← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း (၂၀၇) ရွှေကျင်ခရီးစဉ်... ကြီးမားတဲ့ သီးပွင့်ရလဒ်

ရွှီယန်သည် အကြောင်းပြချက်တစ်ခုပေးကာ လိုက်ဖ်လွှင့်ခြင်းကို ပိတ်လိုက်၏။

သူက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ငါးကြိမ်ဆက်တိုက် အသုံးပြုလိုက်ရာ သံလိုက်အိမ်မြှောင်မှ ပြသနေသော ရတနာတည်နေရာများ အားလုံးမှာ ရေကန်ထဲတွင်သာ ဖြစ်နေပေသည်။

သူ ထင်မှတ်ထားသည့်အတိုင်းပင် ဤရေကန်က အကောင်းဆုံးသော ရွှေတွင်းနေရာ တစ်ခု ဖြစ်နေ၏။

'ဒီလို ရွှေကျင်တဲ့ နည်းလမ်းမျိုးက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိမှပဲ လုပ်နိုင်မှာ... ရေကန်ထဲမှာ ပြန့်ကျဲနေတဲ့ ရွှေမှုန်တွေကို တခြားလူတွေ ဒီထဲမှာ ရှိမှန်း သိရင်တောင် ရှာဖွေနိုင်မှာ မဟုတ်ဘူးလေ...'

'ဘာပဲဖြစ်ဖြစ် ဒီရေကန်ကြီးကို ခမ်းသွားအောင် စုပ်ထုတ်ပစ်လို့မှ မရတာ... အောက်ခြေအထိ ဆင်းပြီး တစ်စချင်းစီ လိုက်ရှာဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးကွ...'

'နေရာ အတိအကျ သတ်မှတ်ပြီး ရှာမှပဲ ရမှာ...'

ရွှီယန်က ကျောက်တုံးဖြင့် ရေခဲလွှာကို ထုခွဲလိုက်ပြီးနောက် ရေထဲဆင်းရန် ပြင်ဆင်လိုက်သည်။

"ရှောင်ဟွာ... မင်း ဒီမှာပဲ နေခဲ့... ငါ့အင်္ကျီတွေကို သေချာ စောင့်ကြည့်ပေးထားဦးနော်"

ရွှီယန်က ရှောင်ဟွာကို ပြောလိုက်၏။

ရှောင်ဟွာက ရွှီယန်ကို အူကြောင်ကြောင်လေးဖြင့် လှမ်းကြည့်နေသည်။

"ဒီနေရာမှာပဲ နေ... လျှောက်မသွားနဲ့... မင်း ဒီမှာရှိနေရင် တခြား ဘယ်တိရစ္ဆာန်မှ အနားကို မလာရဲပါဘူးကွာ"

"ဒီကျားသစ်ကွက် တက်တူးကြီးက အသုံးဝင်တယ်လို့ ပြောရမှာပေါ့"

ရွှီယန်က ရယ်မောရင်း ထပ်ပြောလိုက်သည်။

ထို့နောက် သူက အဝတ်အစားများကို စတင် ချွတ်လိုက်၏။

ယနေ့ ရာသီဥတု ကောင်းမွန်သည် ဆိုသော်လည်း နှင်းများ အပြည့်အဝ အရည်မပျော်သေးသဖြင့် အေးစက်သော လေပြင်းများက ခန္ဓာကိုယ်ပေါ်သို့ တိုက်ခတ်နေဆဲဖြစ်ရာ သူ၏ ခန္ဓာကိုယ်ကို အနည်းငယ် ချမ်းစိမ့်သွားစေသည်။

သို့သော် ရေကန်အောက်ခြေတွင် ရွှေမှုန်များ ရှိနေကြောင်းကို တွေးမိလိုက်သောအခါ ရွှီယန်၏ ခန္ဓာကိုယ်က အနည်းငယ် ပြန်လည် နွေးထွေးလာခဲ့၏။

ရွှီယန်က ဘေးတွင် အဝတ်အစားများ ချွတ်နေပြီး ရှောင်ဟွာကတော့ ဘေးမှနေ၍ အံ့ဩတကြီး ကြည့်နေကာ မျက်လုံးများထဲတွင် မယုံနိုင်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

