← Chapters

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း ၂၀၈

Vol. 21 Ch. 208

အခန်း (၂၀၈) တစ်နှစ်တာအတွက် အရေးအကြီးဆုံးက နွေဦးရာသီပဲ... အံ့သြမှင်တက်သွားကြတဲ့ စိုက်ပျိုးရေးတက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာတွေ

ရွှေတွေကို အဆင်ပြေပြေ ရောင်းချနိုင်ခဲ့တဲ့အတွက် လယ်ယာခြံဝင်း လည်ပတ်ဖို့ ငွေကြေးကိစ္စကို လောလောဆယ် ခေါင်းစားနေစရာ မလိုတော့ပေ။

ရွှီယန်က ဝန်ထမ်း ထပ်ခေါ်ဖို့ စဉ်းစားနေပြန်သည်။ နောက်ထပ် လူနှစ်ယောက်လောက် ထပ်ခေါ်ရဦးမည်။ လယ်ယာခြံဝင်း ကြီးလာတာနဲ့အမျှ ပတ်ဝန်းကျင်ကလည်း သိပ်ပြီး စိတ်မချရတော့ဘူးလို့ သူ ခံစားနေရသည်။ တိရစ္ဆာန်တွေ များလာရင် မသမာသူတွေရဲ့ မျက်စိကျတာကို ခံရနိုင်ခြေ ပိုများသည်။ ဒါကြောင့် ဝန်ထမ်း အသစ်ခေါ်ရင် ကိုယ်ခံပညာ ရှိပြီး တိုက်ခိုက်နိုင်စွမ်း ရှိသူမျိုးကို ခေါ်တာ အကောင်းဆုံးလို့ သူ တွေးနေမိသည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိ ဝန်ထမ်းတွေကိုလည်း သူ အသိပေးထားပြီးဖြစ်သည်။

မာဝန်နဲ့ ဝမ်ဝူတို့က အနီးအနားက မြို့နယ်လေးက လူတွေဖြစ်ပြီး လယ်ယာခြံဝင်းနဲ့လည်း နီးတဲ့အတွက် ဒီမှာ အလုပ်လုပ်ဖို့ ပိုပြီး ဆန္ဒရှိကြတာ ဖြစ်သည်။ မြို့ပေါ်က ဒါမှမဟုတ် အခြားမြို့တွေက လူတွေသာဆိုရင် ဒီလို လယ်ယာခြံဝင်း သေးသေးလေးမှာ အတည်တကျ အလုပ်လုပ်မှာ မဟုတ်ပေ။ သူတို့အတွက်တော့ လယ်ယာခြံဝင်း ဆိုတာ အလုပ်လုပ်တဲ့ နေရာသက်သက်သာ ဖြစ်ပြီး အိမ်က ဒီဘက်မှာ ရှိမှာ မဟုတ်ဘူးလေ။

ရွှီယန်က မာဝန်ကို လှမ်းမေးလိုက်သည်။

"ခွန်အားကြီးပြီး ခန္ဓာကိုယ် တောင့်တင်းတဲ့သူမျိုးကို ရှာကြည့်ပေးပါလား... တိုက်ခိုက်ရေးဘက်မှာ နည်းနည်းကျွမ်းကျင်ရင် ပိုကောင်းတယ်... တောဝက်ကိုတောင် ဖိချုပ်ထားနိုင်တဲ့ သူမျိုးပေါ့"

"သတ္တိ နည်းနည်းကောင်းရင်တော့ ပိုကောင်းတာပေါ့"

"အဲဒီလို လူမျိုး ရှိမရှိ တစ်ချက်လောက် စုံစမ်းပေးပါဦး"

ရွှီယန်ရဲ့ စကားကြောင့် မာဝန်ပင် အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။ လယ်ယာခြံဝင်းက ဝန်ထမ်းတွေမှာ ကိုယ်ပိုင် ကျွမ်းကျင်တဲ့ နယ်ပယ်တွေ ရှိကြသည်။

ဥပမာအားဖြင့် ဝမ်ဝူဆိုလျှင် စိုက်ပျိုးရေးတက္ကသိုလ်က ဘွဲ့ရထားသူဖြစ်ပြီး သီးနှံတွေရဲ့ အခြေအနေနဲ့ အခြေခံ စိုက်ပျိုးရေး အသိပညာတွေကို ကောင်းကောင်း နားလည်ထားတဲ့အပြင် ဖန်တီးနိုင်စွမ်းလည်း ကောင်းသည်။ မာဝန်ကတော့ အတွေ့အကြုံ ရင့်ကျက်ပြီး အလုပ်လုပ်ရာမှာ စည်းစနစ်ကျကာ အလုပ်တော်တော်များများကို ဝင်ရောက် ကူညီပေးနိုင်သည်။ လီဆန်းကတော့ အလုပ်အပေါ် သဘောထား မှန်ကန်ပြီး သူရဲ့ အာရုံစိုက်မှု အားလုံးကို လယ်ယာခြံဝင်းပေါ်မှာပဲ ထားရှိကာ ခြံထဲက နေရာတိုင်းကို အသေးစိတ် သိရှိထားသူ ဖြစ်သည်။

