← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) ပြန်လာတဲ့ မြေခွေးလေး သုံးကောင်... ဘယ်သူ့ရဲ့ ကလေးလေးလဲ

ရွှီယန်က မာလီနွိုက်ခွေး နှင့် ဒရယ်ပြောက်လေး ကို ခေါ်ကာ လယ်ယာခြံဝင်းသို့ ပြန်လာခဲ့၏။

ခုနက ရွာထဲသို့ သွားကာ ရှောင်ဟေး ၏ အခြေအနေကို သွားကြည့်ခဲ့ခြင်း ဖြစ်သည်။

ဤကောင်လေးက အပြင်ဘက်တွင် တကယ်ပင် သူငယ်ချင်း အုပ်စုတစ်စု ရနေပြီး ရိုးရာတောခွေး ဂိုဏ်း၏ အဓိက အဖွဲ့ဝင် တစ်ကောင်ပင် ဖြစ်နေပုံရ၏။

မည်သို့ပင်ဖြစ်စေ ခန္ဓာကိုယ် အရွယ်အစား ကြီးမားပြီး ကြည့်ရသည်မှာ အစွမ်းထက်သည့်ပုံ ပေါက်နေသဖြင့် ခွေးမလေးများ၏ သဘောကျခြင်းကို ခံရသည်မှာ သဘာဝပင် ဖြစ်သည်။

ကောင်လေးလည်း ပျော်ရွှင်စွာ ဆော့ကစားနေ၏။

တောင်ပေါ်ရွာလေးက အတော်လေး ပျော်စရာ ကောင်းလှပေသည်။

နွေဦးပေါက်တော့မည် ဖြစ်ရာ ဆောင်းတွင်း တစ်တွင်းလုံး အောင်းနေခဲ့ရသော တိရစ္ဆာန်များက စတင် လှုပ်ရှားလာကြပြီ ဖြစ်၏။

သူတို့ကလည်း ရာသီဥတု တဖြည်းဖြည်း ကောင်းမွန်လာမည်ကို သိရှိပြီး အပြင်ထွက် လှုပ်ရှားရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း သိနေကြသည့်အလားပင်။

'သဘာဝနှင့် လူသား' အစီအစဉ်တွင် ပြောကြားထားသကဲ့သို့ပင်...

'နွေဦး ရောက်လာပါပြီ... အရာအားလုံး ပြန်လည် အသက်ဝင်လာပြီး တိရစ္ဆာန်တွေ မျိုးပွားဖို့ အချိန် ရောက်လာပြန်ပါပြီ'

ရွှီယန်ကတော့ သူ၏ စီးပွားရေး လုပ်ငန်းကိုသာ အာရုံစိုက်နေ၏။

သူက ကြီးပွားတိုးတက်ပြီး နောက်ထပ် အောင်မြင်မှု အသစ်များ ရရှိရန်သာ အာရုံစိုက်ထားသည်။

ယခင်ရက်က ခူးလာခဲ့သော လင်ဇီးခရမ်းမှို ကို သူ မရောင်းချဘဲ ပန်းအိုး တစ်လုံး ရှာကာ စိုက်ထားလိုက်ပြီး အလှပြ ပင်စည် အဖြစ် ထားရှိလိုက်၏။

တကယ်လည်း လင်ဇီးမှို၏ ပုံပန်းသဏ္ဍာန်က ထူးခြားသဖြင့် ကြည့်ရသည်မှာ အတော်လေး လှပလှပေသည်။

လင်ဇီးမှိုကို သူ၏ ဧည့်ခန်းထဲတွင် ပြသထားလိုက်၏။

ရွှီယန်က လူနေဆောင်များဘက်သို့ မသွားတော့ဘဲ မြင်းနက်ကြီး ကို ထုတ်လာကာ လယ်ယာခြံဝင်း၏ ကျယ်ပြောသော မြေပြင်ပေါ်တွင် လမ်းလျှောက်နေလိုက်သည်။

ဤရက်ပိုင်းက လူကြိုက်များမှု အမြင့်ဆုံး အချိန်ဖြစ်ရာ သေချာပေါက် အခွင့်အရေးကို ဖမ်းဆုပ်ထားရမည် ဖြစ်ပြီး လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝကို အချိန်ပိုပေးကာ လိုက်ဖ်လွှင့်ပါက နာမည်ကျော်ကြားမှု ရမှတ် အများအပြား ရရှိနိုင်မည် ဖြစ်၏။

