် အလွန်ပင် သေးငယ်လွန်းလှပြီး အလင်းနှင့်အမှောင်မန္တလာ အတားအဆီး အတွင်း ချက်ချင်း ပိတ်မိသွားခဲ့သည်။

ရုတ်တရက် သူမရှေ့ရှိ ဟုန်ယွိမှာ အလွန်တရာ မြင့်မားကြီးမားသွားသကဲ့သို့ သူမ ခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်မှာ တင်းကျပ်စွာ ချည်နှောင်ခံထားရကာ တစ်ဖက်လူ၏ လက်ဝါးထဲသို့ ကျရောက်သွားခဲ့သည်။

"မဟုတ်ဘူး၊ တစ်ဖက်လူက ကြီးလာတာ မဟုတ်ဘူး။ ငါ့ကို ဟင်းလင်းပြင်ထဲမှာ ချိပ်ပိတ် လိုက်လို့ ငါက သေးသွားတာပဲ။ နတ်ဘုရားဘုရင် သုံးပါး... ကျွန်မကို ကယ်ကြပါဦး" ယဇ်ပုရောဟိတ်အမျိုးသမီးမှာ သူမ၏စိတ်ဝိညာဉ် အတွေးစပေါင်း ၁၂၉,၆၀၀ စလုံး အလုပ် မလုပ်တော့သည်ကို ခံစားလိုက်ရပြီး အသံကုန် အော်ဟစ်ကာ စိတ်စွမ်းအင်ဖြင့် အကူအညီ တောင်းလိုက်သည်။

ဝုန်း…

သူမ စိတ်ချင်းဆက်သွယ် အကူညီတောင်းလိုက်သည်နှင့် စွမ်းအင်စီးကြောင်းကြီး နှစ်ခုမှာ လေထုကို ထိုးဖောက်ပြီး ဟုန်ယွိ၏ ခန္ဓာကိုယ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာသည်။ ဤသည်မှာ အသက်ချွေနတ်ဘုရားဘုရင်နှင့် မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်တို့၏ တိုက်ခိုက်မှုပင် ဖြစ်သည်။

"ငါတို့ရှေ့မှာ တိုက်ခိုက်ရဲတယ်ပေါ့။ ဟုန်ယွိ... မင်း ငါတို့ကို အထင်သေးလွန်းနေပြီ"

မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်၏ အသံမှာ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး "ရှုး... ရှုး... ရှုး..." ဟူသော အသံများနှင့်အတူ မဟာဖျက်ဆီးခြင်း နတ်ဘုရားလက်သီး၏ အနှစ်သာရကို အဆုံးစွန်အထိ အသုံးပြုလိုက်သည်။ ထိုလက်သီးချက်မှာ ကောင်းကင်ယံကို ဆုတ်ဖြဲပစ်နိုင်လောက်အောင် ပြင်းထန်လွန်းသည်။ စွမ်းအားများစွာက ဟုန်ယွိ၏ ခန္ဓာကိုယ်နှင့် အပ်စိုက်မှတ်များကို ရူးသွပ်စွာ တိုက်ခိုက်နေကြသည်။

အသက်ချွေနတ်ဘုရားဘုရင်၏ လက်သီးစွမ်းအားမှာမူ တစ်ခါတစ်ရံ ပျော့ပျောင်းပြီး တစ်ခါတစ်ရံ မာကျောကာ လှိုင်းလုံးကြီးများကဲ့သို့ ဟုန်ယွိကို ပတ်ပတ်လည် ဝိုင်းရံထား သည်။

"ပင်လယ်လို ကျယ်ပြောတဲ့ ကံတရား၊ ဂင်္ဂါဝါဠုသဲစုမက အနန္တသက်တမ်း"

ဤလက်သီးစွမ်းအား နှစ်ခုကို ရင်ဆိုင်ရာတွင် ဟုန်ယွိမှာ လုံးဝ မလှုပ်ရှားပေ။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ပြောင်းလဲသွားပြီး၊ ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ မှော် သင်္ကေတအက္ခရာများ ထွက်ပေါ်လာပြီး သူ့ကို ပတ်လည်ဝိုင်းရံထားသော မြစ်ကြီးတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားသည်။ နတ်ဘုရားဘုရင် နှစ်ပါး၏ လက်သီးစွမ်းအားများမှာ ထိုမှော်သင်္ကေတ အက္ခရာမြစ်ထဲသို့ ကျရောက်သွားချိန်တွင် ချက်ချင်းပင် ငြိမ်သက်သွားပြီး စွမ်းအားအားလုံးမှာ စုပ်ယူခံလိုက်ရပြီး မှော်သင်္ကေတအက္ခရာများအဖြစ် ပြောင်းလဲသွားခဲ့ သည်။

