အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း ၁၀၂
“ဂူး...”
“အန်း...”
ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့သည် တစ်ပြိုင်နက်တည်း ခေါင်းလှည့်ကာ ကျန်းဟန်ကို ကြည့်လိုက်ကြသည်။
“ဟုတ်တယ်။ မင်းတို့ ကြားတာ မမှားဘူး။ အခုကစပြီး မင်းတို့နှစ်ကောင် အခန်းကဏ္ဍချင်း လဲရမယ်။ ဟုတ်ဟုတ်က နောက်ပိုင်း ငါနဲ့အတူ သာမန်တိုက်ပွဲတွေမှာ လိုက်ပါမယ်။ ပိုင်လင်းကတော့ ငါ့ရဲ့ ဝှက်ဖဲအဖြစ် ပုန်းအောင်းနေရမယ်။”
ကျန်းဟန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
အခြားနည်းလမ်းမရှိပေ။ လောလောဆယ်တွင် ဤသည်မှာ တစ်ခုတည်းသော ရွေးချယ်မှုသာ ဖြစ်သည်။
ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့သည် တစ်ကောင်ကိုတစ်ကောင် အပြန်အလှန် ကြည့်လိုက်ကြပြီး ဤအစီအစဉ်အပေါ် ကြီးကြီးမားမား ကန့်ကွက်ခြင်း မရှိကြပေ။
ဟုတ်ဟုတ်မှာမူ ကျန်းဟန်ကို တိုက်ပွဲထဲတွင် ထွက်၍ ဦးဆောင်ညွှန်ကြားပေးချင်နေသည်မှာ ကြာပြီဖြစ်သည်။ ကျန်းဟန်သည် သူ့ကို ဘာလုံခြုံမှုမှ မပေးနိုင်ဘဲ အမြဲတမ်း စိတ်လိုက်မာန်ပါ လုပ်လွန်းလှသည်။
“ဒါဆို သွားကြစို့။ လောလောဆယ်တော့ မင်းတို့နှစ်ကောင်လုံး သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲ ပြန်ဝင်ကြဦး။”
ကျန်းဟန်က သားရဲနှစ်ကောင်ကို ကြည့်ကာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။
အပြန်လမ်းတွင် ဆောင်းဦးလေပြေက သူ့မျက်နှာကို ဖြတ်တိုက်သွားပြီး မြေပြင်ပေါ်ရှိ အနီရောင်နှင့် အဝါရောင် သစ်ရွက်ခြောက်များသည်လည်း လေနှင့်အတူ ဝဲပျံနေကြသည်။
ကျန်းဟန် အနည်းငယ် စိတ်ကူးယဉ် ဆွေးမြည့်သွားမိသည်။ သူ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိခါစက သစ်ပင်များ စိမ်းလန်းစိုပြည်နေဆဲဖြစ်ပြီး နေရောင်မှာလည်း ပူပြင်းတောက်လှောင်နေခဲ့သည်။
ယခုမူ သစ်ရွက်များ အဝါရောင်ပြောင်းကာ စတင်ကြွေလွင့်နေပြီဖြစ်၍ လူများလည်း လက်ရှည်အင်္ကျီများ စတင်ဝတ်ဆင်နေကြရပြီ ဖြစ်သည်။
သူကိုယ်တိုင်လည်း သတိမထားမိလိုက်ဘဲ အများကြီး ကြီးထွားရင်ကျက်လာခဲ့ပြီး ဖြစ်သည်။ လက်ရွေးစင်အဆင့် သားရဲနှစ်ကောင်ကိုပင် ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ကာ ထိုအထဲမှ တစ်ကောင်မှာ နဂါးမျိုးနွယ်ပင် ဖြစ်နေသေးသည်။
