အခန်း ၁၀၉
Vol. 11 Ch. 109
အခန်း ၁၀၉
ထို့နောက်တွင် ကျန်းဟန်သည် မီးနှင့် မြေဒြပ်စင်ဆိုင်ရာ ပုံရိပ်ယောင်နယ်ပယ် အဆင့်များကို ထပ်မံကြုံတွေ့ခဲ့ရပြန်သည်။ သို့သော်လည်း သားရဲများ၏ အဆင့်မှာ ထပ်မံမြင့်တက်မလာတော့ဘဲ ဟုတ်ဟုတ်ကဲ့သို့ပင် လက်ရွေးစင်အဆင့် နှောင်းပိုင်း၌သာ တည်ငြိမ်နေခဲ့သည်။
သို့သော်လည်း မီးအမျိုးအစား မီးစွမ်းအင်ဝက်ဖြစ်စေ၊ မြေအမျိုးအစား မြေဖြိုတီကောင်ကြီးဖြစ်စေ နှစ်ကောင်လုံးသည် စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်းကို တတ်မြောက်ထားကြပြီး ၎င်းတို့၏ အင်အားမှာ တစ်ဆင့်ထက်တစ်ဆင့် ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်ကို ကျန်းဟန် သတိပြုမိလိုက်သည်။
နောက်ထပ် အဆင့် ၅ ဆင့်ကို ဖြတ်ကျော်ပြီးနောက်တွင်မူ ကျန်းဟန်သည် လေ၊ မိုးကြိုး၊ အလင်း၊ အမှောင်နှင့် အဆိပ်ဟူသော မတူညီသည့် ဝိသေသလက္ခဏာ ၅ မျိုးရှိသည့် သားရဲများနှင့် ရင်ဆိုင်ခဲ့ရပြီး တစ်ဆင့်ချင်းစီ၏ ခက်ခဲမှုမှာ ရှေ့အဆင့်များထက် ပိုမိုခက်ခဲလာခဲ့သည်။
သားရဲများ၏ အဆင့်မှာ ပြောင်းလဲမှုမရှိသော်လည်း ၎င်းတို့ပိုင်ဆိုင်ထားသည့် ပင်ကိုယ်အရည်အသွေးများနှင့် စွမ်းရည်များမှာမူ ထိတ်လန့်ဖွယ်ရာ ကောင်းလောက်အောင် မြင့်မားလာခဲ့သည်။
ဥပမာအားဖြင့် နောက်ဆုံးရင်ဆိုင်ခဲ့ရသည့် အဆိပ်အမျိုးအစား သားရဲဖြစ်သော ငါးမျိုးစပ်အဆိပ် ကင်းမြီးကောက်အမြှီးမြွေကို ကြည့်လျှင် ၎င်းသည် အဆိပ်ရှိမြွေတစ်ကောင်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း မတူညီသော ခေါင်းငါးလုံး ရှိနေသည်။ ၎င်းတို့မှာ မြွေခေါင်း၊ ကင်းခြေများခေါင်း၊ ဖားပြုပ်ခေါင်း၊ အိမ်မြှောင်ခေါင်းနှင့် ပင့်ကူခေါင်းတို့ဖြစ်ပြီး ၎င်း၏အမြီးမှာမူ ကင်းမြီးကောက်အမြီး ဖြစ်သည်။
ထိုမိစ္ဆာသားရဲမှာ လွန်စွာထိတ်လန့်ဖွယ်ကောင်းပြီး ၎င်း၏ ခေါင်းငါးလုံးနှင့် အမြီးတစ်ခုစီအတွက် တစ်ခုစီ သက်ဆိုင်နေသော ပင်ကိုယ်အရည်အသွေး ခြောက်ခုကို သဘာဝအတိုင်း ပိုင်ဆိုင်ထားသည်။
မြွေခေါင်းသည် တိုက်စားတတ်သော အဆိပ်ငွေ့များကို မှုတ်ထုတ်နိုင်ပြီး ကင်းခြေများခေါင်းမှ ထွက်လာသော အဆိပ်ငွေ့ကမူ သားရဲများ၏ အာရုံကြောစနစ်ကို ပျက်ပြားစေကာ ဖားပြုပ်ခေါင်းကမူ ကာမစိတ်ကို ကြွစေသော အဆိပ်မြုံ့အလုံးစုံကို စုစည်း၍ သားရဲများကို ရူးသွပ်သော မိတ်လိုက်လိုစိတ် အခြေအနေထဲသို့ ကျရောက်သွားစေနိုင်သည်။
