အခန်း ၂၀၁
Vol. 21 Ch. 201
အခန်း (၂၀၁) ရေခဲနှင်းပြင်ထဲက လူနဲ့ ဝက်ဝံညိုတို့ရဲ့ အားပြိုင်မှု
ဆောင်းနှောင်း နွေဦးပေါက်ချိန် ဖြစ်သော်လည်း ချန်ပိုင်တောင်တန်း၏ တောနက်ကြီးထဲတွင် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။
တောင်တန်းရှုခင်းက အနည်းငယ် ခြောက်ကပ်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေ၏။
တစ်ခါတစ်ရံတွင် မြွေပါမြီးတို သို့မဟုတ် ရှဉ့်လေးများ သစ်ကိုင်းပေါ်တွင် ခုန်ပေါက် သွားလာနေသည်ကို မြင်တွေ့ရတတ်သည်။
ထိုအချိန်မှာပင် လူတစ်ယောက်က နှင်းပြင်ထဲတွင် အလွန် လျင်မြန်စွာ ပြေးလွှားနေသည်ကို မြင်လိုက်ရ၏။
သူ၏ ခြေလှမ်းများက အလွန် မြန်ဆန်လွန်းသဖြင့် နှင်းပွင့်များပင် လေထဲသို့ လွင့်စင်လာခဲ့သည်။
အကယ်၍ တစ်စုံတစ်ယောက်သာ မြင်တွေ့ခဲ့ပါက ဆောင်းတွင်းကြီးမှာ တောင်ထဲတွင် ဘာကြောင့် ဤမျှ အပြင်းအထန် ပြေးလွှားနေရသလဲ ဆိုသည်ကို သေချာပေါက် သိချင်မိကြမည် ဖြစ်၏။
ထိုလူ၏ အနောက်ဘက်တွင်တော့ ဧရာမ ဝက်ဝံညိုကြီး တစ်ကောင် ထွက်ပေါ်လာပြီး ထပ်ချပ်မကွာ ပြေးလိုက်လာခဲ့သည်။
အကြောင်းရင်းကိုတော့ ပြောပြနေစရာပင် မလိုတော့ချေ။
ဆောင်းခိုရာမှ ယခုလေးတင် နိုးလာခဲ့၍ ဖြစ်မည်။ ဝက်ဝံညို၏ လှုပ်ရှားမှုက ထိုမျှလောက် သွက်လက်မနေဘဲ တစ်ခုန်ချင်းစီ ခုန်ကာ ပြေးနေပုံက အနည်းငယ် ရယ်စရာ ကောင်းနေသည်။
သို့သော် မည်သူမှတော့ ရယ်မောနိုင်မည် မဟုတ်ပေ။
ဒရုန်းက အနောက်မှ ကပ်၍ လိုက်ပါလာပြီး ရေခဲနှင်းပြင်ထဲတွင် ဖြစ်ပျက်နေသော မြင်ကွင်းများကို ရိုက်ကူးနေ၏။
လိုက်ဖ်ထဲရှိ ပရိသတ်များ အားလုံး အသက်ရှူမှားသွားကြပြီး မျက်လုံးများပင် ပြူးကျယ်သွားကြတော့သည်။
လူတိုင်းက အလွန်အမင်း စိုးရိမ် ထိတ်လန့်နေကြ၏။
ဝက်ဝံ... ထိုအထဲတွင်မှ တကယ့် ဝက်ဝံညို အစစ်ကြီး ဖြစ်နေသည်။
ဤကောင်ကြီး၏ တိုက်ခိုက်နိုင်စွမ်းက နောက်ပြောင်နေ၍ ရမည့်အရာ မဟုတ်ချေ။
အရှေ့မြောက်ကျားနှင့် ဝက်ဝံညိုတို့ သတ်ပုတ်ကြရာ နောက်ဆုံးတွင် ကျားက ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး နောက်ပိုင်းတွင် သေဆုံးသွားခဲ့ရသည့် သာဓကများပင် ရှိခဲ့ဖူးသည်။
