အခန်း (၇၄၉-၇၅၀)
Vol. 72 Ch. 749-750
အခန်း (၇၄၉)။
"အခွင့်အရေး ဆယ်ရာခိုင်နှုန်းပဲရှိတာလား။ ဒါပေမဲ့ ဆယ်ရာခိုင်နှုန်းဆိုရင် လုံလောက်ပြီ။ ဒီအခွင့်အရေးကို အသုံးချပြီး နတ်ဘုရားဘုရင် သုံးပါးကို မောင်းထုတ်ကာ ကျောက်စိမ်း မြို့တော်ကို ကာကွယ်မယ်။ ဒါဆိုရင် သန်းထောင်ချီတဲ့ လူတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို ခံရပြီး သူတော်စင်တစ်ပါးရဲ့ သားတော်အဖြစ် မှတ်တမ်းဝင်သွားလိမ့်မယ်။"
ဟုန်ယွိသည် အနာဂတ်သခင် ရှီ၏ ကြီးမားလှသော တွက်ချက်မှုများကို ခံစားသိရှိနေ သည်။ နောက်ဆုံးတွင် အောင်မြင်ရန် အခွင့်အလမ်း ဆယ်ရာခိုင်နှုန်းသာ ရှိသည်ဟု ကောက်ချက်ချလိုက်သော်လည်း သူ လုံးဝ စိုးရိမ်ထိတ်လန့်ခြင်း မရှိပေ။ ယနေ့ တိုက်ပွဲ သည် လူသားလမ်းစဉ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်နေသည်။ သူရှုံးနိမ့်ပါက ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်သွားမည်ဖြစ်ပြီး၊ အကယ်၍ သူသာ အနိုင်ရပါက ကမ္ဘာကြီး သာယာဝ ပြောကာ လူသားလမ်းစဉ် ကြီးပွားတိုးတက်လာမည် ဖြစ်သည်။
အခွင့်အရေး ဆယ်ရာခိုင်နှုန်းဆိုသည်မှာ မလုံလောက်ဟု ထင်ရသော်လည်း ဟုန်ယွိတွင် သူ သေချာပေါက် အနိုင်ရမည်ဟူသော ယုံကြည်မှု အပြည့်ရှိနေသည်။ ဤယုံကြည်မှုမျိုးက မရေတွက်နိုင်သော တိုက်ပွဲများစွာမှတဆင့် မွေးမြူရရှိလာခြင်း ဖြစ်သည်။ ထို့ပြင် သူသည် 'ပြောင်းလဲခြင်းကျမ်း' ကို ပြုစုပြီး ကမ္ဘာတစ်ဝှမ်းလုံးသို့ ဖြန့်ဝေခဲ့သူ ဖြစ်ပြီး၊ ကမ္ဘာကြီး၏ စာပေကံကြမ္မာကို ဆုပ်ကိုင်ထားပြီး ဤအထွေထွေ လမ်းကြောင်းကြီးကို ဖော်ဆောင်နိုင် ခဲ့သူဖြစ်သည်။
တစ်ချက် အပြန်အလှန် တိုက်ခိုက်အပြီးတွင် ရလဒ်မှာ သရေကျသွားခဲ့သည်။
အင်မော်တယ် နတ်ဘုရားဘုရင်သည် အလင်းနှင့် အမှောင်မန္တလာ အတားအဆီး၏ ချိပ်ပိတ်မှုကို ဖျက်ဆီးပြီးနောက် ထပ်မံလှုပ်ရှားခြင်း မရှိတော့ပေ။ သူသည် 'ဒြပ်စင်ငါးပါး၏ မိခင်၊ မူလအစအားလုံး၏ ရင်းမြစ်' ပါဝင်သော အမြင့်မြတ်ဆုံး မှော်လက်နက်ဖြစ်သည့် သူ၏ အဓိက ကျောက်စာတိုင်ကြီးကိုသာ လက်ထဲတွင် ကိုင်ဆောင်ထားသည်။ သူ၏ မျက်လုံးနှစ်လုံးက ဟုန်ယွိကို စိုက်ကြည့်နေသည်။ သူ၏ ဦးခေါင်းပေါ်တွင် သမင်၊ နဂါး၊ ဆိတ်နှင့် ကြံ့တို့နှင့်တူသော လိမ်ယှက်ခွေလိပ်နေသည့် နတ်ဘုရားဦးချို နှစ်ချောင်းရှိသည်။ ထိုကဲ့သို့သော ပုံပန်းသဏ္ဌာန်မှာ ဟင်းလင်းပြင်ထဲတွင် မျောလွင့်နေသည့် ဧရာမ 'တာအို' အက္ခရာစာကြီးတစ်ခုနှင့်ပင် တူနေတော့သည်။
"ချား"
အခြားတစ်ဖက်တွင်လည်း တိုက်ပွဲကြီးက အရှိန်အဟုန် မြင့်တက်နေပြီဖြစ်သည်။ ကော့လီ နတ်ဘုရားဘုရင်မနှင့် ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါးတို့သည် မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်၊ အသက်ချွေနတ်ဘုရားဘုရင်တို့နှင့် တိုက်ခိုက်နေကြပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ထဲ၌ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ရှောင်ရှိူက်၊ ရန်ယန်၊ ပေ့ချန်၊ ဝူကျွမ်းနှင့် လီဖူဟူသော အထွတ်အထိပ် လူသားအင်မော် တယ် ငါးပါးသည်လည်း ရောက်ရှိလာကြပြီ။ သူတို့အားလုံးမှာ အလွန်တရာ ကြမ်းကြုတ် ရက်စက်သော အသွင်အပြင်ရှိကြပြီး၊ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကာ ဟင်းလင်းပြင်ကို ဖြတ်၍ သန်းပျံသန်းလာကြသည်။ သူတို့၏ ခန္ဓာကိုယ်များကို ကျောက်စိမ်းဧကရာဇ် တံဆိပ်တော်၏ အလင်းရောင်များက ဝန်းရံထားလေသည်။
ယခုအချိန်တွင် ကျောက်စိမ်းဧကရာဇ် တံဆိပ်တော်သည် ကောင်းကင်ယံတွင် ချိတ်ဆွဲ လျက်ရှိသည်။ အဆုံးမဲ့ မူလစွမ်းအင်များက ကျောက်စိမ်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံ ထားသည်။ တစ်ချိန်တည်းမှာပင် ၎င်းက အထွတ်အထိပ် လူသားအင်မော်တယ် ငါးပါးကို လည်း နောက်ထပ် စွမ်းအားအလွှာတစ်ခု ထပ်တိုးပေးထားသည်။
"မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်နဲ့ အသက်ချွေနတ်ဘုရားဘုရင်... ဒီနေ့ မင်းတို့ နှစ်ယောက် ကျောက်စိမ်းမြို့တော်မှာပဲ ကျန်ရစ်ခဲ့ရမယ်။ မင်းတို့ကို ဖမ်းဆီးပြီး သတ်ပစ် မယ်။ ငါတို့ရဲ့ နာမည်တွေကို သမိုင်းမှာ အမှန်တကယ် ချန်ရစ်ခဲ့ပြီး ဒဏ္ဍာရီထဲက ဒဏ္ဍာရီတွေ ဖြစ်လာစေရမယ်။"
ရှောင်ရှိူက်က ကျယ်လောင်စွာ ရယ်မောရင်း လက်သီးတစ်ချက် ထိုးချလိုက်သည်။ သူ၏ လက်သီးပညာရပ်မှာ ကြမ်းကြုတ်ပြီး အဟုန်ပြင်းထန်လှသည်။ သူ၏ လက်ထဲရှိ အတုမဲ့ဘုရင် နှင်တံသည် ပျံထွက်သွားပြီး တောင်ပံဆယ်ခု၊ လက်ရှစ်ဖက်၊ ခြေသုံးချောင်းပါ သော မိစ္ဆာဘုရင်တစ်ပါးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ အခြားသူမဟုတ်ဘဲ အတိတ် က နတ်မိစ္ဆာဖြစ်သော အတုမဲ့ဘုရင်ပင် ဖြစ်သည်။
ရှောင်ရှိူက် ပြောသည်မှာ မှန်ပေသည်။ ဤတိုက်ပွဲသည် ခေတ်အဆက်ဆက် ရိုသေလေး စားရမည့် ဒဏ္ဍာရီထဲက ဒဏ္ဍာရီတစ်ခု အမှန်တကယ် ဖြစ်လာနိုင်သည်။ အကြောင်းရင်းမှာ ရှေးဟောင်း သူတော်စင် ဧကရာဇ်ဖန် နန်းတက်ချိန်တွင် ဤရှေးဦးနတ်ဘုရားဘုရင် ငါးပါးနှင့် တိုက်ခိုက်ခဲ့ရသောကြောင့် ၎င်းမှာ ထာဝရတည်တံ့မည့် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့ ပြီး ဖြစ်သောကြောင့်ပင်။