ကျောင်းသို့ ပြန်ရောက်သောအခါ ကစားကွင်းထဲတွင် ပုံရိပ်ယောင်အမျိုးအစား အိပ်မက်အလင်းဦးနှောက်နှင့် ရှိနေကြသော လူများစွာ ရှိနေဆဲ ဖြစ်သည်။ ကျန်းဟန်ကတော့ ထိုအရာကို စိတ်မဝင်စားပေ။
သူ့အတွက်မူ လောလောဆယ်တွင် အထူးတလည် လုပ်စရာ မရှိသည့် အခြေအနေမျိုး ဖြစ်နေသည်။ ဟုတ်ဟုတ်ရော ပိုင်လင်းပါ နှစ်ကောင်လုံး၏ အံ့ဖွယ်ဆင့်ကဲပြောင်းလဲမှုအတွက် အထူးပတ်ဝန်းကျင်များ လိုအပ်ပြီး ၎င်းကို အချိန်တိုအတွင်း ပြီးမြောက်အောင် မလုပ်နိုင်ပေ။
ထို့ကြောင့် လက်ရှိတွင် သူပေးသည့် လေ့ကျင့်ခန်းများသည် ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့အတွက် ပုံမှန်အစီအစဉ်အတိုင်း တိုက်ပွဲဝင်အာရုံ မပျောက်ပျက်စေရန် ထိန်းသိမ်းရုံမျှသာ လိုအပ်သည်။
မနက်စာစားပြီးနောက် ကျန်းဟန်သည် စာဖတ်ရန် စာသင်ခန်းသို့ ပြန်လာခဲ့လိုက်၏။ တနင်္ဂနွေနေ့ ဖြစ်သဖြင့် မနက်ပိုင်းတွင် စာသင်ခန်းထဲ၌ လူသိပ်မရှိလှပေ။
ကျန်ဟန်သည် နဂါးအမျိုးအစား သားရဲများနှင့် ပတ်သက်သည့် အသိပညာများကို သုတေသနပြု ဖတ်ရှုနေခြင်း ဖြစ်သည်။ နဂါးများနှင့် ပတ်သက်၍ သူ၏နားလည်မှုမှာ နက်နက်ရှိုင်းရှိုင်း မရှိသေးပေ။
သို့သော်လည်း စာအုပ်ထဲတွင် စိတ်ဝင်စားစရာကောင်းသော ဖော်ပြချက်တစ်ခု ရှိနေ၏။
နဂါးကျိန်စာရှိသော နဂါးတစ်ကောင်နှင့် ရင်ဆိုင်ရပါက သင် ပထမဦးဆုံး လုပ်ဆောင်ရမည့်အရာမှာ ၎င်းကို ဟိန်းဟောက်သံ မပြုလုပ်နိုင်တော့သည်အထိ ရိုက်နှက်ရန် ဖြစ်သည်။ အကယ်၍ သင် ထိုသို့လုပ်နိုင်လျှင် အနိုင်ရရန် မျှော်လင့်ချက် ရှိပေလိမ့်မည်။
ကျန်းဟန် သိထားသည်မှာ ဤအရာသည် နဂါး၏ ဟိန်းဟောက်သံမှတစ်ဆင့် စတင်ဖြစ်ပေါ်လာသော နဂါးကျိန်စာကို ရည်ညွှန်းခြင်း ဖြစ်သည်။
နဂါးက ဟိန်းဟောက်သံ ပြုလုပ်လိုက်သည်နှင့် သင်က တုံပြန်သည်ဖြစ်စေ၊ မတုံ့ပြန်သည်ဖြစ်စေ၊ တိတ်တဆိတ်နေသည်ဖြစ်စေ၊ သို့မဟုတ် အသံကို ပိတ်ဆို့ရန် အမျိုးမျိုးသော စွမ်းရည်များကို အသုံးပြုသည်ဖြစ်စေ ထိရောက်မှု မရှိတော့ပေ။ အဆုံးသတ်တွင် သင်သည် ကျိန်စာသင့်ကာ နဂါးကျိန်စာ၏ နှိပ်စက်ခြင်းကို ခံရမည် ဖြစ်သည်။
နဂါးကျိန်စာသည် နဂါး၏ဟိန်းဟောက်သံကြောင့် စတင်အသက်ဝင်လာခြင်း ဖြစ်သော်လည်း ၎င်းသည် အသံလှိုင်းမှတစ်ဆင့် ကူးစက်ခြင်းမျိုး မဟုတ်ပေ။ နဂါးက သင်ကြားလိုက်ပြီဟု ယုံကြည်ရုံမျှဖြင့် သင်သည် ကျိန်စာသင့်သွားမည် ဖြစ်သည်။