ခန္ဓာကိုယ် အလေးချိန်ကလည်း ကွာခြားလွန်းလှသည် မဟုတ်ပါလား။
တကယ်ကို ကုန်းမြေပေါ်က သတ်ဖြတ်ရေး စက်ယန္တရားကြီး တစ်ခုပင် ဖြစ်၏။
ဤဝက်ဝံညိုက အချိန်အကြာကြီး ဆာလောင်နေခဲ့သဖြင့် ခွန်အား ထိုမျှလောက် မရှိသော်လည်း အထင်သေး၍တော့ လုံးဝ မရနိုင်ချေ။
လိုက်ဖ်ထဲတွင် အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
"လခွမ်း... လခွမ်း... ဝက်ဝံ အရှင်လတ်လတ်ကြီးဟ"
"မြန်မြန်ပြေးတော့"
"ဒါ တကယ့် ဝက်ဝံညို အစစ်ကြီးလား"
"အာ... လောင်ရွှီ မြန်မြန်ပြေးပါကွာ"
ဖန်သားပြင် တစ်ခုလုံးတွင် လခွမ်း ဟူသော ကွန်မန့်များဖြင့် ပြည့်နှက်သွားတော့၏။
အားလုံးက ဘာဆက်ပြောရမှန်းပင် မသိတော့ချေ။
သူတို့က အသက်ရှူတွေ မြန်လာပြီး မျက်နှာပေါ်တွင်လည်း ထိတ်လန့် ကြောက်ရွံ့မှုများ ပြည့်နှက်နေကာ စိုးရိမ်လွန်းသဖြင့် ဆက်၍ပင် မကြည့်ရဲကြတော့ပေ။
ဝက်ဝံညိုက ရွှီယန်ကို အဆက်မပြတ် လိုက်လံ ဖမ်းဆီးနေ၏။
ဤနေရာက လူသူကင်းမဲ့သော တောတောင်ဒေသ ဖြစ်ပြီး အရှေ့ဘက်တွင် သစ်တော ရှိသော်လည်း သစ်ပင်များ အားလုံးက အလွန် မြင့်မား ဖြောင့်တန်းနေကြကာ ခိုင်မာသော သစ်ကိုင်းခွများ မရှိချေ။
ဝက်ဝံညိုက မူလကတည်းက သစ်ပင်တက် ကျွမ်းကျင်သည်ကို အသာထား... သစ်ပင်ပေါ် တက်သွားလျှင်တောင် ခွန်အားကို အလဟဿ ဖြုန်းတီးပစ်ရုံသာ ဖြစ်ပေလိမ့်မည်။
ဝက်ဝံညိုက အောက်မှနေ၍ ထိုင်စောင့်နေပါကလည်း ဘာမှ တတ်နိုင်မည် မဟုတ်ပေ။
ရွှီယန်က အနောက်ဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်၏။
လူကောင်းကတ် ရှိနေသဖြင့် သူက အလွန်အမင်းတော့ မကြောက်ရွံ့လှချေ။
အဆိုးဆုံး အခြေအနေ ဆိုလျှင် လူကောင်းကတ်ကို သုံးပြီး ဆက်ပြေးရုံသာ ရှိသည်။
သို့သော် ဤအချိန်မျိုးတွင် သူက တတ်နိုင်သမျှ ချွေတာချင်နေမိ၏။
ရှင်းရှင်းပြောရလျှင် အရည်အချင်း ရှိသူမို့ သတ္တိကောင်းနေခြင်းပင် ဖြစ်သည်။
'ဒီတိုင်းဆို မရဘူး... ပြေးလို့ လွတ်မှာ မဟုတ်ဘူး... ဝက်ဝံတွေက ခွန်အား ကြီးရုံတင် မကဘူး ခံနိုင်ရည်ကလည်း လူတွေထက် အများကြီး သာတယ်လေ...'
'ဆက်ပြေးနေရင် သေချာပေါက် မိသွားမှာပဲ...'
