← Chapters

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း ၂၀၃

Vol. 21 Ch. 203

အခန်း (၂၀၃) တောင်ပေါ်ရွာလေးရဲ့ ပျော်ရွှင်စရာတွေ... ခွေးလေး ကြောင်လေးတွေရဲ့ နေ့စဉ်ဘဝ

နောက်တစ်နေ့ နံနက်ခင်းတွင်။

ရွှီယန်က လိုက်ဖ်လွှင့်ရန် ဆုံးဖြတ်လိုက်သည်။ လိုက်ဖ်လွှင့်သည့် မြင်ကွင်းမှာ လယ်ယာခြံဝင်းထဲတွင် ဖြစ်၏။ ယနေ့ လိုက်ဖ်လွှင့်မည့် အကြောင်းအရာမှာ လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝ အကြောင်းပင် ဖြစ်သည်။

မြင်ကွင်းထဲတွင် ရွှီယန်က ကြောင်အိမ်လေး တစ်ခုဘေးတွင် ရပ်နေပြီး လီဟွာကြောင်လေးက ခြေလေးဖက် ပက်လက်လန်ကာ ကြောင်အိမ်ထဲတွင် အိပ်ပျော်နေ၏။

ကြောင်အိမ်လေးမှာ ဝါဂွမ်းစများ ခင်းထားသော ဝါးခြင်းတောင်းလေး တစ်လုံးသာ ဖြစ်ပြီး အလွန် ရိုးရှင်းလှသည်။ သို့သော် လီဟွာကြောင် ဆန်းပြောင် က ဆောင်းတွင်းဘက်ဆိုလျှင် ဤနေရာတွင် အိပ်ရသည်ကို နှစ်သက်ပေသည်။ ရာသီဥတုသာ ကောင်းမွန်ပါက မှန်လုံအိမ် အမိုးပေါ်သို့ ပြေးတက်ကာ အိပ်တတ်သေး၏။

ဤကြောင်လေး အိပ်နေသည့် ဟန်ပန်က အတော်လေး အထာကျလှသည်။

လိုက်ဖ်ထဲတွင် လူအရေအတွက်က အလွန် များပြားနေသည်။ ဝက်ဝံညို ဗီဒီယိုကြောင့် လူအတော်များများက ပွဲကြည့်ရန် လိုက်ဖ်ထဲသို့ ရောက်လာကြခြင်း ဖြစ်၏။ ချန်ပိုင်တောင်တန်း က လူကြမ်းကြီး ဘယ်လိုပုံစံ ရှိသလဲ ဆိုသည်ကို ကြည့်ချင်နေကြသည်။

အင်တာနက်လောက ဆိုသည်မှာ ဤသို့ပင် ဖြစ်၏။ လူတစ်ယောက် နာမည်ကြီးသွားပါက ကင်မရာရှေ့တွင် ထိုင်ကာ စကားစမြည် ပြောနေလျှင်ပင် ကြည့်ရှုသူ တစ်သိန်းကျော် ရှိနိုင်ပေသည်။ ထိုသူများ အားလုံးက ကွန်မန့်များ၏ လေထုကို ခံစားချင်ကြခြင်း အဓိက ဖြစ်သည်။

[လောင်ရွှီ... ဒီနေ့ လိုက်ဖ်ထဲမှာ လူနည်းနည်း များနေတယ်နော်... တကယ်ကြီး နာမည်ကြီးသွားတာလား]

[အပြင်လူတွေရှေ့ဆို အစ်ကိုယန် လို့ ခေါ်ရမယ်လို့ ဘယ်နှခါ ပြောရမလဲကွာ]

[ဝက်ဝံညို နဲ့ နောက်တစ်ခါလောက် ထပ်ပြီး ရင်ဆိုင်ပြလို့ ရမလား]

[ဒီလူက တောင်ထဲက ဘုရင်ပဲ... ဘယ်တိရစ္ဆာန်ကိုမှ မကြောက်ဘူး... တကယ် မိုက်တာပဲ]