ယခု ယနေ့ဖြစ်ရပ်သည်လည်း နှစ်သောင်းပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့်အရာကို ပြန်လည် ထပ်မံပုံဖော်နေခြင်း ဖြစ်သည်။
ရှောင်ရှိူက် တိုက်ခိုက်မှု စတင်လိုက်သည်နှင့်တပြိုင်နက်၊ ရန်ယန်က သူ၏ လက်များကို ပွတ်သပ်ကာ သူ၏ ‘နေမီးလျှံအစစ်မှန်စွမ်းအင်' ကို ထုတ်လွှတ်လိုက်ပြီး၊ ပေ့ချန်က သူ၏ 'မြောက်ပြန်ကြယ် အစစ်မှန်စွမ်းအင်' ကို ထုတ်လွှတ်လိုက်သည်။ လီဖူနှင့် ဝူကျွမ်း တို့မှာ လည်း သူတို့၏ ကိုယ်ပိုင် ပြိုင်ဘက်ကင်း ပညာရပ်များကို အသုံးပြု၍ အင်မော်တယ် နတ်ဘုရားဘုရင်နှင့် မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်တို့ကို တိုက်ခိုက်လိုက်ကြသည်။
အထွတ်အထိပ် လူသားအင်မော်တယ် ငါးပါး၏ တိုက်ခိုက်မှုများ စတင်ချိန်တွင် သူတို့သည် ဝင်္ကပါတစ်ခုကို ပုံဖော်ထားသကဲ့သို့ ဖြစ်နေသည်။ သူတို့၏ အငွေ့အသက်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေကြသည်။ သူတို့၏ တိုက်ခိုက်မှုမှာ ကောင်းကင်အပြင်ပ နယ်မြေမှ ဝန်ကြီးခုနစ်ပါး၏ ပေါင်းစပ်စွမ်းအားနှင့်ပင် ညီမျှနေသည်။ အမှန်တကယ်တွင် ရတနာပစ္စည်းများကို ဖယ်ထုတ်ထားပါက အထွတ်အထိပ် လူသားအင်မော်တယ် ငါးပါး၏ စွမ်းအားမှာ ဝန်ကြီးခုနစ်ပါး၏ စွမ်းအားထက် အားနည်းခြင်း မရှိပေ။
ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါး၊ ကော့လီနတ်ဘုရားဘုရင်မနှင့် အထွတ်အထိပ် လူသားအင်မော်တယ် ငါးပါးတို့၏ ဝင်္ကပါသည် မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်နှင့် အသက်ချွေနတ်ဘုရားဘုရင်တို့ကို အလုံးစုံ ပိတ်လှောင်ထားလိုက်သည်။
နတ်ဘုရားဘုရင် နှစ်ပါးသည် ချက်ချင်းဆိုသလိုပင် ကြီးမားသော ဖိအားကို ခံစားလိုက် ရသည်။ သူတို့နှစ်ဦးစလုံးသည် သားရဲကောင် တစ်သောင်း၏ ဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်ကြသည်။ မိစ္ဆာအသံများစွာ မြင့်တက်လာကာ ကျဆင်းသွားသည်။ သူတို့ နှစ်ဦးစလုံးသည် သူတို့၏ ရတနာများကို ထုတ်ယူလိုက်ကြပြီး သူတို့၏ အင်မော်တယ် ကျောက်စာတိုင်များကို ချိပ်ပိတ်လိုက်ကြသည်။
ထိုအချိန်တွင်…
မှော်သင်္ကေတများမှာ နေရာအနှံ့ ပျံသန်းသွားကြသည်။ အင်မော်တယ် ကျောက်စာတိုင် ငါးခုသည် နောက်ဆုံးတွင် ကျောက်စိမ်းမြို့တော်၌ စုရုံးသွားကြသည်။ ဟုန်ယွိတွင် ကျောက်စာတိုင် နှစ်ခုရှိသည်။ မဟာဖျက်ဆီးခြင်းနတ်ဘုရားနှင့် အသက်ချွေနတ်ဘုရားတို့ တွင် နှစ်ခုရှိသည်။ အင်မော်တယ်နတ်ဘုရားဘုရင်တွင် အဓိက ကျောက်စာတိုင် တစ်ခု ရှိသည်။ ကျောက်စာတိုင် ငါးခု စုရုံးသွားသည့် အခိုက်အတန့်တွင် ဟင်းလင်းပြင်အတွင်း မယုံကြည်နိုင်လောက်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဝီ... ဝီ... ဝီ... ဝီ... ဝီ...
ဟုန်ယွိသည် သူလုံးဝ သန့်စင်ပြီးဖြစ်သော သူ၏ ခန္ဓာကိုယ်တွင်းရှိ ကျောက်စာတိုင်မှာ လှုံ့ဆော်ခံရကြောင်း ခံစားလိုက်ရသည်။ ကျောက်စာတိုင်က တုန်ခါနေသောအသံကို ထုတ်လွှတ်ပြီး၊ သူ၏ ခန္ဓာကိုယ်မှ ထွက်ခွာကာ အခြားကျောက်စာတိုင်များနှင့် ပူးပေါင်းပြီး 'နတ်ဘုရားလက်နက်ဘုရင်' ဖြစ်လာတော့မည့်အလားပင်။
တစ်ချိန်တည်းမှာပင် သူတစ်ဦးတည်းသာ ထိုသို့ဖြစ်နေခြင်း မဟုတ်ပေ။ မဟာဖျက်ဆီး ခြင်းနတ်ဘုရားဘုရင်၊ အသက်ချွေခြင်းနတ်ဘုရားဘုရင်နှင့် အင်မော်တယ်နတ်ဘုရား ဘုရင်တို့၏ ကျောက်စာတိုင်များမှာလည်း သူတို့၏ သခင်များ၏ ထိန်းချုပ်မှုမှ ရုန်းထွက် မည့် လက္ခဏာများကို ပြသနေကြသည်။
ကျောက်စာတိုင် ငါးခုသည် သူတို့၏ စွမ်းအားများကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်သော အခါ၊ ၎င်းတို့သည် တစ်ခုကိုတစ်ခု ဆွဲငင်နေသော သံလိုက်များအဖြစ်သို့ ပြောင်းလဲသွား သကဲ့သို့ ဖြစ်နေသည်။ မည်သည့်ကျောက်စာတိုင်ကမျှ သူတို့၏ အမိန့်ကို နာခံခြင်း မရှိတော့ပေ။
အကယ်၍ ကျောက်စာတိုင် ငါးခုသာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပါက၊ ၎င်းတို့သည် သူတော်စင်ပေါင်းစုံခန်းမ၊ ဖန်ဆင်းခြင်းသင်္ဘော၊ ထာဝရနိုင်ငံတော်တို့နှင့် နှိုင်းယှဉ်နိုင်သော 'နတ်ဘုရားလက်နက်ဘုရင်' ဖြစ်လာလိမ့်မည်။
ကမ္ဘာပေါ်ရှိ နတ်ဘုရားလက်နက်များမှာ သုံးပွင့်ဆိုင် အခြေအနေမျိုး မဟုတ်တော့ဘဲ လေးပွင့်ဆိုင် အခြေအနေမျိုး ဖြစ်လာပေတော့မည်။
"ဟွန့်… မဟာဧကရာဇ် ချန်ရှန်း၊ မင်းဆန္ဒကို ငါက ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ" ဤအရေးကြီးသော အခိုက်အတန့်တွင် အင်မော်တယ်နတ်ဘုရားဘုရင်က တစ်ဖန် လှုပ်ရှားလိုက်ပြီး သူ၏ အဓိက ကျောက်စာတိုင်ကို ချိပ်ပိတ်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ကျောက်စာတိုင်များကို ကိုင်ဆောင်ထားသူများ၏ ဂနာမငြိမ်ဖြစ်မှုမှာ ပျောက်ကွယ်သွားခဲ့သည်။
