အခန်း ၁၀၃
Vol. 11 Ch. 103
အခန်း ၁၀၃
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့သို့ ရောက်ရှိလာခဲ့သည်။ ပုံရိပ်ယောင် သားရဲဖြစ်သော အိပ်မက်အလင်းဦးနှောက်သည် မနေ့ကတည်းက ၎င်း၏ ချိန်ညှိမှုများကို အပြီးသတ်ခဲ့ပြီးဖြစ်ရာ ယနေ့သည် ကြားဖြတ်စာမေးပွဲများ စတင်မည့်နေ့ ဖြစ်သည်။
နံနက်စောစောတွင်ပင် ပျံသန်းနိုင်သည့် သားရဲကြီးများ ကစားကွင်းပေါ်သို့ တရစပ် ဆင်းသက်လာကြပြီး ကျောင်းသားများကို တစ်သုတ်ပြီးတစ်သုတ် ချထားပေးခဲ့ကြသည်။ ဤကျောင်းသားများသည် အနီးနားရှိ အထက်တန်းကျောင်း (၅) ကျောင်းမှ လာကြသူများ ဖြစ်သည်။
၎င်းတို့မှာ မြို့တွင်းရှိ ချီရွှေမြစ ၏ တောင်ဘက်ကမ်းတွင် တည်ရှိသော ကျန်းနန်အလယ်တန်းကျောင်း၊ နောက်တစ်ခုမှာ ဟဲ့ဟွာယောက် အလယ်တန်းကျောင်းဖြစ်ပြီး ၎င်းနောက်တွင် ပိုင်ဟယ် အထက်တန်းကျောင်းတို့ ဖြစ်ကြသည်။ စတုတ္ထမြောက်ကျောင်းမှာ ကျန်းဟန် ရှိနေသည့် ရှန်းဟွာမြို့နယ် အထက်တန်းကျောင်းဖြစ်ကာ ကျန်ရှိသော ကျောင်းနှစ်ကျောင်းမှာ ဇီယဲ့ အထက်တန်းကျောင်းနှင့် မီးရထား အမှတ် (၁) အလယ်တန်းကျောင်းတို့ ဖြစ်ကြသည်။
ကန်မြို့ တစ်မြို့လုံး အတိုင်းအတာဖြင့် ကြည့်မည်ဆိုလျှင် ရှန်းဟွာမြို့နယ် အထက်တန်းကျောင်းမှာ ပျမ်းမျှအဆင့်တွင်သာ ရှိသည်ဟု သတ်မှတ်နိုင်သည်။
နံနက်စောစောတွင် နောက်ဆုံးနှစ်ကျောင်းသားအားလုံးသည် ကစားကွင်းပေါ်၌ စတုရန်းပုံသဏ္ဌာန် စစ်ကြောင်းများဖွဲ့ကာ တရစပ် ဆင်းသက်လာနေကြသော အခြားအထက်တန်းကျောင်းများမှ ကျောင်းသားများကို ကြိုဆိုရန် နေရာယူထားကြပြီး ဖြစ်သည်။
“မိုက်လိုက်တာ။ ဟဲ့ဟွာယောက် အလယ်တန်းကျောင်းက ကောင်မလေးတွေက တကယ့်ကို လှတာပဲ။”
“ဟုတ်ပါ့။ သူတို့ကျောင်းမှာ ရေအမျိုးအစားသားရဲ ကြာပန်းမိစ္ဆာရှိတယ်လေ။ အဲဒါနဲ့ စာချုပ်ချုပ်ပြီးရင် လူတွေက တကယ့်ကို လန်းဆန်းပြီး တောက်ပလာတာပဲ။”
...
“ကျန်းနန် အထက်တန်းကျောင်းက ကျောင်းသားတွေ ရောက်လာပြီ။ သူတို့က အမြဲတမ်း သူတို့ရဲ့ သင်္ကေတဖြစ်တဲ့ အပြာရောင် ယူနီဖောင်းနဲ့ပဲ။ သူတို့ရဲ့ ထိပ်သီးကျောင်းသားတွေက ဘယ်လောက်အထိ အားကောင်းရှိနေပြီလဲ မသိဘူး။”
“သူတို့ထဲက အများစုက ခေါင်းဆောင်အဆင့် သားရဲတွေတောင် ပိုင်ဆိုင်နေလောက်ပြီလို့ ငါ လောင်းရဲတယ်။”
“ချီးပဲ...မြန်မြန်စပါတော့ဟ။ မတ်တတ်ရပ်နေရတာ ငါ့ခြေထောက်တွေတောင် ထုံနေပြီ။”
...