[ဒီလိုက်ဖ်လွှင့်သူ ဆီမှာ မြင်းတစ်ကောင်တောင် ရှိသေးတယ်... အရမ်း မိုက်တဲ့ မြင်းကြီးပဲ]

အသစ် ရောက်လာသော အင်တာနက်သုံးစွဲသူ အတော်များများက အလွန် ဆန်းသစ်နေသည်ဟု ခံစားနေကြရသည်။

အဘယ်ကြောင့်ဆိုသော် မြင်းနက်ကြီး က လိုက်ဖ်ထဲတွင် အတော်လေး တွေ့ရခဲပြီး ရွှီယန် တင်လေ့ရှိသော ဗီဒီယိုများထဲတွင်လည်း တစ်ခါတစ်ရံမှသာ မြင်းနက်ကြီး ပါဝင်သော ဗီဒီယို တစ်ခုခန့် ပါလာတတ်သောကြောင့် ဖြစ်၏။

"လိုက်ဖ်ထဲမှာ လူအရေအတွက် တော်တော် များလာပြီ... အခု တစ်သိန်း သုံးသောင်းတောင် ပြည့်သွားပြီ... အားလုံးကို ကျေးဇူးတင်ပါတယ်"

"လူအတော်များများက ကျွန်တော့်ကို တောင်ပေါ်တက်တဲ့ ဗီဒီယိုတွေ ကနေ သိကြတာ ဖြစ်နိုင်တယ်"

"တကယ်တော့ ကျွန်တော်က လယ်ယာခြံဝင်း ပိုင်ရှင် တစ်ယောက်ပါ"

"တိရစ္ဆာန်လေးတွေ မွေးရတာ... စိုက်ပျိုးရေး လုပ်ရတာကို သဘောကျလို့ပါ"

"ဟောဒီ ရှေ့က မြေကွက်ကြီး တစ်ခုလုံးက ကျွန်တော့်ဟာတွေချည်းပဲ... အခု နှင်းတွေ မအရည်ပျော်သေးဘူးလေ... မတ်လ လယ်လောက် ရောက်ရင်တော့ စိုက်ပျိုးရေး စလုပ်လို့ ရလောက်ပြီ"

ရွှီယန်က အားလုံးကို ရှင်းပြနေလိုက်၏။

သူက တစ်ချက် ခုန်တက်လိုက်ပြီး ဗိုက်ကို မြင်းကျောပေါ်တွင် အရင် တင်လိုက်ကာ ညာခြေကို ကျော်ခွပြီး မြင်းပေါ်သို့ တိုက်ရိုက် တက်ထိုင်လိုက်သည်။

မြင်းနက်ကြီး က အလွန် ယဉ်ပါးလှ၏။

မြင်းနက်ကြီး ကို ရွှီယန်က ယဉ်ပါးအောင် လုပ်ပြီးနောက် လယ်ယာခြံဝင်းသို့ ခေါ်လာခဲ့ကတည်းက ၎င်း၏ စရိုက်က တဖြည်းဖြည်း ပိုမို ကောင်းမွန်လာခဲ့ပြီး လယ်ယာခြံဝင်း အတွင်းရှိ တိရစ္ဆာန်လေးများနှင့်လည်း အလွန် အဆင်ပြေနေပေသည်။

လယ်ယာခြံဝင်း က သစ်တောနှင့် မတူညီချေ။ ဤနေရာက အခြား ဂေဟစနစ် တစ်ခုဖြစ်ပြီး မတူညီသော တိရစ္ဆာန် မျိုးစိတ် အားလုံးက ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ကြ၏။

ရွှီယန်က မြင်းနက်ကြီး ကို စီးကာ အပြင်ဘက်သို့ လျှောက်သွားလိုက်သည်။

လိုက်ဖ်ထဲရှိ ပရိသတ်များက ရွှီယန်ကို ပိုမို နက်ရှိုင်းစွာ သိရှိသွားကြတော့၏။

[လခွမ်း... ဒီတောင်ပေါ်တက်တဲ့ လိုက်ဖ်လွှင့်သူ က ဒီလောက်တောင် အင်အားကြီးတာလား... ကျွန်တော်က တောင်ထဲက တောသား တစ်ယောက်ပဲ ထင်နေတာ]