"အခွင့်အရေးပဲ၊ ဒါက ဆယ်ရာခိုင်နှုန်း အခွင့်အရေးပဲ။ ကျောက်စာတိုင် ငါးခု တစ်ပြိုင်နက် အသက်ဝင်လာတဲ့အခါ တူညီတဲ့ ဟင်းလင်းပြင်ထဲမှာ မမျှော်လင့်ထားတဲ့ အရာတစ်ခု ဖြစ်လာမယ်ဆိုတာ ငါ ကြိုတင် ဟောကိန်းထုတ်ပြီးသား။ ငါ့အနေနဲ့ ကျန်တဲ့ ကျောက်စာ တိုင် နှစ်ခုမရှိရင်တောင် ငါ့မှာ သူတော်စင်ပေါင်းစုံခန်းမ ရှိသေးတယ်။ ဒါပေမဲ့ အင်မော်တယ် နတ်ဘုရားဘုရင်ကတော့ ဒီအဓိက ကျောက်စာတိုင် မရှိဘဲ ဘာမှ လုပ်လို့ မရဘူး။ ဒါမှမဟုတ်ရင် ဒီနေ့ သူ့ကို ငါ တကယ် နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်မှာ မဟုတ်ဘူး”
တစ်ခဏအတွင်းမှာပင် ဟုန်ယွိသည် သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်လွှတ် လိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ် ၁၁၉၇ ခုသည် ရုတ်တရက် ပေါက်ကွဲထွက်လာ သည်။ အပ်စိုက်မှတ်တစ်ခုစီတိုင်းမှ ဓားစွမ်းအင် တစ်ခုစီ ထွက်ပေါ်လာသည်။ ဤဓားသည် ပြောင်းလဲခြင်းကျမ်းအတွင်းရှိ ဟေစ်ဇာဂရမ် ဟောကိန်းများစွာကို ကိုယ်စားပြုသည်။ ထိုအထဲတွင် ပြောင်းလဲခြင်း၊ နွံအိုင်၊ အလွန်အမင်းကံဆိုးမှု၊ ပျော်ရွှင်ချမ်းမြေ့မှု၊ ကောင်းကင်နှင့်မြေကြီး... မဟာကောင်းကင်မီးတောက်၊ ထာဝရမိုးကြိုးနှင့်လေ... စသည့် ဟေစ်ဇာဂရမ် ဟောကိန်းများစွာ ပါဝင်သည်။ ဟောကိန်းတစ်ခုစီတိုင်းသည် ပထမလ၏ ကိုးရက်နေ့၊ ဒုတိယလ၏ ကိုးရက်နေ့၊ ပထမလ၏ ခြောက်ရက်နေ့ အစရှိသည့် ပိုမို သေးငယ်သော ဟောကိန်းများစွာအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဟုန်ယွိသည် အခြေခံအားဖြင့် သူ့ကိုယ်သူ ပြောင်းလဲခြင်းကျမ်း အဖြစ်သို့ ပြောင်းလဲလိုက် ခြင်းဖြစ်သည်။
ဖြောင့်မတ်ခြင်း၊ ရဲရင့်ခြင်း၊ ဉာဏ်ပညာနှင့် ကရုဏာတရားတို့ ပါဝင်သော ဖြောင့်မတ်ခြင်း ဓားကို ထုတ်လွှတ်ရန် သူ့ကိုယ်ပိုင် ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။ ပြောင်းလဲခြင်းကျမ်းကို ယက်လုပ်ရန်အတွက် အထွက်အထိပ် တာအိုလမ်းစဉ် လေးရပ်ကိုလည်း အသုံးပြုခဲ့သည်။ ဤအချိန်တွင် ဟုန်ယွိသည် ပြောင်းလဲခြင်းကျမ်း ဖြစ်ပြီး၊ ပြောင်းလဲခြင်းကျမ်း သည်လည်း ဟုန်ယွိပင် ဖြစ်နေသည်။ ဤနှစ်ခုစလုံးသည် ခွဲခြား၍မရနိုင်ဘဲ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကြသည်။ ထာဝရ၊ အဆုံးအစမဲ့ကာ မပျက်စီးနိုင်သောအရာ ဖြစ်လာသည်။
ပြောင်းလဲခြင်းကျမ်း၏ စာမျက်နှာများ၊ ပြောင်းလဲခြင်းကျမ်း၏ အလင်းရောင်ခြည်များက အင်မော်တယ် နတ်ဘုရားဘုရင်ထံသို့ ပြေးဝင်သွားပြီး၊ 'တာအို' စာလုံးပုံစံဖြစ်နေသော သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အမှန်တကယ် ဖုံးလွှမ်းသွားခဲ့သည်။
ဟုန်ယွိ၏ တိုက်ခိုက်မှုက "ကိုယ်ကျင့်တရားအခန်းကဏ္ဍ" နှင့် " ကမ္ဘာဦး ဖန်ဆင်းခြင်း မှတ်တမ်း" ဟူသော ကြီးမြတ်သည့် လျှို့ဝှက်ပညာရပ် နှစ်ခုကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
သူက အင်မော်တယ်နတ်ဘုရားဘုရင်ကို အစွမ်းကုန် ချိန်ရွယ်ကာ အားကုန်သုံး၍ တိုက်ခိုက်လိုက်သည်။
"ဟင်"
အင်မော်တယ် နတ်ဘုရားဘုရင်သည် လိမ့်ဆင်းလာသော ဟုန်ယွိ ပြောင်းလဲထားသည့် ပြောင်းလဲခြင်းကျမ်း၏ စာမျက်နှာများကို ကြည့်လိုက်သည်။ အရပ်မျက်နှာ အသီးသီးတွင် ဟောကိန်းများနှင့် ပုံကြမ်းများစွာ ရှိနေသည်။ နေရောင် သို့မဟုတ် လေဟာနယ်ဟူ၍ မရှိဘဲ၊ အချိန်စီးဆင်းမှုမှာလည်း ရပ်တန့်နေ၏။ မူလနဝမချောက်နက် နတ်ဘုရား နယ်မြေ ထာဝရအသက် ဆန်းကြယ်နယ်မြေ၏ အချိန်စီးဆင်းမှုနှင့် နှိုင်းယှဉ်ပါက၊ အဆတစ်ရာ ပိုမို ပြင်းထန်သည်။ အင်မော်တယ်နတ်ဘုရားဘုရင်၏ နတ်ဘုရားတန်ခိုး စွမ်းအားများပင်လျှင် လှည့်ပတ်စီးဆင်းရန် ခက်ခဲနေသည်။
အထူးသဖြင့် ဤပြောင်းလဲခြင်းကျမ်း၏ အခန်းကဏ္ဍတွင် သူတော်စင်ပေါင်းစုံခန်းမသည် လည်း သုံးကြောင်းဆွဲ အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အတွင်းတွင် ပုန်းကွယ်ကာ မထင်မရှား ဖြစ်နေသည်။ အင်မော်တယ် နတ်ဘုရားဘုရင်၏ အစွမ်းထက် ပြီး ထက်မြက်လှသော စိတ်အာရုံက သူတော်စင်ပေါင်းစုံခန်းမသည် သူ့အား သေစေနိုင် သည့် တိုက်ခိုက်မူတစ်ချက်ဖြင့် တိုက်ခိုက်ရန်အတွက် သူ၏ နောက်ဆုံးကျန်ရှိနေသော စွမ်းအားများကို စုစည်းနေကြောင်းကိုပင် ခံစားသိရှိနိုင်ပေသည်။
နတ်ဘုရားဘုရင်များ၏ ဘုရင်ဖြစ်သော ဤအစွမ်းထက်လှသည့် အင်မော်တယ်နတ်ဘုရား ဘုရင်၏ မျက်နှာထက်တွင် နောက်ဆုံး၌ လေးနက်တည်ကြည်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"ပြောင်းလဲခြင်းလမ်းစဉ် ပေါ်လာတဲ့အခါ၊ လူသားလမ်းစဉ် ပြောင်းလဲလိမ့်မယ်" အင်မော်တယ်နတ်ဘုရားဘုရင်က အလွန်တရာ လေးနက်တည်ကြည်သော အမူအရာဖြင့် ထိုစကားလုံးများကို ရွတ်ဆိုလိုက်သည်။ ထိုစကားလုံးတို့မှာ မဟာဧကရာဇ်ချန်ရှန်း၏ နိမိတ်ဖတ် စကားများပင် ဖြစ်သည်။
ဖရိုဖရဲ နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းနေသော သူ၏ ရှည်လျားလှသည့် အမြီးကြီးသည် လည်း ထောင်မတ်လာသည်။ သူ၏ အမြီးပေါ်ရှိ အကြေးခွံများသည် တချွင်ချွင် မြည်သံများ ထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှ အမှန်တကယ် ခွာထွက်ပြီး၊ အပြင်သို့ ပစ်လွှတ်ထွက်လာ ကြသည်။