အိမ်မြှောင်အဆိပ်ကမူ အာရုံခံစားမှုများကို တိကျစွာ ရှာဖွေဖျက်ဆီးပစ်နိုင်ပြီး ပင့်ကူအဆိပ်ကမူ ခန္ဓာကိုယ်တစ်ရှူးများကို မိနစ်ပိုင်းအတွင်း ပြည်ပုပ်ရည်အိုင်အဖြစ် ပြောင်းလဲပစ်နိုင်သည်။
အကြောက်စရာအကောင်းဆုံးမှာမူ ကင်းမြီးကောက်အမြီးအဆိပ် ဖြစ်သည်။ ၎င်းသည် ခေါင်းငါးလုံး၏ အဆိပ်ပြင်းအားကို စုစည်းထားခြင်းဖြစ်ပြီး တစ်ကြိမ်မျှ အဆိပ်မိရုံဖြင့် ထိုအဆိပ်ငါးမျိုးက တစ်လှည့်စီ ပေါ်ထွက်လာကာ လုံးဝကုသ၍မရနိုင်သော အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ပေါင်းစပ်အဆိပ်ပြင်းကို ဖြစ်ပေါ်စေသည်။ ၎င်းကို ကုသနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ထိုမိစ္ဆာသားရဲကို သတ်ဖြတ်ကာ မြွေသည်းခြေငါးခုကို ထုတ်ယူ၍ ကန့်သန့်မြက်နှင့်အတူ စားသုံးမှသာ အဆိပ်ပြေနိုင်မည် ဖြစ်သည်။
ကျန်းဟန်အတွက် ကျေးဇူးတင်စရာကောင်းသည်မှာ ထိုမိစ္ဆာသားရဲသည် သားရဲထိန်းချုပ်သူကို ပစ်မှတ်မထားခြင်းပင် ဖြစ်သည်။ သူသည် မည်သည့်ဘေးအန္တရာယ်မျှမရှိဘဲ ဘေးကင်းလုံခြုံစွာ ရှိနေခဲ့ပြီး မိမိ၏ သားရဲကိုသာ ထိုမိစ္ဆာသားရဲကို သတ်ဖြတ်ဖို့ နည်းလမ်းရှာရန် အမိန့်ပေးရန်သာ လိုအပ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့တွင် သားရဲတစ်ကောင်တည်းသာ ရှိသဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် မိမိကိုယ်ကို မကာကွယ်နိုင်သည်ကို စနစ်က သိရှိသောကြောင့် သားရဲထိန်းချုပ်သူကို တိုက်ခိုက်ခြင်းမပြုခြင်း ဖြစ်သည်။ ဤကဲ့သို့သော ပုံရိပ်ယောင်နယ်ပယ် အဆင့်များကိုမူ သားရဲအမြောက်အမြားရှိသည့် စူပါပါရမီရှင်များသာ ဖြတ်ကျော်နိုင်ကြသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုနှင့် ရင်ဆိုင်ရသည့်အခါ ဟုတ်ဟုတ်က တိုက်ခိုက်လိုစိတ် သိပ်မရှိချေ။ ၎င်းသည် ဤအရာမှာ ပုံရိပ်ယောင်နယ်ပယ်တစ်ခုသာဖြစ်ပြီး စစ်မှန်သော အခြေအနေမဟုတ်ကြောင်း သိရှိထားသဖြင့် မိမိ၏အင်အားအပြည့်ကို ထုတ်သုံးရန် မလိုအပ်ဟု ယူဆသောကြောင့် ဖြစ်သည်။
သို့သော် ကျန်းဟန်ကမူ ထိုသို့သဘောမတူပေ။ ဤငါးမျိုးစပ်အဆိပ် ကင်းမြီးကောက်အမြီးမြွေသည် လွန်စွာသန်မာသော်လည်း အနိုင်မတိုက်နိုင်သောအရာတော့ မဟုတ်ဟု သူ ခံစားမိသည်။
အထူးသဖြင့် ဟုတ်ဟုတ်တွင် သွေးအမျိုးအစား ဝိသေသ ရှိနေခြင်းကြောင့် ရေရှည်တိုက်ပွဲမျိုးတွင် အလွယ်တကူ အနိုင်ရရှိနိုင်သည်။
