← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း (၂၁၀) အဲဒါက ကျွန်တော် မြင်ဖူးသမျှထဲမှာ အမြန်ဆုံးပြေးတဲ့ ဝက်ပဲ... ဒုတိယတောင် မရှိဘူး

လယ်ယာခြံဝင်း၏ လုပ်ငန်းများက စနစ်တကျ တိုးတက်ပြောင်းလဲလာခဲ့သည်။

အသစ်တည်ဆောက်ထားသော မှန်လုံအိမ် ခြောက်လုံးအနက် လေးလုံးတွင် ဘလူးဘယ်ရီများ စိုက်ပျိုးထားပြီး ကျန်နှစ်လုံးတွင်တော့ ချယ်ရီများ စိုက်ပျိုးထား၏။

ချယ်ရီများမှာ ဆောင်းတွင်းဘက်တွင် ရွှီယန် တောင်ထဲဝင်၍ တာဝန်လုပ်ဆောင်ရာမှ ရရှိခဲ့သော ဆုလာဘ်များ ဖြစ်ပေသည်။

ရှည်လျားလှသော ဆောင်းရာသီတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ အကြိမ်အရေအတွက် ပြည့်သွားတိုင်း ရွှီယန်က လယ်ယာခြံဝင်း အနောက်ဘက်ရှိ တောင်တန်းများပေါ်သို့ သွားကာ ရိုးရှင်းသော ရတနာရှာဖွေရေး တာဝန်များကို လုပ်ဆောင်လေ့ရှိသည်။

ထို့ကြောင့် သူက ဆုလာဘ် အချို့ကိုလည်း ရရှိခဲ့ခြင်း ဖြစ်၏။ ယခုအခါ လယ်ယာခြံဝင်း၏ ထွက်ကုန်များက အမှန်တကယ်ပင် ပေါကြွယ်ဝနေပြီ ဖြစ်သည်။

မျိုးစုံသော စိုက်ပျိုးသီးနှံများကိုလည်း စနစ်တကျ စိုက်ပျိုးထား၏။

လူနေဆောင်၏ ဘေးဘက်တွင်တော့ ဟင်းသီးဟင်းရွက် စိုက်ခင်း တစ်ခု ရှိပြီး ထိုအထဲတွင် ခရမ်းချဉ်သီး... ငရုတ်သီး... ကြက်သွန်မြိတ်... ဂျူးမြစ် နှင့် နံနံပင် တို့ကို စိုက်ပျိုးထားသည်။

ဤသည်မှာ လယ်ယာခြံဝင်းမှ လူများ စားသုံးရန်အတွက် ဖြစ်၏။ ဤမျှ ကျယ်ဝန်းသော လယ်ကွက်များ ရှိနေသဖြင့် စားချင်သည်များကို စိုက်ပျိုးထားလိုက်ရုံဖြင့် ဟင်းသီးဟင်းရွက်များ သွားဝယ်ရန်ပင် မလိုအပ်တော့ချေ။

ရွှီယန်၏ နေ့စဉ် အဓိက တာဝန်မှာ လယ်ယာခြံဝင်း အတွင်း လှည့်လည်သွားလာရန်သာ ဖြစ်သည်။

အင်တာနက်သုံးစွဲသူများ၏ သူ့အပေါ် မှတ်ချက်ပြုမှုက အလွန် တိကျလှပေသည်။ ချန်ပိုင်တောင်တန်း၏ နံပါတ်တစ် လမ်းသရဲကြီး ပင်။ လယ်ယာခြံဝင်း၏ ကိစ္စ အရပ်ရပ်ကို သူက လိုက်လံ ကြည့်ရှု ကြီးကြပ်ရသည်။

အဆိုပါနေ့တွင်တော့ ရွှီယန်က အလုပ်အားနေသဖြင့် မွေးမြူရေးခြံသို့ သွားကာ ဝက်ပေါက်လေးများ သွားဝယ်ခဲ့၏။

ယမန်နှစ်က ဝက်မွေးမြူခြင်းဖြင့် ငွေအနည်းငယ် မြတ်စွန်းခဲ့ရာ ဝက်သားဈေးကွက်၏ အလားအလာက အတော်လေး ကောင်းမွန်နေဆဲ ဖြစ်ကြောင်း သိသာလှပေသည်။

