အခန်း ၂၀၅
Vol. 21 Ch. 205
အခန်း (၂၀၅) အထူးအဆင့် မဲဖောက်ခြင်းရဲ့ ဆုလာဘ်... ရွှေရောင် ဒဏ္ဍာရီ
မြေခွေးမိသားစုက ရွှီယန်၏ လယ်ယာခြံဝင်းထဲတွင် အခြေချနေထိုင်သွားကြသည်။ သို့သော် လူနေဆောင်များဘက်သို့ သွားရောက်ခြင်း မရှိဘဲ ကျယ်ဝန်းသော မြေကွက်လပ်ပေါ်တွင်သာ ကျက်စားကြခြင်း ဖြစ်သည်။ ဤကောင်လေးများက အတော်လေး စည်းကမ်းသိကြပေသည်။
ရွှီယန် တစ်နေကုန် လိုက်ဖ်လွှင့်လိုက်ရာ ပရိသတ်အသစ်များ အများအပြား ထပ်မံရရှိလိုက်ပြန်သည်။
"နွေဦးပေါက်လာပြီဆိုတော့ ခြံထဲမှာ တော်တော်လေး စည်ကားလာတာပဲ"
ရွှီယန်က လိုက်ဖ်ပိတ်ပြီးနောက် မနေနိုင်ဘဲ ညည်းတွားလိုက်သည်။ တိရစ္ဆာန်များ အားလုံး သွက်လက်လာကြပြီး တစ်ခါတစ်ရံတွင် နှစ်ကောင်သုံးကောင်ခန့် ထွက်လာတတ်ကြသည်။ အရာအားလုံးက ပို၍ စိတ်ဝင်စားစရာ ကောင်းလာတော့၏။
ညဘက်ရောက်သောအခါ ရွှီယန်က နာမည်ကျော်ကြားမှု ရမှတ်များကို တွက်ချက်လိုက်သည်။ ယခင်က ရမှတ်များနှင့်ပါ ပေါင်းလိုက်လျှင် စုစုပေါင်းရမှတ်က တစ်သန်း ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူက အထူးအဆင့် မဲဖောက်ခြင်းကို တစ်ကြိမ် ပြုလုပ်ရန် ရွေးချယ်လိုက်၏။ မဲမဖောက်ရသည်မှာ အတော်လေး ကြာပြီဖြစ်ရာ ရွှီယန်၏ ရင်ထဲတွင် အထူးပင် မျှော်လင့်နေမိသည်။ ယခုအချိန်အထိ သည်းခံထားရခြင်းကလည်း မလွယ်ကူလှပေ။
အထူးအဆင့် မဲဖောက်ရာတွင် မည်သည့်အရာ ရရှိသည်ဖြစ်စေ အကောင်းချည်းသာ ဖြစ်သည်။ အကယ်၍ ကျွမ်းကျင်မှု စွမ်းရည်သာ ရရှိခဲ့ပါက သေချာပေါက် အမြတ်ကြီး ထွက်မည် ဖြစ်၏။ တန်ဖိုးကြီးမားသော ပစ္စည်းတစ်ခုခု ရရှိခဲ့မည် ဆိုပါကလည်း မဆိုးလှချေ။ မည်သို့ပင်ဖြစ်စေ လတ်တလောတွင် မှန်လုံအိမ်များ၌ ရင်းနှီးမြှုပ်နှံထားရသဖြင့် အိတ်ကပ်ထဲတွင် အနည်းငယ် ဟာလာဟင်းလင်း ဖြစ်နေသည် မဟုတ်ပါလား။ အရေးပေါ် ပြဿနာများကို ဖြေရှင်းရန်အတွက် ငွေကြေး လိုအပ်နေပေသည်။
[လက်ခံသူမှ အထူးအဆင့် မဲဖောက်ခြင်းကို ရွေးချယ်လိုက်ပါသည်... မဲဖောက်နေပါသည်]
သာယာနာပျော်ဖွယ် အသံလေး ထွက်ပေါ်လာခဲ့သည်။
[ပစ္စည်းဆုလာဘ် ရရှိသည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်]
[တန်ဖိုး ယွမ်တစ်သန်းတန် ထွန်စက်ကြီး တစ်စီး... မျိုးစေ့ချစက်... မြေထွန်စက်... စပါးရိတ်စက်... အာလူးတူးစက်... ပြောင်းဖူးရိတ်စက် စသည့် စိုက်ပျိုးရေး အထောက်အကူပြု စက်ပစ္စည်း အစုံအလင် ပါဝင်ပါသည်]
မျက်စိရှေ့တွင် ရွှေရောင်အလင်းတန်း တစ်ခု ဖြတ်ပြေးသွားပြီးနောက် မဲဖောက်ခြင်း ရလဒ်က အထင်းသား ပေါ်လာခဲ့သည်။