[သူ အော်ဒီ A6 စီးပြီး စီးပွားရေး သွားဆွေးနွေးတာကို လမ်းကြုံ ရိုက်ထားတဲ့ ဗီဒီယို ကျွန်တော် ကြည့်ဖူးတယ်... တကယ့် သူဌေးကြီးပဲ]

[အရှေ့မြောက် ဒေသမှာတော့ သူဌေးစာရင်း ဝင်နေပြီပေါ့]

[မြင်းစီးနိုင်တယ်... ဒရယ်ပြောက် မွေးထားတယ်... ကျားတွေ ကျားသစ်တွေကို အစာကျွေးရဲတယ်... ဒါ သေချာပေါက် သာမန်လူ မဟုတ်ဘူးကွ]

[ဒီလယ်ယာခြံဝင်း က တကယ် မိုက်တာပဲ... အိပ်မက်ထဲက နေရာလေးပဲ]

အားလုံးက အသီးသီး မှတ်ချက်ပေးနေကြ၏။

လူအတော်များများက ဝက်ဝံညို ကိစ္စကြောင့် ပွဲကြည့်ရန် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ရွှီယန်၏ နေ့စဉ်ဘဝကို မြင်တွေ့ရချိန်တွင်တော့ အားလုံးက ရွှီယန်ကို တစ်မျိုးတစ်ဖုံ ပိုမို သဘောကျလာခဲ့ကြ၏။

ဒီလိုက်ဖ်လွှင့်သူ ရဲ့ နေပုံထိုင်ပုံ က တကယ်ကို အထာကျတာပဲ...

မြင်းစီးမယ်... ဒရယ်မွေးမယ်... ခွေးလေးတွေ ကြောင်လေးတွေနဲ့ ဆော့မယ်...။

ဘေးမှာ မှန်လုံအိမ် တွေ ဆောက်နေသလို စိုက်ပျိုးဖို့ စောင့်နေတဲ့ လယ်ကွက်ကျယ်ကြီး လည်း ရှိသေးတယ်။

တကယ့်ကို လယ်ယာခြံဝင်း ရဲ့ သာယာတဲ့ ဘဝလေးပါပဲ။

သေချာသည်မှာ လက်တွေ့ လယ်ယာခြံဝင်း ဘဝက အများစု ထင်မှတ်ထားသလို မဟုတ်ဘဲ ခြောက်ကပ်ပြီး ငြီးငွေ့စရာ ကောင်းတတ်ပေသည်။

ရွှီယန် တစ်ယောက်တည်းသာ သူ၏ ဘဝကို အထာကျကျ ဖြတ်သန်းနေခြင်းသာ ဖြစ်၏။

ရွှီယန်က မြင်းနက်ကြီး ကို စီးကာ လှည့်လည်သွားလာနေသည်။

ဒရယ်ပြောက် နှင့် မာလီနွိုက်ခွေး တို့က နောက်မှ မလိုက်လာတော့ဘဲ ကိုယ့်နေရာနှင့်ကိုယ် ဆော့ကစားနေကြ၏။

စိုက်ခင်းများပေါ်ရှိ နှင်းများက အပြည့်အဝ အရည်မပျော်သေးချေ။

နှင်းကောင်းလျှင် သီးနှံကောင်းသည် ဆိုသည့် စကားအတိုင်း ဤနှင်းများက စိုက်ခင်းများ အပေါ်တွင် ဖုံးလွှမ်းနေခြင်းက ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။

မြေကြီးထဲရှိ ပိုးကောင်များကို သေချာစွာ အေးခဲ သေဆုံးသွားစေနိုင်ပြီး မြေကြီးကိုလည်း အားဖြည့်ပေးနိုင်သဖြင့် နောက်နှစ် စိုက်ပျိုးမည့် သီးနှံများက ပိုမို ဖြစ်ထွန်းလာမည် ဖြစ်၏။

မြင်းနက်ကြီး က နှင်းပြင်ထဲတွင် ပြေးလွှားနေသည်။

မြင်းခွာများက အဝိုင်းပုံစံ ခြေရာများကို ချန်ထားရစ်ခဲ့၏။

'နောက်ရက် နည်းနည်း ကြာရင် မြင်းနက်ကြီး အတွက် မြင်းခွာသံ အသစ် တစ်စုံ သွားလုပ်ပေးရမယ်... ဒါမှ ပြေးရတာ ပိုအဆင်ပြေမှာ'