နဂါးကျိန်စာသည် စောင့်ကြည့်သူအာနိသင်နှင့် အလွန်ဆင်တူသည်။ ၎င်းသည် လျို့ဆန်းကြယ်မှုအမျိုးအစား စွမ်းရည်တစ်ခုဖြစ်ပြီး မည်သူမျှ ယင်း၏ သတ်မှတ်ထားသော နောက်ကွယ်က သဘောတရားများကို မသိကြချေ။
သို့သော် နဂါးနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းကို မည်သည့်အသံမျှ လုံးဝမထွက်စေရန် လုပ်ဆောင်ရပေမည်။ သို့မဟုတ်ပါက သင် ကျိန်စာသင့်သွားပြီလား၊ မသင့်ဘူးလား ဆိုသည်ကိုပင် ခွဲခြားသိနိုင်တော့မည် မဟုတ်ပေ။
ကံကောင်းသည်မှာ နဂါးတစ်ကောင်ချင်းစီ၌ ၎င်းတို့၏ သက်တမ်းတစ်ခုလုံးတွင် နဂါးကျိန်စာ အမျိုးအစား တစ်ခုတည်းသာ ရှိတတ်သည်။ ၎င်းသည် သိပ်ပြီး ပြောင်းလဲမှုမရှိဘဲ နဂါး၏အင်အား ကြီးထွားလာသည်နှင့်အမျှ ဆက်လက် အားကောင်းလာရုံသာ ရှိသည်။
၎င်းကို သိရှိသွားပြီးပါက တုံ့ပြန်ရန်အတွက် သက်ဆိုင်ရာ နည်းလမ်းများ ရှိပါသေးသည်။
မိမိကိုယ်ကို ကျိန်စာမသင့်အောင် မတားဆီးနိုင်သော်လည်း နဂါးကျိန်စာကို ကာကွယ်ရန် သက်ဆိုင်ရာ စွမ်းရည်များကို အသုံးပြု၍ ခုခံကာကွယ်ခြင်း အကျိုးသက်ရောက်မှုကိုတော့ ရယူနိုင်သေးသည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ပိုင်လင်း၏ အံ့ဖွယ်ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်း (၃) မှ ရရှိမည့် အနန္တနဂါးကျိန်စာသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သိသာထင်ရှားလှသည်။
သင်သည် ရေတွက်၍မရနိုင်သော နဂါးကျိန်စာများကို ပိုင်ဆိုင်နိုင်မည့်အပြင် ၎င်းတို့အားလုံးမှာ အမြဲတမ်း တည်တံ့နေမည့် ကျိန်စာများ ဖြစ်ကြသည်။
ကျန်းဟန်သည် စာအုပ်ကို ကြည့်ရင်း ထိုထဲက အကြောင်းအရာများသည် အလွန်စိတ်ဝင်စားစရာကောင်းလှသည်ဟု ခံစားနေရပြီး ရွှမ်းဟွမ်ဝတ္ထု တစ်ပုဒ်ကို ဖတ်နေရသကဲ့သို့ပင်။
ထိုအချိန်တွင် စာသင်ခန်းထဲသို့ လူများ ရောက်ရှိနေပြီဖြစ်ကြောင်း သူ သတိမထားမိလိုက်ပေ။ အိပ်မက်အလင်းဦးနှောက်နှင့် သားရဲကို သွားရောက်ကြည့်ရှုပြီးစီးခဲ့သော အတန်းဖော်အချို့ စာသင်ခန်းထဲသို့ ပြန်ရောက်လာကြပြီး ထိုအထဲတွင် အတန်းခေါင်းဆောင် ချန်းလန်လည်း ပါဝင်သည်။