ရွှီယန်က အခြေအနေကို လျင်မြန်စွာ အကဲဖြတ် ဆုံးဖြတ်ချက်ချလိုက်၏။
ထိုအချိန်မှာပင် သူ၏ အရှေ့ဘက် နှင်းပြင်ထဲတွင် လဲကျနေသော သစ်သားတုတ်တို တုတ်တုတ်ကြီး တစ်ချောင်းကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့လိုက်ရသည်။
ထိုသစ်သားတုတ်က သာမန် တုတ်များထက် ပိုတုတ်ပြီး ပို၍လည်း ခိုင်မာပေသည်။
ရွှီယန်သည် ဆုံးဖြတ်ချက်ချလိုက်ပြီး ချက်ချင်းပင် ထိုနေရာသို့ ပြေးသွားကာ ကျောပိုးအိတ်ကို မြေကြီးပေါ် ချထားလိုက်၏။ ထို့နောက် သစ်သားတုတ်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး လှည့်ကာ ဝက်ဝံညို ရှိရာဘက်သို့ ကြည့်လိုက်တော့သည်။
သူ၏ ရုတ်တရက် အလှည့်က အင်တာနက်သုံးစွဲသူများ အားလုံးကို မှင်သက်သွားစေခဲ့သည်။
‘မင်း ဘာလုပ်နေတာလဲ’
'မင်း ဘာလုပ်ချင်နေတာလဲ’
'မင်း ကိုယ့်ကိုယ်ကိုယ် Black Myth: Wukong ဂိမ်းထဲက ကံကြမ္မာရှင် လို့များ ထင်နေတာလား... ဘော့စ် ကြီးကို ချဖို့ ပြင်နေတာလား’
'မပြောနဲ့အုံး... ဒီမြင်ကွင်းက တကယ်ကို နည်းနည်း တူနေသလိုပဲ'
ရွှီယန်၏ မျက်နှာ အမူအရာက တည်ငြိမ်နေပြီး ထိတ်လန့် ကြောက်ရွံ့နေသည့် ပုံစံမျိုး လုံးဝ မရှိဘဲ ကြမ်းတမ်း ခက်ထန်သည့် အငွေ့အသက်များပင် ပိုမို ထွက်ပေါ်လာခဲ့၏။
နောက်ကွယ်တွင် အားကိုးစရာ ရှိနေသဖြင့် သူက နည်းနည်းလေးမှ မကြောက်ရွံ့ချေ။
မကြောက်ရွံ့သဖြင့် သူ၏ အရှိန်အဝါကလည်း အလိုအလျောက် ပိုမို အားကောင်းလာခဲ့သည်။
"ဟာ... မဟုတ်ပါဘူး... ဒီလိုက်ဖ်လွှင့်သူက ဘာလုပ်မလို့လဲ"
"လောင်ရွှီ... ဒီဝက်ဝံညိုကို မင်း မွေးထားတာလို့ မြန်မြန် ပြောလိုက်ပါကွာ... ဆက်မကြည့်ရဲတော့ဘူး"
"ငါ့ရဲ့ နှလုံးဆေး ဘယ်ရောက်သွားပြီလဲ"
"သူက ဝက်ဝံညို နဲ့ တစ်ယောက်ချင်း သွားချမလို့လား"
လိုက်ဖ်ထဲရှိ ကွန်မန့်များက ပို၍ပင် ပွက်လောရိုက်လာခဲ့၏။
ရွှီယန်က ဝက်ဝံညိုနှင့် တစ်ယောက်ချင်း ချမည်ဟု ရည်ရွယ်ထားခြင်း မဟုတ်ဘဲ သူ၏ အရှိန်အဝါကို အသုံးပြုကာ ဝက်ဝံညိုကို ခြောက်လှန့် မောင်းထုတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
လက်ထဲရှိ သစ်သားတုတ်၏ တိုက်ခိုက်နိုင်စွမ်းက မပြင်းထန်လှချေ။ ဖျက်ဆီးနိုင်စွမ်းကို ယှဉ်မည်ဆိုပါက သူ၏ အိတ်ထဲမှ ဓားမက ပို၍ လက်တွေ့ကျပေလိမ့်မည်။
သို့သော် သစ်သားတုတ်က ကြည့်ရသည်မှာ ပို၍ ခြိမ်းခြောက်နိုင်စွမ်း ရှိပုံပေါ်၏။