ရွှီယန် စိတ်ထဲမှ တွေးလိုက်သည်။

ရွှီယန်က လှည့်လည်သွားလာပြီးနောက် မာလီနွိုက်ခွေး ကို ခေါ်ကာ အမိန့်ပေးချက်များ အချို့ လုပ်ပြပြီး လိုက်ဖ်လွှင့်ခြင်းကို အဆုံးသတ်ရန် ရည်ရွယ်ထား၏။

ထိုအချိန်မှာပင် လယ်ယာခြံဝင်း၏ မလှမ်းမကမ်းမှ အင်အင်အင် ဟူသော အသံများ ထွက်ပေါ်လာခဲ့သည်။

အရိပ်အယောင်ပင် မမြင်ရသေးဘဲ အသံက အရင် ရောက်လာခြင်း ဖြစ်၏။

ထိုအသံကို ကြားသောအခါ ရွှီယန် ချက်ချင်းပင် ပျော်ရွှင်သွားတော့သည်။

ဤအသံနှင့် သူ အတော်လေး ရင်းနှီးပြီး ယခင်က သူ အစာကျွေးခဲ့ဖူးသော မြေခွေးလေး သုံးကောင်၏ အသံ ဖြစ်ကြောင်း သိလိုက်၏။

ထိုစဉ်က မြေခွေးလေး သုံးကောင်က ယခုမှ အရွယ်ရောက်ကာစ ဖြစ်ပြီး ခန္ဓာကိုယ် အရွယ်အစားက သိပ်မကြီးမားလှချေ။

သို့သော် နောက်ပိုင်းတွင် ဘယ်ရောက်သွားမှန်း မသိတော့ဘဲ ဆောင်းတွင်း တစ်တွင်းလုံး လယ်ယာခြံဝင်းသို့ ရောက်မလာခဲ့သဖြင့် ရွှီယန်ပင် အနည်းငယ် စိုးရိမ်နေခဲ့မိသည်။

သူတို့၏ ရန်သူတော် မြေခွေးဖြူလေး ကတော့ လယ်ယာခြံဝင်းတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး ဖေဖော်ဝါရီလ အစပိုင်းမှသာ တောထဲသို့ ပြန်သွားခဲ့ခြင်း ဖြစ်၏။

"ကျွန်တော် အစာကျွေးခဲ့ဖူးတဲ့ မြေခွေးလေး သုံးကောင်ပဲ"

"မတွေ့ရတာ တော်တော် ကြာနေပြီ... သူတို့များ တစ်ခုခု ဖြစ်သွားပြီလားလို့တောင် စိတ်ပူနေတာ"

ရွှီယန်က မြင်းနက်ကြီး ကျင်းကျယ် ၏ ကျောကို ဖွဖွလေး ပုတ်လိုက်၏။

မြင်းနက်ကြီး က ချက်ချင်း ရပ်တန့်သွားသည်။

ရွှီယန်က မြင်းပေါ်မှ ခုန်ဆင်းကာ အရှေ့ဘက်သို့ ပြေးသွားလိုက်၏။

မြေခွေးအထီး နှစ်ကောင်က အရင်ဆုံး ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။

သူတို့၏ လှုပ်ရှားမှုများက အလွန် လျင်မြန်ပြီး ခန္ဓာကိုယ်ကလည်း သွက်လက်ကာ ခြေလေးဖက် နင်းလိုက်သည့် နေရာတိုင်းတွင် နှင်းပွင့်များ လွင့်စင်နေ၏။

ဤမြင်ကွင်းကို ဒရုန်းက အမိအရ ရိုက်ကူးထားသည်။

လိုက်ဖ် မြင်ကွင်းက နောက်တစ်ကြိမ် နွေးထွေးသွားပြန်၏။

[အာ... မြေခွေးလေးတွေ... အရမ်း ချစ်စရာကောင်းတာပဲ]

[ဒါ တောရိုင်း မြေခွေး တွေလား... လိုက်ဖ်လွှင့်သူ ရဲ့ ဘဝက တကယ်ကို ပျော်စရာ ကောင်းတာပဲနော်]