သူ၏ အမြီးပေါ်ရှိ အကြေးခွံတစ်ခုစီမှာ သံပြားဝိုင်းအရွယ်အစားခန့်ရှိပြီး ၎င်းတို့ပေါ်တွင် မှော်သင်္ကေတပုံစံအမျိုးမျိုး ပါရှိနေသည်။ တောင်တန်းများနှင့် မြစ်များ၊ အပင်များနှင့် မြေကြီး၊ သမုဒ္ဒရာများနှင့် သစ်ပင်များပင် ပါဝင်နေသည်။
အမှန်တကယ်တွင် ထိုအကြေးခွံတစ်ခုစီ၏ ပုံသဏ္ဌာန်မှာ သူနားလည်သဘောပေါက်ထား သော မဟာကမ္ဘာလောက၏ မျောလွင့်နေသည့် မြေပြင်ပုံရိပ် ဖြစ်ကြောင်းကိုပင် ဟုန်ယွိ မြင်တွေ့နိုင်ခဲ့သည်။ ထိုအကြေးခွံများပေါ်တွင် ပြည်နည် ၉၉ ခုနှင့် တော်ဝင်ချန်မင်းဆက် ၏ ကျောက်စိမ်းမြို့တော် ပုံရိပ်ကိုပင် ဟုန်ယွိ မြင်တွေ့နိုင်ပေသည်။
မဟာကမ္ဘာလောကကြီးသည် အဆုံးအစမရှိ ကျယ်ပြောလှ၏။ အစွမ်းအထက်ဆုံး ကျင့်ကြံသူတစ်ဦးပင်လျှင် ဤကမ္ဘာလောကြီး မည်မျှကြီးမားကြောင်းကို မြင်တွေ့နိုင်မည် မဟုတ်ပေ။ သို့သော် ဟုန်ယွိသည် မိုးကြိုးကပ်ဘေး ကိုးကြိမ်စလုံးကို ကျော်ဖြတ်ပြီး ဟုန်ရွှန်ကျိကို အနိုင်ယူရန် ကောင်းကင်ငှက် အသွင်ကိုးမျိုးပြောင်းလဲခြင်း ပညာရပ်ကို အသုံးပြုခဲ့စဉ်က၊ မဟာကမ္ဘာလောက၏ မူလပုံသဏ္ဌာန်ကို သူ မြင်တွေ့ခဲ့ရသည်။ ၎င်းမှာ စကြဝဠာ၏ ဗဟိုချက်တွင် မျောလွင့်နေပြီး မိုင်ပေါင်း ဘီလီယံနှင့်ချီ၍ ကျယ်ပြန့်သော မျောလွင့်တိုက်ကြီးတစ်ခု ဖြစ်သည်။ နေနှင့်လသည် နေ့စဉ် အခြားဟင်းလင်းပြင်တစ်ခုမှ ခုန်ထွက်လာပြီး နေ့နှင့်ညကို ဖြစ်ပေါ်စေသည်။ ၎င်းမှာ ကြယ်တာရာများ လှည့်ပတ်နေ သည့် 'အလယ်အလတ် ကမ္ဘာငယ်များ' နှင့် လုံးဝ ကွဲပြားခြားနားသည်။
ဤသည်မှာ ဟုန်ယွိ ရံဖန်ရံခါ ခံစားသိရှိခဲ့ရသော အရာဖြစ်သည်။ အကယ်၍ သူသာ မဟာကမ္ဘာလောက၏ ကျယ်ပြောလှမှုကို အမှန်တကယ် တိုင်းတာမည်ဆိုပါက အချည်းနှီး အားထုတ်မှုသာ ဖြစ်ပေလိမ့်မည်။ သို့သော် ယခုမူ အင်မော်တယ်နတ်ဘုရား ဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ စကြဝဠာကြီးတစ်ခုလုံးကို ကျစ်လျစ်အောင် စုစည်း ထားသည့် ပုံစံများ ဖြစ်နေသည်။
အင်မော်တယ် နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများ ပျံတက်လာသည့်အခါ ဟုန်ယွိက ၎င်းတို့ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ထိုအကြေးခွံများမှာ ဝမ်းယွမ် ခေတ်တစ်ခု၏ အရေအတွက်ကို ကိုယ်စားပြုသည့် ကိန်ဂဏန်း အရေအတွက် ၁၂၉၆ ခု တိတိရှိကြောင်း ဟုန်ယွိ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်လေသည်။
"အဆုံးအဖြတ် ခံယူရမယ့် အချိန်ရောက်ပြီ"
လေထဲတွင် ပျံသန်းလာသော အင်မော်တယ် နတ်ဘုရားဘုရင်၏ အကြေးခွံများကို ဟုန်ယွိ ခံစားမိပြီး ၎င်း မည်မျှ အစွမ်းထက်ကြောင်း သိလိုက်ရသောအခါ သူ လုံးဝ တုံ့ဆိုင်းမနေ တော့ပေ။ သူ၏ စိတ်ဝိညာဉ်နှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှဦ ပြောင်းလဲခြင်းကျမ်း၏ စာမျက်နှာများအဖြစ် ပြောင်းလဲသွားပြီး၊ အကြေးခွံများနှင့် အပြင်အထန် ဝင်တိုက်ကာ ဧရာမ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာခဲ့တော့သည်။
ဝုန်း… ဝုန်း…
ဧရာမ ဟင်းလင်းပြင် မုန်တိုင်းကြီးတစ်ခုက အရာအားလုံးကို လွှမ်းခြုံတိုက်ခတ်သွားသည်။
ငလျင်လှုပ်သွားသကဲ့သို့ ကျောက်စိမ်းမြို့တော်မှာ ထပ်မံတုန်လှုပ်သွားပြီး ကောင်းကင်ယံရှိ ရှေးဟောင်း မူလနဂါးနှစ်ကောင်မှာလည်း စတင်ပြိုကွဲလာကြသည်။ ကျောက်စိမ်းဧကရာဇ် တံဆိပ်တော်သည်လည်း ၎င်း၏ စွမ်းအားကို မထိန်းချုပ်နိုင်တော့သည့်အလား တုန်ခါသွား သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ဟင်းလင်းပြင် မုန်တိုင်းကြီးမှာ ကြာရှည်မခံခဲ့ပေ။ အပြင်းအထန် တိုက်မိပြီးနောက်တွင် ဟုန်ယွိနှင့် အင်မော်တယ်နတ်ဘုရားဘုရင်တို့မှာ တစ်ဦးနှင့်တစ်ဦး အဝေးသို့ လွင့်ထွက်သွားကြသောကြောင့် ဖြစ်သည်။
ဘန်း… ဘန်း….. ဘန်း….. ဘန်း….. ဘန်း.,….
လွင့်ထွက်သွားသော အင်မော်တယ်နတ်ဘုရားဘုရင်၏ အမြီးမှာ ပြတ်တောက်သွားခဲ့ပြီ။ အမြီးကြီးမှာ သူ၏ခန္ဓာကိုယ်မှ လွင့်ထွက်သွားပြီး လေထဲတွင် မြွေတစ်ကောင်ကဲ့သို့ လူးလွန့်နေလေတော့သည်။
အခန်း (၇၅၀)။
ဒုတ်... ဒုတ်... ဒုတ်...
အင်မော်တယ်နတ်ဘုရားဘုရင်၏ ပြတ်တောက်သွားသော အမြီးကြီးမှာ အဆက်မပြတ် တွန့်လိမ်နေပြီး၊ ကောင်းကင်မိုးကြိုးများနှင့် စည်တီးသံများကဲ့သို့ ကျယ်လောင်လှသော ဟိန်းသံများ ထွက်ပေါ်နေသည်။ ၎င်းမှာ ရှေးဦးနတ်ဘုရားတစ်ပါး အမျက်ရှသဖြင့် လူသား တို့အပေါ် ဒဏ်ခတ်တော့မည့်အလား ခံစားရစေသည်။
အလျားမည်မျှ ရှည်လျားသည်ကို မသိနိုင်သော ဤပြတ်တောက်သွားသည့် အမြီးကြီးမှာ ဟင်းလင်းပြင်အတွင်းတွင် လူးလာတုံ့ခေါက် ပျံသန်းရင်း ဟင်းလင်းပြင်အလွှာလွှာကို ရိုက်ခွဲကာ ဖုန်မှုန့်ဘဝ ရောက်ရှိသွားစေသည်။ ၎င်း၏ စွမ်းအားမှာ 'မူလနဂါးနှစ်ကောင်' ၏ ပေါင်းစပ်အင်အားထက်ပင် ပိုမိုပြင်းထန်လှသည်။
ဝူး...