ဝမ်ဝူကတော့ ရွှီယန် နောက်ပြောင်နေတယ်လို့ ထင်နေခဲ့သည်။ လယ်ယာခြံဝင်းက ဝန်ထမ်းခေါ်တာကို ချနိုင်တဲ့သူမျိုး ခေါ်ရမယ်တဲ့လား။ လူမိုက်ဂိုဏ်း ထောင်မှာမှ မဟုတ်တာ။ ဒီတောင်းဆိုချက်က နားထောင်လိုက်ရင် အဓိပ္ပာယ်မရှိသလို ထင်ရပေမယ့် တကယ်တမ်း စဉ်းစားကြည့်ရင်တော့ အတော်လေး ယုတ္တိတန်နေပြန်သည်။

မတတ်နိုင်ပေ။ နောက်ပိုင်း လယ်ယာခြံဝင်း ချဲ့ထွင်လာတာနဲ့အမျှ အင်တာနက်ပေါ်မှာ မြင်တွေ့နေရတဲ့ ပြဿနာတွေကို ရွှီယန်က အတော်လေး စိုးရိမ်နေမိသည်။ ဥပမာ ဟင်းသီးဟင်းရွက်တွေ အခိုးခံရတာမျိုး ဒါမှမဟုတ် တိရစ္ဆာန်တွေ အခိုးခံရတာမျိုးတွေ ဖြစ်သည်။ ဒါကြောင့် ခန္ဓာကိုယ် တောင့်တင်းသန်စွမ်းတဲ့ သူမျိုးကို ရှာဖွေဖို့ လိုအပ်လာခြင်း ဖြစ်သည်။

မာဝန်က ခဏစဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

"အဲဒီလို လူမျိုးလည်း ရှိတော့ရှိတယ်... တပ်ကနေ အနားယူပြီး မြို့ပေါ် ပြန်ရောက်နေတဲ့ စစ်သားဟောင်းတွေလေ"

"ဒါပေမယ့် အရင်တပ်မှာတုန်းက သူ့ရဲ့ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကိုလည်း လေ့လာဖို့တော့ လိုသေးတယ်... လူတစ်ဦးချင်းစီအပေါ် မူတည်တာပေါ့"

ထိုစကားကို ကြားသောအခါ ရွှီယန်က ခေါင်းညိတ်လိုက်သည်။

"အိုကေ... အဲဒီတော့ မင်းပဲ ငါ့အတွက် ကူပြီး စုံစမ်းပေးပါကွာ... လုပ်ခလစာကတော့ ဒီအတိုင်းပဲလေ... ငါတို့ခြံက လစာက တော်တော်လေး အဆင်ပြေပါတယ်"

"အခုဆို မှန်လုံအိမ် ခြောက်ခုတောင် ထပ်တိုးလာပြီ... မကြာခင် မြေနေရာသစ်တွေ ထပ်ချဲ့ရဦးမှာဆိုတော့ လူမထပ်ခေါ်ရင် နိုင်မှာ မဟုတ်ဘူး"

"တော်သေးတာက အများစုက အသိဉာဏ်တု စနစ်တွေ ဖြစ်နေလို့ လူအင်အား သိပ်မလိုတာပဲ... အားလုံးက တစ်လှည့်စီ အလုပ်များလိုက် အားလိုက် ဖြစ်နေမှာဆိုတော့ ခြောက်ယောက်ဆိုရင် အေးအေးဆေးဆေး လုပ်နိုင်လောက်ပါတယ်"

ရွှီယန်က ကိစ္စတွေကို စီစဉ်ပြီးနောက် ဝန်ထမ်းအသစ် ခေါ်ယူဖို့ စတင်လိုက်သည်။ မာဝန်ကလည်း မြို့ဘက်မှာ စုံစမ်းပေးနေ၏။ ဒီသတင်းက ရွာထဲကို ဘယ်လို ပျံ့သွားသလဲ မသိပေမယ့် ရွာထဲက လူတချို့လည်း အလုပ်ဝင်ချင်လို့ ဆိုပြီး ရွှီယန်ရဲ့ မိဘတွေဆီ သွားပြောကြသေးသည်။ သို့သော် လာလျှောက်တဲ့ လူတွေကို ရွှီယန်က ကောင်းကောင်း သိထားသည်။ သိပ်ပြီး အလုပ်ကြိုးစားတဲ့ သူတွေ မဟုတ်သလို တွေ့လိုက်တိုင်းလည်း ကိုယ့်အလုပ်ကို ညည်းညူတတ်သူတွေ ဖြစ်သည်။