ဤအချိန်မျိုးတွင် ဝက်ဝံညိုကို ခြောက်လှန့် မောင်းထုတ်ရန်သာ နည်းလမ်း ရှိတော့ကြောင်း ရွှီယန် သိထားသည်။
အင်တာနက်ပေါ်ရှိ ဗီဒီယိုများထဲက အတိုင်းပင် ဖြစ်သည်။
လူသားများက ဝက်ဝံညို ချဉ်းကပ်လာသည်ကို မြင်သောအခါ အေးအေးဆေးဆေးပင် သေနတ်ကို ထုတ်ယူလိုက်ပြီးနောက် ဝက်ဝံညိုကို တည်ငြိမ်စွာ စိုက်ကြည့်ကာ အောင်ပွဲခံနိုင်မည်ကို ယုံကြည်နေသည့် ခံစားချက်မျိုးပင် ဖြစ်၏။
ထိုကဲ့သို့သော ခံစားချက်မျိုးကပင် ဝက်ဝံညိုကို ခြေလှမ်း ရပ်တန့်သွားစေခဲ့ခြင်း ဖြစ်သည်။
ဝက်ဝံညိုက အခြေအနေ မဟန်သည်ကို ရိပ်မိသွားပြီး အမြီးကုပ်ကာ ပြေးသွားတော့၏။
သားရဲတိရစ္ဆာန်များကလည်း အန္တရာယ်ကို မစွန့်စားချင်ကြချေ။
ဤအချိန်တွင် ရွှီယန်၏ စိတ်ကူးကလည်း ထိုအတိုင်းပင် ဖြစ်၏။
ဤသည်က တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။
သူ၏ မျက်နှာ အမူအရာက အေးစက်နေပြီး လက်ထဲရှိ သစ်သားတုတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထား၏။
ဝက်ဝံညိုက ရွှီယန်နှင့် ဆယ်မီတာ အကွာအဝေး အတွင်းသို့ ချဉ်းကပ်လာခဲ့ပြီ ဖြစ်ပြီး အနားသို့ ရောက်လာချိန်တွင်တော့ ၎င်း၏ ခြေလှမ်းများကို နှေးကွေးလိုက်သည်။
ဤဝက်ဝံညိုက ဒေါသကြီးသည့်ပုံ မပေါ်ဘဲ ဆန့်ကျင်ဘက် အနေဖြင့် အတော်လေး တည်ငြိမ်နေပုံရ၏။
၎င်းက ခန္ဓာကိုယ်ကို ဝပ်ချလိုက်ပြီး ရွှီယန်ကို အကဲခတ်နေသည်။
ရွှီယန်ကလည်း ဤသည်မှာ ၎င်းက အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အနေအထား ဖြစ်ကြောင်းကို မြင်တွေ့နိုင်ပေသည်။
ဤအချိန်မျိုးတွင် နှစ်ဦးနှစ်ဖက် အကြားရှိ အားပြိုင်မှုသာ ဖြစ်၏။
အရှိန်အဝါ အားပြိုင်မှုပင် ဖြစ်သည်။
အကယ်၍ ရွှီယန်ကသာ ထိတ်လန့် ကြောက်ရွံ့ကာ အသနားခံသည့် အမူအရာ အနည်းငယ်မျှ ပြသလိုက်ပါက ဝက်ဝံညိုက သေချာပေါက် ချက်ချင်း ခုန်အုပ်လာမည် ဖြစ်၏။
သို့သော် ရွှီယန်က အလွန် တည်ငြိမ်နေပြီး မျက်လုံးများတွင်လည်း အေးစက်စက် အငွေ့အသက်များ ပါဝင်နေသဖြင့် ဝက်ဝံညိုကို မလှုပ်ရဲအောင် ဖြစ်သွားစေခဲ့သည်။
ဂွေ့ကျိုးမြည်း ပရိယာယ်ကုန်ခန်းခြင်း ပုံပြင်တွင် ပါရှိသကဲ့သို့ပင် တောထဲတွင် မြည်းတစ်ကောင် ပေါ်လာသောအခါ ကျားက မြည်း၏ နောက်ခံကို မသိသဖြင့် ရမ်းသမ်း မတိုက်ခိုက်ရဲခဲ့ချေ။
သို့သော် မြည်းကတော့ ကျားက သူ့ကို ကြောက်နေသည်ဟု ထင်မှတ်ကာ အသံကုန် အော်ဟစ်ပြီး ခွာဖြင့် ကျားကို စတင် ကန်တော့၏။