ဟုန်ယွိသည် အလျင်အမြန်ပင် နောက်သို့ ဆုတ်ခွာလိုက်ရသည်။ ဟင်းလင်းပြင်အတွင်းမှ သွေးစများ စိမ့်ထွက်လာပြီး လူးလွန့်နေသော အသားမျှင်များအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသော ‘ပြောင်းလဲခြင်းကျမ်း’ ၏ ဟေစ်ဇာဂရမ် ပုံရိပ်များက ဒြပ်စင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ ဟုန်ယွိ၏ ခန္ဓာကိုယ်အသစ်ကို ပြန်လည်ဖွဲ့စည်းပေးလိုက်သည်။
တချိန်တည်းမှာပင် အပြင်းထန်ဆုံး တိုက်ကွက်ကို ထုတ်လွှတ်ပြီး အင်မော်တယ် နတ်ဘုရားဘုရင်၏ အမြီးကို ဖြတ်တောက်နိုင်ခဲ့သော သူတော်စင်ပေါင်းစုံခန်းမသည် လည်း လည်ပတ်မှု ရပ်တန့်သွားခဲ့ပြီး၊ ဆန်စေ့တစ်စေ့ခန့် အရွယ်အစားအထိ ကျုံ့သွားကာ ဟုန်ယွိ၏ နဖူးအလယ်ရှိ 'မူလအနှစ်သာရ အထက်ပိုင်းသန္ဓေသား'ဟူသော အပ်စိုက်မှတ် အတွင်းသို့ ဝင်ရောက်ကာ အင်အား ပြန်လည်ဖြည့်ရန် ငြိမ်သက်သွားတော့သည်။
ထိုတိုက်ခိုက်မှုကြောင့် သူတော်စင်ပေါင်းစုံနန်းတော်မှာ အတော်လေး ထိခိုက်ပျက်စီးသွား ပုံရသည်။
သူတော်စင်ပေါင်းစုံခန်းမသည် နတ်ဘုရားလက်နက်ဘုရင် တစ်ပါး ဖြစ်သော်လည်း အင်မော်တယ်နတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်မှာ အလွန်တရာ အစွမ်းထက်လွန်းပြီး၊ ဟင်းလင်းပြင်ကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသော စွမ်းအားမျိုးစုံ ကိန်းအောင်းနေ၏။ အင်မော်တယ် နတ်ဘုရားဘုရင်မှာ အိုမင်းရင့်ရော်နေပြီး ရှေးဦးစကြဝဠာ၏ အရှင်သခင် မဟုတ်တော့သော်လည်း ‘ဆာလောင်နေသော ကုလားအုပ်သည် မြင်းထက်ပင် ကြီးမားနေ ဆဲ’ ဆိုသကဲ့သို့ သူသည် နတ်ဘုရားလက်နက်ဘုရင်နှင့် အမှန်တကယ် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသေးသည်။
ဤစကြဝဠာအတွင်း၌ မိမိ၏ ခန္ဓာကိုယ်သက်သက်ဖြင့် နတ်ဘုရားလက်နက်ဘုရင်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူ မရှိသလောက်ပင်။ ထိုအထဲတွင် ‘ခုန်း’၊ ဟုန်ရွှန်ကျိနှင့် ကျန်ရှိ သော နတ်ဘုရားဘုရင်လေးပါးပင် မပါနိုင်ပေ။
အင်မော်တယ်နတ်ဘုရားဘုရင်၏ အမြီး ပြတ်တောက်သွားသော်လည်း ဟုန်ယွိကိုယ်တိုင် မှာလည်း ကောင်းမွန်သော အခြေအနေတွင် မရှိပေ။ အလွန်ပင် ဆိုးရွားသော ဒဏ်ရာများ ကို ခံစားနေရသည်။
ခုနက တိုက်ခိုက်မှုအတွင်း သူ၏ အသက်စွမ်းအားများမှာ ဖော်ပြ၍မရနိုင်သော အချိန်နှင့် ဟင်းလင်းပြင်ကြားခံ နယ်မြေအတွင်းသို့ စုပ်ယူခံလိုက်ရသကဲ့သို့ သူ ခံစားခဲ့ရသည်။ သူ၏ စိတ်ဝိညာဉ် အတွေးစများနှင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ လုံးဝ ပျက်စီးသွားခဲ့ရသည်။ မရေတွက်နိုင်သော ခေတ်အဆက်ဆက်၏ ပျက်စီးခြင်းနှင့် ကမ္ဘာပျက်ကပ်ဘေးများ၏ အငွေ့အသက်များကိုပင် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အတွေးစများအတွင်း၌ သူ ခံစားလိုက်ရသည်။
တစ်နည်းအားဖြင့် သူသည် ထိုအခိုက်အတန့်လေး အတွင်းမှာပင် အဆုံးမဲ့ စကြဝဠာများ၏ ပျက်စီးခြင်းဒဏ်ကို တောင့်ခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ အင်မော်တယ် နတ်ဘုရားဘုရင်၏ အမြီးပေါ်ရှိ အကြေးခွံတစ်ခုစီတွင် စကြဝဠာဗဟိုချက်၌ မျောလွင့်နေ သော ကမ္ဘာကြီးတစ်ခုကို ပုံဖော်ထားသည်။ အကြေးခွံတစ်ခုစီ ပေါက်ကွဲခြင်းသည် ကမ္ဘာ တစ်ခု ပျက်စီးခြင်းနှင့် ညီမျှပြီး၊ ၎င်းအတွင်း၌ ပါဝင်သော စွမ်းအားမှာ မည်မျှ ကြမ်းကြုတ် ရက်စက်မည်နည်း။
ထိုကြမ်းကြုတ်သော စွမ်းအားအားလုံး ဟုန်ယွိ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်ခဲ့ခြင်း ဖြစ်သည်။ မည်မျှ ထိခိုက်ပျက်စီးစေခဲ့သည်ကို မည်သူမျှ မသိနိုင်သော်လည်း၊ အကယ်၍ ဤစွမ်းအားသာ ဖန်ဆင်းရှင်အဆင့်ရှိသူနှင့် ထိတွေ့မိပါက ထိုဖန်ဆင်းရှင်မှာ ပြာအဖြစ်ပင် မကျန်တော့ဘဲ ချက်ချင်း သေဆုံးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ဤအထွတ်အထိပ် ပုဂ္ဂိုလ်နှစ်ဦးသည် သူတို့၏ အစွမ်းကုန် အသုံးပြုကာ တိုက်ခိုက်နေကြ ခြင်း ဖြစ်သည်။ ဤရှေးဦးနတ်ဘုရားဘုရင် ခေါင်းဆောင်မှာ နှစ်ပေါင်းသောင်းနှင့်ချီ၍ ချိတ် ပိတ်ခံထားရသော သူ၏ဒေါသများကို ပြေလျော့စေရန် ကျောက်စိမ်းမြို့တော်ကို ဖျက်ဆီး လိုနေသည်။ ဟုန်ယွိမှာမူ ‘ပြောင်းလဲခြင်းကျမ်း’ ကို တည်ထောင်သူနှင့် လူသားလမ်းစဉ် ယဉ်ကျေးမှုကို မြှင့်တင်သူဖြစ်ရာ ကျောက်စိမ်းမြို့တော်ကို ကာကွယ်ရန်၊ မိစ္ဆာနတ်ဘုရား များကို မောင်းထုတ်ရန်နှင့် ခေတ်အဆက်ဆက် ပြောစမှတ်တွင်မည့် ဒဏ္ဍာရီတစ်ခုကို တည်ဆောက်ကာ လူသားလမ်းစဉ်၏ ဂုဏ်သိက္ခာကို တည်ဆောက်ရန် ကြိုးစားနေသည်။
ဤအစွမ်းထက် အထွက်အထိပ် ပုဂ္ဂိုလ်ကြီး နှစ်ဦးမှာ အသေအလဲ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ခုနကပင် နှစ်ဦးစလုံးသည် သေစေလောက်သော တိုက်ကွက်များကို အပြန် အလှန် ထုတ်လွှတ်ခဲ့ကြသည်။ နောက်ဆုံးတွင် နှစ်ဖက်စလုံး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရသွားကြသည်။ သို့သော် အခြေအနေကို ကြည့်ရသည်မှာ အင်မော်တယ်နတ်ဘုရား ဘုရင်၏ ဒဏ်ရာမှာ ပိုမို ပြင်းထန်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏အမြီး ပြတ်တောက်သွားခြင်းက ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းဖြစ်နေသောကြောင့် ပင်။