ဒါကြောင့် ရွှီယန်က ပြတ်ပြတ်သားသားပဲ ငြင်းပယ်လိုက်၏။ နောက်ပြောင်ခြင်းနဲ့ ညည်းညူခြင်းကြားမှာ ကွာခြားချက် ရှိပေသည်။ တချို့လူတွေက အလုပ်နဲ့ ဘဝကို နောက်ပြောင်တတ်ပေမယ့် သူတို့ရဲ့ သဘောထားက အကောင်းမြင်စိတ် ရှိပြီး စနောက်ရုံ သက်သက်သာ ဖြစ်သည်။ တချို့လူတွေကျတော့ အဆိုးမြင်စိတ်တွေ အပြည့်နဲ့ အခြားသူတွေကိုပါ လွှမ်းမိုးသွားစေတတ်သည်။

နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့၏။ နှင်းတွေ အကုန်နီးပါး အရည်ပျော်သွားပြီး ဆက်လည်း မကျတော့တာကို မြင်တော့ ရွှီယန်က နွေဦးစိုက်ပျိုးရေး လုပ်ဖို့ ပြင်ဆင်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် စိုက်ပျိုးရေးတက္ကသိုလ် ဘက်မှာလည်း ကျောင်းဖွင့်ပြီဖြစ်လို့ လက်တွေ့သင်ခန်းစာတွေ စတင်နေပြီ ဖြစ်သည်။ ကျောင်းသား အတော်များများက ဘေးဘက်က လယ်ကွက်တွေကို သွားပြီး မြေထွန်ယက်နေကြ၏။ ရွှီယန်ရဲ့ လယ်ယာခြံဝင်းက အတော်လေး စည်ကားနေပြီး သူက စိုက်ပျိုးမယ့် မြေနေရာတွေကို စတင် စီစဉ်ရေးဆွဲနေတော့သည်။

"ဒီမြေကွက် အကျယ်ကြီးကို မြက်ခင်း စိုက်မယ်"

"ဒီတစ်ကွက်ကို အရောင်စုံ အာလူး စိုက်မယ်"

"ဒီဘက်မှာ နေကြာခင်း တစ်ခု လုပ်မယ်"

"ဟိုတစ်ကွက်ကို လွတ်ထားလိုက်... မြေပဲ စိုက်ဖို့ ချန်ထားမယ်... မြေပဲက ဧပြီလ လကုန်ပိုင်းလောက်မှ စိုက်ရမှာ"

"ဟိုဘက်ကိုလည်း လွတ်ထားလိုက်... ကောက်သစ်မိုး ရွာပြီးတာနဲ့ ဖန်ရတနာ ပြောင်းဖူး တွေ စိုက်ဖို့ ပြင်ရမယ်"

ရွှီယန်က သီးနှံ တစ်မျိုးချင်းစီရဲ့ စိုက်ပျိုးရမယ့် အချိန်တွေကို အလွတ်ရနေသည်။ မြက်ခင်း အာလူး နဲ့ နေကြာတို့ကို မတ်လမှာ စိုက်ပျိုးရမှာ ဖြစ်ပြီး ကျန်တာတွေကိုတော့ ဧပြီနဲ့ မေလလောက်မှ စိုက်ပျိုးရမှာ ဖြစ်လို့ အချိန်တွေက ကွက်တိ လွဲနေပေသည်။ နွေဦးပေါက်ခါစပဲ ရှိသေးပေမယ့် လယ်ယာခြံဝင်းရဲ့ အော်ဒါတွေက ရောက်နေပြီ ဖြစ်သည်။ မြို့တော်က အပန်းဖြေစခန်းဘက်က အာလူးတွေ အမြောက်အမြား ထပ်မှာထားသလို ယန်ပြန်း သဘာဝဥယျာဉ် ဘက်ကလည်း သူ့ရဲ့ ဘလူးဘယ်ရီတွေကို လိုချင်နေကြသည်။ အဆက်အသွယ် ရှိရင် စီးပွားရေး လုပ်ရတာ လွယ်ကူလှသည်။