'လခွမ်း... ရွှေရောင်ပစ္စည်းကြီး ထွက်လာတာပဲ'
ရွှီယန် ချက်ချင်းပင် အိပ်ရာပေါ်မှ ကုန်းရုန်းထိုင်လိုက်ပြီး တစ်ကိုယ်လုံး စိတ်လှုပ်ရှားသွားတော့သည်။
စိုက်ပျိုးရေးသုံး စက်ပစ္စည်းများတွင် ဈေးပေါသည်များ ရှိသလို ဈေးကြီးသည်များလည်း ရှိကြောင်းကို သူ သဘာဝကျကျပင် နားလည်ထားသည်။ ဥပမာ သူ့ထံတွင် ယခုရှိနေသော ထွန်စက်ဆိုလျှင် အသေးစား ထွန်စက်လေးဖြစ်ပြီး ယွမ် သောင်းဂဏန်းခန့်သာ တန်ပေသည်။ မြေ ဧကအနည်းငယ်ခန့်ကို ထွန်ယက်ရန် ပြဿနာ မရှိသော်လည်း ဧကတစ်ရာခန့်ကို ထွန်ယက်ရန်ဆိုလျှင်တော့ အတော်လေး ခက်ခဲသွားမည် ဖြစ်၏။ စက်၏ ဝန်ရုန်းနိုင်စွမ်းက ကြီးမားပြီး အချိန်ကြာကြာ မောင်းနှင်ရမည်ဖြစ်ရာ မြေဧရိယာ အကျယ်ကြီးကို ထွန်ယက်ရန် ခက်ခဲလှပေသည်။
ယွမ်တစ်သန်းတန် ထွန်စက်ကြီးများကတော့ မြေပိုင်ရှင် သူဌေးကြီးများတွင်သာ ရှိတတ်သော အမျိုးအစား ဖြစ်သည်။ သို့မဟုတ်လျှင်လည်း မြေဧက သောင်းနှင့်ချီရှိသော မြက်ခင်းပြင်များကို ပိုင်ဆိုင်ထားသည့် မွေးမြူရေးခြံ ပိုင်ရှင်များမှသာ ဤကဲ့သို့သော စက်ပစ္စည်းမျိုးကို ဝယ်ယူနိုင်စွမ်း ရှိကြပေသည်။ ဤသည်မှာ တကယ်ကို လယ်ယာခြံဝင်း၏ အဖိုးတန်ဆုံး ပိုင်ဆိုင်မှု တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။
"လခွမ်း... တန်ဖိုး တစ်သန်းတန်ကြီးလား"
"ဒါဆိုရင်တော့ လုံးဝ အထွတ်အထိပ်ကို ရောက်သွားပြီပေါ့"
"ဒီတစ်ခါတော့ စိုက်ပျိုးရေးကို အကြီးအကျယ် လုပ်လို့ရပြီ"
ရွှီယန်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။ သူက ပေ့တားဟွမ်း ဘက်ရှိ လယ်ယာခြံဝင်းများကို သွားရောက် ကြည့်ရှုဖူးသည်။ ထိုဘက်ရှိ ခြံဝင်းများ၏ ဧရိယာက အလွန် ကျယ်ဝန်းပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် အဆုံးကိုပင် မမြင်နိုင်ချေ။ တကယ်ကို စိုက်ပျိုးရေး လုပ်ရန် အင်မတန် သင့်တော်သော နေရာများပင် ဖြစ်၏။ သတ်မှတ်ထားသော ရာသီချိန် ရောက်၍ စပါးများ မှည့်လာချိန်တွင် ပင်လယ်ပြင်ကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး ကြည့်ရသည်မှာ အလွန် ခမ်းနားလှပေသည်။
ပေ့တားဟွမ်း ၏ စိုက်ပျိုးရေးသုံး စက်ပစ္စည်းများက ပိုမို ခေတ်မီ တိုးတက်ကြသည်။ အချို့ စက်ပစ္စည်းများ ဆိုလျှင် တန်ဖိုး ယွမ်သန်းချီ၍ ရှိကြပြီး အဆိုပါ စက်ကြီးများ အများအပြားကို တစ်ပြိုင်နက်တည်း အတူတကွ မောင်းနှင် အလုပ်လုပ်ကြသဖြင့် မြင်ကွင်းက တကယ်ကို ခမ်းနား ကြီးကျယ်လွန်းလှသည်။