ဤတိုက်ပွဲအတွင်း မဟာဖျက်ဆီးခြင်းနတ်ဘုရားဘုရင်၊ အသက်ချွေနတ်ဘုရားဘုရင်၊ ကော့လီနတ်ဘုရားဘုရင်မ၊ ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါးနှင့် အထွတ်အထိပ် လူသားအင်မော်တယ် ငါးပါးတို့သည် မဟာကမ္ဘာလောက၏ ပျက်စီးခြင်းမုန်တိုင်းဒဏ်ကို ခံစားလိုက်ရသည်။ သူတို့အားလုံးသည် ထိုတိုက်ပွဲ၏ နောက်ဆက်တွဲ ဂယက်များကြောင့် မထိခိုက်စေရန် သူတို့၏ စွမ်းအားများကို အသုံးပြုကာ ခုခံနေကြရသည်။ ထို့ကြောင့် အင်မော်တယ် နတ်ဘုရားဘုရင်နှင့် ဟုန်ယွိတို့၏ ထိပ်တိုက်တွေ့မှုကြောင့် ကျန်ရှိသော နတ်ဘုရားဘုရင်များနှင့် ပျက်သုဉ်းခြင်းနတ်ဘုရား တို့မှာလည်း တိုက်ပွဲကို ခေတ္တရပ်ဆိုင်း လိုက်ရသည်။
မုန်တိုင်းမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါး၊ ကော့လီနတ်ဘုရားဘုရင်မနှင့် အထွတ်အထိပ် လူသားအင်မော်တယ် ငါးပါးတို့မှာ ဟုန်ယွိ ရှိရာဘက်သို့ ပျံသန်းလာကြပြီး၊ မဟာဖျက်ဆီးခြင်း နတ်ဘုရားဘုရင်နှင့် အသက်ချွေ နတ်ဘုရားဘုရင်တို့မှာ အင်မော်တယ်နတ်ဘုရားဘုရင် ရှိရာဘက်သို့ ပျံသန်းသွားကြသည်။ တိုက်ပွဲမှာ ခေတ္တမျှ ရပ်တန့်သွားလေသည်။
"အသားနဲ့သွေး... မိမိထံ ပြန်လာစေ၊ မဟာကမ္ဘာပျက်စီးခြင်း... သံသရာ လည်စေ"
တိုက်ပွဲ ရပ်တန့်သွားသော်လည်း အင်မော်တယ်နတ်ဘုရားဘုရင်မှာ ရပ်တန့်ခြင်း မရှိပေ။ သူ၏ ပါးစပ်မှ စကြဝဠာအစက ရှေးဦးနတ်ဘုရားတို့၏ ဂါထာများကို ရွတ်ဆိုလိုက်သည်။ ထိုအသံထဲတွင် ကံကြမ္မာ၊ ဉပဒေသ၊ မျှော်လင့်ချက်၊ ဂုဏ်ကျက်သရေနှင့် သန့်ရှင်း မြင့်မြတ်မှုတို့ ကိန်းဝပ်နေသည်။
သူသည် ရှေးဦးမိစ္ဆာနတ်ဘုရားများ၏ ခေါင်းဆောင်ဖြစ်သော်လည်း သူ၏ ရွတ်ဆိုသံတွင် မိစ္ဆာအငွေ့အသက် လုံးဝ မပါရှိဘဲ မြင့်မြတ်ခြင်း၊ ခန့်ညားထည်ဝါခြင်း၊ သာယာဝပြောခြင်း နှင့် လွတ်လပ်ခြင်းတို့သာ ကိန်းအောင်းနေသည်။
ဤရွတ်ဆိုသံကြောင့် ဟုန်ယွိသည် အင်မော်တယ်နတ်ဘုရားဘုရင်မှာ မဟာကမ္ဘာလောက ၏ ‘ဖြောင့်မြတ်ခြင်းလမ်းစဉ်’ ဖြစ်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
"မဟာကမ္ဘာလောကကြီးရဲ့ ကောင်းကင်ဆန္ဒဟာ မူလကတည်းက သက်ရှိအားလုံး လွတ်လပ်စွာ ယှဉ်ပြိုင်ဖို့ပဲ။ လူသားတွေ၊ နဂါးတွေ၊ သားရဲတွေ၊ ငှက်တွေ... သူတို့အားလုံးမှာ ကိုယ်ပိုင် ရှင်သန်မှု၊ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ ရှိခဲ့ကြတယ်။ ဒါပေမဲ့ ဧကရာဇ်ချန်ရှန်းနဲ့ ဧကရာဇ်ဖန်တို့က ကောင်းကင်ဆန္ဒကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲခဲ့ကြတယ်၊ လူသားလမ်းစဉ်ကိုပဲ ကြီးထွားစေခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး တခြားသက်ရှိတွေရဲ့ မျိုးပွားမှုကို သူတို့ ဖျက်ဆီးခဲ့ကြတယ်။ တာအိုရဲ့ ကိုယ်ပွားဖြစ်တဲ့ ငါက သက်ရှိအားလုံးရဲ့ မျှခြေကို ထိန်းချုပ်ရမယ်။ ဒီနေ့ ငါပြန်ပေါ်လာတာက လူသား လမ်းစဉ် ယဉ်ကျေးမှုကို ဖိနှိပ်ဖို့နဲ့ သက်ရှိအားလုံး လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ဖို့ ကူညီပေးဖို့ ပဲ။ ဒါဟာ စကြဝဠာရဲ့ အမှန်တရား၊ စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုပဲ..."
အင်မော်တယ် နတ်ဘုရားဘုရင်က ရွတ်ဆိုနေရင်း ရုတ်တရက် စကားပြောလာသည်။ သူ၏စကားလုံးများမှာ ရှင်းလင်းပြီး အလွန်တရာ သန့်စင်လှသော်လည်း၊ သူစကားပြောနေ ချိန်တွင် အချိန်မှာ ရပ်တန့်နေသကဲ့သို့ပင်။ သူ ခုနက ရွတ်ဆိုခဲ့သော အသံများက အရာအားလုံးကို တွန်းလှန်ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား နယ်ပယ်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုစွမ်းအားနယ်ပယ်အတွင်း ဟုန်ယွိ ဖြတ်တောက် လိုက်သော အမြီးမှာ သူ၏ ခန္ဓာကိုယ်ရှိရာသို့ တဖြည်းဖြည်း နီးကပ်လာသည်။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်နှင့် ပြန်လည် ဆက်သွယ်တော့မည့်အလား ရှိနေသည်။
"အလင်းနှင့် အမှောင် မန္တလာ၊ မွေးရာပါ သန္ဓေတည်ခြင်း၊ ချိပ်ပိတ်စမ်း"
ဤအခြေအနေကို မြင်လိုက်ရသည့်အခါ ဟုန်ယွိသည် သူ၏ ဒဏ်ရာများကို ကုသရန်ပင် ဂရုမစိုက်နိုင်တော့ပေ။ သူ၏ ကံတရားမူလစိတ်ဝိညာဉ်နှင့် ထာဝရအမှောင်ည မူလ စိတ်ဝိညာဉ်တို့ ပျံထွက်သွားပြီး အင်မော်တယ်နတ်ဘုရားဘုရင်၏ ပြတ်တောက်သွားသော အမြီးကို ချိပ်ပိတ်ရန် အလင်းနှင့် အမှောင်မန္တလာ အတားအဆီးတစ်ခုကို ဖွဲ့စည်းလိုက် သည်။
သွေးတစ်စက်မှပြန်လည်မွေးဖွားခြင်းအဆင့် တွင် ပြတ်တောက်သွားသော အင်္ဂါအစိတ် အပိုင်းများကို ပြန်လည် ဆက်သွယ်နိုင်ရုံသာမက မိမိကိုယ်တိုင်အဖြစ်ပင် ပြန်လည် ပြောင်းလဲနိုင်သည်။ သို့သော် အင်မော်တယ်နတ်ဘုရားဘုရင်၏ အမြီးမှာ အလွန်အမင်း ထိခိုက်ပျက်စီးသွားခဲ့ပြီး၊ ဟုန်ယွိ၏ သူတော်စင်ပေါင်းစုံ မူလစွမ်းအင်နှင့် ‘ပြောင်းလဲခြင်း ကျမ်း’ ၏ အငွေ့အသက်များစွာ ကပ်ငြိနေသောကြောင့် အင်မော်တယ်နတ်ဘုရားဘုရင် သည် သူ၏စွမ်းအားများကို အသုံးပြု၍ အမြီးအတွင်းရှိ ထိုမူလစွမ်းအင်များကို ဖယ်ရှားပြီးမှ သာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ထည့်သွင်းနိုင်မည် ဖြစ်သည်။