ဒါ့အပြင် ရွှီယန်က မြေနေရာ အချို့ကို ထပ်မံ ငှားရမ်းလိုက်သေးသဖြင့် လယ်ယာခြံဝင်းရဲ့ ဧရိယာက ဧကသုံးရာ အထိ ကျယ်ဝန်းသွားခဲ့သည်။ ဧက သုံးရာဆိုသည်က အတော်လေး ကြီးမားတဲ့ လယ်ယာခြံဝင်း တစ်ခုလို့ သတ်မှတ်လို့ ရနေပြီ ဖြစ်သည်။ အဓိကကတော့ ရင်းနှီးမြှုပ်နှံမှု မလိုက်နိုင်လို့ ဖြစ်ပြီး မဟုတ်ရင် မှန်လုံအိမ် တွေ ထပ်ဆောက်ရဦးမည် ဖြစ်၏။ မှန်လုံအိမ်တွေကို စမတ် မှန်လုံအိမ်နဲ့ ရိုးရိုး မှန်လုံအိမ် ဆိုပြီး နှစ်မျိုး ခွဲခြားထားသည်။ ရိုးရိုး မှန်လုံအိမ် ဆိုတာက ဘောင်တစ်ခုနဲ့ အမိုးဖျင် တစ်ခုသာ ပါရှိပြီး အထဲမှာ ဘာမှ မရှိတာကို ဆိုလိုခြင်း ဖြစ်သည်။ ရွှီယန်က လာမယ့် ဇူလိုင် ဒါမှမဟုတ် ဩဂုတ်လ ဆောင်းဦး စိုက်ပျိုးချိန် ရောက်ရင် ရိုးရိုး မှန်လုံအိမ် အချို့ ထပ်တိုးဖို့ စဉ်းစားထားသေးသည်။ ဒါမှသာ သီးနှံ တစ်သုတ် ထပ်မံ စိုက်ပျိုး ထုတ်လုပ်နိုင်မှာ ဖြစ်သည်။

စဉ်းစားမိတာနဲ့ ချက်ချင်း လက်တွေ့ အကောင်အထည်ဖော်တော့သည်။ တန်ဖိုး ယွမ်တစ်သန်းတန် ထွန်စက်ကြီး ကို မောင်းထုတ်လာခဲ့ပြီး ဝမ်ဝူက မောင်းနှင်ကာ မြေထွန်ယက်ဖို့ တာဝန်ယူလိုက်သည်။ အနောက်ဘက်မှာ တွဲဆွဲလာတဲ့ ထွန်စက်ကိရိယာ ကြီးကလည်း အလွန် ခန့်ညားလှပြီး သွားစွယ်ကြီးတွေက မြေကြီးထဲကို ထိုးစိုက် ဖြတ်သန်းသွားတာနဲ့ မြေကြီးတွေ ချက်ချင်း လန်ထွက်လာတော့သည်။ လယ်ယာခြံဝင်း သေးသေးလေး ဆိုပေမယ့် ပေ့တားဟွမ်း ဘက်မှာ အလုပ်လုပ်နေရသလို ခံစားချက်မျိုး တကယ် ပေးစွမ်းနိုင်ပေသည်။

ထိုအချိန်မှာပင် တစ်ကီလိုမီတာခန့် အကွာရှိ ဘေးဘက်မှာတော့ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားတွေက သူတို့ တာဝန်ယူထားတဲ့ လယ်ကွက်တွေကို ကိုယ်တိုင် မြေဆွနေကြသည်။ ကိုယ့်တာဝန်ကျတဲ့ မြေကွက်ဖြစ်ပြီး ဧရိယာကလည်း သေးသေးလေးသာ ဖြစ်လို့ သေချာပေါက် ဂရုတစိုက် လုပ်ဆောင်နေကြခြင်း ဖြစ်၏။ သူတို့က အဝေးကနေ လယ်ယာခြံဝင်း ဘက်က လှုပ်ရှားမှုတွေကို လှမ်းမြင်လိုက်ရသည်။

"လခွမ်း... အဲဒါ ဘာကြီးလဲဟ"

ဝူခိုင်က ပေါက်ပြားကို မြေကြီးထဲ စိုက်ချလိုက်ပြီး လက်နှစ်ဖက်ကို ရိုးတံပေါ် တင်ကာ လယ်ယာခြံဝင်း ဘက်ကို လှမ်းကြည့်ရင်း မျက်လုံးထဲမှာ အားကျမှုတွေ အပြည့် ဖြစ်နေသည်။ ဘေးက စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား နှစ်ယောက်လည်း ဝိုင်းအုံလာကြ၏။

"ဟိုက်... အဲဒီလောက် ကြီးတဲ့ ထွန်စက်ကြီးလား... ငါတို့ ကျောင်းမှာတောင် ဒီလောက်ကြီးတာ မရှိဘူး မဟုတ်လား"