မြည်းတွင် ဤနည်းလမ်း နှစ်ခုသာ ရှိကြောင်းကို ကျားက သိရှိသွားချိန်တွင်တော့ မြည်းကို ချက်ချင်းပင် စားပစ်လိုက်တော့သည်။
ဤအချိန်မျိုးတွင် ယှဉ်ပြိုင်ရမည်မှာ အရှိန်အဝါပင် ဖြစ်၏။
လူတစ်ယောက်နှင့် ဝက်ဝံ တစ်ကောင်တို့က အပြန်အလှန် စိုက်ကြည့်နေကြသည်။
မျက်စိဖြင့် မမြင်ရသော အားပြိုင်မှု တစ်ခုက စတင်နေပြီ ဖြစ်၏။
လိုက်ဖ်ထဲရှိ ပရိသတ်များက ဤမြင်ကွင်းကို ကြည့်ရင်း အသက်ကိုပင် ပြင်းပြင်း မရှူရဲကြတော့ချေ။
ဝင်ရောက်လာသူ အရေအတွက်က ပို၍ပို၍ များပြားလာခဲ့သည်။
အချို့က ဝင်လာသည်နှင့် ချက်ချင်း မေးကြ၏။
"ဒါ Black Myth: Wukong ရိုက်ကူးရေး ကွင်းလားဟ"
"ဒါ တိရစ္ဆာန်ရုံ က တင်ဆက်မှု တစ်ခုလား"
နောက်ကလူများက သူတို့ကို ဘာဖြစ်နေသလဲ ဆိုသည်ကို အလျင်အမြန် ရှင်းပြပေးလိုက်ကြသည်။
ဖန်သားပြင် တစ်ခုလုံးတွင် လခွမ်း ဟူသော ကွန်မန့်များ ပြည့်နှက်နေသည်ကိုပါ မြင်လိုက်ရသဖြင့် အသစ်ရောက်လာသူများလည်း ဤသည်မှာ ချန်ပိုင်တောင်တန်းတွင် နေထိုင်သော တောရိုင်း ဝက်ဝံညိုကြီး ဖြစ်ကြောင်းကို အလွယ်တကူ နားလည်သွားကြတော့၏။
အရှေ့မှ အမျိုးသားကတော့ ချန်ပိုင်တောင်တန်း၏ အစွမ်းအထက်ဆုံး လမ်းသရဲကြီးပင် ဖြစ်သည်။
ရွှီယန်က အမှန်တကယ်ပင် တည်ငြိမ်နေ၏။
နောက်ကွယ်တွင် အားကိုးစရာ ရှိနေသဖြင့် အများကြီး ပေါ့ပါးနေခြင်း ဖြစ်သည်။
ဤကဲ့သို့သော ပေါ့ပါးမှုမျိုးက ဟန်ဆောင်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။
အင်တာနက် ဗီဒီယိုများထဲမှ လူများကဲ့သို့ပင် သူတို့၏ လက်ထဲတွင် သေနတ် ရှိနေသဖြင့် သူတို့ မကြောက်ရွံ့ကြခြင်း ဖြစ်၏။
မကြောက်ဘူး ဆိုရင်လည်း မကြောက်တာပါပဲ။
ဝက်ဝံညိုက တိုက်ခိုက်ရမလား မတိုက်ခိုက်ရဘူးလား ဆိုသည်ကို တွေဝေနေခဲ့သည်။
၎င်း၏ အရှိန်အဝါက အနည်းငယ် လျော့ကျသွား၏။
ဝက်ဝံညိုက ခန္ဓာကိုယ်ကို ယိမ်းထိုးကာ အရှေ့သို့ တစ်လှမ်း တိုးလာပြီး ရွှီယန်ကို ဖိအားပေးရန် ကြိုးစားလိုက်သည်။
ရွှီယန်၏ မျက်လုံးများက အနည်းငယ် မှေးကျဉ်းသွားပြီး လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသော သစ်သားတုတ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ ၎င်း၏ ဖိအားပေးနိုင်စွမ်းကလည်း ထပ်တူ မြင့်တက်လာခဲ့၏။
'ဒီလိုအချိန်မျိုး ရောက်နေပြီဆိုမှတော့ နောက်ဆုတ်လို့ မရတော့ဘူးလေ...'
'ဘာမှလည်း တတ်နိုင်တာ မဟုတ်ဘူး...'