အားလုံးက လိုက်ဖ်ထဲတွင် တက်ကြွစွာ ဝင်ရောက် ပြောဆိုနေကြ၏။ ရွှီယန်က ထိုကွန်မန့်များကို ဂရုမစိုက်ဘဲ လယ်ယာခြံဝင်း အတွင်းရှိ စိတ်ဝင်စားစရာ ကောင်းသော အကြောင်းအရာများကိုသာ အာရုံစိုက်ပြီး လိုက်ဖ်လွှင့်နေလိုက်သည်။

"ဒီရက်ပိုင်း စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတွေ အများကြီး ဖြစ်ခဲ့တယ်"

"အားလုံးပဲ ဒီကြောင်လေးကို ကြည့်လိုက်... လီဟွာကြောင် ဆန်းပြောင် ပဲ"

"ဒီကောင်လေးက လတ်တလော နည်းနည်း ထူးဆန်းနေတယ်... နေ့တိုင်း မနက် ခုနစ်နာရီ ဆိုတာနဲ့ အချိန်ကိုက် ပြန်ပြေးလာပြီး ရောက်တာနဲ့ တစ်ခါတည်း အိပ်တော့တာပဲ"

"ဒီအမိုက်စား ပို့စ်ကြီးကိုသာ ကြည့်ကြတော့... ဝက်သေကြီး ကျနေတာပဲ"

"မနေ့ညက သူ ဘာတွေ သွားလုပ်နေလဲ ဆိုတာတောင် ကျွန်တော် မသိဘူး"

"ကြောင်မလေး တစ်ကောင်ကောင်ကိုများ သွားပတ်သက်နေတာလား မသိဘူး"

ရွှီယန်က လိုက်ဖ် ကင်မရာကို လီဟွာကြောင်လေးထံသို့ ချိန်လိုက်၏။ လီဟွာကြောင်လေး၏ ပုံစံကို မြင်သောအခါ အင်တာနက်သုံးစွဲသူများ အားလုံး စိတ်ဝင်စားသွားကြတော့သည်။

[ဟားဟားဟား... ကြောင်မလေး သွားရှာတာ သေချာတယ်... ငါတို့အိမ်က ကြောင်လည်း ဒီလို အကျင့်မျိုးပဲ]

[လောင်ရွှီ မင်း မနာလို ဖြစ်နေတာ မဟုတ်လား]

[ဆန်းပြောင် ကတော့ ကြမ်းတုန်းပဲ]

[ကလေးအတွက် သီးသန့် အချိန်လေး ဘာလေး ပေးပါဦးကွာ... ဥနှစ်လုံးက အထင်းသားကြီး မြင်နေရတာကို... လိုက်ဖ် အပိတ်ခံရဦးမယ်]

ရွှီယန်က မတ်တတ်ရပ်လိုက်ပြီး အိပ်မောကျနေသော လီဟွာကြောင်လေးကို ကြည့်ကာ ဆက်မနှောင့်ယှက်တော့ချေ။ ယနေ့ လယ်ယာခြံဝင်း အတွင်း လိုက်ဖ်လွှင့်ရာတွင် မှန်လုံအိမ်များဘက်သို့ သွားရောက် ကြည့်ရှုရင်း ချစ်စရာ ကောင်လေးများကိုပါ တစ်ပါတည်း ပြသရန် ရည်ရွယ်ထား၏။

သူ မွေးမြူထားသော ဒရယ်ပြောက် ပန်ပီ လေး၏ အရွယ်အစားမှာလည်း အတော်လေး ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ ယခင်က သေးသေးကွေးကွေး ချစ်စရာလေး ဖြစ်သော်လည်း ယခု ကြီးလာချိန်တွင်တော့ ပို၍ သွက်လက်သည့်ပုံ ပေါက်နေ၏။

ပန်ပီ ကိုလည်း ရွှီယန်က အပြင်သို့ လွှတ်ပေးထားရာ ၎င်းက ရွှီယန်၏ အနောက်မှ တကောက်ကောက် လိုက်ပါလာခဲ့သည်။

မာလီနွိုက်ခွေး လည်း အတူတကွ လိုက်ပါလာ၏။ သို့သော် ရှောင်ဟေး ၏ အရိပ်အယောင်ကိုတော့ မတွေ့ရချေ။

"တောင်ပေါ်ရွာလေးတွေက ခွေးတွေ ကြောင်တွေ အကုန်လုံးမှာ ကိုယ်ပိုင် ဘဝလေးတွေ ရှိကြတယ်"