ပုံမှန်အားဖြင့် တက္ကသိုလ်တွေရဲ့ ပညာရေး အထောက်အကူပြု ပစ္စည်းတွေက အလွန် ကောင်းမွန်ပြီး စက်ပစ္စည်း ကိရိယာ အတော်များများကလည်း တန်ဖိုးကြီးမားလှပေသည်။ သို့သော် သူတို့ရဲ့ ဘွဲ့လွန်ကျောင်း ဘက်မှာတောင် ဤမျှ ကြီးမားတဲ့ ထွန်စက်ကြီး မရှိခဲ့ချေ။

"အဲဒါ အစ်ကိုယန် ရဲ့ ဟာလား... လခွမ်း... တကယ် မိုက်တာပဲကွာ"

နောက်တစ်ယောက်ကလည်း အံ့ဩတကြီး ပြောလိုက်သည်။

"တောက်... မလုပ်တော့ဘူးကွာ... ငါ ဒီမှာ ပင်ပင်ပန်းပန်းနဲ့ နှစ်နာရီလောက် လုပ်နေရတာတောင် ဒီလောက်လေးပဲ ထွန်ရသေးတယ်... ဟိုဘက်မှာကျတော့ ထွန်စက်ကြီး တစ်ခေါက် မောင်းသွားတာနဲ့ အကုန် ပြီးသွားပြီ"

အတူတူ နွေဦးစိုက်ပျိုးရေး လုပ်နေကြတာပဲ ဖြစ်သည်။ လယ်ယာခြံဝင်း ဘက်က လူတစ်ယောက်တည်း လုပ်နေတဲ့ အလုပ်က သူတို့ ကျောင်းသားတွေ တစ်ကျောင်းလုံး လုပ်တဲ့ အလုပ်ထက် ပိုများပြီး အများကြီး ပိုတွင်ကျယ်လှသည်။ မည်သို့ပင်ဖြစ်စေ တန်ဖိုး ယွမ်တစ်သန်းတန် စက်ပစ္စည်းကြီးက အဲဒီမှာ ရှိနေတာကိုး။

ရွှီယန်က အလုပ်အားနေသဖြင့် ဘေးတွင် ရပ်ကြည့်နေလိုက်သည်။ ရှောင်ဟွာ နဲ့ ခွေးလေးတွေရော ဒရယ်ပြောက်လေးပါ အနားမှာ ရှိနေကြ၏။ အားလုံးက ပွဲကြည့်နေကြခြင်း ဖြစ်သည်။

'တကယ် ကောင်းတာပဲ... ဒီမြေထွန်တဲ့ အရှိန်က တကယ်ကို မြန်တာ'

'နောက်ပိုင်း မျိုးစေ့ချတာ ရိတ်သိမ်းတာတွေ လုပ်ရင်လည်း မြန်မှာပဲ'

'ဒါပေမယ့် တန်ဖိုး တစ်သန်းတန် ပစ္စည်းဆိုတော့ သေချာလေး အသုံးချမှ ရမယ်... နောက်ပိုင်း အပြင်ထွက် အလုပ်လုပ်ဖို့ ချိတ်ဆက်ပြီး တခြားလူတွေကို သွားလုပ်ပေးရမယ်... ပိုက်ဆံနည်းနည်း ရလည်း ရသလောက်ပေါ့'

ရွှီယန်က ထွန်စက်ကြီးကို ကြည့်ရင်း စိတ်ထဲမှာ ကျေနပ်နေမိသည်။

လယ်ယာခြံဝင်း တစ်ခုလုံး ပျော်ရွှင်စရာ ကောင်းပြီး လေထုကလည်း အလွန် သာယာနေ၏။ ထိုအချိန်မှာပင် စိုက်ပျိုးရေးတက္ကသိုလ် ဘက်မှ လူတစ်ယောက် လယ်ယာခြံဝင်း ဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။ ရွှီယန်က ရှောင်ဟွာ ကို ခြံဝင်းထဲသို့ ပြန်လွှတ်လိုက်ပြီး သူကိုယ်တိုင် ထိုလူရှိရာသို့ လျှောက်သွားလိုက်သည်။

ရောက်လာသူမှာ စိုက်ပျိုးရေးတက္ကသိုလ်မှ နည်းပြဆရာ လျိုပေါ်လျန် ဖြစ်ပြီး မြက်ခင်း စိုက်ပျိုးရေးကို တာဝန်ယူထားသူ ဖြစ်သည်။ လျိုပေါ်လျန် က သူ့ကို အများကြီး ကူညီပေးခဲ့ဖူးပြီး သူတို့ နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အတော်လေး အဆင်ပြေချောမွေ့လှ၏။ စိုက်ပျိုးမယ့် မြက်စေ့တွေကိုလည်း သူကပဲ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။