ကစားကွင်းထဲတွင် ကျောင်းသားများသည် အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးငြင်းခုံနေကြပြီး အလွန်စိတ်လှုပ်ရှားနေကြပုံ ရသည်။ နှစ်စဉ်နှစ်တိုင်း ဤနောက်ဆုံးနှစ် ကြားဖြတ်စာမေးပွဲသည် ပြည်နယ်လုံးဆိုင်ရာ စာမေးပွဲဖြစ်သောကြောင့် ကျောင်းသားများအနေဖြင့် မိမိတို့၏ အင်အားကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် အခွင့်အရေးရစေသည့် ကြီးကျယ်သော ပွဲတော်တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
“ကျောင်းသားရေးရာဌာနမှူးကောင်း... ဒီနှစ်လည်း ခင်ဗျားပဲ အဖွဲ့ကို ဦးဆောင်လာတာပဲ။ ဒီနှစ် ကျန်းနန်အလယ်တန်းကျောင်းကနေ အလားအလာရှိတဲ့ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာပြန်ပြီ ထင်တယ် ဟုတ်လား။”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းသည် သူ၏မျက်မှန်ကို ပင့်တင်လိုက်ပြီး ငှက်ကြီးပေါ်မှ လတ်တလော ဆင်းသက်လာသည့် ကျန်းနန်အလယ်တန်းကျောင်း၏ နောက်ဆုံးနှစ် အဆင့်ညွှန်ကြားရေးမှူး ကောင်းရှန့်ကို ကြည့်ကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“ဟားဟားဟား...အများကြီးတော့ မဟုတ်ပါဘူး။ ခင်ဗျားတို့ကျောင်းလည်း ဒီနှစ် သိပ်တော့ မဆိုးလောက်ပါဘူး ဟုတ်တယ်မလား။”
ကျောင်းသားရေးရာဌာနမှူး ကောင်းက ရယ်မောလိုက်၏။ သူသည် အဆင့်ညွှန်ကြားရေးမှူးတစ်ဦး ဖြစ်သော်လည်း ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းနှင့် စကားပြောရာတွင် တန်းတူရည်တူ သဘောထားမျိုးဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။
အကြောင်းရင်းမှာ သူ၏ အဓိကတိုက်ခိုက်ရေး သားရဲသည် သတ္တုဒြပ်စင်းအမျိုးအစား ရွှေရောင်အလင်း ပုစဉ်းရင်ကွဲ ဖြစ်နေခြင်းကြောင့်လည်း ပါဝင်သည်။ ထိုသားရဲမှ ပေးစွမ်းသော တုံ့ပြန်မှု စွမ်းအင်များကြောင့် ဌာနမှူးကောင်း၏ ဆံပင်များသည် ရွှေရောင်ဆူးချွန်များကဲ့သို့ ထောင်မတ်နေပြီး ထက်မြက်လှသော အရှိန်အဝါတစ်ခုကို ဆောင်ကျဉ်းထားသည်။
ထို့အပြင် အခြားအကြောင်းရင်းတစ်ခုမှာ သူ၏ကျောင်းအင်အားသည် ရှန်းဟွာအထက်တန်းကျောင်းထက် နှစ်ဆမက သာလွန်နေခြင်းကြောင့် ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းကို ဖားနေရန် မလိုအပ်ခြင်းပင် ဖြစ်သည်။