"ဥပမာ ကြောင်တွေ ဆိုရင် ညဘက် အပြင်ထွက် ဆော့ကြပြီး နေ့ဘက်ကျမှ အိပ်ဖို့ ပြန်လာကြတာမျိုးပေါ့"

"ပြီးတော့ ရိုးရာတောခွေး တွေ ဆိုရင်လည်း အုပ်စုဖွဲ့ပြီး အတူတူ ဆော့ရတာကို သဘောကျကြတယ်"

"ကျွန်တော့်အိမ်က ရှောင်ဟေး ဆိုရင်လည်း လတ်တလော ရွာထဲက ခွေးတွေနဲ့ သွားပေါင်းနေတယ်... ဂိုဏ်းတစ်ခုထဲများ ဝင်သွားပြီလား မသိဘူး"

"နေ့တိုင်း အားတာနဲ့ အပြင်ထွက် ဆော့တော့တာပဲ... ပြန်ရောက်ရင်လည်း ပြုံးဖြီးဖြီး နဲ့ ကျွန်တော့်ဆီ လာပြီး မျက်နှာ လာပြတတ်သေးတယ်"

"ဒီကောင်လေးက ခြံတောင် မစောင့်တော့ဘူး"

ရွှီယန်က လယ်ယာခြံဝင်း၏ စိတ်ဝင်စားစရာများကို ဆက်လက် ပြောပြနေလိုက်၏။

"ခဏနေရင် သူ့ကို သွားရှာကြည့်ရမယ်... သေချာပေါက် ရွာထဲမှာ လျှောက်သွားနေမှာပဲ"

ရွှီယန်က အပြင်သို့ ထွက်လာခဲ့သည်။ ယနေ့ သူက ကျားသစ်ကို ခေါ်မလာခဲ့ဘဲ ရှောင်ဟွာ က ခြံဝင်းထဲတွင်သာ အနားယူနေ၏။

ရှောင်ဟွာက ရွှီယန် အမဲလိုက် ထွက်သွားသည်ဟု ထင်မှတ်ကာ ခြံဝင်းထဲတွင်သာ စောင့်နေခြင်း ဖြစ်သည်။ ရွှီယန်က ကျားသစ်ကို လိုက်ဖ်ထဲတွင် မပြသချင်ချေ။ မလိုအပ်သော ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့်ပင်။

ထို့အပြင် ယခု ရှောင်ဟွာ က အတော်လေး တိတ်တိတ်ဆိတ်ဆိတ် နေရသည်ကို နှစ်သက်နေသဖြင့် မနက်ပိုင်းတွင် ၎င်းကို အနားယူခိုင်းထားလိုက်သည်။

ရွှီယန်က လယ်ယာခြံဝင်း၏ မှန်လုံအိမ်များဘက်သို့ ရောက်လာခဲ့၏။ မြေတူးစက်များနှင့် ကရိန်းကားများ ရှိနေဆဲဖြစ်ပြီး အလုပ်သမား အချို့က မှန်လုံအိမ်များကို တပ်ဆင်နေကြသည်။ လယ်ယာခြံဝင်းမှ ဝန်ထမ်းများကလည်း ဘေးမှ ကြီးကြပ်နေကြ၏။

"ဒီနှစ် ကျွန်တော့် လယ်ယာခြံဝင်းမှာ မှန်လုံအိမ် အသစ်တချို့ ထပ်တိုး ဆောက်ထားတယ်"

"မနှစ်က အထွက်နှုန်း အတော်လေး ကောင်းတော့ မှန်လုံအိမ် နည်းနည်း ပိုဆောက်လိုက်တာ"

"နွေဦးပေါက်တာနဲ့ အကုန်လုံး စိုက်တော့မှာ"

ရွှီယန်က ဆက်လက် မိတ်ဆက် ရှင်းပြနေ၏။

[လခွမ်း... လောင်ရွှီ က ဒီလောက်တောင် အင်အား ကြီးတာလား]

[သူဌေးကြီး ဖြစ်နေတာကိုး]

[ဒီမှန်လုံအိမ် တွေ အကုန်လုံးက မင်းဟာတွေလား]