ထို့ကြောင့် သူသည် ချက်ချင်းပင် တိုက်ပွဲအစမှာတင် ဟုတ်ဟုတ်၏ အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သော သွေးအရိပ်ကို အသုံးပြုစေခဲ့ပြီး ငါးမျိုးစပ်အဆိပ် ကင်းမြီးကောက်အမြီးမြွေကို အပြင်းအထန် ဒဏ်ရာရရှိစေခဲ့ကာ ၎င်း၏သွေးများကို ထိန်းချုပ်မရဘဲ ပြောင်းပြန်စီးဆင်းစေပြီး ဒဏ်ရာများမှ ပန်းထွက်လာစေခဲ့သည်။
၎င်း၏ သားရဲအမြုတေပင်လျှင် အတွင်းဒဏ်ရာများစွာ ရရှိခဲ့ရပြီး အမှောင်ဒြပ်စင်စွမ်းအား၏ တိုက်စားမှုကို ဆက်တိုက် ခံနေခဲ့ရသည်။
တစ်ချက်ဖြတ်ရိုက်လိုက်ပြီးနောက် ဟုတ်ဟုတ်သည် ငါးမျိုးစပ်အဆိပ် ကင်းမြီးကောက်အမြီးမြွေ၏ အမျက်ဒေါသကို ရှောင်ရှားရန်အတွက် ချက်ချင်း နောက်ဆုတ်လိုက်သည်။ ၎င်းသည် မိမိ၏ သွေးနတ်ဆိုးစွမ်းရည်ကြောင့် ဖြစ်ပေါ်လာသော ဆက်တိုက် သွေးထွက်သံယိုဖြစ်စေသည့် အာနိသင်ကို အားကိုးလျက် ကင်းမြီးကောက်အမြီးမြွေကို ဆက်တိုက် ဆွဲဆောင်နှောင့်ယှက်ကာ အခွင့်အရေးရတိုင်း ဒဏ်ရာများ ထပ်ပေးခဲ့ပြီး နောက်ဆုံးတွင် ၎င်းကို အသက်ပျောက်သည်အထိ တစ်လှည့်စီ တိုက်ခိုက်အလဲထိုးခဲ့သည်။
အမှန်စင်စစ် အကယ်၍ သူတို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါက ဟုတ်ဟုတ်အနေဖြင့် ၎င်း၏ သွေးနတ်ဆိုးစွမ်းရည်ကို အပြည့်အဝ မထုတ်ဖော်ဘဲနှင့် အနိုင်ရရန် လွန်စွာခက်ခဲလိမ့်မည် ဖြစ်သည်။
တကယ်တော့ ဤကဲ့သို့သော အဆိပ်အမျိုးအစား မိစ္ဆာသားရဲများနှင့် ဟုတ်ဟုတ်မှာ သဘောတရားချင်း တူညီကြသည်။ မည်သူက အရင်ဦးအောင် တိုက်ခိုက်နိုင်သနည်းဆိုသည့်အပေါ်၌ အသာစီးရမှု ရှိနေခြင်း ဖြစ်သည်။
အကယ်၍ ဟုတ်ဟုတ်သာ အရင်အဆိပ်မိသွားခဲ့ပါက ပို၍ အားနည်းချက် ရှိသွားပေလိမ့်မည်။ ကျန်းဟန်သည် ထိုအချက်ကို ကြိုတင်မျှော်တွေးမိထားခဲ့သဖြင့် ဟုတ်ဟုတ်ကို စိတ်ဝိညာဉ်စွမ်းအား ရောင်ပြန်ဟပ်ခြင်း စွမ်းရည်ဖြစ်သော သွေးအရိပ်ကို တိုက်ရိုက်အသုံးပြုရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။ သွေးအရိပ်မှာ အဝေးပစ်စွမ်းရည် ဖြစ်ခြင်းကြောင့် ရန်သူနှင့် အနီးကပ်သွားရန် မလိုပေ။ ထို့ကြောင့်ပင် အရင်ဦးအောင် တိုက်ခိုက်နိုင်သည့် အားသာချက်ကို ဆုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြင့် ကျန်းဟန်သည် ၄၀ မြောက်အဆင့်ကို ချိုးဖောက်ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်သည်။ ဤတိုက်ခိုက်ရေး အဆင့် ၁၀ ဆင့်အတွင်း၌ သူ၏ ထူးချွန်လှသော ဆုံးဖြတ်ချက်များနှင့် ဟုတ်ဟုတ်၏ အစွမ်းထက်လှသော အကောင်အထည်ဖော်နိုင်စွမ်းတို့ကို အားကိုးလျက် သူသည် ၉၅ မှတ်ဟူသော မြင့်မားသည့်ရမှတ်ကို ရရှိခဲ့ကာ သူ၏ စုစုပေါင်းရမှတ်ကို ၃၆၃ မှတ်အထိ ရောက်ရှိစေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဤသည်မှာ အဆုံးသတ်မဟုတ်သေးချေ။ နောက်တစ်ဆင့်တွင် ကျန်းဟန်၏ ရှေ့မှောက်၌ မိစ္ဆာသားရဲများ ထပ်မံပေါ်ထွက်လာပြန်သည်။ သို့သော် တစ်ကောင်တည်း မဟုတ်တော့ဘဲ နှစ်ကောင်ဖြစ်နေသည်။ ၎င်းတို့၏ အင်အားမှာမူ သိပ်မမြင့်မားလှဘဲ သာမန် လက်ရွေးစင်အဆင့် နှောင်းပိုင်းမျှသာ ရှိသည်။
နောက်ဆက်တွဲလာမည့် ကိုးဆင့်တွင်မူ မိစ္ဆာသားရဲအရေအတွက်သည် တစ်ဆင့်ချင်းစီအလိုက် တစ်ကောင်စီ တိုးပွားလာခဲ့ပြီး ၎င်းတို့၏ အင်အားမှာလည်း ပိုမိုကောင်းမွန်လာခဲ့သည်။ ၅၀ မြောက်အဆင့်သို့ ရောက်ရှိသောအခါ ဟုတ်ဟုတ်သည် လက်ရွေးစင်အဆင့်၏ အထွတ်အထိပ်၌ ရှိနေသော မိစ္ဆာသားရဲ ၁၀ ကောင်နှင့် ရင်ဆိုင်ရတော့သည်။
ဟုတ်ဟုတ်အနေဖြင့် မိစ္ဆာသားရဲ ၁၀ ကောင်၏ တစ်ပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်မှုကို ခဏမျှသာ တောင့်ခံနိုင်ခဲ့ပြီး ၎င်းတို့ထဲမှ သုံးကောင်ကို သတ်ဖြတ်ပြီးနောက် တိုက်ပွဲတွင် ကျဆုံးသွားခဲ့ရကာ ဤအဆင့်အတွက် နောက်ဆုံးတွင် ၃ မှတ်သာ ရရှိခဲ့တော့သည်။
ဤအဆင့် ၁၀ ဆင့်၏ စမ်းသပ်ချက်များကို ရင်ဆိုင်ရစဉ်အတွင်း ကျန်းဟန်သည် ၇၃ မှတ်သာ ရရှိခဲ့သည်။ အုပ်စုလိုက် တိုက်ခိုက်မှုများမှာ လွန်စွာပြင်းထန်လွန်းလှသဖြင့် နောက်ဆုံးငါးဆင့်တွင် ကျန်းဟန်သည် စုစုပေါင်း ၇၃ မှတ်သာ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအဆင့် ၁၀ ဆင့်သည် သူ၏ အမှတ်အနည်းဆုံးရရှိခဲ့သော အဆင့်များဖြစ်ပြီး အဓိကအားဖြင့် သားရဲတစ်ကောင်တည်းသာ ရှိခြင်းဟူသော အားနည်းချက်ကြောင့် အကြီးအကျယ် ဒုက္ခတွေ့ခဲ့ရခြင်း ဖြစ်သည်။
သေချာတာပေါ့...အကယ်၍ သူသာ ပိုင်လင်းကို ထုတ်သုံးခွင့်ရခဲ့မည်ဆိုပါက အမှတ်ပြည့်ရရန်မှာ မဖြစ်နိုင်စရာမရှိပေ။ သို့သော် ဤအရာမှာ ပုံရိပ်ယောင်နယ်ပယ်တစ်ခုသာ ဖြစ်သဖြင့် သူ ထုတ်ချင်လျှင်ပင် ထုတ်၍မရနိုင်ချေ။