"ခြံပိုင်ရှင် ရွှီ... မတွေ့ရတာ ကြာပြီနော်... မင်းရဲ့ ဒီထွန်စက်ကြီးက မဆိုးဘူးပဲ... ယွမ် တစ်သန်းလောက် တန်မှာပေါ့"

လျိုပေါ်လျန် က လယ်ကွက်ထဲမှာ မြေထွန်နေတဲ့ အကြီးစား ထွန်စက်ကြီးကို လှမ်းကြည့်ရင်း အနည်းငယ် အံ့ဩစွာဖြင့် ပြောလိုက်သည်။ ထိုစကားကို ကြားသောအခါ ရွှီယန်က ပြုံးလိုက်ပြီး

"ခုလေးတင် ဝယ်ထားတာပါ... ခြံထဲမှာ သုံးဖို့ လိုလာလို့လေ"

"ခင်ဗျားတို့ဘက်မှာ အကူအညီ လိုရင်လည်း ကျွန်တော် လာကူပေးလို့ ရတယ်နော်"

လျိုပေါ်လျန် က လက်ကာပြလိုက်ပြီး

"ကျောင်းသားတွေက သူတို့ဘာသာသူတို့ မြေထွန်ရမှာလေ... ကိုယ့်အကွက်နဲ့ကိုယ်ဆိုတော့ ဒီလိုကြီး လုပ်စရာ မလိုပါဘူး"

"မင်းတို့ ခြံက အလုပ်များတာဆိုတော့ အလုပ်ရှုပ်နေမှာပဲလေ"

ရွှီယန်က လယ်ယာခြံဝင်းရဲ့ လယ်ကွက်တွေကို လှမ်းကြည့်လိုက်သည်။

"ဒီနှစ်တော့ မြက်ခင်း နည်းနည်း ပိုစိုက်မလို့ စဉ်းစားထားတယ်... အဲဒီအချိန်ကျရင် ဆရာ့ဆီကနေ မျိုးစေ့တွေ ထပ်ယူရဦးမယ်"

ဒီလိုကိစ္စမျိုးကို လျိုပေါ်လျန် က အလွန် သဘောကျပေသည်။ ရွှီယန် စိုက်ပျိုးထားတဲ့ မြက်ခင်းတွေရဲ့ အရည်အသွေးက အလွန် ကောင်းမွန်လွန်းလှသဖြင့် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ထိုက်တန်သည် မဟုတ်ပါလား။

"ဒါက ပြဿနာ မရှိပါဘူး... မင်းအတွက် အကောင်းဆုံး မျိုးစေ့တွေချည်းပဲ သေချာပေါက် ပေးမှာပါ"

"ဒါပေမယ့် ပုံမှန်အားဖြင့် မြက်ခင်းက ရတဲ့ ဝင်ငွေက သိပ်မများပါဘူး... ဘယ်လိုဖြစ်လို့ ပိုချဲ့ဖို့ စဉ်းစားလိုက်တာလဲ"

လျိုပေါ်လျန် ၏ စကားကို ကြားသောအခါ ရွှီယန်က ပြန်ဖြေလိုက်သည်။

"ခြံထဲက တိရစ္ဆာန်လေးတွေက မြက်ခင်းပြင် ဘက်ကို တော်တော် သဘောကျကြတယ်... အဲဒီဘက်ကိုချည်းပဲ ပြေးချင်နေကြတာ... ဒါကြောင့် နည်းနည်း ပိုစိုက်ထားရင် သူတို့လည်း ပြေးလွှား ဆော့ကစားဖို့ နေရာ ပိုကျယ်သွားတာပေါ့"

"ပြီးတော့ မြက်ခင်း က ရတဲ့ ဝင်ငွေကလည်း တည်ငြိမ်ပါတယ်... ဆရာ့ အဆက်အသွယ်တွေ ကျေးဇူးကြောင့်လည်း ကျွန်တော့်ဆီမှာ အော်ဒါတွေ အများကြီး ရနေတာလေ"

လျိုပေါ်လျန် က ခေါင်းညိတ်လိုက်ပြီး

"အဲဒါ မင်း စိုက်တာ ကောင်းလို့ပါကွာ"

သူတို့ နှစ်ယောက် ဆက်လက်၍ စကားစမြည် ပြောနေလိုက်ကြသည်။

သိပ်မကြာခင်မှာပင် စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားများ အားလုံး ရောက်လာကြသည်ကို မြင်လိုက်ရ၏။ သူတို့က ရွှီယန်ကို နှုတ်ဆက်လိုက်ကြပြီးနောက် ဘေးတွင် ရပ်ကာ ထွန်စက်ကြီး မြေထွန်နေသည်ကို ကြည့်နေကြသည်။ ကြီးမားတဲ့ ထွန်စက်ကြီး ဖြစ်ပြီး အကြီးစား စက်ယန္တရား ဖြစ်သဖြင့် ကြည့်ရသည်မှာ အတော်လေး မျက်စိပသာဒ ဖြစ်လှပေသည်။