ပရိသတ်ဟောင်း အတော်များများက ရွှီယန်၏ လယ်ယာခြံဝင်း မည်သို့ ရှိသည်ကို သေချာ မသိခဲ့ကြချေ။ မည်သို့ပင်ဖြစ်စေ သူက လယ်ယာခြံဝင်း အကြောင်း လိုက်ဖ်လွှင့်လေ့ သိပ်မရှိသည် မဟုတ်ပါလား။ အားလုံးက သိသိသာသာပင် အနည်းငယ် အံ့အားသင့်နေကြ၏။ ရွှီယန်က အနည်းငယ် ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

တစ်ပတ်ခန့် လှည့်ပတ် ကြည့်ရှုပြီးနောက် ရွှီယန်က အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ သူက ရွာထဲသို့ တစ်ပတ်ခန့် သွားရောက် လည်ပတ်ကာ ရှောင်ဟေး ကို သွားရှာရန် ရည်ရွယ်ထား၏။

ဤကာလအတွင်း ရှောင်ဟေး သွားဆော့လေ့ရှိသော နေရာများကို ရွှီယန် အကဲခတ်မိထားပြီး ဖြစ်သည်။ မတတ်နိုင်ချေ။ ရှောင်ဟေး ပျောက်သွားပြီးနောက် ရွှီယန်က ပြဿနာ တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သဖြင့် အပြင်ထွက် ရှာဖွေခဲ့ရ၏။

နောက်ပိုင်းမှသာ ရှောင်ဟေး တစ်ကောင် ရိုးရာတောခွေး ဂိုဏ်းတစ်ခုထဲသို့ ရောက်နေကြောင်း သိလိုက်ရသည်။ နေ့တိုင်း ထိုခွေးများနှင့် စုရုံးကာ ရွာပတ်ဝန်းကျင်တွင် လှည့်လည် သွားလာနေခြင်း ဖြစ်၏။ တောင်ပေါ်ရွာလေးများရှိ ခွေးများက ဤသို့ပင် ဖြစ်ကြသည်။

ရှောင်ဟေး ဤသို့ ဖြစ်နေသည်ကို မြင်ပြီးနောက် ရွှီယန်ကလည်း ဆက်မစွက်ဖက်တော့ချေ။ လယ်ယာခြံဝင်းတွင်လည်း ၎င်းကို သိပ်မလိုအပ်သဖြင့် အေးအေးဆေးဆေး ဆော့ကစားခိုင်းထားလိုက်သည်။ ယနေ့ အပြင်ထွက် ရှာရခြင်းမှာလည်း ရှောင်ဟေး မည်သို့ တုံ့ပြန်မည်ကို ကြည့်ရှုချင်သောကြောင့် ဖြစ်၏။

"အခု ကျွန်တော့် ရှောင်ဟေး ကို သွားရှာကြည့်ရအောင်... ဒီကောင်လေးက အခုဆို တော်တော် အထာကျနေပြီ"

"ဂိုဏ်းရဲ့ အဓိက အဖွဲ့ဝင်တောင် ဖြစ်နေလောက်ပြီ"

"ကျွန်တော် သူ့ကို လှမ်းခေါ်ကြည့်မယ်... သူ လာမလာ စောင့်ကြည့်ကြတာပေါ့"

ရွှီယန်က အားလုံးကို မိတ်ဆက် ပြောပြလိုက်၏။ သူ အရှေ့သို့ လျှောက်သွားရာ မာလီနွိုက်ခွေး နှင့် ဒရယ်ပြောက်လေး တို့ကလည်း အနောက်မှ လိုက်ပါလာကြသည်။ ဤကောင်လေး နှစ်ကောင်က အတော်လေး စကားနားထောင်ကြ၏။ ရွှီယန် အလုပ်များနေပါက သူတို့ဘာသာ ပတ်ဝန်းကျင်တွင် ဆော့ကစားနေကြပြီး ရွှီယန် ခေါ်လိုက်ပါကလည်း ချက်ချင်း အနောက်မှ လိုက်လာတတ်ကြသည်။