ရွှီယန်၏ လယ်ယာခြံဝင်းကတော့ ကိုယ်ပိုင် ခြံဝင်းဖြစ်ရာ မည်သို့ လုပ်ဆောင်မည် ဆိုသည်က သူ့အပေါ်တွင်သာ မူတည်နေသည်။ အကြီးစား ထွန်စက်ကြီး တစ်စီးသာ ရှိလာပါက အလုပ်လုပ်ရသည့် စွမ်းဆောင်ရည်က အများကြီး တိုးတက်လာမည် ဖြစ်၏။
"ဒါက သေနတ်ဟောင်းလေးကို အမြောက်ကြီးနဲ့ လဲလိုက်ရသလိုမျိုးပဲ... ဒီထွန်စက်ကြီးရဲ့ ဈေးက ငါ့ခြံ တစ်ခြံလုံးစာလောက်တောင် ရှိနေတာ"
"ဘယ်တုန်းကများ ဒီလောက် ချမ်းချမ်းသာသာနဲ့ တိုက်ပွဲ ဝင်ဖူးလို့လဲ"
ရွှီယန်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် ယခုက မတ်လသို့ ရောက်နေပြီဖြစ်ရာ မကြာခင် မြေပြင်ပြီး စိုက်ပျိုးရေး စတင် လုပ်ဆောင်ရတော့မည် ဖြစ်သည်။ ဤမျှ ကြီးမားသော ထွန်စက်ကြီး ရှိနေပါက နောက်ပိုင်း စိုက်ပျိုးရေး လုပ်ရသည်မှာ အလွန် အဆင်ပြေသွားမည် ဖြစ်၏။ ရွှီယန် မတ်တတ်ထိုင်လိုက်ပြီး စိတ်ထဲတွင် ပို၍ပို၍ စိတ်လှုပ်ရှားလာခဲ့သည်။ လယ်ယာခြံဝင်း၏ တိုးတက်မှု အရှိန်က သူ ခန့်မှန်းထားသည်ထက်ပင် ပို၍ မြန်ဆန်နေခဲ့သည်။
'မူလက လက်ငင်းငွေ သိပ်မရှိလို့ မှန်လုံအိမ် တွေကိုပဲ အရင် အာရုံစိုက်ပြီး အပြင်ဘက်က စိုက်ခင်းတွေကို နည်းနည်းလောက်ပဲ ချဲ့မယ်လို့ စဉ်းစားထားတာ'
'အခုတော့ အများကြီး ချဲ့လို့ ရသွားပြီပဲ'
'မြေ နည်းနည်းလောက် ထပ်ငှားလိုက်ရင်တောင် ရသေးတယ်... ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံ သိပ်အများကြီး ကုန်မှာမှ မဟုတ်တာ'
ရွှီယန်က စိတ်ထဲမှ တွေးတောနေလိုက်သည်။
'အခုလောလောဆယ် လိုအပ်နေတာက ငွေလှည့်နိုင်ဖို့ ပိုက်ဆံရှာရမှာပဲ... တစ်လကို ကုန်ကျစရိတ် အမျိုးမျိုးက ယွမ်သောင်းဂဏန်းလောက် ရှိနေတာ'
သူက အိပ်ရာပေါ်မှ ဆင်းလာပြီး ဖိနပ်ဘူး တစ်ဘူးကို ထုတ်ယူလိုက်သည်။ ထို့နောက် အထဲမှ အဖြူရောင် ဆေးဘူးလေး တစ်ဘူးကို ယူလိုက်၏။ ရွှီယန်က ဆေးဘူးလေးကို ညင်ညင်သာသာလေး လှုပ်ကြည့်လိုက်ရာ အထဲမှ ကြည်လင်ပြတ်သားသော ထိခိုက်သံလေးများ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ရွှေများ အချင်းချင်း ရိုက်ခတ်သွားသည့် အသံပင် ဖြစ်သည်။
ဤရွှေများကို အသုံးပြုရမည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်၏။ အစပျိုးသည့် အချိန်တွင် ရင်းနှီးမြှုပ်နှံမှု ကြီးမားသဖြင့် ရှိသမျှ စုဆောင်းငွေ အားလုံးကို ထုတ်သုံးရမည် ဖြစ်သည်။ အကယ်၍ ဤအချိန်ကို တောင့်ခံနိုင်သွားပါက ရရှိမည့် အမြတ်များက ပို၍ များပြားလာမည်သာ ဖြစ်၏။ ထိုသို့ လုပ်နိုင်လျှင်တောင်မှ ထိပ်တန်းအဆင့် လယ်ယာခြံဝင်းများ သို့မဟုတ် ခြံကြီးများနှင့် ယှဉ်လျှင် အများကြီး ကွာဟနေသေးသည်။ ထို့ကြောင့် အဆင့်အတန်း တစ်ခုကို ကျော်ဖြတ်ရန် မလွယ်ကူဘဲ တစ်လှမ်းချင်းစီသာ သွား၍ ရနိုင်ပေသည်။