“ဌာနမှူးကောင်း... ခင်ဗျား ဒီကျောင်းသားအသုတ်ကို လမ်းညွှန်ပေးပြီးရင် ရာထူးတိုးတော့မှာမလား။”
အနီးနားတွင် ရပ်နေသော ဟဲ့ဟွာယောက် အလယ်တန်းကျောင်း၏ ကျောင်းသားရေးရာဌာနမှူး လျူယွဲ့က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ သူမသည် ရေပြာရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦး ဖြစ်ပြီး အလွန်လန်းဆန်း တောက်ပသော အသွင်အပြင် ရှိသည်။
“ဌာနမှူးလျူ... ခင်ဗျားကတော့ နောက်နေပြန်ပါပြီ။ ကျွန်တော်က အဲဒီအဆင့်ရောက်ဖို့ အဝေးကြီး လိုပါသေးတယ်ယ”
ဌာနမှူးကောင်းက ရယ်မောလိုက်သည်။
စောစောစီးစီး ရောက်ရှိနေပြီဖြစ်သော ပိုင်ဟယ်အထက်တန်းကျောင်း၏ ကျောင်းသားရေးရာဌာနမှူးမှာမူ အဖိုးအိုတစ်ဦး ဖြစ်သည်။ သူက ခေါင်းညိတ်ပြရုံသာ ပြုလုပ်ပြီး စကားတစ်ခွန်းမျှ မဆိုပေ။
ဌာနမှူးကောင်းနှင့် အခြားသူများ ခဏမျှ စကားစမြည် ပြောဆိုနေကြစဉ် ဇီယဲ့အထက်တန်းကျောင်းနှင့် မီးရထားအမှတ် (၁) အလယ်တန်းကျောင်းတို့မှ ကျောင်းသားများလည်း ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့၏ ကျောင်းသားများကို နေရာချထားပေးပြီးနောက် သူတို့အားလုံး အချင်းချင်း နှုတ်ဆက်ရန် ရှေ့ဘက်ရှိ စင်မြင့်ဆီသို့ ရောက်ရှိလာကြတော့သည်။
“ဌာနမှူးကောင်း၊ ဌာနမှူးလျူ... ခင်ဗျားတို့နှစ်ယောက်လုံး အစောကြီး ရောက်နေကြတာပဲ။”
ဇီယဲ့အထက်တန်းကျောင်း၏ ကျောင်းသားရေးရာဌာနမှူး ဟွေ့ချန်းက လျှောက်လာပြီး သူတို့ကို ပြုံးလျက် နှုတ်ဆက်လိုက်သည်။ သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လူအများ၏အာရုံကို ဖမ်းစားနေသည်မှာ သူ၏ မျက်လုံးသူငယ်အိမ်များသည် ရဲရဲနီနေခြင်း ဖြစ်သည်။ ၎င်းမှာ သူ၏ မီးအမျိုးအစားသားရဲ မီးနတ်ဘုရားလိပ်ပြာထံမှ ရရှိသော စွမ်းရည်တုံ့ပြန်မှုကြောင့် ဖြစ်သည်။
“ဟုတ်တယ်။ ဒီနှစ် ခင်ဗျားတို့ကျောင်းမှာ အရည်အသွေးမြင့်ကျောင်းသားတွေ အများကြီး ပါလာပုံပဲ။ ကျွန်မတို့ မီးရထား အမှတ် (၁) အလယ်တန်းကျောင်းကတော့ ဒီနှစ်လည်း အောက်ဆုံးမှာပဲ ဖြစ်နေဦးမလား မသိပါဘူး။”
မီးရထား အမှတ် (၁) အလယ်တန်းကျောင်း၏ ကျောင်းသားရေးရာဌာနမှူးမှာလည်း အမျိုးသမီးတစ်ဦး ဖြစ်ပြီး အစိမ်းရောင် ဆံပင်ရှည်များ ရှိသည်။ ၎င်းမှာ သူမ၏ သားရဲ ဆူးသစ်ပင်မိစ္ဆာထံမှ တုံ့ပြန်မှုကြောင့် ဖြစ်ပေသည်။