ကျေးလက်ဒေသများတွင် ဝက်မွေး၍ ချမ်းသာလာသည် ဟူသော စကားမှာလည်း အလကား သက်သက် ပြောနေကြခြင်း မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် လိုက်ဖ်လွှင့်ခြင်းကိုလည်း ဖွင့်ထားပြီး ခေါင်းစဉ်ကိုတော့ လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝ... ဝက်ပေါက်လေးများ ဝယ်ခြင်း ဟု ပေးထားသည်။

ရွှီယန်က ဒီဇယ် သုံးဘီးဆိုင်ကယ်ကို ကိုယ်တိုင် မောင်းနှင်ကာ မွေးမြူရေးခြံသို့ သွားရောက်ပြီး ဝက်ပေါက်လေး အကောင် ၅၀ ကို ရွေးချယ် ဝယ်ယူခဲ့၏။

ဝက်ခြံကိုလည်း ထပ်မံ တိုးချဲ့ထားပြီး ယမန်နှစ်က မွေးမြူရေး အတွေ့အကြုံများလည်း ရှိနေပြီဖြစ်ရာ ယခုနှစ်တွင် ပိုမို မွေးမြူရန် ပြဿနာ မရှိလှချေ။

ကြက် ဘဲ ငန်း များနှင့် ပတ်သက်၍မူ ရွှီယန်က ယခုနှစ်တွင် ငန်းများကိုသာ မွေးမြူရန် ရည်ရွယ်ထားသည်။

ကြက်သားက စားရသည်မှာ အလွန် အရသာရှိသော်လည်း ကြက်မွေးမြူသူ အလွန် များပြားသဖြင့် ဈေးနှုန်းကတော့ ထိုမျှလောက် မမြင့်မားလှပေ။ ဘဲများကလည်း ထိုနည်းတူပင် ဖြစ်၏။

မွေးမြူရေးခြံ အကြီးကြီးများက တစ်ကြိမ်လျှင် အကောင်ရေ ထောင်သောင်းချီ၍ မွေးမြူနိုင်ကြသဖြင့် တစ်ပိုင်တစ်နိုင် မွေးမြူသူများ အနေဖြင့် ငွေများများစားစား မမြတ်နိုင်ကြချေ။

ငန်းများကတော့ အဆင်ပြေလှသည်။ အကောင် ၃၀ ခန့် မွေးမြူလိုက်ပြီး လယ်ယာခြံဝင်း ငန်းဂိုဏ်း တစ်ခု ဖွဲ့စည်းလိုက်မည် ဖြစ်၏။

ယနေ့၏ လိုက်ဖ်လွှင့်မှုက အလွန် ပေါ့ပါး ပျော်ရွှင်စရာ ကောင်းလှပြီး မွေးမြူရေးခြံမှ ဝက်ပေါက်လေးများ၏ မြင်ကွင်းကို ရိုက်ကူးပြသရာ အားလုံးကလည်း ပျော်ရွှင်စွာ ကြည့်ရှုခဲ့ကြသည်။

လယ်ယာခြံဝင်းသို့ ပြန်ရောက်လာချိန်အထိပင်။

ဒရုန်းက အထက်မှ ရိုက်ကူးနေပြီး ဝန်ထမ်းများက ဝက်ပေါက်လေးများကို ဝက်ခြံထဲသို့ စတင် ပွေ့ချီ ထည့်သွင်းနေကြသည်။

ထိုအချိန်မှာပင် တစ်ကိုယ်လုံး ပန်းရောင်ရှိပြီး ခန္ဓာကိုယ်ပေါ်တွင် အသည်းနှလုံးပုံစံ အမည်းရောင် အပြောက်လေး ပါရှိသော ဝက်ပေါက်လေး တစ်ကောင်က ကားပေါ်မှ ရုတ်တရက် ခုန်ဆင်းသွားခဲ့၏။

ဤဝက်ပေါက်လေးကို ရွှီယန်က မွေးမြူရေးခြံတွင် ကတည်းက သတိထားမိခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အမည်းရောင် အပြောက်လေးက အလွန် ထူးခြားပြီး အသည်းနှလုံး ပုံစံလေး ကွက်တိ ဖြစ်နေသောကြောင့်ပင်။

ဤကောင်လေး ခုန်ဆင်းသွားချိန်တွင် ၎င်း၏ လှုပ်ရှားမှုများက အတော်လေး သွက်လက်နေသေး၏။

[လောင်ရွှီ... ဝက်လေး တစ်ကောင် ကားပေါ်က ခုန်ဆင်းသွားတယ်]