ဟုန်ယွိမှာမူ ထိုသို့ အဖြစ်ခံ၍ မရပေ။ အင်မော်တယ်နတ်ဘုရားဘုရင်၏ အသားမှာ ကမ္ဘာ ပေါ်တွင် အဖိုးတန်ဆုံးသော နတ်ဆေးပင် ဖြစ်သည်။ ထိုအသားသွေးမှာ နတ်ဆိုး နတ်ဘုရားသွေး၊ ကောင်းကင်အနှစ်သာရရွှေဆေးလုံး၊ အနန္တရွှေဆေးလုံးတို့ထက်ပင် အဆပေါင်းများစွာ ပိုမို စွမ်းအားကြီးမားသည်။
ဟုန်ရွှန်ကျိသည် သွေးအသားတစ်စကို ရရှိပြီး မျိုချလိုက်ရုံနှင့် သွေးတစ်စက်မှပြန်လည် မွေးဖွားခြင်းအဆင့်သို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။ တာအိုဘိုးဘေးနှစ်ဦးမှာလည်း ၎င်းကို မျိုချလိုက်ရုံနှင့် ဖန်ဆင်းရှင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။ အင်မော်တယ် နတ်ဘုရားဘုရင်သည် တာအို၏ကိုယ်ပွားဖြစ်ရာ သူ၏ အသားသွေးကို စားသုံးခြင်းဖြင့် ကောင်းကင်တာအိုနှင့် စကြဝဠာ၏ နိယာမများကို နားလည်သဘောပေါက်စေနိုင်သည်။
ယခု ပြတ်တောက်နေသော အမြီးပေါ်တွင် အသားသွေးပေါင်း မည်မျှရှိမည်နည်း။ အကယ် ၍ ဟုန်ယွိသာ ၎င်းတို့အားလုံးကို ရရှိပါက ၎င်း၏ အကျိုးသက်ရောက်မှုမှာ မည်မျှ ကြီးမား မည်ကို မြင်ယောင်ကြည့်နိုင်သည်။ သူ၏ ဒဏ်ရာများကို အလုံးစုံ ကုသပေးနိုင်ရုံသာမက၊ ဆေးလုံးများစွာကို ဖော်စပ်ကာ လူအများအပြားကို ဖန်ဆင်းရှင်များ ဖြစ်လာစေနိုင်သည်။ မူလက သူသည် ဟုန်ရွှန်ကျိ၏ နတ်ဘုရားတန်ခိုး စွမ်းအားများကို ထုတ်ယူကာ ကျောက်စိမ်းဧကရာဇ် တံဆိပ်တော်အတွင်းသို့ ထည့်သွင်း သန့်စင်ခဲ့သည်။ ၎င်းကို အသုံးပြု ၍ ယွမ်ရှန်းရှန်း၊ နဂါးသမီးတော်နှင့် ကျီရှန်းထျန်းတို့ကို ဖန်ဆင်းရှင် အဆင့်အထိ မြှင့်တင် ပေးနိုင်ခဲ့သော်လည်း ချန်ယင်းရှာမှာမူ အနည်းငယ် လိုအပ်နေသေးသဖြင့် တက်လှမ်းရန် ခက်ခဲနေခဲ့သည်။
သို့သော် သူသာ အင်မော်တယ်နတ်ဘုရားဘုရင်၏ အမြီးကို ရရှိပါက၊ အသားစ အနည်း ငယ်ကို အသုံးပြုရုံနှင့်ပင် ချန်ယင်းရှာကို ဖန်ဆင်းရှင်အဆင့်သို့ အားစိုက်စရာမလိုဘဲ ရောက်ရှိစေနိုင်မည်။ မင်းသားယု၊ နင်ဂျာဘုန်းကြီးနှင့် အခြားသူများပင်လျှင် အထွတ် အထိပ် လူသားအင်မော်တယ်များ ဖြစ်လာနိုင်ကြပေလိမ့်မည်။ သူသည် တစ်ရှိန်ထိုး ထပ်မံ အင်အား တိုးတက်လာနိုင်သည်။ ထိုသို့ဆိုလျှင် သူသည် ဗဟိုကမ္ဘာ၏ အထွတ်အထိပ် စွမ်းအားရှင်များနှင့်ပင် ရင်ဘောင်တန်းနိုင်တော့မည် ဖြစ်သည်။ ထိုသို့သာ ဖြစ်လာပါက ဗဟိုကမ္ဘာသည် မဟာကမ္ဘာလောကကို ကျူးကျော်ရန်အတွက် နှစ်ခါပြန် စဉ်းစားရပေလိမ့် မည်။
ထို့ကြောင့် ဟုန်ယွိသည် အင်မော်တယ်နတ်ဘုရားဘုရင်၏ ပြတ်တောက်သွားသော အမြီး ကို ရရှိရန် သန္နိဋ္ဌာန် ချထားလိုက်သည်။ ထိုဧရာမ အသားတုံးကြီးကို သူ သေချာပေါက် ရယူရမည်။
"ငါ့ရဲ့အသားကို မင်းက ချိပ်ပိတ်ချင်တာလား" အင်မော်တယ်နတ်ဘုရားဘုရင်က အလင်း နှင့် အမှောင် မန္တလာ အတားဆီးကို လက်ညှိုးတစ်ချက် ထိုးလိုက်ရာ ဖရိုဖရဲ စွမ်းအင်များ ထွက်ပေါ်လာပြီး အစီအရင်၏ စွမ်းအားကို တားဆီးလိုက်သည်။
ယခုအချိန်တွင် သူသည် အပြင်းအထန် ဒဏ်ရာရထားသောကြောင့် ယခင်ကလို အမြီး တစ်ချက်ရိုက်ခတ်ရုံဖြင့် မဟာအတားအဆီးကို မဖျက်ဆီးနိုင်တော့ပေ။
သို့သော် အလင်းနှင့်အမှောင် မန္တလာ အတားအဆီးမှာလည်း သူ့ကို မထိခိုက်စေနိုင်သေးဘဲ သူ၏ အမြီးကိုလည်း ချိပ်ပိတ်နိုင်ခြင်း မရှိသေးပေ။
ဟုန်ယွိက မျက်မှောင်ကြုတ်လျက် ချိပ်ပိတ်ခြင်းစွမ်းအားကို နောက်တစ်ကြိမ် ထပ်မံ အသက်သွင်းလိုက်သည်။ ထာဝရအမှောင်ည မူလစိတ်ဝိညာဉ်နှင့် ကံတရားမူလ စိတ်ဝိညာဉ်တို့မှာ ပြင်းထန်စွာ တုန်ခါလျက် လည်ပတ်နေသော စွမ်းအားများကို ထပ်မံ ထုတ်လွှတ်နေသည်။ ထိုစွမ်းအားမှာ ရှေးဟောင်းမူလနဂါးနှစ်ကောင် လိမ်ယှက်နေသ ကဲ့သို့ ဖြစ်နေပြီး၊ ‘ကမ္ဘာပျက်ကပ်ဘေး၏ နဂါးပျံတာအို’ ၏ စွမ်းအားများကို လျှို့ဝှက်စွာ ထည့်သွင်းထားသည်။ အင်မော်တယ်နတ်ဘုရားဘုရင်၏ မူလစွမ်းအားများမှာ နေရာအနှံ့ ပျံနှံ့သွားသော်လည်း ဟုန်ယွိ၏ ကာကွယ်ကိုမူ မထိုးဖောက်နိုင်သေးချေ။
"ခုနက တိုက်ခိုက်မှုကြောင့် သူတော်စင်ပေါင်းစုံခန်းမဟာ တော်တော်လေး ထိခိုက်သွား တယ်။ ငါ့စွမ်းအင်နဲ့ အပ်စိုက်မှတ်တွေလည်း ပျက်စီးသွားလို့ အနားယူဖို့ လိုနေပြီ။ ဒီအင်မော်တယ်နတ်ဘုရားဘုရင်ရဲ့ ပညာရပ်တွေက တကယ်ကို ကျယ်ပြန့်လွန်းတယ်။ နတ်ဘုရားလက်နက်ဘုရင် ရှိနေတာတောင် သူ့ကို လက်ရည်တူပဲ တိုက်နိုင်ခဲ့တယ်။ သူ့ ဒဏ်ရာက ပိုပြင်းထန်ပေမယ့် ငါလည်း အခြေအနေ မကောင်းဘူး"
"ပျက်သုဉ်းခြင်း နတ်ဘုရား ဆယ့်နှစ်ပါး... ကျောက်စိမ်းမြို့တော်ကို ဖိနှိပ်လိုက်စမ်း"
ဤအချိန်တွင် ဟုန်ယွိက နောက်တစ်ကြိမ် အော်ပြောလိုက်သည်။ ပျက်သုဉ်းခြင်း နတ်ဘုရား ဆယ့်နှစ်ပါးသည် အရောင်မျိုးစုံ လေစီးကြောင်းများအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီးမှ ပြန်လည် ဆင်းသက်လာကြသည်။ သူတို့သည် ကျောက်စိမ်းမြို့တော်ကို ဝန်းရံထားသော တိုင်ကြီး ၁၂ တိုင်အဖြစ် ပြောင်းလဲသွားပြီး မြေအောက် နက်ရှိုင်းစွာ စိုက်ဝင်သွားကြသည်။
ချက်ချင်းဆိုသလိုပင် ပျက်သုဉ်းခြင်းနတ်ဘုရားများသည် အစွမ်းထက်ဆုံး ‘ကောင်းကင် ဆယ့်နှစ်လွှာ မဟာကြယ်တာရာ အစီအရင်’ ကို ဖွဲ့စည်းလိုက်ပြီး ကျောက်စိမ်းမြို့တော်၏ အချိန်နှင့် ဟင်းလင်းပြင်ကို အေးခဲသွားစေသည်။ ကျောက်စိမ်းမြို့တော် လမ်းမများပေါ်မှ အက်ကွဲကြောင်းများမှာ တဖြည်းဖြည်း ပြန်လည် ပိတ်သွားခဲ့ပြီး၊ ပျက်စီးသွားသော အိမ်များမှာလည်း ပြန်လည် ပြုပြင်ပြီးသား ဖြစ်သွားခဲ့သည်။