သူတို့သည် ကျန်းဟန်က ပြဋ္ဌာန်းစာအုပ်ကို ဖတ်ရင်း ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ကြရသည်။ ဤမျှ ပျင်းစရာကောင်းသော အကြောင်းအရာများက လူတစ်ယောက်ကို မည်သို့များ ပြုံးရွှင်စေနိုင်သနည်း။
“အတန်းဖော် ကျန်းဟန်... မင်း ဒီစာအုပ်ကို ပျင်းစရာကောင်းတယ်လို့ မထင်ဘူးလား။”
ရှေ့တန်းက ကျောင်းသားတစ်ယောက်က မနေနိုင်ဘဲ လှမ်းမေးလိုက်သည်။
“တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာဖြစ်လို့လဲ။”
ကျန်းဟန်က မေးခွန်းထုတ်လာသည့် ကျောင်းသားကို မော့ကြည့်ကာ အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သည်။ စာအုပ်ထဲက အကြောင်းအရာများက တကယ်ပင် စိတ်ဝင်စားစရာကောင်းလှပေသည်။
“ဘာမှမဟုတ်ပါဘူး။ ဆက်ဖတ်ပါ။”
ထိုကျောင်းသားက ခေါင်းခါယမ်းကာ ဘာဆက်ပြောရမှန်းမသိတော့ဘဲ နေလိုက်တော့သည်။
သူတို့သည် မူလက စာသင်ခန်းထဲ ပြန်လာပြီး စကားစမြည်ပြောရန် ရည်ရွယ်ထားကြသော်လည်း ကျန်းဟန်က စာအုပ်ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ စကားပြောချင်စိတ်များ ချက်ချင်းပျောက်ဆုံးသွားပြီး ပစ္စည်းများကို သိမ်းဆည်းကာ ထွက်သွားကြတော့သည်။
“ဟယး... အတန်းဖော် ကျန်းဟန် အရမ်းသန်မာလာတာလည်း မပြောနဲ့။ သူ စာဖတ်တာကို အာရုံစိုက်နိုင်တဲ့ အဆင့်မျိုးကို ငါတော့ အတုယူဖို့တောင် မတတ်နိုင်ဘူး။”
“ဟုတ်ပါ့။ သူက လူမှုရေးသိပ်မလုပ်ပေမဲ့ သူသန်မာတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းလို့မရဘူး။ သူက အရမ်းကြိုးစားတယ်။ သူ လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့ အိမ်မွေးသားရဲတွေနဲ့ တစ်ယောက်တည်း လေ့ကျင့်နေတာကို ငါခဏခဏ မြင်ရတယ်။”
“ဟူး... သူက သူငယ်ချင်းမရှိလို့လည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် သူက သူ့ရဲ့ စိတ်ခွန်အားအားလုံးကို စာလေ့လာတဲ့ဘက်မှာပဲ ပုံအောထားတာနေမှာ။”
ကျောင်းသားများသည် စာသင်ခန်းထဲမှ ထွက်ခွာသွားရင်း တိုးတိုးတိတ်တိတ် ပြောဆိုသွားကြသည်။ သူတို့ထဲမှ အများစုမှာ ကျန်းဟန်အပေါ် မနာလိုဖြစ်ခြင်း သို့မဟုတ် မကျေနပ်ခြင်းများ မရှိကြတော့ဘဲ ယင်းအစား လေးစားအားကျစိတ်များဖြင့် အစားထိုးသွားခဲ့ပြီ ဖြစ်သည်။
အတန်းခေါင်းဆောင် ချန်းလန်ပင်လျှင် ထိုသို့ပင် ဖြစ်သည်။ သူမသည် ကျန်းဟန်ကို သဘောမကျသော်လည်း သူမ၏နှလုံးသားထဲတွင်မူ သူ့အပေါ် လေးစားစိတ် ဖြစ်ပေါ်လာခြင်းကိုတော့ မထိန်းနိုင်ခဲ့ပေ။