သူက ရွာထဲရှိ ကွန်ကရစ်လမ်းပေါ်တွင် လမ်းလျှောက်နေလိုက်၏။

ယနေ့ လိုက်ဖ်၏ ပုံစံက ယခင်နှင့် မတူညီချေ။ တောနက်ကြီးထဲမှ စိတ်လှုပ်ရှား ရင်ခုန်စရာများ လျော့နည်းသွားပြီး တောရွာလေး၏ အေးချမ်းမှုများ ပိုမို ပါဝင်လာခဲ့သည်။ အားလုံးကလည်း ရွှီယန်၏ အခြား ဘက်ခြမ်း တစ်ခုကို မြင်တွေ့ခွင့် ရလိုက်ကြ၏။

လိုက်ဖ်ထဲတွင် လူအရေအတွက်က တဖြည်းဖြည်း များပြားလာခဲ့သည်။ အတော်လေး နာမည်ကြီးနေသော ဗီဒီယို အတို အများစုတွင် ရွှီယန်၏ အကောင့်လင့်ခ် ပါရှိသဖြင့် လူအတော်များများက တိုက်ရိုက် နှိပ်ကာ လိုက်ဖ်ထဲသို့ ဝင်ရောက်လာနိုင်ကြခြင်း ဖြစ်သည်။

ရွှီယန်က အရှေ့သို့ တောက်လျှောက် လျှောက်သွားလိုက်၏။ အားလုံးက ရွှီယန်၏ ရှောင်ဟေး ကို လှမ်းခေါ်မည်ကို ကြားလိုက်ရသဖြင့် အတော်လေး မျှော်လင့်နေကြသည်။

သိပ်မကြာခင်မှာပင် ရွှီယန်က ရွာထိပ်သို့ ရောက်ရှိသွား၏။ ရွာထိပ်တွင် ကွက်လပ်ကျယ်ကြီး တစ်ခု ရှိပြီး ထိုအချိန်တွင် ကွက်လပ်ပေါ်၌ ရိုးရာတောခွေး ခုနစ်ကောင် ရှစ်ကောင်ခန့် စုဝေးနေကြသည်။

အများစုက အဝါရောင်လေးများ ဖြစ်ပြီး အမည်းနှင့် အဖြူ ရောနေသော အကောင် အချို့၊ အဖြူရောင် နှစ်ကောင် နှင့် အမည်းရောင် တစ်ကောင် ပါဝင်၏။ ရိုးရာတောခွေးများ၏ အရောင်က ဤမျှသာ ရှိပေသည်။

သူတို့က အမြီးလေးများ ခါယမ်းကာ အချင်းချင်း စုရုံး ဆက်သွယ်နေကြပြီး အခြား ဆော့ဖော်ဆော့ဖက်များကို စောင့်ဆိုင်းနေပုံရသည်။

ရွှီယန်က တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှောင်ဟေး ကို ချက်ချင်း မြင်တွေ့လိုက်ရ၏။ တစ်ကိုယ်လုံး အမည်းရောင်ဖြစ်ပြီး ခန္ဓာကိုယ် တောင့်တင်း ကြံ့ခိုင်နေသော ခွေးလေးမှာ သူ၏ အိမ်မှ ရှောင်ဟေး ပင် ဖြစ်သည်။ ရှောင်ဟေး က အလွန် ကြီးထွားလာခဲ့ပြီး အခြား ခွေးများထက် ပိုမို တောင့်တင်း ကြံ့ခိုင်နေသည်မှာ အမှန်ပင် ဖြစ်၏။

ခေါင်းနှင့် ခန္ဓာကိုယ် အချိုးအစားက အလွန် ကောင်းမွန်ကာ ရုပ်ထွက်လည်း လှပပြီး အသွင်အပြင်လည်း ကောင်းမွန်ပေသည်။ ကြည့်လိုက်ရုံဖြင့် ခွေးကောင်း တစ်ကောင်မှန်း သိသာလှ၏။

"ဟို အမည်းရောင် ခွေးလေးကို ကြည့်... အဲဒါ ကျွန်တော် မွေးထားတဲ့ ရှောင်ဟေး ပဲ"

"ဒီရက်ပိုင်း နေ့တိုင်း အပြင်ထွက် ဆော့နေတာ"

"ဒီရိုးရာတောခွေး တွေက အမြဲတမ်း အတူတူ စုရုံးပြီး ရွာထဲမှာ လှည့်ပတ် လမ်းလျှောက်တတ်ကြတယ်... သူတို့ နယ်မြေကို ကင်းလှည့်တဲ့ သဘောပေါ့"