၎င်းက ရွှီယန်၏ လုပ်ရပ်ကို နားမလည်နိုင်ဘဲ ဘေးတွင် ခေါင်းလေး စောင်းကာ ကြည့်နေပြီး ဖြူစင်သော မျက်လုံးများထဲတွင်တော့ တုံးအအဖြစ်နေသည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေ၏။

ရွှီယန်က ၎င်းကို တစ်ချက်သာ ပွတ်သပ်ပေးလိုက်သည်။

ရွှီယန်က ခန့်မှန်းခြေအားဖြင့် တွက်ချက်ကြည့်လိုက်ရာ ဤရေကန်၏ အနက်မှာ တစ်မီတာမှ နှစ်မီတာခန့် ရှိပေသည်။

အနက်ကို တွက်ကြည့်မည်ဆိုပါက အနောက်ဘက်ရေကန် (West Lake) နှင့် သိပ်မကွာခြားလှချေ။ ရေကန်ထဲရှိ ရေများက အမြဲတမ်း အသစ် ပြောင်းလဲနေသဖြင့် ရေက အလွန် ကြည်လင်နေ၏။

ရေကန် အောက်ခြေတွင် ရေညှိရေမှော် အချို့ ရှိသော်လည်း မများပြားလှဘဲ ငါးသေးသေးလေး အချို့လည်း ရေကန်ထဲတွင် ကူးခတ်နေကြသည်။

သူက ရေကူးဘောင်းဘီ တစ်ထည်သာ ကျန်သည်အထိ ချွတ်လိုက်ပြီးနောက် ကျောပိုးအိတ်ထဲမှ ရေကူးမျက်မှန် တစ်လက်ကို ထုတ်ယူ တပ်ဆင်ကာ ရေကန်ထဲသို့ ဒိုင်ဗင်ထိုး ဆင်းလိုက်တော့သည်။

ယနေ့ ရေငုပ်ရမည်ကို ကြိုတင် ခန့်မှန်းထားသဖြင့် သူက အပြည့်အဝ ပြင်ဆင်လာခဲ့ခြင်း ဖြစ်ပြီး ကျောပိုးအိတ်ထဲတွင် မျက်နှာသုတ်ပုဝါ အခြောက်နှင့် အတွင်းခံဘောင်းဘီ တစ်ထည်ကိုပါ ထည့်ယူလာခဲ့၏။

ဗွမ်း...

ရွှီယန်က ရေကန်ထဲသို့ ကျသွားပြီးနောက် အောက်ဘက်သို့ ဒိုင်ဗင်ထိုး ဆင်းသွားခဲ့သည်။

ရှောင်ဟွာက မူလက ရွှီယန်ကို ကျောပေးကာ ဆော့ကစားနေခဲ့သော်လည်း အသံကြားလိုက်ရသဖြင့် လန့်သွားကာ နေရာမှာပင် ခုန်ပေါက်သွားပြီးနောက် ရေကန်ဘေးသို့ ချက်ချင်း ပြေးသွားကာ ဝပ်၍ လှမ်းကြည့်နေတော့၏။

၎င်းက ဟိုဟိုဒီဒီ လိုက်ကြည့်နေသည်။

'ငါ့အဖေ ဘယ်ရောက်သွားတာလဲ...'

ရှောင်ဟွာက ရွှီယန် ဘယ်ရောက်သွားသလဲ ဆိုသည်ကို သိချင်နေပြီး ခဏတာမျှ အနည်းငယ် ထိတ်လန့်သွားခဲ့၏။

ရွှီယန်က အောက်ဘက်သို့ တောက်လျှောက် ရေငုပ်သွားသည်။ ရေက သိပ်မနက်လှဘဲ အောက်သို့ အနည်းငယ် ဆင်းသွားသည်နှင့် ရေကန် အောက်ခြေသို့ ရောက်သွား၏။

သို့သော် ရေကန် အောက်ခြေ မြေမျက်နှာသွင်ပြင်က နှိုင်းယှဉ်ကြည့်မည် ဆိုပါက အနည်းငယ် ရှုပ်ထွေးနေပြီး ရွှံ့နွံများဖြင့် ပြည့်နှက်နေပေသည်။