သူသည် လေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ချိန်မှလွဲလျှင် စာဖတ်နေတတ်သည်။ စောစောထ၍ ညဉ့်နက်သည်အထိ တစ်ခါမျှ မရပ်မနား ကြိုးစားတတ်သည်။ အခြားသူများ ကျောင်းဆင်းချိန်တိုင်းတွင်လည်း သူကတော့ ဆက်လက်လေ့ကျင့်နေဆဲပင်။
တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဆိုလျှင် ကျန်းဟန်က တမင်သက်သက် ဟန်ပြလုပ်နေသည်ဟု ထင်နိုင်သော်လည်း နေ့စဉ်မပြတ် ဤအတိုင်း အမြဲဖြစ်နေသည်ကို မြင်ရသောအခါတွင်မူ သူတို့ နားလည်သွားကြတော့သည်။ သူသည် အခြားသူများ မိမိအပေါ် မည်သို့မြင်သည်ကို လုံးဝဂရုမစိုက်ဘဲ ခိုင်မာသော ရည်မှန်းချက်တစ်ခု ရှိနေသည့် လူသားတစ်ယောက်အစစ်အမှန် ဖြစ်ပေသည်။
သူလုပ်သမျှအရာအားလုံးသည် မိမိကိုယ်တိုင်အတွက်သာဖြစ်ပြီး အခြားသူတစ်ဦးဦး၏ ထင်မြင်ချက်ကြောင့် မဟုတ်ပေ။
ထိုကဲ့သို့သော လူတစ်ယောက် ပိုင်ဆိုင်ထားသမျှအရာအားလုံးသည် သူနှင့် ထိုက်တန်လှပေရာ သူတို့အနေဖြင့် မနာလိုပင် မဖြစ်နိုင်တော့ချေ။
ကျန်းဟန်သည်မူ အတန်းဖော်များ ဘာပြောနေသည်ကို ဂရုမစိုက်ချေ။ သူသည် အမြန်ဆုံး သန်မာလာရန်၊ ဤမြို့ငယ်လေးမှ ပျံသန်းထွက်ခွာရန်နှင့် ကမ္ဘာအနှံ့ ခြေဆန့်ရန်အတွက်သာ စိတ်ဝိညာဉ်တစ်ခုလုံး ပုံအောထားသည်။
သူသည် အနာဂတ်တွင် ကန်မြို့၌ အခြေချနေထိုင်မည်မဟုတ်သည်မှာ သေချာသဖြင့် ဤလူမှုရေးဆက်ဆံရေးများ သူ့အတွက် ရှိရှိ၊ မရှိရှိ အရေးမပါလှပေ။
အချိန်များ ကုန်ဆုံးခြင်းက မြန်ဆန်လှရာ တနင်္ဂနွေနေ့သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး တနင်္လာနေ့ နံနက်စောစောသို့ ရောက်ရှိလာခဲ့သည်။
နံနက်စောစောတွင်ပင် လီဇီဝေက အပြေးအလွှား ရောက်လာပြီး ညည်းတွားတော့သည်။
“ငါသာ ကြိုသိရင် လူတွေကို ဒီအကြောင်း ပြောပြမှာမဟုတ်ဘူး။ ဘုရားရေ... လူတွေ အများကြီးပဲ။”
“ဒါကြောင့်မလို့ ငါ မသွားဘူးလို့ ပြောတာပေါ့။”
ကျန်းဟန်က ပခုံးတွန့်ရင်း ပြောလိုက်သည်။
“ဒါပေမဲ့ နောက်တစ်ခါကျရင် ဖီးနစ်တောင်ကို သွားလို့ရတယ်။ အဲဒီမှာ လူနည်းတယ်။ နည်းနည်းတော့ ဝေးတာပေါ့။”
လီဇီဝေက ကျန်းဟန်ကို အတူတူ အမဲလိုက်ထွက်ရန် ဖိတ်ခေါ်ဖို့ အလွန်စိတ်အားထက်သန်စွာဖြင့် ထပ်မံပြောဆိုလာပြန်သည်။