[ဝက်လေး ခုန်ဆင်းသွားပြီဟေ့]

စေတနာကောင်းသော အင်တာနက်သုံးစွဲသူများက သတိပေးလိုက်ကြသည်။

ရွှီယန်က ကွန်မန့်များကို မမြင်လိုက်ရသော်လည်း ခုန်ဆင်းသွားသော ဝက်ပေါက်လေးကို သူ သတိထားမိလိုက်သည်။

ယခုအချိန်တွင် ဝန်ထမ်းများနှင့် တိရစ္ဆာန်များ အားလုံး ထိုနေရာတွင် ရှိနေကြ၏။

ခွေး နှစ်ကောင်... ကျားသစ်လေး နှင့် ဒရယ်ပြောက်လေး တို့ကလည်း ဘေးတွင် ဆော့ကစားနေကြသည်။ ဝမ်ဝူက ဝက်ပေါက်လေး ခုန်ဆင်းသွားသည်ကို မြင်သောအခါ ဖမ်းရန် ချက်ချင်း ပြေးသွားလိုက်သည်။

သို့သော် ဤဝက်ပေါက်လေးက အလွန် သွက်လက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။ ၎င်းက လှည့်ကာ လယ်ယာခြံဝင်း၏ အတွင်းပိုင်းသို့ တောက်လျှောက် ပြေးဝင်သွားတော့၏။

"ဟေး... ဝက်လေး ပြေးသွားပြီ... ပြေးသွားပြီကွ"

ဝမ်ဝူက အလျင်အမြန် လိုက်လံ ဖမ်းဆီးတော့သည်။ ရွှီယန်လည်း ဤအခြေအနေကို မြင်သောအခါ ဖမ်းရန် ပြေးသွားလိုက်၏။

မြင်ကွင်းက ချက်ချင်းပင် ပွက်လောရိုက်သွားတော့သည်။ သို့သော် ဇာတ်လမ်းက ယခုမှ စတင်ခြင်းသာ ဖြစ်ပေသည်။

ဤဝက်ပေါက်လေး၏ အမြန်နှုန်းက တကယ်ကို ထင်မှတ်မထားလောက်အောင်ပင် ဖြစ်၏။

၎င်း၏ ဝက်ခြေထောက် လေးချောင်းက အလွန် လျင်မြန်စွာ လှုပ်ရှားနေပြီး လေထဲသို့ ပျံတက်သွားတော့မည့် အတိုင်းပင်။ ဝက်ခြေထောက်များ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် မြေကြီးများ လွင့်စင်လာသည်ကို မြင်တွေ့လိုက်ရသည်။

"လခွမ်း"

ဝမ်ဝူမှာ လိုက်လေလေ အကွာအဝေးက ပိုဝေးလေလေ ဖြစ်နေသည်ကို မြင်သောအခါ လူပင် ထုံထိုင်းသွားတော့၏။

'ငါက ဝက်ပေါက်လေး တစ်ကောင်ကိုတောင် အမီ မလိုက်နိုင်ဘူးလား'

ရွှီယန်၏ အမြန်နှုန်းက ဝမ်ဝူထက် အများကြီး ပိုမြန်လှပေသည်။ သူက ဝှီးခနဲ အသံနှင့်အတူ ဝမ်ဝူ၏ ဘေးမှ ဖြတ်ပြေးသွားခဲ့၏။

ဒရုန်းကလည်း အလိုအလျောက် နောက်ယောင်ခံ လိုက်သည့် စနစ်ကို ဖွင့်ထားသဖြင့် အနောက်မှ လိုက်ပါလာကာ ဤမြင်ကွင်းကို ရိုက်ကူးနေသည်။

အင်တာနက်သုံးစွဲသူများက အရှေ့တွင် ဝက်ပေါက်လေး တစ်ကောင် အပြင်းအထန် ပြေးလွှားနေပြီး ရွှီယန်က အနောက်မှ အမြန် လိုက်လံ ဖမ်းဆီးနေသည်ကို မြင်တွေ့နေရ၏။