ရွှီယန်က ပထမဆုံး ရတနာတည်နေရာကို ရှာတွေ့သွားပြီးနောက် လက်ဖြင့် ရွှံ့နွံများထဲတွင် နှိုက်ယူလိုက်သည်။ သိပ်မကြာခင်မှာပင် ပထမဆုံး ရွှေမှုန် တစ်ခုကို ဖမ်းဆုပ်မိသွားခဲ့၏။

ထိုရွှေမှုန်က ပဲစေ့ခန့် အရွယ်အစား ရှိပြီး လက်ထဲတွင် ဆုပ်ကိုင်ထားရသည်မှာ အလေးချိန် အနည်းငယ် ရှိနေပေသည်။

ခွန်အား ရှိနေသေးချိန်တွင် ရွှီယန်က အရှေ့ဘက်သို့ ခပ်မြန်မြန် ဆက်လက် ကူးခတ်သွားလိုက်သည်။ ထို့နောက် ဒုတိယမြောက် ရွှေမှုန် တစ်ခုကို ထပ်မံ ဆယ်ယူနိုင်ခဲ့၏။

ဤတစ်ကြိမ်တွင်တော့ အဆုတ်ထဲရှိ လေများ အားလုံးနီးပါး ကုန်ဆုံးသွားပြီဖြစ်ရာ ရွှီယန်က အပေါ်သို့ ချက်ချင်း ပြန်တက်လာခဲ့သည်။

အပေါ်ဘက်တွင် ရေခဲလွှာများ ရှိနေဆဲ ဖြစ်သည်ကို မြင်လိုက်ရသဖြင့် ရွှီယန်က အပေါ်သို့ ထိုးတက်သွားချိန်တွင် လက်သီးဖြင့် တစ်ချက် ထိုးခွဲလိုက်ရာ ရေခဲလွှာများ ပွင့်ထွက်သွားတော့၏။

ခွပ်...

ရေခဲ အစအန အချို့က အပြင်သို့ လွင့်စင်သွားပြီး ရွှီယန်၏ ခန္ဓာကိုယ်က ရေကန် မျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာခဲ့သည်။

သူက ညာဘက်လက်တွင် ရွှေမှုန် နှစ်ခုကို ဆုပ်ကိုင်ထားပြီး ရေထဲတွင် ခါယမ်းကာ ရွှံ့သဲများကို ဆေးကြောလိုက်ပြီးနောက် မျက်စိရှေ့သို့ ယူဆောင်ကာ ကြည့်ရှုလိုက်၏။

ရွှေမှုန်၏ ပုံပန်းသဏ္ဍာန်က ပုံပန်းမကျသော်လည်း မျက်နှာပြင်ကတော့ အလွန် ချောမွေ့နေပြီး အရောင်က အနည်းငယ် မှိုင်းနေပေသည်။

ရွှီယန်က ကျောက်စိမ်း၏ သဘာဝ အစိုင်းခဲများကို သတိရသွားမိ၏။

သဘာဝ အစိုင်းခဲ ဆိုသည်မှာ မူလက ကျောက်စိမ်းများက ကျောက်တုံးများနှင့် တွဲလျက် ရှိနေပြီး မြစ်ရေထဲတွင် နှစ်ကာလ ကြာရှည်စွာ ရေစီးကြောင်း၏ တိုက်စားမှုကို ခံရပြီးနောက် ကျောက်တုံးများ အားလုံး ပွတ်တိုက် စားသုံးခံလိုက်ရကာ သဘာဝ အစိုင်းခဲများ အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ဤရွှေမှုန်များ ကလည်း ထိုနည်းတူပင် ဖြစ်ပြီး မြစ်ရေထဲတွင် အချိန်မည်မျှ ကြာအောင် ပွတ်တိုက်ခံခဲ့ရသလဲ ဆိုသည်ကို မသိနိုင်တော့ချေ။

'ဒီတစ်တုံးက အနည်းဆုံး ဂရမ် ၅၀ ကျော်လောက် ရှိမယ်... အခု ရွှေဈေးက တစ်ဂရမ်ကို ၇၀၀ ကျော်ဆိုတော့ တစ်တုံးတည်းနဲ့တင် ယွမ် လေးသောင်းနီးပါးလောက် ရပြီ...'