[ဒီကောင်လေးတွေက သူ မနှစ်က အစာကျွေးခဲ့ဖူးတဲ့ ကောင်လေးတွေလေ... လောင်ရွှီ အစာကျွေးခဲ့ဖူးတဲ့ တိရစ္ဆာန်တွေက အများကြီးပဲ]

[ဟားဟားဟား... ဟုတ်တယ်... သူ့ရဲ့ ရန်သူတော် တောဝက်ကလွဲရင် ကျန်တဲ့ တိရစ္ဆာန် အများစုကို သူ အစာကျွေးခဲ့ဖူးတယ်]

[တောဝက် ကြီးက အရုပ်ဆိုးလို့ မုန်းခံရတာလား]

ပြေးလာသော မြေခွေးလေးများကို မြင်သောအခါ ရွှီယန်က ချက်ချင်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် သူတို့ကို ပွတ်သပ်ပေးလိုက်၏။

"မတွေ့ရတာ တော်တော် ကြာပြီနော်"

"မင်းတို့တွေ ဘယ်တွေ ရောက်နေကြတာလဲ"

"ငါက မင်းတို့များ တစ်ခုခု ဖြစ်သွားပြီလားလို့တောင် စိတ်ပူနေတာ"

"ဆောင်းတွင်းကြီးမှာတောင် ဒီဘက်ကို ရောက်မလာကြဘူး"

ရွှီယန်က မနေနိုင်ဘဲ ရယ်မောရင်း ပြောလိုက်သည်။

မြေခွေးလေး နှစ်ကောင်က နှင်းပြင်ပေါ်တွင် ပက်လက်လန်ကာ ခန္ဓာကိုယ်ကို လှုပ်ယမ်းရင်း အဆက်မပြတ် အသည်းယားစရာလေး လုပ်ပြနေကြ၏။

သူတို့၏ အမြီးများက ဘယ်ညာ ယမ်းခါနေပြီး အလွန် ပျော်ရွှင်နေပုံရသည်။

ရွှီယန်က သူတို့ ရင်ဘတ်ပေါ်ရှိ အမွေးများကို ကုတ်ပေးလိုက်၏။

မြေခွေးလေး နှစ်ကောင်က ပို၍ပင် ပျော်ရွှင်စွာ ရယ်မောနေကြတော့သည်။

သူတို့၏ ပုံစံက တကယ်ကို ချစ်စရာ ကောင်းလွန်းလှသဖြင့် လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများလည်း ကြည့်လေလေ အားကျလေလေပင် ဖြစ်လာတော့၏။

'ငါလည်း မြေခွေးလေး တွေကို ကိုင်ချင်လိုက်တာ'

'ကြည့်ရတာ အရမ်း အသည်းယားစရာ ကောင်းတာပဲ'

အားလုံးက မျှော်လင့်တကြီး ဖြစ်နေကြသည်။

ထိုအချိန်တွင် ရွှီယန်က နောက်သို့ လှမ်းကြည့်လိုက်ပြန်၏။

မြေခွေးလေး စုစုပေါင်း သုံးကောင် ရှိပြီး အထီး နှစ်ကောင် နှင့် အမ တစ်ကောင် ဖြစ်သည်။

အထီး နှစ်ကောင်က နေ့တိုင်း ရန်ဖြစ်တတ်ပြီး အလွန် သွက်လက်ကြကာ အမလေး ကတော့ ပို၍ အေးဆေးတည်ငြိမ်ပြီး ရွှီယန်၏ ဘေးတွင်သာ လာရောက် ချွဲနွဲ့တတ်ပေသည်။

မြေခွေးမလေး က ခပ်သွက်သွက် လျှောက်လာသည်ကို မြင်လိုက်ရ၏။

၎င်း၏ အရှိန်က သိပ်မမြန်သော်လည်း မျက်နှာပေါ်ရှိ အပြုံးကိုတော့ ဖုံးကွယ်ထား၍ မရနိုင်ချေ။

ထိုအချိန်မှာပင် ရွှီယန်က မူမမှန်သည့် အချက်တစ်ခုကို သတိထားမိလိုက်သည်။

ဤမြေခွေးမလေး က အနည်းငယ် ဝဖြိုးနေပုံရ၏။

"မဟုတ်သေးပါဘူး..."