လူတစ်ယောက်နှင့် ဝက်တစ်ကောင်တို့၏ အမြန်နှုန်းက အလွန် မြန်ဆန်လှပေသည်။

ရွှီယန်လည်း အနည်းငယ် ကြောင်အမ်းသွားခဲ့၏။

ဤဝက်ပေါက်လေး ပြေးသည်က အလွန် မြန်လွန်းနေသည်။

"လခွမ်း... ဒီလောက် မြန်တာ ဖင်ထဲမှာ မော်တာများ တပ်ထားလို့လား"

ရွှီယန်က မနေနိုင်ဘဲ ညည်းတွားလိုက်၏။

သူက အနွေးဘောင်းဘီနှင့် ဂွမ်းအင်္ကျီကို ဝတ်ဆင်ထားဆဲ ဖြစ်သဖြင့် လှုပ်ရှားမှုများက ထိုမျှလောက် မသွက်လက်လှချေ။

အကွာအဝေး တစ်ခုအထိ အပြင်းအထန် ပြေးလိုက်ပြီးနောက် ဝက်ပေါက်လေးက ပို၍ပို၍ ဝေးကွာသွားသည်ကို မြင်သောအခါ ရွှီယန်ပင် ဘာလုပ်ရမှန်း မသိတော့အောင် ဖြစ်သွားခဲ့ရ၏။

ဤမြင်ကွင်းက အလွန် စိတ်ဝင်စားစရာ ကောင်းလွန်းလှသဖြင့် အင်တာနက်သုံးစွဲသူများ အားလုံး အော်ဟစ် ရယ်မောနေကြပြီး လိုက်ဖ်ထဲတွင်လည်း လုံးဝ ပွက်လောရိုက်သွားတော့သည်။

[ဟားဟားဟား... လောင်ရွှီ က ဝက်တစ်ကောင်တောင် မမီတော့ပါလား]

[ဒီဝက်လေးက ငါ့ကိုတောင် ကြောင်သွားစေတယ်... ဒီလောက်တောင် မြန်တာလား]

[ငယ်ငယ်လေး ကတည်းက အကြမ်းပတမ်း ဝင်တိုက်တဲ့ စွမ်းရည်တွေ နိုးထနေပြီပဲ]

[ဒါက ဝက်ပျံ လား]

[လောင်ရွှီ... မင်း ဖမ်းမိအောင် ဖမ်းလေကွာ]

ဤဝက်ပေါက်လေးက လမ်းကွေ့ခြင်းလည်း မရှိဘဲ အပြင်ဘက်သို့သာ တည့်တည့် မတ်မတ် ပြေးထွက်နေ၏။

ရွှီယန်လည်း အနည်းငယ် ဒေါသထွက်လာပြီး သူ၏ ပြေးနှုန်းကို ချက်ချင်း မြှင့်တင်လိုက်သည်။

လူတစ်ယောက်နှင့် ဝက်တစ်ကောင်တို့၏ အနောက်ဘက်တွင်တော့ ဝန်ထမ်းများက ဤမြင်ကွင်းကို ကြည့်ကာ မျက်လုံးပြူး မျက်ဆန်ကြောင် ဖြစ်နေကြ၏။

ခွေး နှစ်ကောင်ကလည်း ဘေးတွင် ဆော့ကစားနေကြပြီး ဤဘက်ကို ဂရုမစိုက်မိကြချေ။ သူတို့ ဤဘက်ရှိ အခြေအနေကို သတိထားမိသွားချိန်တွင်တော့ ရွှီယန်နှင့် ဝက်ပန်းရောင်လေး တို့က အတော်လေး ဝေးကွာသော နေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မာလီနွိုက်ခွေးက ချက်ချင်း ပြေးထွက်သွားပြီး ကြည့်ရသည်မှာ ရွှီယန်ကို ကူညီ ဖမ်းဆီးပေးရန် ရည်ရွယ်ထားပုံရသည်။

ရှောင်ဟွာ ကတော့ ခေါင်းပြူထွက်ကာ လှမ်းကြည့်နေပြီး ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေ၏။

ရွှီယန်က အမြန်နှုန်းကို မြှင့်တင်လိုက်သဖြင့် ဝက်ပေါက်လေးနှင့် အကွာအဝေးက ပို၍ပို၍ နီးကပ်လာခဲ့သည်။

သို့သော် ဤဝက်ပေါက်လေးက အမြဲတမ်း မျဉ်းဖြောင့် အတိုင်းသာ ပြေးနေပြီး လမ်းကွေ့ရန်ပင် မစဉ်းစားချေ။