'ငါ့လယ်ယာခြံဝင်း ရဲ့ လဝက်စာ အသုံးစရိတ်လောက်တော့ ခက်ခက်ခဲခဲ ကာမိသွားတာပေါ့...'

ရွှီယန်က ရွှေတုံးကို ဆုပ်ကိုင်ထားပြီး ရေခဲပြင်ပေါ်မှနေ၍ ရေထဲသို့ နောက်တစ်ကြိမ် ငုပ်ဆင်းသွားပြန်၏။

ရှောင်ဟွာ က ရေကန်ဘေးတွင် စိုးရိမ်တကြီး ကြည့်နေသည်။ ၎င်းက ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး ရွှီယန် တစ်ခုခု များ ဖြစ်သွားပြီလားဟု ထင်မှတ်နေပုံရ၏။

ရွှီယန်က အစပိုင်းတွင်တော့ အနည်းငယ် အေးစက်နေသည်ဟု ခံစားခဲ့ရသော်လည်း တဖြည်းဖြည်းနှင့် ကျင့်သားရသွားပြီး ဘာမှ ထွေထွေထူးထူး မခံစားရတော့ချေ။ အထူးသဖြင့် ရေကူးနေချိန်တွင် ပို၍ပင် မအေးတော့ဘဲ အနည်းငယ် ငြိမ်နေပါကတော့ အေးစိမ့်စိမ့် ဖြစ်လာမည်သာ ဖြစ်သည်။

ဤသည်က ပုံမှန် အခြေအနေပင် ဖြစ်၏။ အကယ်၍ ရေကန်ထဲရှိ ရေက နွေးထွေးနေသည်ဟု ခံစားရပါက ထိုအရာကမှ တကယ် ဒုက္ခရောက်တော့မည် ဖြစ်သည်။

ရွှီယန်က ရေကန်ထဲတွင် ဆက်လက် ငုပ်ဆင်းနေလိုက်သည်။ ဤရတနာရှာဖွေရေး ခရီးစဉ်က အလွန် ထူးခြားဆန်းသစ်လှ၏။ တောနက်ကြီး... တောင်ပေါ်ရေကန်... ရေခဲလွှာ အောက်ခြေ။

ဤနေရာက ရတနာများ စုဝေးနေသည့် နေရာတစ်ခု ဖြစ်မည်ဟု မည်သူကများ ထင်မှတ်ထားခဲ့မည်နည်း။

ရွှီယန်က မူလက အထက်ဘက်သို့ ဆန်တက်ကာ ကံစမ်းကြည့်ရန် ရည်ရွယ်ထားခဲ့ပြီး အခြား ရွှေတွင်းနေရာများ တွေ့လျှင် အကောင်းဆုံးဖြစ်ကာ မတွေ့လျှင်တော့ ရေတိမ်ပိုင်း ဧရိယာသို့ ပြန်သွားပြီး ရတနာ ရှာဖွေရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော် ခရီးအတော်ဝေးဝေး လျှောက်လာခဲ့ပြီးနောက် အဆုံးတွင်တော့ တကယ် ရှာတွေ့သွားခဲ့၏။

ရေကန်က အလွန် ကြည်လင်နေပြီး ရေကန်ထဲတွင် ငါးအများအပြား ကူးခတ်နေကြကာ အရွယ်အစားကတော့ သိပ်မကြီးမားလှချေ။ ဤငါးလေးများက အလွန် သတ္တိကြောင်ကြပြီး ရွှီယန်က အသံ အနည်းငယ် ပြုလုပ်လိုက်သည်နှင့် ချက်ချင်းပင် လွတ်ရာကျွတ်ရာသို့ ထွက်ပြေးသွားကြတော့သည်။

နောက်ထပ် ရတနာတည်နေရာ သုံးခုကိုလည်း ရွှီယန်က အလွယ်တကူပင် ရှာတွေ့သွားခဲ့၏။

သူက ဤရတနာများကို လက်ထဲတွင် ဆုပ်ကိုင်ထားပြီးနောက် အပေါ်သို့ ဆက်လက် တက်လာခဲ့သည်။ ထို့နောက် သူက ရေခဲလွှာကို နောက်တစ်ကြိမ် ထိုးခွဲကာ ရေကန်ထဲမှ ပေါ်ထွက်လာခဲ့ပြန်၏။