"ရွာထိပ်က ခွေးတစ်အုပ်... ရွာအောက်ပိုင်းက ခွေးတစ်အုပ် လေ"

"တကယ်လို့များ ထိပ်တိုက် ဆုံမိကြရင်တော့ သေချာပေါက် အပြန်အလှန် ဟောင်ကြ ဆဲကြတော့တာပဲ"

"ရွာထဲမှာ ခွေးဟောင်သံတွေ ဆူညံနေပြီ ဆိုရင်တော့ အဲဒီ ခွေးနှစ်အုပ် ဆုံသွားကြပြီလို့သာ မှတ်လိုက်တော့"

ရွှီယန်က တောင်ပေါ်ရွာလေး၏ စိတ်ဝင်စားစရာများကို အားလုံးအား ပြောပြနေလိုက်၏။ ရွှီယန်၏ စကားများကို ကြားရသောအခါ အင်တာနက်သုံးစွဲသူများလည်း အတော်လေး စိတ်ဝင်စားသွားကြပြီး အလိုအလျောက် ရယ်မောလိုက်ကြသည်။

[တောင်ပေါ်ရွာလေးက ခွေးတွေက အရမ်း လွတ်လပ်တာပဲ]

[ဟားဟား... အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်... မြို့ပေါ်က တိုက်ခန်းတွေမှာ ခွေးမွေးရတာထက် အများကြီး ပိုပျော်စရာ ကောင်းတယ်လို့ ခံစားရတယ်]

[ဒီကောင်လေးတွေက အတူတူ စုပြီး ဆော့တတ်ကြသေးတာလား... တော်တော် လည်တာပဲ]

[ဂိုဏ်းတွေ ဖွဲ့နေတာ ဆိုတော့... မှုခင်းနှိမ်နင်းရေး အဖွဲ့ကို တိုင်ပြီး နှိမ်နင်းခိုင်းဖို့ အကြံပြုပါတယ်ကွာ]

ကွန်မန့်များက လိမ့်ဆင်းလာခဲ့၏။ ရွှီယန်က ဘေးမှ ရပ်ကြည့်နေလိုက်ပြီး မာလီနွိုက်ခွေး နှင့် ဒရယ်ပြောက်လေး တို့ကလည်း ရှောင်ဟေး ကို လှမ်းကြည့်နေကြသည်။

မာလီနွိုက်ခွေးများက အုပ်စုဖွဲ့ လှုပ်ရှားရသည်ကို မနှစ်သက်သလို အခြား ခွေးများနှင့် အတူတကွ ဆော့ကစားရသည်ကိုလည်း သဘောမကျကြချေ။ ၎င်းတို့က ရဲခွေး သို့မဟုတ် စစ်ခွေး အဖြစ် အသုံးပြုရန် ပိုမို သင့်တော်ပြီး လေ့ကျင့်ရေး ဆင်းရသည်ကို နှစ်သက်ကာ အမိန့်ပေးချက်များကို တိကျစွာ လိုက်နာတတ်ကြ၏။ ဒရယ်ပြောက်လေး ကလည်း ထိုနည်းတူပင် ဖြစ်သည်။ ထို့ကြောင့် သူတို့ နှစ်ကောင်လုံးက အလွန် တည်ငြိမ်နေကြ၏။

ထိုအချိန်တွင် ရွာထိပ်ရှိ ရိုးရာတောခွေး များလည်း အတော်လေး စုံလင်သွားပြီဖြစ်ရာ ရွာကို လှည့်ပတ်မည့် အစီအစဉ်ကို စတင်ရန် ပြင်ဆင်နေကြတော့သည်။ အတူတကွ စုရုံးကာ ရမ်းသမ်း လျှောက်သွားကြခြင်းပင်။

"အားလုံးပဲ မြင်တဲ့အတိုင်းပဲ... ဒီကောင်တွေကမှ တောင်ပေါ်ရွာလေးရဲ့ တကယ့် လမ်းသရဲ အစစ်တွေလေ... နေ့တိုင်း အတူတူ စုပြီး လျှောက်သွားနေကြတာ"