“အားလုံးပဲ နှိမ့်ချနေတာတွေကို တော်ကြရအောင်။ နှစ်တိုင်းလည်း ခင်ဗျားတို့ကျောင်းတွေ မကောင်းဘူးလို့ ပြောပြီး ကောလိပ်ဝင်ခွင့်စာမေးပွဲကျတော့မှ အရည်အချင်းရှိတဲ့ ပါရမီရှင်တွေ အုပ်စုလိုက်ကြီး ထွက်လာကြတာချည်းပဲ။ အခု ကိုးနာရီ မိနစ်ငါးဆယ် ရှိပြီဆိုတော့ ကျောင်းသားတွေကို ပြင်ဆင်ခိုင်းပြီး ပုံရိပ်ယောင်နယ်ပယ်ကို ဖွင့်ကြရအောင်”
ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းက သူ၏မျက်မှန်ကို ပင့်တင်ရင်း ပြုံးကာ ပြောလိုက်သည်။
ဤအချက်နှင့်ပတ်သက်၍ အခြားကျောင်းများမှ ဆရာ၊ ဆရာမများမှာလည်း သဘာဝအတိုင်း ကန့်ကွက်စရာ မရှိကြချေ။
မကြာမီမှာပင် ကျောင်းသားရေးရာဌာနမှူးက လျှောက်လှမ်းသွားပြီး မိုက်ကရိုဖုန်းကို ဖွင့်ကာ ကြေညာလိုက်တော့သည်။
“စာမေးပွဲ စတင်တော့မှာ ဖြစ်ပါတယ်။ စာမေးပွဲဖြေဆိုမယ့် ကျောင်းသားအားလုံး မိမိတို့ရဲ့ သားရဲတွေကို ဘေးနားမှာ ထွက်ရှိနေစေပြီး တစ်ချိန်တည်းမှာပဲ ခရမ်းရောင် မြူခိုးတွေကို အံတုခုခံခြင်း မပြုကြပါနဲ့။”
ကစားကွင်းပေါ်တွင် ကျောင်းသားများသည် တစ်ဦးနှင့်တစ်ဦး တစ်မီတာခန့် အကွာအဝေးခြားကာ တင်ပျဉ်ခွေ ထိုင်နေကြသည်။ ဆရာ၏ ကြေညာချက်ကို ကြားလိုက်ရသောအခါ သူတို့အားလုံးသည် မိမိတို့၏ သားရဲများကို စတင်ထုတ်ဖော်လိုက်ကြတော့သည်။
ကစားကွင်းပေါ်တွင် ကျောင်းပေါင်း ခြောက်ကျောင်းမှ ကျောင်းသားများ ရှိနေကြပြီး စုစုပေါင်း လူဦးရေ ငါးထောင်ကျော် ရှိသည်။ လူတိုင်းက တစ်ပြိုင်နက်တည်း သားရဲများကို ထုတ်ဖော်လိုက်ကြချိန်တွင် တောက်ပဆန်းကြယ်သော စာချုပ်အစီအရင်အလင်းတန်းများသည် ကြီးကျယ်ခမ်းနားသော မီးရှူးမီးပန်းပွဲတော်ကြီးတစ်ခုပမာ ဖြစ်တည်လာခဲ့သည်။
မကြာမီ ကစားကွင်းပေါ်၌ သားရဲအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ အကြီးဆုံးအကောင်မှာ ငါးမီတာခန့် ရှည်လျားပြီး အသေးဆုံးအကောင်မှာ အာရုံစိုက်ရလောက်ရုံ သုံးဆယ်စင်တီမီတာခန့်သာ ရှိသည်။
“ဝူးးးး”
“မြောင်....”
“ဝုတ် ဝုတ် ဝုတ်...”
သားရဲများစွာသည် အသံဗလံများပင် စတင်ပြုလုပ်လာကြသည်။