ပုံရိပ်ယောင်အမျိုးအစား သားရဲဖြစ်သော အိမ်မက်အလင်းဦးနှောက်သည် အလွန်အစွမ်းထက်လှသော်လည်း လူတစ်ယောက်၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင် သို့မဟုတ် အမှတ်သညာများကိုမူ အာရုံခံ စုံစမ်းနိုင်စွမ်း မရှိချေ။ ကျန်းဟန်အနေဖြင့် ဤပုံရိပ်ယောင်နယ်ပယ်ထဲသို့ ကျရောက်သွားရခြင်းမှာလည်း သူကိုယ်တိုင်က ရုန်းကန်တွန်းလှန်ခြင်း မပြုခဲ့သောကြောင့် ဖြစ်သည်။
“အခု ၅၀ မြောက်အဆင့်ကို ရောက်နေပြီ။ ရမှတ်က ၄၃၆ မှတ်ပဲ ရှိသေးတယ်။ ကြည့်ရတာ ငါ တခြားလူတွေရဲ့ နောက်မှာ ကျန်ရစ်ခဲ့တော့မယ် ထင်တယ်။”
ကျန်းဟန်သည် ကြီးကြီးမားမား နောင်တရခြင်း သို့မဟုတ် မကျေမနပ်ဖြစ်ခြင်းမျိုး မရှိဘဲ သက်ပြင်းသာ ချလိုက်မိသည်။ ဤသည်မှာ ကြားဖြတ်စာမေးပွဲမျှသာဖြစ်ပြီး သူ ကောင်းကောင်းမဖြေနိုင်ခဲ့လျှင်ပင် ဘာမှကိစ္စမရှိချေ။
သူသည် အဓိကအားဖြင့် မိမိနှင့် အခြားသူများကြားရှိ ကွာဟချက်ကို သိရှိလိုခြင်းဖြစ်ပြီး မိမိ၏သားရဲကို မွေးမြူရန်အတွက် ကျောင်းထံမှ ပညာသင်ဆုများနှင့် အခြားထောက်ပံ့မှုများကို လျှောက်ထားနိုင်ရန် ကျောင်း၏ အာရုံစိုက်မှုကို ရရှိစေမည့် အဆင့်နေရာကောင်းတစ်ခုကိုသာ ရယူလိုခြင်း ဖြစ်သည်။
ကျောင်း၏ အာရုံစိုက်မှုကို ရရှိရန်မှာ ကျန်းဟန်၏ လက်ရှိအဆင့်တွင် အလွန်အရေးကြီးသောအရာ ဖြစ်သဖြင့် သူသည် မိမိ၏ စစ်မှန်သော စွမ်းရည်များကို ဖုံးကွယ်ထားခြင်းမျိုး မလုပ်ခဲ့ပေ။
...
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီး ပုံရိပ်ယောင်နယ်ပယ်အတွင်းရှိ ကျန်းဟန်၏ တိုက်ပွဲများမှာ အဆုံးသတ်မရှိနိုင်တော့သကဲ့သို့ ထင်မှတ်ရသည်။
၅၁ မြောက်အဆင့်မှ စတင်၍ ကျန်းဟန်သည် သားရဲများနှင့် တစ်ဖန် ပြန်လည်ရင်ဆိုင်ရပြန်သည်။ ထိုသားရဲများအားလုံးသည် သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့ထဲရှိ အနည်းဆုံး အဆင့် ၆ ဧကရာဇ်အဆင့်ရှိကြသော အစွမ်းထက် ထိပ်တန်းပုဂ္ဂိုလ်အချို့၏ မှတ်တမ်းများထဲမှ လာခြင်း ဖြစ်သည်။
ပုံရိပ်ယောင်နယ်ပယ်သည် ၎င်းတို့၏ အင်အားကို စာမေးပွဲဖြေဆိုနေသည့် သားရဲထိန်းချုပ်သူနှင့် တူညီသွားအောင် ဖိနှိပ်ထားသော်လည်း ၎င်းတို့၏ ဧကရာဇ်အဆင့်မှ ရရှိထားသော နိယာမတရားမိားအား နားလည်သဘောပေါက်မှု၊ ၎င်းတို့၏ စွမ်းရည်များနှင့် တိုက်ပွဲအတွေ့အကြုံများအားလုံးကိုမူ မူလအတိုင်း ထိန်းသိမ်းပေးထားသည်။