"ဧကရာဇ်ချန်ရှန်း ရဲ့ ‘ထာဝရသဲပွင့် အကာအကွယ်ဂါထာ’"

ထိုအချိန်တွင် အင်မော်တယ် နတ်ဘုရားဘုရင်က ဟင်းလင်းပြင်ထဲမှ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ "လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၈,၅၄၉ ခုနှစ်က ဒီလိုနေ့မျိုးမှာပဲ ဧကရာဇ် ချန်ရှန်းဟာ ဒီဂါထာကို သုံးပြီး ငါတို့ရဲ့ မိစ္ဆာနတ်ဘုရားပညာရပ်တွေကို ခုခံခဲ့ဖူးတယ်။ တကယ်လို့ မင်းသာ ဒီနေ့ ငါ့လက်သီးတစ်ချက်ကို ခုခံနိုင်မယ်ဆိုရင် ငါ ချက်ချင်း ထွက် သွားမယ်၊ မင်းတို့နန်းတက်ပွဲကိုလည်း မနှောင့်ယှက်တော့ဘူး။ အင်မော်တယ်နတ်ဘုရား လက်သီး"

နတ်ဘုရားဘုရင် စကားပြောနေစဉ်မှာပင် အချိန်ကာလမှာ နှေးကွေးသွားသကဲ့သို့ ရှိသည်။ အင်မော်တယ် နတ်ဘုရားဘုရင်သည် စကားများစွာ ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် မူ မျက်တောင်တစ်ခတ်စာမျှသာ ကြာမြင့်ခဲ့သည်။

အင်မော်တယ် နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်ထဲတွင် လှုပ်ရှားသွားပြီး ပြင်းထန်သော စိတ်ဆန္ဒတစ်ခုက ဟုန်ယွိကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ ရှပ်….၊ ဧရာမ လက်သီးကြီးတစ်ခုမှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲပြီး ဟုန်ယွိ၏ နဖူးဆီသို့ တည့်တည့် ကျရောက်လာသည်။ ဟုန်ယွိသည် ဤလက်သီး၏ စွမ်းအားကို ခံစားနိုင်သည်။ အကယ်၍ ထိုလက်သီးကြီးသာ ထိမှန်ပြီး ပေါက်ကွဲသွားပါက ကျောက်စိမ်းမြို့တော်တစ်ခုလုံး မြေလှန် ပျက်စီးသွားပေလိမ့်မည်။

ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပြီးနောက် ရုတ်တရက် ဝေဝါးသွားခဲ့ သည်။ တစ်ချိန်တည်းမှာပင် သူ၏နဖူးမှာ လှုပ်ရှားသွားပြီး သူတော်စင်ပေါင်းစုံခန်းမမှာ ထွက်ပေါ်လာကာ နတ်ဘုရားဘုရင်၏ ပြင်းထန်သော လက်သီးချက်ကို ခံယူလိုက်သည်။

ဖတ်….

ထင်မှတ်မထားသော အရာတစ်ခု ဖြစ်ပျက်သွားသည်။ အင်မော်တယ် နတ်ဘုရားဘုရင်၏ လက်သီးမှာ သူတော်စင်ပေါင်းစုံခန်းမကို ထိမှန်သွားသော်လည်း မည်သည့် တုန်ခါမှုမျှ မဖြစ်ပေါ်ဘဲ ဘေးသို့ လွဲချော်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ နောက်ကွယ်ရှိ ဟုန်ရွှန်ကျိမှာ စွမ်းအားတစ်ခု၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။

အင်မော်တယ် နတ်ဘုရားဘုရင်၏ ပြင်းထန်သော တိုက်ကွက်မှာ လှည့်ကွက်တစ်ခုသာ ဖြစ်နေပြီး သူ၏ စကားများမှာလည်း မမှန်ကန်ခဲ့ပေ။

ကြီးမြတ်လှသော၊ တာအို၏ကိုယ်ပွားဖြစ်သော အထွက်အထိပ် နတ်ဘုရားဘုရင် တစ်ပါး ဖြစ်ပါလျက်နှင့် ဤကဲ့သို့ လှည့်ကွက်ကို အသုံးပြုခဲ့သည်။ ရုတ်တရက် ဟုန်ယွိသည် ဤနတ်ဘုရားဘုရင်နှင့် ဟုန်ရွှန်ကျိတို့မှာ အလွန်ပင် စိတ်သဘောထား တူညီနေကြောင်း ခံစားလိုက်ရတော့သည်။

All Chapters