အစွမ်းထက်လှသော နတ်ဘုရားတန်ခိုး စွမ်းအားများက မြို့တော်တစ်ခုလုံးကို ပေါင်းအိုး အတွင်း၌ ရတနာများ သန့်စင်လိုက်သည့်နှယ် ကျောက်စိမ်းမြို့တော်ကို နောက်တစ်ကြိမ် ပြန်လည် သန့်စင်လိုက်သည်။ အကြိမ်ရာဂဏန်းမျှ သန့်စင်ပြီးနောက်တွင် လူသားလမ်းစဉ် ၏ မြင့်မြတ်နယ်မြေဖြစ်သော ကျောက်စိမ်းမြို့တော်သည် ယခုအခါတွင် အမှန်တကယ်ပင် မလှုပ်မယှက်နိုင်သည့် ‘စိန်စီသောမြို့တော်’ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။
ပျက်သုဉ်းခြင်းနတ်ဘုရား ဆယ့်နှစ်ပါး၏ အကူအညီဖြင့် ကောင်းကင်ယံရှိ ရှေးဟောင်း မူလနဂါးနှစ်ကောင်နှင့် ကျောက်စိမ်းဧကရာဇ် တံဆိပ်တော်တို့သည်လည်း ပြန်လည် လှုပ်ရှားလာခဲ့သည်။ ယခုအချိန်တွင် ကျောက်စိမ်းဧကရာဇ် တံဆိပ်တော်မှာ နေမင်းအငယ် စားလေးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ကျောက်စိမ်းမြို့တော်တစ်ခုလုံးကို ရွှေရောင်မြို့တော်ကြီးအဖြစ် လင်းလက်သွားစေသည်။ လမ်းများ၊ အိမ်များ၊ ချောင်းများ၊ ရေကန်များ အားလုံးပါမကျန် တောက်ပသော ရွှေရောင်အလင်းများ ဖြစ်သွားခဲ့သည်။ တံဆိပ်တော်နှင့် ဖရိုဖရဲ စွမ်းအားတို့က ဟင်းလင်းပြင်အတွင်း၌ နောက်တစ်ကြိမ် ထပ်မံ တိုက်မိကြပြန်သည်။ ပြင်းထန်သော နောက်ဆက်တွဲ ရိုက်ခတ်မူများက ကျောက်စိမ်း မြို့တော်ကို မလှုပ်ခတ်နိုင်တော့ချေ။
"ပညာရှင် သူတော်စင်တစ်ရာ... သူတော်စင်အပေါင်းတို့... ကျွန်တော့်ကို ကူညီကြပါ"
အင်မော်တယ်နတ်ဘုရားဘုရင်နှင့် အားပြိုင်နေစဉ်အတွင်း ဟုန်ယွိသည် သူ၏ စွမ်းအားကို ထပ်မံ ထုတ်ဖော်လိုက်သည်။ မိုးကြိုးကပ်ဘေး ကိုးကြိမ်စလုံးကို ကျော်ဖြတ်ထားသော သန့်စင်သော ယန်စိတ်ဝိညာဉ်သည် မြင့်မြတ်သန့်ရှင်းသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ပူဇော်ခန်းမဆောင်အတွင်းရှိ သူတော်စင်တစ်ရာ၏ အလင်းရောင်များ နှင့် ပေါင်းစပ်သွားခဲ့သည်။
ဝုန်း... ဝုန်း... ဝုန်း... ဝုန်း...
မရေတွက်သော အလင်းတန်းများ ဖြာကျလာ၏။ သူတော်စင်တစ်ရာ၏ သန့်ရှင်းသော အလင်းနှင့် ဟုန်ယွိ၏ အလင်းတို့ ပေါင်းစပ်သွားကာ တစ်ခုတည်း ဖြစ်သွားခဲ့ပြီး၊ ဟုန်ယွိ၏ စိတ်ဝိညာဉ် စွမ်းအားမှာလည်း ရုတ်တရက် အဆမတန် ကြီးမားလာခဲ့သည်။ ထိုအခိုက်အတန့်တွင် ပူဇော်ခန်းမဆောင်၏ နေရာတစ်ခုတွင် အလင်းတန်းများစွာ လိမ်ယှက်သွားပြီး သန့်စင်သော ရုပ်တုအသစ်တစ်ခု ပေါ်ထွက်လာသည်။ ထိုရုပ်တုမှာ ဟုန်ယွိ၏ မျက်နှာနှင့် တထပ်တည်းပင်။
ပူဇော်ခန်းမဆောင်အတွင်း၌ လူသားလမ်းစဉ်၏ အခန်းကဏ္ဍကို ကိုယ်စားပြုသော နောက်ထပ် သူတော်စင်ရုပ်တုတစ်ခု ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဤရုပ်တုကို မင်းသားယုက တည်ဆောက်ခဲ့ခြင်း မဟုတ်သလို၊ ဟုန်ယွိ ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်း လည်း မဟုတ်ပေ။ ယင်းအစား ကျောက်စိမ်းမြို့တော်ကို ကာကွယ်သည့် ဖြစ်စဉ်အတွင်း ဟုန်ယွိက သူတော်စင်တစ်ရာ၏ အလင်းနှင့် ပေါင်းစပ်သွားခဲ့ပြီး၊ သူတော်စင်များ၏ လမ်းစဉ်များနှင့် ထပ်တူကျသွားသောကြောင့် သန့်စင်သော ရုပ်တုတစ်ခုအဖြစ် စုစည်း သွားခြင်း ဖြစ်သည်။
ဤရုပ်တုသည် ထာဝရ တည်တံ့နေမည်ဖြစ်ပြီး၊ အများက အသိအမှတ်ပြုထားသော စစ်မှန်သည့် သူတော်စင် ရုပ်တုတစ်ခုလည်း ဖြစ်သည်။ ရုပ်တု တည်ရှိသွားသည်နှင့် အဆုံးမဲ့ မြင့်မြတ်သောအလင်းများ လင်းလက်လာခဲ့သည်။ ကျောက်စိမ်းမြို့တော်သည် အဆုံးမဲ့သော နတ်ဘုရားအလင်းများဖြင့် နောက်တစ်ကြိမ် ဖုံးလွှမ်းသွားခဲ့ပြီး၊ ခိုင်ခန့်ပြီး အားနည်းချက်မရှိတော့ချေ။ ကျမ်းဂန်များနှင့် သွန်သင်ချက်များ၏ ရွတ်ဆိုသံများက ဟင်းလင်းပြင်အတွင်း လှိုင်းထလျက် ရှိနေသည်။
ယခုအချိန်တွင် ကျောက်စိမ်းမြို့တော်ရှိ လူတိုင်းက အရာအားလုံးကို ရှင်းလင်းစွာ ကြားနိုင်၊ မြင်နိုင်နေကြပြီ ဖြစ်သည်။ "နောက်ထပ် သူတော်စင်တစ်ဦး... ဒါဟာ စစ်မှန်တဲ့ သူတော်စင် ‘ယွိ’ ပဲ။ သူဟာ သူတော်စင်တစ်ရာရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပြီး သူတို့နဲ့ ရင်ဘောင် တန်း နိုင်သူပဲ။ ယခုကစပြီး ဟုန်ယွိဟာ ထာဝရ တည်တံ့သွားပြီ..."
နန်းတော်၏ အလယ်ရင်ပြင်တွင် ဖန်းမျိုးနွယ်စု၊ ဝမ်မျိုးနွယ်စုနှင့် ကျိမျိုးနွယ်စု အစရှိသည့် မဟာမျိုးနွယ်စုများမှ ခေါင်းဆောင်များနှင့် အဆင့်မြင့် အကယ်ဒမီများမှ အုပ်ချုပ်သူများ သည် ထိုမြင်ကွင်းကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်နေကြသည်။ ယခုအချိန်တွင် ဟုန်ယွိ ၏ သန့်စင်သော ရုပ်တုသည် သူတော်စင်များနှင့်အတူ ယှဉ်တွဲလျှက် ရပ်တည်နေ၏။ ယခုမှစ၍ ဟုန်ယွိ၏ အရှိန်အဝါမှာ အတောက်ပဆုံး ဖြစ်လာတော့မည်ကို လူတိုင်း သိလိုက် ကြသည်။ ‘သူတော်စင်ယွိ’ ၏ ခေတ်သို့ ရောက်ရှိလာပြီ။ ကမ္ဘာပေါ်တွင် ဖြောင့်မတ်ခြင်းနှင့် အမှန်တရားပိုင်း၌ သူ့ကို ယှဉ်နိုင်သူ မရှိတော့ပေ။
"အင်မော်တယ်နတ်ဘုရားဘုရင်... ခင်ဗျားအမြီးကို ဒီမှာပဲ ထားခဲ့စမ်း"
သူတော်စင်ရုပ်တု တည်ရှိသွားသည်နှင့် ဟုန်ယွိက သူတော်စင်တစ်ရာ၏ စွမ်းအားကို အသုံးပြုကာ အင်မော်တယ်နတ်ဘုရားဘုရင်ကို တိုက်ခိုက်လိုက်တော့သည်။
စာစဉ် (၇၂) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။