ဤကဲ့သို့သော တည်ရှိမှုများနှင့် ရင်ဆိုင်ရသည့်အခါ ကျန်းဟန်အဖို့ ကိုင်တွယ်ရန် လွန်စွာခက်ခဲလှကြောင်း သိရှိသွားခဲ့သည်။ ဟုတ်ဟုတ်သည်လည်း မိမိ၏ တိုက်ပွဲဝင်လိုစိတ်နှင့် တိုက်ပွဲအတွေ့အကြုံများမှာ ဤတည်ရှိမှုများ၏ နောက်တွင် များစွာ နောက်ကျကျန်နေသေးကြောင်း သိရှိသွားခဲ့ရ၏။ သို့သော် ၎င်းက ဟုတ်ဟုတ်၏ တိုက်ခိုက်လိုစိတ်ကို ပိုမိုတောက်လောင်လာစေပြီး တိုက်ပွဲများမှတစ်ဆင့် အစဉ်တစိုက် သင်ယူလေ့လာကာ ကျရှုံးမှုတိုင်းမှ ပိုမိုရဲရင့်လာခဲ့သည်။
၎င်း၏ သွေးနတ်ဆိုးစွမ်းရည်ကို အပြည့်အဝ ပေါက်ကွဲထုတ်ဖော်လိုက်ခြင်းနှင့်အတူ ၎င်းသည် ဤတည်ရှိမှုများကို တဖြည်းဖြည်း တန်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိလာခဲ့ပြီး သွေးထွက်သံယိုဖြစ်စေသည့် စွမ်းရည်ကို အားကိုး၍ ၎င်းတို့ကို အသက်ပျောက်သည်အထိပင် အလှည့်ကျ ဆွဲထုတ်တိုက်ခိုက်နိုင်ခဲ့သည်။
ထိုအစွမ်းထက် အထွတ်အထိပ်ပုဂ္ဂိုလ်များ၏ သားရဲများထဲတွင် မည်သည့်အကောင်မျှ အားနည်းခြင်းမရှိကြချေ။ သို့သော် ၎င်းတို့၏ အဆင့်မှာ လက်ရွေးစင်အဆင့် နှောင်းပိုင်းဟု ကန့်သတ်ခံထားရသဖြင့် ၎င်းတို့ ထုတ်ဖော်နိုင်သည့် အင်အားမှာ အတိုင်းအတာတစ်ခုအထိသာ ရှိသည်။
ဟုတ်ဟုတ်မှာမူ ပြီးပြည့်စုံသော ရုပ်ခန္ဓာရှိသည့် သွေးအရိပ်ညဇီးကွက်ဖြစ်ခြင်းကြောင့် မွေးရာပါအတိုင်း ဤအဆင့်တွင် အသန်မာဆုံး ဖြစ်နေ၏။ သွေးနတ်ဆိုးစွမ်းရည် ပေါက်ကွဲထွက်လာခြင်းနှင့် တိုက်ပွဲအတွေ့အကြုံများ မြင့်တက်လာခြင်းတို့ ပေါင်းစပ်လိုက်သောအခါ ၎င်းသည် တိုက်ပွဲများတွင် ပိုမို၍ ကျွမ်းကျင်ပိုင်နိုင်လာခဲ့တော့သည်။
“ဝေါင်းးး”
နဂါးဟိန်းသံတစ်သံ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ကျန်းဟန်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
“မကောင်းတော့ဘူး...ဒါက နဂါးကျိန်စာပဲ။”
နောက်အခိုက်တွင် ဟုတ်ဟုတ်၏ ခန္ဓာကိုယ်သည် မည်သည့်တွန်းလှန်နိုင်စွမ်းမျှမရှိဘဲ ဝုန်းခနဲ ပေါက်ကွဲသွားခဲ့ရပြီး ဆန့်ကျင်ဘက်ရှိ နဂါးနက်ကြီးမှာမူ ခြေသည်းတစ်ဖက်သာ ဆုံးရှုံးသွားခဲ့သည်။
နဂါးကျိန်စာ...ချေမှုန်းခြင်း။
ထိုစွမ်းရည်ကို ထုတ်ဖော်လိုက်သည်နှင့် ရန်သူကို ချက်ချင်း အမှုန့်ခြေဖျက်ပစ်နိုင်၏။ သို့သော် ပေးဆပ်ရမည့်တန်ဖိုးမှာ မိမိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကိုလည်း တိုက်ရိုက် ဖျက်ဆီးပစ်ရခြင်း ဖြစ်သည်။ ရန်သူက ပိုမိုသန်မာလေလေ မိမိရုပ်ခန္ဓာ ဖျက်ဆီးခံရမှု ပိုမိုများပြားလေလေ ဖြစ်သည်။
“သေစမ်း....”