'ရွှေကျိုတဲ့ ပစ္စည်းတွေတော့ ငါ ဝယ်ထားပြီးသားပဲ... အဖေ့ကိုတောင် အကူအညီ တောင်းပြီး ဝယ်ခိုင်းထားရတာ'
'မနက်ဖြန် အချိန်ရရင် ဒီရွှေမှုန်တွေကို ကျိုပြီး ပုံစံတစ်ခုခု ဖြစ်အောင် သွန်းလုပ်ရမယ်'
'ပိုက်ဆံ နည်းနည်းပါးပါးတော့ ရလောက်မှာပါ'
'နောက်တစ်ခါ တောင်ထဲဝင်ရင် ရွှေမြစ် တစ်လျှောက်ကို ပတ်ကြည့်ရမယ်... ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှစ်ကြိမ်စာလုံးကို ရွှေရှာတဲ့ နေရာမှာ အကုန်သုံးပစ်မယ်'
'ဒါက အသေချာဆုံး ပိုက်ဆံရှာတဲ့ နည်းလမ်းပဲ'
'အခုချိန်မှာ တောင်ထွက်ပစ္စည်းလည်း သိပ်မရှိဘူးဆိုတော့ ရွှေက တောင်ထွက်ပစ္စည်း တွေထက် သေချာပေါက် ပိုတန်ဖိုးရှိတာပေါ့'
ရွှီယန်က အဖြူရောင် ဆေးဘူးလေးကို ဖွင့်လိုက်ပြီး ရွှေမှုန်လေးများကို လက်ထဲ ထည့်ကာ အပေါ်သို့ မြှောက်၍ ဆော့ကစားနေလိုက်သည်။ မည်သို့ပင်ဆိုစေ ဤအဖိုးတန် သတ္တုလေးများ၏ အထိအတွေ့က တကယ်ကို ကောင်းမွန်လှ၏။ အဓိကကတော့ တန်ဖိုးရှိခြင်းပင် ဖြစ်သည်။ ငွေက ရောဂါပေါင်းစုံကို ကုသပေးနိုင်သည် မဟုတ်ပါလား။ ဥပမာအားဖြင့် အချို့လူများတွင် အပေါက်ငယ်လေးများ သို့မဟုတ် အစက်အပြောက်လေးများ အစုလိုက်အပြုံလိုက် ရှိနေသည်ကို ကြောက်သည့် ရောဂါ ရှိကြသည်။ သို့သော် ရွှေမှုန်လေး တစ်ထောင်ခန့် စုပုံနေသည့် မြင်ကွင်းကိုသာ ပြလိုက်ပါက ထိုရောဂါက ချက်ချင်းပင် ပျောက်ကင်းသွားမည်မှာ အသေအချာပင်။ ထိုမျှမက ပို၍ပင် ယူချင်နေဦးမည် ဖြစ်၏။ ရွှီယန် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် စိတ်ကို တည်ငြိမ်အောင် ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။
နောက်တစ်နေ့တွင်။ ရွှီယန်က ထွန်စက် ကုမ္ပဏီကို ဆက်သွယ်လိုက်ရာ ထွန်စက် ရောက်လာရန် နောက်ထပ် တစ်ရက်ခန့် အချိန်ယူရဦးမည် ဖြစ်သည်။ လယ်ယာခြံဝင်း ဘက်တွင်လည်း အလုပ်များက မနည်းလှချေ။ မှန်လုံအိမ် နှစ်ခုက ပြီးစီးသွားပြီဖြစ်ရာ မြေထွန်ခြင်း... မြေဆွခြင်း နှင့် မြေဩဇာ ကျွေးခြင်းတို့ကို စတင် လုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်၏။ အာဟာရဓာတ် မြင့်မားသော မြေဆီများ ဝယ်ယူပြီး အထဲတွင် ဖြည့်ကာ ညှိပေးရန်လည်း လိုအပ်သေးသည်။ ယခင်က ဘလူးဘယ်ရီ စိုက်ပျိုးခဲ့သည့် လုပ်ငန်းစဉ်များအတိုင်း တစ်ခေါက် ပြန်လုပ်ရမည် ဖြစ်၏။ ဘလူးဘယ်ရီ ပျိုးပင်များကိုလည်း ရွှီယန်က ပျိုးထောင်ထားပြီးသားဖြစ်ရာ မှန်လုံအိမ်ထဲတွင် အဆင်သင့် ရှိနေသည်။ စိုက်ပျိုးရန်သာ စောင့်ဆိုင်းနေရုံပင်။