ရေခဲနှင်းပြင်ထဲတွင် လူနှင့် ဝက်ဝံတို့ အားပြိုင်နေကြသည်။
သဘာဝတရားကြီး၏ ရိုင်းစိုင်း ကြမ်းတမ်းမှုများက မျက်နှာပေါ်သို့ ဖြတ်သန်း တိုက်ခတ်လာ၏။
လိုက်ဖ်လွှင့်ရာတွင် ဤကဲ့သို့သော မြင်ကွင်းမျိုး ပေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြချေ။
ဝက်ဝံညိုက ရွှီယန်၏ ထိတ်လန့် ကြောက်ရွံ့နေသည့် ပုံစံကို မတွေ့ရသဖြင့် ဘေးဘက်သို့ ခြေလှမ်း အနည်းငယ် ရွှေ့ကာ ဆက်လက် စမ်းသပ်နေလိုက်၏။
ရွှီယန်က ခန္ဓာကိုယ်ကို အနည်းငယ်မျှပင် မလှုပ်ရှားဘဲ သူ၏ အကြည့်များကသာ ဝက်ဝံညို ရွေ့လျားသွားရာ လမ်းကြောင်းအတိုင်း ဖြည်းညင်းစွာ လိုက်ပါသွားခဲ့သည်။
ဤမြင်ကွင်းက တကယ်ကို မိုက်လွန်းလှပေသည်။
လိုက်ဖ်ထဲတွင် လူအရေအတွက်က ပို၍ပို၍ များပြားလာပြီး ရှစ်သောင်းကျော် အထိပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
ယနေ့က ကျားသစ်လေးကို ခေါ်မလာဘဲ သာမန် တောင်ပေါ်တက်ခြင်း ဖြစ်သဖြင့် လက်ဆောင်ပေးသည့် လုပ်ဆောင်ချက်ကို ဖွင့်ထားခဲ့သည်။
လူအတော်များများက လက်ဆောင်များ ပေးပို့နေကြပြီး လက်ဆောင် အထူးပြုလုပ်ချက်များက အဆက်မပြတ် ပေါ်ထွက်နေသဖြင့် အထူးပြုလုပ်ချက်များကို ပိတ်ထားမှသာ လိုက်ဖ်၏ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်တော့၏။
အခြေအနေက ပို၍ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလာခဲ့သည်။
ရွှီယန်၏ ခန္ဓာကိုယ်က အလွန် တောင့်တင်းနေပြီး သူ၏ မျက်လုံးများတွင်တော့ အနည်းငယ်မျှပင် ကြောက်ရွံ့နေသည့် အရိပ်အယောင် မရှိချေ။
မည်သို့ပင်ဆိုစေ တောရိုင်း ဝက်ဝံညို တစ်ကောင် ဖြစ်သဖြင့် တိုက်ခိုက်နိုင်စွမ်းကို ယှဉ်မည်ဆိုပါက ရွှီယန်က လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။
ခြောက်လှန့် မောင်းထုတ်ရန်သာ တတ်နိုင်၏။
ဤသို့ဖြင့် ခဏမျှ ထပ်မံ အားပြိုင်ပြီးနောက် နောက်ဆုံးတွင် ဝက်ဝံညိုက လက်လျှော့လိုက်တော့သည်။
အဓိက အကြောင်းရင်းမှာ ၎င်းက ဆောင်းခိုရာမှ ယခုလေးတင် နိုးလာခဲ့ခြင်း ဖြစ်သဖြင့် ခံနိုင်ရည် မရှိသလို ခွန်အားလည်း မလုံလောက်သောကြောင့် တိုက်ခိုက်နိုင်စွမ်း မြင့်မားသော သားကောင်များကို မဖမ်းဆီးရဲခြင်း ဖြစ်၏။
ရွှီယန်က ၎င်းကို အပြည့်အဝ တိုက်ခိုက်နိုင်စွမ်း ရှိသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
တိရစ္ဆာန် အတော်များများက လူကို ကြောက်ကြပေသည်။ ဝမ်တာတောင် နံပါတ် ၁ ကဲ့သို့ အစွမ်းထက်သော ကျားကြီးပင် လူသားများ၏ နယ်မြေထဲသို့ ရောက်လာချိန်တွင် ထိတ်လန့် တုန်လှုပ်နေခဲ့ပြီး လူသားများ၏ အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် ပုန်းအောင်းနေရုံသာ တတ်နိုင်ခဲ့၏။