"အစ်ကိုယန် ရဲ့ ခြံကြီး ထပ်ချဲ့လိုက်ပြန်ပြီပဲ"

"ဟုတ်တယ်နော်... မှန်လုံအိမ် တွေတောင် အများကြီး ထပ်တိုးလာတယ်... အကုန်လုံးက စမတ် မှန်လုံအိမ် တွေပဲ မလား"

"အနည်းဆုံးတော့ ယွမ် တစ်သန်းလောက် ရင်းနှီးမြှုပ်နှံထားရမှာပဲ"

"ဒီလယ်ယာခြံဝင်း က တကယ်ကို မဆိုးဘူးပဲ"

ကျောင်းသားများက အဆက်မပြတ် အံ့ဩချီးကျူးနေကြတော့သည်။

ထိုအချိန်မှာပင် နောက်ထပ် စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာတစ်ယောက် လျှောက်လာပြီး ရွှီယန်၏ အရှေ့သို့ ရောက်လာခဲ့သည်။ ဤသူ၏ အမည်မှာ လီရှောင်ဟွာ ဖြစ်ပြီး စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာတစ်ယောက်ပင် ဖြစ်၏။ လီရှောင်ဟွာ က လျိုပေါ်လျန် ကို နှုတ်ဆက်လိုက်ပြီးနောက် ရွှီယန်ကို ပြောလိုက်သည်။

"ခြံပိုင်ရှင် ရွှီ... ဒီလိုပါဗျာ... နောက်အပတ်ကျရင် ကျွန်တော့်မှာ အတန်းကြီး တစ်ချိန် ရှိတယ်... တိရစ္ဆာန် သိပ္ပံ မေဂျာက ကျောင်းသားတွေကို ခေါ်ပြီး အပြင်မှာ လက်တွေ့ ကွင်းဆင်း လုပ်ရမှာလေ"

"အဲဒါ ဒီနေရာကိုပဲ ရွေးလိုက်တယ်"

"တိရစ္ဆာန် သိပ္ပံ မေဂျာ ဘက်က လူတွေက ခင်ဗျားကို တော်တော်လေး လေးစားနေကြတာ... အဲဒါ ခင်ဗျားများ အချိန်ပေးပြီး ကျောင်းသားတွေကို တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အသိပညာလေးတွေ နည်းနည်းပါးပါး လာပြောပြပေးနိုင်မလားလို့ စဉ်းစားမိလို့ပါ"

"အချိန်အများကြီး မယူပါဘူး... ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ဆိုရင် ရပါပြီ... ရိုးရိုးရှင်းရှင်းလေး ပြောပြပေးရုံပါပဲ... ဘာမှလည်း ထွေထွေထူးထူး ပြင်ဆင်စရာ မလိုပါဘူး"

လီရှောင်ဟွာ ၏ စကားကို ကြားသောအခါ ရွှီယန် အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။

'စာသင်ရမယ်...'

တိရစ္ဆာန် သိပ္ပံ ဆိုသည်မှာ တိရစ္ဆာန်နှင့် သက်ဆိုင်သော သိပ္ပံနှင့် နည်းပညာ ကောလိပ် ဖြစ်ပြီး တိရစ္ဆာန်များနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို အဓိက သင်ကြားပေးကြောင်း သူ သိရှိထား၏။ ထို့အပြင် ကျောင်းသားများကို ယုန်... ချင်ချီလာ နှင့် ဟမ်းစတား ကဲ့သို့သော တိရစ္ဆာန်များကိုလည်း မွေးမြူခိုင်းတတ်သေးသည်။ ရွှီယန်က ဤသည်မှာ ပြဿနာ မရှိလှဟု ထင်သဖြင့် ပြန်ပြောလိုက်သည်။

"ရပါတယ်... ပြဿနာ မရှိပါဘူး"

"ဒါပေမယ့် တစ်ချက်တော့ ရှိတယ်... တိရစ္ဆာန် သိပ္ပံ က ကျောင်းသားတွေ အကုန်လုံး တိရစ္ဆာန်တွေ ခေါ်လာကြမှာ မလား... ကျွန်တော့်ခြံထဲမှာတော့ စာမသင်တာ ပိုကောင်းမယ်... တိရစ္ဆာန်တွေ ထွက်ပြေးသွားရင် ပြန်ရှာရခက်မှာ စိုးလို့ပါ"