ကျန်းဟန်သည် မိမိထံသို့ ငုံ့ဆင်းပျံသန်းလာသော နဂါးနက်ကြီးကို ကြည့်ရင်း စိတ်ဓာတ်များ ပေါက်ကွဲသွားခဲ့ရ၏။ သူသည် ဤ ၉၀ မြောက်အဆင့်သို့ ရောက်ရှိလာရုံမျှသာ ရှိသေးပြီး ချက်ချင်း အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ဤကြောက်မက်ဖွယ်ကောင်းသော နဂါးကျိန်စာမှာ လုံးဝ ဖြေရှင်း၍မရနိုင်သော အရာဖြစ်ပြီး ရန်သူအား တိုက်ရိုက် အမှုန့်ခြေပစ်နိုင်စွမ်း ရှိပေသည်။
“ဝေါင်းးး”
၉၁ မြောက်အဆင့်တွင် ကျန်းဟန်နှင့် ဟုတ်ဟုတ်တို့ တစ်ဖန် ပြန်လည်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် နောက်ထပ် နဂါးဟိန်းသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
ကျန်းဟန်သည် ချက်ချင်းပင် ဆဲရေးတိုင်းထွာလိုက်မိပြီး ဟုတ်ဟုတ်မှာလည်း ဒေါသထွက်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ချေ။
နောက်အခိုက်တွင်မူ သူနှင့် ဟုတ်ဟုတ်တို့သည် တောက်လောင်နေသော မီးလျှံများထဲသို့ နစ်မြုပ်သွားခဲ့ပြီး သုံးစက္ကန့်ပင်မပြည့်မီ ပြာအတိဖြစ်သွားခဲ့ရတော့သည်။
နဂါးကျိန်စာ...သွေးလောင်ကျွမ်း အရိုးပြာချခြင်း။
နဂါးကျိန်စာ...အရိပ်စွယ်။
နဂါးကျိန်စာ...ရွှေရောင်ရောင်ခြည် နှလုံးဖောက်ထွင်းခြင်း။
နဂါးကျိန်စာ...မိုးကြိုးခန္ဓာ ပေါက်ကွဲခြင်း။
နဂါးကျိန်စာ...ဒြပ်စင်ကင်းမဲ့စေခြင်း။
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် ၉၉ ဆင့်မြောက်သို့ ရောက်ရှိလာခဲ့သည်။
“ဝေါင်းးး”
နဂါးကျိန်စာ....အဆိပ်ဝိညာဉ်။
နောက်တစ်စက္ကန့်တွင် ကျန်းဟန် ချက်ချင်း သေဆုံးသွားခဲ့ပြန်သည်။
“လာစမ်းပါ...။ အဆင့် ၁၀၀ က နဂါးက ဘယ်လောက်တောင် သန်မာလဲဆိုတာ ငါ့ကို ပြလိုက်စမ်း။”
ကျန်းဟန် စိတ်ထဲကနေ အော်ဟစ်လိုက်မိ၏။ ဤနောက်ဆုံးအဆင့် ၁၀ ဆင့်သည် နဂါးမျိုးနွယ်စုများ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ့ကို ကောင်းကောင်းကြီး သိရှိသွားစေခဲ့သည်။ ဤနဂါးများသည် ဟုတ်ဟုတ်နှင့် တူညီသော ကျင့်စဉ်အဆင့်၌သာ ရှိကြသော်လည်း ၎င်းတို့အားလုံးမှာ ဟုတ်ဟုတ်ကို တစ်ချက်တည်းဖြင့် အလဲထိုးနိုင်စွမ်း ရှိကြသည်။
သို့သော် ကျန်းဟန်အနေဖြင့် ဝမ်းသာပီတိဖြစ်မိသည်မှာ သူ့တွင်လည်း နဂါးတစ်ကောင် ရှိနေခြင်းကြောင့်ဖြစ်ပြီး ထိုနဂါးမှာလည်း အကန့်အသတ်မရှိသော နဂါးကျိန်စာများကို ပိုင်ဆိုင်နိုင်သည့် နဂါးတစ်ကောင် ဖြစ်နေသေးလေသည်။