ရွှီယန်က မနေနိုင်ဘဲ ဝင်ပြောလိုက်၏။ ရိုးရာတောခွေး တစ်အုပ်လုံးမှာ ခန့်မှန်းခြေ ဆယ်ကောင်ခန့် ရှိပြီး သူတို့က ပျော်ရွှင်စွာ ပြေးလွှားရင်း ရွှီယန်၏ ဘေးမှ ဖြတ်သွားကြသည်။

ရှောင်ဟေး ကိုလည်း ထိုအထဲတွင် မြင်လိုက်ရပြီး ၎င်းက တမင်သက်သက် အရှေ့ကိုသာ တည့်တည့်ကြည့်ကာ လမ်းလျှောက်နေပြီး ရွှီယန်ကို လုံးဝ လှည့်မကြည့်ချေ။ ဤကောင်လေးက ဟန်ဆောင်နေခြင်း ဖြစ်၏။

'ငါ့ကို မမြင်ပါစေနဲ့... ငါ့ကို မမြင်ပါစေနဲ့'

ဤအချိန်တွင် ရှောင်ဟေး ၏ စိတ်ထဲ၌ ထိုသို့ သေချာပေါက် တွေးနေမည်ကို ရွှီယန် သိရှိထားသည်။ သို့သော် ရွှီယန်ကတော့ ထိုမျှလောက် သဘောကောင်းမနေချေ။

"ရှောင်ဟေး..."

သူက လှမ်းအော်လိုက်၏။ ဤတစ်ချက် အော်လိုက်သည်နှင့် ရိုးရာတောခွေး အတော်များများက ရွှီယန်ကို လှည့်ကြည့်လာကြပြီး ရွှီယန် ဘယ်သူ့ကို ခေါ်နေသလဲ ဆိုသည်ကို သိချင်နေကြသည်။ ရှောင်ဟေး ကတော့ လုံးဝကို လှည့်မကြည့်ချေ။

"ရှောင်ဟေး က တကယ် လည်တာပဲ... ငါ့ကိုတောင် မသိဟန်ဆောင်နေသေးတယ်"

"ဒီကောင်လေး အပြင်ရောက်မှ အကျင့်ပျက်နေပြီ"

ရွှီယန်က ၎င်း၏ လုပ်ရပ်ကြောင့် ရယ်မောလိုက်မိတော့သည်။ အင်တာနက်သုံးစွဲသူများလည်း အလိုအလျောက် ရယ်မောလိုက်ကြ၏။

[ဟားဟားဟား... ရှောင်ဟေး က နည်းနည်းလေးတောင် လှည့်မကြည့်ရဲဘူး]

[အပြင်မှာ ရှောင်ဟေး လို့ အခေါ်ခံရရင် ဘယ်လောက်တောင် မျက်နှာပူစရာ ကောင်းလိုက်မလဲ]

[လမ်းဘေးက လူမိုက်လေး ကို မိဘက အိမ်ပြန်ခေါ်နေတဲ့ ခံစားချက်မျိုးပဲ]

[ရှောင်ဟေး... ဒီလူက ဘယ်သူလဲ... မသိပါဘူး]

ရိုးရာတောခွေး များက အရှေ့သို့ ဆက်လက် ထွက်ခွာသွားကြပြီး ခုနစ်မီတာ ရှစ်မီတာခန့် အကွာသို့ ရောက်သွားချိန်တွင်တော့ ရှောင်ဟေး က ရုတ်တရက် လှည့်ကာ ပြေးလာခဲ့သည်။

မျက်လုံးလေး မှေးကာ မျက်နှာ တစ်ခုလုံး ပြုံးဖြီးဖြီးဖြင့် ရွှီယန်၏ အရှေ့သို့ ပြေးလာပြီး အသည်းယားစရာလေး လုပ်ပြနေတော့၏။ ခုနက ၎င်းက မကြားချင်ယောင် ဆောင်နေခဲ့ခြင်းသာ ဖြစ်သည်။ ယခု အပေါင်းအသင်းများ အဝေးသို့ ရောက်သွားချိန်တွင်တော့ တောင်းပန်ရန် ပြန်လာခဲ့ခြင်း ဖြစ်၏။