ရေခဲလွှာက သိပ်မထူသော်လည်း ရွှီယန်က လက်သီးဖြင့် ထုခွဲလိုက်ရသဖြင့် လက်သီးကလည်း အနည်းငယ် နာကျင်သွားခဲ့သည်။

သူ့အတွက်တော့ ဤအရာက ဘာမှ ပြဿနာ မရှိလှချေ။ တောင်ထဲတွင် အချိန်အကြာကြီး နေထိုင်လာခဲ့သဖြင့် ဤကဲ့သို့ ထိခိုက်ရှနာ ဒဏ်ရာများက ပုံမှန်သာ ဖြစ်ပေသည်။

သူက ရှောင်ဟွာ ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။ ယခုအချိန်တွင်တော့ ရှောင်ဟွာ ၏ မျက်လုံးများထဲရှိ သိချင်စိတ်များက ပို၍ပို၍ ပြင်းပြလာခဲ့ပြီ ဖြစ်သည်။ ၎င်းက ရွှီယန်က မျက်လှည့်ပြနေသကဲ့သို့ ခဏနေလျှင် နေရာတစ်ခုမှ ထွက်လာသည်ဟု ခံစားနေရ၏။

ရွှီယန်က ကမ်းစပ်ဘက်သို့ တောက်လျှောက် ကူးခတ်သွားလိုက်သည်။ ရေခဲပြင် ရှိနေသဖြင့် သူက ရေငုပ်၍သာ သွားရပြီး ရေကန်ဘေးသို့ ရောက်ကာ ကုန်းပေါ်သို့ တက်လာချိန်တွင်တော့ ရွှီယန် တစ်ယောက် အသက်ရှူ မဝတော့ဘဲ အမောတကော အသက်ရှူနေရတော့၏။

အပေါ်သို့ ရောက်လာသည်နှင့် အေးစက်သော လေပြင်းများက တဝှီးဝှီး တိုက်ခတ်လာခဲ့သည်။

ရွှီယန်က သန့်ရှင်း နူးညံ့သော မျက်နှာသုတ်ပုဝါ အခြောက်ကို အလျင်အမြန် ထုတ်ယူကာ ခန္ဓာကိုယ်ကို အဆက်မပြတ် သုတ်ပစ်လိုက်၏။ ဤသည်က ဆောင်းတွင်းတွင် ရေအေးဖြင့် ရေချိုးရသည်ထက် အများကြီး ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။

ခန္ဓာကိုယ်ကို သုတ်သင်ပြီး အဝတ်အစား ဝတ်ဆင်ရသည့် လုပ်ငန်းစဉ်က တကယ်ကို ညှဉ်းပန်း နှိပ်စက်မှု တစ်ခုပင် ဖြစ်၏။

ရွှီယန်က ရေများကို သုတ်သင်လိုက်ပြီးနောက် အဝတ်အစားများကို တစ်ထည်ချင်းစီ စတင် ဝတ်ဆင်လိုက်သည်။ ရေကူးဘောင်းဘီကိုလည်း ချွတ်လိုက်ပြီး အတွင်းခံ တစ်ထည်ကို လဲဝတ်လိုက်၏။

ရှောင်ဟွာ က ဤမြင်ကွင်းကို မြင်သောအခါ မျက်လုံးများကို ဖုံးကွယ်ထားပြီး မကြည့်ရဲအောင် ဖြစ်နေသည်။ ဤကောင်လေးက ဘေးသို့ ပြေးထွက်သွားကာ သူ့ဘာသာသူ ဆော့ကစားနေတော့၏။

သိပ်မကြာခင်မှာပင် ရွှီယန်က အဝတ်အစားများ အားလုံး ဝတ်ဆင်ပြီးသွားခဲ့သည်။ သူက ကောက်ရလာသော ရွှေမှုန်များကို ကောက်ယူကာ ကြည့်ရှုလိုက်ရာ တစ်ချက် ကြည့်လိုက်သည်နှင့် သူ၏ အကြည့်များက ချက်ချင်း ပြောင်းလဲသွားတော့၏။

'လခွမ်း... ဒါက ဘာကြီးလဲ...'