ရွှီယန်က ချက်ချင်း မတ်တတ်ရပ်ကာ မြေခွေးမလေး ရှိရာသို့ လျှောက်သွားလိုက်သည်။

မြေခွေးအထီး နှစ်ကောင်ကလည်း ကိုယ်ကို လှန်ကာ ရွှီယန်၏ အနောက်မှ လိုက်ပါလာကြ၏။

ရွှီယန်က မြေခွေးမလေး ၏ အနားသို့ ရောက်သွားပြီး အခြေအနေကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။

မြေခွေးမလေး ၏ ဗိုက်က ဖောင်းကားနေပြီး ကိုယ်ဝန်ဆောင်နေကြောင်း အလွန် သိသာလှပေသည်။

"လခွမ်း... တကယ်ကြီး ကိုယ်ဝန်ဆောင်နေတာပဲ"

"ဆောင်းတွင်း တစ်တွင်းလုံး ပျောက်နေပြီး အခုမှ ရောက်လာတာ... ငါ့ဆီမှာ လာပြီး မီးဖွားချင်လို့ နေမှာပေါ့"

ရွှီယန်က ချက်ချင်းပင် ရယ်မောလိုက်တော့၏။

သူက မြေခွေးမလေး ၏ ခေါင်းကို အရင်ဆုံး ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။

မြေခွေးမလေး က ပို၍ ချစ်စရာကောင်းပြီး အေးချမ်းကာ ပြုံးလိုက်လျှင်လည်း ပို၍ လှပပေသည်။

ထို့နောက် ရွှီယန်က လှည့်ကာ မြေခွေးအထီး နှစ်ကောင်ကို ဖမ်းဆွဲလိုက်ပြီး မေးခွန်းထုတ်သည့် လေသံဖြင့် ပြုံးကာ မေးလိုက်၏။

"မင်းတို့ နှစ်ကောင် မှန်မှန်ပြောစမ်း... ဘယ်သူ့ ကလေးလဲ"

ရွှီယန်က ကောင်လေး နှစ်ကောင်ကို စိုက်ကြည့်လိုက်သည်။

ဤကောင်လေး နှစ်ကောင်က အင်အင်အင် ဟုသာ အော်မြည်နေပြီး အသည်းယားစရာလေး ဆက်လက် လုပ်ပြနေဆဲပင် ဖြစ်၏။

တိရစ္ဆာန် အတော်များများတွင် လူမှုကျင့်ဝတ် စည်းမျဉ်းများ မရှိကြသဖြင့် မောင်နှမ အချင်းချင်းလည်း အတူတကွ နေထိုင်တတ်ကြပေသည်။

သူတို့က မူလကတည်းက အတူတကွ နေထိုင်ခဲ့ကြခြင်း ဖြစ်သဖြင့် အတူတကွ ပေါင်းဖက်သွားခြင်းကလည်း ပြဿနာ မရှိချေ။

ယေဘုယျအားဖြင့် မြေခွေးများ မျိုးပွားရာသီ ရောက်ပါက မြေခွေး နှစ်ကောင်သာ အတူတကွ နေထိုင်လေ့ ရှိကြသည်။

မြေခွေးအထီးများက မိတ်လိုက်ခွင့် ရရှိရန်အတွက် အချင်းချင်း တိုက်ခိုက်လေ့ ရှိကြ၏။

မြေခွေးအထီး နှစ်ကောင် အတူတကွ နေထိုင်သည့် မြင်ကွင်းမျိုးက အတော်လေး တွေ့ရခဲပေသည်။

အင်တာနက်သုံးစွဲသူများလည်း လိုက်ဖ်ထဲတွင် ပွဲကြည့်နေကြ၏။

ချစ်စရာကောင်းသော မြေခွေးလေးများကြောင့် အားလုံးက အလွန် ပျော်ရွှင်နေကြသည်။

[မြေခွေးလေး တောင် ကိုယ်ဝန်ရသွားပြီပဲ]

[လောင်ရွှီ... မင်းတော့ အဖေ ဖြစ်သွားပြီပေါ့]

[ဟားဟားဟား... ကောင်းတဲ့ ကိစ္စတွေကျတော့ မင်း မပါရဘဲ ပင်ပန်းတဲ့ အလုပ်တွေကျတော့ မင်း လုပ်ပေးရတော့မယ်]

[ဒီမြေခွေးလေး အရမ်း ချစ်စရာကောင်းတာပဲ... ကျွန်တော့်ကို ပေးလိုက်ပါ ကျွန်တော်ပဲ မွေးလိုက်ပါ့မယ်]