ကိုယ့်ထံတွင် သုံးဘီးဆိုင်ကယ် နှင့် အသေးစား ထွန်စက်လေး ရှိနေသဖြင့် အလုပ်လုပ်ရသည်မှာ အတော်လေး အဆင်ပြေလှသည်။ ကိုယ့်ဘာသာကိုယ်ပင် လုပ်ဆောင်၍ ရနေပေ၏။ ဝန်ထမ်းများက နေ့တိုင်း ထွန်စက်လေး မောင်းကာ အထဲတွင် မြေထွန်နေကြသည်။ ဤသို့ စီစဉ်ထားခြင်းကလည်း မဆိုးလှချေ။ အကြီးစား ထွန်စက်ကြီးက အပြင်ဘက်ရှိ လယ်ကွက်များကို ထွန်ယက်ရန် တာဝန်ယူပြီး အသေးစား ထွန်စက်လေးကတော့ မှန်လုံအိမ်ထဲရှိ မြေများကို ထွန်ယက်ရန် တာဝန်ယူရမည် ဖြစ်၏။ အကြီးစား ထွန်စက်ကြီးက မှန်လုံအိမ်ထဲသို့ ဝင်၍ မရနိုင်ချေ။
မြေထွန်ခြင်း... ဘောင်ဖော်ခြင်း... ဘလူးဘယ်ရီ ပျိုးပင် စိုက်ပျိုးခြင်း အပြင် မှန်လုံအိမ်၏ ရေလောင်းစနစ် နှင့် အပူပေးစနစ် များကို ချိန်ညှိရဦးမည် ဖြစ်သည်။ တစ်ပြိုင်နက်တည်း မှန်လုံအိမ် အသစ် ခြောက်ခု ဆောက်လုပ်ထားခြင်း ဖြစ်သဖြင့် အလုပ်များက အတော်လေး များပြားလှပေသည်။
ပျိုးပင် စိုက်ပျိုးမည့် အချိန်ရောက်သောအခါ ရွှီယန်၏ မိဘများနှင့် ဆွေမျိုး အချို့ပါ လာရောက် ကူညီကြသည်။ ဤဘက်ရှိ ဓလေ့က ထိုသို့ပင် ဖြစ်၏။ မည်သည့်အိမ်က အလုပ်များနေသည် ဆိုပါက သွားရောက် ကူညီပေးကြပြီး တစ်နပ်စာ ထမင်းကျွေးလိုက်ရုံဖြင့်ပင် လုံလောက်ပြီ ဖြစ်သည်။
အားလုံးက ရွှီယန်၏ လယ်ယာခြံဝင်းကို ကြည့်ပြီး အထူးတလည် အံ့အားသင့်နေကြ၏။ အပြင်ဘက်မှ ကြည့်လျှင် ဘာမှ မသိသာသော်လည်း အတွင်းဘက်မှ ကြည့်လိုက်ချိန်တွင်တော့ တကယ်ကို လုံးဝ မတူညီလှချေ။ အထူးသဖြင့် မှန်လုံအိမ်များပင် ဖြစ်သည်။
အခြားသူများ၏ မှန်လုံအိမ်များက အမိုးတစ်ခုလောက်သာ ခံစားရပြီး အထဲတွင် အရိုးတိုင်များမှလွဲ၍ ဘာမှ ထွေထွေထူးထူး မရှိချေ။ ရွှီယန်၏ မှန်လုံအိမ်ထဲသို့ ဝင်သွားသည်နှင့် စက်ပစ္စည်း တစ်ခုကို အရင်ဆုံး တွေ့ရမည် ဖြစ်သည်။ မှန်လုံအိမ်၏ ဘေးဘက်တွင် အပူပေးစနစ် ကဲ့သို့သော ရေပိုက်များ ရှိနေပြီး အပေါ်မှလည်း ရေပန်းခေါင်း အများအပြား တွဲလောင်းကျနေ၏။ အမိုးဖျင်ကအစ ပို၍ ခိုင်ခံ့သည့် ပုံစံမျိုး ခံစားရပေသည်။ ရွှီဟုန်ရှန်း တောင် မနေနိုင်ဘဲ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရင်းနှီးမြှုပ်နှံမှု ကြီးမားနေရတာလဲ ဟု မေးလိုက်မိတော့သည်။