ရွှီယန်၏ လက်ဝါးထဲတွင် ရွှေရောင်ရှိသော ပုံပန်းမကျသည့် ရွှေမှုန် လေးခု ရှိနေပြီး လက်မ လက်သည်းခွံ အရွယ်အစားခန့် ရှိသော နောက်ထပ် အရာတစ်ခုကတော့ အဖြူရောင် ဝိုင်းစက်နေသည့် ကျောက်စိမ်း တစ်ခု ဖြစ်နေပေသည်။

'ကျောက်စိမ်းလား...'

ရွှီယန်က အဖြူရောင် ကျောက်စိမ်းကို ကောက်ယူကာ သေချာစွာ ကြည့်ရှုလိုက်၏။ ဤသည်က သေချာပေါက် ပစ္စည်းကောင်းပင် ဖြစ်သည်။ ရေကန်ထဲတွင် နှစ်ပေါင်း မည်မျှ ကြာအောင် ရေဆေးခံခဲ့ရသလဲ ဆိုသည်ကို မသိနိုင်ဘဲ ဤမျှ ချောမွေ့နေသည့် အနေအထားသို့ ရောက်ရှိနေသဖြင့် တန်ဖိုးကလည်း သေချာပေါက် ကြီးမားလှပေမည်။

ရွှီယန် ယနေ့ တောင်ထဲ ဝင်လာခြင်းက မူလကတည်းက ပိုက်ဆံ အနည်းငယ် ရှာချင်သောကြောင့် ဖြစ်၏။ လယ်ယာခြံဝင်း က ငွေကြေး လည်ပတ်ရန် စောင့်ဆိုင်းနေရဆဲပင်။ ဤပစ္စည်းများက သူ့အတွက်တော့ သေချာပေါက် အလွန် ကောင်းမွန်သော သီးပွင့်ရလဒ်များပင် ဖြစ်သည်။

ရွှီယန်က ဆံပင်များကို ထပ်မံ သုတ်သင်လိုက်ပြီးနောက် ဂွမ်းဦးထုပ် တစ်လုံးကို ဆောင်းလိုက်၏။ ဤကဲ့သို့သော အချိန်မျိုးတွင် ခေါင်းကို သေချာပေါက် ကာကွယ်ထားရမည် ဖြစ်ပြီး မဟုတ်ပါက ရာခိုင်နှုန်းပြည့် အအေးမိသွားမည်သာ ဖြစ်သည်။ သေချာသည်မှာ သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ထူးခြားပြီး အအေးမိခြင်းမှ ကာကွယ်ပေးသည့် စွမ်းရည်လည်း ရှိနေသဖြင့် ရောဂါရရန် ဆိုသည်ကလည်း ထိုမျှလောက် မလွယ်ကူလှချေ။

'ဒီနေ့ ရလဒ်တွေ တော်တော် မဆိုးဘူး... ပြန်ရောက်ရင် ရွှေသွားကျိုလို့ ရပြီ...'

'ပြည်တွင်းမှာ ရွှေကျင်တဲ့ လူတွေ ရှိတယ်ဆိုတော့ တရားမဝင်ဘူးလို့တော့ ပြောလို့ မရဘူး... ရောင်းထုတ်ချင်တယ် ဆိုရင်တော့ ပုံစံတစ်ခုခု ဖြစ်အောင် အရင် သွန်းလုပ်လိုက်တာ ပိုကောင်းမယ်...'

'ဒီကျောက်စိမ်း အရိုင်းတုံးလေး ကိုလည်း ဝယ်မယ့်သူ ကောင်းကောင်း တစ်ယောက် ရှာရဦးမယ်...'

ရွှီယန်က ပိုက်ဆံ ဘယ်လိုရှာရမည်ကို တွက်ချက်နေပြီ ဖြစ်၏။ လိုက်ဖ်ကိုတော့ လောလောဆယ် ပြန်မဖွင့်တော့ချေ။

လာရာလမ်းတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ဖြင့် နေရာရှာတွေ့ထားသော ရွှေမှုန် သုံးနေရာကို မဆယ်ယူရသေးချေ။ အချိန် မလောက်တော့သဖြင့် ဆက်မလုပ်ခဲ့ခြင်း ဖြစ်သည်။ ပြန်ရာလမ်းတွင် အခွင့်ကြုံသဖြင့် ဝင်ရှာလိုက်ဦးမည်။ အားလုံးက ရေတိမ်ပိုင်း ဧရိယာများ ဖြစ်သဖြင့် ရေငုပ်ရန် မလိုအပ်တော့ချေ။ အလွန်ဆုံး ဘောင်းဘီနှင့် အနွေးဘောင်းဘီကို ချွတ်လိုက်ရုံသာ ဖြစ်၏။