အားလုံးက လိုက်ဖ်ထဲတွင် အသီးသီး နောက်ပြောင်နေကြ၏။

အင်တာနက်သုံးစွဲသူများက အမြဲတမ်း နောက်ပြောင်ရသည်ကို နှစ်သက်ကြစမြဲပင်။

ရွှီယန်က မှတ်ချက်ပေးလိုက်သည်။

"တကယ်တော့ ဒီကောင်လေးတွေ နွေဦးပေါက်ရင် ဆက်ပြီး မျိုးပွားကြလိမ့်မယ် ဆိုတာကို ကျွန်တော် ကြိုသိပြီးသားပါ"

"အဲဒီတုန်းက ဒီမြေခွေးအထီး နှစ်ကောင် ရန်ဖြစ်ကြလိမ့်မယ် လို့တောင် ထင်နေခဲ့တာ"

"အခု ကြည့်ရတာ ဒီကောင်လေး သုံးကောင် အတူတကွ နေတာ တော်တော်လေး အဆင်ပြေနေပုံပဲ"

"ဒီပတ်သက်မှု ကြီးက အရမ်း ရှုပ်ထွေးလွန်းလို့ ကျွန်တော်တောင် ဘာပြောရမှန်း မသိတော့ဘူး"

"ကျွန်တော် နည်းနည်း ရှေးရိုးစွဲလွန်းတယ် လို့ပဲ ပြောရမှာပေါ့"

ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက ပို၍ပင် အော်ဟစ် ရယ်မောလိုက်ကြတော့၏။

သုံးပွင့်ဆိုင် အချစ်လား...

ဒီကမ္ဘာကြီးက တကယ်ကို ရူးသွပ်လွန်းလှသည်။

မြေခွေးလေးများကတော့ ရွှီယန်ကို တစ်ခုခု ကူညီခိုင်းချင်သည့် ပုံစံမျိုး မရှိဘဲ လယ်ယာခြံဝင်း အတွင်းသို့ ဝင်ရောက်လာကာ အသိုက်ဖွဲ့ရန် နေရာရှာနေခြင်းသာ ဖြစ်ပုံရ၏။

အဘယ်ကြောင့်ဆိုသော် ဤနေရာက အလွန် လုံခြုံကြောင်း သူတို့ သိရှိထားသောကြောင့် ဖြစ်သည်။

သူတို့၏ ကလေးများကို အန္တရာယ်ပြုမည့် သားရဲတိရစ္ဆာန်များ မရှိနိုင်ချေ။

ရှောင်ဟေး နှင့် မာလီနွိုက်ခွေး တို့ကလည်း သူတို့၏ သူငယ်ချင်းများ ဖြစ်ကြပြီး မြင်းနက်ကြီး နှင့် ဒရယ်ပြောက်လေး တို့ကလည်း မြက်စားသည့် သတ္တဝါများသာ ဖြစ်ကြ၏။

ထိုကျားသစ်လေး ဆိုလျှင်လည်း အချွဲပိုသည့် နေရာတွင်သာ အစွမ်းထက်ပြီး တိုက်ခိုက်နိုင်စွမ်းကတော့ နည်းနည်းလေးမှ မရှိချေ။

လယ်ယာခြံဝင်း ထဲတွင် နေထိုင်ရသည်က ပိုမို ကောင်းမွန်စွာ အသက်ရှင်သန်နိုင်မည် ဖြစ်သည်။

ရွှီယန်က မြေခွေးလေးများနှင့် ခဏမျှ ဆော့ကစားနေလိုက်၏။

ဤလိုက်ဖ်လေးက အတော်လေး စိတ်ဝင်စားစရာ ကောင်းလှပေသည်။

သူတို့က လိုက်ဖ်လွှင့်နေချိန်တွင် အချိန်ကိုက် ရောက်လာကြသဖြင့် ရွှီယန်၏ လိုက်ဖ်ထဲသို့ တက်ကြွမှု အချို့ ပေါင်းထည့်ပေးလိုက်သကဲ့သို့ ဖြစ်သွား၏။

"သူတို့ကို အသား နည်းနည်းလောက် ကျွေးမှဖြစ်မယ်... သစ်သီးခြောက် တွေလည်း ကျွေးရမယ်"

"ကြည့်ရတာ နည်းနည်း ပိန်သွားသလိုပဲ"