သို့သော်လည်း ၎င်းတို့သည် မကြာမီပင် ပြန်လည်ငြိမ်သက်သွားကြ၏။ ကစားကွင်း၏ အလယ်ဗဟို၊ စင်မြင့်၏ နောက်ကွယ်တွင် တည်ရှိနေသော ဧရာမ ခရမ်းရောင် အိပ်မက်အလင်းဦးနှောက် သားရဲကြီးသည် ခရမ်းရောင်မြူခိုးအမြောက်အမြားကို စတင်ထုတ်လွှတ်လိုက်ပြီး မကြာမီ ထိုမြူခိုးများက ကစားကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ကျန်းဟန်သည် သူ၏ရှေ့တွင်ရှိသော မျက်နှာဝိုင်းကြက်ဝတုတ်လေး ဟုတ်ဟုတ်ကို ကြည့်လိုက်ပြီးနောက် မကြာမီ သူ၏အသိစိတ်သည်လည်း ခရမ်းရောင်မြူခိုးများထဲသို့ လွင့်မျောပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် စင်မြင့်၏ ရှေ့မှောက်၌ ဧရာမ ခရမ်းရောင် ဖန်သားပြင်ကြီးတစ်ခု ပေါ်ထွက်လာပြီး ထိပ်တန်းအဆင့်သတ်မှတ်ချက်မျိုးစုံကို ပြသလာခဲ့သည်။
အဓိက ထိပ်တန်းအဆင့်သတ်မှတ်ချက် သုံးခုမှာ သစ်ပင်စိမ်း ပြည်နယ်ပထမအကြိမ် ပူးတွဲကြားဖြတ်စာမေးပွဲ အဆင့်သတ်မှတ်ချက်၊ သစ်ပင်စိမ်း ပြည်နယ် နောက်ဆုံးနှစ်ကျောင်းသား နယ်ပယ်အဆင့် သတ်မှတ်ချက်နှင့် ကန်မြို့ပူးတွဲကြားဖြတ်စာမေးပွဲ အဆင့်သတ်မှတ်ချက်တို့ ဖြစ်ကြသည်။
ဤအဓိက အဆင့်သတ်မှတ်ချက် သုံးခုတွင် နေရာငါးထောင်သာ ရှိပြီး လောလောဆယ်တွင် မည်သည့်ကျောင်းသား၏ အမည်အသေးစိတ်ကိုမျှ ပြသခြင်းမရှိသေးပေ။ အကြောင်းမှာ စာမေးပွဲက တရားဝင်မစတင်သေးဘဲ ကျောင်းသားအချို့မှာ ပုံရိပ်ယောင်နယ်ပယ်ထဲသို့ လုံးဝမဝင်ရောက်ရသေးသဖြင့် အချက်အလက်များကို မှတ်တမ်းမတင်ရသေးသောကြောင့် ဖြစ်သည်။
ထိုအဓိက အဆင့်သတ်မှတ်ချက် သုံးခုအပြင် အောက်ဘက်တွင် အဆင့်သတ်မှတ်ချက်ငယ်လေးများစွာ ရှိနေပြီး ကန်မြို့ရှိ အထက်တန်းကျောင်း နှစ်ဆယ့်ငါးကျောင်း၏ အချက်အလက်များကို ပြသနေသည်။
ဤစာမေးပွဲက မစတင်သေးသဖြင့် အဆင့်သတ်မှတ်ချက်များသည် ကျောင်းသားများ၏ လက်ရှိအင်အား နယ်ပယ်အဆင့် အလိုက်သာ စီစဉ်ထားခြင်း ဖြစ်သည်။
ဤအဆင့်သတ်မှတ်ချက်များသည် ရောက်ရှိနေကြသော ဆရာ၊ ဆရာမများ၏ အဓိကအာရုံစိုက်ရာ ဇယားများလည်း ဖြစ်ကြသည်။
“ကျောင်းအုပ်ကျောက်... ခင်ဗျားတို့ကျောင်းက ဒီနှစ် တော်တော်လေး စွမ်းဆောင်ရည်ကောင်းတာပဲ။ အခြေခံအဆင့်ကို ရောက်နေတဲ့ ကျောင်းသား ဆယ်ယောက်တောင် ရှိနေပြီး သားရဲတွေက လက်ရွေးစင်အဆင့် နှောင်းပိုင်းကို ရောက်နေတဲ့ ကျောင်းသား သုံးယောက်တောင် ရှိနေတာပဲ။ မနှစ်ကထက် အများကြီး ပိုကောင်းလာတယ်။”
လန်းဆန်းတောက်ပသော အသွင်ရှိသည့် ဟဲ့ဟွာယောက် အလယ်တန်းကျောင်းမှ ညွှန်ကြားရေးမှူး လျူယွဲ့က ပြုံးကာ ပြောလိုက်သည်။ သူမ၏ ရေပြာရောင် ဂါဝန်ရှည်ကြောင့် သူမသည် နတ်သမီးတစ်ပါးကဲ့သို့ အရှိန်အဝါမျိုး ပေါ်ထွက်နေလေသည်။
“ဟင်...”