ရွှီယန်က လိုက်ဖ်လွှင့်ရတာ ပိုက်ဆံ အရမ်းရလို့ လိုက်ဖ်လွှင့်ပြီး ရှာထားတာပါ ဟုသာ ပြန်ဖြေလိုက်၏။ တကယ်တော့ သူက တစ်လကို လိုက်ဖ်လွှင့်သည့် အကြိမ်ရေ သိပ်မများသလို ကြော်ငြာများလည်း လက်မခံချေ။ အင်တာနက်မှ ရရှိသော ဝင်ငွေက သင့်တင့်ရုံလောက်သာ ရှိသည်ဟု ပြော၍ ရပေသည်။ လူကြည့်များသော အချိန်များဆိုလျှင် တစ်လ ဝင်ငွေက ယွမ်တစ်သိန်း ကျော်သွားတတ်ပြီး မရှိလျှင်တော့ ယွမ် ငါးသောင်း ခြောက်သောင်းခန့်သာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ ပရိသတ် သန်းဂဏန်းခန့် ရှိသော လိုက်ဖ်လွှင့်သူ တစ်ယောက် အနေဖြင့် ဤဝင်ငွေက နည်းပါးသည်ဟု သတ်မှတ်၍ ရပေသည်။
အဓိကကတော့ သူက ကြော်ငြာများ လက်မခံသလို ပစ္စည်းလည်း မရောင်းသောကြောင့် ဖြစ်သည်။ သူ့ထံရှိ ပရိသတ် အရေအတွက်နှင့် ဆိုလျှင် ကြော်ငြာတစ်ခုကို ယွမ် ငါးသောင်း ရှစ်သောင်းခန့် တောင်း၍ရပြီး တစ်လကို လေးငါးခုခန့် လက်ခံလိုက်လျှင်ပင် အရာအားလုံး အဆင်ပြေသွားပြီ ဖြစ်၏။ ပရိသတ် သန်းဆယ်ဂဏန်းခန့် ရောက်သွားပါက ကြော်ငြာတစ်ခုကို ယွမ် နှစ်သိန်းခန့် တောင်းလျှင်တောင် ရသေးသည်။ သို့သော် ရွှီယန်က ကြော်ငြာ လက်ခံရန် အစီအစဉ် မရှိသေးချေ။ တကယ်လို့ ပိုက်ဆံ လုံးဝ လှည့်၍ မရတော့မှသာ ဆက်စဉ်းစားတော့မည်ဟု ဆုံးဖြတ်ထား၏။
လယ်ယာခြံဝင်းတွင် အလုပ်များပြီး ရှုပ်ယှက်ခတ်နေသည်။ လူများက အလုပ်လုပ်ရန် အလုပ်များနေကြသလို တိရစ္ဆာန်များကလည်း သူတို့ဘဝနှင့်သူတို့ အလုပ်များနေကြ၏။ ရာသီဥတု ကောင်းလာသဖြင့် အားလုံးက အပြင်သို့ ထွက်ချင်နေကြသည်။ ဝက်ခြံ နှင့် ကြက်... ဘဲ... ငန်း ခြံများ အားလုံးနီးပါး ဟာလာဟင်းလင်း ဖြစ်နေပြီ ဖြစ်၏။ အသက်ရှင်နေသေးသော အကောင်များ ဆိုလျှင် ဥဥနိုင်သော ဆူဆူဖြိုးဖြိုး ကြက်မကြီး အနည်းငယ်နှင့် ရွှီယန် မွေးထားသော မနက် ရှစ်နာရီတိတိ တွန်သည့် ကြက်ဖကြီး တစ်ကောင်သာ ရှိတော့သည်။ ရာသီဥတု ပိုမို ကောင်းမွန်လာပါက ရွှီယန်က မွေးမြူရေး တိရစ္ဆာန် တစ်သုတ် ထပ်ဝယ်ရန် လိုအပ်သေး၏။ မွေးမြူရေး တိရစ္ဆာန်များ၏ ကံကြမ္မာက ဤသို့ပင် ဖြစ်သည်။ လူသားများ၏ ဘဝ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဤသို့ပင် အဆုံးမရှိ လည်ပတ်နေခြင်း ဖြစ်ပေသည်။
နောက်ထပ် တစ်ရက် ကုန်လွန်သွားခဲ့သည်။ အဆိုပါနေ့ နံနက်ခင်းတွင် ရွှီယန်က ပွဲကြည့်ရန် ဝန်ထမ်းများကို အပြင်သို့ လှမ်းခေါ်လိုက်၏။
"သူဌေး... ဘာကိစ္စ ရှိလို့လဲ"