ယနေ့၏ တောတောင်ရှာဖွေရေး ခရီးစဉ်က အလွန် ပေါ့ပါး လွတ်လပ်လှပေသည်။

ရှောင်ဟွာ ကလည်း ဘေးတွင် ပျော်ရွှင်စွာ ပြေးလွှားနေ၏။ ဤကောင်လေး ယနေ့ တကယ်ကို ဆော့ကစားလို့ ဝသွားပြီ ဖြစ်သည်။ ပြန်ရောက်လို့ တစ်ခုခု ကျွေးလိုက်လျှင် အိပ်ပျော်သွားမည်ဟု ခန့်မှန်းရပြီး အိပ်လိုက်လျှင်လည်း နောက်တစ်နေ့သို့ ကူးသွားမည်သာ ဖြစ်၏။ ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များက အိပ်ရာတွင် အတော်လေး ကျွမ်းကျင်ကြပေသည်။

'တောင်ထဲမှာ ရတနာတွေ တကယ် များတာပဲ...'

'ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိနေမှပဲ တကယ် တောင်ကို အားကိုးပြီး အသက်မွေးဝမ်းကျောင်း ပြုတယ်လို့ ခေါ်လို့ ရတော့မယ်...'

ရွှီယန်က အပြန်လမ်းသို့ တောက်လျှောက် လျှောက်လာခဲ့သည်။ ခရီးက အတော်လေး ဝေးကွာသဖြင့် ညနေ ခြောက်နာရီခန့်တွင်မှ လယ်ယာခြံဝင်းသို့ ပြန်ရောက်လာခဲ့၏။

ပြန်ရောက်ပြီးနောက် ရှောင်ဟွာ ကို အရင်ဆုံး အစာ အနည်းငယ် ကျွေးလိုက်ပြီး လယ်ယာခြံဝင်းကို တစ်ပတ်ခန့် လှည့်ပတ် ကြည့်ရှုကာ မှန်လုံအိမ်များ၏ အခြေအနေကို စစ်ဆေးလိုက်သည်။

မှန်လုံအိမ် နှစ်ခုကို ဆောက်လုပ် ပြီးစီးသွားပြီဖြစ်ရာ စတင် အသုံးပြုနေပြီ ဖြစ်၏။ ဘလူးဘယ်ရီ ပျိုးပင်များကိုလည်း ယခုလေးတင် စိုက်ပျိုးထားခြင်း ဖြစ်သည်။

နောက်ထပ် ဘလူးဘယ်ရီ တစ်သုတ် ရင့်မှည့်လာချိန်တွင်တော့ ရွှီယန်၏ ပိုင်ဆိုင်မှုများက လျင်မြန်စွာ တိုးတက်လာမည် ဖြစ်၏။ ထိုအချိန်ကျမှသာ တကယ့် ချမ်းသာကြွယ်ဝမှု အစစ်အမှန် ဖြစ်လာမည် ဖြစ်သည်။ ယခုလိုမျိုး ပိုက်ဆံများကို ရင်းနှီးမြှုပ်နှံမှု အဖြစ် အကုန် ထုတ်သုံးလိုက်ရသဖြင့် ကိုယ့်အတွက် သိပ်မကျန်တော့သည့် အခြေအနေမျိုး မဟုတ်တော့ချေ။