ရွှီယန် ဝက်ပေါက်လေးကို ဖမ်းမိတော့မည့် အချိန်မှာပင် အရှေ့ဘက်တွင် လယ်ယာခြံဝင်း၏ ခြံစည်းရိုးက ရုတ်တရက် ပေါ်လာခဲ့သည်။

ခြံစည်းရိုးက အမြင့် တစ်မီတာခွဲခန့် ရှိပြီး အတော်လေး မြင့်မားပေသည်။

ရွှီယန်က ၎င်းကို မြင်သော်လည်း အရှိန်ကို နည်းနည်းလေးမျှ လျှော့မချခဲ့ချေ။

သူက ဤဝက်ပန်းရောင်လေးကို မရရအောင် ပြန်ဖမ်းရန် ရည်ရွယ်ထား၏။

ခြံစည်းရိုး အောက်ဘက်တွင် အဟွာလေး ရှိနေသဖြင့် ဝက်ပန်းရောင်လေး၏ အမြန်နှုန်းကို နည်းနည်းလေးမျှ အဟန့်အတား မဖြစ်စေခဲ့ပေ။

ရွှီယန်က ပို၍ပင် ရဲရင့်လှသည်။ သူက ခြံစည်းရိုး အနားသို့ ကပ်သွားချိန်တွင် အထက်သို့ တစ်ချက် ခုန်တက်လိုက်၏။

ထို့နောက် လေထဲတွင် ခန္ဓာကိုယ်ကို တစ်ပတ် လှည့်လိုက်ပြီး ပို၍ မြင့်မားစွာ ခုန်နိုင်စေရန် ပြုလုပ်လိုက်ကာ မြေကြီးပေါ်သို့ တည်ငြိမ်စွာ ပြန်လည် ကျဆင်းလာခဲ့သည်။ အဲဒီနောက် ဝက်ပန်းရောင်လေး ရှိရာသို့ ဆက်လက် လိုက်လံ ဖမ်းဆီးတော့၏။

ဤမြင်ကွင်းကို အင်တာနက်သုံးစွဲသူများ အားလုံး မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ကြရသည်။

အားလုံးက ချက်ချင်းပင် မျက်လုံးပြူး မျက်ဆန်ကြောင် ဖြစ်သွားကြပြီး လူတစ်ကိုယ်လုံးပင် ကြောင်အမ်းသွားတော့၏။

'ခုနက ဟာက ဘာကြီးလဲ'

'သူက ဒီအတိုင်းကြီး ပျံကျော်သွားတာလား'

ပြေးနှုန်းက အလွန် မြန်ဆန်လွန်းသဖြင့် အရှိန်အဟုန်ကြောင့် သူ ကန့်လန့်ဖြတ် ရွေ့လျားသွားသည့် အကွာအဝေးက အတော်လေး ဝေးကွာသွားကာ ကြည့်ရသည်မှာ တကယ်ပင် ပျံသန်းသွားသည့် ခံစားချက်မျိုး ပေးစွမ်းနေပေသည်။

တကယ်ကို အဓိပ္ပာယ် မရှိလောက်အောင်ပင် ဖြစ်၏။

ရွှီယန်က မြေကြီးပေါ် ကျပြီးနောက် ဆက်လက် လိုက်လံ ဖမ်းဆီးခဲ့ပြီး ဤထွက်ပြေးနေသော ဝက်ပေါက်လေးကို မရရအောင် ဖမ်းမည်ဟု ဆုံးဖြတ်ထားသည်။

ဝက်ပေါက်လေးက ထိတ်လန့်တကြား ထွက်ပြေးနေစဉ်အတွင်း အနောက်သို့ တစ်ချက် လှမ်းကြည့်လိုက်ရာ ရွှီယန် ရှိနေဆဲ ဖြစ်သည်ကို မြင်သောအခါ လန့်သွားပြီး သနားစရာ ကောင်းလောက်အောင် အော်ဟစ်လိုက်ကာ အွီအွီ ဟု အော်မြည်ရင်း အရှေ့သို့ ဆက်လက် ပြေးသွားတော့၏။

လိုက်ဖ်ထဲရှိ အခြေအနေများက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

[ဝက်လေး... မြန်မြန်ပြေး... မိစ္ဆာဘုရင်ကြီး လက်ထဲကနေ မရရအောင် လွတ်အောင် ပြေးနော်]