ဝမ်ဝူ က သိချင်စိတ်ဖြင့် မေးလိုက်သည်။ မာဝန် နှင့် လီဆန်း တို့လည်း ထိုနည်းတူပင် ဖြစ်၏။ သူတို့တွင် လုပ်စရာ အလုပ်များ ရှိနေသေးသဖြင့် အလုပ်သွားလုပ်ချင်နေကြခြင်း ဖြစ်သည်။
"ထွန်စက် တစ်စီး ဝယ်ထားတာ နည်းနည်းတော့ မိုက်တယ်... အားလုံးကို ပြချင်လို့"
ရွှီယန်က အနည်းငယ် ပြုံးရင်း ပြောလိုက်သည်။
"နည်းနည်း မိုက်တဲ့ ထွန်စက်လား"
သူတို့ သုံးယောက်လုံး ပို၍ သိချင်သွားကြ၏။
လယ်ယာခြံဝင်းတွင် ထွန်စက် တစ်စီး ရှိပြီးသားပင်။ အနီရောင်လေးဖြစ်ပြီး လူတစ်ယောက်စာခန့် အမြင့်ရှိသည်။ ယခု ထိုထွန်စက်လေးက နေ့တိုင်း မှန်လုံအိမ်ထဲတွင် အလုပ်များနေ၏။ ဘာကြောင့် ထွန်စက် ထပ်ဝယ်ရသနည်း ပေါ့။
ရွှီယန်ကိုယ်တိုင်လည်း သူ့ထံတွင် စိုက်ပျိုးရေးသုံး စက်ပစ္စည်းများ အနည်းငယ် များနေပြီဟု ခံစားနေရသည်။ အခြေအနေ အဆင်ပြေပြီ ဆိုပါက ဖယ်ရှားသင့်သော အရာများကို ဖယ်ရှားပစ်ရန် စဉ်းစားထား၏။ ထို့အပြင် ဝန်ထမ်းများကို အပြင်လွှတ်ကာ စက်ပစ္စည်းများဖြင့် အပိုဝင်ငွေ ရှာခိုင်း၍လည်း ရသေးသည်။ မည်သို့ပင်ဖြစ်စေ ဤရာသီတွင် ထွန်စက် ငှားမည့်သူများက မနည်းလှချေ။
စကားပြောနေစဉ်မှာပင် လမ်း၏ အဆုံးတွင် အစိမ်းရောင် အကြီးစား ထွန်စက်ကြီး တစ်စီးက လျှပ်စီးလက်သကဲ့သို့ အလွန် လျင်မြန်စွာ မောင်းနှင်လာသည်ကို တွေ့လိုက်ရသည်။ ဤထွန်စက်ကြီး၏ နောက်ဘီး တာယာများကတင် လူတစ်ယောက်ထက် ပိုမြင့်နေပြီး တစ်စီးလုံးကို ခြုံကြည့်လိုက်ပါက အကြီးစား မြေတူးစက်ကြီး တစ်စီးနှင့်ပင် တူနေသေး၏။
၎င်း၏ အရှိန်က အလွန် မြန်ဆန်ပြီး တာယာများက လမ်းမပေါ်သို့ နင်းကြိတ်လာသောအခါ ဝူးဝူး ဟူသော အသံများ ထွက်ပေါ်လာသည်။ ထွန်စက်ကြီး၏ အနောက်တွင် တွဲဖက် အသုံးပြုရမည့် စက်ပစ္စည်းများကို တင်ဆောင်လာသော ကုန်တင်ကားကြီး တစ်စီးလည်း ပါလာသေး၏။
"တခြား ကားတွေကို ဘေးကို ဖယ်ထားလိုက်... ဟိုဂိုဒေါင် ထဲမှာ ဒီထွန်စက်ကြီးကို ထားမယ်"
ရွှီယန်က ဝန်ထမ်း သုံးယောက်လုံး ကြောင်အမ်းနေသည်ကို မြင်သောအခါ သတိပေးလိုက်သည်။
သူတို့ သုံးယောက်လုံး တကယ်ကို ကြောင်အမ်းသွားကြပြီ ဖြစ်၏။
'ဒီလောက်ကြီးတဲ့ ထွန်စက်ကြီးက ငါတို့ လယ်ယာခြံဝင်း က ဟုတ်လို့လား'
ဤကောင်ကြီးက ထရန်စဖော်မာ စက်ရုပ်ကြီးနှင့် တူလွန်းလှသည်။ သူ ပုံစံပြောင်းနိုင်တယ် ဟု ပြောလျှင်တောင် အားလုံးက ယုံကြည်ကြမည်မှာ သေချာပေသည်။
"ဟာ... သူဌေး... ဒါက သူဌေး အသစ်ဝယ်လိုက်တဲ့ ထွန်စက်ကြီးလား"
"ဒါက နည်းနည်း မိုက်ရုံတင် ဘယ်ကမလဲ... တကယ်ကို အမိုက်စားကြီးဗျ"