“တနင်္ဂနွေနေ့ကျမှပဲ ပြောကြတာပေါ့။ အဲဒီအချိန်ကျရင် ငါတစ်ခုခု လုပ်စရာပေါ်လာရင် ပေါ်လာမှာ။”
ကျန်းဟန်က ဆိုသည်။
“ကောင်းပြီလေ။”
လီဇီဝေက ခေါင်းညိတ်ကာ ကျန်းဟန်၏ ရှေ့ခုံတွင် ဝင်ထိုင်လိုက်ပြီး တံတောင်ဆစ်များကို စာပွဲပေါ်တင်ကာ မေးစေ့ကို လက်ကလေးနှစ်ဖက်ဖြင့် ထောက်ရင်း ပြောလိုက်သည်။
“မနက်ဖြန် ကြားဖြတ်စာမေးပွဲ ရှိတယ်နော်။ နင် အဆင်သင့်ဖြစ်ပြီလား။”
“အဆင်သင့်ဖြစ်ပြီပေါ့။ တကယ်တော့ ငါ ကြားဖြတ်စာမေးပွဲကို တော်တော်လေး မျှော်လင့်နေတယ်။ ငါ့ရဲ့ လက်ရှိအဆင့်က ဘယ်လောက်လဲဆိုတာ ငါကိုယ်တိုင်လည်း မသိသေးဘူး။”
ကျန်းဟန်က ခေါင်းညိတ်ရင်း ပြောလိုက်သည်။ ဤကြားဖြတ်စာမေးပွဲသည် ကောင်းမွန်သော စမ်းသပ်မှုတစ်ခု ဖြစ်သည်။ ၎င်းက မိမိ၏ တည်နေရာကို ရှင်းရှင်းလင်းလင်း သိမြင်စေနိုင်ပြီး မိမိ၏ ရွယ်တူချင်းများ မည်သည့်စံနှုန်းတွင် ရှိနေသည်ကိုလည်း မြင်တွေ့ခွင့်ရစေမည် ဖြစ်သည်။
“နင် မနေ့က မလာလို့ တုံရွှမ်းက အရမ်းဒေါသထွက်နေတယ်။ သူမက ကြားဖြတ်စာမေးပွဲမှာ နင့်ကို ကျော်တက်ပြီး သင်ခန်းစာပေးမယ်လို့ ကြုံးဝါးနေတယ်။”
လီဇီဝေက ခေါင်းညိတ်ကာ အပြုံးတစ်ခုဖြင့် ပြောပြလာခဲ့သည်။
“မျှော်လင့်နေပါတယ်။”
ကျန်းဟန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။ သူသည် ဤသတင်းကို သူ့ဖုန်းထဲတွင် မြင်တွေ့ပြီးသား ဖြစ်သည်။ ထိုကောင်မလေး တုံရွှမ်းသည် သူမအပေါ် ထားရှိသော သူ၏ အေးစက်စက် သဘောထားကြောင့် မကျေမနပ် ဖြစ်စရာများစွာ ရှိနေခဲ့သည်။
“ဟားဟား...နင်တို့နှစ်ယောက်ကြားထဲမှာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။ ငါ့ကို အသေးစိတ်လေး ပြောပြစမ်းပါဦး။ ငါ့ဝမ်းကွဲညီမကတော့ နင့်ကို တကယ့်ကို စွဲလမ်းနေတာပဲ။”
လီဇီဝေက ရယ်မောရင်း ပြောလိုက်သည်။ သူမနှင့် အတူရှိစဉ်အချိန်တိုင်း တုံရွှမ်းသည် ကျန်းဟန်က လူယုတ်မာဖြစ်ကြောင်း၊ သူ့အနား မကပ်ရန်နှင့် ထိုကဲ့သို့သော အတင်းအဖျင်းများကို အမြဲ အပုပ်ချပြောဆိုလေ့ရှိသည်။
“ငါလည်း မသိဘူး။ မင်းပဲ သူ့ကို သွားမေးလိုက်တော့။”
ကျန်းဟန်က ဘာမှမသိသလို ပုံစံမျိုးဖြင့် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြန်သည်။
“ဟွန့်...”
လီဇီဝေက စိတ်ဆိုးမာန်ဆိုးဖြင့် နှာခေါင်းရှုံ့ကာ မျက်စောင်းထိုးပြီး ၎င်း၏ ထိုင်ခုံသို့ ဒေါသတကြီး ပြန်သွားလေတော့သည်။