၎င်း ဤသို့ လုပ်နေသည်ကို မြင်သောအခါ အားလုံးက ပို၍ပင် အော်ဟစ် ရယ်မောလိုက်ကြတော့သည်။ ရွှီယန် လည်း ရယ်မောလိုက်မိ၏။

"ဘာလဲ... နောက်ပိုင်း အပြင်ရောက်ရင် မင်းကို မခေါ်နဲ့ ဆိုတဲ့ သဘောလား"

ရွှီယန်က ရယ်မောရင်း ပြောလိုက်သည်။ ရှောင်ဟေး က အမြီးလေးကို အလွန် မြန်ဆန်စွာ ခါယမ်းနေပြီး တင်ပါးလေးပါ လှုပ်ခါနေကာ ရွှီယန်၏ စကားကို သဘောတူသည့်ပုံ ပေါက်နေ၏။

"ကောင်းပြီလေ... သွားဆော့တော့"

ရွှီယန်က လက်ကာပြလိုက်သည်။ ရွှီယန်၏ လုပ်ရပ်ကို မြင်သောအခါ ရှောင်ဟေး က ချက်ချင်းပင် လှည့်ထွက်သွားပြီး အမြီးလေး ခါယမ်းကာ ရိုးရာတောခွေး များ၏ အဖွဲ့ထဲသို့ ပျော်ရွှင်စွာ ဝင်ရောက်သွားတော့၏။

'ဘာဖြစ်လို့လဲ... အဲဒီလူက မင်းရဲ့ သခင်လား'

ခွေး နှစ်ကောင်က ရှောင်ဟေး ပြန်လာသည်ကို မြင်သောအခါ ၎င်းနှင့် ရိုးရှင်းစွာ ဆက်သွယ်လိုက်ကြပြီး ထိုသို့ မေးမြန်းနေသယောင်ပင်။ ရှောင်ဟေး က တည်ငြိမ်စွာပင် ခေါင်းခါပြလိုက်ပြီး အရှေ့သို့သာ ဆက်လက် ပြေးသွားကာ ဘာမှ ပြန်မဖြေခဲ့ချေ။ သိပ်မကြာခင်မှာပင် သူတို့က ဤကိစ္စကို မေ့လျော့သွားကြပြီး ပျော်ရွှင်စွာ ဆက်လက် လှည့်လည် သွားလာနေကြတော့သည်။

ရွှီယန်က အဝေးသို့ ပြေးထွက်သွားသော ရှောင်ဟေး ၏ ကျောပြင်ကို ကြည့်ကာ ညည်းတွားလိုက်၏။

"ဒီကောင်လေးက မျက်နှာ နှစ်မျိုးတောင် ရှိနေတာပဲ"

"သူ့အမျိုးတွေ ရှေ့မှာကျတော့ လူရာဝင်နေသလို ဟန်ဆောင်နေပြီး ငါ့ဆီ ရောက်လာတော့ကျမှ ငါ့ကို မမြင်သလို ဟန်ဆောင်နေသေးတယ်"

"ပြီးတော့ ခိုးကြောင်ခိုးဝှက် နဲ့ လာတောင်းပန်သေးတယ်"

"တကယ်ကို အကျင့်ပျက်နေပြီပဲ"

ရွှီယန်က ပါးစပ်မှ အပြစ်တင်နေသော်လည်း တကယ်တမ်းတွင်တော့ အပြစ်တင်သည့် လေသံ လုံးဝ မပါဝင်ချေ။ ဆန့်ကျင်ဘက် အနေဖြင့် အလွန် ပျော်ရွှင်စွာ ရယ်မောနေခြင်း ဖြစ်၏။ ခွေးလေးများ ကြောင်လေးများ အားလုံးတွင် ကိုယ်ပိုင် ဘဝလေးများ ရှိကြရာ သူတို့ ပျော်ရွှင်နေလျှင်ပင် လုံလောက်ပြီ ဖြစ်သည်။

အင်တာနက်သုံးစွဲသူများလည်း အလွန် ရယ်မောနေကြပြီး တောင်ပေါ်ရွာလေးမှ တိရစ္ဆာန်များနှင့် မြို့ပေါ်မှ တိရစ္ဆာန်များက အမှန်တကယ်ပင် မတူညီကြောင်း ခံစားလိုက်ရတော့သည်။

All Chapters