[ဝက်လေး ကြိုးစားပါကွာ]

[ဆိုးယုတ်တဲ့ လယ်ယာခြံဝင်း ပိုင်ရှင်ကြီး ဖမ်းသွားတာကို မခံရစေနဲ့နော်]

[မြန်မြန်ပြေး... မဟုတ်ရင် အသတ်ခံရတော့မယ်]

အင်တာနက်သုံးစွဲသူများ အားလုံးက ဝက်ပေါက်လေးကို အားပေးနေကြ၏။ လူတစ်ယောက်က စတင် ရေးသားလိုက်သည်နှင့် အခြားလူများစွာကလည်း လိုက်လံ ရေးသားကြကာ အားလုံးက ဆိုးယုတ်သော လယ်ယာခြံဝင်း ပိုင်ရှင်ကြီး ဝက်ကလေးကို သတ်တော့မည့် ဇာတ်လမ်းထဲသို့ အလိုအလျောက် မျောပါသွားကြတော့သည်။

ဝက်ပေါက်လေး၏ အမြန်နှုန်းက သိသိသာသာ လျော့ကျသွားခဲ့၏။

သို့သော် ထိုအချိန်မှာပင် ဘေးရှိ ချုံပုတ်များထဲမှ တစ်ကိုယ်လုံး နက်မှောင်နေသော တောဝက်ကြီး တစ်ကောင်နှင့် အညိုရောင် တောဝက်ပေါက်လေး ရှစ်ကောင် ကိုးကောင်ခန့် ရုတ်တရက် ခုန်ထွက်လာခဲ့သည်။

"လခွမ်း"

ရွှီယန် အနည်းငယ် အံ့ဩသွားပြီး အမြန်နှုန်းကို ချက်ချင်း လျှော့ချလိုက်၏။ ဤတောဝက်ကြီးက တစ်ကိုယ်လုံး အမည်းရောင် အမွေးများ ရှိနေပြီး ကြည့်ရသည်မှာ ရန်စ၍ ရမည့်ပုံ မပေါ်ချေ။

ထိုတောဝက်ပေါက်လေး များကတော့ အတော်လေး ချစ်စရာ ကောင်းနေကြပြီး တစ်ကောင်ချင်းစီက ဖရုံစေ့လေးများ ကဲ့သို့ပင် အရောင်အသွေးကလည်း အတော်လေး တောက်ပနေပေသည်။

နို့တိုက်သတ္တဝါများက ငယ်ရွယ်စဉ် အချိန်တွင်တော့ ရုပ်ထွက် အတော်လေး ကောင်းမွန်ကြသည်မှာ အမှန်ပင်။

တောဝက်များကလည်း ထိုနည်းတူပင် ဖြစ်၏။

မည်သို့ ဖြစ်သွားသည် မသိ... ကြီးလာချိန်တွင်တော့ တောဝက်များက အလွန် အရုပ်ဆိုး အကျည်းတန် သွားတတ်ကြသည်။

တောဝက် ပေါ်လာခြင်းက ရွှီယန်၏ အမြန်နှုန်းကို လျော့ကျသွားစေခဲ့သည်။ ဤသို့ အနှောင့်အယှက် ဖြစ်သွားသဖြင့် ဝက်ပန်းရောင်လေးက ချက်ချင်းပင် အဝေးသို့ ပြေးထွက်သွားပြီး လုံးဝ အမီ မလိုက်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားတော့၏။

တောဝက်ကြီး နှင့် တောဝက်ပေါက်လေး များကလည်း အလောတကြီး တောင်ထဲသို့ ပြေးဝင်သွားကြသည်။

"တကယ်ကြီး လွတ်သွားတာပဲ... ဒီကောင်လေးက ဒီလောက်တောင် ပြေးနိုင်တာလား"

"အိမ်မွေးဝက် က ဒီလောက် မြန်မြန် ပြေးနိုင်တာလား"

ရွှီယန်က အမောတကော အသက်ရှူရင်း သက်ပြင်းချကာ ပြောလိုက်၏။

ဤကဲ့သို့သော ဇာတ်သိမ်းကို မြင်သောအခါ လိုက်ဖ်ထဲရှိ အင်တာနက်သုံးစွဲသူများက ချက်ချင်းပင် ပွက်လောရိုက်သွားကြတော့သည်။

[ဝက်လေး ကြိုးစား... အရမ်း တော်တာပဲ]