မှန်လုံအိမ်များကို ကြည့်ရှုပြီးနောက် ရွှီယန်က အနောက်ဘက်သို့ သွားကာ မြေခွေးလေး သုံးကောင်၏ အခြေအနေကို သွားကြည့်လိုက်၏။ ကောင်လေး သုံးကောင်က ယခင် စားကျက်မြက်ခင်း ဧရိယာတွင် အသိုက်ဖွဲ့ထားကြပြီး ရွှီယန်က လူနေဆောင်များဘက်သို့ သွားခိုင်းသော်လည်း မသွားကြချေ။ သူတို့က ရွှီယန်၏ အလွန်အမင်း ဂရုစိုက်မှုကို မလိုအပ်ဘဲ လယ်ယာခြံဝင်း၏ လုံခြုံသော ပတ်ဝန်းကျင်ကိုသာ လိုအပ်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တောရိုင်း မြေခွေးများ၏ ရိုင်းစိုင်းသော သဘာဝက ကြီးမားလှသဖြင့် တောထဲသို့ ပြေးသွားကာ ဆော့ကစားရသည်ကို နှစ်သက်ကြပေသည်။ ဤသို့ဆိုလျှင် ပို၍ လွတ်လပ်သည် မဟုတ်ပါလား။

လယ်ယာခြံဝင်း၏ အရာအားလုံးက အလွန် သာယာ လှပနေ၏။

ညဘက်သို့ ရောက်သောအခါ ရွှီယန်က ခြံဝင်းတံခါးကို သော့ခတ်လိုက်ပြီး အခန်းတစ်ခန်းထဲသို့ ဝင်ကာ ရွှေကျိုသည့် လုပ်ငန်းကို စတင်တော့သည်။ စက်ပစ္စည်းများကို သူ ဝယ်ယူထားပြီးသား ဖြစ်ရာ အပူချိန် မြင့်မြင့်ဖြင့် ရွှေများကို အရည်ကျိုလိုက်ပြီးနောက် ပုံစံခွက်ထဲသို့ လောင်းထည့်ကာ ရွှေများ အေးခဲသွားသည်အထိ စောင့်ဆိုင်းရုံသာ ဖြစ်၏။

ရွှီယန်က အပူခံ လက်အိတ်ကို စွပ်ကာ မျက်မှန်အကြည် တစ်လက်ကို တပ်ဆင်ထားရာ ကြည့်ရသည်မှာ အတော်လေး ပရော်ဖက်ရှင်နယ် ဆန်လှပေသည်။ Breaking Bad ဇာတ်လမ်းတွဲထဲမှ ဓာတုဗေဒ ဆရာကြီး ကဲ့သို့ပင်။

ယနေ့ ကောက်ရခဲ့သော ရွှေမှုန်များ အားလုံးကို သူ အရည်ကျိုလိုက်ပြီး ယခင်က ကောက်ရခဲ့သည်များနှင့်ပါ ပေါင်းလိုက်လျှင် စုစုပေါင်း ၅၀၀ ဂရမ်ကျော်ခန့် ရှိပေသည်။

ရွှေ တစ်ကျင်း (၅၀၀ ဂရမ်) ဖြစ်၏။ တစ်ဂရမ်ကို ၇၀၀ နှုန်းဖြင့် တွက်မည်ဆိုပါက ယွမ် ၃ သိန်း ၅ သောင်း ဖြစ်သည်။ ရွှေဝယ်ယူသည့် ဈေးနှုန်းက အတော်လေး တည်ငြိမ်ပြီး ရောင်းချရသည်မှာလည်း လွယ်ကူလှပေသည်။

ရွှီယန်က ရွှေတစ်တုံးတည်း ဖြစ်အောင် မကျိုဘဲ ဂရမ် ၁၀၀ စီ ရှိသော ရွှေချောင်းများ အဖြစ်သို့သာ ကျိုလိုက်၏။ ရောင်းချမည့် အချိန်ကျလျှင် မတူညီသော ရွှေဝယ်ယူသည့် နေရာ အချို့ကို ရှာဖွေကာ ရောင်းချလိုက်ပါက ငွေများ အလျင်အမြန်ပင် ဝင်ရောက်လာမည် ဖြစ်သည်။

ရွှေက တကယ်ကို ပစ္စည်းကောင်းပင် ဖြစ်ပြီး ကိုင်တွယ်ကြည့်ရသည်မှာ အလွန် ချောမွေ့ နူးညံ့လှပေသည်။

ရွှီယန်က နောင်တွင် ပိုက်ဆံ ရှိလာပါက ရွှေအချို့ကို ဝယ်ယူ စုဆောင်းထားရန် ရည်ရွယ်ထားပြီး ပုံသေ ပိုင်ဆိုင်မှု အဖြစ် ထားရှိပါကလည်း အတော်လေး ကောင်းမွန်ပေသည်။

All Chapters