"ဆောင်းတွင်းကြီးမှာ ငါ့ဆီလည်း မလာဘဲ ဘယ်တွေ သွားနေကြတာလဲ မသိဘူး"

"သူတို့ရဲ့ အမဲလိုက်နိုင်စွမ်း က အတော်လေး ကောင်းမွန်လို့ နှင်းပြင်ထဲက ကြွက်တွေကိုတောင် ဖမ်းမိတာ ဖြစ်နိုင်တယ်"

ရွှီယန်က မြေခွေးလေး သုံးကောင်နှင့် ခဏမျှ ထပ်မံ ဆော့ကစားပြီးနောက် မြင်းနက်ကြီး ပေါ်သို့ တက်ကာ လယ်ယာခြံဝင်း ရှိရာဘက်သို့ တိုက်ရိုက် ဒုန်းစိုင်း ပြေးသွားတော့၏။

ဒရုန်းကိုတော့ မြေခွေးလေးများကို ရိုက်ကူးရန် ထိုနေရာတွင်သာ ထားရစ်ခဲ့သည်။

သိပ်မကြာခင်မှာပင် ရွှီယန်က မြင်းစီးကာ ပြန်ရောက်လာခဲ့၏။

သူ၏ လှုပ်ရှားမှုများက အလွန် အထာကျလှပေသည်။

ရွှီယန်က မြင်းပေါ်မှ ဆင်းကာ အသားခြောက် နှင့် သစ်သီးခြောက် အချို့ကို ထုတ်ယူလိုက်သည်။

နှစ်သစ်ကူး ပြီးနောက် အချိန်သိပ်မကြာသေးသဖြင့် သစ်သီးခြောက် အများအပြား ကျန်ရှိနေသေး၏။

မြေခွေးလေးများကို ကျွေးရန် အတော်ပင် သင့်တော်လှသည်။

ကောင်လေး သုံးကောင်က စားစရာ ရှိသည်ကို မြင်သောအခါ ချက်ချင်းပင် ပျော်ရွှင်စွာ ပြေးလာကြတော့၏။

မြေခွေးလေးများကို အစာကျွေးရသည့် မြင်ကွင်းက အလွန် နွေးထွေးလှပေသည်။

သူတို့က အစာစားနေချိန်တွင်လည်း ပြုံးနေကြ၏။

မျက်လုံးလေးများက မှေးကျဉ်းသွားပြီး လခြမ်းကွေးလေးများနှင့်ပင် တူနေတော့သည်။

"ကောင်းပြီလေ... ငါ့ဆီမှာပဲ လာနေကြတော့"

"မင်းတို့ ကလေးမွေးဖို့အတွက် ငါ့ခြံဝင်းက လုံလောက်ပါတယ်"

"နောက်ပိုင်း လူများလာရင် အမှိုက်ပုံဘက်မှာ ကြွက်တွေ သေချာပေါက် ရှိလာမှာပဲ"

"အဲဒီအခါကျရင် မင်းတို့ ကြိုးစားပြီး အလုပ်လုပ်ကြပေါ့"

ရွှီယန်က လယ်ယာခြံဝင်း ပိုင်ရှင် တစ်ယောက်၏ အခန်းကဏ္ဍကို မမေ့မလျော့ အသုံးချကာ မြေခွေးလေးများကို အစာကျွေးနေရင်း အလုပ်အချို့ကိုပါ တစ်ပါတည်း စီစဉ်ပေးလိုက်၏။

မြေခွေးလေး သုံးကောင်က အလွန် ပျော်ရွှင်စွာ စားသောက်နေကြပြီး တစ်ချိန်တည်းမှာပင် အင်အင်အင် ဟုလည်း အော်မြည်နေကြသည်။

လိုက်ဖ် မြင်ကွင်းက အလွန် နွေးထွေးနေ၏။

ယနေ့ ရွှီယန်၏ လိုက်ဖ်က ပရိသတ် အသစ် အတော်များများကို ဆွဲဆောင်နိုင်ခဲ့ပြန်သည်။

တောင်ပေါ်တက်သည့် အကြောင်းအရာများ အပြင် ရွှီယန်အကြောင်းကို အားလုံးက ပိုမို သိရှိလာကြပြီး သူ့ကို သဘောကျသူများလည်း တဖြည်းဖြည်း များပြားလာခဲ့တော့သည်။

All Chapters