ထိုစကားကို ကြားသောအခါ လီရှောင်ဟွာ လည်း ရယ်မောလိုက်ပြီး

"ရပါတယ်... ပုံမှန်အားဖြင့် ကျွန်တော်တို့ သေချာ စည်းကမ်းချက် ထုတ်ထားမှာပါ... ပြီးတော့ စာသင်တာက နံပါတ် ၃ စိုက်ခင်း ဘက်မှာလေ"

နံပါတ် ၃ စိုက်ခင်း ဆိုသည်မှာ ဘေးဘက်ရှိ စိုက်ပျိုးရေးတက္ကသိုလ်၏ စိုက်ခင်းကို ဆိုလိုခြင်း ဖြစ်သည်။ ရွှီယန်လည်း သဘောတူလိုက်၏။ ဘာပဲဖြစ်ဖြစ် တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အသိပညာ နည်းနည်းပါးပါး ပြောပြရုံလောက်က ဘာမှ မခက်ခဲလှချေ။

'အဲဒီအချိန်ကျရင် ပန်ပီ နဲ့ ခွေးလေးတွေကို ခေါ်သွားရမယ်... မြေခွေးလေးတွေကိုပါ ခေါ်သွားလို့တောင် ရသေးတယ်...'

'ရှောင်ဟွာ ကိုတော့... ခေါ်သွားရင် သေချာပေါက် ကောင်းပေမယ့် ကျောင်းသားတွေက ဗီဒီယို ရိုက်သွားရင် ရှင်းပြရ ခက်နေလိမ့်မယ်...'

ထိုအချိန်မှာပင် ဝမ်ဝူက ထွန်စက်ကြီးကို မောင်းနှင်ကာ မြေကွက်လပ်ပေါ်တွင် ဒုန်းစိုင်း ပြေးလွှားနေ၏။ ကားအတွင်းမှ ထိုင်ခုံက အလွန် သက်သောင့်သက်သာ ရှိလှပေသည်။ သူက အပြင်ဘက်ရှိ စိုက်ပျိုးရေးတက္ကသိုလ်မှ ကျောင်းသားများနှင့် ဆရာများကို သတိထားမိလိုက်သဖြင့် ချက်ချင်းပင် ရင်ထဲ၌ အနည်းငယ် အလှပြချင်စိတ်များ ပေါ်လာခဲ့တော့သည်။ မည်သို့ပင်ဖြစ်စေ ဝမ်ဝူ ကိုယ်တိုင်ကလည်း စိုက်ပျိုးရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သူ မဟုတ်ပါလား။

သူက အားလုံး၏ အာရုံစိုက်မှုကို ခံနေရသည်ဟု ခံစားရသဖြင့် အလုပ်လုပ်ရာတွင် အထူးပင် ကြိုးစားပမ်းစား လုပ်ဆောင်နေတော့၏။ ကျောင်းသားများကလည်း အရာအားလုံးကို သိချင်နေကြသည့် အရွယ်ဖြစ်ရာ ကြည့်လေလေ ပို၍ သဘောကျလေလေပင် ဖြစ်နေကြသည်။ သိပ်မကြာခင်မှာပင် ဝမ်ဝူက ထွန်စက်ကြီးကို မောင်းနှင်လာခဲ့ပြီး ကားပေါ်မှ ဆင်းကာ ရွှီယန်ကို နှုတ်ဆက်လိုက်သည်။

"သူဌေး... အကုန် ထွန်ပြီးသွားပြီ"

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီ... လောလောဆယ် မြေကို ဒီအတိုင်းပဲ အရင် ဆွထားလိုက်... နောက်နှစ်ရက် သုံးရက်နေရင် မျိုးစေ့ချဖို့ ပြင်ကြတာပေါ့"

ဝမ်ဝူက အခြားသူများကို လာရောက် နှုတ်ဆက်လိုက်သေး၏။

ယခင်က လယ်ယာခြံဝင်းတွင် လူအနည်းငယ်သာ ရှိသဖြင့် အတော်လေး ခြောက်ကပ်ကပ် နိုင်လှသည်။ ယနေ့တွင်တော့ အလွန် စည်ကားနေပြီး အားလုံး၏ ရယ်မော စကားပြောသံများက အဆက်မပြတ် ထွက်ပေါ်နေ၏။

တစ်နှစ်တာအတွက် အရေးအကြီးဆုံးက နွေဦးရာသီပင် ဖြစ်သည်။ နှစ်သစ် တစ်နှစ် ထပ်မံ စတင်ပြီ ဖြစ်ရာ အလုပ်တွေ စလုပ်ရမည့် အချိန် ရောက်ပြီ ဖြစ်ပေသည်။

All Chapters