ကျောင်းအုပ် ကျောက်ဟောက်ခွန်းတစ်ယောက် ဆွံ့အသွားမိသည်။ သူသည် ကြီးမားလှသော ပရိုဂျက်တာ ဖန်သားပြင်ကြီးကို မကြည့်ဘဲမနေနိုင်ဖြစ်သွားခဲ့၏။ ထို့နောက် ကျောင်းသားရေးရာဌာနမှူးကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာတွင် အံ့အားသင့်မှုအချို့ ပေါ်လွင်နေခဲ့သည်။
သူ ယခင်က ရရှိထားသည့် အချက်အလက်များအရ ကျောင်းတွင် အခြေခံအဆင့်သို့ ရောက်ရှိထားသော သားရဲထိန်းချုပ်သူ ကိုးယောက်နှင့် သားရဲမှာ လင်ရွေးစင်အဆင့် နှောင်းပိုင်းသို့ ရောက်ရှိထားသူ နှစ်ယောက်သာ ရှိသည်။ ယခုမူ မည်သို့ကြောင့် ရုတ်တရက် တစ်ယောက် ပိုတိုးလာရသနည်း။ ထိုတင်မကသေးဘဲ သားရဲမှာလည်း လက်ရွေးအဆင့် နှောင်းပိုင်း ဖြစ်နေသေးသည်။
မျက်မှန်တပ်ထားသော ထိပ်ပြောင်ပြောင်နှင့် ကျောင်းသားရေးရာဌာနမှူးမှာလည်း အနည်းငယ် ဆွံ့အသွားမိ၏။ သူတို့ကျောင်း၏ အဆင့် (၁) နေရာတွင် ရှိနေသူမှာ အတန်း (၁) မှ လျူတုံး မဟုတ်ဘဲ သူ မကြာသေးမီကမှ တွေ့ဆုံခဲ့ဖူးသည့် ကျန်းဟန်း ဖြစ်နေ၍ပင်။
အဆင့် နယ်ပယ် - အခြေခံအဆင့်
အိမ်မွေးသားရဲ - သွေးအရိပ်ညဇီးကွက်
သားရဲအဆင့် - လက်ရွေးစင်အဆင့် နှောင်းပိုင်း
ထိုအချက်အလက်များက သူ့ကို ဘာလုပ်ရမှန်းမသိ ဖြစ်သွားစေခဲ့သည်။ ကျန်ဟန်၏ သားရဲမှာ လျှပ်စီးပိုးကောင် မဟုတ်ပါလော။ မည်သို့ကြောင့် သွေးနှင့် အမှောင် ဒြပ်စင်နှစ်မျိုးစပ်ထားသော သွေးအရိပ်ညဇီးကွက် ဖြစ်သွားရသနည်း။
သူ့မှာ သားရဲနှစ်ကောင် ရှိနေပြီမို့လို့လား။ သို့သော် သားရဲနှစ်ကောင်ရှိသည်ဆိုလျှင်ပင် ဤသွေးအရိပ်ညဇီးကွက်မှာ ဒုတိယမြောက် သားရဲ ဖြစ်ရမည်မဟုတ်လော။ ဤမျှအထိ သန်မာနေခြင်းမှာ အတန်ငယ် အဓိပ္ပာယ်မရှိလွန်းလှပေ။
စနစ်၏ အဆင့်သတ်မှတ်ချက်အရ ကြည့်ရမည်ဆိုလျှင် ဤသွေးအရိပ်ညဇီးကွက်မှာ လျူတုံး၏ အမှောင်ညပုစဉ်းရင်ကွဲထက် သိသိသာသာ ပိုမိုစွမ်းအားကြီးမားနေ၏။ သို့မဟုတ်ပါက အဆင့် (၁) နေရာကို ရရှိလိမ့်မည်မဟုတ်ချေ။
“သူက ဆရာမ ဝမ်ယိရဲ့ အတန်းက ကျောင်းသားပါ။ ကျွန်တော်လည်း ဒါကို မမျှော်လင့်ထားမိဘူး။ သူက ဒီအကြောင်းကို တစ်ခါမှ လာမတင်ပြဖူးဘူး ထင်တယ်။ ဒါက သူ့ရဲ့ ဒုတိယမြောက် သားရဲ ဖြစ်ပုံရတယ်။”
ကျောင်းသားရေးရာဌာနမှူးက သူ၏စိတ်ထဲရှိ အတွေးများကို ဖိနှိပ်လိုက်ပြီး ကျောင်းအုပ်ကြီး ကျောက်ဟောက်ခွန်းထံ သတင်းပို့လိုက်တော့သည်။