[ဟားဟားဟား... တကယ်ကြီး လိုက်မမီတော့ဘူးလား]

[ဒီဝက်လေးက တကယ် အစွမ်းထက်တာပဲ]

[ငါ မင်းကို အမြဲတမ်း အစ်ကိုယန် လို့ ခေါ်ခဲ့တာလေ... အခုတော့ ဒီနေ့ လောင်ရွှီ လို့ပဲ ခေါ်တော့မယ်]

[ဒီတောဝက်ကြီးက ငါ့ကို လန့်သွားစေတာပဲ... တောဝက် ကတော့ လောင်ရွှီ ရဲ့ တစ်သက်တာ ရန်သူတော်ကြီး ဖြစ်ဖို့ ထိုက်တန်တယ်]

ရွှီယန်က ဝက်ပေါက်လေး တောင်ထဲ ပြေးဝင်သွားသည်ကို လှမ်းကြည့်နေလိုက်၏။

သူက ခေါင်းခါယမ်းလိုက်ပြီး

"တောင်ထဲက ပတ်ဝန်းကျင်က အရမ်း ကြမ်းတမ်းတယ်... ကျားသစ် တွေ ကျား တွေကို အသာထားဦး... မြေခွေး တွေ တောကြောင် တွေကတောင် တောဝက်ပေါက်လေး တွေကို အမဲလိုက်ကြတာလေ"

"အဲဒီ အိမ်မွေးဝက် လေး တောင်ထဲ ဝင်သွားရင် အသက်ရှင်ဖို့ မလွယ်လောက်ဘူး"

"ထားလိုက်ပါတော့လေ... ပျောက်သွားမှတော့လည်း ပျောက်သွားပါစေ... သူ လွတ်လပ်ချင်ရင်လည်း ပေးလိုက်ရုံပေါ့"

ထိုအချိန်မှာပင် မာလီနွိုက်ခွေး ယွမ်ပေါင် က နောက်ကျမှ ရောက်လာခဲ့သည်။

၎င်းက ခုနက ဆော့ကစားနေသဖြင့် ဤဘက်ရှိ အခြေအနေကို သတိမထားမိခဲ့ချေ။ မဟုတ်ပါက ၎င်း၏ အမြန်နှုန်းဖြင့်ဆိုလျှင် ဝက်ပေါက်လေးကို အမီလိုက်ရန် ပြဿနာ မရှိလှပေ။

ခြေလေးချောင်းဖြင့် ပြေးသည်က ခြေနှစ်ချောင်းဖြင့် ပြေးသည်ထက် ပိုမြန်သည် မဟုတ်ပါလား။

"ယွမ်ပေါင်... ဆက်မလိုက်နဲ့တော့"

"ပြန်လာခဲ့... တောဝက် တွေ ရှိတယ်ဟ"

ရွှီယန်က မာလီနွိုက်ခွေး အပြင်သို့ ဆက်ပြေးနေသည်ကို မြင်သောအခါ အလျင်အမြန် လှမ်းအော်လိုက်၏။ ရွှီယန်၏ စကားကို ကြားမှသာ မာလီနွိုက်ခွေးက ရပ်တန့်သွားတော့သည်။

ရွှီယန်က ၎င်းကို ခေါ်ကာ အနောက်သို့ ပြန်လှည့်လာခဲ့၏။

လယ်ယာခြံဝင်းတွင် ပျော်ရွှင်စရာများ အများအပြား ရှိပြီး ထင်မှတ်မထားသော ကိစ္စများ အမြဲတမ်း ဖြစ်ပေါ်တတ်ပေသည်။

ဤကိစ္စက အလွန် စိတ်ဝင်စားစရာ ကောင်းလှပြီး သံသယ ဖြစ်စရာ မလိုဘဲ အခြားသော မီဒီယာ အကောင့်များစွာက ဖြတ်တောက် တည်းဖြတ်ကာ တင်ကြဦးမည်သာ ဖြစ်သည်။ ယခုအခါ ရွှီယန်၏ လိုက်ဖ် ဗီဒီယိုများကို သီးသန့် ဖြတ်တောက် တည်းဖြတ် တင်ဆက်နေသော အကောင့် အချို့ ရှိနေပြီး ပရိသတ် အရေအတွက်ကလည်း မနည်းလှချေ။