မည်သို့ပင်ဖြစ်စေ လူသားများ၏ အရေအတွက်က အလွန် များပြားလွန်းလှသည် မဟုတ်ပါလား။
ဝက်ဝံညိုက နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားပြီး ရွှီယန်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။
ထို့နောက် ၎င်းက လှည့်ကာ နောက်သို့ ပြေးထွက်သွားပြီး ရွှီယန်က ၎င်းကို လိုက်လံ တိုက်ခိုက်ခြင်း ရှိမရှိ ဆိုသည်ကို တစ်ခါတစ်ရံ နောက်လှည့်ကြည့်တတ်သေး၏။
၎င်းက လုံးဝကို လက်လျှော့လိုက်ပြီ ဖြစ်သည်။
ဤနေရာတွင် အန္တရာယ်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
ဝက်ဝံညို ထွက်ခွာသွားသည်ကို မြင်သောအခါ လိုက်ဖ်ထဲရှိ လေထုကလည်း အနည်းငယ် ပေါ့ပါးသွားတော့သည်။
"သွားပြီ... တကယ် ထွက်သွားပြီဟေ့"
"ငါတောင် ကြောက်လွန်းလို့ ချွေးစေးတွေ ပြန်လာတယ်"
"အစ်ကိုယန်ကတော့ တကယ် ပြိုင်ဘက်ကင်းပဲ"
"အစ်ကိုယန် တကယ် မိုက်တယ်ကွာ"
လိုက်ဖ်၏ ဖန်သားပြင် တစ်ခုလုံးတွင် အစ်ကိုယန် ဟူသော စာလုံးများဖြင့် ပြည့်နှက်သွားတော့၏။
အင်တာနက်သုံးစွဲသူများကလည်း အတော်လေး လက်တွေ့ကျလှပေသည်။ ပုံမှန် အချိန်များတွင် လောင်ရွှီ ဟု ခေါ်ကြသော်လည်း အစွမ်းထက်သော မြင်ကွင်းများကို မြင်တွေ့ရချိန်တွင်တော့ အစ်ကိုယန် ဟု ချက်ချင်း ပြောင်းခေါ်ကြတော့သည်။
လိုက်ဖ်ထဲတွင် မျိုးစုံသော လက်ဆောင် အထူးပြုလုပ်ချက်များက အဆက်မပြတ် ပေါ်ထွက်နေ၏။
အားလုံးက ရွှီယန်ကို ကြည့်ကာ သူ၏ တုံ့ပြန်မှုကို မျှော်လင့်နေကြသည်။
ရွှီယန်က သစ်သားတုတ်ကို ပစ်ချလိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ကာ ပြောလိုက်သည်ကို မြင်တွေ့လိုက်ရ၏။
"လခွမ်း... ငါ့ကိုတောင် လန့်သွားစေတာပဲ"
"ဘယ်ကနေ ဘယ်လို ဝက်ဝံညို ကြီး ထွက်လာတာလဲကွာ"
သူ စကားပြောသည့် လေသံတွင် ထိုမျှလောက် ကြောက်ရွံ့နေသည့်ပုံ မပေါ်ဘဲ ကြည့်ရသည်မှာ အတော်လေး တည်ငြိမ်နေဆဲပင် ဖြစ်သည်။
ဤအချက်ကပင် အားလုံး အလေးစားဆုံး အချက် ဖြစ်၏။
မည်မျှပင် အစွမ်းထက်သော သူဖြစ်ပါစေ ဝက်ဝံညိုနှင့် အနီးကပ် ရင်ဆိုင်ရပါက မျက်နှာပေါ်တွင် ထိတ်လန့် ကြောက်ရွံ့သည့် အမူအရာများ သေချာပေါက် ပေါ်လာမည်သာ ဖြစ်သည်။
သို့သော် ရွှီယန်၏ မျက်နှာပေါ်တွင်တော့ အနည်းငယ်မျှပင် ထိတ်လန့်နေခြင်း မရှိချေ။
တွေဝေ ထိတ်လန့်နေသည့် အကြည့်မျိုးပင် မရှိခဲ့ပေ။
အလွန် တည်ငြိမ်နေပြီး ယုံကြည်မှု အပြည့် ရှိနေခြင်းပင်။
'ဒါကြောင့်မို့ တောင်ထဲမှာ ပညာရှင်တွေ ရှိတယ်လို့ ပြောကြတာပေါ့…’
'ဒါက တကယ့် ပညာရှင် အစစ်ပဲ…’