"လခွမ်း... ဒီလောက်ကြီးတာ ပေ့တားဟွမ်း ဘက်က ဟာတွေနဲ့တောင် သွားတူနေပြီ"
သူတို့ သုံးယောက်လုံး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်ဖြင့် ချီးကျူးလိုက်ကြ၏။
ရွှီယန်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ဒီနှစ်တော့ မြေနည်းနည်းလောက် ထပ်ငှားပြီး အပြင်ဘက်က မြေတွေကိုပါ ထွန်ယက်ဖို့ ရည်ရွယ်ထားတယ်"
"မျိုးစေ့ချတာ... ရိတ်သိမ်းတာ... မြေဩဇာ ကျွေးတာတွေ အားလုံးအတွက် ဒီလို ထွန်စက်ကြီးကို သုံးမှ ရမှာလေ"
"စိုက်ပျိုးတာ အောင်မြင်သွားလို့ အသီးအနှံတွေ ထွက်လာရင် ငါတို့ ခြံက ထွက်တဲ့ သီးနှံတွေကို ကုန်တင်ကားကြီး တော်တော်များများနဲ့ တင်မှ ကုန်မှာ"
"ငါလည်း မြေပိုင်ရှင် သူဌေးကြီး တစ်ခေါက်လောက် လုပ်ပြီး အဓိက ကုန်ပစ္စည်း ထောက်ပံ့သူ တစ်ယောက် လုပ်ကြည့်မလို့"
ရွှီယန်၏ စကားကို ကြားသောအခါ သူတို့ သုံးယောက်လုံး ပို၍ လေးစားသွားကြ၏။ ရွှီယန် ဘယ်လိုလုပ်ပြီး ဤမျှ ချမ်းသာနေသလဲ ဆိုသည်ကို မသိကြသော်လည်း ထွန်စက်ကြီးက မျက်စိရှေ့ ရောက်နေပြီဖြစ်ရာ အခြားကိစ္စများကို သူတို့ ဂရုမစိုက်နိုင်တော့ချေ။
ထို့နောက် ကုမ္ပဏီမှ လူများက ရွှီယန်ကို ထွန်စက်၏ စွမ်းဆောင်ရည် နှင့် မောင်းနှင်ပုံ အဆင့်ဆင့်ကို ရှင်းပြပေးကြသည်။ ဝန်ထမ်း သုံးယောက်က ရွှီယန်ထက်ပင် ပို၍ အာရုံစိုက် နားထောင်နေကြ၏။ ထွန်စက်၏ ယာဉ်မောင်းခန်းက လေယာဉ်မှူးခန်း ကဲ့သို့ပင် အထဲတွင် ကိရိယာများ နှင့် ဒိုင်ခွက်များ အများအပြား ပါဝင်ပြီး ခလုတ်များလည်း အများအပြား ရှိနေသည်။ ကြည့်ရသည်မှာ ရှုပ်ထွေးနေသော်လည်း အသိဉာဏ်တု စနစ်သုံး ထိန်းချုပ် မျက်နှာပြင် တစ်ခု ပါဝင်သဖြင့် မောင်းနှင်ရသည်မှာလည်း လွယ်ကူလှပေသည်။
ဤကောင်ကြီးက ရွှီယန်၏ လယ်ယာခြံဝင်းတွင် အဖိုးတန်ဆုံး ပိုင်ဆိုင်မှုပင် ဖြစ်သည်။ အားလုံးက နားထောင်နေရင်းနှင့်ပင် ကားပေါ်တက်ကာ စမ်းမောင်းကြည့်ချင်နေကြပြီ ဖြစ်၏။ ထို့အပြင် ဤထွန်စက်ကြီး၏ စွမ်းဆောင်ရည်က အလွန် မြင့်မားလှသဖြင့် ရွှီယန်၏ အပြင်ဘက်ရှိ ဧကဆယ်ဂဏန်းခန့် သို့မဟုတ် ဧကတစ်ရာခန့်ရှိသော လယ်ကွက်များကို ခဏလေးနှင့်ပင် ထွန်ယက်ပြီးသွားမည် ဖြစ်သည်။ နွေဦးရာသီ စိုက်ပျိုးရေး လုပ်ငန်းစဉ်များကိုလည်း နောက်ကျစေမည် မဟုတ်ချေ။ ထို့အပြင် အားလပ်သော အချိန်များတွင် အခြားသူများကို မြေထွန်ပေးရန် အငှားလိုက်ကာ အပိုဝင်ငွေ ရှာ၍ ရသေးသည်။ ဤသည်က ပိုက်ဆံရှာပေးနိုင်မည့် ရတနာ တစ်ပါးပင် ဖြစ်တော့၏။