တကယ်ကို နာမည်ကြီးနေပြီ ဖြစ်၏။ ရွှီယန် ဝက်လိုက်ဖမ်းသည့် ဗီဒီယိုက အင်တာနက်ပေါ်တွင် ထပ်မံ၍ ဆွေးနွေး ငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့ပြန်သည်။

သိပ်မကြာခင်မှာပင် ရွှီယန်က ဝက်ခြံ ဘေးသို့ ပြန်ရောက်လာခဲ့၏။

သုံးဘီးဆိုင်ကယ်ပေါ်ရှိ ဝက်ပေါက်လေးများ အားလုံးကို ဝက်ခြံထဲသို့ ထည့်သွင်းပြီးသွားပြီဖြစ်ကာ သူတို့က ဝက်စာများကိုပင် စတင် စားသောက်နေကြပြီ ဖြစ်သည်။

ဝမ်ဝူက ရွှီယန် ပြန်ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း ပြောလိုက်သည်။

"သူဌေး... အဲဒီဝက်က ပုံမှန် မဟုတ်ဘူး... သူက ကျွန်တော် မြင်ဖူးသမျှထဲမှာ အမြန်ဆုံးပြေးတဲ့ ဝက်ပဲ... ဒုတိယတောင် မရှိဘူး... အရမ်း ချဲ့ကားလွန်းတယ်ဗျာ"

"ဝှီးခနဲ နေရော ပျောက်သွားတာပဲ... လေထဲတောင် ပျံသွားသလိုပဲ"

"ဒါ အိမ်မွေးဝက် မှ မဟုတ်တာ... သူ အထူး လေ့ကျင့်မှုတွေ ခံယူထားတယ်လို့ ပြောရင်တောင် ကျွန်တော် ယုံတယ်"

"ယူစိန်ဘို့ ဝက်ဗားရှင်းပဲကွာ"

ဝမ်ဝူ၏ မျက်နှာတွင် သက်ပြင်းချချင်စရာများ အပြည့်ဖြစ်နေ၏။ သူ ခုနက ဝက်ကို လိုက်ဖမ်းချင်ခဲ့သော်လည်း မီတာအနည်းငယ်ခန့် ပြေးပြီးနောက် ဝက်က သူ့ကို ဖြတ်ကျော် သွားသည်ကို တွေ့လိုက်ရသည်။ ဝက်အမြီးကိုပင် မမြင်လိုက်ရလုနီးပါး ဖြစ်သွားခဲ့၏။

ရွှီယန်က ခေါင်းညိတ်လိုက်ပြီး

"တကယ်ကို နည်းနည်း အဓိပ္ပာယ် မရှိလောက်အောင်ပါပဲ"

"ငါလည်း မထင်ထားဘူးလေ"

သူတို့ နှစ်ယောက်က ဆင်ခြေပေးနေခြင်း မဟုတ်ဘဲ ဝက်ပေါက်လေး ပြေးသည်က အမှန်တကယ်ပင် မြန်ဆန်လွန်းနေသောကြောင့် ဖြစ်၏။

"ပြေးသွားရင်လည်း ပြေးသွားပါစေ... ဝက်ပေါက်လေး တစ်ကောင်က ပိုက်ဆံ ဘယ်လောက်မှ မတန်ပါဘူး... တောထဲ ဝင်သွားရင်လည်း အသက်ရှင်မှာ မဟုတ်တော့ နည်းနည်းတော့ နှမြောစရာပေါ့"

"သူ့သဘောတိုင်းပါပဲလေ"

ရွှီယန်က ထပ်ပြောလိုက်၏။

သူက ဝက်ခြံ အနားသို့ လျှောက်သွားကာ နံရံဘေးတွင် ရပ်ပြီး အထဲတွင် ဝက်စာ စားနေသော ဝက်ပေါက်လေးများကို ကြည့်နေလိုက်သည်။

ရွှီယန်၏ ရင်ထဲတွင် စကားတစ်ခွန်း ပေါ်လာခဲ့၏။

'ချုပ်နှောင်ထားလို့ မရနိုင်တဲ့ ဝက်တစ်ကောင် ရှိတယ်... ဘာလို့လဲဆိုတော့ သူ့ရဲ့ ဝက်သား တစ်တုံးချင်းစီတိုင်းက လွတ်လပ်ခြင်းရဲ့ အလင်းရောင်တွေ တောက်ပနေလို့ပဲ’

All Chapters